08 January 2015

ကျိုးသွားခဲ့သော ပုံဆွဲခဲတံများ


ဒီနေ့မနက်က ပါရီမြို့က သတင်းစာတိုက်တခုမှာ အကြမ်းဖက်သတ်ဖြတ်မှုတခု ဖြစ်သွားခဲ့တယ်၊ မနက် ၁၁ နာရီခွဲလောက်မှာ Charlie Hebdo ဆိုတဲ့ သတင်းစာတိုက်ထဲကို မျက်နှာဖုံးစွပ် သေနတ်သမား နှစ်ယောက်က ဝင်လာပြီးတော့ အစည်းအဝေးလုပ်နေတဲ့ အယ်ဒီတာတွေ၊ သတင်းထောက်တွေကို ပစ်သတ်သွားတဲ့ အကြမ်းဖက်သတ်ဖြတ်မှုပါ၊ အဲဒီသတ်ဖြတ်မှုမှာ သတင်းစာတိုက်ရဲ့ နာမည်ကြီး ကာတွန်းဆရာ ၄ ယောက် အပါအဝင် လူ ၁၂ ယောက် အသက်ပေးလိုက်ရတယ်၊ အစည်းအဝေးခန်းထဲက ပြန်ထွက်လာတဲ့ သေနတ်သမား ၂ ယောက်ကို ကျန်တဲ့အဖော် တယောက်က ကားပေါ်ကနေ စောင့်နေတယ်၊ ပြီးတော့ သူတို့ ၃ ယောက် မောင်းထွက်သွားတယ်၊ မလှမ်းမကမ်းက လမ်းပေါ်ကို ရောက်တော့ ရဲတွေနဲ့ ပစ်ခတ်မှုတွေထပ်ဖြစ်တယ်၊ အဲဒီမှာ ရဲတယောက်က ဒဏ်ရာနဲ့ လဲသွားတဲ့အခါ သူ့ဆီကို သေနတ်သမား ၂ ယောက်က လျှောက်သွားပြီး ခေါင်းကို အနီးကပ်တေ့ပြီး သွေးအေးအေးနဲ့ ပစ်သတ်လိုက်ပြန်တယ်၊ ပြီးတော့ နောက်ထပ်ရောက်လာတဲ့ ရဲတွေကို ခြေရာဖျောက်ပြီး မောင်းပြေးသွားခဲ့တယ်…၊

Charlie Hebdo ဆိုတာက ၁၉၇၀ ပြည့်နှစ်ကတည်းက ထောင်ထားတဲ့ အပတ်စဉ်ထုတ် သတင်းစာတိုက်ဖြစ်ပါတယ်၊ သူ့ရဲ့ ထူးခြားချက်ကတော့ ပွဲဆူစေတတ်တဲ့ သရော်စာ ဆောင်းပါးတွေ၊ ကာတွန်းတွေကို ရဲရဲတင်းတင်း ဖော်ပြရဲတဲ့ အချက်ပါ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဝန်းကျင်က အဖြစ်အပျက်တွေ၊ လူပုဂ္ဂိုလ်တွေကို satire ပုံစံမျိုးစုံနဲ့ ကာတွန်းတွေရေးသလို ဘာသာရေးနဲ့ ပတ်သက်လာရင်လည်း လက်မရှောင်ပါဘူး၊ ၂၀၀၅ ခုနှစ်မှာ ဒိန်းမတ်သတင်းစာ တစောင်က အစ္စလာမ်ဘာသာနဲ့ တမန်တော်မိုဟာမက် အကြောင်းကို ကာတွန်း ၁၂ ပုံဆွဲပြီး ဖော်ပြတဲ့အခါ အာရပ်ကမ္ဘာနဲ့ မွတ်ဆလင်နိုင်ငံတချို့မှာ အတော်လေးပွဲဆူသွား ခဲ့တယ်၊ အဲဒီကာတွန်းတွေကို Charlie Hebdo သတင်းစာကလည်း ပြန်ဖော်ပြလိုက်လို့ အစွန်းရောက်မွတ်ဆလင်တွေရဲ့ အငြိုးထားခြင်းကို အဲဒီကတည်းက ခံခဲ့ရတယ်၊ နောက်ပိုင်းမှာ သတင်းစာတိုက်ကို ခြိမ်းခြောက်တဲ့စာတွေ၊ မေးလ်တွေ မကြာခဏဆိုသလို ရောက်လာတတ်ပေမယ့် Charlie Hebdo ကတော့ သူ့ရဲ့မူအတိုင်း ဖော်ပြစရာ ရှိတာကို ဆင်ဆာမဖြတ်ဘဲ ဖော်ပြမြဲပဲ၊ တိုက်ရဲ့ ကာတွန်းဆရာတွေကလည်း သရော်စရာပေါ်လာရင် အစ္စလာမ်သော၊ မိုဟာမက်သော မရှောင်ဘဲ ရဲရဲဝံ့ဝံ့ ဆွဲမြဲ ဆွဲနေခဲ့တယ်၊ ဒီနေ့မနက်မှာတော့ သူတို့ နှစ်ပေါင်းများစွာ ကြားနေခဲ့တဲ့ ခြိမ်းခြောက်မှုဟာ တကယ့်ကျည်ဆံတွေ အဖြစ်နဲ့ သတင်းစာတိုက်ရဲ့ အစည်းအဝေးခန်းထဲကို ဝင်ရောက်လာခဲ့တော့တာ ဖြစ်ပါတယ်၊

အကြမ်းဖက်မှုလေ့လာသူ သုတေသီတွေရဲ့ အဆိုအရ သေနတ်သမား ၂ ယောက်ဟာ သေသေချာချာ လေ့ကျင့်ထားတဲ့ ကွန်မန်ဒိုတွေလို့ ဆိုတယ်၊ သတင်းစာတိုက်ရဲ့ အစည်းအဝေးအချိန်ကို အတိအကျ သိနေသလို အစည်းအဝေးခန်းထဲကို ဝင်လာတဲ့အခါမှာလည်း ကာတွန်းဆရာတွေရဲ့ နာမည်တွေကို ခေါ်ပြီးမှ တယောက်ချင်းစီကို အေးအေးဆေးဆေး ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်၊ ဒါ့အပြင် သူတို့ရဲ့ အကြမ်းဖက် လှုပ်ရှားမှုကို မှတ်တမ်းတင်ဖို့ ရင်ဘတ်မှာလည်း GoPro ကင်မရာတွေကို လွယ်ထားခဲ့တယ်လို့ ဆိုတယ်၊ သတင်းစာတိုက်အနီးမှာ နေထိုင်သူတယောက်က လျှပ်တပြက်ရိုက်ထားတဲ့ ဗီဒီယိုထဲမှာလည်း သေနတ်သမားတွေရဲ့ လှုပ်ရှားမှုဟာ သွေးအေးပြီး တိကျ၊ သပ်ရပ်တာ တွေ့ရတယ်၊ လူ ၁၂ ယောက်ကို လောလောလတ်လတ် သတ်ထားလို့ စိတ်လှုပ်ရှားနေတဲ့ ကမူးရှူးထိုး အမူအရာတွေ မတွေ့ရဘူး၊ လမ်းပေါ်မှာ ရဲတွေနဲ့ ရင်ဆိုင်ပစ်တဲ့အခါမှာလည်း သူတို့ရဲ့ AK-47 မောင်းပြန်သေနတ်တွေကို ထိချင်ရာထိ သဘောမျိုး အတွဲလိုက် ဆွဲပစ်တာမဟုတ်ဘဲ ပစ်မှတ်ကို အတိအကျ ချိန်ပြီးမှ တတောင့်ချင်းပစ်တာ တွေ့ရပါတယ်၊ အစည်းအဝေးစားပွဲက လူတွေအားလုံးကို ပစ်ပြီးချိန်မှာ သေနတ်သမားတွေက ငါတို့ဟာ အယ်လ်ကိုင်ဒါက ဖြစ်တယ်-လို့ ကြွေးကြော်ခဲ့တဲ့အကြောင်း စားပွဲအောက်ကို ဝင်ပုန်းလိုက်နိုင်တဲ့ သတင်းထောက်အမျိုးသမီး တယောက်က ပြန်ပြောပြပါတယ်၊

ပြင်သစ်တနိုင်ငံလုံးသာမက ဥရောပတိုက် တခုလုံး တုန်လှုပ်၊ ခြောက်ခြားသွားကြတဲ့ ဒီအဖြစ်အပျက်အပေါ်ကို လူတွေတုံ့ပြန်ပုံမှာ စိတ်ဝင်စားစရာကောင်းတဲ့ ၂ ချက်ကို တွေ့ရပါတယ်၊ ပထမတချက်က အစွန်းရောက် အကြမ်းဖက်မှုနဲ့ အစ္စလာမ်ဘာသာကို ခွဲခြားမြင်ကြတာပါ၊ နိုင်ငံ့ခေါင်းဆောင်တွေက လူထုကို အားပေးစကားပြောတဲ့ မိန့်ခွန်းတွေထဲမှာ ဒီအဖြစ်အပျက်ကြောင့် ဘာသာရေးတခုလုံးကို သိမ်းကျုံး ရမ်းကားတာမျိုး မလုပ်ကြဖို့ သတိပေးကြသလို လမ်းပေါ်က လူတွေကလည်း ပြင်သစ်နိုင်ငံမှာ ကာလရှည်ကြာကတည်းက အတူယှဉ်တွဲ ရှိနေခဲ့တဲ့ မွတ်ဆလင်တွေအပေါ် ရန်လိုမုန်းတီးတဲ့ စကားမျိုးတွေ မပြောကြပါဘူး၊ အစ္စလာမ်ဘာသာနဲ့ မိုဟာမက်ကို လှောင်ပြောင်တဲ့ ကာတွန်းတွေဆွဲလို့ လာသတ်တဲ့ လူသတ်သမားတွေဟာ အစ္စလာမ်ဘာသာကို ကာကွယ်သူတွေ ဖြစ်တယ်ဆိုတာ ၉၉ ရာခိုင်နှုန်း သေချာသလို သေနတ်သမားတွေ ကားပေါ်အတက်မှာလည်း ဘုရားသခင်သည် ကြီးမြတ်တော်မူ၏-လို့ အဓိပ္ပါယ်ရတဲ့ Allahu Akbar ဆိုတဲ့ အာရပ်စကားကို အော်သွားခဲ့ကြပါတယ်၊ ဒါပေမယ့် ဒီလူတွေဟာ စစ်သွေးကြွအစွန်းရောက် မွတ်ဆလင်တွေ ဖြစ်ပြီးတော့ ငြိမ်းချမ်းစွာနေ,နေကြတဲ့ အခြားသော အစ္စလာမ်ဘာသာဝင်တွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာ လူအများစုကြီးက နားလည်ကြတဲ့အတွက် အစ္စလာမ်မုန်းတီးရေး၊ မွတ်ဆလင်ဆန့်ကျင်ရေး စကားမျိုးတွေ ပြောတာ မကြားရပါဘူး၊ ဖယောင်းတိုင်လေးတွေထွန်းပြီး တိုးတိုးတိတ်တိတ်ပဲ စုဝေးနေကြသလို ဒေါသထွက်နေသော လူအုပ်ကြီးတွေ ရောက်လာတာမျိုးလည်း မရှိပါဘူး၊

နောက် ဒုတိယတချက်ကတော့ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် လူတိုင်းနီးပါးက ဒါဟာ သူများဘာသာကို သွားစော်ကားလို့ လူ ၁၂ ယောက်ပြန်ပြီး အသတ်ခံရတာလို့ ခပ်တိမ်တိမ် မတွေးဘဲ ဒီကိစ္စဟာ ပြင်သစ်နိုင်ငံ၊ ပြင်သစ်လူမျိုးတွေ ယုံကြည်ကျင့်သုံးတဲ့ လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်ကို တားဆီး၊ ပိတ်ပင်ဖို့ ကြိုးစားတဲ့ လုပ်ရပ်လို့ မြင်ကြတဲ့ အချက်ပါပဲ၊ အထူးသဖြင့် နိုင်ငံအတွက် အရေးကြီးလှတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးတဲ့လုပ်ရပ်လို့ မြင်ကြတဲ့အတွက် မြို့ကြီးတွေမှာ ထောင်သောင်းနဲ့ချီတဲ့ လူတွေဟာ ရင်ပြင်တွေ၊ လမ်းဆုံလမ်းခွတွေမှာ မွန်းလွဲပိုင်းက စပြီးတော့ ငြိမ်းချမ်းစွာနဲ့ စုဝေးဆန္ဒထုတ်ဖော် ကြပါတယ်၊ လူအများစုရဲ့ လက်ထဲမှာလည်း အနက်ရောင်စာရွက်ပေါ်မှာ အဖြူရောင်စာလုံးနဲ့ ရေးထားတဲ့ Je suis Charlie ဆိုတဲ့ စာရွက်တွေကိုလည်း ကိုင်ထားကြပါတယ်၊ I am Charlie လို့ အဓိပ္ပါယ်ရတဲ့ အဲဒီစာတန်းရဲ့ သဘောကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးပိတ်ပင်ဖို့ ကြိုးစားလာမယ်ဆိုရင် ငါတို့လည်း Charlie Hebdo လိုပဲ နာကျင်ခံစားရတယ်၊ တသားထဲရှိတယ် ဆိုတဲ့ သဘောပါပဲ၊ အသတ်ခံရတဲ့ ကာတွန်းဆရာတွေထဲက တယောက်ဖြစ်တဲ့ Charb ကတော့ “မလှုပ်မယှက်ထိုင်ပြီး အသက်ရှင်နေရမယ့်အစား မတ်တပ်ရပ်ပြီး သေတာကမှ ပိုပြီးကောင်းသေးတယ်” လို့ တခါတုန်းက ပြောခဲ့ဖူးပါတယ်၊ ထောင်နဲ့သောင်းနဲ့ချီတဲ့ ပြင်သစ်လူမျိုးတွေ လမ်းတွေပေါ်မှာ ဆန္ဒထုတ်ဖော် စုဝေးနေတဲ့ မြင်ကွင်းတွေကိုကြည့်ရင်း ဟိုတလောဆီက မြန်မာပြည်ကသတင်းထောက် ကိုပါကြီး အသတ်ခံရတုန်းကလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ဒါဟာ နိုင်ငံသားအခွင့်အရေးကို ထိပါးတဲ့ကိစ္စ၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါးပိတ်ပင်တဲ့ကိစ္စပဲ-လို့ ပြည်သူ ဘယ်နှစ်ယောက်လောက်ကများ တွေးနေမိနိုင်မလဲ၊ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ကို တည်ဆောက်ဖို့ပဲဖြစ်ဖြစ်၊ ရှိပြီးသားကို ထိန်းသိမ်းဖို့ပဲဖြစ်ဖြစ် လုပ်ကြတဲ့အခါ မရှိမဖြစ် လိုအပ်တာကတော့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုပဲ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို အဖြစ်အပျက်တွေ၊ ပုံရိပ်တွေက ပြောပြနေပါတော့တယ်…။ ။


ညီလင်းသစ်
၇ ဇန်နဝါရီ၊ ၂၀၁၅

13 comments:

Aunty Tint said...

ပြန်လည်မရနိုင်တော့တဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါလား ဖတ်ရတာ စိတ်မကောင်းလိုက်တာ မောင်ညီလင်းရေ။

ညိုလေးနေ said...

2015 အတွက် စိတ်မကောင်းစရာ သတင်းပိုစ့် ဟာ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ် အစ်ကို။
အစွန်းရောက် အကြမ်းဖက်မှု တွေ လျော့နည်း ရပ်ဆိုင်းနိုင်ကြပါစေ။

ဆွေလေးမွန် said...

မနေ့ထဲက သတင်းကြည့်ပြီး စိတ်မကောင်းဖြစ်နေတာ။ ငြိမ်းချမ်းစေချင်မိတယ်။

ဇွန်မိုးစက် said...
This comment has been removed by the author.
ဇွန်မိုးစက် said...
This comment has been removed by the author.
ဇွန်မိုးစက် said...

အိုင်အက်စ် အိုင်အက်စ်နဲ့ လူတွေအာရုံမှာ၊ နှုတ်ဖျားမှာ ရေပန်းစားနေတာကို အယ်လ်ခိုင်းဒါးက မနာလိုဖြစ်နေတာကြာပြီဆိုတော့ ဒီအကြမ်းဖက်မှုအတွက် သူတို့သွေးအေးအေးနဲ့ သေသေချာချာစီစဉ်ထားပုံပါပဲ။ အခုဆို အယ်လ်ခိုင်းဒါးက ဥရောပမြေကို တုန်လှုပ်စေခဲ့ပြီလေ။ ဘာသာရေးနဲ့ မယှဉ်တွဲကောင်းဘူးဆိုပေမယ့် လူများများသတ်နိုင်လေ၊ ကောင်းကင်ဘုံမှာ အဆင်မြင့်မြင့်စံနိုင်လေဆိုတဲ့ အယူဝါဒမျိုးက ဒီဘာသာတစ်ခုတည်းမှာ ရှိနေတော့ ဘာသာရေးကို ခုတုံးလုပ်ပြီး အကြမ်းဖက်ချင်တဲ့သူတွေအတွက် အကြောင်းပြချက်ကောင်းနေတာ ငြင်းမရတဲ့အချက်ပဲ အကို။ သူတို့ကြောင့် ကမ္ဘာအနှံ့အပြားက အပြစ်မဲ့တဲ့ ကလေး၊ လူကြီး၊ လူငယ်တွေ အသက်ဆုံးရှုံးရတာလည်း မနည်းတော့ဘူး။
မြန်မာပြည်နဲ့ပတ်သက်လို့ကတော့ မျှော်လင့်ချက်ကြီးကြီး မထားစေချင်ဘူး အကို။ ဥပမာ- သူတို့ ဒီလို ဘာကြောင့်မတွေးနိုင်ရတာလဲ၊ ဘာကြောင့် အမြင်ကျဉ်းနေရသလဲ၊ ဘာကြောင့် လူ့အခွင့်ရေးတို့၊ ဒီမိုကရေစီတို့၊ စာနယ်ဇင်းလွတ်လပ်ခွင့်ဘာညာသာရကာထိန်းသိမ်းဖို့၊ တည်တံ့ဖို့... ဘယ်လိုကိစ္စမျိုးမှာပဲဖြစ်ဖြစ် ရွှေပြည်တော် မျှော်တိုင်းဝေးတဲ့ အခြေအနေကို အဝေးမှာနေတဲ့ အကိုတို့ကို သိစေချင်တယ်။
(အိမ်သာကိုတောင် စနစ်တကျ အလှည့်နဲ့ တန်းစီပြီးမှဝင်ရကောင်းမှန်း မသိတဲ့လူတွေ တစ်နိုင်ငံလုံးနီးပါးဖြစ်နေလို့ ကျန်တဲ့ကိစ္စတွေအတွက် လေးလေးနက်နက် တွေးကြည့်မနေပါနဲ့တော့)

ဇွန်မိုးစက် said...

စောစောက ကော်မန့်တင်လိုက်တိုင်း အပြည့်မပေါ်ဘူးဖြစ်ဖြစ်နေလို့ ပြန်ဖျက်လိုက် ပြန်တင်လိုက် ၃ခါတောင် လုပ်လိုက်ရတယ်။ :D

Anonymous said...

Sis,it is not true that the more you killed people, the higher your standard in heaven. Where did you find that?? Killing an innocent soul is major sin in islam. Don't judge a religon base on people.

ညီလင်းသစ် said...

တီတင့်...
ဟုတ်ပါတယ်၊ အကြမ်းဖက်ဝါဒရဲ့ အောက်မှာ ဆုံးရှုံးမှုတွေက သိပ်ကို ကြီးမားလေ့ ရှိပါတယ်...၊

ညီမညိုလေး...
ဟုတ်တယ်ဗျာ...၊ နှစ်သစ်ဟာ စကတည်းက ယဉ်သကို ဆိုသလို ဖြစ်နေပြီ၊

မဆွေလေးမွန်...
ကျနော်လည်း သတင်းတွေပဲ လိုက်ကြည့်နေမိတယ်၊

ညီမလေးဇွန်...
မြန်မာပြည်အတွက် မျှော်လင့်ချက် ကြီးကြီးမားမား မထားဖို့ အိမ်သာကို ဥပမာပေးပြီး ပြောသွားတာ အတော့်ကို ထိမိတယ်၊ တကယ့်ကို ရယ်ရအခက်၊ ငိုရအခက် အခြေအနေ...၊ ဘယ်လိုပဲဖြစ်ဖြစ် လူအများစုကြီးရဲ့ mindset ဆိုတာက နေ့ချင်းညချင်း ပြင်လို့ရတာမျိုး မဟုတ်မှန်း သိပေမယ့် တခါတလေမှာတော့ အားမရတာမျိုးတွေ ဖြစ်မိတယ် ဆိုပါတော့ ညီမလေးရာ...။း)

ဒေါ်စိုး said...

အလွန်ကောင်းမွန်မှန်ကန်တဲ့တင်ပြချက်မို့ ကျမ FB မှာရှယ်ဖို့ကုးယူသွားပါတယ်။

Anonymous said...

ဖုန်းကို abc breaking news alert လုပ်ထားတော့အဲဒီနေ့ က ကျမစီမှာညဖက် တချိန်လုံး တိန် တိန် နဲ့ သတင်းဝင်နေတာ။ စိတ်မကောင်းလိုက်တာ။
ပြောမယ်ဆိုရင်ကျမလည်းစိတ်မကောင်းသလို
အကုသိုလ်လည်းတော်တော်ဖြစ်မိတယ်။ အဲဒီရဲကိုသတ်လိုက်တဲ့ဗီဒီယိုကိုလည်းကြည့်ရတော့ပိုအကုသိုလ်ဖြစ်တယ်။ အသတ်ခံရတဲ့ရဲ ကလည်းမွတ်စလင်ဘာသာဝင်ဆိုတော့ သူတို့ ဘာသာဝင်တွေထည်းက ငြိမ်ပြီးကြိတ်ထောက်ခံနေတဲ့သူများကို ကိုယ်ချင်းစာစိတ်တော့ကျန်ခဲ့မလားတွေးမိသေးတယ်။
မွတ်စလင်တိုင်းအကြမ်းဖက်မဟုတ်ဘူးဆိုတာကိုတော့လက်ခံပါတယ်။
ရေးထားတာကိုသဘောကျမိတယ်။
မြန်မာပြည်မှာဘာသာရေးကိုအသုံးချပြီးလှုံ့ ဆော်တာတွေကိုလည်းရင်လေးမိတယ်။
အမြင်ကျယ်ဖို့ လူသားကိုလူသားလိုမြင်ဖို့ လိုတယ်လို့ ခံစားမိတယ်။
အိုင်အိုရာ

Cameron said...

တကယ်စိတ်မကောင်းစရာပဲ...။ အစ်ကိုရေးထားတာလေးသိပ်ကောင်းတယ် ဒီမှာဖြစ်ပျက်နေတာနဲ့နှိုင်းယှဉ်ပြီး ပြည်သူလုထုတွေရဲ့ စိတ်ဓါတ်တွေ ခံယူချက်ကွဲပြားတာတွေကို မီးမောင်းထိုးပြသွားနိုင်တယ်...။

blackroze said...

စာဖတ်ပြီး ဘယ်လိုပြောရ မှန်းတောင် မသိတော့ပါဘူးအကိုရေ
ဘာသာတရားဆိုတာလည်း မဝေဖန်ကောင်းဘူးဆိုတော့
ပြောရခက်ပါရဲ့ ....
ငြိမ်းငြိမ်းချမ်းချမ်းနေကြတဲ့သူတွေလည်း ၇ှိပေမဲ့
ဘယ်အကြမ်းဖက်မှု့မဆို ဖြစ်လာတိုင်း
ဒီအဖွဲ့အစည်းကကြီးဘဲဖြစ်နေတာတော့
ဘယ်လိုနားလည်ပေးရမှန်းကို မသိတော့ဘူး..

ပစ်ပစ်