20 August 2009

သင်္ဘော (၁)


သူ့ဘဝမှာ သင်္ဘောကို ခပ်ငယ်ငယ်အရွယ်ကတည်းကပင် သိကျွမ်းနှင့်ပြီး ဖြစ်သည်၊ သူ ရန်ကုန်မှာ မွေးသော် လည်း လေးနှစ်သား အရွယ်အထိ တညင် (သန်လျင်) မှာနေခဲ့သည်၊ ထိုစဉ်က ရန်ကုန် သန်လျင် တံတားလည်း မရှိသေး၊ ထိုအခါ မိဘများနှင့် ရန်ကုန်ဖက်ကမ်းသို့ လိုက်လာတိုင်း သင်္ဘောကို မစီးမဖြစ် စီးရသောကြောင့် သူ သင်္ဘောနှင့် မစိမ်းလှပါ၊

ထိုစဉ်တုန်းက သင်္ဘောတွေပေါ်မှာတွေ့ရတတ်သည့် ဘဝအစုံစုံက သူ့လိုကလေးတစ်ယောက်အတွက် တကယ့် စိတ်ဝင်စားဖွယ်ရာအတိ...၊ မြစ်လယ်ခေါင်မှာ သင်္ဘောဘေး ကပ်လိုက်လာတတ်သည့် စင်ရော်တွေကလည်း သူ့အဖို့ အထူးအဆန်း၊ သင်္ဘောစီးရတိုင်း သူပျော်နေခဲ့သည်၊ ရန်ကုန်ကို အပြီးပြောင်းလာပေမယ့် နွေရာသီ ကျောင်းပိတ်ရက်တိုင်း အဖွားရှိရာ တညင်သို့ သူတို့ညီအစ်ကိုတွေ သွားရလေ့ရှိသည်၊ ထိုအခါ သင်္ဘောနှင့်သူ ဆုံစည်းရပြန်သည်၊ သင်္ဘောကမ်းမကပ်မီ ဘောတံတားပေါ် လှမ်း,လှမ်းခုန်တက်တတ်သော လူများကိုသူမြင် တော့ သူတို့အစား ကလေးပီပီ အသည်းတအေးအေး...၊

နောက်တော့ အဖွားလည်း သူတို့ရှိရာ ရန်ကုန်ကို အပြီးပြောင်းလာတော့ သူ့အတွက် သင်္ဘောစီးဖို့ အခွင့်မကြုံ တော့၊ အလယ်တန်း အထက်တန်း ကျောင်းသားဘဝမှာ သင်္ဘောကို သူခပ်မေ့မေ့ ဖြစ်သွားခဲ့သည်၊ ထိုကာလ မှာသူ့အတွက် သင်္ဘောနှင့် ပတ်သက်တာဆိုလို့ တီဗီမှာ ပြသော Love boat စီးရီးဇတ်လမ်းတစ်ခုပဲ ရှိသည်၊

ဆယ်တန်းအောင်ပြီး နောက်ပိုင်း မိတ်ဆွေတချို့နှင့် ခရီးထွက်ဖြစ်ရာမှ သင်္ဘောက သူ့ဘဝထဲ ပြန်လည်ဝင် ရောက်လာခဲ့သည်၊ အဲဒီတုန်းက သူတို့သွားဖြစ်တာက လေးအိမ်တန်း၊ ပြီးတော့ မြောင်းမြဖြစ်သည်၊ မြစ်ဝကျွန်း ပေါ်သွား သင်္ဘောများသည် ကုန်တွေ ပြည့်သိပ်စွာတင်ခြင်း၊ မြစ်လက်တက်များစွာကို ဖြတ်သွားရခြင်း၊ ညအိပ် ညနေစီးရခြင်း စသည်တို့မှလွဲ၍ သင်္ဘောအမျိုးအစားတို့မှာ သူသိရသလောက် ရန်ကုန်-သန်လျင် သင်္ဘောတို့ နှင့် အတူတူပင်ဖြစ်သည်၊ ကုန်တွေကို မနိုင်မနင်း သယ်ပိုးထားရသော ဂျပန်၏ စစ်လျော်ကြေး သင်္ဘောအိုကြီး သည် သူ့အတွက်တော့ ရတက်မအေးစရာပဲ ဖြစ်သည်၊ ဒီကြားထဲ ညနေစောင်း သင်္ဘောထွက်တော့ မကြာမီ ရောက်လာတော့မယ့် အမှောင်ထဲကို ဒီသင်္ဘောကြီးနဲ့ ထိုးခွဲဝင်ရောက်ရမယ့်အရေး ပူပန်နေခဲ့သည်၊ နောက် တော့လည်း အင်ဂျင်သံ၊ စကားသံ၊ ချွေးနံ့၊ စက်ဆီနံ့၊ လူငွေ့၊ ဆေးလိပ်ငွေ့တွေကြားမှာ သူလည်း သင်္ဘောကြီး နှင့် တသားတည်းဖြစ်ပြီး တအိအိနှင့် ငိုက်မြည်းသွားတော့သည်၊

သူစီးခဲ့သော သင်္ဘောခရီးစဉ်များထဲမှ အချောင်ဆုံး ခရီးစဉ်တစ်ခုကို ပြောပါဆိုလျှင် ဘားအံ-မော်လမြိုင်ခရီးစဉ် ကို ပြောရလိမ့်မည်၊ ရုံးမှ အဖွဲ့တွေနှင့်အတူ လေ့လာရေးခရီးထွက်တော့ ဘားအံမြို့ကို ရောက်လာခဲ့သည်၊ ဘားအံမှ မော်လမြိုင်ကို ကားဖြင့်သွားဖို့ စီစဉ်ထားသော်လည်း အနီးကပ်မှ အစီအစဉ်ပြောင်းပြီး သင်္ဘောစီးဖို့ ဖြစ်လာခဲ့သည်၊ သံလွင်မြစ်မှာ တခါမှ သင်္ဘောမစီးဖူးသည့် သူ့အတွက်တော့ အံကိုက်...၊ သင်္ဘောကြီးပေါ် ရောက်တော့ သူအံ့သြသွားသည်၊ တရုတ်ပြည်လုပ် အသစ်စက်စက် သင်္ဘောကြီးတစ်စီးလုံးမှာ ခရီးသည်ဆို၍ သူတို့အဖွဲ့နှင့် အိန္ဒိယသွေးနွယ်သော မိသားစု တစ်စုပဲ ရှိသည်၊ သင်္ဘောမှာက အိပ်ခန်းတွဲတွေတောင် ပါသေး..၊ လက်မှတ်လာစစ်တော့ သူက လက်မှတ်စစ်ဝန်ထမ်းကို သင်္ဘောကြီးကောင်းကြောင်း ချီးကျူးလိုက်သည်၊ ဝန်ထမ်းက သူ့သင်္ဘောကြီးမှာ ရောက်လာခါစ အသစ်ကျပ်ချွတ်ပင် ရှိသေးကြောင်း၊ သင်္ဘောအင်ဂျင်စက်များ အားကောင်းလွန်းသောကြောင့် မြစ်ကမ်းပါးများ ပြိုကုန်သဖြင့် အင်ဂျင်တစ်လုံးတည်းဖြင့်သာ မောင်းနှင်နေရ ကြောင်း သူ့ကိုပြောသည်၊ လှပါတယ်ဆိုမှ ရေမချိုးရသေးဘူး ဆိုပဲ...၊ သို့သော် ဒေသခံများကတော့ အား ကောင်းမောင်းသန် သင်္ဘောကြီးအစား အချိန်တိုအတွင်း ရောက်သည့် လိုင်းကားများကိုပဲ ပို၍အားထားကြပုံ ပေါ်သည်၊ သူ့အစွမ်းအစကို ပြခွင့်မရသည့် သင်္ဘောကြီးပေါ်မှနေ၍ သံလွင်၏အလှကို သူ တဝကြီးခံစားပစ် ခဲ့သည်၊

သူတကယ့်ကို ပျင်းရိငြီးငွေ့နေအောင် စီးခဲ့ရသော သင်္ဘောကတော့ မန္တလေး-ဗန်းမော် သင်္ဘောဖြစ်သည်၊ အသွားခရီးက ရေဆန်ဆိုတော့ တစ်ညအိပ် နှစ်ရက်တိတိ ကြာသလို အပြန်မှာလည်း တစ်ရက်နှင့် တစ်ညတော့ ကြာလိုက်သေးသည်၊ ဒီခရီးကို စီစဉ်တာကတော့ သူ့ရဲ့မဟေသီလောင်း ဖြစ်သည်၊ သူမ,က အလုပ်နားခိုက်မှာ မရောက်ဖူးသေးသော မန္တလေးအထက်ပိုင်း ဒေသတွေကို သင်္ဘောဖြင့် သွားချင်သလို သူကလည်း သူ့နိုင်ငံဖြစ် ပြီးသူပင် မရောက်ဖူးသေးသောကြောင့် တကြောင်း၊ သူမနှင့် သွားရမှာဖြစ်သောကြောင့် တကြောင်း တက်ကြွ စွာသဘောတူလိုက်သည်၊ စိနတိုင်းလုပ် သင်္ဘောကြီးသည် ကြီးမားခန့်ထည်ပြီး အဆင့်အတန်း ခပ်မြင့်မြင့် ဖြင့် သွေးကြီးလျက်ရှိသည်၊ အထိုက်အလျောက် သန့်ရှင်းသော ရေချိုးခန်း၊ အိပ်ခန်းတွေကို အေးမြနေအောင် လည် ပတ်ပေးသော လေအေးပေးစက် စသည်တို့ကို မြင်လိုက်တော့ သူပင် ဒီလိုသင်္ဘောမျိုးကို စီးရလို့ ရောယောင် ဘဝင်မြင့်ချင်ချင်...၊

ဒါပေမယ့် သူလည်း အောက်ခြေလွတ်ချင်လှချည်ရဲ့ ဆိုတာတောင် ကောင်းကောင်းမလွတ်လိုက်ရ၊ အပြန်ခရီး မှာစီးရသည့် သင်္ဘောကြီးက သူ့ကို မမြဲသောတရားအကြောင်း သင်ပေးခဲ့သည်၊ ရေချိုးခန်းမှာ ရေတစက်မှ မလာ၊ အဲကွန်းက ပျက်၊ အိပ်ခန်းတံခါးက ပိတ်မရ...၊ သင်္ဘောကြီးကတော့ စိနတိုင်း သင်္ဘောကျင်းမှ ထွက်ခါစ သစ်လွင်လတ်ဆတ်ခဲ့သော နေ့ရက်များအကြောင်း ခါးခါးသီးသီး ပြန်တွေးရင်း အတွေးတွေကို ရေယက်ပန်ကာ ဒလက်တွေကြားထဲ အငြိုးတကြီး ပစ်ထည့်ခုတ်မောင်းလျှက် ရှိသည်၊ သူတို့ကလည်း ပန်ကာဒလက်တွေနှင့် အပြိုင် ယပ်ကိုတွင်တွင်ခပ်ရင်း အိပ်ပျော်ဖို့ကြိုးစားရသည်၊ ဒီလိုနှင့် ချွေးများစိုရွှဲလျှက် ညတရေးနိုးလာခဲ့တော့ သူအံ့သြသွားသည်၊ လူပေါင်းရာချီ လိုက်ပါလာသည့် သင်္ဘောကြီးသည် မီးများ မှောင်အတိကျလျှက် တစ်စီးလုံး တိတ်ဆိတ်လို့၊ အမှောင်ထဲ အားစိုက်ပြီးကြည့်တော့ ကမ်းတစ်နေရာမှာ ကပ်ထားတာ တွေ့ရသည်၊ ဘာဖြစ်တာ လဲ၊ စက်ပျက်လို့လား၊ ဒါမှမဟုတ် ညအိပ်ရပ်နားတာလား၊ သူသိထားသလောက် သင်္ဘောသည် တောက် လျှောက် ခုတ်မောင်းရမည် ဖြစ်သည်၊ သင်္ဘောလက်ရန်းကို မှီရင်း သူ ခန့်မှန်းစဉ်းစားနေတုန်း သူမ,က အခန်း ထဲမှနေ၍ သင်္ဘော ဘာဖြစ်လို့ ရပ်နေတာလဲဟု လှမ်းမေးသည်၊ သူလည်း သူ့သုံးသပ်ချက်၊ ဖြစ်နိုင်ချေ၊ အလား အလာ စသည်တို့ ကိုအခြေခံပြီး အနီးစပ်ဆုံး မှန်နိုင်မည့် အဖြေတစ်ခုတစ်ခုကို ပေးလိုက်သည်၊ “ မသိဘူး ”...၊

သူ ကောင်းကောင်းမှတ်မိနေသည့် နောက်ထပ် သင်္ဘောခရီးစဉ် တစ်ခုမှာ မုံရွာ-ကလေးဝ ခရီးစဉ်ပဲ ဖြစ်သည်၊ ချင်းတွင်းမြစ်ကြောင်းသွား သင်္ဘောများသည် ဝမ်းပြားသဘောင်္များ ဖြစ်ကြသည်၊ ထိုဝမ်းပြား သင်္ဘောတစ်စီးကို စီးရင်း ကလေးဝမြို့ကို သူတို့ဆန်တက်လာခဲ့သည်၊ လမ်းမှာ သူ့အတွက် အံ့သြစရာတစ်ခု ကြုံရသေးသည်၊ သင်္ဘောသွားနေတုန်း ဘေးမှနေ၍ လှေကလေးများ ကပ်လာကြသည်၊ သင်္ဘောပေါ် ဈေးတက်ရောင်းဖို့ လာ သည့် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေးများ..၊ လှေလှော်သည့် ကလေးတွေက တကယ့်ကျွမ်းကျင်မှု အပြည့်ဖြင့် သင်္ဘောနှင့်လှေကို ကပ်ပေးလိုက်သည်နှင့် လှေပေါ်မှ ကျန်ကလေးများက လှစ်ကနဲ ခုန်တက်လာကြသည်၊ လှေကလေးများကတော့ သင်္ဘောနှင့်ဝေးရာသို့ ပြန်လည်ထွက်ခွာရင်း ကျန်ခဲ့ကြသည်၊ ဆယ်ကျော်သက်ရွယ် ထိုဈေးသည်လေးများက ဒေသထွက်ကုန်နှင့် ရိုးရာမုန့်ပဲသွားရေစာများကို လူတွေကြားထဲ တိုးကာဝှေ့ကာနှင့် အော်ဟစ်ရောင်းချနေတာကို သူကြည့်နေခဲ့သည်၊ အနည်းငယ်ကြာတော့ ဝုန်းကနဲ အသံ တစ်ခုသူကြားရသည်၊ ရေထဲသို့ တစုံတခု ပြုတ်ကျသံဖြစ်သည်၊ သူရှိနေသော အပေါ်ထပ်မှ ကိုင်းကြည့်လိုက်တော့ ရေထဲမှာ စောစော က ဈေးသည်လေးတွေထဲမှ တစ်ယောက်...၊ ထိုစဉ်မှာပဲ နောက်ထပ်ဈေးသည် လေးတစ်ယောက် ဝုန်း ဆိုခုန်ချ သွားပြန်သည်၊ ပြီးတော့ နောက်တစ်ယောက်၊ နောက်တစ်ယောက်...၊ သူ အပါအဝင် အကြောင်းမသိသူ များက နားမလည်စွာ အထိတ်တလန့်ကြည့်နေတုန်း ဒီခရီးကို သွားနေကျဖြစ်ပုံရသည့် အမယ်အိုတစ်ဦးက ရှင်းပြသည်၊ “ အဲဒါ...သူတို့လာခဲ့တဲ့ ရွာကိုပြန်ကြတာလေ၊ ဒီခရီးမှာ ဒီလိုပဲ သင်္ဘောပေါ် တက်ရောင်း၊ ကုန်ရင် ရေထဲခုန်ချပြီး ကမ်းကိုကူး၊ အဲဒီကမှ ကမ်းပါးအတိုင်း လမ်းလျှောက်ပြန်ကြတာပဲ ” တဲ့၊ ဟုတ်ပါသည်၊ ထို ဆယ်ကျော်သက် ရွယ်ဈေးသည်လေးများသည် သူတို့၏ ပလပ်စတစ်ဗန်းများကို ရေထဲအရင် လွှင့်ပစ်၊ ပြီးတော့ လူ ကိုယ်တိုင်ခုန် ချကာ ကမ်းကို ကူးသွားကြလေသည်၊ မြစ်ရေထဲမှာ အချင်းချင်းပင် နောက်ပြောင်ကျီစယ် နေကြသေးသည်၊ သူတို့က ပေါ့ပါးစွာ ပျော်ရွှင်ရယ်မော နေကြသော်လည်း သူတို့၏ ပျော်ရွှင်မှုက သူ့ထံသို့ ကူးစက်မလာပါ၊ ဒါဟာ တဝမ်းတခါး အတွက်တဲ့လား... ...၊

ကလေးဝမြို့မှာ ထိုနေ့ညအိပ်တော့ မနက် ၂ နာရီမှာ အင်မတန်ကျယ်လောင်သော ဥသြဆွဲသံကြောင့် သူတို့နိုး လာခဲ့ကြသည်၊ ခန္တီးမြို့မှလာသော အစုန်သင်္ဘော ကလေးဝကို ဝင်လာခြင်းဖြစ်သည်၊ လူအားလုံး အိပ်မောကျ နေချိန် မနက် ၂ နာရီမှာ တမြို့လုံးနိုးအောင် ဥသြဆွဲသောသင်္ဘောကို သူ မအံ့သြဘဲ မနေနိုင်ပါ၊ ဒါဆို ဒီမြို့က လူတွေ နေ့တိုင်းမနက် ၂ နာရီမှာ နိုးနေကျလား၊ ဒါမှမဟုတ်လည်း ရိုးသွားပြီး ကြားချင်မှ ကြားပေတော့မည်၊ “ အင်း..ဒါဆိုရင်တော့ မနက်ဖြန်အပြန်မှာ သင်္ဘောလွတ်သွားမှာ မပူရတော့ဘူး ”ဟုသာ သူတွေးရတော့သည်၊ တကယ်လည်း နောက်တစ်နေ့မနက် ၂ နာရီ သင်္ဘောဝင်လာတော့ ဥသြသံက ကျယ်လောင်စွာနှင့် သူတို့ကို နှိုး လိုက်သည်၊ ကမန်းကတန်းထပြီး သင်္ဘောဆိပ်ဆင်းကာ သင်္ဘောပေါ်တက်ပြီး သူတို့ထိုင်နေခဲ့သည်၊ အိပ်ခန်းထဲ မှာက လှောင်ပိတ်ပြီး မွန်းကျပ်လှသည်၊ သင်္ဘောကလည်း ကုန်တွေကို မပြီးနိုင်မစီးနိုင် တင်နေဆဲ...၊ သို့နှင့် သူတို့နှစ်ယောက် လေကောင်းလေသန့်ရရန် အပေါ်ဆုံးထပ်သို့ တက်လာခဲ့သည်၊ အပေါ်မှာ ဘယ်သူမှ မရှိ၊ မာလိန်မှူး၏ အခန်းဘေးမှာ ကွပ်ပျစ်တစ်လုံးတွေ့တာနှင့် သူတို့ထိုင်နေလိုက်သည်၊ ခဏကြာတော့သူ့ မဟေသီ လောင်းက လေတဖြူးဖြူးမှာ အိပ်ပျော်သွားတော့သည်၊ မကြာမီမှာပဲ ကုန်တင်နေသော အသံတွေလည်း တိတ် ဆိတ်ကာ လူတွေအားလုံး အလျှိုလျှိုပျောက်ကုန်ကြသည်၊ သင်္ဘောကြီးတစ်စီးလုံးလည်း တိတ်ဆိတ်သွားတော့ သည်၊ မနက် ၂ နာရီမှာ ဥသြကျယ်လောင်စွာဆွဲရင်း အခုချက်ချင်းပဲ ပြန်ထွက်တော့မယောင် ဝင်လာခဲ့သော သင်္ဘောသည် မနက် ၆ နာရီထိုးမှပဲ ကမ်းမှခွာလေသည်၊ ကလေးဝဆိပ်ကမ်းမှာ သင်္ဘောကအိပ်မောကျနေခဲ့ သလောက် သူကတော့ မျက်စိကြောင်ပြီး ငုတ်တုတ်ထိုင်နေခဲ့ရသည့် အဖြစ်ကိုပြန်တွေးတိုင်း သူပြုံးရပါသည်၊

နောက်ပိုင်းမှာတော့ အလုပ်ကိစ္စနှင့် ရွှေကိန္နရီ သင်္ဘောများကို သူမကြာခဏ စီးရလေသည်၊ မန္တလေးဂေါဝိန်မှ မနက် ၆ နာရီအတိ ထွက်သော ရွှေကိန္နရီများသည် အချိန်တိကျပြီး မြန်ဆန်လေ့ရှိသည်၊ သူ့ဧည့်သည် ခရီး သည်အားလုံးလိုလို ကြိုက်ကြသလို သူ့အတွက်လည်း ဘယ်တော့မှ မရိုးခဲ့၊ သူအမြဲတမ်း မလွတ်တမ်း ကြည့်နေ ကျက ချင်းတွင်းမှ ဧရာဝတီကို စီးဝင်ရာ နေရာတဝိုက်မှရှုခင်းများနှင့် ပုဂံအဝင် စေတီပုထိုးတို့ မြင်ကွင်းဖြစ် လေသည်၊ ထို့အပြင် သူ့ဧည့်သည်တွေကို အကြောင်းပြုပြီး ‘ ပန်းတော် ’ ကိုလည်း သူစီးခဲ့ရသည်၊ ခေတ်မီ အသုံးအဆောင်တို့ တပ်ဆင်ထားသော်လည်း ရှေးမူလပုံစံ မပျက်အောင်ဖန်တီးထားသော ပန်းတော်သည် ကြွကြွရွရွနှင့် လှပလျက် ရှိသည်၊ ဂျာမနီမှ သယ်ယူလာသော ‘ Road To Mandalay ’ မှာမူ အမှန်အတိုင်း ပြောရလျင် ပတ်ဝန်းကျင်နှင့် သိပ်တော့မအပ်စပ်လှ...၊ နွမ်းပါးလှသော ဧရာဝတီကမ်းပါး ဘဝတွေအလယ်မှာ luxury အပြည့်ဖြင့် သီးသန့် ဆန်လွန်းလှသည်ဟု သူမြင်မိသည်၊ ထိုသင်္ဘောကိုစီးရတိုင်း သူ့စိတ်ထဲ တခုခုမလုံ သလို ခံစားရလေ့ရှိသည်၊

ပုံမှန်အားဖြင့် သင်္ဘောစီးရတိုင်း သူ အမြဲလိုလို စိတ်လက်ပေါ့ပါးနေလေ့ ရှိပါသည်၊ ကားတွေလို ဆူညံရှုပ်ထွေး ခြင်း မရှိ၊ ရထားလိုလည်း လမ်းကြောင်းသေ တစ်ခုထဲပေါ်မှာ သွားရခြင်း မရှိ၊ မြစ်ပြင်ကျယ်ထဲမှာ သူ့ပုံမှန်နှုန်း အတိုင်း ခုတ်မောင်းကြသည့် သင်္ဘောများသည် တကယ့်ကို တမေ့တမောနှင့် အေးဆေးစွာ...၊ ဒါပေမယ့် အို ဟောင်းလှ သည့်သင်္ဘောကြီးတွေကို ရေမကူးတတ်သည့်သူများနှင့် အတူစီးရလျှင်တော့ သူမသိမသာ စိတ် လှုပ်ရှားတတ် သည်၊ အထူးသဖြင့် ထိုသင်္ဘောက ကုန်တွေတနင့်တပိုး တင်ဆောင်ထားသည် ဆိုလျှင်ပေါ့၊ သူ့ မှတ်ဥာဏ်ထဲမှာ ‘ တိုးအေး ’၊ ‘ တိုင်းလုံးကျော် ’ စသည့်သင်္ဘောနာမည်တွေက ပဲ့တင်ထပ်ဆဲ ရှိသည်၊

တခါတုန်းက ပုဂံနေဝင်ချိန်ကို ဧရာဝတီမြစ်ထဲမှနေ၍ သူ့မိသားစုနှင့် အတူကြည့်ခဲ့သည်၊ ပြီးတော့ မြို့သစ်မှာ ထမင်းသွားစားကြဖို့ ဖြစ်သည်၊ ဒါကို မော်တော်မောင်းသူက စေတနာပိုစွာဖြင့် မြို့သစ်ကို မော်တော်နှင့် လိုက်ပို့ ပေးမည့်အကြောင်း လောကွတ်လုပ်ကာ သူတို့ကို လိုက်ပို့သည်၊ ဒါပေမယ့် လောကနန္ဒာစေတီနားမှာ မော်တော် ပန်ကာနှင့် ရေအောက်မှ ငါးဖမ်းပိုက်တို့ ငြိသွားသည်၊ ဘယ်လိုမှ ပြန်ဖြုတ်လို့မရ၊ အနားမှာ ပိုက်ပိုင်ရှင် တံငါတွေ ကလောင်းလှေလေးတွေဖြင့် ရောက်လာကြသည်၊ ဘယ်လိုလျော်ပေးမှာလဲ ပေါ့၊ မိုးကလည်း အတော်ချုပ်နေ တော့ မော်တော်မောင်းသူက ထိုတံငါလှေတွေကိုပဲ အကူအညီတောင်းကာ သူတို့ကိုအရင် ကမ်းသို့ပို့ပေးရန်နှင့် ကျသင့်တာအားလုံး သူပေးမည့်အကြောင်း ညှိလိုက်သည်၊ သူတို့အားလုံး မော်တော်ပေါ်မှ လောင်းလှေနှစ် စီးပေါ်ကို တက်နေစဉ်မှာပဲ လေပြင်းကျလာခဲ့သည်၊ သူအတော် စိုးရိမ်သွားသည်၊ လောကနန္ဒာစေတီရှေ့မှာ နာမည်ကြီး ဝဲတစ်ခုရှိတာ သူသိပါသည်၊ ပုံမှန်ဆိုလျင် မသိသာသော်လည်း မိုးသက်လေပြင်းကျလျှင် ထိုဝဲက မို့မောက်ကြွတက်ကာ ခက်ထန်လာတတ်သည်၊ ယခုသူတို့သွားမည့်နေရာက ထိုဝဲကိုဖြတ်သွားရမည်၊ ပြီးတော့ အားလုံးက မှောင်နှင့်မည်းမည်း၊ သူထင်သည့်အတိုင်း ဝဲက အတော်ပင် လှိုင်းထခက်ထန်လျက် ရှိနေပြီ၊ လှေ ပေါ်မှာပါသည့် သူ့ညီနှင့် ညီမက ရေမကူးတတ်၊ ပြီးတော့ အဖော်ပါလာသည့် မိန်းကလေးကလည်း ရေမကူး တတ်၊ အဖေနှင့်အမေကမူ ရေကူးတတ်သော်လည်း အသက်ကြီးပြီ၊ သူ ရေကူးတတ်သော်လည်း သူတို့အား လုံးကို ဘယ်လိုမှ ကယ်နိုင်မှာမဟုတ်၊ တကယ်တမ်းမှာ ဝဲကလွတ်အောင် သူတစ်ယောက်ထဲ ဆိုလျှင်ပင် အတော့်ကို လက်ပန်းကျအောင် ကူးရမည့်ကိစ္စဖြစ်သည်၊

ဝဲကိုဖြတ်ချိန်မှာ လောကနန္ဒာစေတီမှ မီးရောင်ဖြင့် လှိုင်းလုံးတွေကို ကြောက်မက်ဖွယ် မြင်နေရသည်၊ ဧရာဝတီ ၏ဒေါသကို သူအနီးကပ်တွေ့နေရခြင်း ဖြစ်သည်၊ မိန်းကလေးတွေက ထိတ်လန့်အော်ဟစ်သည်၊ လှေလှော် သည့်တံငါကြီးတွေက သူတို့ထ,ရပ်မည်စိုး၍ ငြိမ်ငြိမ်ထိုင်နေကြဖို့ အော်ဟစ်ပြောနေသည်၊ ပြီးတော့ သူတို့အချင်း ချင်းလည်း အားစိုက်လှော်ဖို့ အပြန်အလှန် အားပေးနေကြသည်၊ ဝင်ရောက်လာသည့် လှိုင်းကို လှေဦးဖြင့် ထိုးခွဲ လှော်နေရသောကြောင့် ခရီးကမတွင်၊ လှေမှာ ဘယ်ညာ လူးလှိမ့်လျှက် အတော်ပင် ဗြောင်းဆန်နေပြီ၊ သူ ကတော့ ရေကူးတတ်သူမို့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် အနည်းငယ် ပိုရှိသော်လည်း မိသားစုအတွက် စိုးရိမ်နေ ခဲ့သည်၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လှေနံရံကို လုံးဝမလွှတ်လိုက်ဖို့ အားလုံးကို သူ အော်ပြောနေမိသည်၊ သို့သော် လှိုင်းကြီးပေမယ့် လှေအောက်ရောက်ခဲ့ပါသည်၊ တံငါသည်တွေသည် သူတို့လှေကို ကျွမ်းကျင်စွာ ထိန်းချုပ် လှော်ခတ်နိုင်ခဲ့ကြသည်၊ နောက်ဆုံးတော့ သူတို့လည်း ကမ်းသို့ ချောချောမောမော ရောက်ခဲ့တော့ သည်၊ သူ့မှာတော့ ရေလမ်းခရီးကို ရေမကူးတတ်သူများနှင့် သွားတိုင်း စိတ်ကျဉ်းကျပ်ရသည့် အလေ့တခု စွဲလာ ခဲ့သည်၊

စင်စစ် သံချေးအထပ်ထပ်ဖြင့် အိုမင်းဟောင်းနွမ်းနေသည့် ဂျပန်စစ်လျော်ကြေးသင်္ဘောကြီးတွေ မှအစ Road To Mandalay လိုဇိမ်ခံ သင်္ဘောတွေအထိ သင်္ဘောမှန်လျှင် ရေပေါ်မှာပင် တည်ရှိခုတ်မောင်း နေသင့်ပါသည်၊ သင်္ဘောတစ်စင်း၏ အလှနှင့်အသုံးဝင်မှုကို ထိုသင်္ဘော ရေပြင်ပေါ်မှာ ရှိနေမှသာ မြင်တွေ့နိုင်သည်၊ အကြောင်း တစုံတရာကြောင့် သင်္ဘောတစ်စီး ရေအောက်သို့ ရောက်သွားခဲ့ပြီဆိုလျှင်တော့ ၄င်းထံမှပြန်လည်ဆယ်ယူ ရနိုင် မည့် အရာများမှာ ပျက်စီးဆုံးရှုံးမှုများနှင့် ဝမ်းနည်းကြေကွဲစရာများသာ ဖြစ်ပါလိမ့်မည်။ ။


ညီလင်းသစ်
၂၀ သြဂုတ်၊ ၂၀၀၉

9 comments:

ရွာသားလေးဝိုင်တီယူ said...

ကိုညီလင်းရေ မဖတ်ရတာကြာလို့ အားရပါးရ ဖတ်လိုက်ရတယ်ဗျာ။
သင်္ဘောတွေ ရွှေပြည်နေရာတွေ။ အိမ်ကိုတောင်လွမ်းမိတယ်။ မုံရွာကလေးဝ မော်တော်တွေကို ရှော်တယ်လို့ခေါ်တယ်ထင်တယ်။ ကျနော်တို့တွေခေါ်တဲ့ နောက်အသုံးက သံခွန်တို့ သစ်သားခွန်တို့ပါ။ ပန်းတော်ကိုတော့ မစီးဖူးခဲ့ဖူးဗျာ။ လွမ်းတာလို့ပဲ ဆိုပါရစေ..

သင်္ဘောတစ်စီးရေအောက်မရောက်ဖို့ ကျနော်လည်း ဆန္ဒပြုပါတယ်ခင်ဗျာ။ အများသူငှာ လိုရာခရီးပို့ဆောင်နိုင်ပါစေ...

MieMie said...

သန်လျင်-ရန်ကုန် သင်္ဘောရယ်...
ဘိုကလေး ရန်ကုန် သင်္ဘော( မှတ်မိသလောက်က ၀ိဇယသင်္ဘော...။ ငယ်ငယ်က အမျိုးတွေရှိလို့ တနှစ်တခါကို စီးခဲ့ရပါတယ်..)
နောက် ပုသိမ်- ရန်ကုန် သင်္ဘော ( ဗန္ဓုလ သင်္ဘော ) တွေကိုစီးခဲ့ဖူးပါတယ်...

အဲဒိတုန်းက စီးခဲ့ပေမယ့် ဘာကြောက်စိတ်မှ မရှိခဲ့ပါဘူး...အခု ဒီရောက်ပြီးမှ သင်္ဘောတွေ
အခြေအနေကို စဉ်းစားကြည့်မိတာရယ်...
ကိုယ်တိုင်က ရေမကူးတတ်တာရယ်ကြောင့်
အခုအချိန်မှာတော့ သင်္ဘောစီးရမှာကို တော်တော်လေး စိုးရွံ့ မိတယ်...ဒါပေမယ့် ဗမာပြည်သွားဖြစ်ရင်တော့ အဲသင်္ဘောတွေ စီးကိုစီးဖြစ်ဦးမှာပါ...ဘာလို့ဆို ကျမက ဧရာဝတီကိုချစ်တယ်...သင်္ဘောစီးရတာရယ်ကို ကြိုက်တယ်လေ...

ဗမာပြည်မှာတုန်းကတော့ ရထားလမ်း သင်္ဘောလမ်း ကားလမ်းတွေနဲ့ ခရီးထွက်ခဲ့ဖူးပါတယ်...အဲလိုခရီးထွက်မှဘဲ
လူတွေရဲ့  တ၀မ်းတခါးအတွက် ဘယ်လိုခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေကြရလဲဆိုတာ မျက်မြင်ကိုယ်တွေ့  ခံစားရမိပြီး စိတ်မကောင်းဖြစ်ခဲ့ရဖူးတယ်..( အိမ်ထဲမှာဘဲနေနေရင်တော့ ဘာမှသိရမှာမဟုတ်ဖူးလေ ).. သူတို့ခမျာ ရထားတွေ သင်္ဘောတွေကြားမှာ သက်စွန့်ဆံဖျား ငွေရှာကြရတာပါ...

စာရှည်ရှည်မရေးဖြစ်တာ ကြာလို့လားမသိဘူး
ညီလင်းသစ်ရဲ့  ဒီပို့စ်ကပိုဖတ်လို့ကောင်းနေတယ်...အရေးအသားလေးလည်းကောင်းတယ်..
ဒီက ရွာပြန်လည်ချင်နေတာ ( မရောက်တာ ဆယ်နှစ်ကြော်ပြီဗျို့  ) ဒီစာဖတ်ပြီး ပိုသတိရသွားတယ်...စာတွေအများကြီးရေးလို့ ကျေးဇူးအထူးတင်ပါတယ်...အချိန်ရရင် ရေးပါဦး... မျှော်နေမယ်...အရင်တုန်းက ကျမ ဗမာဖောင့် မရိုက်တတ်လို့ရယ် အီးလိုကလည်း သိပ်မရေးတတ်လို့ မမန့်ခဲ့ရဘူး...အခုတော့ အားရပါးရမန့်ခဲ့ပါတယ်...စာရှည်သွားရင် ဆောရီးပါနော်...

mie nge

မမိုး said...

ကိုညီလင်းသစ်ရေ ဖတ်လို့လဲကောင်း တွေးလို့လဲ
ကောင်းပါတယ်..အမြဲလာဖတ်ဖြစ်ပေမဲ့ အခုမှပဲ
မန့်ဖြစ်တော့တယ်...ဆွစ်အကြောင်းလေးတွေ
များများရေးပါဦး..စိတ်ဝင်စားလို့ပါ...

Phyo Evergreen said...

စိတ်ဝင်စားစရာကောင်းတယ်ဗျ..။ သင်္ဘောတော့မစီဖူးဘူး.. ကျွန်တော့်မှာရေလမ်းခရီးကြောက်တဲ့ရောဂါရှိတယ်ဗျ..။

Yu Wa Yi said...

ပြည်တွင်း သဘောင်္တွေအကြောင်း အတော်နှံ့ စပ်တယ်နော် ကိုညီလင်းသစ်က။

Nyi Linn Thit said...

ကိုဝိုင်တီယူ..အခေါ်အဝေါ်တွေအတွက် ကျေးဇူးပါ ဗျို့၊ ကျနော်မကြားဖူးသေးဘူးဗျ :)

မမီးမီးရေ...ကော်မန့်ရှည်လို့တော့ တောင်းပန်စရာ မလို ပါဘူးဗျာ၊ ဖတ်ရတာ ကျနော်တကယ် ဝမ်းသာပါတယ်၊ ဧရာဝတီကို ချစ်တဲ့လူအချင်းချင်း သိရလို့လည်း ဝမ်းသာတယ်ဗျို့၊

မမိုး...ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ဆွစ်အကြောင်း လည်း ရေးဖို့ စဉ်းစားထားတာတွေ ရှိပါတယ်၊

ကိုဖြိုး... စိတ်မချရတဲ့ အခြေအနေတွေမှာ ဆိုရင်တော့ ကြောက်တတ်ရန်ကင်း ပါပဲဗျာ၊

မယုဝရီရေ...ကျနော်သိတာ နဲနဲပါဗျာ၊ သင်္ဘောတွေနဲ့ ခရီးသွားဖို့ အခွင့်ကြုံခဲ့ ဖူးလို့ပါ :)

Anonymous said...

ဒီပို့စ်လေး အခုမှဖတ်မိတယ်.. ဖတ်ပြီးပြီးချင်း ဟိုးအတိတ်ကိုပြန်ရောက်သွားသလိုပဲ.. ကိုညီလင်းသစ်ရေးထားတဲ့ ခရီးစဉ်တော်တော်များများ သွားခဲ့ဘူးတယ်.. သင်္ဘောတွေနဲ့လဲ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတယ်.. အိုဟောင်းနေတဲ့ သင်္ဘောတွေရယ်.. တရုတ်ပြည်လုပ် သုံးထပ်သင်္ဘောတွေရယ်.. ဒီသင်္ဘောတွေကို သူ့သားသမီးတွေအလား သံယောဇဉ်သိပ်ကြီးပြီး ညဘက်လေပြင်းတွေတိုက်ရင်တောင် ကောင်းကောင်းအိပ်မပျော်နိုင်ပဲ ရုံးကိုဖုန်းလှမ်းလှမ်းဆက်တတ်တဲ့ ကျမရဲ့အဖေရယ်.. အားလုံးက ဟိုးအတိတ်ဝေးဝေးမှာကျန်ခဲ့ပြီပဲ...

မေဓာဝီ said...

ကိုညီလင်းရဲ့ အက်ဆေးတွေ ပြန်ဖတ်ရင်း ဒီသင်္ဘောပို့စ် မဖတ်ရသေးတာ တွေ့လို့ ဖတ်ဖြစ်တယ်။ ကျမကတော့ သင်္ဘောခရီး သိပ်မသွားဖူးဘူး၊ တသက်လုံးမှာမှ ၂ ခါလား ၃-ခါလားပဲ။ ရေကူးမကျွမ်းကျင်တော့ ရေကြောင်းခရီးကို ကြောက်တာလဲ ပါတယ်။ ဒီအက်ဆေးဖတ်ရင်းတောင် ၀ဲကို လှေနဲ့ ဖြတ်တဲ့အခန်းရောက်တော့ ရင်မောနေရတယ်။ လှိုင်းကြီး လှေအောက် ဆိုတော့မှ သက်ပြင်း ချနိုင်တော့တယ်။

ဒီက ရုပ်သံအစီအစဉ်တွေမှာ ပြတာလေ ... သင်္ဘောတွေကို တမင်နှစ်ပစ်ကြတာ။ သင်္ဘောတွေက အကောင်းကြီးတွေ၊ အပေါက်တွေ ဖောက်ပြီး မနည်းကို ရေထဲ နှစ်ပစ်ရတယ်။ အဲဒီလိုကျတော့လဲ သင်္ဘောတွေ ရေအောက်ရောက်တာ နှမြောဖို့ ကောင်းပေးမဲ့ ၀မ်းနည်းစရာတော့ မကောင်းဘူးနော်။

Amber said...

You can bring readers to the climate.. Nice post... :D