29 November 2014

အဖြူအမည်း စိန်ခေါ်ပွဲ (၄)



B&W Photo Challenge Day-4: "For better, for worse, for richer, for poorer…"

ဟောဒီ စတုတ္ထနေ့ ဓာတ်ပုံအတွက်တော့ ဘာမှ အထွေအထူး မပြောတော့ပါဘူး၊ ခေါင်းစဉ်ရယ်၊ ဓာတ်ပုံရယ်နဲ့တင် ကြည့်သူ ကိုယ်စီတိုင်းဟာ ကိုယ်ပိုင် အဓိပ္ပါယ် သတ်မှတ်ချက်တွေနဲ့ အသီးသီး ပြည့်စုံ နေနိုင်တဲ့ အတွက်ကြောင့်ပါ…၊ ဒီ ဓာတ်ပုံရဲ့ အိုင်ဒီယာက ကျနော့်ရဲ့ ကိုယ်ပိုင် အိုင်ဒီယာတော့ မဟုတ်ပါဘူး၊ တခါတုန်းက အင်တာနက်မှာ တွေ့မိရင်း စိတ်ကူးလေးကို သဘောကျတာနဲ့ မှတ်ထားပြီး ပြန်စမ်းကြည့်ထား တာပါ၊ စာအုပ်တအုပ်၊ လက်စွပ်လေး ၂ ကွင်း၊ Flash မီးလေး တပွင့်ကို သူ့နေရာနဲ့သူ ချထားလိုက်တဲ့အခါ လက်စွပ်လေး ၂ ကွင်း နောက်ကွယ်မှာ ခိုင်ခိုင်မာမာ ရှိနေတဲ့ အရာနှစ်ခုက အရိပ်အဖြစ်နဲ့ ပေါ်လာကြတယ်…၊ နည်းစနစ်ပိုင်းက ရိုးရှင်းပေမယ့် အဓိပ္ပါယ်အားဖြင့်တော့ လေးနက်တဲ့ setting တခုမို့ စမ်းကြည့်ဖို့ ကျနော် စိတ်ကူးမိခဲ့တာ ဖြစ်ပါတယ်၊ ကျနော့်လိုပဲ ပြန်ပြီး စမ်းရိုက်ထားတဲ့ ပုံတွေလည်း အများအပြားရှိနေတာကြောင့် ဒီ အိုင်ဒီယာရဲ့ မူလပိုင်ရှင်က ဘယ်သူမှန်းမသိလို့ ခရက်ဒစ်တော့ မပေးနိုင်ပါဘူး၊

တခါတုန်းက မင်္ဂလာဆောင်တခုမှာ သူတို့သားနဲ့ သူတို့သမီးရဲ့ လက်စွပ်တွေကို ဘူးလေးနဲ့ သယ်လာပေးရတဲ့ ring boy ကလေးငယ်က ရုတ်တရက် ထွက်ပြေးသွားလို့ လူတွေက လိုက်ဖမ်းရင်း အလုပ်ရှုပ်သွားဖူးတယ်၊ ပုံမှန်ဆိုရင်တော့ ဘုရားရှစ်ခိုးကျောင်းမှာ ဆောင်တဲ့ မင်္ဂလာဆောင်တွေမှာ သူတို့သားနဲ့ လူပျိုရံက ဟိုးအရှေ့မှာ ကြိုပြီးစောင့်နေရတယ်၊ အချိန်ကျတဲ့အခါ ring boy ကောင်လေးက လက်စွပ်တွေထည့်ထားတဲ့ ဘူးလေးနဲ့အတူ ဘုရားကျောင်း လျှောက်လမ်းအတိုင်း ဝင်လာမယ်၊ သူ့နောက်မှာ flower girls ကောင်မလေးတွေက ပန်းခြင်းတွေနဲ့ လိုက်လာမယ်၊ သူတို့နောက်မှာက အပျိုရံ…၊ နောက်ဆုံးမှာမှ သူတို့သမီးက သူ့အဖေနဲ့တွဲပြီး ဘုရားကျောင်းထဲ ဝင်လာမယ်၊ ခုနက ပြောတဲ့ ring boy ကောင်လေးကတော့ လျှောက်လမ်းအတိုင်း ဝင်လာနေရင်းနဲ့ ဘေးတဖက်တချက်က ဝိုင်းကြည့်နေတဲ့ လူတွေကိုပဲ လန့်သွားတာလား၊ ဒါမှမဟုတ် bow tie တွေ suit တွေ ဝတ်ထားရတာကို ကျဉ်းကျပ်လာလို့ လွတ်လွတ်လပ်လပ် ခုန်ပေါက်ထွက်ပြေးသွားတာလားတော့ မသိဘူး၊ ရုတ်တရက် နောက်လှည့်ပြေးသွားလို့ ကလေးမိဘတွေနဲ့ အနီးအနားက လူတချို့က လိုက်ဖမ်းခဲ့ရဖူးတယ်၊ မဟုတ်လို့ကတော့ ကလေးနဲ့အတူ လက်စွပ် ၂ ကွင်းလည်း တခါထဲပါသွားလို့ သူတို့သားနဲ့ သူတို့သမီးအဖို့ လဲလှယ်စရာ ဘာအထိမ်းအမှတ် ပစ္စည်းမှမရှိတော့ဘဲ အတော်လေး အကြပ်ရိုက်သွားမှာ သေချာတယ်…၊

ဟိုးအရင်တုန်းက အယူအဆအရတော့ လက်ထပ်လက်စွပ်တွေမှာ စိန်တို့၊ ကျောက်သံပတ္တမြားတို့ ဘာမှမပါစေဘဲ ရွှေသက်သက်နဲ့ပဲ ရိုးရိုးမောင်းကွင်းပုံစံ လုပ်ကြပါတယ်၊ ရှုပ်ထွေးမှုတွေ၊ အဆောင်အယောင်တွေ မပါဘဲ ရှင်းလင်းတဲ့ နှစ်ကိုယ်တူဘဝကို ရည်ညွှန်းချင်တယ်လို့ ယူဆရပါတယ်၊ အခုနောက်ပိုင်း လက်စွပ်တွေမှာတော့ အရစ်ဖော်တာတွေ၊ ဖောင်းကြွပုံစံ လိုင်းတွေဖော်တာတွေ အပြင် စိန်ပွင့်၊ ပတ္တမြားပွင့် သေးသေးလေးတွေ မြှုပ်တာမျိုးတွေပါ လုပ်လာကြတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ရိုးရိုးမောင်းကွင်း ဖြစ်စေ၊ စိန်တွေကျောက်တွေ ပါသည်ဖြစ်စေ၊ လက်ထပ်လက်စွပ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ… အတူတကွ ယှဉ်တွဲနေထိုင်သွားမယ့် သူစိမ်းနှစ်ယောက်အဖို့ အရေးအကြီးဆုံးက တဦးအပေါ်တဦး နားလည်မှု၊ ခွင့်လွှတ်သည်းခံမှုနဲ့ ငဲ့ညှာထောက်ထားမှုတွေပဲ ဖြစ်ပါတယ်၊ အဲဒီလို အချက်အလက်တွေနဲ့ ထွန်းညှိလိုက်မှသာ လက်စွပ်လေး ၂ ကွင်းက ထွက်လာမယ့် အရိပ်တွေဟာ အပေါ်ကဓာတ်ပုံထဲကလို ဖြစ်နေလိမ့်မယ်လို့ ကျနော်ယုံကြည်မိ ပါတယ်…။ ။


ညီလင်းသစ်
၂၉ နိုဝင်ဘာ၊ ၂၀၁၄

5 comments:

Anonymous said...

ဝိုး မိုက်တယ်..အခုဆို မောင်းကွင်းလေးတွေရဲ့ အရိပ်အပြင် သားသား လေးတယောက် ကိုပါ မြင်နေရတယ် ကိုညီလင်းရဲ့

ညီ

(စာမျက်နှာထဲက စာသားတွေပါ ဘာသာပြန်ပေးရင် ကောင်းမှာဗျ)

Ma Tint said...

မောင်ညီလင်းရဲ့ အတွေးလေးနဲ့အရေးလေးကို ပြောဘို့တောင့် ဆွံ့အသွားပြီ... ပိုတယ်ထင်မှာစိုးလို့ :P
မင်္ဂလာဆောင်အတွက် အသိအမှတ်ပြုတဲ့ လက်စွပ်လေးတွေအကြောင်းဖတ်ရင်း တီတင့်အခုမှ သတိရလို့ ပြောရအုံးမယ် တီတင့်တို့ မင်္ဂလာဆောင်ပြီး ၁၀နှစ်မြောက် နှစ်ပတ်လည်ရောက်မှ လင်မယားနှစ်ယောက် လက်စွပ်စ၀တ်ကြတယ်ဆိုရင် ယုံမလားဟင်? ... :)

ဇွန်မိုးစက် said...

တကယ်တော့ လက်ထပ်လက်စွပ်ဝတ်တာ မြန်မာဗုဒ္ဓဘာသာဓလေ့မှာ မရှိခဲ့ဘူးနော်။ အဖေတို့အမေတို့အရွယ်တော်တော်များများကို ဇွန်သတိထားမိသလောက် လက်ထပ်လက်စွပ် မဝတ်ကြဘူး။ အခုနောက်ပိုင်းလက်ထပ်တဲ့ မြန်မာလူငယ်လူရွယ်တော်တော်များများကတော့ ဝတ်လာကြတယ်။
ဇွန်ကတော့ အသက်ကြီးလာလို့ အတွေးအခေါ်တွေပြောင်းလာတာလား မသိဘူး၊ နှစ်ဦးသဘောတူ ချစ်ခင်စုံမက်ကြတဲ့အခါ အဆောင်အယောင်တွေ ဘာမှမလိုပါဘူးလေ။ မင်္ဂလာပွဲတွေ ခမ်းခမ်းနားနားလုပ်ပြီးမှ ကွဲကြကွာကြတဲ့ အဖြစ်တွေ မြင်ရကြားရပါများတဲ့ခေတ်မှာ အပြန်အလှန် နားလည်ကြင်နာခွင့်လွှတ်မှုနဲ့ တည်ဆောက်တဲ့ ပကာသနမပါဘဲ ရိုးရှင်းတဲ့ လက်ထပ်မင်္ဂလာပွဲကသာ အကောင်းဆုံးလို့ ထင်မိတယ်။ ဥပမာ - တီတင့်တို့ မင်္ဂလာပွဲလိုမျိုးပေါ့။း)

Ma Tint said...

မောင်ညီလင်းရဲ့ ရီပလိုင်းကွန်မန့်လေးကို ၀င်ဖတ်တော့ ဇွန်လေးရဲ့ ကွန်မန့်ကိုဖတ်ခွင့်ရလိုက်တယ်။ မှန်တာပြောရင် သတင်းပေါ့နော် အတင်းမဟုတ်ဘူးလို့ ယူဆပြီးပြောရရင် ကရ၀ိတ်မှာလက်ထပ်ပြီး အင်းယားလိပ်မှာ မင်္ဂလာဧည့်ခံပွဲလုပ်ခဲ့တဲ့ တီတင့်ရဲ့ အစ်ကိုကြီးအိမ်ထောင်သက်ဟာ အနှစ် နှစ်ဆယ်ကျော်လောက်မှာ ပြိုကွဲသွားခဲ့တယ်။ ကြိုမမြင်နိုင်တဲ့ အနာဂါတ်ကို မမျှော်ကိုးပဲ လက်ရှိဘ၀မှာ တွေးတောချင့်ချိန် သုံးသပ်ဆုံးဖြတ်တာ အကောင်းဆုံးပါပဲလေ။ (မောင်ညီလင်း တီတင့်နည်းနည်း ရှည်လိုက်မိပြီနော် :P )

ညီလင်းသစ် said...

ညီ…
ကျေးဇူးဗျ…၊ စာသားတွေကတော့ လူချင်းတွေ့မှပဲ ပြောပြတော့မယ်ဗျာ…။း)

တီတင့်…
၁၀ နှစ်အကြာမှာ အင်း.. ဒီအချိန်တော့ သေချာပါပြီလေ ဆိုတဲ့ သဘောလား တီတင့်?းD အလကား နောက်တာနော်၊ ဟုတ်ပါတယ်၊ ကြိုမမြင်နိုင်တဲ့ အနာဂါတ်ကို ကြောင့်ကြမနေဘဲ ပစ္စုပ္ပန်တည့်တည့်မှာ နေထိုင်တာ အကောင်းဆုံးပါပဲ တီတင့်ရာ။

ဇွန်…
ဟုတ်ပါတယ်…၊ မြန်မာဗုဒ္ဒဘာသာ ထုံးတမ်းစဉ်လာမှာတော့ မင်္ဂလာလက်စွပ်ဆိုတာ ဝတ်လေ့မရှိခဲ့ဘူး၊ ဘာပဲဖြစ်ဖြစ် နှစ်ယောက်တဘဝ တည်ဆောက်တဲ့နေရာမှာ ဘယ်အရာဟာ အဓိက၊ ဘယ်အရာဟာ သာမညဆိုတာ သိနေရင် ပြီးတာပါပဲလေ…။း)