03 September 2012

သူဝင်ကာ ကိုယ်ထွက်ပါလို့...


ယခုတစ်လောမှာ မြန်မာပြည်က ဟိုတယ်တွေ အခန်းခ မတည်ငြိမ်တဲ့ အကြောင်း၊ ဘွတ်ကင်တွေ ပြဿနာ တက်တဲ့ အကြောင်းတွေ ဖတ်ရသည့်အခါ စိတ်မသက်မသာ ဖြစ်မိသည်၊ ဟိုးအောက်ကို တစ်ဆုံးထိုးကျ နေခဲ့သော တိုင်းပြည်၏ image ကို ပြန်ဆယ်ဖို့ အားလုံးက ကြိုးစားနေကြသည့် ကာလမို့ အလည်လာကြသူ ဧည့်သည်တွေအမြင်မှာ ဤကိစ္စက အနှောင့်အယှက် ဖြစ်စရာပင်...၊ ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ကျနော်တို့ အလည်ရောက်သွားချိန်မှာ ကတည်းက ဟိုတယ်အခန်းခ ဈေးနှုန်းတွေအကြောင်း ကျယ်ကျယ်လောင်လောင် နဲ့ကို ဝေဖန်ငြင်းခုန်နေခဲ့ ကြသည်၊ ထိုစဉ်တုန်းက ကျနော်တို့က လပေါင်းများစွာ ကြိုတင်ပြီး အခန်းယူထားခဲ့ သောကြောင့်သာ ဈေးနှုန်းဟောင်းအတိုင်း သင့်တင့်သောဈေးနှင့် ရခဲ့ခြင်း ဖြစ်သည်၊

ရန်ကုန်မြို့၏ ရေကန်ကြီးတစ်ကန် ဘေးတွင်ရှိသော ကျနော်တို့ တည်းခဲ့ရာဟိုတယ်ကို ကျနော်ကောင်းစွာ ရင်းနှီးပါသည်၊ မြန်မာပြည်မှာ ရှိ စဉ်တုန်းက အလုပ်တာဝန်ဖြင့် အကြိမ်ပေါင်းများစွာ ဝင်ထွက်သွားလာ ခဲ့ဖူးသည်၊ ၁၉၅၈ ခုနှစ်က ဆိုဗီယက်ယူနီယံ၏ နန်းရင်းဝန် နီကီတာ ခရူးရှက်ဖ် မြန်မာပြည်ကို အလည်လာစဉ်က လက်ဆောင်အဖြစ် ဆောက်လုပ်ပေးခဲ့သော ဟိုတယ်ဖြစ်သောကြောင့် ရုရှား ဗိသုကာကို ထင်ထင်ရှားရှား တွေ့ရသည့် နေရာလည်းဖြစ်သည်၊ ထိုစဉ်ကာလတွေက အမေရိကန်နှင့် ဆိုဗီယက်တို့ စစ်အေးတိုက်ပွဲ ဆင်နွှဲနေကြသည့် အချိန်ဖြစ်သည့်အလျောက် ဆိုဗီယက်က တတိယနိုင်ငံများနှင့် မဟာမိတ် ဖွဲ့ထားဖို့ ပေါ်လစီတစ်ရပ် ထားရှိခဲ့သည်၊ ထိုပေါ်လစီအရ ခရူးရှက်ဖ် က မြန်မာပြည်ကို မိတ်ဖွဲ့လက်ဆောင်အဖြစ် ပေးခဲ့ခြင်းလည်း ဖြစ်ပါသည်၊ ဟိုတယ်မှာ တကယ်တမ်းနေဖြစ်သည့် အစောပိုင်းရက်တွေက ကျနော့်အတွက် အနည်းငယ်ထူးဆန်းသယောင် ဖြစ်နေခဲ့သည်၊ တချိန်တုန်းက ဤနေရာမှာ တည်းခဲ့သည့် ဧည့်သည်ပေါင်းများစွာကို ဧည့်လမ်းညွှန်တာဝန်နှင့် လာခေါ်ပြန်ပို့ လုပ်ခဲ့ဖူးရာ...၊ အခုတော့ ကိုယ်ကိုယ်တိုင်က ဧည့်သည်..၊

"မောနင်း အာစရိ၊ ခရီးပန်းလာတာဆိုတော့ ညက အိပ်လို့ကောင်းမှာပေါ့..."

ဟိုးအရင်ကတည်းက ကျနော်ရင်းနှီးနေသည့် ဝန်ထမ်းအစ်ကိုက နှုတ်ဆက်သည်၊ သူက ကြီးကြီးငယ်ငယ် တွေ့သမျှလူကို အာစရိကနေ နည်းနည်းမှ မလျှော့..၊ ဟိုတယ်ကို ရောက်သည့်နေ့မှာပဲ သူ့ကိုတွေ့ပြီး သွားနှုတ်ဆက်တော့ တအံ့တသြနှင့် ဝမ်းတွေသာလို့၊ နေ့စဉ်လိုလို မျက်နှာစိမ်းတွေ ရာနှင့်ချီပြီး တွေ့နေရသူက ဆယ်နှစ်လောက် မတွေ့ဖြစ်သည့် ကျနော့်ကို ချက်ချင်းမှတ်မိတာ နည်းနည်းတော့ အံ့သြရသည်၊ သူ့ မှတ်ဉာဏ် ကပဲ ကောင်းတာလား၊ ကျနော့်ရုပ်ကပဲ မပြောင်းတာလား၊ တစ်ခုခုပဲဟု တွေးမိသည်၊ အခုတော့ ထိုအစ်ကိုက ကျနော် သိခဲ့သော ဝန်ထမ်းတွေထဲက ဟိုတယ်မှာ တစ်ဦးတည်း ကျန်ရစ်ခဲ့သူ..၊ သူ့ကို နှုတ်ဆက်ရင်း ကျနော် လမ်းလျှောက်ထွက်လာ ခဲ့လိုက်သည်၊

ကိုယ်သိကျွမ်းဖူးရာ လူများ၊ နေရာများကို အခြားရှုထောင့် တစ်ခုမှ ချဉ်းကပ်ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းပါသည်၊ ဤအဖြစ်က ရင်းနှီးမှုများဖြင့် ခေါက်ရိုးကျိုးနေသော နယ်နိမိတ်စည်းများ၏ အပြင်ဖက်ကို ဖောက်ထွက်ပြီး နယ်ပယ်သစ်တစ်ခုကို တွေ့ရှိတာနှင့် ခပ်ဆင်ဆင်တူသည်၊ ထိုအခါ အမြင်သစ်၏ နောက်တွင် အတွေးသစ်ကလည်း ကပ်လျက် လိုက်ပါလာတတ်သည်၊ သို့နှင့် ဟိုးတစ်ချိန်က တွေ့ခဲ့ဖူးသည့် နဂါးမောင်နှံ အကြောင်းက လူးလွန့်ရုန်းထ အမောက်ထောင်လာ ခဲ့လေသည်၊

တစ်ချိန်တစ်ခါတုန်းက ဟိုတယ်ဘေး မြက်ခင်းပြင် တစ်နေရာတွင် အမောက်ထောင်နေသည့် နဂါးမောင်နှံ ရုပ်တုရှိခဲ့သည်၊ နောက်တော့ ဂျာမန်လူမျိုး ဟိုတယ်မန်နေဂျာတစ်ယောက် လက်ထက်တွင် ဥယျာဉ်မြက်ခင်းပြင် ပြန်လည်ပြုပြင်ရင်း ထိုနဂါးရုပ်တုတွေကို ဖျက်ပစ်လိုက်လေသည်၊ အဲဒီနောက်မှာတော့ ယုံရခက်သည့် အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့တော့သည်၊ တသက်လုံး အေးအေးဆေးဆေး ရှိခဲ့သော ဟိုတယ်မှာ မီးလန့်သည်၊ လူတွေလည်း ရုတ်တရက်မို့ အထိတ်ထိတ် အလန့်လန့်..၊ မီးခိုးတွေ ထွက်လာသည့် နေရာက ဓါတ်လှေကားအောက်က...၊ သို့ပေမယ့် သေချာရှာကြည့်တော့ ဘာမှ မတွေ့ရဟု ဆိုသည်၊ နောက်တော့ ဟိုတယ်၏ အပေါ်ဆုံးထပ်မှာ မြွေတွေ တွေ့ရပြန်သည်၊

"ဟား..အာစရိရာ.. မြွေတွေအားလုံးက ငန်းတော်ကျားချည့်ပဲ၊ ကဲ.. မထူးဆန်းဘူးလား၊ ငန်းတော်ကျား ဆိုတာက မြွေနဂါးတစ်မျိုးပဲလေ..."

ဟိုတယ်ဝန်ထမ်းက ကြောက်စိတ် မပြယ်သေးသည့် ဟန်ဖြင့် ပြောနေသည်၊ သူ့ကြည့်ရတာ အခုကိုပဲ လောလောလတ်လတ် မြွေတွေ တွေ့လာသလိုမျိုး..၊ 'ပြီးတော့ ဒီကောင်တွေ ဟိုတယ်အပေါ်ဆုံးထပ်ကို ဘယ်လို တက်သွားကြသလဲ' ဟု မေးခွန်း ထုတ်လိုက်ပြန်သည်၊ သစ်ဝါးပေါသော အရပ်မှာ မြွေတွေ့ရခြင်းက ဘာမှမထူးဆန်းသော်လည်း ဟိုတယ်တစ်ခု၏ အပေါ်ဆုံးထပ်မှာ တစ်ကောင်ထက်ပိုပြီး တွေ့ရသည် ဆိုလျှင်တော့ ဖြစ်နိုင်ခြေကို တွေးကြည့်ချင်စရာ ကောင်းပါသည်၊

"ဒါတင် ဘယ်ကမလဲ၊ တစ်ရက်မှာ ကျနော်တို့ ဝန်ထမ်းအဆောင် မီးထလောင်ပါရောဗျား၊ အဲဒီတုန်းက ကျနော်က ရေချိုးပြီး အဆောင်ကနေ ထွက်လာကာစပဲ ရှိသေးတယ်၊ ဒီအတိုင်း ဘလိုင်းကြီးကို ထလောင်တာ..၊ Kitchen မှာလုပ်တဲ့ တစ်ယောက် မြင်လိုက်တာက ကောင်းကင်ကနေ မီးတန်းကြီး ကျလာသလိုပဲ-တဲ့.."

တစ်ယောက်က ဝင်ပြောပြန်သည်၊ သူပြောနေပုံက မယုံမကြည်တော့ မလုပ်လိုက်နဲ့ ကိုယ့်လူဟု ဆိုချင် သယောင်ယောင်..၊ ကောင်းကင်မှ ကျလာသည်ဆိုသော မီးတန်းကြီးကို ကျနော်ဘာမှ ထင်မြင်ချက် မပေးချင် သလို ယုံကြည်မှုဆိုင်ရာ ကိစ္စများတွင်လည်း ဝင်မစွက်ဖက်လိုပါ၊ ဒါက တစ်ဦးချင်းစီ၏ ကြီးပြင်းရာနောက်ခံ၊ ရှင်သန်ရာ ဝန်းကျင်နှင့် ဆိုင်သည့်ကိစ္စ...၊ ထိုအဖြစ်အပျက်များ အကြောင်းကို သတင်းသိုးသိုးသန့်သန့်တော့ ကျနော် ကြားလိုက်မိသည်၊ ထိုနေ့ရက်တွေမှာ သူတို့အားလုံး စိတ်ထဲတွင် 'နတ်နှင့်နဂါး မလှည့်စားနှင့်' ဟု တွေးကောင်း တွေးနေခဲ့နိုင် ပါသည်၊ ကျနော့်ကို ပြန်ပြောပြကြသူများ၏ အဆိုအရ ထိုနဂါးရုပ်တုများ ဖျက်သောအခါ နဂါးမျက်လုံးကို ပတ္တမြားအစစ်ဖြင့် လုပ်ထားတာ တွေ့ရပြီး အောက်တွင် အင်းချပ်များ မြှုပ်ထားသည်ကိုလည်း တွေ့ခဲ့ရသည်ဟု ဆိုသည်၊ ဤလိုကိစ္စမျိုးက လိုက်လံစုံစမ်းရတာ ခက်ခဲလေ့ ရှိသည့်အတိုင်း အဖြစ်အပျက်များက ဘယ်အတိုင်းအတာ အထိမှန်သလဲဟု ကျနော် မဝေခွဲနိုင်ပါ၊ နောက်ပိုင်းမှာတော့ ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ပူဇော်ပသ,ပြီး မေးလျှောက်ကြည့်တော့ နတ်ကန္နားပွဲဖြင့် ပြန်တောင်းပန်ခိုင်းပြီး ဟိုတယ်ဝင်းထဲမှာ နဂါးရုပ်တု ပြန်ထုခိုင်းသည်ဟု သိရသည်၊ သို့နှင့် ပြောသည့်အတိုင်း လုပ်လိုက်သည့် အခါမှာတော့ အရာရာဟာ အရင်လိုပဲ အေးချမ်းစွာ ပြန်ဖြစ်သွားတော့သည်၊



ဧည့်သည်များကို မြန်မာပြည် တနံတလျား လိုက်ပို့ရသောကြောင့် ကျနော့်တွင် ဟိုတယ်တော်တော်များများကို တည်းဖူးသည့် အတွေ့အကြုံ အထိုက်အလျောက် ရှိပါသည်၊ ယုံကြည်ချက်မတူ၊ ကြီးပြင်းရာ နောက်ခံမတူ၊ ပြုမူ နေထိုင်ပုံ မတူသည့် လူပေါင်းစုံ ဝင်ထွက်သွားလာရာ ဟိုတယ်တို့မှာ ပြောမကုန်သည့် အကြောင်းချင်းရာ၊ ဖြတ်သန်းမှုတွေ ရှိနေမည်ဟု ကျနော်ထင်ပါသည်၊ တချို့အဖြစ်တွေက တကယ့်ကိုပဲ သဘာဝလွန် ဖြစ်ရပ်တွေ ဖြစ်နိုင်သည်ဆိုတာ ကျနော့်အနေဖြင့် ဘာမှ စောဒကတက်ရန် မရှိပါ၊ ထို့အတူအချို့ဖြစ်ရပ်များကတော့ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်ဘူးဆိုသည့် အသိစိတ်အပေါ် စိတ်ဓါတ်ခိုင်မာမှု လျော့ကျသွားသည့်အခါ ထင်ယောင်ထင်မှား ဖြစ်မှုများ၊ ကယောင်ခြောက်ခြား ဖြစ်မှုများလည်း ဖြစ်နိုင်ပါသည်၊

တခါတုန်းက ဤလိုကိစ္စတွေမှာ နာမည်ကြီးသည့် မြောက်ဦး အစိုးရဟိုတယ်တွင် တည်းခဲ့ရဖူးသည်၊ ထိုစဉ်က ဖြစ်နိုင်လျှင်တော့ ဧည့်သည်ကို အဆိုပါဟိုတယ်မှာ ထားခဲ့ပြီး ကျနော်က အခြားတည်းခိုခန်းလေး တစ်ခုခုမှာ သွားနေချင်သည်၊ သို့သော် ထိုအချိန်က မြောက်ဦးမှာ တည်းစရာက ထိုတစ်နေရာပဲ ရှိ၏ သို့နှင့် ဧည့်ကြိုကောင်တာမှ အခန်းသော့ ပေးသောအခါ အားတင်းရင်း အခန်းဆီသို့ ထွက်ခဲ့ရတော့သည်၊ အခန်းများက ဘန်ဂလိုပုံစံ ဖြစ်သောကြောင့် အနည်းငယ် တသီးတသန့် နိုင်လေသည်၊ ဤဟိုတယ်က ထိတ်လန့်စရာ အဖြစ်အပျက် ပေါင်းစုံကို လာ,လာပြောကြသည့် သူငယ်ချင်းများကို ဖြစ်ပျက်ရာ အခန်းနံပါတ်များ မေးမထားလိုက်မိသည့် အတွက် မှားသလား၊ မှန်သလား ကျနော် မသိနိုင်ခဲ့..၊ သံသယအကျိုး ဆိုတာ ဒါကိုများ ဆိုလေသလားမသိ၊ အခုတော့ ဟိုအခန်းဖြစ်နိုးနိုး ဒီအခန်းဖြစ်နိုးနိုး..၊ အခန်းထဲ ဝင်လိုက်သောအခါ စိတ်ထဲမှာ တမျိုးဖြစ်သလိုလို၊ မဖြစ်သလိုလိုနှင့် မတင်မကျ ခံစားမှုမျိုးကို ရသည်၊ ဟိုတယ်က မီးစက်နှင့်မီးပေးရသည့်အတွက် ညဥ့်နက်တာနှင့် မီးဖြတ်သည်၊ အရေးထဲ ဟိုတယ်တစ်ခုလုံးမှာ ဧည့်သည်က ခြောက်ကပ်ကပ်..၊ ကျနော့်မှာ ဘုရားတရားသာ အာရုံပြုရတော့သည်၊ ဒါပေမယ့် ထိုနေရာမှာ နှစ်ရက်နေခဲ့သည့် အတောအတွင်း ဘာမှ မဖြစ်ခဲ့...၊ စိတ်ပင်ပန်းမှုကတော့ ကြီးမားလှသည်၊ ကြားဖူးထားသော အကြောင်းတွေနှင့် ကြိုတင်တွေးပြီး စိတ်ကို ဖြစ်နိုင်ခြေဘောင်ထဲ အကျဉ်းချထား နှင့်သောကြောင့် သောကရောက်ခဲ့ရသည်၊ ဤနာမည်ကြီး ဟိုတယ်မှာ ဘာမှမဖြစ်ခဲ့သည့်နည်းတူ အခြားသော အရပ်ဒေသတို့က တည်းခိုရာ နေရာပေါင်းစုံမှာလည်း အေးချမ်းနှစ်ခြိုက်စွာနှင့် ညတာကို ကုန်လွန်ခွင့် ရခဲ့ပါသည်၊ သို့သော် တခါတုန်းက ဤနေရာမှာ ရေးဖူးသည့် အဖြစ်အပျက် တစ်ခုကိုတော့ ယနေ့ထက်တိုင် နားမလည်နိုင်သေး၊ ထိုအဖြစ်ကလွဲလျှင် ကျနော်ခရီးသွားခဲ့သည့် ညချမ်းများက နှစ်ခြိုက်ဖွယ် ဖြစ်ပါသည်၊

တချိန်တုန်းက အရှေ့တောင်အာရှ၏ ခေတ်အမီဆုံး ဖြစ်ခဲ့သည်ဆိုသည့် ဤဟိုတယ်ကလည်း အခုတော့ ငြိမ်းငြိမ်းချမ်းချမ်းပင်..၊ အသစ်ပြန်လုပ်ထားသော နဂါးမောင်နှံဆီသို့ လျှောက်သွားပြီး အချိန် တော်တော်ကြာကြာ ကျနော် ငေးကြည့်နေဖြစ်သည်၊ အနောက်က ရေပန်းမှ ရေတဖွားဖွားဖြင့် နဂါးတို့က ပျော်မြူးနေသယောင်..၊ ဇနီးသည်နှင့် သားကလေးကလည်း ရေကူးကန်မှာ တဗွမ်းဗွမ်းနှင့် ပျော်မြူးနေကြသည်၊ ကျနော်က ကင်မရာကို ပုခုံးမှာလွယ်ရင်း ရေကန်ဖက်ဆီသို့ ထွက်ခဲ့လိုက်သည်၊ တည်းခိုရာ အရပ်တွေတိုင်းမှာ ခရီးသွားများစွာတို့က သူဝင်၊ ငါထွက်ဖြင့် ရှိနေကြဦးမည်ပဲ ဖြစ်သည်၊ အရောင်အသွေးစုံသော စိတ်၊ အမူအကျင့်တို့ကလည်း ထိုအရပ်တို့မှာ တိုးဝင်တွန်းတိုက်လျက်ပဲ ရှိနေလိမ့်မည်၊ ထိုအခြေအနေမှာ ကိုယ့်စိတ်၏ ဖြူစင်မှုနှင့် ကြံ့ခိုင်မှုကသာ ငြိမ်းအေးခြင်းကို ယူဆောင်ပေးနိုင်သည်ဟု ကျနော် ယုံကြည်ပါသည်၊ ကန်ထဲကို လှမ်းကြည့်မိတော့ ခပ်ညစ်ညစ် ရေထဲမှာ နီထွေးဖြူလွသော ကြာတစ်ပွင့်ကို တွေ့လိုက်ရသည်...။ ။

 


ညီလင်းသစ်
၃ စက်တင်ဘာ၊ ၂၀၁၂

18 comments:

တိမ်ပြာ(မနောမြေ) said...

အကို စာရေးတဲ့ပုံက အေးအေးဆေးဆေးလေးနဲ့ စာဖတ်သူကို ဆွဲဆောင်သွားနိုင်တယ်၊၊ တစ်ပိုဒ်ခြင်းစီကို သေသေချာချာ သပ်သပ်ရပ်ရပ်လေး ရေးသွားတာကို သတိထားမိတယ်၊၊ လေးစားလျက်ပါ၊၊ ပိုစ်အသစ်ကို အမြဲတမ်း မျှော်ဖြစ်ပါတယ် :)

မေဓာဝီ said...

အင်းယားလိတ်က နဂါးမောင်နှံ အကြောင်း ခုမှ သိတယ် ကိုညီလင်းရေ ... ။
နတ်နဲ့နဂါး မလှည့်စားရဘူးဆိုလား ရှေးလူကြီးတွေစကား ကြားဖူးတာပဲ။
မြောက်ဦးဟိုတယ်ပို့စ်လဲ ထပ်သွားဖတ်လိုက်တယ်။ မေမြို့က ဟိုတယ်တွေလဲ သရဲခြောက်တယ်လို့ နာမည်ကြီးတယ်နော်။ ကိုယ်တိုင်တော့ တခါမှ မကြုံဖူးပါဘူး။ ကြုံရင်လဲ ကြောက်တာနဲ့ ထွက်ပြေးမိမှာပဲ။ :))

ဒီပို့စ်ရဲ့ နောက်ဆုံး အဆုံးသတ်လေး သဘောကျမိတယ်။ နောက်ကျိညစ်ထေးနေတဲ့ ရေထဲမှာလဲ သန့်စင်မွန်မြတ်တဲ့ ကြာပန်းတွေ ဖူးပွင့်နိုင်သလို ... ပတ်ဝန်းကျင်က ဘယ်လောက် ရှုပ်ထွေးညစ်ညူးစရာ ကောင်းပေမဲ့ ကိုယ့်ကံသုံးပါးက ဖြူစင်သန့်ရှင်းနေဖို့ပဲ အရေးကြီးတယ်နော်။

Anonymous said...

ကိုယ့်စိတ်၏ ဖြူစင်မှုနှင့် ကြံ့ခိုင်မှုကသာ ငြိမ်းအေးခြင်းကို ယူဆောင်ပေးနိုင်သည်ဟု...
ကျမလည်းယုံကြည်မိပါသည်။း)
အိုင်အိုရာ

mstint said...

ရုရှားဗိသုကာပညာရှင်တွေရဲ့ လက်ရာကတော့ အံ့မခန်းပဲနော် R.I.T ကျောင်းတော်ကြီးကို အမှတ်မထင် သတိရသွားတယ် မောင်ညီလင်းရေ။ နဂါးမောင်နှံနဲ့ပတ်သက်တဲ့ ဗဟုသုတလေးရသွားတယ်။ ကြာပန်းလေးတွေ မြင်ရရင် စိတ်ကြည်နူးဘို့ကောင်းတယ်။ စာအရေးအသားတွေ ရှယ်ပဲ နည်းနည်းပါးပါးတော့ အတုခိုးသွားမယ်နော်း) တစ်ပုဒ်ဆိုလဲ တစ်ပုဒ်ပါလားနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Kabyar said...

နားမလည်နိုင်တဲ့ အထဲမှာ ကိုယ်ကိုယ်တိုင်ရဲ့  ကြောက်စိတ်လည်းပါတယ်............တစ်ခါတလေကျတော့ တည်ငြိမ်ပြီး ဘာမှမကြောက်သလိုပဲ.........တခါတလေကျပြန်တော့ ဘာမှ သိပ်ကြောက်စရာမဟုတ်တာလေးကိုလည်း စိတ်ကနေသူ့ အလိုလို ကြောက်နေမိပြန်ရော...........

ညိမ်းနိုင် said...

ပြီးခဲ့တဲ့ ၂လပိုင်း....၊ကျွန်တော်ပုဂံသွားလည်တုန်းက
ညောင်ဦးက တည်းခိုခန်းမှာ သရဲခြောက်ခံရသလိုလို၊
အိမ်မက်လိုလို၊ဘီလူးစီးတာလိုလိုဖြစ်ခဲ့တာကိုတောင်
ပြန်သတိရမိသေး....၊ကျွန်တော်ကတော့ အိမ်မက်လို့ပဲ
ကိုယ့်ဘာသာ မှတ်ယူထားလိုက်ပါတယ်...၊အဲ့လို အထူး
အဆန်းအဖြစ်အပျက်တွေ၊သရဲတစ္စေ မယုံချင်ဘူးဗျ...၊
မယုံပေမယ့် ကြောက်သလားဆိုတော့လည်း ကြောက်
တော့ကြောက်တယ်....:)))။ပို့စ်အဟောင်းလေးကိုလည်း
ပြန်ဖတ်သွားတယ်...၊အင်း.....ဒီကိစ္စတွေက မယုံသည့်
တိုင်အောင် ပြောဖို့တော့အတော်ခက်တယ်ဗျ.....နော်...။

Phyo Evergreen said...

အစ်ကို မတွေ့တာကြာပြီ..း) လူပျင်းဖြစ်နေတာ ဖတ်တာဖတ်ဖြစ်ပြီး ကွန်မန့်မပေးဖြစ်ဘူး..။ ထူးဆန်းတာတွေကိုတော့ စိတ်ဝင်စားတယ်..ကိုယ်တိုင်တော့မကြုံဖူးသေးဘူး..။ သရဲလည်း ကြောက်တယ်....။
တစ်ခါတစ်လေ ကိုယ့်စိတ်ကပဲကိုယ်ကိုကိုယ်ပြန်ခြောက်နေတာ...ဒါပေမယ့်မတတ်နိုင်ဘူး..။ အဆုံးသတ်လေးတော့ သဘောကျတယ်.. ကိုယ်တိုင်အပါဝင် လူတိုင်းမှာအဲဒီစိတ်ကလေး အမြဲထိန်းထားနိုင်ရင်ကောင်းမှာပဲ...။

ဘုန်း၂တောက် said...

အဖြစ်အပျက်တွေက ထူးဆန်းလိုက်တာ ဒကာတော် ညီလင်းသစ်ရေ။ ၁၀-နှစ်ကာလတောင် ရှည်လျားခဲ့ပေမယ့် မြင်ရုံနဲ့ တန်းမှတ်မိတယ်ဆိုတော့ အဲဒီဝန်ထမ်းက မှတ်ညာဏ်ကောင်းတာလည်း ပါမယ်၊ ဒကာတော် ကိုညီလင်းရဲ့ မပြောင်းလဲသေးတဲ့ ရူပါကြောင့်လည်း ဖြစ်မယ် ထင်တယ်။

နဂါးမောင်နှံအဖြစ်အပျက်က သိပ်ထူးဆန်းတယ်ဗျာ။ မယုံကြည်တိုင်း ရမ်းလုပ်လို့ မဖြစ်ဘူးဆိုတာ တကယ်ပဲနော်။

"နတ်နဲ့နဂါးမလှည့်စား"နဲ့ဆိုတာ တကယ်မှန်တယ်ဟ။ ငယ်ငယ်တုန်းက ရွာမှာ အများသုံးရေတွင်းမှာပေါ့။ အ၀ီစိတွင်းပေါ့။ အ၀ီစိတွင်းဆိုပေမယ့် ဟိုးအောက်ထဲ မနှိုက်ရပါဘူး။ ရေက အဲဗား ရှန်ထွက်နေတယ်။ ၀ါးပြောင်း၊ သံပြောင်းတွေ တပ်ပြီး ချိုး၊ သောက်၊ သုံးလိုက်ရုံပါပဲ။ အဲဒီမှာ နတ်နန်းရှိတယ်။ လပြည့်လကွယ်နေ့တိုင်း ရွာသူ၊ ရွာသားတွေက ထမင်းတွေ၊ ဟင်းတွေ၊ မုန့်တွေ လာလာတင်ကြတယ်။ ရွာက ဆိုးဆိုးသွမ်းသွမ်း လူငယ်တစ်ယောက်က မလေးမစားတဲ့စိတ်နဲ့ အဲဒီနတ်နန်းနားမှာ ရှူးရှူးပန်းထည့်ပါလေရော။ နောက်တော့ သူ့လည်ပင်းကြီးစောင်းသွားတယ်။ ဒီအတိုင်း ပြန်တဲ့လို့ မရဘူး။ အဲဒါနဲ့ ရှူးရှူးပေါက်ထားတဲ့နေရာကို ငှက်ပျောသီးဘာတွေ သွားတင်လိုက်မှ ပျောက်သွားတယ်။

သူရဲကို ကိုယ်တိုင်တော့ မမြင်ဖူးသေးဘူး။ သူများပြောသံတော့ ခဏခဏကြားဖူးတယ်။ အဲဒီလို ကြားတိုင်း ကြက်သီးမွေးညင်းထတယ်။

Nyi Linn Thit said...

မမေ ...
ဟုတ်တယ်ဗျ၊ မေမြို့က ဟိုတယ်တချို့လည်း နာမည်ကြီးတယ်၊ အဲဒီမှာတော့ ကျနော်မတည်းဖူးဘူး၊ ဒီအဖြစ်တွေက ဖြစ်နေတုန်းမှာ သောကရောက်ရ သလောက် ပြီးသွားတဲ့အခါကျတော့လည်း ဘာမှမဟုတ်တော့သလို ထင်ရပြန်ရော၊ နည်းနည်းတော့ ရယ်စရာကောင်းတယ်..၊း)

မအိုင်အိုရာ ...
ဟုတ်ကဲ့..၊ အခုလို သဘောထားသိရတာ ဝမ်းသာပါတယ်ဗျာ..၊း)

အန်တီတင့် ...
ဟုတ်ပါတယ်၊ ရုရှားတွေရဲ့ ဗိသုကာအတတ်ကလည်း ခေတ်တစ်ခေတ် တုန်းကတော့ အတော်လေး လွှမ်းမိုးခဲ့တယ်နော်၊ ကျနော့်ဘလော့ဂ်လေးကို အမြဲပုံမှန် လာလာလည်လို့လည်း ကျေးဇူးစကား ဆိုပါရစေ ခင်ဗျ..၊

(မ)ကဗျာ ...
အဲဒါ အဟုတ်ပဲဗျ၊ စိတ်ကူးဉာဏ် ကွန့်မြူးရင် မြူးသလို ကြောက်စိတ်က ကြီးထွားလာတာလို့ ကျနော်လည်း ထင်မိတယ်..၊

ကိုညိမ်း ...
ဒီလို ဖြစ်ရပ်တွေအပေါ်မှာ ထားတဲ့ ကျနော်တို့ရဲ့ သဘောထားကတော့ တူနေပြီ ကိုညိမ်းရ၊ ကျနော်လည်း မယုံချင်ဘူး၊ ဒါပေမယ့် ပြောရခက်တဲ့ ကိစ္စတွေ ရှိတာလည်း အမှန်ပဲဗျ..၊ လူ့လောကများ တယ်လဲ ရှုပ်ထွေးပွေလီ၊ ဆန်းကြယ်သကိုးဗျ..နော၊း)

ကိုဖြိုး ...
ဟေး.. မတွေ့တာ အတော့်ကို ကြာနေပြီကော..၊း) နေကောင်းရဲ့လားဗျ၊ အင်း.. ကြောက်စိတ်ကတော့ ကျနော်တို့ အားလုံးမှာ နည်းနည်းပဲဖြစ်ဖြစ်တော့ ရှိနေ မှာပါပဲ..၊

ဘုန်းဘုန်းတောက် ...
တင်ပါ့..၊ ဦးဇင်းပြောတဲ့ အဖြစ်အပျက်ကလည်း တကယ့်ကို ယုံရခက်ခက်ကြီးနော်၊ ဒါမျိုးဆိုတာကလည်း သေချာအောင် နောက်တစ်ခေါက် ထပ်စမ်းလို့ ကောင်းတာမဟုတ်တော့ ဖြစ်နိုင်ခြေကိုပဲ လက်ခံရမယ် ထင်တာပါပဲ....။

. . လင်းခေတ်ဒီနို . . said...

အင်းယားလိပ်မှာ အဲလိုဖြစ်တာ ကျွန်တော် အခုမှ သိရတော့တယ်ဗျာ . . တချိန်တုန်းက အရှေ့တောင် အာရှမှာ အကောင်းဆုံး ဟိုတယ် ဖြစ်ခဲ့တာဆိုတော့
နှစ်ကလည်း မနည်းဘူး . .


ခင်မင်စွာဖြင့်
ဗညားရှိန်

ညီရဲ said...

နဂါးမောင်နှံအကြောင်းလေးကို ဖတ်ရတာ စိတ်ဝင်စားစရာဘဲ အစ်ကို... မြန်မာနိုင်ငံမှာ အဲဒီလို သဘာဝလွန် အဖြစ်အပျက်မျိုးရှိတဲ့ နေရာတော်တော် များများ အကြောင်းကို ကြားဖူးတယ်... တခါတခါ သူ့ အလိုလို ဟိုတွေးဒီတွေးနဲ့ ကြောက်စိတ်ဝင်မိရင် အရမ်းစိတ်ပင်ပန်းရတာကို ကြုံဖူးတယ်...

Angelhlaing(May everybody be happy and healthy! said...

မမြင်ရတဲ့ သတ္တလောက အကြောင်းတွေက စိတ်ဝင်စားဖို့ ကောင်းတယ်နော်အကို... ထူးဆန်းတယ်လို့ ဆိုရမှာပဲ..မသိသေးတဲ့ ဗဟုသုလေးတွေ အတွက် ကျေးဇူးပါအကို..

စံပယ်ချို said...

နဂါးမောင်နှံ အကြောင်းလေးကိုခုမှသိရလို့ကျေးဇူးပါရှင်
တခါတရံ ကိုယ်တွေ့တွေက ဖတ်ရကြားရတာတွေထက်ကို
ပိုပြီးစိတ်ဝင်စားစရာလဲကောင်းလှပါတယ်

မိုးငွေ့........ said...

မေမြို့က မြိုင်ပါတဲ့ ဟိုတယ်တစ်ခုမှာတော့ သရဲအခြောက်ခံခဲ့ရဖူးတယ်...။

လပြည့်ရိပ် said...

အကို့ရဲ့ သရဲခြောက်တဲ့ပိုစ့်ကို သွားပြန်ဖတ်ပြီး ကိုညီလင်းတစ်ယောက် အဲဒီညက အိပ်မက်ထဲမှာ ဆေးလိပ်တွေနဲ့ ကစားနေတာများ မဖြစ်နိုင်ဘူးလားလို့ တွေးနေမိသေးတယ်။ :D သရဲတော့ တခါမှ အခြောက်မခံရဘူးသေးဘူး ။ တခါလောက်တော့ သရဲခန့်ချောလေး အခြောက်ခံဖူး ချင်တယ်။ :P

san htun said...

ပရလောကအကြောင်းတွေက စိတ်ဝင်စားဖို့  ကောင်းသလို သိပ္ပံနည်းနဲ့  ဖြေရှင်းဖို့ လည်း ခက်တယ်နော်...ကြာပွင့်ဓာတ်ပုံလေးက မိုက်တယ်..

rose of sharon said...

ဒီအကြောင်းတခါမှမကြားဖူးဘူး... မျှဝေပေးတာကျေးဇူးနော်

blackroze said...

ဟုတ်တယ် အကို
ညီမလည်း အဲတာမျိုးတွေကြားဖူးတယ်..
ကြုံ ဖူးတာလည်းရှိတယ်အကို
ဒါမျိုးတွေက တကယ်ရှိတာအကိုရ