29 August 2009

သားကလေးရဲ့ဒုတိယ ပြက္ခဒိန်


ပြီးခဲ့တဲ့ တစ်ပတ်က သားကလေး ၂ နှစ်ပြည့်တယ်၊ ၂ နှစ်ဆိုတဲ့ အချိန်ဟာ ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘူး၊ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ဒီလိုအချိန်က အိမ်မှာ အိမ်သားက နှစ်ယောက်ထဲပဲ ရှိသေးတာပေါ့လေ၊ အခုတော့ ၃ ယောက်...၊ စက္ကန့်နဲ့အမျှ မွေးလာနေတဲ့ လူသား အသစ်လေးတွေကို ကြိုဆိုနေကြတဲ့ အရင်ရောက်လူသားတွေထဲမှာ ကျနော်တို့လည်း ပါဝင်ခွင့်ရခဲ့ပါတယ်၊

မိသားစုထဲမှာ ကလေးတစ်ယောက် ရောက်လာတဲ့ကိစ္စက ဘာမှအထူးအထွေတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် တခါတခါ သားကလေးကို ကြည့်ရင်း ကျနော်စဉ်းစားနေမိတယ်၊ သက်ရှိလူသားတစ်ယောက် ဝင်ရောက်လာတဲ့ကိစ္စဟာ အင်မတန်မှ ကြီးကျယ်ထူးမြတ်ပါလား လို့၊ ဥပမာ-ကျနော်ကင်မရာတစ်လုံး ဝယ်တယ်ဆိုရင် ဒီကင်မရာနဲ့ ဟိုရိုက်ဒီရိုက်နဲ့ ရှိမယ်၊ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတချို့မှာ ကင်မရာရဲ့ အခန်းကဏ္ဍဟာ ပါဝင်လာမယ်၊ အိမ်မှာ အထိုက်အလျောက် ပြောင်းလဲမှုရှိလာပေမယ့် ဒီပြောင်းလဲမှုမျိုး ဘယ်သူမဆို ရနိုင်ပါတယ်၊ ဆိုကြပါစို့၊ ကျနော့်အိမ်နီးချင်းကလည်း ကင်မရာလိုချင်တယ်ဆိုရင် သူလည်း ဝယ်ရုံပါပဲ၊ ကျနော့်နဲ့ မော်ဒယ်လ်တူတာကို သူရနိုင်ပါတယ်၊ ဒီလိုသက်မဲ့ ဝတ္ထုမဆိုထားနဲ့၊ သက်ရှိအိမ်မွေး တိရစ္ဆာန်ဆိုရင်တောင်မှ တကယ်လိုချင်ရင် ချွတ်စွတ်နီးပါး တူတဲ့ အမျိုးတူ၊ အရွယ်တူ ရနိုင်ပါတယ်၊

လူသားလေးတစ်ယောက်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်တူဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပါပဲ၊ ကျနော့်အိမ်နီးချင်းက ဘယ်လိုမှ ကျနော်နဲ့မော်ဒယ်လ်တူတာ မရနိုင်ပါဘူး၊ Siamese twins တွေမှာ တောင် ရုပ်ပိုင်းဆိုင်ရာ ခွဲမရအောင် တူပေမယ့် စရိုက်လက္ခဏာမှာ အနည်းနဲ့အများ ကွာသွားတတ်ပါသေးတယ်၊ ကလေးတိုင်းဟာ သူတို့ရဲ့မိဘတိုင်းအတွက် သီးခြားပုံဆောင်မှု unique ဖြစ်သလို သားကလေးဟာ လည်း ကျနော်တို့အတွက် အရင်ကလည်းမရှိခဲ့၊ နောင်မှာလည်း ပုံစံတူရှိလာမှာ မဟုတ်တဲ့ တခုတည်းသော ဘုရားသခင်ရဲ့ လက်ဆောင်မွန်ကလေးပါပဲ၊ ဆရာမင်းလူတခါကရေးဖူးတာ သတိရမိတယ်၊ လင်မယားနှစ်ယောက်ဟာ ဘယ်လောက်ချစ် ချစ်၊ ဘယ်လိုစာချုပ်၊ ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် လက်ထပ်ထားပါစေ...သူစိမ်း ပါပဲ၊ အဲ...ဒါပေမယ့် သူတို့မှာ ကလေးတစ်ယောက် ရလာပြီ ဆိုရင်တော့ အဲဒီကလေးကို အမှီပြုပြီး သွေးသားတော်စပ် လိုက်ရလို့ အဲဒီတော့မှ အမျိုးအရင်းအချာ ဖြစ်သွားတော့တာ-တဲ့၊

သားကလေး ကိုယ်ဝန်သုံးလေးလလောက်က အဖြစ်အပျက်တစ်ခုကို ကျနော်မှတ်မိသေးတယ်၊ မအိမ်သူက သူငယ်ချင်းတစ်ယောက်ဆီ ကနေ ရထားနဲ့ တစ်ယောက်တည်း ပြန်လာချိန်ပေါ့၊ လူခပ်ချောင်ချောင် အဲဒီရထားထဲက သူ့ရှေ့ခပ်လှမ်းလှမ်းမှာ အာဖရိကန်လူမည်း အဖိုးကြီးတစ်ယောက် ထိုင်လိုက်လာတယ်၊ ဒီလူကြီးက သူ့ကိုကွက်ကြည့်ကွက်ကြည့်နဲ့ ဆိုတော့ သူလည်း ဘာများလဲလို့ စဉ်းစားနေ သတဲ့၊ ဒီလိုနဲ့ ဆင်းရမယ့်ဘူတာရောက်တော့ သူလည်းဆင်း၊ သူ့နောက်မှာ အဲဒီအဖိုးကြီးလည်း ဆင်းကြရော၊ စင်္ကြန်ပေါ်မှာ ခြေလှမ်းစကာစ,ပဲ ရှိသေးတယ် အာဖရိကန်အဖိုးကြီးက မအိမ်သူနဲ့ ရင်ဘောင်တန်းအနေအထား အရောက်မှာ ဒီလိုပြောလိုက်တယ်၊ “ မဒမ်...ခင်ဗျား အခုလွယ်ထားတဲ့ ကိုယ်ဝန်က ယောင်္ကျားလေးဗျ၊ ပြီးတော့ ဒီကလေးဟာ ဖအေတူသားလေး ဖြစ်လိမ့်မယ် ”တဲ့၊ ဒါပဲပြောပြီး ခပ်ပြုံးပြုံးနဲ့ သူ့ကို ကျော်တက်သွားတော့တယ်၊

ဒီအကြောင်း မအိမ်သူက ကျနော့်ကို ပြန်ပြောပြတော့ ကျနော်လည်း အတော်အံ့အားသင့်သွားတယ်၊ အဲဒီအချိန်တုန်းက ဘာအကြောင်း ကြောင့်တော့ မသိဘူး၊ ကျနော်က သမီးမိန်းကလေး ဖြစ်မယ်လို့ တထစ်ချ ယုံကြည်စွဲလမ်း နေခဲ့တာကိုး၊ ပြီးတော့ မအိမ်သူက ကိုယ်ဝန် သုံးလေးလပဲ ရှိသေးတော့ အဲဒီအချိန်က ကျနော်တို့မပြောရင် မိတ်ဆွေတွေတောင် သတိမထားမိဘူး၊ ရထားပေါ်မှာလည်း ဆွယ်တာ အနက်ရောင် ပွပွကြီးတစ်ထည် ဝတ်ထားပြီး ထိုင်နေခဲ့တာကို ဟိုအဖိုးကြီးက ဘယ်လိုလုပ်သိသလဲ၊ ကိုယ်ဝန်သည်တွေ ဖတ်လေ့ရှိတဲ့ စာအုပ်မျိုးတွေလည်း သူ ဖတ်မနေခဲ့ပါဘူး-တဲ့၊ နောက်ဆုံး ကိုယ်ဝန်ကို သိတယ်ပဲထားဦး..၊ ဒါဟာ ယောင်္ကျားလေးဆိုတာ သူဘယ်လိုသိ သလဲ၊ မသိဘဲ ရမ်းပြောပြီး နောက်ရမယ့် ကိစ္စလည်း မဟုတ်ပါဘူး၊ တော်ကြာ မအိမ်သူက ယောင်္ကျားနဲ့ကွဲပြီး သူ့ယောင်္ကျားကို စိတ်နာ နေတဲ့ အမျိုးသမီးဆိုရင် ` ခင်ဗျား ယောင်္ကျားနဲ့ တူလိမ့်မယ် ´လို့သွားပြောရင် ဒီလူ နေရင်းထိုင်ရင်း ပြဿနာတက်နိုင်သေးတယ်၊ ကိုယ် မသိတဲ့ လူတစ်ယောက်ကို မှန်မှန်မှားမှား အခုလို သွားပြောရမှာ တော်တော့်ကို ကြောင်တဲ့ ကိစ္စပါပဲ၊ ဒါကို ပြောဖြစ်အောင် သူပြောတယ် ဆိုတော့ ပြောဖို့အကြောင်းတရားတစ်ခုက သူ့ကို စေ့ဆော်လို့ပဲ ဖြစ်ရမယ်လို့ နောက်ဆုံးတော့ ကျနော်တွေးလိုက်ပါတယ်၊ နောက်ထပ် လအနည်းငယ် အကြာမှာတော့ အာဖရိကန်အဖိုးကြီး ပြောသွားတာ အမှန်ပဲဆိုတာ ကျနော်တို့ သိလိုက်ရပါတော့တယ်။


လူလေး (၁)
IMG_4581n
Canon 450d, EF 24-105mm f/4 L, 60mm, f/4, 1/30, iso200, bounce flash

လူလေး (၂)
IMG_4651n
Canon 450d, EF 24-105mm f/4 L, 100mm, f/4, 1/60, iso100, bounce flash

လူလေး (၃)
IMG_4684n
Canon 450d, EF 24-105mm f/4 L, 40mm, f/4, 1/60, iso200, bounce flash



ညီလင်းသစ်
၃၀ သြဂုတ်၊ ၂၀၀၉

20 August 2009

သင်္ဘော (၁)


သူ့ဘဝမှာ သင်္ဘောကို ခပ်ငယ်ငယ်အရွယ်ကတည်းကပင် သိကျွမ်းနှင့်ပြီး ဖြစ်သည်၊ သူ ရန်ကုန်မှာ မွေးသော် လည်း လေးနှစ်သား အရွယ်အထိ တညင် (သန်လျင်) မှာနေခဲ့သည်၊ ထိုစဉ်က ရန်ကုန် သန်လျင် တံတားလည်း မရှိသေး၊ ထိုအခါ မိဘများနှင့် ရန်ကုန်ဖက်ကမ်းသို့ လိုက်လာတိုင်း သင်္ဘောကို မစီးမဖြစ် စီးရသောကြောင့် သူ သင်္ဘောနှင့် မစိမ်းလှပါ၊

ထိုစဉ်တုန်းက သင်္ဘောတွေပေါ်မှာတွေ့ရတတ်သည့် ဘဝအစုံစုံက သူ့လိုကလေးတစ်ယောက်အတွက် တကယ့် စိတ်ဝင်စားဖွယ်ရာအတိ...၊ မြစ်လယ်ခေါင်မှာ သင်္ဘောဘေး ကပ်လိုက်လာတတ်သည့် စင်ရော်တွေကလည်း သူ့အဖို့ အထူးအဆန်း၊ သင်္ဘောစီးရတိုင်း သူပျော်နေခဲ့သည်၊ ရန်ကုန်ကို အပြီးပြောင်းလာပေမယ့် နွေရာသီ ကျောင်းပိတ်ရက်တိုင်း အဖွားရှိရာ တညင်သို့ သူတို့ညီအစ်ကိုတွေ သွားရလေ့ရှိသည်၊ ထိုအခါ သင်္ဘောနှင့်သူ ဆုံစည်းရပြန်သည်၊ သင်္ဘောကမ်းမကပ်မီ ဘောတံတားပေါ် လှမ်း,လှမ်းခုန်တက်တတ်သော လူများကိုသူမြင် တော့ သူတို့အစား ကလေးပီပီ အသည်းတအေးအေး...၊

နောက်တော့ အဖွားလည်း သူတို့ရှိရာ ရန်ကုန်ကို အပြီးပြောင်းလာတော့ သူ့အတွက် သင်္ဘောစီးဖို့ အခွင့်မကြုံ တော့၊ အလယ်တန်း အထက်တန်း ကျောင်းသားဘဝမှာ သင်္ဘောကို သူခပ်မေ့မေ့ ဖြစ်သွားခဲ့သည်၊ ထိုကာလ မှာသူ့အတွက် သင်္ဘောနှင့် ပတ်သက်တာဆိုလို့ တီဗီမှာ ပြသော Love boat စီးရီးဇတ်လမ်းတစ်ခုပဲ ရှိသည်၊

ဆယ်တန်းအောင်ပြီး နောက်ပိုင်း မိတ်ဆွေတချို့နှင့် ခရီးထွက်ဖြစ်ရာမှ သင်္ဘောက သူ့ဘဝထဲ ပြန်လည်ဝင် ရောက်လာခဲ့သည်၊ အဲဒီတုန်းက သူတို့သွားဖြစ်တာက လေးအိမ်တန်း၊ ပြီးတော့ မြောင်းမြဖြစ်သည်၊ မြစ်ဝကျွန်း ပေါ်သွား သင်္ဘောများသည် ကုန်တွေ ပြည့်သိပ်စွာတင်ခြင်း၊ မြစ်လက်တက်များစွာကို ဖြတ်သွားရခြင်း၊ ညအိပ် ညနေစီးရခြင်း စသည်တို့မှလွဲ၍ သင်္ဘောအမျိုးအစားတို့မှာ သူသိရသလောက် ရန်ကုန်-သန်လျင် သင်္ဘောတို့ နှင့် အတူတူပင်ဖြစ်သည်၊ ကုန်တွေကို မနိုင်မနင်း သယ်ပိုးထားရသော ဂျပန်၏ စစ်လျော်ကြေး သင်္ဘောအိုကြီး သည် သူ့အတွက်တော့ ရတက်မအေးစရာပဲ ဖြစ်သည်၊ ဒီကြားထဲ ညနေစောင်း သင်္ဘောထွက်တော့ မကြာမီ ရောက်လာတော့မယ့် အမှောင်ထဲကို ဒီသင်္ဘောကြီးနဲ့ ထိုးခွဲဝင်ရောက်ရမယ့်အရေး ပူပန်နေခဲ့သည်၊ နောက် တော့လည်း အင်ဂျင်သံ၊ စကားသံ၊ ချွေးနံ့၊ စက်ဆီနံ့၊ လူငွေ့၊ ဆေးလိပ်ငွေ့တွေကြားမှာ သူလည်း သင်္ဘောကြီး နှင့် တသားတည်းဖြစ်ပြီး တအိအိနှင့် ငိုက်မြည်းသွားတော့သည်၊

သူစီးခဲ့သော သင်္ဘောခရီးစဉ်များထဲမှ အချောင်ဆုံး ခရီးစဉ်တစ်ခုကို ပြောပါဆိုလျှင် ဘားအံ-မော်လမြိုင်ခရီးစဉ် ကို ပြောရလိမ့်မည်၊ ရုံးမှ အဖွဲ့တွေနှင့်အတူ လေ့လာရေးခရီးထွက်တော့ ဘားအံမြို့ကို ရောက်လာခဲ့သည်၊ ဘားအံမှ မော်လမြိုင်ကို ကားဖြင့်သွားဖို့ စီစဉ်ထားသော်လည်း အနီးကပ်မှ အစီအစဉ်ပြောင်းပြီး သင်္ဘောစီးဖို့ ဖြစ်လာခဲ့သည်၊ သံလွင်မြစ်မှာ တခါမှ သင်္ဘောမစီးဖူးသည့် သူ့အတွက်တော့ အံကိုက်...၊ သင်္ဘောကြီးပေါ် ရောက်တော့ သူအံ့သြသွားသည်၊ တရုတ်ပြည်လုပ် အသစ်စက်စက် သင်္ဘောကြီးတစ်စီးလုံးမှာ ခရီးသည်ဆို၍ သူတို့အဖွဲ့နှင့် အိန္ဒိယသွေးနွယ်သော မိသားစု တစ်စုပဲ ရှိသည်၊ သင်္ဘောမှာက အိပ်ခန်းတွဲတွေတောင် ပါသေး..၊ လက်မှတ်လာစစ်တော့ သူက လက်မှတ်စစ်ဝန်ထမ်းကို သင်္ဘောကြီးကောင်းကြောင်း ချီးကျူးလိုက်သည်၊ ဝန်ထမ်းက သူ့သင်္ဘောကြီးမှာ ရောက်လာခါစ အသစ်ကျပ်ချွတ်ပင် ရှိသေးကြောင်း၊ သင်္ဘောအင်ဂျင်စက်များ အားကောင်းလွန်းသောကြောင့် မြစ်ကမ်းပါးများ ပြိုကုန်သဖြင့် အင်ဂျင်တစ်လုံးတည်းဖြင့်သာ မောင်းနှင်နေရ ကြောင်း သူ့ကိုပြောသည်၊ လှပါတယ်ဆိုမှ ရေမချိုးရသေးဘူး ဆိုပဲ...၊ သို့သော် ဒေသခံများကတော့ အား ကောင်းမောင်းသန် သင်္ဘောကြီးအစား အချိန်တိုအတွင်း ရောက်သည့် လိုင်းကားများကိုပဲ ပို၍အားထားကြပုံ ပေါ်သည်၊ သူ့အစွမ်းအစကို ပြခွင့်မရသည့် သင်္ဘောကြီးပေါ်မှနေ၍ သံလွင်၏အလှကို သူ တဝကြီးခံစားပစ် ခဲ့သည်၊

သူတကယ့်ကို ပျင်းရိငြီးငွေ့နေအောင် စီးခဲ့ရသော သင်္ဘောကတော့ မန္တလေး-ဗန်းမော် သင်္ဘောဖြစ်သည်၊ အသွားခရီးက ရေဆန်ဆိုတော့ တစ်ညအိပ် နှစ်ရက်တိတိ ကြာသလို အပြန်မှာလည်း တစ်ရက်နှင့် တစ်ညတော့ ကြာလိုက်သေးသည်၊ ဒီခရီးကို စီစဉ်တာကတော့ သူ့ရဲ့မဟေသီလောင်း ဖြစ်သည်၊ သူမ,က အလုပ်နားခိုက်မှာ မရောက်ဖူးသေးသော မန္တလေးအထက်ပိုင်း ဒေသတွေကို သင်္ဘောဖြင့် သွားချင်သလို သူကလည်း သူ့နိုင်ငံဖြစ် ပြီးသူပင် မရောက်ဖူးသေးသောကြောင့် တကြောင်း၊ သူမနှင့် သွားရမှာဖြစ်သောကြောင့် တကြောင်း တက်ကြွ စွာသဘောတူလိုက်သည်၊ စိနတိုင်းလုပ် သင်္ဘောကြီးသည် ကြီးမားခန့်ထည်ပြီး အဆင့်အတန်း ခပ်မြင့်မြင့် ဖြင့် သွေးကြီးလျက်ရှိသည်၊ အထိုက်အလျောက် သန့်ရှင်းသော ရေချိုးခန်း၊ အိပ်ခန်းတွေကို အေးမြနေအောင် လည် ပတ်ပေးသော လေအေးပေးစက် စသည်တို့ကို မြင်လိုက်တော့ သူပင် ဒီလိုသင်္ဘောမျိုးကို စီးရလို့ ရောယောင် ဘဝင်မြင့်ချင်ချင်...၊

ဒါပေမယ့် သူလည်း အောက်ခြေလွတ်ချင်လှချည်ရဲ့ ဆိုတာတောင် ကောင်းကောင်းမလွတ်လိုက်ရ၊ အပြန်ခရီး မှာစီးရသည့် သင်္ဘောကြီးက သူ့ကို မမြဲသောတရားအကြောင်း သင်ပေးခဲ့သည်၊ ရေချိုးခန်းမှာ ရေတစက်မှ မလာ၊ အဲကွန်းက ပျက်၊ အိပ်ခန်းတံခါးက ပိတ်မရ...၊ သင်္ဘောကြီးကတော့ စိနတိုင်း သင်္ဘောကျင်းမှ ထွက်ခါစ သစ်လွင်လတ်ဆတ်ခဲ့သော နေ့ရက်များအကြောင်း ခါးခါးသီးသီး ပြန်တွေးရင်း အတွေးတွေကို ရေယက်ပန်ကာ ဒလက်တွေကြားထဲ အငြိုးတကြီး ပစ်ထည့်ခုတ်မောင်းလျှက် ရှိသည်၊ သူတို့ကလည်း ပန်ကာဒလက်တွေနှင့် အပြိုင် ယပ်ကိုတွင်တွင်ခပ်ရင်း အိပ်ပျော်ဖို့ကြိုးစားရသည်၊ ဒီလိုနှင့် ချွေးများစိုရွှဲလျှက် ညတရေးနိုးလာခဲ့တော့ သူအံ့သြသွားသည်၊ လူပေါင်းရာချီ လိုက်ပါလာသည့် သင်္ဘောကြီးသည် မီးများ မှောင်အတိကျလျှက် တစ်စီးလုံး တိတ်ဆိတ်လို့၊ အမှောင်ထဲ အားစိုက်ပြီးကြည့်တော့ ကမ်းတစ်နေရာမှာ ကပ်ထားတာ တွေ့ရသည်၊ ဘာဖြစ်တာ လဲ၊ စက်ပျက်လို့လား၊ ဒါမှမဟုတ် ညအိပ်ရပ်နားတာလား၊ သူသိထားသလောက် သင်္ဘောသည် တောက် လျှောက် ခုတ်မောင်းရမည် ဖြစ်သည်၊ သင်္ဘောလက်ရန်းကို မှီရင်း သူ ခန့်မှန်းစဉ်းစားနေတုန်း သူမ,က အခန်း ထဲမှနေ၍ သင်္ဘော ဘာဖြစ်လို့ ရပ်နေတာလဲဟု လှမ်းမေးသည်၊ သူလည်း သူ့သုံးသပ်ချက်၊ ဖြစ်နိုင်ချေ၊ အလား အလာ စသည်တို့ ကိုအခြေခံပြီး အနီးစပ်ဆုံး မှန်နိုင်မည့် အဖြေတစ်ခုတစ်ခုကို ပေးလိုက်သည်၊ “ မသိဘူး ”...၊

သူ ကောင်းကောင်းမှတ်မိနေသည့် နောက်ထပ် သင်္ဘောခရီးစဉ် တစ်ခုမှာ မုံရွာ-ကလေးဝ ခရီးစဉ်ပဲ ဖြစ်သည်၊ ချင်းတွင်းမြစ်ကြောင်းသွား သင်္ဘောများသည် ဝမ်းပြားသဘောင်္များ ဖြစ်ကြသည်၊ ထိုဝမ်းပြား သင်္ဘောတစ်စီးကို စီးရင်း ကလေးဝမြို့ကို သူတို့ဆန်တက်လာခဲ့သည်၊ လမ်းမှာ သူ့အတွက် အံ့သြစရာတစ်ခု ကြုံရသေးသည်၊ သင်္ဘောသွားနေတုန်း ဘေးမှနေ၍ လှေကလေးများ ကပ်လာကြသည်၊ သင်္ဘောပေါ် ဈေးတက်ရောင်းဖို့ လာ သည့် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေးများ..၊ လှေလှော်သည့် ကလေးတွေက တကယ့်ကျွမ်းကျင်မှု အပြည့်ဖြင့် သင်္ဘောနှင့်လှေကို ကပ်ပေးလိုက်သည်နှင့် လှေပေါ်မှ ကျန်ကလေးများက လှစ်ကနဲ ခုန်တက်လာကြသည်၊ လှေကလေးများကတော့ သင်္ဘောနှင့်ဝေးရာသို့ ပြန်လည်ထွက်ခွာရင်း ကျန်ခဲ့ကြသည်၊ ဆယ်ကျော်သက်ရွယ် ထိုဈေးသည်လေးများက ဒေသထွက်ကုန်နှင့် ရိုးရာမုန့်ပဲသွားရေစာများကို လူတွေကြားထဲ တိုးကာဝှေ့ကာနှင့် အော်ဟစ်ရောင်းချနေတာကို သူကြည့်နေခဲ့သည်၊ အနည်းငယ်ကြာတော့ ဝုန်းကနဲ အသံ တစ်ခုသူကြားရသည်၊ ရေထဲသို့ တစုံတခု ပြုတ်ကျသံဖြစ်သည်၊ သူရှိနေသော အပေါ်ထပ်မှ ကိုင်းကြည့်လိုက်တော့ ရေထဲမှာ စောစော က ဈေးသည်လေးတွေထဲမှ တစ်ယောက်...၊ ထိုစဉ်မှာပဲ နောက်ထပ်ဈေးသည် လေးတစ်ယောက် ဝုန်း ဆိုခုန်ချ သွားပြန်သည်၊ ပြီးတော့ နောက်တစ်ယောက်၊ နောက်တစ်ယောက်...၊ သူ အပါအဝင် အကြောင်းမသိသူ များက နားမလည်စွာ အထိတ်တလန့်ကြည့်နေတုန်း ဒီခရီးကို သွားနေကျဖြစ်ပုံရသည့် အမယ်အိုတစ်ဦးက ရှင်းပြသည်၊ “ အဲဒါ...သူတို့လာခဲ့တဲ့ ရွာကိုပြန်ကြတာလေ၊ ဒီခရီးမှာ ဒီလိုပဲ သင်္ဘောပေါ် တက်ရောင်း၊ ကုန်ရင် ရေထဲခုန်ချပြီး ကမ်းကိုကူး၊ အဲဒီကမှ ကမ်းပါးအတိုင်း လမ်းလျှောက်ပြန်ကြတာပဲ ” တဲ့၊ ဟုတ်ပါသည်၊ ထို ဆယ်ကျော်သက် ရွယ်ဈေးသည်လေးများသည် သူတို့၏ ပလပ်စတစ်ဗန်းများကို ရေထဲအရင် လွှင့်ပစ်၊ ပြီးတော့ လူ ကိုယ်တိုင်ခုန် ချကာ ကမ်းကို ကူးသွားကြလေသည်၊ မြစ်ရေထဲမှာ အချင်းချင်းပင် နောက်ပြောင်ကျီစယ် နေကြသေးသည်၊ သူတို့က ပေါ့ပါးစွာ ပျော်ရွှင်ရယ်မော နေကြသော်လည်း သူတို့၏ ပျော်ရွှင်မှုက သူ့ထံသို့ ကူးစက်မလာပါ၊ ဒါဟာ တဝမ်းတခါး အတွက်တဲ့လား... ...၊

ကလေးဝမြို့မှာ ထိုနေ့ညအိပ်တော့ မနက် ၂ နာရီမှာ အင်မတန်ကျယ်လောင်သော ဥသြဆွဲသံကြောင့် သူတို့နိုး လာခဲ့ကြသည်၊ ခန္တီးမြို့မှလာသော အစုန်သင်္ဘော ကလေးဝကို ဝင်လာခြင်းဖြစ်သည်၊ လူအားလုံး အိပ်မောကျ နေချိန် မနက် ၂ နာရီမှာ တမြို့လုံးနိုးအောင် ဥသြဆွဲသောသင်္ဘောကို သူ မအံ့သြဘဲ မနေနိုင်ပါ၊ ဒါဆို ဒီမြို့က လူတွေ နေ့တိုင်းမနက် ၂ နာရီမှာ နိုးနေကျလား၊ ဒါမှမဟုတ်လည်း ရိုးသွားပြီး ကြားချင်မှ ကြားပေတော့မည်၊ “ အင်း..ဒါဆိုရင်တော့ မနက်ဖြန်အပြန်မှာ သင်္ဘောလွတ်သွားမှာ မပူရတော့ဘူး ”ဟုသာ သူတွေးရတော့သည်၊ တကယ်လည်း နောက်တစ်နေ့မနက် ၂ နာရီ သင်္ဘောဝင်လာတော့ ဥသြသံက ကျယ်လောင်စွာနှင့် သူတို့ကို နှိုး လိုက်သည်၊ ကမန်းကတန်းထပြီး သင်္ဘောဆိပ်ဆင်းကာ သင်္ဘောပေါ်တက်ပြီး သူတို့ထိုင်နေခဲ့သည်၊ အိပ်ခန်းထဲ မှာက လှောင်ပိတ်ပြီး မွန်းကျပ်လှသည်၊ သင်္ဘောကလည်း ကုန်တွေကို မပြီးနိုင်မစီးနိုင် တင်နေဆဲ...၊ သို့နှင့် သူတို့နှစ်ယောက် လေကောင်းလေသန့်ရရန် အပေါ်ဆုံးထပ်သို့ တက်လာခဲ့သည်၊ အပေါ်မှာ ဘယ်သူမှ မရှိ၊ မာလိန်မှူး၏ အခန်းဘေးမှာ ကွပ်ပျစ်တစ်လုံးတွေ့တာနှင့် သူတို့ထိုင်နေလိုက်သည်၊ ခဏကြာတော့သူ့ မဟေသီ လောင်းက လေတဖြူးဖြူးမှာ အိပ်ပျော်သွားတော့သည်၊ မကြာမီမှာပဲ ကုန်တင်နေသော အသံတွေလည်း တိတ် ဆိတ်ကာ လူတွေအားလုံး အလျှိုလျှိုပျောက်ကုန်ကြသည်၊ သင်္ဘောကြီးတစ်စီးလုံးလည်း တိတ်ဆိတ်သွားတော့ သည်၊ မနက် ၂ နာရီမှာ ဥသြကျယ်လောင်စွာဆွဲရင်း အခုချက်ချင်းပဲ ပြန်ထွက်တော့မယောင် ဝင်လာခဲ့သော သင်္ဘောသည် မနက် ၆ နာရီထိုးမှပဲ ကမ်းမှခွာလေသည်၊ ကလေးဝဆိပ်ကမ်းမှာ သင်္ဘောကအိပ်မောကျနေခဲ့ သလောက် သူကတော့ မျက်စိကြောင်ပြီး ငုတ်တုတ်ထိုင်နေခဲ့ရသည့် အဖြစ်ကိုပြန်တွေးတိုင်း သူပြုံးရပါသည်၊

နောက်ပိုင်းမှာတော့ အလုပ်ကိစ္စနှင့် ရွှေကိန္နရီ သင်္ဘောများကို သူမကြာခဏ စီးရလေသည်၊ မန္တလေးဂေါဝိန်မှ မနက် ၆ နာရီအတိ ထွက်သော ရွှေကိန္နရီများသည် အချိန်တိကျပြီး မြန်ဆန်လေ့ရှိသည်၊ သူ့ဧည့်သည် ခရီး သည်အားလုံးလိုလို ကြိုက်ကြသလို သူ့အတွက်လည်း ဘယ်တော့မှ မရိုးခဲ့၊ သူအမြဲတမ်း မလွတ်တမ်း ကြည့်နေ ကျက ချင်းတွင်းမှ ဧရာဝတီကို စီးဝင်ရာ နေရာတဝိုက်မှရှုခင်းများနှင့် ပုဂံအဝင် စေတီပုထိုးတို့ မြင်ကွင်းဖြစ် လေသည်၊ ထို့အပြင် သူ့ဧည့်သည်တွေကို အကြောင်းပြုပြီး ‘ ပန်းတော် ’ ကိုလည်း သူစီးခဲ့ရသည်၊ ခေတ်မီ အသုံးအဆောင်တို့ တပ်ဆင်ထားသော်လည်း ရှေးမူလပုံစံ မပျက်အောင်ဖန်တီးထားသော ပန်းတော်သည် ကြွကြွရွရွနှင့် လှပလျက် ရှိသည်၊ ဂျာမနီမှ သယ်ယူလာသော ‘ Road To Mandalay ’ မှာမူ အမှန်အတိုင်း ပြောရလျင် ပတ်ဝန်းကျင်နှင့် သိပ်တော့မအပ်စပ်လှ...၊ နွမ်းပါးလှသော ဧရာဝတီကမ်းပါး ဘဝတွေအလယ်မှာ luxury အပြည့်ဖြင့် သီးသန့် ဆန်လွန်းလှသည်ဟု သူမြင်မိသည်၊ ထိုသင်္ဘောကိုစီးရတိုင်း သူ့စိတ်ထဲ တခုခုမလုံ သလို ခံစားရလေ့ရှိသည်၊

ပုံမှန်အားဖြင့် သင်္ဘောစီးရတိုင်း သူ အမြဲလိုလို စိတ်လက်ပေါ့ပါးနေလေ့ ရှိပါသည်၊ ကားတွေလို ဆူညံရှုပ်ထွေး ခြင်း မရှိ၊ ရထားလိုလည်း လမ်းကြောင်းသေ တစ်ခုထဲပေါ်မှာ သွားရခြင်း မရှိ၊ မြစ်ပြင်ကျယ်ထဲမှာ သူ့ပုံမှန်နှုန်း အတိုင်း ခုတ်မောင်းကြသည့် သင်္ဘောများသည် တကယ့်ကို တမေ့တမောနှင့် အေးဆေးစွာ...၊ ဒါပေမယ့် အို ဟောင်းလှ သည့်သင်္ဘောကြီးတွေကို ရေမကူးတတ်သည့်သူများနှင့် အတူစီးရလျှင်တော့ သူမသိမသာ စိတ် လှုပ်ရှားတတ် သည်၊ အထူးသဖြင့် ထိုသင်္ဘောက ကုန်တွေတနင့်တပိုး တင်ဆောင်ထားသည် ဆိုလျှင်ပေါ့၊ သူ့ မှတ်ဥာဏ်ထဲမှာ ‘ တိုးအေး ’၊ ‘ တိုင်းလုံးကျော် ’ စသည့်သင်္ဘောနာမည်တွေက ပဲ့တင်ထပ်ဆဲ ရှိသည်၊

တခါတုန်းက ပုဂံနေဝင်ချိန်ကို ဧရာဝတီမြစ်ထဲမှနေ၍ သူ့မိသားစုနှင့် အတူကြည့်ခဲ့သည်၊ ပြီးတော့ မြို့သစ်မှာ ထမင်းသွားစားကြဖို့ ဖြစ်သည်၊ ဒါကို မော်တော်မောင်းသူက စေတနာပိုစွာဖြင့် မြို့သစ်ကို မော်တော်နှင့် လိုက်ပို့ ပေးမည့်အကြောင်း လောကွတ်လုပ်ကာ သူတို့ကို လိုက်ပို့သည်၊ ဒါပေမယ့် လောကနန္ဒာစေတီနားမှာ မော်တော် ပန်ကာနှင့် ရေအောက်မှ ငါးဖမ်းပိုက်တို့ ငြိသွားသည်၊ ဘယ်လိုမှ ပြန်ဖြုတ်လို့မရ၊ အနားမှာ ပိုက်ပိုင်ရှင် တံငါတွေ ကလောင်းလှေလေးတွေဖြင့် ရောက်လာကြသည်၊ ဘယ်လိုလျော်ပေးမှာလဲ ပေါ့၊ မိုးကလည်း အတော်ချုပ်နေ တော့ မော်တော်မောင်းသူက ထိုတံငါလှေတွေကိုပဲ အကူအညီတောင်းကာ သူတို့ကိုအရင် ကမ်းသို့ပို့ပေးရန်နှင့် ကျသင့်တာအားလုံး သူပေးမည့်အကြောင်း ညှိလိုက်သည်၊ သူတို့အားလုံး မော်တော်ပေါ်မှ လောင်းလှေနှစ် စီးပေါ်ကို တက်နေစဉ်မှာပဲ လေပြင်းကျလာခဲ့သည်၊ သူအတော် စိုးရိမ်သွားသည်၊ လောကနန္ဒာစေတီရှေ့မှာ နာမည်ကြီး ဝဲတစ်ခုရှိတာ သူသိပါသည်၊ ပုံမှန်ဆိုလျင် မသိသာသော်လည်း မိုးသက်လေပြင်းကျလျှင် ထိုဝဲက မို့မောက်ကြွတက်ကာ ခက်ထန်လာတတ်သည်၊ ယခုသူတို့သွားမည့်နေရာက ထိုဝဲကိုဖြတ်သွားရမည်၊ ပြီးတော့ အားလုံးက မှောင်နှင့်မည်းမည်း၊ သူထင်သည့်အတိုင်း ဝဲက အတော်ပင် လှိုင်းထခက်ထန်လျက် ရှိနေပြီ၊ လှေ ပေါ်မှာပါသည့် သူ့ညီနှင့် ညီမက ရေမကူးတတ်၊ ပြီးတော့ အဖော်ပါလာသည့် မိန်းကလေးကလည်း ရေမကူး တတ်၊ အဖေနှင့်အမေကမူ ရေကူးတတ်သော်လည်း အသက်ကြီးပြီ၊ သူ ရေကူးတတ်သော်လည်း သူတို့အား လုံးကို ဘယ်လိုမှ ကယ်နိုင်မှာမဟုတ်၊ တကယ်တမ်းမှာ ဝဲကလွတ်အောင် သူတစ်ယောက်ထဲ ဆိုလျှင်ပင် အတော့်ကို လက်ပန်းကျအောင် ကူးရမည့်ကိစ္စဖြစ်သည်၊

ဝဲကိုဖြတ်ချိန်မှာ လောကနန္ဒာစေတီမှ မီးရောင်ဖြင့် လှိုင်းလုံးတွေကို ကြောက်မက်ဖွယ် မြင်နေရသည်၊ ဧရာဝတီ ၏ဒေါသကို သူအနီးကပ်တွေ့နေရခြင်း ဖြစ်သည်၊ မိန်းကလေးတွေက ထိတ်လန့်အော်ဟစ်သည်၊ လှေလှော် သည့်တံငါကြီးတွေက သူတို့ထ,ရပ်မည်စိုး၍ ငြိမ်ငြိမ်ထိုင်နေကြဖို့ အော်ဟစ်ပြောနေသည်၊ ပြီးတော့ သူတို့အချင်း ချင်းလည်း အားစိုက်လှော်ဖို့ အပြန်အလှန် အားပေးနေကြသည်၊ ဝင်ရောက်လာသည့် လှိုင်းကို လှေဦးဖြင့် ထိုးခွဲ လှော်နေရသောကြောင့် ခရီးကမတွင်၊ လှေမှာ ဘယ်ညာ လူးလှိမ့်လျှက် အတော်ပင် ဗြောင်းဆန်နေပြီ၊ သူ ကတော့ ရေကူးတတ်သူမို့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် အနည်းငယ် ပိုရှိသော်လည်း မိသားစုအတွက် စိုးရိမ်နေ ခဲ့သည်၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လှေနံရံကို လုံးဝမလွှတ်လိုက်ဖို့ အားလုံးကို သူ အော်ပြောနေမိသည်၊ သို့သော် လှိုင်းကြီးပေမယ့် လှေအောက်ရောက်ခဲ့ပါသည်၊ တံငါသည်တွေသည် သူတို့လှေကို ကျွမ်းကျင်စွာ ထိန်းချုပ် လှော်ခတ်နိုင်ခဲ့ကြသည်၊ နောက်ဆုံးတော့ သူတို့လည်း ကမ်းသို့ ချောချောမောမော ရောက်ခဲ့တော့ သည်၊ သူ့မှာတော့ ရေလမ်းခရီးကို ရေမကူးတတ်သူများနှင့် သွားတိုင်း စိတ်ကျဉ်းကျပ်ရသည့် အလေ့တခု စွဲလာ ခဲ့သည်၊

စင်စစ် သံချေးအထပ်ထပ်ဖြင့် အိုမင်းဟောင်းနွမ်းနေသည့် ဂျပန်စစ်လျော်ကြေးသင်္ဘောကြီးတွေ မှအစ Road To Mandalay လိုဇိမ်ခံ သင်္ဘောတွေအထိ သင်္ဘောမှန်လျှင် ရေပေါ်မှာပင် တည်ရှိခုတ်မောင်း နေသင့်ပါသည်၊ သင်္ဘောတစ်စင်း၏ အလှနှင့်အသုံးဝင်မှုကို ထိုသင်္ဘော ရေပြင်ပေါ်မှာ ရှိနေမှသာ မြင်တွေ့နိုင်သည်၊ အကြောင်း တစုံတရာကြောင့် သင်္ဘောတစ်စီး ရေအောက်သို့ ရောက်သွားခဲ့ပြီဆိုလျှင်တော့ ၄င်းထံမှပြန်လည်ဆယ်ယူ ရနိုင် မည့် အရာများမှာ ပျက်စီးဆုံးရှုံးမှုများနှင့် ဝမ်းနည်းကြေကွဲစရာများသာ ဖြစ်ပါလိမ့်မည်။ ။


ညီလင်းသစ်
၂၀ သြဂုတ်၊ ၂၀၀၉

18 August 2009

ချစ်သူ...


IMG_2379a
Canon 450d, Sigma 18-200mm Ex, 42mm, f/14, 1/400, iso200, Post-processing

09 August 2009

ကျနော်နှင့် မီးရှူးမီးပန်း


သြဂုတ်လ ၁ ရက်နေ့ဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ အမျိုးသားနေ့ ဖြစ်ပါတယ်၊ ခါတိုင်းနှစ်တွေမှာတော့ ဒီရက်ကို အမှတ်တမဲ့ပဲ ကျော်ဖြတ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၁ ရက်နေ့ကတော့ ကျနော် နဲနဲစိတ်စောနေမိတယ်၊ အဲဒီနေ့ညမှာ ပစ်လွှတ်မယ့် မီးရှူးမီးပန်းတွေကို ဓါတ်ပုံရိုက်ချင်တဲ့ အတွက်ပါ၊

မီးရှူးမီးပန်းကို ဓါတ်ပုံရိုက်ရတာ သိပ်အခက်ကြီး မဟုတ်ပေမယ့် အရမ်းတော့လည်း မလွယ်ကူပါဘူး၊ Camera setting တချို့ကို သိထားဖို့လိုတယ်၊ နေရာယူ မှန်ဖို့လိုတယ်၊ ပစ်လွှတ်လိုက်တဲ့မီးပန်းနဲ့ ချိန်သားကိုက်ဖြစ် အောင် မြန်ဆန်ဖို့လိုတယ်၊ ဒီလောက်ပါပဲ၊ ကျန်တာကတော့ ကံကြမ္မာရဲ့ အပိုင်းပေါ့လေ၊ ကံမကောင်းရင် အလောတကြီး စိတ်လှုပ်ရှားပြီး ကင်မရာကြီး လွတ်ကျကွဲတာတို့၊ မှောင်နဲ့မဲမဲမှာ ကင်မရာအဖုံးတို့၊ memory card တို့ ကျပျောက်တာတို့၊ မမြင်မကန်းနဲ့ ခွေးချေး တက်နင်းမိတာတို့ စတဲ့ တွက်ချက်ထားတာထဲမှာ မပါတဲ့ ဟာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊

မီးပန်းကို ရိုက်မယ်ဆိုရင်တော့ကင်မရာ ရဲ့ automatic function တွေကို မေ့ထားလိုက်ဖို့ လိုပါတယ်၊ အမှောင် ထဲမှာ ရိုက်တာဖြစ်လို့ full manual setting ကိုပဲ သုံးပါတယ်၊ မီးရှူးမီးပန်းအတွက် အများဆုံး သုံးကြတဲ့ aperture က f/8, f/11 နဲ့ f/16 ဖြစ်ပါတယ်၊ ဒီသုံးခုထဲက တစ်ခုခုနဲ့ အဆင်ပြေလေ့ ရှိတယ်၊ shutter speed ကတော့ မီးပန်းရဲ့ ကြာချိန်ပေါ်မူတည်လို့ ၈ စက္ကန့်၊ ၄ စက္ကန့်၊ ၂ စက္ကန့် စသဖြင့် အမျိုမျိုး ဖြစ်နိုင်တယ်၊ ISO ကို တော့ သိပ်အများကြီး မထားတာ ကောင်းပါတယ်၊ ၁၀၀ ဒါမှမဟုတ် ၂၀၀ လောက်ဆို ရပြီ၊ ဒီနေရာမှာ မရှိမဖြစ် လိုအပ်တာက tripod ပါပဲ၊ အလင်းတံခါး ဖွင့်ထားချိန်က နဲနဲကြာတဲ့အတွက် tripod မပါဘဲ ရိုက်မယ်ဆိုရင် ပုံရိပ် တွေမပြတ်သားဘဲ ဖြစ်တတ်ပါတယ်၊ Format ကိုတော့ သေချာရင် jpeg နဲ့ရိုက်၊ မသေချာရင်တော့ raw နဲ့ရိုက်၊ ကျနော်ကတော့ သိပ်မသေချာပေမယ့်လည်း jpeg နဲ့ပဲ ရိုက်ဖြစ်ပါတယ်၊ Raw ကနောက်ပိုင်းမှာ exposure နဲ့ white balance ကိုကြိုက်သလို ပြန်ပြင်လို့ရတဲ့အတွက် အဆင်ပြေပေမယ့် ကျနော်က အများအားဖြင့် post-processing အတွက် ပျင်းနေတတ်တာကြောင့် risk ယူပြီး jpeg နဲ့ ရိုက်ပါတယ်၊

ဒါတွေအားလုံး ပြင်ဆင်ပြီးသကာလ မီးပန်းလွှတ်မယ့် နေရာဆီကို ကျနော်ချီတက်သွားလိုက်တယ်၊ သီအိုရီနဲ့ ဟုတ်နေပေမယ့် လက်တွေ့မှာနဲနဲတော့`စား’ တယ်၊ Tripod နေရာချဖို့နဲ့တင် အတော်စဉ်းစားရတယ်၊ လွတ်လပ် ပွင့်လင်းနေတဲ့ ကောင်းကင်ကျယ်ကြီးထဲ မီးပန်းက ဘယ်လောက်အမြင့်ထိ တက်မှာလဲဆိုတာ ခန့်မှန်းရခက်ပါ တယ်၊ ဒီကြားထဲ ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေ ဝင်တိုက်သွားမှာစိုးလို့ tripod ကို လက်မလွှတ်ရဲဘူး၊

ပုံမှန်အားဖြင့် manual focus နဲ့ရိုက်မှာဖြစ်လို့ ကြိုပြီး focus ဖြတ်ထားဖို့ လိုပါတယ်၊ ဘာမှမရှိတဲ့ ကောင်းကင်ထဲ မှာ focus ဖြတ်ဖို့က သိပ်တော့မလွယ်ဘူး၊ တချို့က အလင်းရောင်ရှိနေတုန်း စောစောသွားပြီး တိမ်၊ ခပ်ဝေးဝေး ကသစ်ပင် စ,တာတွေအပေါ်မှာ focus ဖြတ်ကြတယ်၊ ဒါပေမယ့် ကျနော့်အတွက် ကောင်းသွားတာက အဲဒီညမှာ လ,ကထိန်ထိန်သာနေတယ်၊ ဒါနဲ့ သူ့ကိုချိန်ပြီး ဖြတ်လိုက်တယ်၊ မကောင်းတာကတော့ အဲဒီလ,က ကျနော်ရိုက် မယ့် မြင်ကွင်းထဲမှာ ထင်းထင်းကြီး ရှိနေတာပဲ၊ သူ့ကြောင့် မီးပန်းနဲ့ ကောင်းကင်ရဲ့ contrast လျော့သွား နိုင်ပါ တယ်၊ ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် လ,ကို တိမ်ဖုံးသွားရင် ကောင်းမှာပဲလို့ စဉ်းစားမိတယ်၊ ဘေးနားမှာ တော့ ကလေးတွေက မီးပန်းတွေ စ,လွှတ်နေပြီ၊ သူတို့ကို စမ်းရိုက်ရင် ကောင်းမလားလို့ စဉ်းစားသေးပေမယ့် ကင်မရာနဲ့ tripod ချိန်ထားတာတွေ ပျက်သွားမှာ စိုးတာနဲ့ ဒီလိုပဲ ကြည့်နေလိုက်တော့တယ်၊

ဒီလိုနဲ့ ရွာကကျင်းပတဲ့ မီးပန်းတွေ စ,လွှတ်ပါပြီ၊ ကျနော်လည်း ကမန်းကတန်း ရိုက်ဖို့ပြင်တယ်၊ အဲဒီမှာ မထင် မှတ်တာ သွားဖြစ်တယ်၊ တကယ်တမ်းမှာ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေရဖို့ ကင်မရာခလုတ်ကိုတောင် မနှိပ် သင့်ပါဘူး၊ ခလုတ်ပေါ်ကို လက်အဖိ၊ လက်အနှုတ်မှာ ဖြစ်တတ်တဲ့ မဆိုစလောက် လှုပ်ရှားမှုလေးက ပုံရိပ်ကို ဝေဝါးသွားစေတတ်ပါတယ်၊ ဒါ့ကြောင့် ပရို(Pro)တွေက ရီမုတ်နဲ့ ရိုက်ကြတယ်၊ ကျနော့်မှာက ရီမုတ်မရှိသေးဘူး၊ ဒါပေမယ့် ကင်မရာမှာက self-timer ၂ စက္ကန့် function ပါတယ်၊ မူလရည်ရွယ်တာက အဲဒီခလုတ်ကို နှိပ်မယ်၊ ကင်မရာလှုပ်ချင်လှုပ်မယ်၊ ကိစ္စမရှိဘူး၊ ၂ စက္ကန့်ကြာမှ အလင်းတံခါး ပွင့်မှာဖြစ်လို့ ဘာမှမထိခိုက်နိုင်ဘူး၊ ဒီလို..၊ ဒါပေမယ့် မြန်ဆန်၊ဆူညံလှတဲ့ မီးပန်းတွေနဲ့ ကင်မရာအလုပ်,လုပ်ချိန်နဲ့ ဘယ်လိုမှ ချိန်သားမကိုက်ပါဘူး၊

ဒါနဲ့ ပုံမှန်ပဲ ရိုက်ဖို့ပြင်ရတယ်၊ ကင်မရာရေ... လှုပ်ချင်လည်း လှုပ်တော့ကွာ၊ မတတ်နိုင်တော့ဘူး၊ Shutter speed ကို ၄ စက္ကန့်နဲ့ စ,ရိုက်တယ်၊ ပုံကိုကြည့်တယ်၊ သိပ်ကြာလွန်းတယ်၊ ၂ စက္ကန့်ကို ပြောင်းရိုက်တယ်၊ ကြာ သေးတာပဲ၊ ဒါနဲ့ ၁/၁၀ စက္ကန့်နဲ့ ရိုက်တယ်၊ သိပ်မြန်သွားပြီ၊ ပုံတစ်ခုလုံး မခြုံမိတော့ဘူး၊ နောက်ဆုံးမှာတော့ ၁ စက္ကန့်ထားရိုက်ပြီး ကျေနပ်လိုက်ရတော့တယ်၊ တကယ်တော့ အခုလို speed မဆုံးဖြတ်နိုင်တဲ့ အခြေအနေတွေ မှာသုံးဖို့ ကင်မရာမှာ bulb ဆိုတဲ့ function ပါ,ပါတယ်၊ သူက ခလုတ်နှိပ်ထားရင် နှိပ်ထားသလောက် အလင်း တံခါး ဖွင့်ပေးထားတယ်၊ ဆိုတော့ မီးပန်းပစ်လိုက်သံ ကြားရင် ခလုတ်ကိုနှိပ်ထားလိုက်၊ မြင်ကွင်းထဲက မီးပွင့် တွေပျောက်သွားမှ လက်လွှတ်လိုက်၊ ဒါဆိုရင် လိုအပ်တဲ့ စက္ကန့်ကို သိပြီပေါ့၊ ကျနော်က အဲဒါကို တခါမှ မသုံးဖူး သေးတော့ ရှိတယ်ဆိုတာပဲ သိတယ်၊ ဘယ်ခလုတ်အောက်မှာ သွားရှာရမှန်း မသိဘူး၊ အခုမှ လိုက်ရှာနေဖို့ လည်း နောက်ကျသွားပြီ၊ ဖြစ်ပုံများ အဲဒီလို...၊ ဒီကြားထဲမူလဖြတ်ထားတဲ့ focus ကမပြတ်တော့လို့ မီးပန်းတချို့ ကိုချိန်ပြီး ထပ်ဖြတ်ရသေးတယ်၊

ဒီနှစ်မှာမှ မီးပန်းလွှတ်တဲ့ လူတွေကလည်း ခဏလေးပဲ လွှတ်တယ်၊ ပုံမှန်ဆိုရင် နာရီဝက်လောက်တော့ ကြာပါ တယ်၊ ပြီးတော့ အသေးရော အကြီးရော အစီအစဉ်မကျပြန်ဘူး၊ ဆိုတော့ အသေးအတွက် zoom ကိုဆွဲ၊ focus အမြန်ဖြတ်၊ တခါ.. အကြီးဆိုပြန်တော့ wide-angle ပြန်ဆုတ်၊ focus တခါပြန်ဖြတ်...၊ အဲဒါကြောင့် တချို့ပုံတွေ မှာ မီးပွင့်တွေက ဘောင်ထဲ မဝင်တာကို တွေ့ပါလိမ့်မယ်၊

အစဉ်အလာအရ မီးပန်းလွှတ်ပြီးရင် မီးပုံကြီး ဖိုတဲ့အလေ့ ရှိပါတယ်၊ ထင်းချောင်းအကြီး,ကြီးတွေနဲ့ မီးပုံလုပ်၊ လူတွေက ဝိုင်းကြည့်၊ မတော်တဆ မဖြစ်ရအောင် မီးသတ်တွေက မီးပုံဘေးနားကို ကြိုပြီးရေဖြန်း၊ ဒါပါပဲ၊ အမျိုး သားနေ့ အထိမ်းအမှတ် မီးပုံဆိုပါစို့၊ ကျနော်လည်း တဆက်တည်း အဲဒါကိုပါ ဓါတ်ပုံဆက်ရိုက်လိုက်တယ်၊ မီး တောက်မီးလျှံတွေကို ရိုက်ရတာလည်း တမျိုးစိတ်ဝင်စားဖို့ ကောင်းတာပါပဲ၊

ပုံတွေကို ပြန်ကြည့်တော့ တစ်ပုံနှစ်ပုံက လွဲရင် စိတ်တိုင်းမကျပါဘူး၊ ပုံတွေအားလုံးကို Canon EOS 450D, Sigma 18-200mm OS Ex နဲ့ရိုက်ပါတယ်၊ မိတ်ဆွေတို့ကော...ဘယ်လိုမြင်ပါသလဲ၊ ဝေဖန်ပေးပါဦး။ ။


Firework (1)
IMG_4485a
51mm, f/11, 1/4, iso200, tripod


Firework (2)
IMG_4493a
21mm, f/11, 1 , iso200, tripod


Firework (3)
IMG_4504a
28mm, f/11, 1, iso200, tripod


Firework (4)
IMG_4523a
35mm, f/11, 2, iso200, tripod


Firework (5)
IMG_4527a
78mm, f/11, 2, iso200, tripod


Firework (6)
IMG_4501a
63mm, f/11, 1, iso200, tripod


Firework (7)
IMG_4497a
63mm, f/11, 1, iso200, tripod


Bonfire (1)
IMG_4533a
21mm, f/4, 1/10, iso200, hand-held


Bonfire (2)
IMG_4547a
96mm, f/10, 1/20, iso200, hand-held


Bonfire (3)
IMG_4545a
173mm, f/6.3, 1/50, iso200, hand-held



ညီလင်းသစ်
၉ သြဂုတ်၊ ၂၀၀၉