05 September 2011

သော့


Photobucket

နှစ်ပေါင်း အတော်ကြာ ပျောက်နေခဲ့သော သော့လေးတစ်ချောင်းကို တမြန်နေ့က မထင်မှတ်ဘဲ ပြန်တွေ့ မိပါသည်၊ မုတ်ဆိတ်ရိတ်သည့် ဂျုတ်ထည့်ထားသော သံခွက်ကလေးထဲမှာ ပြန်တွေ့ခဲ့ခြင်း ဖြစ်သည်၊ မထင်မှတ်သည့် အချိန် မထင်မှတ်သည့် နေရာမှာ တွေ့လိုက်ရသည့် အတွက် သူ အံ့သြသွား မိသည်...၊ ထို့နောက် တဆက်တည်း ကြောင်းကျိုးဆက်နွယ်မှုကို စဉ်းစားမိပြန်သည်၊ ထိုခွက်ထဲမှာ ဘယ်အချိန် ကတည်းက ဒီသော့လေး ရောက်နေခဲ့သလဲ...၊ ဘယ်လိုက ဘယ်လို ရောက်နေတာလဲ၊ တစ်ယောက်ယောက်ကများ ထည့်ထားခဲ့တာလား...၊ မေးခွန်းတွေ မေးမိပါသည်၊

ဤသော့လေးကို တခါတုန်းက သူ အသည်းအသန် လိုက်ရှာခဲ့ ဖူးသည်၊ ဘီဒိုတွေ အံဆွဲတွေ ထဲမှာ၊ စာအုပ်စင်တွေ ပေါ်မှာ၊ အခြား သော့တွဲတွေ ထားလေ့ရှိသည့် နေရာမှာ၊ တံခါးရွက်တွေ အနောက်က သံချိတ်တွေ ပေါ်မှာ၊ အစရှိသဖြင့်...၊ ပုံမှန်အားဖြင့် သော့တစ်ချောင်း ရှိ နေနိုင်သည့် နေရာမှန်သမျှ သူလိုက်ရှာ ခဲ့ပါသည်၊ ထိုနေရာတွေမှာ မတွေ့ရသည့်အခါ ပုံမှန်အားဖြင့် သော့တစ်ချောင်း ရှိမနေနိုင်သော နေရာတွေမှာပါ ဆက်ပြီး ရှာခဲ့သည်၊ သို့ဖြင့် အိပ်ရာခင်း၊ ခေါင်းအုံးစွပ်များ၊ အင်္ကျီအဝတ်အစား များသာ ထားသောနေရာမှ အစ၊ မီးဖိုချောင် ထဲက ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ထားသည့် ဘီဒိုပုလေးအလယ်၊ ဝိုင်ပုလင်းများ၊ တိုလီမုတ်စ ပစ္စည်းများသာ ထားတတ်သော မြေအောက် cellar ခန်းထဲအဆုံး တအိမ်လုံး နီးပါး လိုက်ရှာခဲ့သည်၊ ဘယ်မှာမှ မတွေ့ခဲ့...၊ သူ စိတ်ဓါတ်ကျသွား သလို အတော်လေးလည်း မခံချိမခံသာ ဖြစ်သွားမိသည်၊ သူသည် ပုံမှန်အားဖြင့်ဆိုလျှင် စေ့စပ်သေချာသူ တစ်ယောက်ဖြစ်ပါသည်၊ ပစ္စည်းတစ်ခုကို တနေရာမှာ ထားလိုက် မိပြီဆိုလျှင် ထိုနေရာကို မေ့မသွားအောင် ပြန်မှတ်မိနိုင်မည့် နည်းမျိုးစုံဖြင့် မှတ်လေ့ရှိသည်၊ ယခု ဤသော့လေးနှင့်ကျမှ လက်မှိုင်ချခဲ့ရခြင်း ဖြစ်သည်၊ မတတ်နိုင်တော့၊ ဒါဟာ ဇရာရဲ့ ပထမဆုံး လက်သီးပုန်းကြောင့် မှတ်ဥာဏ်တွေ ချို့ယွင်းကုန်ခြင်း များလား...၊

သို့နှင့် နံရံပေါ်က ပြက္ခဒိန်တွေသာ တစ်စောင်ပြီးတစ်စောင် အမှိုက်ပုံးထဲသို့ ရောက်သွားခဲ့ပြီး လွန်ခဲ့သော တစ်ရက်ကမှ စောစောက ပြောခဲ့သည့် သံခွက်ကလေးထဲမှာ မရှာဘဲနှင့် သွားတွေ့ခဲ့ခြင်း ဖြစ်သည်၊ သူ မုတ်ဆိတ်ရိတ်သည့် ဂျုတ်ကို ထိုသံခွက်လေးထဲမှာ ထည့်ပြီး သုံးလာတာကပဲ နှစ်ပေါင်း မနည်းတော့...၊ ပထမတော့ ထိုသံခွက်ထဲမှာ ဂျုတ်နှင့် အပိုဘလိတ်ဓားကဒ် တွေပဲ ရှိသည်၊ နောက်ပိုင်းမှာ လက်သည်းညှပ်၊ လက်သည်းတိုက်သည့် ကျားလျှာ၊ မျက်လုံးမှာ ဆွဲသည့် အိုင်းလိုင်နာခဲတံ၊ ခဲတံချွန်စက်၊ ဇာဂနာ၊ ဆံပင်ညှပ်သည့် ကလစ်၊ ဘောပင် အစရှိသည့် သူနှင့် သိပ်မဆိုင်သော ပစ္စည်းများပါ ရောက်လာသောအခါ သူ့ သံခွက်ကလေးက ပြည့်ကျပ် သွားခဲ့သည်၊ သူကလည်း မုတ်ဆိတ်၊ နှုတ်ခမ်းမွေး ရိတ်စရာ ရှိသည့်အခါ ယူရိတ်၊ ပြီးသည့်အခါ ဂျုတ်ကို ခွက်ထဲ ပြန်ထည့်သည်မှ လွဲ၍ ခွက်ထဲကို တခါမှ သေသေချာချာ မကြည့်မိခဲ့...၊ ယခု မတွေ့တော့ပါဘူးဟု သူထင်ထားခဲ့သည့် သော့လေးက ထိုသံခွက်ထဲမှာ ပစ္စည်းတွေကြား ညပ်လျက်...၊သော့ကလေးကို ခွက်ထဲမှ နှိုက်ယူလိုက်သည့် ခဏမှာပဲ သူ့စိတ်ကလည်း သူရှိနေသည့် မျက်နှာသစ် ကြွေဘေစင် အရှေ့မှ နေ၍ ကီလိုမီတာ ရှစ်ထောင်ကျေုာ်ခန့် ဝေးကွာသော မင်းနေပြည်တော်ဟောင်း တစ်ခုသို့ တမုဟုတ်ချင်း ဝေ့ဝိုက်ထွက်ခွာ သွားတော့သည်၊

အဲဒီတုန်းက သူနှင့် ချစ်သူတို့ မန္တလေး ဈေးချို နာရီစင်အနီးက အရှေ့အနောက်တန်းသည့် လမ်းလေး တစ်လမ်းထဲမှာ လမ်းလျှောက် နေခဲ့ချိန် ဖြစ်သည်၊ လမ်းကလေးသည် မန္တလေးမြို့၏ အခြားသော လမ်းများနည်းတူ နေရောင်ခြည် ခပ်ပြင်းပြင်းအောက်မှာ ပျင်းရိငြီးငွေ့စွာ တိတ်ဆိတ် ငိုက်မြည်း နေခဲ့သည်၊ လမ်းဘေးမှာတော့ တိုလီမုတ်စ၊ ပစ္စည်းအတိုအထွာ ပေါင်းစုံကို ဗန်းလေးတွေထဲမှာ ထည့်ရောင်းသည့် ဈေးဆိုင်လေးတွေ ရှိသည်၊ စကားတပြောပြောနှင့် လျှောက်လာကြရင်းမှ ထိုကဲ့သို့သော ဈေးဆိုင်လေး တစ်ဆိုင်ရှေ့မှာ သူမက 'ခဏကြည့်ရအောင်'ဟု ပြောပြောဆိုဆိုဖြင့် ရပ်လိုက်သည်၊ ရုတ်တရက်မို့ သူ လည်း ပြောလက်စ စကားတန်းလန်းဖြင့် ကြောင်တောင်တောင် ဖြစ်သွားပြီး ရောယောင် ရပ်လိုက်ရသည်၊ သူတို့နှစ်ယောက် သူ့ ဆိုင်ရှေ့မှာ ရပ်လိုက်တာမြင်တော့ ဆိုင်ရှင် အိန္ဒိယနွယ်ဖွား အမျိုးသားက ခုံပုလေးမှာ ထိုင်နေရာက ဝမ်းသာအားရ ထရပ်သည်၊

" ကြည့်ပါ...၊ ဘာ အလိုရှိပါသလဲ... "

သည်တော့မှ ခင်းကျင်းထားသည့် ဗန်းကလေးထဲကို သူ ကြည့်မိသည်၊ ဗန်းထဲမှာက သော့ခလောက်၊ သော့တံ အဟောင်းများ၊ ဝက်အူလှည့်များ၊ မူလီ အပိုင်းအစများ၊ သံတိုသံစများ၊ စာရွက်ညှပ်သည့် ကလစ်များ စသည့် အတိုအထွာ များစွာ...၊ သူ အနည်းငယ် အံ့သြသွားခဲ့သည်၊ ဒီလို ပစ္စည်းတွေထဲက သူမ ဘာများ လိုချင်လို့ ပါလိမ့်ဟု မျက်မှောင်ကြုတ်လျက် အပြေးအလွှား စဉ်းစားကြည့် မိသည်၊ သူ့ အတွေး မဆုံးမီ မှာပင် သူမက ...

" ဒီသော့တံလေးတွေ ကြည့်ရအောင်.." ဟု ဆိုင်ရှင်ကို လှမ်းပြောလိုက်သည်၊

သူမ ညွှန်ပြရာသို့ ကြည့်လိုက်တော့ ရှေးခေတ်က သုံးခဲ့သည့် ရိုးတံရှည်ရှည်နှင့် အခေါင်းပေါက် ပါသည့် သော့တံများ...၊ သော့တွေက အခုခေတ် တရုတ်လုပ် သော့တွေနှင့်စာလျှင် ရှည်လျားပြီး အနည်းငယ်လည်း လေးလံမည့်ပုံ ပေါ်သည်၊ ဆိုင်ရှင်က သံချောင်းနှင့် တွဲထားသည့် အမျိုးအစားတူ သော့တံ အတွဲကြီးတစ်ခု လှမ်းပေးသည်၊ သူမက သံချောင်းနှစ်ခုကို ချိတ်ထားသည့် နေရာမှ ဖြုတ်လိုက်ပြီး သော့တံတချို့ကို သံကွင်းထဲမှ ဖြုတ်ကြည့်နေသည်၊ ဆိုင်ရှင် အိန္ဒိယ အမျိုးသားက သူတို့ကို အကဲခတ် ကြည့်နေရင်း ပါးစပ်ထဲမှ ကွမ်းသွေးတွေ နောက်ဖက်ကို ပျစ်ကနဲ လှည့်ထွေးလိုက်ပြီး သူ့ပစ္စည်းတွေကို တချက် အမွှမ်းတင် လိုက်သည်၊

" ဒါတွေက ဟိုးအရင်တုန်းက သုံးခဲ့တဲ့ သော့တွေ..၊ အခုခေတ်မှာ တွေ့ဖို့ မလွယ်တော့ဘူး " ...၊

သူမော့ကြည့်လိုက်တော့ ဆိုင်ရှင်က သူ့ကိုယ်သူ ဆော့သ်ဘီ လေလံခန်းမ,မှ ရှေးဟောင်းပစ္စည်း အကဲဖြတ် အရာရှိအလား မျက်နှာထားက ခပ်တင်းတင်း...၊ ဤသော့များသည် ရှေးဟောင်းသော့များ ဖြစ်ကြောင်း သူရော သူမ, သာမက မြင်သမျှ လူတိုင်းကပင် သိနိုင်ပါသည်၊ သည်လူ့နှယ် သူ့ပစ္စည်းတွေ၏ တန်ဖိုးကို မြှင့်တင်ဖို့ သည့်ထက်ကောင်းသည့် စကား ရှာမတွေ့ဘူး ထင်ပါရဲ့...၊ သူမက ဆိုင်ရှင်ကို ဘာမှ ပြန်မပြောဘဲ သော့တံ လေးငါးချောင်းကိုသာ အပြန်ပြန် အလှန်လှန် ကြည့်နေသည်၊ သူကလည်း ဘေးမှာ တိတ်တဆိတ် အသာရပ်ကြည့်ရင်း ထိုသော့တံတွေနှင့် ဖွင့်ရမည့် သော့ခလောက်များကို ဘာရယ်မဟုတ် ရှာဖွေနေမိသည်၊ လင်ဗန်းထဲမှာ သော့ခလောက် သုံးလေးလုံးလောက်တော့ တွေ့မိသည်၊ သို့သော် အချို့က သံချေးများ တက်နေသည့်အပြင် အားလုံးကလည်း အရောရော အထွေးထွေး...၊ သော့ခလောက်နှင့် သူ့သော့တံ အတွဲကို ရှာတွေ့ဖို့ လွယ်မည် မထင်ပါ၊ နေစမ်းပါဦး..၊ တွေ့ပြီပဲ ထား၊ ဒီလို သော့အဟောင်းအမြင်း တွေကို ဘာလုပ်ရမှာတုန်း၊ စဉ်းစားနေရင်းမှ သူ သိချင်လာမိသည်၊ သူမကို လှည့်မေးရန် စကား စ,မလို့ ပြင်ဆဲ သူမက လက်ထဲမှ သော့ ၂ ခုကို ပြရင်း...

" ဒါ ဘယ်လောက်လဲ " ဟု ဆိုင်ရှင်ကို မေးလိုက်သည်၊

" ၃၀၀ ပဲ ပေးပါ "

သူမ,က ခဏ စဉ်းစားလိုက်ရင်း ...

" ၂၀၀ ပေးမယ် " ဟု ဈေးဆစ်လိုက်သည်၊

ထိုစကားကို ကြားတော့ သူ့စိတ်ထဲမှ ပြုံးမိသည်၊ သူက ဈေးဆစ်ရ တော့မည်ဆို အင်မတန် ဝန်လေးသလောက် သူမကတော့ ဈေးဆစ်ရတာ ပျော်သည်ဟု သူ့ကို ပြောဖူးသည်၊ သူ ယုံပါသည်၊ ဒါက တကယ့်ဈေးအမှန်ကို ခန့်မှန်းရင်း ကိုယ်နဲ့ ဈေးသည်ရဲ့အကြားက စိတ်အားပြိုင်မှု တမျိုးပဲ မဟုတ်လား၊ အခုလည်း ဒီလူတွေ ဈေးကို ပိုပြောလိမ့်မည်ဆိုတာ သူတို့ နှစ်ယောက်လုံး သိပါလျက် သူက စဉ်းစားတုန်း ရှိသေး သူမက ကောက်ခါငင်ကာ ဆစ်ချလိုက်သည်၊ ဆိုင်ရှင် အိန္ဒိယ အမျိုးသားက ...

" မရပါဘူး " ဟု ပြောရင်း ခေါင်းခါသည်၊ တဆက်တည်း မချိပြုံး ပြုံးရင်း ဆံပင်ကို တချက်သပ်လျက် အဝေးကို ခပ်ဆွေးဆွေး လှမ်းကြည့် လိုက်သည်၊ သူ့ကိုယ်သူ မိမိချစ်သူ သူဌေးသားနောက် ပါသွားခါနီး ရီဝေစွာ လွမ်းသွားသည့် အခန်းကို သရုပ်ဆောင်နေသည့် မင်းသား ရှရွတ် ခန်းများ အောက်မေ့နေလား မသိ၊ သူ့သော့တွေကို ဒီလို ဈေးနှိမ်သည့်အတွက် ကြေကွဲရပါသည် ပေါ့လေ...၊

ထိုစကားကို ကြားသည့်အခါ သူမက 'ဒါဆိုလည်း ပြီးရောလေ' ဟုဆိုလျက် သူ့လက်ကိုဆွဲပြီး 'လာ.. သွားရ အောင်' ဟု လှည့်ထွက် လာသည်၊ သူတို့ လေးငါးလှမ်းလောက်ပဲ လှမ်းရသေး၊ အနောက်ဖက်မှ ...

" လာ..လာ၊ အဲဒီဈေးပဲ ပေးခဲ့ ..." ဟု လှမ်းခေါ်သည်၊

သူမက ကျေနပ်စွာပြုံးရင်း 'တွေ့တယ် မဟုတ်လား' ဟု အဓိပ္ပါယ်ပါသော အကြည့်ဖြင့် သူ့ကို လှည့်ကြည့်သည်၊ ဆိုင်ရှင်၏ စိတ်ကို သူမ ကြိုပြီး ဖတ်နိုင်ခဲ့သည် မဟုတ်လား၊ သို့နှင့် ရှေးဟောင်း သော့လေး ၂ ချောင်းကို သူမက လက်ထဲမှာ ဆုပ်ကိုင်ရင်း သူတို့ ဆက်လျှောက်လာ ခဲ့သည်၊ အတော်လှမ်းလှမ်း ရောက်မှ သူမက ...

" ဒီသော့တွေက တို့နဲ့သူနဲ့ တစ်ယောက်တစ်ချောင်းစီ ယူဖို့ ... " ဟု ပြောပြောဆိုဆိုနှင့် သူ့ကို သော့တံတစ်ခု လှမ်းပေးသည်၊

'သော့ဆိုတာက တခုခုကို ခတ်ပြီး သိမ်းဖို့ မဟုတ်လား၊ တို့ရဲ့ ချစ်ခြင်းတွေကို ဒီသော့တွေနဲ့ အတူ တသက်လုံးစာ ခတ်သိမ်းထားမယ်လေ' ဟု ပြုံးပြီးပြောသည်၊ မန္တလေး၏ နေရောင်ခြည်သည် မျက်ဝန်းတွေကို အရည်ပျော်စေလောက်အောင် ပူပြင်းသလား မသိ၊ ထိုစကားကို ပြောစဉ်မှာ သူမ၏ မျက်ဝန်းတို့ စိုလဲ့နေခဲ့သည်၊ သူ့ ဘယ်ဖက်ရင်အုံမှာတော့ တင်းကနဲ ဖြစ်သွားသည့် ခံစားမှုနှင့်အတူ ချောက်ကနဲ သော့ခလောက်သံ ကြားလိုက်မိ သလိုလို...၊

" တကယ့်ကို ချစ်စရာ ကောင်းလွန်းတဲ့ စိတ်ကူးလေးပါပဲ၊ ကျေးဇူး တင်ပါတယ်ကွာ " ... ...၊

သော့ကလေးကို လှမ်းယူပြီး ကြည့်လိုက်တော့ သော့ပေါ်မှာ 1500 ဟု ထွင်းထားတာ တွေ့ရသည်၊ သော့ကို ထုတ်လုပ်စဉ်က ဘယ်လို အဓိပ္ပါယ်နှင့် ထွင်းထားထွင်းထား..၊ သည်လို အချိန်မှာ အလိုအပ်ဆုံး ကိန်းဂဏန်းတစ်ခုက ဒီဂဏန်းအပြင် တခြား ဘာများ ရှိနိုင်ဦးမှာလဲ၊ သူ သော့လေးကိုသာ ပြုံးပြီး ငုံ့ကြည့် နေမိသည်၊ အခြား ဘာကိုမှ မမြင်တော့၊ နားထဲမှာလည်း အခြားဘာသံမှ မကြားတော့၊ မန္တလေးမြို့သည် နေ့ခင်းကြောင်တောင်၌ပင် ဤမျှ တိတ်ဆိတ်မှန်း သူတခါမှ သတိမထားမိခဲ့၊ အင်မတန် ပြင်းထန်သော ဗုံးတစ်လုံး ဘေးနားမှာ ကပ်ပြီး တုန်ခါပေါက်ကွဲ သွားသလို နားထဲမှာ အသံမဲ့...၊ တကယ်တော့ အချစ်ဆိုတာ လူတိုင်းလူတိုင်းက အသေခံ ဖောက်ခွဲရေးသမားတွေလို ဘယ်ဖက်ရင်အုံမှာ လိုလိုလားလား ချည်ချင်ကြတဲ့ အပြင်းထန်ဆုံး ဗုံးကလေး တစ်လုံးပဲ မဟုတ်လား...၊

စိတ်မှတ်မဲ့ဖြင့် လက်က ရင်ဘတ်ကို ယောင်ရမ်း စမ်းမိသည့် အချိန်မှာတော့ သူက မန္တလေးမြို့လယ်ခေါင်မှာ မဟုတ်တော့ဘဲ သူ့အိမ်က မျက်နှာသစ် ကြွေဘေစင်ရှေ့ကို ပြန်ရောက်နေ ခဲ့သည်၊ လွန်ခဲ့သော ဆယ်စုနှစ် ကျော်ကျော်မှ အဖြစ်အပျက်များသည် ယခုတိုင် ပြတ်သားစွာ ထင်ကျန်နေတုန်း...၊ ချစ်သူကကော...၊ ဒီအကြောင်းတွေကို သူ့လိုပဲ သတိရနေမလား၊ မန္တလေးမြို့မှာ သော့ခတ်ခဲ့တဲ့ ချစ်ခြင်းတွေကို တွေ့နိုင်ပါဦးမလား၊ ပြန်တွေးမိတော့ သူ့စိတ်ထဲ ပါးပါးလျလျကလေး လွမ်းမိသွားသည်၊ အလွမ်းက လေအဝှေ့မှာ မျက်နှာပြင်ကို ပိုးပုဝါစလေး တစ်စ ပွတ်တိုက်ကြည်စယ် သွားသလိုမျိုး ...၊

ထိုအခိုက်မှာပဲ ရေချိုးခန်းတံခါး ပွင့်သွားသည်၊ လှည့်ကြည့်လိုက်တော့ အိပ်ချင်မူးတူး မျက်လုံးတွေနှင့် မအိမ်သူ...၊ 'ညက အိပ်လို့ကောင်းရဲ့ လား'ဟု သူ နှုတ်ဆက်လိုက်သည်၊ သွားပွတ်တံပေါ် သွားတိုက်ဆေး ညှစ်ရင်း 'အင်း'ဟု မပွင့်တပွင့် ဖြေရင်းမှ ဘေစင်ပေါ် တင်ထားသည့် သံခွက်ကလေးကို တွေ့သွားတော့ 'ဘလိတ်ဓား အသစ် လိုက်ရှာနေတာလား' ဟု မေးသည်၊ 'မဟုတ်ပါဘူး' ဟု ပြန်ဖြေရင်း သော့ကလေး အကြောင်း ပြောပြလိုက်ရင် ကောင်းမလားဟု သူ စဉ်းစားနေမိသည်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ဒါဟာ သိသင့်တဲ့ ကိစ္စပါပဲဟု တွေးရင်း ...

" ဒီမှာ ကြည့်ပါဦး ... " ဟု လက်ထဲမှ သော့ကလေးကို သူ ပြလိုက်သည်၊

" ဟင် ... ဘယ်က ပြန်တွေ့တာလဲ "

သူမ အိပ်ချင်ပြေသွားဟန် တူသည်၊ သူက သံခွက်ကလေးကို လက်ညှိုးထိုးပြ လိုက်ရင်း သိချင်နေတာ တခုကိုလည်း မေးလိုက်သည်၊

" ဒီသော့လေး ရခဲ့တုန်းက အကြောင်းကို ပြန်စဉ်းစားနေတာ၊ သိချင်နေမိတာက အဲဒီတုန်းက ဒီသော့လေးနဲ့ ခတ်ပြီး သိမ်းခဲ့တဲ့ အရာတွေ ဟာ အဲဒီတုန်းကအတိုင်း ရှိသေးလား ဆိုတာ ... "

သူက စကားကို အဆုံးထိ မဆက်ဘဲ တဝက်မှာပင် တမင် ဖြတ်ချထားလိုက်သည်၊ မအိမ်သူက သွားပွတ်တံကို ရေဘုံဘိုင်အောက်မှာ ရေစွတ်လိုက်ရင်း ...

" ဘယ်လို ထင်လို့လဲ ... " ဟု ပြုံးစစနှင့် ပြန်မေးသည်၊ တခုခုကို အတည် မဖြေချင်တဲ့ အခါတိုင်း အဲဒီလို နောက်တီးနောက်တောက် မျက်နှာပေးမျိုးကို သူမဆီမှာ တွေ့ရနေကျ...၊

" ကိုယ်ထင်တာတော့ ဒီအတိုင်းပါပဲ၊ ဒါပေမယ့် ကာယကံရှင်ဆီက confirmation ရတော့ ပိုကောင်းတာပေါ့ " ... ၊

သူမက ချက်ချင်း ပြန်မဖြေဘဲ သုံးလေးချက်လောက် သွားဆက်တိုက် နေလိုက်သေးသည်၊ ဘယ်လိုများ ဖြေရင် ကောင်းမလဲလို့ စဉ်းစားနေတာ များလား၊ ပြီးတော့ သွားတိုက်ဆေး အမြှုပ်တွေကို ကြွေဘေစင်လေး ထဲမှာ အသာ ထွေးချလိုက်ရင်း ရေတငုံဖြင့် ပလုပ်ကျင်းလိုက်ပြီးမှ ...

" အဲဒီအရာတွေကို ဖွင့်ဖို့သော့က တစ်ချောင်းတည်းပဲ ရှိတဲ့အပြင် အဲဒီသော့ပိုင်ရှင် ကိုယ်တိုင်တောင်မှ သူ့သော့ကို ဘယ်နားထားမိမှန်း မသိဖြစ်နေခဲ့တာ မဟုတ်လား၊ ဆိုတော့ ဒီမနက်မှ ပြန်တွေ့တဲ့ သော့တစ်ချောင်းနဲ့ ခတ်ထားခဲ့တဲ့ အရာတွေက အဲဒီတုန်းကအတိုင်း အရာမယွင်းပါပဲရှင် " ဟု ကြည်ကြည်စင်စင် ပြန်ဖြေသည်၊

သူ ပြုံးလိုက်သည်၊ ရေချိုးခန်းလေးထဲမှာ သိင်္ဂါရ မြစ်တစ်စင်း ဖြတ်စီးသွားလေသည် ...။ ။


ညီလင်းသစ်
၎ စက်တင်ဘာ၊ ၂၀၁၁

50 comments:

Anonymous said...

အိုးးးသော့တခုနဲ့ အတူချစ်ခြင်းတွေကိုခတ်ထားဖို့ သိပ်လှတဲ့စိတ်ကူးတခုပဲ။
ပြင်ပမှာတော့ နှောင်တည်းမှုတွေမပါတဲ့ချစ်ခြင်းတွေပဲဖြစ်စေချင်မိတယ်
မြင့်သန်းစာထဲမှာဖတ်ရတာတော့ ချစ်ခြင်းဆိုတာသူ့ ချည်းပဲခိုင်မြဲတယ်တဲ့ လူတွေကသာချစ်ခြင်းကို အရောင်ဆိုးပစ်ကြတာပေါ့.....
ညီ

Anonymous said...

I swim at your "theingara"river.It's so smooth and I love her answer.
Gyidaw

Nyi Linn Thit said...

ညီ ...
သဘောတူတယ်ဗျ၊ ချစ်ခြင်းဆိုတာ သူ့ချည်းပဲ ခိုင်မြဲတယ် ဆိုတာ...၊း) ပြတ်သွားတယ် ဆိုရင်တောင် ချစ်ခြင်းကိုယ်နှိုက်က ပြတ်တာ မဟုတ်ဘဲ လူနဲ့ အဲဒီချစ်ခြင်းကို ဆက်ထားတဲ့ ဆက်ထုံးက ပြတ်တာပဲ ဖြစ်လိမ့်မယ်..၊း)

ဂျီးဒေါ် ...
ကူးသာ ကူးပါ ဂျီးဒေါ်ရေ...၊ သိင်္ဂါရ မြစ်ဆိုတာ ကလီယို ပက်ထရာ ကူးခဲ့တဲ့ ပင်လယ်သေလို ပါပဲ၊ ကူးသူကို လန်းဆန်း နုပျိုစေတယ် မဟုတ်လား...။းD

လင်းခေတ်ဒီနို said...

အရေးအသားကတော့ ပြောစရာမလိုအောင်ကောင်းလွန်းတယ်ဗျာ . . . ပေးချင်တဲ့ မက်ဆေ့လေးကို အထိရောက်ဆုံးဖြစ်အောင် ညက်ညက်ညောညာ ပေသွားနိင်တယ် . . .

ခင်မင်စွာဖြင့်
ဗညားရှိန်

မဒမ်ကိုး said...

အင်း တို့အကိုက အရေးကလဲတော်
အဖြေလဲတော်ပဲး)

စာလေးလဲညက် အဖြေလဲညက်လို့ အထောင်းသက်သာမယ်ထင်ပါ့း)

ခင်တဲ့
မဒိုးကန်

တောင်ငူသား said...

သော့လေးပေးခဲ့တဲ့ နေရာက မန္တလေးဖြစ်နေတော့ မအိမ်သူ မဟုတ်တဲ့ တစ်ယောက်လို့ တောက်လျှောက်ထင်နေရာကနေ အဆုံးရောက်တော့ မအိမ်သူ ပဲဖြစ်နေတယ်နော်။ အရေးအသားက သိမ့်မွေ့လွန်းတော့ အဖြေချက်ချင်း မရဘူး ဖြစ်နေတယ်။ ဇာတ်ညွှန်းအရ နေရာဒေသနဲ့ အခေါ်အဝေါ်က မန္တလေးနဲ့ ချစ်သူ ဖြစ်နေတော့ အကိုတို့စုံတွဲရဲ့ ဖူးစာဆုံဖြစ်ပုံကို ပိုသိချင်သွားမိတယ်။ ရေးထားပြီးသားဆိုရင် ဘယ်ပို့စ်လဲ ညွှန်ပေးပါဦး။

တောင်ငူသား said...

အဲ.. တခုကျန်သွားတယ်။ ကျွန်တော် စာဖတ်မသျှမ်းဘူး ဆိုရင် မအိမ်သူ ဆီက ဆင်တူ သော့ နောက်တစ်ချောင်းကော အကို?

နေ၀သန် said...

ကိုညီလင်းသစ်တို့ ဘာစကားနဲ့ပြောတာလဲဟင်.. :D.. ဖတ်ရတာရော.. အကြောင်းအရာလေးရော ချောနေတယ်.... အဲလို ချောနေအောင် မိခင်ဘာသာစကားနဲ့မဟုတ်ရင် ပြောဖို့ မလွယ်ဘူးနော်... :P..

ခင်မင်လျက်
နေ၀သန်

မြူးမြူး said...

Wow!!! very romantic!!! ;)

Vista said...

ဖတ်လို့ ကောင်းလိုက်တာ ရေးတတ်တယ်။

Anonymous said...

ကောင်းမှကောင်းပဲ။ ကွန်မန့်တွေက မေးထားတာတွေကိုလဲ သဘောကျပါ့။ ဆက်ရန်ရှိအုံးမလားမသိ...
N/A

mstint said...

စာအရေးအသားကောင်းလိုက်တာနော်။ တန်ဘိုးကြီးတဲ့ သော့လေး နောက်တစ်ခေါက် ထပ်မပျောက်နိုင်အောင် ဂရုစိုက်အုံးနော်း)
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

ဟိုးရင်ထဲထိ နက်နက်ရှိုင်းရှိုင်း ရောက်တယ်အကို...:)
တစ်ကယ်ကြည်နူးစရာ အပြည့်လေးမို့..နှလုံးသားနဲ့ ခံစားပြိး ဖတ်သွားတယ်အကို....
သြော် ပြောမယ် ပြောမယ်နဲ့ မဖြစ်တာ ရှိသေးတယ် အကိုရဲ့ မမ မဟေသီရဲ့ နာမည်လေး လှတယ်လို့ ..:) ဘလော့တွေ ရေးရင် မအိမ်သူ မအိမ်သူ ဆိုပြိး အကိုထည့်ထည့်ေ၇းနေတာ မကြာခဏ တွေ့နေပေမယ့် စိတ်ထဲကပဲ ချီးကျူးမိပြိး အပြင်မှာ တစ်ခါမှ မပြောဖူးသေးတာမို့ အခု မှပဲ ပြောမိတယ် :)
ကောင်းသောနေ့လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း...

မေဓာဝီ said...

မအိမ်သူရဲ့ စိတ်ကူးလေးက ချစ်ဖို့ကောင်းလိုက်တာ။ ဒါကြောင့်လဲ ကိုညီလင်း ရင်ထဲမှာ ချစ်ခြင်းမေတ္တာဗုံးတလုံးကို တသက်စာ ချည်နှောင်ခဲ့တာပေါ့နော်။

ခုချိန်မှာ သော့ခတ်ထားတာတွေကို ပြန်ဖွင့်ကြည့်ရင် ၁၅၀၀ ဆိုတဲ့ ချစ်ခြင်းတွေအပြင် ခိုင်မြဲတဲ့သံယောဇဉ်ရယ် အေးမြတဲ့ မေတ္တာတရားရယ် တဦးနဲ့တဦး နားလည်မှုနဲ့ ဖေးမစောင့်ရှောက်ခြင်းတွေရယ် ပေါင်းစည်းပြီး အများကြီးတိုးပွါးလာပြီလို့ အဖြေပေးဖို့ မအိမ်သူကို တိုးတိုးတိတ်တိတ် သင်ပေးအုံးမှပါ ... ။

မနက်စောစော ဒီပို့စ်လေးဖတ်လိုက်ရတာ ကြည်နူးစရာကောင်းလွန်းလို့ အပြေးအလွှား မန့်လိုက်တယ် ကိုညီလင်းရေ ... ။

ချစ်ကြည်အေး said...

လှလှပပဖွဲ့သွားတဲ့ သော့တံနဲ့ ဆက်စပ်တဲ့ အချစ်ဇာတ်လမ်းလေးးးး ကောင်းပါ့ ကိုညီလင်းသစ်ရေ:))

Anonymous said...

ဖတ်ရတာ ကြည်နူးမိတယ် ကိုညီလင်းသစ်။
Mon Petit Avatar

Anonymous said...

2nd time for "KEY".Your writing is so lovely and the conversation between you tie my heart by unseen silk thread.It gave me similar feeling like your grandparents' love story.That's why i urged you to write"chitkotwe"Longing for sequel and thanks:)
Gyidaw

Nyi Linn Thit said...

ကိုဗညားရှိန် ...
ခင်မင် နှစ်လိုဖွယ်ရာ ကွန်မန့်လေးအတွက် ကျေးဇူး ပါပဲဗျာ...၊

မဒမ်ကိုး ...
ဟုတ်ပါရဲ့ ညီမရေ..၊ အလျှောက်ကောင်းမှ အထောင်းသက်သာ ဆိုတာ တချိန်လုံး သတိရနေ ရမယ့် ပုံပါပဲ...၊း)

တောင်ငူသား ...
အဲ.. အဲဒီအကြောင်း ရေးထားတာ တဝက်တပျက်ပဲ ရှိသေးတယ်ဗျ၊း) နည်းနည်းချင်းစီ ဆက်ရေးနေတုန်း ပါပဲ၊ အတူ ဝယ်ခဲ့တဲ့ နောက်သော့ တစ်ချောင်းကတော့ သူ့ရဲ့ သော့ချိတ်ထဲမှာ တွဲထားတယ် ...၊း)

ကိုနေဝသန် ...
ဖတ်ရတာ ချောမွေ့အောင် ကျနော်က မြန်မာမှု ပြုလိုက် တာပါ၊ ကျနော်တို့ ကြားမှာတော့ ပြင်သစ်လို ပြောပါတယ်၊ ဒါပေမယ့် အဲဒီအတိုင်း မြန်မာပြန်ရင် ထောင့်နေမှာ စိုးလို့ဗျ...၊း)

မြူးမြူး ...
Thanks a lot..!

Vista ...
ကျေးဇူး တင်ပါတယ်နော်..၊

ကို N/A ...
ကျေးဇူးပဲဗျ၊ သော့က ပြန်တွေ့သွားပြီ ဆိုတော့ ဆက်ရန်တော့ မရှိတော့ပါဘူး၊ အဲ.. နောက်တစ်ခေါက် ထပ်ပျောက်ရင်တော့ တမျိုးပေါ့လေ...၊းD

အန်တီတင့် ...
ဟုတ်ကဲ့..၊ ဘဏ်မှာ သွားအပ်ထားရင် ကောင်းမလားလို့ စဉ်းစားနေတာ..၊း)

အိန်ဂျယ်လ်လှိုင် ...
ကျေးဇူး တင်ပါတယ် ညီမရေ..၊ အင်း ...ကျနော်လည်း ဒီနာမည်ကို အလွန်အကျွံများ သုံးမိနေပြီလား မသိ..၊း)

မမေ ...
ကျနော်တော့ အသေခံ ဖောက်ခွဲရေး သမားကြီး လုံးလုံး ဖြစ်သွားတာ ထင်တယ်၊း) မမေ သင်ပေးချင်တာ လေးတွေက ကောင်းလိုက်တာ..၊ ဟုတ်တာပေါ့၊ သော့ခတ်ထားလို့ အထွက် မရှိပေမယ့် စုဗူးလို အဝင်တော့ ရှိနိုင်တာပေါ့နော်၊ လက်ကျန် မရှိသလောက် နည်းပါးနေတဲ့ အချိန်လေးထဲက ဖဲ့ပြီး ကွန်မန့်လာပေး လို့လည်း ကျေးဇူးပါ မမေရေ...၊း)

မချစ်ကြည်အေး ...
အ'ချစ်' အကြောင်းကို 'ကြည်'နူး 'အေး'ချမ်းတာ မျိုးလေးပဲ ရေးချင်တာဗျ...၊

Mon Petit Avatar ...
ကျေးဇူး တင်ပါတယ်ဗျာ...။

Nyi Linn Thit said...

ဂျီးဒေါ် ...
Wow.. ဒုတိယ အကြိမ် လာလည်တာလား၊း) ဂျီးဒေါ်က အတော် memory ကောင်းပုံရတယ်နော်၊ မမေ့သေးဘူး၊ မုဒ်ရရင် ရသလို ရေးဖြစ်ပါတယ် ဂျီးဒေါ်ရေ...၊း)

jasmine(တောင်ကြီး) said...

ရင်ဘတ်နှစ်ခုထဲမှာ နှလုံးသားတစ်စုံ
ကိုအဲဒီသော့လေးနဲ့ထာဝရခတ်ထားနိုင်
ပါစေရှင်။
ခင်မင်တဲ့ jas

ညိမ်းနိုင် said...

နီကိုရဲရဲ့အချစ်ဝတ္ထုလေးကိုပြန်ကောက်ရလိုက်သလိုပဲ...။
ဇာတ်လယ်လောက်မှာ မင်းနေပြည်တော်ဟောင်းရဲ့လမ်း
ဘေးတစ်နေရာမှာ ချစ်သူနှစ်ဦး သော့ဝယ်ကြတယ်ဆို
တော့ ဇာတ်ဆုံးရင် လွမ်းစရာလေးတွေလာတော့မယ်လို့
ထင်ထားတာ...၊အမျိုးသမီးလေးက မအိမ်သူလည်းဆိုရော
ရှော့ရသွားရောဗျိုး...၊ဒါနဲ့တစ်ခေါက်ပြန်ဖတ်၊အင်း..သေ
ချာသွားပြီမအိမ်သူပဲ...၊ဒီတော့ တွေးစရာတွေဝင်လာရော၊
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်...မင်းနေပြည်တော်ဟောင်းရဲ့လမ်း
တွေပေါ်က မြန်မာလူငယ်လေးနဲ့ ဆွစ်အမျိုးသမီးလေးရဲ့
ဆုံမှတ်တစ်ခု၊အိန္ဒိယအမျိုးသားလမ်းဘေးဈေးသည်၊ဈေး
ဆစ်ခြင်းအနုပညာ(အမှန်ပြောရရင် မြန်မာအမျိုးသမီးတွေ
ပဲဒီအနုပညာကိုတတ်မြောက်တယ်ထင်ထားတာ...:)))
ဆိုတော့ ဒီအကြောင်းတွေရေးရင်ရေး...၊မရေးရင်ဆံပင်
ဖြူစေမှုနဲ့ အကို့ကို တရားစွဲရလိမ့်မယ်ဗျိုးးးးး:))))))

ချော(အစိမ်းရောင်လွင်ပြင်) said...

အို့ အို.. ပျားရည်နဲ့တူတဲ့ အင်မတန်မှ ချိုမြိန်လှစွာသော သိင်္ဂါရမြစ်ထဲ စီးမျောရုံမက လက်ပစ်ပါကူးနေမိတယ်
တကယ်..
မျက်နှာကို ပြုံးပြီးကိုဖတ်နေမိတာ သဘောကျလွန်းလို့..
ပြီးတော့ အားလည်းကျသွားတယ် ဟိဟိ
စာရေးကောင်းသလို ချစ်လည်းချစ်တတ်လွန်းတဲ့ ကိုညီလင်းသစ်ပါလား ။
ဒါကြောင့်လည်း မအိမ်သူက သော့နဲ့ ခတ်ထားပေတာကိုးးးးးးးး

မြစ်ကျိုးအင်း said...

အရေးအသား ညက်ညောလွန်းတော့ ဖတ်သူရင်ထဲကို သိမ်သိမ်မွေ့မွေ့လေး စီးဝင်သွားတယ်။ အပြင်က သော့မရှိတော့ရင်တောင် ခတ်ထားခဲ့တဲ့ အရာတွေက လျော့သွားဖို့ မရှိနိင်တော့ပါဘူးလေ။

co coe said...

ပို့စ်တခုဖတ်ပြီးတိုင်း ညက်ညောလှပတဲ့ အရေးအသားတွေကို ပိုပိုသတိထားမိပြီး သဘောကျနှစ်သက်မိပါတယ်။ ဒါနဲ့ ကိုညီလင်းသစ်က မန်းလေးကပဲလား။

တောက်ပကြယ်စင် said...

ချီးမွှမ်းစရာစကားလုံးမရှိတော့လောက်အောင်ကို ရေးဖွဲ့တတ်ပါ့ဗျာ။ ရှရွှတ်ခန်မင်းသားဥပမာလေးကိုလည်း သဘောကျနေမိပါရဲ့။ မိသားစုနဲ့အတူ အေးချမ်းသာယာရှိကြပါစေ...

SHWE ZIN U said...

ကိုညီလင်းသစ် ရေ

ဖတ်လို့ကောင်းလိုက်တာ ကြည်နူးစရာ အချစ်ကဗျာ တပုဒ် ကိုဖတ်လိုက်ရသလိုဘဲ

Anonymous said...

ရေးထားတာ ညက်နေတာပဲ ကိုညီလင်းသစ်ရေ ..
ဖတ်လို့ ကောင်းလိုက်တာ ..
ဖတ်နေရင်း ရင်ထဲထိရောက်သွားတယ် .. >>

ခင်မင်လျှက်
ဆောင်းနှင်းရွက်

blackroze said...

အကို
ရေးထားတဲ့အရေးအသားလေးကတော့ကောင်းလိုက်တာ
နောက်သော့တစ်ချောင်းရဲ့ပိုင်ရှင်ကရော
အကို့ရဲ့မအိမ်သူဘဲလား..
ဒါဆိုအကိုတို့ဘယ်လိုဖူးစာဆုံလည်းဆိုတာလေး
ရေးပါဦးအကိုရာ..

ခင်တဲ့ blackroze

Anonymous said...

ဟင်း..ဟင်း..ဒီမှန်လေးရှေ့ မှာ ခဏခဏ ဇာတ်လမ်းတွေ ပေါ်တယ်နော်။
ဟုတ်တယ်..မအိမ်သူရဲ့ သော့ကော?
(တွေးမိတာကတကယ်တော့ ပျောက်သွားတာက သော့မဟုတ်ဘူး။ မှတ်ဥာဏ်လို့ ..း) )
အိုင်အိုရာ

Anonymous said...

မျက်နှာသစ်တဲ့ဘေစင်ဆိုတော့ မှန်လေးပါမြင်ယောင်ပြီး ဘယ်ခွဲ နဲ့ ညာခွဲ ညီလင်းသစ် ကိုသတိရသွားတာ။ မှန် နေရာနဲ့ ဘေစင်နေရာတူတူဘဲထင်လို့ ။း)
အိုင်အိုရာ

မောင်မျိုး said...

အချစ်လှလှလေး ရဲ့ အမှတ်တရ လှလှလေးတစ်ခုပေါ့ သိပ်ကြည်နူးဖို့ကောင်းတာပဲ အဲ့တာကြောင့်ပြောတာ အချစ်တဲ့နတ်မင်းက လူသားတိုင်းကိုတော့ အချစ်ဆေးတွေတိုက်ကျွေးခဲ့တာပါပဲ သောက်တဲ့သူကသာ အဓိက သောက်တတ်တော့ဆေး မသောက်တတ်တော့ဘေးတဲ့ အစ်ကိုကတော့ အချစ်ဆေးမှာ ဘေးကင်းလို့း)

ဒီလို ဒီလို ဇတ်လမ်းတွေလည်းရှိခဲ့သည်ပေါ့ ။

Raymond.Kyaw Minn Naing said...

Another good essay, btw isn't L500?
Cheers!

မိုးငွေ့...... said...

အတွေးကလည်းကောင်း အရေးကလည်းကောင်း... သိပ်လှတဲ့ဇာတ်လမ်းလေးတစ်ပုဒ်...။ မနေ့ကတည်းက၀င်ဖတ်တာ ကော်မန့်ပေးမရလို့ ခုမှပြန်လာပေးရတယ်....။

ခင်တဲ့
မိုးငွေ့

Nyi Linn Thit said...

တောင်ကြီးက မစံပယ် ...
ကျေးဇူး တင်ပါတယ်ဗျာ..၊

ကိုညိမ်းနိုင် ...
ကွန်မန့် ဖတ်ပြီးပြီးချင်း လန့်သွားတာနဲ့ ဘယ်ရှေ့နေတွေ အကောင်းဆုံးလဲလို့ ဂူးဂဲလ်မှာ လိုက်ရှာနေတယ်ဗျ၊း) အေးရာအေးကြောင်း လုပ်ပါဗျာ ..၊းD

မချော ...
ပြုံးပြီး ဖတ်သွားတယ် ဆိုလို့ ဝမ်းသာတယ်ဗျ၊ ပြုံးလိုက်တဲ့အခါ stress တွေ လျော့သွားတယ်လို့ ဖတ်ဖူးတာကိုး၊း) ဒီလောက်လဲ မဟုတ်ပါဘူး မချောရာ၊ ဝတ္ထုဆိုတော့လည်း ဒီလိုပဲ ရေးရတာပေါ့...၊း)

ကိုမြစ်ကျိုးအင်း ...
တသက်စာ ငွေစုစာအုပ်ထက် ပိုပြီး သေချာတယ် ဆိုတဲ့ သဘောများလားဗျာ...၊း)

co coe ...
စာလာဖတ်တာ ကျေးဇူးပါနော်၊ ကျနော်က မန္တလေးက မဟုတ်ပါဘူး၊ အလည်တော့ ခဏခဏ ရောက်တယ်ဗျ..၊

ဘုန်းဘုန်း တောက်ပကြယ်စင် ...
ကွန်မန့်လေးအတွက် ကျေးဇူးပါ ဘုရား၊ ဘုန်းဘုန်းလည်း ကျန်းမာပါစေ...၊

မရွှေစင်ဦး ...
ဖတ်ကောင်းတယ်ဆိုတော့လည်း ဝမ်းသာပါတယ်ဗျာ..၊း)

ဆောင်းနှင်းရွက် ...
ကျေးဇူးတင်ပါတယ် ညီမရေ...၊

blackroze ...
နောက် သော့တစ်ချောင်းက သူ့ဆီမှာပါ၊ အင်း..ညီမ တောင်းဆိုတာနဲ့ ကျနော်လည်း ကိုရီးယားဇတ်လမ်း တွေလို ရေးရတော့မယ်နဲ့ တူတယ်...၊း)

မအိုင်အိုရာ ...
အဲဒါ အမှန်ပဲဗျာ၊ ပျောက်သွားတာက သော့မဟုတ်ဘူး၊ မှတ်ဥာဏ်..ဟားဟား၊ သူ့သော့က သူ့ရဲ့သော့တွဲမှာ ပါပဲ၊ ဒီဘေစင်က ဟိုတခါရေးဖူးတဲ့ မှန်လေး ရှေ့မှာပါပဲ၊ ဒါလည်း မှန်တာပဲ၊ အော်တို ဆပ်စ်ဂျက်ရှင်း နည်းနဲ့များ လာကြည့်သွား သလားတောင် ထင်ရတယ်..၊း)

မောင်မျိုး ...
ညီ့ရဲ့ အပြောကို ထပ်တူပြု ကြည့်မယ်၊ သောက်တတ်ရင်ဆေး၊ မသောက်တတ်ရင် ဘေးဆိုတော့ အချစ် = အရက်...၊ အချစ်တွေ ပျို့အန်တာ၊ အချစ်နာကျတာ တွေလည်း ရှိသေးတော့ ဒီလိုပြောတာ မှန်နိုင်တယ်ဗျ..ဟားဟား၊ အဲ, အချစ်ကြောင့် အရက်သောက်ကြပေမယ့် အရက်ကြောင့်တော့ အချစ် မသောက်ကြဘူး ထင်တယ်၊း)

ကိုကျော်မင်းနိုင် ...
မဟုတ်ပါဘူး၊ သော့က ဟောင်းနေတော့ အဲဒီလို ထင်ရတာ ဖြစ်လိမ့်မယ်ဗျ...၊း)

မမိုးငွေ့ ...
တကူးတက ပြန်လာပြီး ပေးတဲ့ ကွန်မန့်လေးအတွက် တကယ်ပဲ ကျေးဇူး တင်ပါတယ်ဗျာ...။

Anonymous said...

ချစ်သူ သူဌေးသားနောက် ပါသွားတဲ့ ကုလားကြီး အကြောင်းကို သိချင်ပါတယ်.ဟီးး
AA.

ကိုကိုးအိမ်(မန္တလေး) said...

စာလေးတစ်ပုဒ်ထဲကနေ ရလိုက်တဲ့ မက်ဆေ့ခ်ျပေါင်းက မြောက်များစွာ

ခင်မင်စွာဖြင့်

Chaw Su said...

I read this post twice,the whole is very lovely.I love your love story and your grandpa & grandma's love story (CMD) too....:D

သက်ဝေ said...

ပိုစ့်တင်ပြီးပြီးချင်း ဖတ်မိပေမယ့် ဖုန်းနဲ့မို့ ကော်မန့်မရေးဖြစ်ခဲ့ဘူး...

အစွမ်းကုန် သိမ်မွေ့နူးညံ့ပြီး အလွန်လှပသပ်ရပ်တဲ့ အချစ်ဇာတ်လမ်းလေးတပုဒ်ပါပဲ..
ဒီ့ထက်ပိုပြီး မပြောတတ်တော့ပါဘူး...း))

Anonymous said...

ညီလင်းရေ
ဒီစာစုလေးက သိတ်ဖတ် လို့ကောင်းတာပဲ.. အရေးအသားကလဲ ညက်ညောပြီး ရင်ထဲမှာ ကြည်ကြည်နူးနူး ရှိလိုက်တာ.. ၂ယောက်စလုံး သိတ်ကံကောင်းတာပဲနော်.. အဲဒီ သိင်္ဂါရမြစ်လေးက လူတိုင်းအတွက်အမြဲ စီးဆင်းရင် ကောင်းမယ်နော်...
စု

rose of sharon said...

ကြည်နူးစရာ အတိတ်တွေက လန်းဆန်းနေဆဲပေါ့လေ... ပျော်စရာကြီးနော်...

Anonymous said...

wow! So Beautiful Post.

ကောင်းမွန်ဝင်း said...

သော့လေးက အမှတ်တမဲ့နဲ့ဆို အသစ်အတိုင်းပဲ။
ဒါပေမယ့် နှစ်လကြာရှည်ခဲ့ပြီဆိုတဲ့ အရာလေးတွေကလည်းချက်ချင်းမြင်လွယ်ပါတယ်။

အရေးအသားကောင်းတဲ့ ကိုညီလင်းသစ်စာကိုဖတ်ပြီး ပီတီတွေဖြစ် အားတွေကျနေရင်း စာလည်းဆုံးရော သော့ အိုင်ဒီယာရှိတဲ့မအိမ်သူကို အရမ်း ချီးကျူးမိတယ်။

ကိုညီလင်းသစ်ရေ
သော့ပေါ်က ၁၅၀၀ ကတော့ ဒီဇတ်လမ်းမှာ သော့ချက်ပဲ နော့.........

Shinlay said...

သော့ဇာတ်လမ်းလေးက စိတ်ဝင်စားစရာပါပဲ။
ကျမတို့ ဒီနေ့ ပဲ သော့တွဲထဲက သော့တချောင်း ဘယ်ကသော့လဲလို့ စဉ်းစားနေကြတာ။ အခုထိမသိသေး ပါဘူး။

ညီရဲ said...

သြော်... ဒါကြောင့် အသဲအသန် ပြန်ရှာနေတာကိုး...
မိန်းကလေးတွေက ဒီလိုပဲ အယူသီးတယ်နော်။ သော့ပျောက်တုန်းက အစ်ကို့ ကို ပြဿနာ မရှာတာ ကံကောင်းတယ်မှတ် အစ်ကိုရေ...

ဒါနဲ့ အစ်ကိုရေ... ကျွန်တော်တို့ နှစ်ယောက်က နာမည် ဆင်နေတယ်။ ကျွန်တော် ဒီနာမည်ကို ရွေးတော့ google မှာ ရှာပြီး ရွေးတာပဲ အစ်ကို... အစ်ကို့ နာမည်ကို သတိမထားမိလိုက်ဘူး။ အစ်ကို တမျိုးထင်နေမှာ စိုးလို့ ပြောတာပါ။ ကျွန်တော်က ဘလော့ဂါ အသစ်ပါ။ အစ်ကို့ လင့်ကိုလဲ ယူသွားပါတယ်။

san htun said...

ကြည်နှုးစရာ အချစ်ဇာတ်လမ်းလေးကို ဖတ်ပြီး ကြည်နူးအားကျသွားပါတယ်...

မြသွေးနီ said...

သော့လေးတစ်ချောင်းနဲ့ ခတ်ထားယုံသာမက၊ သံယောဇဉ်ကြိုးတွေနဲ့ ခိုင်မြဲအောင် ချည်နှောင်သိမ်းထုတ်ထားတဲ့ ချစ်တတ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတွေကို တွေ့လိုက်ရတယ်။
ကြည်နူးနှစ်သက်စရာ အဖွဲ့နွဲ့လေး...။

barnay said...

ကြိုက်တယ်ဗျာ ...
ရေးချက်လည်းကောင်း တယ်
နောက်ဆုံးခန်းလေးကိုပိုကြိုက်ပါတယ်
း)

Anonymous said...

အကို့ရဲ့အရေးအသားက နီကိုရဲ ရေးတဲ့ ဝတ္ထုတပုဒ်ရဲ့ အစဆိုတဲ့ ဝတ္ထုတိုကို သတိရစေတယ် ပျင်းစရာကောင်းတဲ့ ရသကို မပေးနိုင်ဆုံး ဘလော့တစ်ခုကို ညွှန်းရင် အကို့ဘလော့ကိုပဲပြရမှာပဲ
ဓာတ်ပုံတွေကလည်း သပ်ရပ်လှပ
ကြည့်ပြီးရင်းကြည့်ချင်စရာပဲ

Shwe Eain Si said...

ဟိုးးအရင်ရက်တွေက တည်းက ပရင့်ထုတ်ပြီး ယူသွားတာ..။
ရုံးမှာ အလျင်အမြန်မဖတ်ချင်တာလည်း ပါတယ်။
အေးအေးဆေးဆေး ဖတ်ချင်တာလည်းပါတယ်။
ဖတ်ပြီင်္းပြီးချင်း....စိတ်တွေအေးမြသွားလိုက်တာ...
အပြန်ပြန်အလှန်လှန်လည်း ဖတ်ဖြစ်တယ်။
စာဖတ်သူတွေကို အေးချမ်းပျော်ရွှင်မှုတွေကို အကို ရေးတဲ့စာတွေက ပေးနိုင်စွမ်းရှိတယ်။
သော့ကလေးတစ်ချောင်းက အစပြုလို့လေးနက်ခိုင်ကျည်တဲ့..ချစ်ခြင်းမေတ္တာတရားကို လှလှပပလေး တွေ့လိုက်ရတယ်...။

ဒီရောက်တော့ ကွန်မန့်တွေ အကုန်ဖတ်ကြည့်တယ်.။
ဖေ့ဘုတ်ဘာသာအရဆိုရင် like လုပ်ချင်တာတွေ တော်တော်များများတွေ့ရတယ်..။
ကိုညိမ်းနိုင် ရဲ့ အဆိုကိုတော့ ညီမလည်း ထောက်ခံတယ်...အဟဲ....။
နည်းနည်းလေးတော့ ရေး အကိုရာ.....
စိတ်ဝင်စားလာပြီ :D
ညီမလည်း ရှေးရှေးတုန်းက အကို့ရဲ့ ဇာတ်လမ်းဟောင်းထင်နေတာ....
ချစ်ခြင်းမေတ္တာတရားက အံ့သြစရာနော်..။

ချစ်ခင်လျှက်.....

ဇွန်မိုးစက် said...

ဒီပို့စ်လေး ဖတ်ပြီးတာ တင်ပြီးပြီးချင်းနေ့ကတည်းကပါပဲ။ ဒါပေမယ့် ရုံးကဖတ်ရတာမို့ ကော်မန့် မပေးဖြစ်ခဲ့ဘူး။ အဲဒါကိုလည်း မှတ်မိနေတယ်။ ဘယ်နှခေါက်ပြန်ဖတ်ဖတ် အရမ်းကြိုက်တယ်။ တကယ်လို့များ တစ်ယောက်ယောက်က မဂ္ဂဇင်းမှာပဲဖြစ်ဖြစ်၊ စာအုပ်ထုတ်တဲ့အခါမှာပဲဖြစ်ဖြစ် ၀တ္ထုတောင်းတဲ့အခါကျရင် ဒီဝတ္ထုလေး ပေးလိုက်နော်။ အဲဒါ သတိရလို့... ညီမလေး လာပြောတာ။း)