12 June 2014

ရွာပါစေလေ...


ဘလော့ဂ်မှာ စာရေးသားခြင်းနှင့် ကင်းကွာနေခဲ့သည့် ကာလများအတွင်းက ကျနော် မကြာခဏ နားထောင်နေဖြစ်သည့် သီချင်းကလေးတပုဒ်အကြောင်း ပြောပြချင်ပါသည်။ သီချင်းကလေးက နိုင်ငံတကာ ဈေးကွက်တွေမှာ ထင်ရှား၊ လူသိများလှသည့် နာမည်ကြီး သီချင်းတော့ မဟုတ်၊ ဆွစ်တေးဂီတအဖွဲ့ တဖွဲ့ဖြစ်သည့် Gotthard အဖွဲ့၏ သီချင်းဖြစ်သည်၊ ဆွစ်ဇာလန်နိုင်ငံမှ တေးဂီတအဖွဲ့များသည် နိုင်ငံတကာဈေးကွက်တွင် ကမ္ဘာနှင့်ချီပြီး ထင်ရှားသည့်အဖွဲ့မျိုး မရှိသလောက် ရှားပါသည်၊ အလွန်ဆုံး ဥရောပနိုင်ငံများ အကြားတွင် ကြားဖူးနားဝ ရှိတာမျိုးလောက်ပဲ ဖြစ်ချင်ဖြစ်မည်၊ သည်ကြားထဲ ပြင်သစ်လို သီဆိုသည့် အဖွဲ့တွေ၊ ဂျာမန်လို သီဆိုသည့်အဖွဲ့တွေနှင့် ကွဲနေလိုက်သေးသည်၊ ဤသို့သော အကြောင်းအချက်တွေ ကြားထဲကမှ အင်္ဂလိပ်လို သီဆိုထားသော အဆိုပါ သီချင်းကလေးကို ကြားမိခဲ့ခြင်း ဖြစ်ပါသည်၊ သီချင်းကလေး နာမည်က "Let it rain" တဲ့…၊

ကျနော် အလုပ်လုပ်သော ဓာတ်ခွဲခန်းတခုထဲမှာ ရေဒီယိုလေး တလုံးရှိသည်၊ တိတ်ဆိတ်သော ဓာတ်ခွဲခန်းထဲမှာ ကိုယ့်အာရုံနှင့်ကိုယ် အလုပ်လုပ်ရင်း ရေဒီယို နားထောင်ရခြင်းကို ကျနော် နှစ်သက်ပါသည်၊ သို့နှင့် ရေနမူနာများကို ပီအိပ်ခ်ျတိုင်းဖို့ လုပ်နေသော နေ့လယ်ခင်းတခုမှာ "Let it rain" သီချင်းကလေးကို ရေဒီယိုမှ အမှတ်မထင် ကြားလိုက်မိခဲ့ခြင်း ဖြစ်သည်၊ Gotthard အဖွဲ့၏ ပင်တိုင်အဆိုတော် Steve Lee ၏ အက်ရှရှအသံနှင့်အတူ Let it rain သီချင်းက ကျနော့်ကို တခဏချင်းမှာ ဖမ်းစားလိုက်သည်၊ လုပ်လက်စအလုပ်ကို ခဏလေးချထားလိုက်ပြီး နားစိုက်ထောင်လိုက်တော့ Let it rain ထဲမှာ ကျနော့် တကိုယ်လုံး “စို” သွားတော့သည်၊ "♫♪ နာကျင်ပင်ပန်းရမှုတွေဟာ ငါတို့ အရှုံးပေး ထွက်ပြေးရလောက်အောင်တော့ မဟုတ်သေးပါဘူး… ♪♪♫”

"Let it rain, let it rain xxx till the sun comes back again" တဲ့၊ စတိဗ်က ဆိုသွားခဲ့သည်၊ ကျနော်တို့ဘဝတွေထဲက မိုးထဲရေထဲ ရွှဲရွှဲစိုနေခဲ့သော နေ့ရက်များကို သတိရစရာ၊ ဘယ်တော့မှတိတ်မှာ မဟုတ်ပါဘူးဟု ထင်ရလောက်အောင် တဖွဲဖွဲနှင့် မရပ်မနား ရွာနေခဲ့သော နေ့တွေ…၊ ထို့အတူ တအုံးအုံး တဒိုင်းဒိုင်းနှင့် ထစ်ချုန်း၊ အုံ့မှိုင်းပြီး လျှပ်ပန်းလျှပ်နွယ်တို့ဖြင့် သိပ်သည်းနေခဲ့သော နေ့တွေ…၊ ထိုသို့သော မိုးနေ့များ ကျနော်တို့အားလုံးမှာ ရှိခဲ့ဖူးပါ လိမ့်မည်၊ ကံမကောင်းသော နေ့ရက်များ၊ နာကျင်ညည်းတွား နေရသော နေ့ရက်များကို ဖြတ်သန်းနေစဉ်မှာ လောကသည် မှောင်မိုက်လွန်းလှသည်၊ အလင်းရောင်လေးသော်မှ မမြင်ရသော လှိုဏ်ခေါင်းများသည် ကျနော်တို့အားလုံးအဖို့ ရှည်လျားလှပါသည်၊ သို့သော် ဘယ်လောက်ပဲရှည်လျားရှည်လျား၊ ဘယ်လောက်ပဲ မှောင်မိုက်မှောင်မိုက် အဆုံးမှာတော့ နေရောင်ခြည်တန်းတို့ ပြန်ရောက်လာရစမြဲ…၊ မိုးရေတို့ဖြင့် စိုစွတ်အေးခဲ နေခဲ့သော လမ်းတို့က နွေးထွေးလင်းချင်းသော နေရောင်အောက်မှာ လျှောက်ချင့်စဖွယ် ပြန်ပြီး ဖြစ်လာရစမြဲ…၊ အရေးကြီးသည်က နေအလင်းပွင့်လာမည့် ထိုအချိန်တိုင် စောင့်နိုင်ဖို့ မြဲမြံခိုင်ကျည်သော စိတ်ဓာတ်ဖြစ်သည်၊

အကြောင်းတိုက်ဆိုင်၍ တခါက ကြည့်ဖူးခဲ့သော Best Exotic Marigold Hotel ဆိုသော ရုပ်ရှင်ကားလေးကို သတိရမိပါသည်၊ နောက်ကြောင်းကိုယ်စီ ရှိကြသော အင်္ဂလိပ်ခရီးသွားတို့ အိန္ဒိယနိုင်ငံက ဟိုတယ်တစ်ခုမှာ လာဆုံကြသည့် ဇတ်လမ်းဖြစ်သည်၊ ဟိုတယ်က ဆောက်လက်စတန်းလန်း၊ နေရေးထိုင်ရေးက အဆင်မပြေ၊ သို့သော် ဟိုတယ်ပိုင်ရှင် အိန္ဒိယကောင်လေးက ပျော်ပျော်နေတတ်ပြီး အရာရာကို အကောင်းဖက်ကနေ ကြည့်တတ်သူဖြစ်သည်၊ ထိုကောင်လေး ပြောလေ့ရှိသော စကားလေးတစ်ခွန်းက "Everything's gonna be alright at the end. If it is not alright, then it's not the end" ဟု ဖြစ်သည်၊ “အရာရာဟာ နောက်ဆုံးမှာ အဆင်ပြေသွားပါလိမ့်မယ်၊ အကယ်၍ အဆင်မပြေဘူး ဆိုရင် အဲဒါနောက်ဆုံး မဟုတ်သေးဘူး” ဆိုသော စကားလေးက ကြားရသူတိုင်းအဖို့ 'မင်းပဲ အပြောကောင်း' ဟုဆိုကာ ပြုံးချင်စရာ…၊ သို့သော် အသေအချာ တွေးကြည့်တော့လည်း ထိုစကားစုလေးက မမှားပါ၊ နောက်ဆုံးမှာတော့ အရာတိုင်းဟာ အဆင်ပြေသွားမှာပဲ မဟုတ်လား…၊ နာကျင်မှုတိုင်းအတွက် သက်သာခြင်းအခွင့် ရှိသလို ငိုကြွေးခဲ့ရသော မျက်ဝန်းတိုင်းအတွက်လည်း ပြုံးရယ်နိုင်သော ပါးစပ်တစ်ခု ရှိတာ သေချာပါသည်၊

မိုးတွေရွာနေသည့်တိုင် နေရောင်ခြည်တွေ ပြန်လာမှာပါဟု ပြောခဲ့သော Gotthard အဖွဲ့သား စတိဗ်ကတော့ ကံမကောင်းခဲ့ရှာပါ၊ ၂၀၁၀ ခုနှစ်က အမေရိကားတခွင်မှာ ဂီတဖျော်ဖြေပွဲလှည့်နေတုန်း ယာဉ်တိုက်မှုဖြစ်ကာ ကွယ်လွန်သွားခဲ့သည်၊ နီဗားဒါးပြည်နယ်အနီးက အဝေးပြေးလမ်းဘေးမှာ ခဏတာရပ်တန့် နားနေခိုက် ဖြတ်မောင်းသွားသည့် ကုန်ကားတစီးက ရပ်ထားသည့် သူ့ဆိုင်ကယ်ကို တိုက်မိပြီး ထိုမှတဆင့် ဆိုင်ကယ်ကသူ့ကိုပါ တိုက်ချသွားခဲ့ခြင်း ဖြစ်သည်၊

ဘဝက တကယ့်ကိုပဲ တိုပါသည်၊ သို့သော် ထိုဘဝတိုတိုလေးကိုပင် ကျနော်တို့ မေ့လျော့ပြီး စိတ်ပျက်အားငယ်၊ လက်မှိုင်ချ နေမိသည့် အကြိမ်များစွာ ရှိချင်ရှိနေပြန်သည်၊ စတိဗ် ဆိုသွားခဲ့သလို "Who did say this life will last forever" ဟု မကြာခဏ ကိုယ့်ကိုယ်ကို ပြန်မေးရမတတ်ပင်…၊ မရပ်မနား ရွာသွန်းတတ်သည့် မိုးများနှင့် ကြုံသည့်အခါ ကျနော်တို့၏ စိတ်ဓာတ်များ မိုးရေအောက်မှာ တိုက်စား၊ ဝါးမြိုခြင်း မခံရစေရန် သတိရှိဖို့လိုသည်၊ မိုးစဲသွားသည့် လင်းအရုဏ်နှင့်အတူ နွေးထွေးသည့် နေရောင်ခြည်တန်းများ ဖြာကျနေသော နေ့သစ်များ ကျနော်တို့အတွက် အခိုင်အမာ ရှိနေကြောင်း အမှတ်ရကြဖို့ လိုသည်၊ ပြီးတော့ သီချင်းအဆုံးသတ်မှာ "Have faith in love and please don't cry" ဟု စတိဗ် ဆိုခဲ့သလို ချစ်ခြင်းမေတ္တာအပေါ် ရိုးသားစွာပဲ ယုံကြည်ကြမည်၊ ထိုယုံကြည်မှုကပဲ ကျနော်တို့၏ မျက်ရည်များကို ရပ်တန့်စေလိမ့်မှာ ဖြစ်ပါသည်…။ ။



Video credit: Satyajit Karmakar on Youtube


ညီလင်းသစ်
၁၂ ဇွန်၊ ၂၀၁၄

10 comments:

Anonymous said...

နေသာမယ့်နေ့ကို စောင့်နေခဲ့တာ ကြာပါပြီလေ

လိုဏ်ခေါင်းထဲက ညီ

Myu La said...

Yeap, let it rain ^_^

ဇွန်မိုးစက် said...

တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်မှာဒီနေ့ မိုးတွေသိပ်ရွာနေတယ် အစ်ကို။ လိုင်းသိပ်မကောင်းတော့ သီချင်းနားထောင်လို့ မရဘူး။ စာပဲဖတ်သွားတယ်။း)

ခင်မင်သတိရစွာ
ဇွန်

မိုးငွေ့........ said...

တိုက်တိုက်ဆိုင်ဆိုင် ဒီမှာလည်းမနက်ကတည်းကနေရွာလိုက်တဲ့မိုးက တိတ်ကိုမတိတ်တော့ဘူး...။ မဖတ်ရတာကြာတဲ့အစ်ကို့ပို့စ်လေးကိုဖတ်ရင်း မိုးရေတွေစိုရွှဲသွားခဲ့ရတယ်...။ မိုးရွာပြီးရင် နေခြည်ဖြာမှာပဲလေ..။ ဘာပဲဖြစ်ဖြစ် ညီမကတော့ မိုးကိုချစ်တယ်...။

စူးနွယ်လေး said...

welcome back Ko Nyi Linn!!
Let it snow ပဲသိတယ် :D

မြတ်ကြည် said...

long time, no posts bro. Welcome back. :)

Anonymous said...

ကြာခဲ့ပြီကော..သတိရခြင်းများစွာ
သည်းသည်းမည်းမည်းရွာနေတဲ့ မိုး
ရွာပါစေလေ ~

ညီလင်းသစ် said...

ညီ…
နေရိပ်အလာ၊ နေပူကစောင့် မဟုတ်ဘဲ နေပူအလာကို လှိုဏ်ခေါင်းထဲက စောင့်တယ်ပေါ့လေ…။းD

Sis Myu La…
Yes. Let it rain till it has no more water, isn't it? :)

ဇွန်…
မိုးထဲရေထဲမှာ လှုပ်လီလှုပ်လဲ့ လိုင်းစီးပြီး စာလာဖတ်သွားလို့ ကျေးဇူးပါ ညီမလေး…၊

မိုးငွေ့…
မိုးကိုချစ်မှန်း နာမည်ကြည့်ရုံနဲ့တင် သိပါတယ်ဗျား…၊း) နေကောင်းတယ်ဟုတ်…။

မစူးနွယ်…
Thanks sis…! ဟုတ်တယ်၊ နောက်ဆို Let it sun တို့၊ Let it wind တို့ပါ ဆက်လာဖို့ ရှိတယ်…။းP

ညီမမြတ်ကြည်…
Thanks sis…! Yeah, it's really quite a long time, huh? :)

အမည်ဝှက်စာဖတ်သူ…
ဒါဆိုရင်တော့ အတော့်ကို သည်းနိုင်တဲ့ မိုးပဲ ဖြစ်ရမယ်…။း)

နော်ခိုင် said...

"Everything's gonna be alright at the end. If it is not alright, then it's not the end
အဲဒီ စာသားလေး တအားကြိုက်တယ်။ ဖဘ မှာ ရှယ်ပါရစေ ကိုညီရေ။

Anonymous said...

Thanks for "Let it rain" song, it got feel unseen strength & energy.