22 August 2012

ကျနော်နှင့် ကွန်ပြူတာ (ဆိုသောအရာ..)


ဟိုရက်တွေတုန်းက ကျနော့်ကွန်ပြူတာ ပျက်သွားတယ်၊ ပျက်သွားတယ်ဆိုတာက ရုတ်တရက်ကြီး ဖွင့်မရတော့တာမျိုးတော့ မဟုတ်ပါဘူး၊ ကွန်ပြူတာ စဖွင့်ဖွင့်ချင်း Bios နဲ့ ဝင်းဒိုးစ် အကြားမှာ ရပ်,ရပ်သွားတာ..၊ အများအားဖြင့် ဝင်းဒိုးစ်တက်လာပြီး စက်ထဲမှာ တပ်ထားတဲ့ antivirus တက်၊ အင်တာနက်ချိတ်၊ ပရိုဂရမ်တွေ အားလုံး run ပြီဆိုတဲ့ ခဏမှာပဲ စက်တစ်ခုလုံး freeze ဖြစ်သွားရော..၊ အဲဒါဆို ဘာဆိုဘာမှ လုပ်မရတော့ဘူး၊ မောက်စ်လည်း မလှုပ်တော့သလို ကီးဘုတ် short-cut တွေလည်း သုံးမရတော့ဘူး၊ အဲဒီတော့ ကွန်ပြူတာရဲ့ ပါဝါခလုတ်ကို လက်နဲ့ ၃ စက္ကန့်လောက် နှိပ်ထားပြီးတော့ ပိတ်ပေရော့ပဲ၊ ပြီးတော့ ၅ စက္ကန့်လောက် ခဏစောင့်ပြီးမှ တခါပြန်ဖွင့်..၊ အဲဒီတော့မှပဲ ရတော့တယ်၊

တကယ်တော့ အဲဒီလို ဖြစ်နေတာ နည်းနည်းတော့ ကြာနေပြီ၊ အနည်းဆုံး လေးငါးလ လောက်တော့ ရှိမလားပဲ၊ ဟိုးအစတုန်းကတော့ တစ်ပတ်ဆယ်ရက်လောက်မှ တစ်ခါလောက်ဖြစ်လေ့ ရှိတယ်၊ နောက်ပိုင်းတော့ သုံးလေးရက်တခါ ဆိုသလို ဖြစ်တာစိတ်လာတယ်၊ နောက်ဆုံးမှာတော့ ကွန်ပြူတာဖွင့်တိုင်း ဖြစ်တော့တာပဲဗျ၊ ဆိုတော့ ကျနော့်မှာ ကွန်ပြူတာကို နေ့တိုင်း နှစ်ခါ၊ နှစ်ခါ ဖွင့်နေရတယ်၊ အဲဒါနဲ့ ဒင်းတော့ တဆိတ်လွန်နေပြီ၊ ဆိုင်ပို့မှပဲ ဖြစ်တော့မယ်ဆိုပြီး 'တစ်ထမ်း၊ တစ်ရွက် (Behind the picture)' ဆိုတဲ့ ပို့စ်လေး တင်ပြီး နောက်တစ်နေ့မှာပဲ သွားပို့လိုက်တယ်၊ ကျနော့်ကွန်ပြူတာက STEG ဆိုတဲ့ တံဆိပ်ပါ၊ အမှန်တော့ အဲဒီ STEG ဆိုတာက ကွန်ပြူတာ ကျွမ်းကျင်သူတွေ စုပြီး ဖွင့်ထားတဲ့ ကုမ္ပဏီနာမည်..၊ အစမှာ တခြားတံဆိပ် ကွန်ပြူတာတွေပြင်သလို ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ပါ၊ နောက်ပိုင်းမှာ သူတို့ရဲ့ဈေးကွက်လည်း ကျယ်ပြန့်လာတာနဲ့အမျှ STEG တံဆိပ်နဲ့ ကွန်ပြူတာတွေ ထုတ်လာတယ်၊ အဲဒီဆိုင်ကို ကျနော်သဘောကျတာ တစ်ခုက သုံးမယ့်လူတွေရဲ့ အတန်းအစားအလိုက် ကွန်ပြူတာတွေကို ထုတ်ထားတာပဲ၊ အိမ်သုံးသက်သက်ပဲဆို ကွန်ပြူတာက အလယ်အလတ်စား ကွာလတီနဲ့ ဈေးကလည်း သင့်တဲ့ဈေး၊ ဂိမ်းကစားမယ့် မောင်တွေအတွက်ဆို စွမ်းရည်မြှင့်ထားသလို ဈေးကလည်း တစ်ဈေး၊ ကျနော့်လို ဓါတ်ပုံ၊ ဗီဒီယို တည်းဖြတ်တာတွေ လုပ်မယ့်သူတွေ အတွက်လည်း အရည်အသွေးတစ်မျိုး ဈေးတစ်မျိုးနဲ့...၊ ကျနော်နေတဲ့နေရာနဲ့ မနီးမဝေးမှာ အဲဒီ STEG ဆိုင်ခွဲတစ်ဆိုင် ရှိတာနဲ့ မနှစ်က နှစ်ဆန်းတုန်းက သွားဝယ်လိုက်တယ်၊ သူတို့ရဲ့ အရောင်းဆိုင်တိုင်းမှာ ဆားဗစ်စင်တာပါ တွဲဖွင့်ထားလို့ အခုအဲဒီဆိုင်ကိုပဲ ပြန်ပို့်လိုက်တယ်၊



ဒါမတိုင်ခင် တုန်းကတော့ ကျနော့်မှာ HP ကွန်ပြူတာတစ်လုံး ရှိခဲ့ဖူးတယ်ဗျ၊ ကျနော့်ရဲ့ ပထမဆုံး အိမ်သုံးကွန်ပြူတာပေါ့၊ Desktop ပါပဲ၊ အဲဒီ HP နဲ့ရခဲ့တဲ့ အတွေ့အကြုံကတော့ ကျနော်လွယ်လွယ်နဲ့ မေ့မယ်မထင်ဘူး၊ ဝယ်ပြီး တစ်နှစ်ခွဲလောက် အကြာမှာ စက်က ပျက်ပါလေရော..၊ HDD မှာ error ပြပြီး ကောင်းကောင်း အလုပ်မလုပ်တော့ဘူး၊ အဲဒီမှာ ဇတ်လမ်းက စတာဗျ၊ ဝယ်ခဲ့တာက စူပါမားကက်မှာ ဆိုတော့ အဲဒီကိုပဲ ပြန်ပို့တော့ သူတို့က ဝရမ်တီ တောင်းရော၊ ကျနော်က မူလဝရမ်တီ တစ်နှစ်ဆိုတာ လုံလောက်ပြီထင်ပြီး extension ထပ်မလုပ်ထားတော့ အာမခံက မရှိတော့ဘူး၊ ဒီတော့လည်း ကောင်းပြီ.. ကျသင့်တာ ပေးပါ့မယ်ဆိုပြီး ဆားဗစ်စင်တာကို ပို့ခိုင်းရတယ်၊ အဲဒီလို ပို့မယ့်အရေး စူပါမားကက်က ၃ ရက်လောက် စောင့်နေသေးတယ်၊ တခါ ဆားဗစ်စင်တာကလည်း တောင်တစ်နေရာ၊ မြောက်တစ်နေရာ..၊ အဝေးကြီးက မြို့တွေမှာ ဖြစ်တဲ့အပြင် ကျနော်နဲ့လည်း တိုက်ရိုက်စကား မပြောရဘူး၊ ဒီကြားထဲ ပိုဆိုးတာက ကျနော့်ဆီမှာ reinstallation CD မရှိတာပဲ၊ အဲဒီ HP ကွန်ပြူတာဝယ်တော့ အစပိုင်း ရက်တွေမှာ reinstallation CD လုပ်မလားဆိုပြီး မက်ဆေ့ခ်ျလေး တက်,တက်လာပြီး မေးလေ့ရှိတယ်၊ HP ကွန်ပြူတာတွေမှာ reinstallation disk မပေးဘဲနဲ့ HDD ပေါ်မှာ partition D အနေနဲ့ recovery part ဆိုပြီးပဲ လာလေ့ရှိပါတယ်၊ ဒါပေမယ့် ကျနော့်အတွက် ပထမဦးဆုံး ကွန်ပြူတာဆိုတော့ ဝယ်တုန်းက အဲဒီလို CD မျိုး ပါမလာတာ သတိမထားမိသလို မက်ဆေ့ခ်ျမှာ မေးသလို လုပ်ထားရ ကောင်းမှန်းလည်း မသိခဲ့ဘူး ဆိုပါတော့..၊ ဒါ့အပြင် ကျနော်က ရွှေ ဉာဏ်တော် စူးရောက်စွာနဲ့တွေးတယ်၊ ဘာပဲဖြစ်ဖြစ် အခုလို partition D အနေနဲ့ ထားတာက ပိုပြီးစိတ်ချရတယ်၊ တစ်ခုခုဖြစ်သည့်တိုင် အနည်းဆုံးတော့ အဲဒီကိုအရောက်သွားပြီး reinstall ပြန်လုပ်နိုင်မှာပဲ ဆိုပြီးတော့...၊

ခပ်တိုတို ပြောရရင် ဝရမ်တီလည်းမရှိ၊ ဝင်းဒိုးစ်ပြန်ဆင်ဖို့ တရားဝင်စီဒီလည်း မရှိတဲ့ ကျနော့်ကို ဆားဗစ်စင်တာက အင်တင်တင် လုပ်နေပါလေရော၊ ဒါနဲ့ပဲ ပြန်ပေးပါတော့ ဆိုပြီး ကွန်ပြူတာကို ပြန်တောင်းလိုက်တော့တယ်၊ ပြီးတော့မှ ပြင်သစ်မှာရှိတဲ့ ဥရောပတာဝန်ခံ HP ရုံးကို အကျိုးအကြောင်း ရှင်းပြ၊ ကွန်ပြူတာပေါ်က ဝင်းဒိုးစ်ရဲ့ original tag နံပါတ်ပြောပြီး reinstallation CD တစ်ချပ်လှမ်းတောင်းရတယ်၊ တော်သေးတာပေါ့၊ ဟိုက သဘောကောင်းစွာနဲ့ လှမ်းပို့ပေးတယ်၊ ဒါတောင် တစ်လခွဲလောက် စောင့်လိုက်ရတယ်၊ ဆိုတော့ ပျက်တဲ့အချိန်ကနေ ပြန်ပြင်ပြီးတဲ့အထိ စုစုပေါင်း ၄ လလောက် ကြာသွားခဲ့တယ်၊ အဲဒီ ဇတ်လမ်းထဲမှာ အဆိုးတကာ့ အဆိုးဆုံးကတော့ ကျနော်က မိုက်မဲစွာနဲ့ backup တစ်ခုမှ လုပ်မထားတာ ပါပဲ၊ ရှိသမျှ ဓါတ်ပုံတွေနဲ့ ပါစင်နယ်လ် ဖိုင်လ်တွေအားလုံး ဆုံးရှုံးသွားခဲ့တယ်၊

အဲဒီလို ဖြစ်ပြီးကတည်းက မှတ်သွားလိုက်တာ အခုဆို backup CD တွေအပြင် external HDD တွေ ၆ ခုလောက်နဲ့ backup လုပ်လေ့ ရှိ ပါတယ်၊ ဒါ့အပြင် အခု STEG ကွန်ပြူတာကိုဝယ်တော့ စကတည်းက ဝရမ်တီကို ၃ နှစ်အထိ တခါတည်း extension လုပ်ထားလိုက်တယ်၊ ကျနော် လေ့လာကြည့်မိသလောက် ပီစီတွေက အများအားဖြင့် မူလဝရမ်တီ ပေးထားတဲ့ ၁ နှစ်ကျော်ပြီးမှ ပျက်လေ့ရှိပါတယ်၊ အဲဒါကြောင့် ဒီတစ်ခါ ပြင်ဖို့ဖြစ်လာတော့ ကျနော့်မှာ အေးအေးလူလူ ရှိနေခဲ့တယ်၊ နောက်တစ်နေ့မှာပဲ ဆိုင်က ဖုန်းဆက်လာတယ်၊ သူတို့ရဲ့ စစ်ဆေးချက်အရ ကွန်ပြူတာရဲ့ RAM က ပျက်တာပါ-တဲ့၊ အဲဒါက ၃ နှစ်အာမခံ ရှိထားလို့ တစ်ပြားမှ ပေးစရာမလိုဘဲ အသစ်လဲပေးပါ့မယ် ဆိုပြီးတော့..၊ သူတို့ကတောင် အခုလို အချိန်မတိုင်မီ ပျက်သွားလို့ တောင်းပန်လိုက် သေးတယ်၊ အရင်တစ်ခေါက်က မျက်နှာငယ်ခဲ့ရသမျှ အခုမှပဲ ငါ ကပ်စတန်မာကွ ဆိုပြီး ခပ်တင်းတင်းနေရတဲ့ အဖြစ်ကို ကျနော့်မှာ သဘောတကျနဲ့...၊ ဆိုင်ကလူနဲ့ စကားပြောနေရင်း ပြင်ရမယ့်အတူတူ ကျနော့်မှာ ကွန်ပြူတာကို စွမ်းရည်ထပ်မြှင့်ဖို့ စိတ်ကူးဝင်လာခဲ့တယ်၊ အဲဒါနဲ့ မူလရှိ ထားတဲ့ RAM 8 GB အစား 16 GB အထိ တိုးလိုက်တယ်၊ ပြီးတော့ ကျနော့်စက်ထဲမှာ အရင်က ရှိထားတဲ့ HDD 1 TB အပြင် နောက်ထပ် SSD 256 GB တစ်လုံးပါ ထပ်ထည့်ဖို့ ပြောလိုက်တယ်၊ သိတဲ့အတိုင်း SSD က flash memory ဖြစ်လို့ ထုံးတမ်းစဉ်လာ HDD ထက် အများကြီး ပိုမြန်ပါတယ်၊ ဆိုတော့ ဝင်းဒိုးစ် အပါအဝင် ရှိသမျှ ပရိုဂရမ်တွေ၊ အပလီကေးရှင်းတွေကို အဲဒီ SSD ပေါ်မှာထား၊ ကျန်တဲ့ ဖိုင်လ်တွေနဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို မူလ HDD ပေါ်မှာ ထားလိုက်တယ်၊ ကွန်ပြူတာ ပြန်ရလာတော့ ခလုတ်စဖွင့်ချိန်ကနေ အသုံးပြုဖို့ အသင့်ဖြစ်ချိန်အထိ အချိန်အားဖြင့် ဘယ်လောက်ကြာသလဲ ဆိုတာ သိဖို့ stopwatch နှိပ်ပြီး ကြည့်,ကြည့်တယ်၊ ပျမ်းမျှခြင်း ၅၅ စက္ကန့်လောက် ကြာပါတယ်၊ SSD တပ်ထားတဲ့ laptop တွေဆို စက္ကန့် ၃၀ အတွင်းမှာ ရယ်ဒီဖြစ်နေလေ့ ရှိတယ်၊ အခုကတော့ desktop ဖြစ်လို့ တစ်မိနစ်အောက်မှာ ချက်ခြင်းအသုံးပြုနိုင်တာ မဆိုးဘူးလို့ ဆိုရမှာပေါ့၊



ကွန်ပြူတာ ပြင်တာက ဘာပဲပြောပြော နှစ်ပတ်ခွဲလောက်တော့ စောင့်လိုက်ရတယ်၊ ကျနော်လိုချင်တဲ့ RAM 16 GB ရယ်၊ SSD 256 GB ရယ်ရဖို့ စောင့်ရတာကြောင့် ပိုကြာသွားခဲ့တာ..၊ ဖြစ်ချင်တော့ အဲဒီ နှစ်ပတ်ခွဲက ကျနော်ခွင့်ယူထားတဲ့ ရက်တွေဖြစ်နေတယ်၊ ဆိုတော့ အလုပ်က ကွန်ပြူတာလည်း သုံးလို့မရတော့ မေးလ်စစ်တာကော၊ စာတွေဖတ်တာကော ကျနော့်ရဲ့ စမတ်ဖုန်းလေးနဲ့ပဲ လုပ်ရပါတယ်၊ လက်တစ်ဝါးတောင် မရှိတဲ့ ဖန်သားပြင်လေးကိုပဲ ပြူးပြဲကြည့်ရင်း လက်ညှိုးနဲ့ ဟိုဖက်တွန်းလိုက်၊ ဒီဖက်ပြန်ဆွဲလိုက်၊ ခပ်ဆဆလေး ရိုက် ပြီး အကျယ်ချဲ့လိုက် လုပ်နေရင်း ငါ့ဒုက္ခကလည်း မသေးပါလားလို့ တွေးမိတယ်၊ တကယ်ဆို နွေရာသီ အားလပ်ရက် ခွင့်ယူထားတာနဲ့ တိုက်ဆိုင်နေတာပဲ၊ အိမ်က ကွန်ပြူတာလည်း ပျက်နေတာ အံကိုက်ပဲဆိုပြီး ဒီအရာတွေနဲ့ နှစ်ပတ်လောက်ကလေး အဝေးမှာ အေးအေးဆေးဆေး နေပါ့လား၊ အခုတော့ ဒီလိုမဟုတ်ဘူး၊ ဒီကွန်ယက်ကြီးထဲကိုပဲ ရသလောက် အပေါက်လေးကနေ တိုးဖို့ ကြိုးစားနေမိတယ်၊ ဘယ်သူတွေကများ ဘယ်လိုစာတွေ ပို့ထားပါလိမ့်၊ ဘယ်နေရာတွေမှာ ဘာတွေများ ဖြစ်ကုန်ပြီလဲ၊ ဘယ်သူတွေက ဘယ်လိုပို့စ်တွေ တင်နေကြသလဲ.. စသဖြင့် စသဖြင့်၊ အထူအပါး၊ ပုံသဏ္ဍန် မတူတဲ့ ကြိုးပေါင်းစုံတို့ ရောယှက်နေတဲ့ ဒီကွန်ယက်ကြီးထဲမှာ အမိခံပြီးတဲ့နောက် ပြန်ပြီးရုန်းထွက်ဖို့ ခက်ခဲပါတယ်၊ သတင်း၊ အချက်အလက် စီးဆင်းမှုကြီးရဲ့ အပြင်ဖက်ကို နှစ်ပတ်လောက်ကလေး ကျနော် ထွက်ထိုင်ပြီး မနေနိုင်ခဲ့ဘူး၊ ဘာပဲဖြစ်ဖြစ် အခုတော့ ဖွင့်ဖို့ခလုတ်ကို လက်လှမ်းရုံပဲ ရှိသေး..၊ ပွင့်ပြီးသား ဖြစ်သလောက် ရှိနေ တတ်တဲ့ ကွန်ပြူတာတစ်လုံး ပြန်ရောက်လာတာကြောင့် လက်ချောင်းတွေကလည်း ကီးဘုတ်ပေါ်မှာ ပြေးလွှားကခုန်ဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတော့ဗျာ...။ ။


ညီလင်းသစ်
၂၂ သြဂုတ် ၂၀၁၂

17 comments:

Anonymous said...

အို...ကောင်းပါလေ့ရှင်။

ဒါတောင်ကျမစီမှာအဦးဆုံးမန့် ပေးခဲ့တယ်ဆိုတော့ဝမ်းသာကျေးဇူးတင်သွားတယ်နော့်။
အိုင်အိုရာ

မေဓာဝီ said...

ကျမလက်ပ်တော့ပ်လဲ နည်းနည်းဖောက်ပြန်စ ပြုနေပြီ ကိုညီလင်းရေ ... ၀ယ်ထားတာလဲ ၄ နှစ်နီးပါး ရှိပြီ ဆိုတော့လေ။
ကိုညီလင်းလိုလဲ ဘက်ကပ် တခုမှ လုပ်မထားဘူး။ ပျက်ခါမှ ပျက်ရောပဲ။ ပစ္စည်းသင်္ခါရ လူသင်္ခါရ...
ကိုယ်သေသွားရင် ကိုယ့်စက်ကို ထားပစ်ခဲ့ရမှာပဲလေ လို့ ခဏခဏ တွေးမိတယ်။
အင်တာနက် ကွန်ယက်ကြီးနဲ့ မကင်းနိုင် ရုန်းမထွက်နိုင် တာကတော့ ကျမတို့တွေ တူတူချည်းပါဘဲ .... ။

mstint said...

ပို့စ်တင်နိုးတင်နိုးနဲ့ ဖတ်ဘို့ စောင့်နေတာ လက်စသတ်တော့ မောင်ညီလင်းတစ်ယောက် သင်္ခါရ သဘောတရားတွေနဲ့ ရင်ဆိုင်နေရမှန်း ဒီကနေ့မှသိတယ်း)။ တီတင့်သားငယ်ရဲ့ ကွန်လည်း နှစ်နှစ်တစ်ကြိမ်လောက်ဖြစ်တတ်လို့ နှစ်နှစ်ကျော်ရင် ရင်တစ်ထိတ်ထိတ်စိုးရိမ်နေရတယ်ကွယ် :P ။
လက်ချောင်းတွေကီးဘုတ်အပေါ် ပြေးလွှားကခုန်ဘို့ စိတ်အားထက်သန်နေတယ်ဆိုလို့ တီတင့် မျက်စင်းခတ်ပြီးစောင့်နေပြီနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘုန်း၂တောက် said...

အဖြစ်ကတော့ တိုက်ဆိုင်နေပြန်ပြီ ကိုညီလင်းရေ။ ဘုန်းဘုန်းရဲ့ ကွန်လည်းလေ မီးပြတ်သွားတာပဲ ဖြစ်ဖြစ်၊ ဖြုတ်လိုက်တာပဲ ဖြစ်ဖြစ် ဟန့်ဟန့်သွားတယ်။ ဘာမှ ဆက်လုပ်လို့ မရတော့ဘူး။ အဲဒါနဲ့ ဘက်ထရီကြောင့် ဖြစ်တာနေမှာပါဆိုပြီး ဘက်ထရီအသစ်ကို သွားဝယ်လိုက်သေးတယ်။ ယူအက်စ် ၁-ရာနီးပါး ပေးရတယ်။ ဘက်ထရီကြောင့်လည်း မဟုတ်ပြန်ဘူးတဲ့၊ ကဲ။ ဘယ်နှယ့်လုပ်ရပါ့မလဲ။ ဒင်းကို ဆရာဝန်ဆီခေါ်သွားမှ ဖြစ်မယ်ဆိုပြီး ဒေါက်တာကို သွားပြလိုက်မှ ကောင်းသွားတယ်။ (ဒေါက်တာ...မြို့ထဲက ချမ်းမြေ့ကွန်ပျူတာဆိုင်) စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ လက်တော့ကို ပြင်လို့ရှိရင် တစ်ကမ္ဘာလုံး ဘယ်နေရာပဲဖြစ်ဖြစ် ဈေးကြီးတယ်ဆိုပဲ။ ဘုန်းဘုန်းလည်း ငါးသောင်းပေးလိုက်ရတယ်။ ဘုန်းကြီးမို့လို့ တစ်သောင်းလျှော့ပေးတာတဲ့။ လူပုဂ္ဂိုလ်ဆိုရင် ခြောက်သောင်းကျမယ်ဆိုပဲ။ အို ပြောရင်းနဲ့ စာလည်း ရှည်သွားပြီ...

လပြည့်ရိပ် said...

ဘဝတူတွေဖြစ်နေပြန်ပြီ။ လက်တော့ပ် ပျက်သွားတာ တော်တော်ကြာပေါ့။ လက်တော့ပ်မရှိတော့ အဖော်မဲ့နေသလို လူက ငေါင်စိစိနဲ့။ ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ ပြင်ထားတာ။ :)

လပြည့်ရိပ် said...

ဘဝတူတွေဖြစ်နေပြန်ပြီ။ လက်တော့ပ် ပျက်သွားတာ တော်တော်ကြာပေါ့။ လက်တော့ပ်မရှိတော့ အဖော်မဲ့နေသလို လူက ငေါင်စိစိနဲ့။ ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ ပြင်ထားတာ။ :)

Nyi Linn Thit said...

မအိုင်အိုရာ ...
အဲဒါက မြန်မာစာဖောင့် တင်ပြီးပြီးချင်း အလည်ထွက်ရင်း မန့်ခဲ့တာဗျ..အဟဲ၊း)

မမေ ...
လေးနှစ်နီးပါးလောက် ရှိမှ ပျက်ချင်ချင်ဆိုတော့ မမေက အတော်လေး ရိုရိုသေသေ ကိုင်တဲ့ ပုံပါပဲ၊ ကိုယ်သေရင် ကိုယ့်စက်ကို ထားခဲ့ရမှာတော့ အသေအချာပါပဲဗျာ၊ အဲ..ဒါပေမယ့် ကိုယ်မသေခင်မှာ ကိုယ့်စက်က ကိုယ့်ကိုအရင်ထားသွားမှ ဒုက္ခနော် မမေ...၊း))

အန်တီတင့် ...
စောင့်နေ၊ စောင့်နေ အန်တီတင့်ရေ..၊ ရွာစားကျော်ရဲ့ ဗိန်းမောင်းကလေးနဲ့ အပြေးလာခဲ့မယ်ဗျ..၊း)

ဘုန်းဘုန်းတောက် ...
တင်ပါ့ဘုရား၊ လက်တော့ပ်တွေကတော့ ပြင်ပြီဆိုရင် ဈေးပိုပေးရတယ်လို့ ပြောကြပါတယ်၊ ပစ္စည်းတွေကလည်း ကိုယ့်လက်ထဲ တစ်နှစ်ကနေ နှစ်နှစ်ရှိလာတာနဲ့ ရင်ထိတ်နေရ တော့တာပါပဲ ဦးဇင်းရေ..၊

ညီမလပြည့်ရိပ် ...
သြော်.. လက်တော့ပ်ပျက်နေလို့ ပို့စ်အသစ်တွေ မတက်ဘဲ ဖြစ်နေတာကိုး..၊း) ပြန်ပြင်ပြီးသွားလို့ တော်သေးတာပေါ့ဗျာ..။

khin said...

ဪ ဘဝတူတွေ! ကိုယ်ပဲဖြစ်ဆိုးတယ် မှတ်နေတာ။ အဲဒီနေ့က hubbyရဲ့ computer သွားသုံးမိတယ်လေ၊ အဲဒီမတိုင်ခင်ကလဲ အဖွင့်မှာ window မတက်လာတာ ခဏခဏဖြစ်တယ်၊ သူဟာသူ ပြန်ပြန် ကလိတယ် ok တယ်။ အဲဒီနေ့က window ရပ်သွားတယ် arrow က အစ အားလုံး ဘာမှမသွားတော့ဘူး ခဏနေတော့arrow လှုပ်လို့ရတော့ window တွေလျှောက်close၊ ဒါပေမဲ့ window တွေကလှုပ်တောင်မလှုပ်၊ အဲဒီအချိန်မှာ ဘာ upgrate ဆိုလဲ၊ firefox ထင်တယ် ပေါ်လာတာ ခါတိုင်းဘယ်တော့မှ မလုပ်တာ အဲဒီနေ့မှလုပ်မိတယ်လေ အဲဒါကြီးကလဲတစ်နေတယ် မသွားနှိုင်ဘူး၊ သူကတော့ စကထည်းက စက်ကို turn off မလုပ်ပါနဲ့တဲ့ ဒါလဲလူတိုင်းသိပြီးသားပါ။အင်မတန် အသဲယားနေပြီဖြစ်သောကြောင့် power ကို ပိတ်ထဲ့လိုက်ပြီး အောင်နိုင်သူ smile နဲ့ ပြန်ဖွင့်တာ တခါတည်း ဂွိသွားတာ hubbyလဲ ခါတိုင်းလို recovery disc နဲ့လုပ်မရ၊ ကဲ boot ကို မထနိုင်တာဆိုတော့ online ကနေ advanced boot disc နဲ့ driver software တွေမှာပြီး လုပ်လဲ ဂွိတုန်းပဲ။ အထဲက data တွေအားလုံးထပ်ပြီး ရှုပ်ရှက်ခပ်ပြီး နလံကိုမထူနိုင်တော့ဘူး ဒါပေမဲ့ computer က ပြောပါသေးတယ် အသက်မထွက်ခင်မှာ E-driveဆိုလား အဲဒါထဲ data တွေ ပြောင်းမလားတဲ့၊ မဟုတ်ရင်တော့ ရှုတ်နေတဲ့data တွေအားလုံး delete လုပ်ပြီးမှ ဘဝသစ်စကြမယ်တဲ့။ hubby ရဲ့ဒေါသကမရတော့ဘူး စဉ်းစားပါဦး ဆိုတာတောင် တားမရတော့ဘူး hard-drive ထဲကိုဝင်ပြီးဖျက်ချသွားတဲ့ motor သံဟာလေ ဝေါကနဲ ဝေါကနဲ။ အဲဒီထဲမှာ သမီးလေးမွေးတုန်းက သူ့ဖေဖေ ချက်ကြိုးဖြတ်ပေးtတဲ့ momery ပါသွားတယ်လေ။ ပိုဆိုးတာက hubby ရေးလက်စ စာမူ သုံးပုံနှစ်ပုံလောက်ပါသွားတယ်လေ ထွက်ခါနီးပြီ။ ကျန်တဲ့ ဈေးကြီးပေးထည့်ထားတဲ့ software တွေတော့ မတွက်တော့ပါဘူး။ အသည်းကိုကွဲနေတုန်းပဲ ကိုယ်ရဲ့ highest stupid level ပါပဲ။

မောင်မျိုး said...

ညီကတော့ ပျက်ဖို့စက်လည်းမရှိတော့ ပျက်ဖို့ပျင်ဖို့လည်း မလိုဘူးဗျး) စက်မှမရှိတာ လိုချင်တာတော့ တစ်ပိုင်းသေလို့ မ၀ယ်နိုင်တာပဲခက်တယ် ။ ရုံးရောက်မှ စားကောင်းသောက်ကောင်း အလုပ်ကလေး လုပ်ပြလိုက် စာလေး ခိုးရေး ခိုးဖတ် လုပ်လိုက်နဲု့ အဆင်လည်းပြေသား ရင်ခုန်ဖို့လည်းကောင်းသား ။


ဟိုတစ်ခါ စက်ပျက်တုန်းက အသစ်ဝယ်လိုက်ပေါ့ အစ်ကိုရာလို့ ပြောခဲ့မိတာလေး အမှတ်ရမိသေးတယ် ။

လပြည့်ရိပ် said...

အမယ် .. အိပ်ချင်ယောင်ဆောင်နေသူကို လာလှုပ်နှိုးနေပြန်ပီ .. :P

ညိမ်းနိုင် said...

အစောပိုင်းရက်တွေတုန်းကတော့ ခရီးခတင်းထွက်သွား
တယ်ထင်နေတာအကိုရ....၊လာလာချောင်းကြည့်သေး
တယ်.....။နောက်ပိုင်းရောက်တော့လည်း မျှော်နေတာ
ပါပဲ....၊ကွန်ပြူတာနဲ့ပတ်သက်တဲ့ ပို့စ်တစ်ပုဒ်တင်တော့
မယ်လို့ ထင်နေလို့လေ....၊ဘယ်လိုထင်နေသလဲတော့
မမေးကြေးပေါ့ဗျာ....:))))

sosegado said...

စာဖတ်ပြီးမှ စချိန်ကို ခုမှာပဲ သတိထားမိတော့တယ်၊ ၁မိနစ်မကဘူးထင်တယ်၊ back upကိုတော့ အမြဲတမ်းမလုပ်ဖြစ်ဘူး၊

rose of sharon said...

အော်ဒီလိုကိုး... ကိုယ့်လိုဘဲခရီးတွေထွက်ရင်းမအားရင်းဖြစ်နေတယ်ထင်တာ... ဆွစ်ဇာလန်လဲမရောက်ဖြစ်လိုက်ပါဘူး... ဒါကြောင့်emailလဲမပို့ဖြစ်တာ... နောက်နှစ်တွေရောက်မယ်ဆိုရင် email ပို့လိုက်မယ်နော်...

မိုးငွေ့........ said...

ကွန်ပျူတာသုံးသူတိုင်း ကြုံတွေ့ကြရမယ့် သဘောသဘာဝပေါ့...အိမ်ကစက်ဖြစ်တဲ့ပုံနဲ့ ကိုညီလင်းနဲ့ တထပ်တည်းပဲ...။ ဖွင့်ပြီး အဲလိုငြိမ်ကျသွားလိုက်တာ ပါဝါပိတ်ပြီး ပြန်ဖွင့်မှရတော့တယ် နောက်ဆုံးတော့ လုံးလုံးကိုဖွင့်မရတော့လို့ ဆိုင်ရောက်သွားတာ ခုထိ အဲစက်လေး လက်ထဲမရောက်သေးဘူး..း) ညည ဖုန်းနဲ့ ပြူးပြဲပြီး ကြည့်ရတာလဲအမောပေါ့...။

မြသွေးနီ said...

ကွန်ပျူတာကို userတစ်ယောက်လိုသာ သုံးတတ်တာမို့ ပျက်တာနဲ့ ဆိုင်ပို့ရတော့တာပါဘဲ။ ကွန်ပျူတာမှ မသုံးရလည်း လူက နေမကောင်းချင်သလိုလိုနဲ့။ အစွဲတွေလေ..၊ မဖြတ်နိုင်သေးပါဘူး။
တစ်လလုံးမအားတာ စာတွေ အခုမှ လိုက်ဖတ်နိုင်တော့တယ် ကိုညီလင်းသစ်ရေ..။

Happy Blog Day!

Angelhlaing(May everybody be happy and healthy! said...

တစ်ခါတစ်လေ အလုပ်ကြောင့် နက်မသုံးရတော့ နေရာတွေ ရောက်နေရင် အလိုလိုကို စိတ်တိုနေတက်တာအကိုရေ... ကိုယ်ချင်းစာမိပါရဲ့...:))

san htun said...

ဘက်ကပ်လုပ်ဦးမှပဲ...