02 September 2011

အက်ဒီဆင် မသိနိုင်ခဲ့ခြင်းများ


ပြဿနာက မနေ့တုန်းက စ,တယ်၊ သိပ် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ မနေ့ မနက်က လင်းအားကြီး အချိန်လောက်မှာ ကျနော့် အလုပ်မှာ လုပ်ငန်းသုံး အင်ဗာတာ တစ်လုံး ရှောခ့်ရပြီး မီးလောင်သွားတယ်၊ မီးသတ်တွေ အချိန်မီ ရောက်လာပြီး ငြိမ်းလိုက်လို့ ဘာမှ မဆုံးရှုံးပါဘူး၊ မီးလောင်တဲ့ အချိန်မှာ လုံခြုံရေးတွေပဲ ရှိလို့ ဘယ်သူမှတောင် မသိလိုက်ဘူး၊ လူတွေက မနက် အလုပ်ကို ရောက်တဲ့အချိန် ကျန်နေခဲ့တဲ့ ညှော်နံ့ရမှ သိကြတာ...၊ ရုံးခန်းတွေ၊ ဓါတ်ခွဲခန်းတွေ မှာလည်း ပုံမှန်အတိုင်း မီးက ဆက်လာနေ တယ်၊

ဒါပေမယ့် မနက် ၉ နာရီလောက်မှာ ဌာနတွင်း လျှပ်စစ်အဖွဲ့က အားလုံးကို အီးမေးတစ်စောင် ပို့လာတယ်၊ ကြာသပတေး၊ သောကြာ ဒီ ၂ ရက်မှာ အလုပ်တွေကို ပုံမှန်အတိုင်း ဆက်လုပ်လို့ ရတဲ့အကြောင်း၊ ဒါပေမယ့် သောကြာနေ့ ညနေက စနေနေ့ မနက် အတွင်းမှာတော့ အင်ဗာတာမှာ လဲလှယ်တပ်ဆင် စရာတွေ ရှိတဲ့အတွက် အဆောက်အဦး တစ်ခုလုံးမှာ ရှိသမျှ မီးတွေအားလုံး ဖြတ်မယ်ဆိုတဲ့ အကြောင်း-ပါ၊ အဲဒီမှာ ဇတ်လမ်းက စ,တာပါပဲ...၊

ပုံမှန် ရုံးခန်းတွေအတွက် မီးဖြတ်တာဟာ ဘာမှ ပြဿနာ မရှိပေမယ့် ဓါတ်ခွဲခန်းတွေ အတွက်တော့ မီးဟာ မရှိမဖြစ်ပါ၊ ဓါတ်ခွဲခန်း အများစုမှာက analytical devices လို့ ခေါ်ကြတဲ့ စက်တွေ ရှိပါတယ်၊ အဲဒီစက်တွေကို လေးငါးနှစ် တောက်လျှောက် မပိတ်ဘဲ ထားကြ တယ်၊ ဒါပေမယ့် အခုလို အရေးရယ် အကြောင်းရယ်၊ ပိတ်ရမယ် ဆိုတော့လည်း ဘာအရေးလဲ၊ ပိတ်လိုက်ရုံပေါ့၊ အဲဒါက ဒီလောက် အကြောင်း မဟုတ်သေးဘူး၊ တကယ့် အရေးအကြီးဆုံးက ရေခဲသေတ္တာတွေနဲ့ freezers အအေးခန်းတွေ ပါပဲ၊ အအေးခန်းတွေထဲမှာ ဓါတ်ခွဲ ပစ္စည်း နမူနာတွေ၊ စံအဖြစ် အတိမ်းအစောင်း မခံတဲ့ ဒြပ်ပေါင်းတွေ၊ အပူချိန်ကို sensitive ဖြစ်တဲ့ ဓါတုဗေဒ ပစ္စည်းတွေ၊ အကြိမ်ကြိမ် ပြန်ပြီး ဓါတ်ခွဲဖို့အတွက် လပေါင်းများစွာ သိမ်းထားရတဲ့ ရေနမူနာ၊ မြေနမူနာတွေ အများကြီး ရှိပါတယ်၊ တချို့တွေကို သုညအောက် ၂၀ ဒီဂရီမှာ သိမ်းပြီးတော့ အချို့ကိုတော့ သုညအောက် ၈၅ ဒီဂရီမှာ သိမ်းတယ်၊

အမှန်တော့ မီးဖြတ်မယ့် အချိန်က ဒီနေ့ညနေ ၆ နာရီကနေ မနက်ဖြန် စနေနေ့မနက် ၈ နာရီ အထိပါပဲ၊ ဒါပေမယ့် ပစ္စည်း တော်တော် များများက အဲဒီလောက် အချိန်လေး အတွင်းမှာကိုပဲ မြင့်တက်လာတဲ့ အပူချိန်ကြောင့် ယိုယွင်းပျက်စီးတာ၊ အရည်အသွေး မတိကျတော့ တာတွေ ဖြစ်နိုင်ပါတယ်၊ ဒီတော့ အရေးအကြီးဆုံး freezer အအေးခန်းတွေကို မီးဆက်ပြီး ပေးထားဖို့ လုပ်ကြရတော့တယ်၊ မီးက ကျနော် တို့ဌာန ရှိတဲ့ အဆောက်အဦး တစ်ခုထဲမှာပဲ ဖြတ်မှာဆိုတော့ ဘေးနားက အခြားအဆောက်အဦး တွေကနေ မီးကြိုးတွေ သွယ်ကြပါတယ်၊ ဒါပေမယ့် ရှိသမျှ freezer တွေ အကုန်လုံးကို မီး မသွယ်နိုင်လို့ နီးစပ်ရာ freezer အအေးခန်း အချင်းချင်း ပစ္စည်းတွေ ပေါင်းထားကြရ ပြန်တယ်၊ ဒီလိုနဲ့ ဓါတုဗေဒ ပစ္စည်းတွေ ရွှေ့တဲ့လူနဲ့..၊ တယုတယ မွေးထားတဲ့ ဗိုင်းရပ်စ်တွေကို အိမ်ပြောင်းတဲ့ လူနဲ့..၊ ရေနမူနာ ပုလင်းတွေ ကို သယ်တဲ့လူနဲ့..၊ freezer တွေ ရှိရာဆီ ဓါတ်ကြိုးသွယ်တဲ့ လူနဲ့ ...၊ အတော်များများလည်း အလုပ်တွေ ရှုပ်သွား ကြတယ်၊

လျှပ်စစ်မီးဟာ ဖွံ့ဖြိုးပြီးသား ကမ္ဘာ့ လူနေမှုစနစ် မှာတော့ မရှိမဖြစ်လို့ ဆိုရလောက်အောင် အရေးပါ,ပါတယ်၊ ကျနော်တို့ အားလုံးရဲ့ နေ့စဉ် အိမ်သုံး၊ လုပ်ငန်းသုံး ပစ္စည်းတွေ အားလုံးလိုလိုဟာ လျှပ်စစ်စွမ်းအားနဲ့ပဲ လည်ပတ်ကြတယ်၊ ဒါ့ကြောင့်လည်း လျှပ်စစ်ရရှိဖို့ နည်းမျိုးစုံနဲ့ ထုတ်လုပ်ဖို့ ကြိုးစားလာကြတယ်၊ ရေအားလျှပ်စစ် အတွက် မြစ်တွေ၊ ချောင်းတွေကို စတေးပြီး ရေကာတာတွေ ဆောက်ဖို့ ကြိုးပမ်းလာကြ တယ်၊ သဘာဝ ပတ်ဝန်းကျင်အတွက် တချက်ကလေးမှ မစဉ်းစားဘဲ ရတဲ့နေရာကနေ ထုတ်ယူမယ် ဆိုတဲ့ ကိုယ့်ဖို့ပဲ ကြည့်တဲ့ နိုင်ငံကြီး တွေ ရှိလာသလို အဲဒီနိုင်ငံကြီးတွေရဲ့ သြဇာစက်ကွင်းမှာ ဝါးမျိုစုပ်ယူ ခံရတဲ့ နိုင်ငံငယ်လေးတွေလည်း အများကြီး ဖြစ်လာတာပါပဲ၊ အခုထိကတော့ Sustainable Development ဆိုတဲ့ တာရှည်ခံ ဖွံ့ဖြိုးမှု ဆိုတာ မသိသေးတဲ့ သူတွေ အများကြီးပဲ ရှိနေသလို သိပြီးသား သူတွေကလည်း ကိုယ့် အကျိုးစီးပွား နဲ့ ပတ်သက်လာလို့ကတော့ နှာစေးနေလိုက်ကြဖို့ ဝန်မလေး ကြပါဘူး၊

ကိုယ့်လက်ထက်မှာ သုံးနေတဲ့ သဘာဝ အရင်းအမြစ်၊ လူလုပ် အရင်းအမြစ် တွေကို လက်ရှိ ကိုယ့်မျိုးဆက် အတွက်ရော၊ နောင်လာမယ့် မျိုးဆက် အတွက်ပါ ရေရှည်သုံးနိုင်အောင် ခြိုးခြံချွေတာခြင်းဟာ တာရှည်ခံ ဖွံ့ဖြိုးမှု (SD) ပါပဲ၊ ရိုးရိုးလေး တွေးကြည့်လို့ ရပါတယ်၊ ကိုယ့် အတွက် အကုန်မသုံးဘဲ နောက်လူတွေ အတွက်ပါ ချန်ခဲ့မယ် ဆိုတာ တကိုယ်ကောင်းစိတ် ကင်းတဲ့၊ ကိုယ်ချင်းစာ မျှတတဲ့ စိတ်ထားလေးပဲ မဟုတ်လား၊ မလိုအပ်ဘဲ ရေဘုံဘိုင်ကို ဖွင့်မထားတာ၊ အိမ်သာသုံး စက္ကူလိပ်ကို လက်ထဲ ပါလာသလောက် ဆွဲမဖြတ်ဘဲ အတိုင်းအဆနဲ့ သုံးတာ၊ မလိုတဲ့ အခန်းတွေမှာ မီးတွေပိတ်တာ၊ အမှိုက်တွေကို ခွဲခြားပြီး နေရာတကျ စွန့်ပစ်တာ၊ ကွန်ပြူတာတို့၊ တီဗီတို့ကို ပိတ်တဲ့အခါ stand-by မှာ မထားဘဲ မီးနီကလေး လုံးဝမှိတ်တဲ့အထိ ပါဝါခလုတ်ကို အပြီးပိတ်တာ စတာတွေက ကျနော်တို့ တစ်ယောက်စီ လုပ်နိုင်တဲ့ တာရှည်ခံ ဖွံ့ဖြိုးမှုပါပဲ၊ Think globally, act locally လို့လည်း ဆိုကြတယ် မဟုတ်လား၊ အခုက ကမ္ဘာနဲ့ချီပြီး တွေးနေတာတော့ မဟုတ်ပါဘူး၊ ပစ္စည်းတွေကို ဟိုရွှေ့ဒီရွှေ့ လုပ်လို့အပြီး၊ အိမ်မပြန်ခင်လေးမှာ ခေါင်းထဲရောက်လာတဲ့ စိတ်ကူးဖြတ်စ တချို့ကို ဖမ်းဆုပ်ထားလိုက် မိတာ သက်သက်ပါပဲ...။ ။


ညီလင်းသစ်
၂ စက်တင်ဘာ၊ ၂၀၁၁

24 comments:

ညိမ်းနိုင် said...

အင်း....မလိုအပ်တဲ့မီးတွေပိတ်ထားဖို့ဆိုတာတွေက ကျွန်
တော်တို့ရွေပြည်ကြီးမှာတော့သိပ်ပြောဖို့လိုမယ်မထင်ဘူး၊
အင်ဗာတာလေးနဲ့ တီဗီကြည့်ရပြီဆိုရင် ဘတ်ထရီချွေတာ
တဲ့အနေနဲ့ မလိုတာတွေအကုန်ပိတ်ထားရတာကိုး...:)
လတ်တလောဖြစ်ပျက်နေတဲ့ ကိစ္စကြီးကြီးတစ်ခုနဲ့ သေး
သေးတစ်ခုကို ဆက်စပ်တွေးယူ၊ရေးသွားပုံလေးကိုသ
ဘောကျ၊အတုယူသွားတယ်အကိုရေ.....။

Nyi Linn Thit said...

ကိုညိမ်းနိုင် ...
ကျနော်တို့ရဲ့ ရွှေပြည်ကြီးမှာ မလိုအပ်တဲ့ မီးတွေကို ပိတ်သူ ပိတ်ကြပေမယ့် လိုအပ်တဲ့ မီးတွေကျတော့လည်း မဖွင့်နိုင်ကြသေး ဘူးဗျာ..၊ ရွှေပြည်ကြီးကတော့ ရွှေပြည်ကြီး ပါပဲလေ...၊

ချစ်ကြည်အေး said...

ရေအားလျှပ်စစ် အတွက် မြစ်တွေ၊ ချောင်းတွေကို စတေးပြီး ရေကာတာတွေ ဆောက်ဖို့ ကြိုးပမ်းလာကြ တယ်၊ သဘာဝ ပတ်ဝန်းကျင်အတွက် တချက်ကလေးမှ မစဉ်းစားဘဲ ရတဲ့နေရာကနေ ထုတ်ယူမယ် ဆိုတဲ့ ကိုယ့်ဖို့ပဲ ကြည့်တဲ့ နိုင်ငံကြီး တွေ ရှိလာသလို အဲဒီနိုင်ငံကြီးတွေရဲ့ သြဇာစက်ကွင်းမှာ ဝါးမျိုစုပ်ယူ ခံရတဲ့ နိုင်ငံငယ်လေးတွေလည်း အများကြီး ဖြစ်လာတာပါပဲ၊ အခုထိကတော့ Sustainable Development ဆိုတဲ့ တာရှည်ခံ ဖွံ့ဖြိုးမှု ဆိုတာ မသိသေးတဲ့ သူတွေ အများကြီးပဲ ရှိနေသလို သိပြီးသား သူတွေကလည်း ကိုယ့် အကျိုးစီးပွား နဲ့ ပတ်သက်လာလို့ကတော့ နှာစေးနေလိုက်ကြဖို့ ဝန်မလေး ကြပါဘူး၊

ကျွန်မတော့ ဧရာဝတီကိုပဲ မြင်မိတော့တယ် ကိုညီလင်းသစ်ရေ...

မောင်မျိုး said...

ဝေးးး မီးလားပြီကွ

ဖယောင်းတိုင်လေးပဲ မှုတ်လိုက်တုန်းရှိသေး မီးက ပြန်ပျက်သွားပြန်ကော !@#$%^&*())*)P_*&%^%$## မီးးး)

အဲ့တာ ကျနော်တို့ရပ်ကွက်မှာ အိမ်တိုင်းလိုလိုဖြစ်နေကျ။ပြောချင်တာတွေ ရှိပါသေးတယ် လည်ပင်းနင်အောင်ပဲ မြိုချလိုက်တော့တယ် ပြောမနေတော့ပါဘူးလေ မောလို့ ဟုတ်တယ်ဟုတ် အစ်ကိုး)

jasmine(တောင်ကြီး) said...

မလေးရှားလဲမီး မရှိပါဘူး
ဝယ်ပြီးသုံးရတာပဲ
လုံလောက်မှုအပြည့်ရှိတယ်နော်....
အဲလိုမျိုးဝယ်ပြီးသုံးရမယ်ဆိုရင်မြန်မာပြည်
မှာဘယ်သူတွေပဲ မီးရမလဲ......
ချမ်းမြေ့ပါစေရှင်။

Anonymous said...

ဖယောင်းတိုင်နဲ့ TV ကြည့်လို့ရရင် သိပ်ကောင်းမှာဘဲ.တွေးကြည့်တာပါလေ .တစ်ချို့ လူတွေက အဟုတ် တစ်ရှုးတွေ ၀ါးစားနေသလားအောက်မေ့ရတယ်.
AA.

MGTHANT said...

တစ်ရက်က ရုံးကိုသွယ်ထားတဲ့ ထရန်စဖော်မာ ကုန်ကားတိုက်လို့ မီးတွေပြတ်သွားတာ... သူဌေးက အိမ်ပြန်လွှတ်ပြီး မီးရှိတဲ့ နေရာကနေ လှမ်းအလုပ်လုပ်ခိုင်းတာ သတိရမိတယ်။ မြန်မာပြည်မှာတုန်းက မီး ၂၄နာရီရရမယ်ဆိုတဲ့နေရာမှာ မီးပျက်တော့ မီးစက်အကြီးစားနဲ့ မောင်းပြီး အလုပ်လုပ်ရတယ် မီးစက်ဆီကုန်တဲ့အထိ မီးက ပြန်မလာတော့ ရုံးမှာပဲ အိပ်နေရော... :D

မအိမ်သူ said...

ကမ္ဘာနဲ့ချီပြီးတွေးချင်တာတောင် အခြေအနေက တွေးနိုင်ခွင့်မပေးသေးပါဘူးရှင်။ SD တော့ SD ပါပဲ။ ဒါပေမယ့် Sustainable Destruction နဲ့များ မှားနေသလားလို့... ရင်ထဲမှာ သံသယတွေ အတော်ကြီးမားနေတယ်။ ဒီပို့စ်လေးဖတ်ပြီး စိတ်ထဲအတော် ခံစားမိသွားတယ် ကိုညီလင်းသစ်ရေ...

Angelhlaing(May everybody be happy and healthy! said...

ဘာပြောရမှန်းမသိတော့ဘူးအကို တိတ်တိတ်လေးပဲ ဒီတစ်ခါပြန်လိုက်တော့မယ် :):)
ကောင်းသောနေ့လေးဖြစ်ပါစေလို့ ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုညီလင်းသစ်ရေ
ရွှေပြည်မှာတော့ လျှပ်စစ်မီးရဖို့ ဘိုးဘွားအမွေ ဧရာဝတီကို စတေးပြီး အသည်းအသန် အားတက်သရော ကြိုးပမ်းနေပါတယ်။
ဒါပေမဲ့ ရလာတဲ့ လျှပ်စစ်က ပြည်သူပြည်သားတွေအတွက် မဟုတ်ပါဘူးတဲ့
ဒီလိုဆိုတော့ လျှပ်စစ်ကို တီထွင်ခဲ့တဲ့ အက်ဒီဆင်ကိုတောင် စိတ်ဆိုးရမလို ဖြစ်နေပြီ။
လျှပ်စစ်သာ ကမ္ဘာမှာမပေါ်လာရင် ဧရာဝတီလည်း ရေရှည်တည်တံ့နိုင်မယ် ထင်ပါတယ်။ ခုတော့ လျှပ်စစ်မီးအတွက် တန်ဖိုးထားစရာတွေ ဆုံးရှုံးရတော့မယ်။
ဒါဟာလည်း အက်ဒီဆင် မသိခဲ့တဲ့ အချက်တစ်ခုဘဲ ဖြစ်မယ်ကိုညီလင်းသစ်ရေ။

Anonymous said...

ဟင်း..အတွေးစတွေအများကြီးရှည်သွားတယ်။
ရွှေပြည်ကြီးမှာတော့ အဲဒါတွေချွေတာဘို့ သွားပြောရင်..ခဲနဲ့ ဝိုင်းပေါက်မှာသေချာတယ်။ ဘာရှိလို့ ချွေတာရမှာလည်းဆိုပြီး။း)
အမှိုက်ကိစ္စဆို..ပစ်စရာအမှိုက်ပုန်းမရှိတာစိတ်မသက်သာဆုံးဘဲ။
ဆက်တွေးလိုက်အုန်းမယ်နော်။
အိုင်အိုရာ

blackroze said...

အကိုရေ
အကိုပြောတဲ့စိတ်ဓါတ်မျိုးကလည်းလူတွေမှာ
မရှိကြဘူး..
ကဲ..အဲဒီတော့ဘယ်လိုလုပ်ကြမလဲလေ

Anonymous said...

လွန်ခဲ့တဲ့ တနှစ်ကျော်က ဒီမှာမီးတခါပျက်တယ်.. တာမီနယ်တခုကြောင့် ရုတ်တရက် ကြိုတင် မကြေညာပဲ ပျက်သွားတာ.. တနေကုန်န်ီးပါးပဲ။ မီးပြန်လာတော့ အစိုးရက ဘီလျှံပေါင်းများစွာ နစ်နာသွားတယ်လို့ သိရတော့ အံ့သြတကြီးနဲ့...
N/A

ဟန်ကြည် said...

လွန်ခဲ့တဲ့ နှစ်လလောက်က မီးရက်ရှည်ပျက်တယ်...သူများတွေမီးလာနေတာကို ထိုင်ငေးရင်း...လောကကြီးက ကိုယ်နဲ့မဆိုင်သလိုပဲ ခံစား၇တယ်...သူတို့လည်းလင်း ကိုယ်လည်းလင်းမှပဲ ရင်ထဲမှာ အစာကြေတော့တယ်...သီချင်းလေး ဆိုသွားဦးမှ...“ တစ်နေ့တော့ ဖြစ်လာမှာပါ...”

rose of sharon said...

လျှပ်စစ်မီးတွေမလိုအပ်ရင် မသုံးဘဲပိတ်ထားတာကြာပါပြီညီလင်းသစ်ရေ... ရန်ကုန်မှာ မီးတွေအရမ်းပျက်ကတည်းကဘဲ... ကိုယ်တွေဖောဖောသီသီသုံးနေတိုင်း ရန်ကုန်ကမိသားစုတွေက မီးမလာတဲ့နေ့တွေကို ပုံစံအမျိုးမျိုးနဲ့ကျော်ဖြတ်နေကြတာမြင်ယောင်မိလို့...

ကောင်းမွန်ဝင်း said...

ဒီမှာတော့လေ.......
ငလျင်နဲ့ ဆူနာမီ ကြုံပြီးတဲ့နောက်ပိုင်း ဒီဘက်မှာတော့ လျှပ်စစ်မီးချွေတာရေးကို အရမ်းဂရုစိုက်လာကြတယ်။
အစကတော့ ဖေါဖေါသီသီကြီးကို သုံးပါတယ် ဂျပန်တွေက။

နဂိုတည်းက စံနစ်တကျရှိတာရယ် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို အရေးထားတာတွေကိုတော့ အရမ်းသဘောကျမိတယ်။

Anonymous said...

အိမ်ကခလေးကို ငယ်ငယ်လေးထဲက သင်ပေးထားတယ် ရေ တွေ မီးတွေ ချွေတာသုံးဖို့ ညီလင်းပြောသလိုဘဲ နောက်လူတွေသုံးဖို့ ချန်ထားပေးရမယ်လို့ .. ဒီကလူတော်တော်များများလည်း ခက်တယ် ပေါများလွယ်ကူနေတော့ မချွေတာတတ်ကြဘူး ရေကူးကန်တွေမှာ ရေပန်းကရေတွေကို သူတို့ရေစင်မှာစိုးလို့ ရေကို ပြန်မပိတ်ဘဲဒီတိုင်းထားတာ ခဏခဏတွေ့မိတယ်

mie nge

မိုးငွေ့...... said...

ခု ရန်ကုန်မှာ မီးသိပ်မပျက်တော့ပါဘူး....။
ဘာပဲဖြစ်ဖြစ် အက်ဒီဆင်မသိနိုင်ခဲ့တာကို ဖော်ထုတ်ရေးသားသွားတဲ့ ကိုညီလင်းသစ်အတွက် ဂုဏ်ယူပါတယ်...။

san htun said...

ပေါများတဲ့နိုင်ငံကျတော့လည်း ချွှေတာရမှန်း မသိ၊ မပေါများတဲ့ တို့ ရွှေပြည်ကျတော့လည်း ချွှေတာချင်သော်ငြားလည်း မီးက မလာ...ဧရာဝတီကတော့ နိုင်ငံကြီးတွေရဲ့ သြဇာစက်ကွင်းမှာ ဝါးမျိုစုပ်ယူ ခံရတဲ့ နိုင်ငံငယ်လေးတွေရဲ့  တန်ဆာခံထဲက တခုပေါ့..

ဇွန်မိုးစက် said...

တစ်ဦးတစ်ယောက်ချင်းစီကနေ တတ်နိုင်သလောက် ချွေချွေတာတာလေး သုံးစွဲကြရင် သိပ်ကောင်းမှာပဲလို့ ဇွန်လည်း တွေးမိတယ်။ အလုပ်ထဲမှာ စက္ကူဆိုရင်လည်း အရင်ကလို တစ်ရွက်ချင်းမထုတ်ဘဲ နှစ်ဘက်လုံးမှာ ထုတ်တယ်။ အကြမ်းစာရွက်တွေကို တတ်နိုင်သလောက် အပြည့်သုံးပြီးမှ ပစ်တယ်။ အိမ်သာသုံးတစ်ရှူးလည်း ကိုညီလင်းသစ်ပြောသလိုပဲ။ အတိုင်းအတာနဲ့ပေါ့။ ကိုယ်နိုင်သလောက်တော့ လုပ်ကြည့်နေတာပါပဲ။ နှမ်းတစ်စေ့နေရာကပဲ ဖြစ်ဖြစ်ပေါ့လေ။

မဒမ်ကိုး said...

မလိုအပ်ဘဲ ရေဘုံဘိုင်ကို ဖွင့်မထားတာ၊ အိမ်သာသုံး စက္ကူလိပ်ကို လက်ထဲ ပါလာသလောက် ဆွဲမဖြတ်ဘဲ အတိုင်းအဆနဲ့ သုံးတာ၊ မလိုတဲ့ အခန်းတွေမှာ မီးတွေပိတ်တာ၊ အမှိုက်တွေကို ခွဲခြားပြီး နေရာတကျ စွန့်ပစ်တာ၊ ကွန်ပြူတာတို့၊ တီဗီတို့ကို ပိတ်တဲ့အခါ stand-by မှာ မထားဘဲ မီးနီကလေး လုံးဝမှိတ်တဲ့အထိ ပါဝါခလုတ်ကို အပြီးပိတ်တာ စတာတွေက ကျနော်တို့ တစ်ယောက်စီ လုပ်နိုင်တဲ့ တာရှည်ခံ ဖွံ့ဖြိုးမှုပါပဲ

ဟုတ်ပ အကိုရေ ..ဒါတွေ ဒါတွေဘဲ အဓိကကတော့ ..
မဒိုးကန်ကရှေ့ဆုံးကး)

ခင်တဲ့
မဒိုးကန်

Anonymous said...

"အမှိုက်တွေကို ခွဲခြားပြီး နေရာတကျ စွန့်ပစ်တာ" ဆိုလို့ ရန်ကုန်မှာ အမှိုက်ပုံးလိုက်ရှာလို့ အရူးလို့အပြောခံရတာကို ဘာမှမဖြစ်ပေမည့် အမှိုက်ပုံးတောင်မရှိတာကိုရင်နာတယ်။အခု နေတဲ့တိုက်မှာတောင်လူတော်တော်များများက အမှိုက်ပြစ်ရင် ပလတ်စတစ်ဗူးတို့ပုလင်းတို့ဆိုခွဲပြစ်ပေးတာများတယ်။ ဒါမှလာအမှိုက်ရှင်းတဲ့လူလဲ ရောင်းလို့ရ ကိုယ့်အမှိုက်လဲ သပ်သပ်စီဖြစ် နေရာကျတယ်လို့ထင်မိတယ်။
Mon Petit Avatar

Nyi Linn Thit said...

မချစ်ကြည်အေး ...
မြင်တာချင်းတော့ တူနေပြီ အမချစ်ကြည်အေးရေ...၊း)

မောင်မျိုး ...
ဟုတ်တယ်ဗျာ၊ အဲဒီ အကြောင်းတွေကို ပြောကြတာ လည်း ဖန်တရာတေ နေပါပြီလေ...၊

တောင်ကြီးက မစံပယ် ...
အဖြေက အားလုံး သိပြီးသားပါပဲ...နော၊း)

AA ...
ဖယောင်းတိုင်နဲ့ ပြဇတ်ကလို့ ရတာတော့ သေချာတယ် ဗျ...၊း)

မောင်သန့် ...
တကယ်ကို သူဌေး ပီသတဲ့ သူဌေးပါပဲဗျာ...၊း)

မအိမ်သူ ...
စိတ်မကောင်း ပါဘူးဗျာ၊ အားလုံးကို လိုက်နာနိုင်တဲ့ လူတော့ မရှိသေးပါဘူး၊ ရသလောက်လေး လုပ်ကြည့် နေကြရတာပါပဲလေ...၊

အိန်ဂျယ်လ်လှိုင် ...
တိတ်တိတ်နေ ထောင်တန်-တဲ့ ညီမရေ....၊း)

မချော ...
ဒါတွေ အက်ဒီဆင် မသိတာတော့ သေချာတယ်..၊း) ဒါပေမယ့် မချောရယ်..၊ လိုချင်သူကတော့ လျှပ်စစ် မဟုတ်လည်း တခြားတခုနဲ့ လှည့်ပြီး ယူဦးမှာပါပဲ..၊ မဟုတ်ဘူးလား..၊

မအိုင်အိုရာ ...
Environmental issue က ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက်တော့ လတ်တလော ဦးစား မပေးနိုင်သေးတဲ့ ကိစ္စလို့ ယူဆရတာပဲ၊ ဒါတွေ သွားပြောရင်လည်း ဒီနိုင်ငံတွေက ဖွံ့ဖြိုးပြီးသား နိုင်ငံကြီးတွေကို အရင် လက်ညှိုးထိုးမှာ သေချာတယ်...၊

blackroze ...
လူတိုင်း သတိပြုမိအောင် ဒီလိုပဲ တစ်ယောက်စကား၊ တစ်ယောက်နားမှာ လုပ်ကြရမှာ ပါပဲ ညီမရေ...၊

ကို N/A ...
ဟုတ်တယ်ဗျ၊ တခါတခါ ပျက်လိုက်ရင် နင့်ကနဲပဲ...၊

ကိုဟန်ကြည် ...
အဲဒီ ခံစားမှုကို ကောင်းကောင်း သိတယ်ဗျို့...၊း)

မရိုစ့် ...
တကယ်ပဲ ထားအပ်တဲ့ ကိုယ်ချင်းစာ စိတ်ကလေးပါပဲ..၊

မကောင်းမွန်ဝင်း ...
လိုအပ်တဲ့ အခါလည်း လိုအပ်သလို ပြောင်းလဲနိုင်တဲ့ ဂျပန်လူမျိုး တွေရဲ့ စရိုက်က ချီးကျူးစရာ ပါပဲဗျာ..၊

မ mie nge ...
အဲဒီလို နိုင်ငံကြီးတွေမှာ လူတွေက သူတို့ရဲ့ နေ့စဉ်ဘဝ သာယာရေးကို ပတ်ဝန်းကျင် သာယာရေးနဲ့ မလဲနိုင် ကြတာ တွေ့ရလေ့ ရှိတယ်ဗျ...၊း(

မမိုးငွေ့ ...
အဲဒါဟာ ရေရှည်ဆိုရင်တော့ တကယ့်ကို ဝမ်းမြောက်စရာ သတင်းကောင်းပါပဲဗျာ..၊

မစန်းထွန်း ...
ဖြစ်နေတာတွေကတော့ အဲဒီအတိုင်း ပါပဲဗျာ...၊

မဇွန်မိုးစက် ...
တကယ်ကောင်းတဲ့ အလေ့အကျင့်လေးတွေ အတွက် ချီးကျူးပါတယ် မဇွန်ရေ၊ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူးပဲ ဆိုဆို ဒါဟာ ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးအပေါ် ထားတဲ့ ကိုယ့်ရဲ့ ကျင့်ဝတ်သိက္ခာပဲ မဟုတ်လား၊ ပြီးတော့ အပန်းကြီးတဲ့ ကိစ္စတွေလည်း မဟုတ်ဘူးလေ...နော၊

မဒမ်ကိုး ...
ဒါဆိုရင်တော့ ကောင်းပါလေ့ဗျာ...၊

Mon Petit Avatar ...
ပန်းလည်းလှစေ၊ ပျားလည်းဝစေ ပေါ်လစီပါပဲ...၊း) ဘာ့ကြောင့်ပဲ ခွဲခွဲ...၊ ခွဲပစ်တယ် ဆိုကတည်းက SD အတွက် ခြေတစ်လှမ်းပဲ မဟုတ်လား...။း)

မြစ်ကျိုးအင်း said...

မလိုအပ်ဘဲ ရေဖွင့်ထားတာ မီးဖွင့်ထားတာတွေတော့ ဂရုစိုက်ပြီး ဆင်ခြင်မိတယ်။ တခါတလေ အိပ်ယာထဲ ရောက်မှ ဧည့်ခန်းမီး မပိတ်ရတာ သတိရပြီး ပျင်းတဲ့စိတ်နဲ့ အလဟသ မဖြစ်ချင်စိတ်တွေ လွန်ဆွဲနေတတ်သေးတယ်။ ထလိုက်ရတာ တမိနစ်ပဲ ဆိုတဲ့ စိတ်လေး သွင်းပြီး သွားပိတ်လိုက်ဖြစ်တယ်။
အသက်အရွယ် ကြီးရင့်မှုနဲ့အတူ အတ္တတွေ မကြီးထွားလာဖို့ ဒီလို အသေးအဖွဲလေးတွေက အစ ဂရုစိုက်ရမှာပဲ မဟုတ်လား။