21 June 2020

စာအုပ်ကလေး နှစ်အုပ်


ပြီးခဲ့တဲ့ မေလဆန်းရဲ့ ရက်တရက်မှာ စာတိုက်ကနေ မြန်မာစာအုပ်လေး နှစ်အုပ် အိမ်ကိုရောက်လာတယ်၊ စင်္ကာပူမှာနေတဲ့ အစ်မချစ်ကနေ ပို့ပေးလိုက်တာ...၊ ဒါမတိုင်ခင် ရက်သတ္တပတ် အနည်းငယ်မှာ သူက အိမ်လိပ်စာ လှမ်းမေးတော့ တကယ့်ကို အဆင်ပြေမှ ပို့ပါ အစ်မရယ်လို့ ပြောလိုက်သေးတယ်၊ အမှန်ဆိုရရင် ပို့မယ့်ပစ္စည်းက စာအုပ်တွေ ဖြစ်တဲ့အပြင် ပို့မယ့်သူက အဲ့ဒီစာအုပ်တွေကို ရေးတဲ့ စာရေးဆရာမ ကိုယ်တိုင်ဆိုတော့ လိုချင်မိတာ အမှန်ပါပဲ၊ ဒါပေမယ့် စင်္ကာပူလို နိုင်ငံရဲ့ စာပို့စရိတ်ကလည်း သေးမှာမဟုတ်တော့ အကယ်၍ မပို့ဖြစ်လည်း နားလည်နိုင်စရာပဲ မဟုတ်လား၊ ခုလို တကူးတက ပို့ပေးဖို့ သတိရတယ် ဆိုတာနဲ့တင် အဲဒီစိတ်ကလေးကို ကျေးဇူးတင်စရာ ကောင်းနေပြီ...၊

အစ်မချစ်ကို ဘလော့ဂ်တွေ ခေတ်စားခဲ့တဲ့ ၂၀၀၇-၀၈ ဝန်းကျင်လောက်က စပြီး သိခဲ့တယ်၊ အဲ့ဒီတုန်းက ဘလော့ဂ်ရေးသူ အချင်းချင်း ကိုယ့်ဆီ သူလာဖတ်၊ သူ့ဆီ ကိုယ်သွားဖတ်နဲ့ အတော်လေး စည်စည်ကားကား ရှိခဲ့ချိန်ပေါ့၊ ရွှေဝါရောင် တော်လှန်ရေးလို နာဂစ်မုန်တိုင်းလို အခြေအနေ၊ အဖြစ်အပျက်တွေရဲ့ တွန်းပို့မှုတွေ အပြင် လူမှုကွန်ယက်တွေ အနေနဲ့လည်း များများစားစား မရှိလှသေးတော့ ဘလော့ဂါရပ်ဝန်းဟာ ရေးသူဖတ်သူတွေနဲ့ သိုက်သိုက်ဝန်းဝန်းပေါ့၊ အဲဒီမှာ ချစ်ကြည်အေး ဆိုတဲ့ ဘလော့ဂ်စာမျက်နှာ တခုကို စသိခဲ့တာ...၊ ကျနော် အမှတ်မမှားဘူးဆိုရင် သူ့ဘလော့ဂ်ရဲ့ ထိပ်မှာ “ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ လက်သီးတော့ ပြင်းတယ်” လို့ ရေးထားတယ်၊ အဲဒီစာသားလေးက ချစ်ကြည်အေးရဲ့ သရုပ်သကန်ကို အတော်လေး ထင်ဟပ်တယ်လို့ ပြောရမှာပဲ၊ အစ်မချစ်ဟာ စာရေးရာမှာ အနုအရွကော အကြမ်းအရမ်းပါ ပိုင်နိုင်သလို စကားပြေကော၊ စကားပြောပါ ညက်ညောအောင် ရေးနိုင်သူပါ၊ ပြီးတော့ တော်ရုံလူ မရေးနိုင်တဲ့ အသောအထေ့လေးတွေကိုလည်း သူက ရေးတတ်ပြန်သေးတယ်၊ ကိုယ့်ရဲ့ စာသားတွေကို တလုံးချင်းဖတ်လာတဲ့ စာဖတ်သူတယောက်အဖို့ မရယ်မိသည့်တိုင် အနည်းဆုံး ပြုံးသွားအောင် ရေးနိုင်ဖို့ဆိုတာ အတော့်ကိုခက်ပါတယ်၊ ကျနော် ဘလော့ဂ်ရပ်ဝန်းမှာ ကျင်လည်စဉ်တုန်းက အဲ့ဒီလိုစာမျိုး ရေးဖို့ ကြိုးစားကြည့်ဖူးတယ်၊ ဘယ်လိုမှ အဆင်မပြေတာနဲ့ နောက်ဆုံး လက်လျှော့ခဲ့ရတယ်၊ အစ်မချစ်ဟာ အဲ့ဒီလို လူတွေပြုံးသွားစေမယ့် စာမျိုးတွေ ရေးနိုင်သလို လူတွေ နားမလည်တဲ့ အရေးအသားလို့ သမုတ်ကြတဲ့ မော်ဒန်ကဗျာတွေကိုလည်း ရေးတတ်ပြန်သေးတယ်၊ သူ့ရဲ့ ဘလော့ဂ်ကို ကျနော် မကြာခဏ သွားဖတ်ဖြစ်တဲ့ အကြောင်းရင်းထဲမှာ အဲဒီမော်ဒန်ကဗျာ တွေရဲ့ ဆွဲငင်အားလည်း ပါတာပေါ့...၊

နောက်တော့ The Little Red Dot ဆိုတဲ့ အဲဒီကျွန်းနိုင်ငံလေးကို ကျနော် ရောက်ဖြစ်တဲ့အခါ အစ်မချစ်တို့ ဇနီးမောင်နှံနဲ့ ခင်မင်ခွင့် ရခဲ့တယ်၊ တကယ်ကို ရုပ်ချော၊ သဘောကောင်းကြပါတယ်၊ လက်သီးကတော့ မမြည်းခဲ့ရလို့ ပြင်းမပြင်း မသိဘူး၊ ကျနော် မြင်တွေ့ခွင့် ရခဲ့သလောက်တော့ အစ်မချစ်ဟာ စာရေးလိုက်၊ ပန်းချီဆွဲလိုက်၊ ဓာတ်ပုံရိုက်လိုက်၊ သီချင်းဆိုလိုက်နဲ့ အနုပညာနဲ့ လက်တကမ်းမှာ အမြဲနေထိုင်သူပါ၊ နောက်ပိုင်းမှာ ဘလော့ဂ်ပေါ် ဖေ့စ်ဘွတ်ခ်ပေါ်တင် မကဘဲ မဂ္ဂဇင်းတွေမှာပါ သူ့ရဲ့စာတွေ တွေ့လာရတယ်၊ ပြီးတော့ စာအုပ်တွေပါ ဆက်ထွက်လာတယ်၊ ရေးအားကောင်းတဲ့ ကလောင်မို့ စာမျိုးစုံဟာ စဉ်ဆက်မပြတ် တသွင်သွင် စီးဆင်းနေဆဲ...၊

ခုတော့ ရေးခဲ့သမျှ ဝတ္ထုတိုတွေကို စုစည်းထားတဲ့ စာအုပ်လေးနှစ်အုပ်က ကျနော့်ဆီတကယ်ပဲ ရောက်လာခဲ့တယ်၊ “မီးမို့ တိုးသည်” နဲ့ “အရွက်ကလေး တစ်ပွင့်”...၊ စာအုပ်လေးတွေနဲ့ အတူ သူကိုယ်တိုင် လုပ်ထားတဲ့ စာမျက်နှာမှတ်တဲ့ ကဒ်ပြားလေးပါ ပါသေးတယ်၊ မြန်မာပြည်မှာတော့ ပင်ဝါးရုံစာပေ ကနေ ဖြန့်ချိတယ်လို့ သိရတယ်၊ ဒီမှာကတော့ မြန်မာစာအုပ် ဝယ်လို့မရတဲ့ အရပ်မို့ ဒီစာအုပ်လေး နှစ်အုပ်ဟာ တကယ့်ကို တန်ဖိုးရှိလှတဲ့ လက်ဆောင်ပါ၊ ပူလောင်အိုက်စပ်မှုတွေ များလေ့ရှိတဲ့ လူမှုကွန်ယက် သတင်းတွေ ကြားထဲမှာ အစ်မချစ်ရဲ့ ဝတ္ထုတိုလေးတွေက ရသအစုံနဲ့ အေးမြနေလေရဲ့...။

ညီလင်းသစ်
၂၀ ဇွန်၊ ၂၀၂၀

5 comments:

ညီ said...

ပျော် ပျော်သတီး ပျော်သတက် ဖြစ်သွားပြီ။
စာတွေ ပြန်ဖတ်ရဖို့ မျှော်နေပါပြီ

Cameron said...

Hi Ltns bro အစ်ကိုညီလင်းသစ် ပို့စ်အသစ်တင်လို့ ဝမ်းပန်းတသာနဲ့ပြေးလာဖတ်ပါတယ် အစ်မချစ်စာအုပ်ကို ဒီမှာရှာဝယ်ဖတ်လိုက်ဉီးမယ် ကျွန်တော်လဲ ဘလော့ဂါတွေနဲ့အပြန်မှာမဆုံဖြစ်တာ လေးငါးနှစ်လောက်ရှိတော့မယ် ပို့စ်ကတော့ ဒီနေ့ထိ ပုံမှန်တင်ဖြစ်နေပါတယ်...။ အစ်ကိုလဲ စာမရေးနိုင်ရင်တောင် အစ်ကို့လက်ရာ ဓါတ်ပုံလေးတွေတော့တင်ပေးပါ ....။ ငါးနှစ်လောက်ပျောက်သွားတဲ့ အစ်ကို့ပို့စ်တွေကိုမျှော်နေပါ့မယ်....။

ခင်မင်တဲ့
မိုးငွေ့

ညီလင်းသစ် said...

ညီ...
နည်းနည်းချင်းစီတော့ ပြန်ရေးမလားလို့... အချိန်လေးတော့ ပေးပါဗျာ..နော။ :)

ညီမမိုးငွေ့...
နှစ်တွေကြာခဲ့ပေမယ့် အရင်လို ‌နွေးနွေးထွေးထွေး ပြန်လာဖတ်လို့ တကယ်ပဲ အံ့သြ၊ ဝမ်းသာမိတယ် ညီမရေ၊ ကျနော်လည်း ညီမရဲ့ ဘလော့ဂ်ကို လာခဲ့ပါအုံးမယ်...။

မောင်ဆိုင်မွန် said...

အဟောင်းတွေ လာလာဖတ်ရင်း အသစ်တစ်ပုဒ်တွေ့လိုက်ရတော့ ပျော်သွား၊ ဖတ်သွားပါတယ် အကိုရေ။

Chit Kyi Aye said...

ကိုညီလင်းသစ်
ဒီပိုစ့်လေးအတွက် ကျေးဇူး အများကြီးတင်ပါတယ်။
ဘလော့ဂ်တွေ ပျော်စရာကောင်းခဲ့ချိန်ကို သတိပြန်ရမိတယ်။ စာတွေ ပြန်ရေးပါဦး....