29 August 2011

Blay Dog အမှတ်တရ


ဘလော့ဂ်ဒေး အတွက် ဘလော့ဂါတွေ ကြားမှာအမှတ်တရ ပို့စ်တွေ ရေးကြ၊ တဂ်ကြတဲ့အခါ ညီငယ် မောင်မျိုးက ကျနော့်ကိုလည်း ချမ်းသာ မပေးခဲ့ပါဘူး၊ ပြီးတော့ တခြား ဘလော့ဂ် မောင်နှမတွေ ကလည်း သူတို့ရဲ့ ပို့စ်တွေမှာ ဆက်ပြီးတဂ်ကြ၊ တိုက်တွန်းကြတာနဲ့ ရေးလိုက်ပါပြီ၊ ကိုယ့်ရဲ့ ဘလော့ဂ်သစ်ပင်လေး ရှင်သန်ရာ ဘလော့ဂင်း ဥယျာဉ်ကြီးထဲမှာ နေ့လေးတစ်နေ့ သတ်သတ်မှတ်မှတ်နဲ့ အခြားသော သစ်ပင် ပိုင်ရှင်တွေက ဥယျာဉ်ကြီး သာယာစေဖို့ ရေလောင်းပေါင်းသင် ဝိုင်းလုပ်နေကြချိန်မှာ ကိုယ်ကလည်း မြက်လေး တစ်ပင်နှစ်ပင်လောက် ဝင်ပြီး နှုတ်လိုက်တယ် လို့ပဲ ဆိုရမလား မသိ...၊ နောက်ကွယ်က ခင်မင်ရင်းနှီးမှုတွေကို မြင်နေရတာကြောင့် အခုလို ဝိုင်းကြပါ၊ ဝန်းကြပါ လို့ခေါ်တာဟာ အတင်းအဓမ္မ လုပ်အားပေး ဆိုတာမျိုး မဟုတ်တာတော့ သေချာပါတယ်၊း)

ကျနော် လိုက်ဖတ်ကြည့်မိသလောက် ဘလော့ဂ်ဒေးအတွက် ပို့စ်တွေမှာ ဘလော့ဂါ အားလုံးလိုလိုက ဘလော့ဂ်ဆိုတာကြီးကို သူတို့ ဘယ်တုန်းက၊ ဘယ်လိုနည်းနဲ့ သိလာခဲ့တယ်လို့ ရေးကြတယ်၊ တချို့ဆို ပထမဆုံး ဖတ်မိတဲ့ ပို့စ်က ဘယ်ဟာပါ ဆိုတာတောင် တိတိကျကျနဲ့ မှတ်မိနေကြတယ်၊ တကယ့်ကို အားကျဖို့ ကောင်းပါတယ်၊ ဒါပေမယ့် ကျနော့်မှာကျတော့ အဲဒီလို ပြောအားမရှိ ဖြစ်နေခဲ့တယ်၊ ဘယ်အချိန်က ဘယ်လိုနည်းနဲ့ ဘလော့ဂ်ကို သိသွားသလဲလို့ မမှတ်မိတော့ဘူး၊ အပြင်းအထန် ဦးနှောက်မုန်တိုင်း ဆင်ကြည့်ပေမယ့်လည်း ဘာမှ ထွက်မလာဘူး၊ ဒီတော့လည်း ချစ်သူတွေကြားမှာ ပြောကြသလို 'ကိုယ်မင်းကို ဘယ်အချိန်က စချစ်သွားမှန်း မသိပေမယ့် သတိထားမိတဲ့ အချိန်မှာ အရမ်းမြတ်နိုးနေခဲ့ပြီ ဆိုတာ ယုံပါ' ဆိုတဲ့ အတိုင်းပဲလို့ သာသာထိုးထိုးလေး ပြောရတော့မယ် ထင်ပါရဲ့ဗျာ...၊

အဖြစ်နိုင်ဆုံးကတော့ သတင်းဆိုဒ်တွေ လိုက်ဖတ်ရင်းနဲ့ အဲဒီမှာပေးထားတဲ့ ဘလော့ဂ်လင့်ခ်တွေကို နှိပ်မိရင်း အမှတ်မထင် သိသွားတာပါပဲ၊ အဲဒီတုန်းက သတိထားမိ၊ ဖတ်မိတဲ့ ဘလော့ဂ်တွေက ကိုမောင်လှ ဘလော့ဂ်၊ ကိုရန်အောင် ဘလော့ဂ်နဲ့ စေတန်ဂေါ့ဒ် ဘလော့ဂ်တွေပါ၊ ပြီးတော့ တရက်မှာ စေတန်ဂေါ့ဒ် ပြုစုထားတဲ့ ဘလော့ဂ်လုပ်နည်းလေး ဖတ်မိရာကနေ ကိုယ်လည်း တစ်ခုလောက် စမ်းကြည့်ဦးမယ်ဆိုပြီး လုပ်ဖြစ်သွားတယ်၊ မြန်မာစာကိုလည်း အဲဒီတချိန်တည်းမှာပဲ ကျင့်ပြီးရိုက် ကြည့်တယ်၊ ပထမဦးဆုံး တင်လိုက်တဲ့ ပို့စ်လေး ကမ္ဘာ့ကွန်ယက် ကြီးထဲ တက်လာတော့ ပျော်လိုက်တာ..၊ အဲဒီတုန်းက ၂၀၀၇ အောက်တိုဘာလမှာပါ၊

ဒီလိုနဲ့ ဝမ်းသာအားရနဲ့ သုံးလေးပုဒ်လောက် ရေးလိုက်တယ်၊ ပြီးလည်း ပြီးရော ဘာဆက်ရေးရမှန်း မသိတော့ဘူး၊ တကယ်ကို မသိတော့ တာ..၊ အသစ်တို့ထုံးစံ ကျနော့်ဆီကို ဘယ်သူမှ လာမလည်ကြပါဘူး၊ ကျနော်ကလည်း ဘလော့ဂ်တွေ အများကြီး မသိဘူး၊ စီဘောက်စ် တွေမှာ နှုတ်ဆက်ရ ကောင်းမှန်းလည်း မသိသလို ကွန်မန့်လည်း မချန်ဖြစ်ပါဘူး၊ အဲဒီတုန်းက ကျနော့်စိတ်ထဲမှာ တခြားဘလော့ဂ်တွေဆီ သွားပြီး ကျနော်ကတော့ ဘယ်သူပါ၊ ကျနော့်ဆီလည်း လာလည်ကြပါဦးလို့ မိတ်ဆက်ရမှာ အင်မတန် ဝန်လေးနေခဲ့တယ်၊ မာနကြီးတာ၊ ကြီးကျယ်တာမျိုးတော့ လုံးဝ မဟုတ်ရပါဘူး၊ ဘယ်လိုပြောရမလဲ၊ တမျိုးပဲ၊ လူမသိ၊ ရောင်းမစွံတဲ့ ပစ္စည်းကြီးကို အတင်းလိုက် ထိုးရောင်းနေရသလို ခံစားမှုမျိုးလို့ ပြောရမယ် ထင်တယ်၊ အမှန်တော့ ကြောင်တာပါ၊ အခုကျမှ ပြန်တွေးကြည့်တော့ အတော်အခြေအမြစ် မရှိတဲ့ အတွေးအခေါ် ပါပဲ၊ တကယ်တော့ ဘလော့ဂါ အသစ်တစ်ယောက်က ဘလော့ဂ်ရပ်ဝန်းထဲမှာ ရှိနှင့်နေတဲ့ လူတွေကို လိုက်နှုတ်ဆက် တာဟာ အင်မတန် သင့်လျော်တဲ့ ကိစ္စပါ၊ ရပ်ကွက်ထဲ အသစ်ပြောင်းလာသူက အိမ်နီးချင်းတွေကို ဖိတ်ပြီး အိမ်တက် လုပ်သလိုမျိုး၊ ရုံး ဝန် ထမ်း အသစ်က အခြားဝန်ထမ်းတွေကို လိုက်ပြီး နှုတ်ဆက်သလိုမျိုး၊ တိုင်းပြည်ကို အသစ်ရောက်လာတဲ့ သံတမန်က အဲဒီတိုင်းပြည်ရဲ့ အကြီးအကဲကို Courtesy call ပေးသလိုမျိုးပဲ မဟုတ်လား၊ ဒါဟာ မင်္ဂလာတပါး ပါပဲ...၊ အခုနေသာ ဘလော့ဂ်အသစ်တစ်ခု လုပ်ဖြစ်ရင် တော့ ကျနော် အားလုံးကို Courtesy call လိုက်ပေးမိမယ် ထင်တယ်..၊း)

အဲဒီလို အီလည်လည်ကြီးနဲ့ တန့်နေတုန်းမှာ ဖြစ်သွားတဲ့၊ အခုထက်ထိလည်း ကျနော်မှတ်မိ နေသေးတဲ့ အဖြစ်အပျက်လေးတစ်ခုကို ကြုံလို့ ပြောပြချင်ပါတယ်၊ အဲဒီတုန်းက အခုလိုပဲ တဂ်ဂိမ်းတစ်ခု ရေးနေကြတဲ့ အချိန်ပါ၊ အကြောင်းအရာက သရဲခြောက်ခြင်းနဲ့ ပတ်သက်တာ တခုခု..၊ ကျနော် ဖတ်မိတာက ကိုရန်အောင်ရဲ့ ပို့စ်တစ်ခုပါ၊ အဲဒီပို့စ်ရဲ့ အဆုံးမှာ သူက 'ကဲ ဒီစာကို ခင်ဗျားက ဖတ်နေတယ်ဆိုရင် ခင်ဗျားကိုလည်း ဆက်ပြီး တဂ်လိုက်ပြီဗျာ၊ ရေးသာရေးပေတော့' လို့ ရေးလိုက်တယ်၊ ဒါဟာ ကျနော့်လို လူလည်းမသိ၊ ဘာဆက်ရေးရမှန်း လည်း မသိသူ အတွက် လှလှလေး ဖွင့်ထားတဲ့ တံခါးတစ်ချပ်ပဲ မဟုတ်လား၊ ဒါနဲ့ 'ပဟေဠိဖွက်တဲ့ သရဲတစ်ကောင်' ဆိုတဲ့ ပို့စ်ကို ကျနော် အားကြိုးမာန်တက် ရေးတယ်၊ ပြီးတော့ တင်တယ်၊ ဘယ်သူမှ လာမဖတ်ကြဘူး၊ လူတစ်ယောက်ကို ဒေါနဲ့မာန်နဲ့ သူ့မှာရှိတဲ့ အဆိပ်တွေ အကုန်သုံးပြီး ကိုက်လိုက်ပြီးတဲ့အခါ အားကုန်သွားပြီး မလှုပ်ချင်တော့တဲ့ မြွေတစ်ကောင်လို ကျနော်လည်း စိတ်ညစ်၊ လက်ပန်းကျသွားပြီး ဘလော့ဂ်ကို ပစ်ထားလိုက်တော့တယ်၊ အတော်ကြီးကြာမှ ပြန်လာကြည့်တော့ ကွန်မန့်လေး ၂ ခု ရောက်နေခဲ့ တယ်၊ မလေး(အိမ့်ချမ်းမြေ့)နဲ့ အမမေငြိမ်း တို့ဆီက...၊ နာမည်ကြီး ၂ ယောက်ဆီက အသိအမှတ်ပြုမှုလေး ရလိုက်တော့ ကျနော်ပျော်ပါတယ်၊ အားလည်းတက်ပြီး နည်းနည်းစီ ဆက်ရေးဖြစ်ခဲ့တယ်၊ သူတို့ကတော့ သိမယ် မထင်ပါဘူး၊ ရေးဖို့ indirectly တဂ်ခဲ့တဲ့ ကိုရန်အောင်၊ ကွန်မန့်ပေးသွားတဲ့ မလေး နဲ့ အမမေငြိမ်း တို့ကို ကျေးဇူးတင် ပါတယ်၊ နောက်ပိုင်းတော့လည်း တဖြေးဖြေးနဲ့ ဘလော့ဂ်ရပ်ဝန်းထဲမှာ ကူးလူးဆက်နွယ်မှုတွေ ဖြစ်ခဲ့တယ် ပေါ့ဗျာ၊ အင်မတန် စိတ်ဝင်စားဖို့ ကောင်းတဲ့ ဘလော့ဂ်တွေ၊ ခင်မင်စရာ ကောင်းတဲ့သူတွေကိုလည်း သိလာခဲ့ရတယ်၊

ဒီလိုနဲ့ တဂ်ပို့စ်ရေးဖို့ ပျင်းတဲ့ ကျနော့်ကို မရမက တဂ်တတ်တဲ့ ညီငယ် မောင်မျိုး (အင်မတန် ရိုးသားတဲ့၊ ရယ်မြူးစရာ ကောင်းတဲ့ ပို့စ်လေး တွေ ရေးတတ်တဲ့ ညီငယ်)၊ ပြောင်မြောက်တဲ့ စကားလုံးတွေ သုံးတတ်တဲ့ မသီတာ-ကိုဧရာ (သူတို့ကို စသိတုန်းက တခြားလူတွေလိုပဲ ကျနော်လည်း ဘာသာရေးဘလော့ဂ်ပဲ ထင်နေခဲ့တာ)၊ အင်မတန် စာရေး ကောင်းသူလို့ အားလုံးက တညီတညွတ်တည်း လက်ခံထားကြတဲ့ ကိုကလိုစေးထူး၊ ရှေးဟောင်း မြန်မာ ကဗျာတွေနဲ့ ပါဠိတွေကို ထုံးလိုခြေ၊ ရေလိုနှောက်တဲ့ မမေဓာဝီ (သူက တခါတခါလည်း ရယ်စရာတွေ ကို အတည်ကြီးနဲ့ ရေးတတ်ပါသေးတယ်)၊ ညွတ်နူးပျော်ဝင် စေလောက်တဲ့ အက်ဆေးတွေ အရေးကောင်းတဲ့ မသက်ဝေ (ဝတ္ထုတိုတွေ ဆိုရင် လည်း အဆုံးသတ်မှာ ပါးစပ် အဟောင်းသား ဖြစ်သွားစေတဲ့ twist တွေကို ရေးနိုင်သူပါ)၊ လန်းဆန်းသွက်လက်တဲ့ စာတွေရေးတဲ့ မချစ်ကြည်အေး (ဂီယာနံပါတ်တစ်နဲ့ ခဏခဏ ပြန်ထွက်ရတဲ့ ဘုရားဖူး ကားကြီးနဲ့လည်း ခေါ်သွားတတ်သူပါ)၊ Sense of humour အပြည့်နဲ့ ပို့စ်တွေ ရေးတတ်တဲ့ ကိုတီဇက်အေ (သူ့ရဲ့ မိသားစုတွေ လေယာဉ်ပျံနောက်ကျတဲ့ ပို့စ်ဆိုရင် အခုပြန်တွေးရင်တောင် ရယ်ချင်နေမိတုန်း ပါပဲ)၊ သီချင်းတွေကို အံ့သြလောက်အောင် သိနေတဲ့ ပေါက် (သူ့ဆီ ဖတ်တဲ့အခါ ဘယ်ကမ္ဘာကျော် အဆိုတော် ဘယ်တော့ အသစ်ထွက်မလဲ လို့ သိရတယ်)၊ ဂျစ်ပစီမိုးတိမ်တို့ နားခိုရာ ကိုညိမ်းနိုင် (ကျနော်ကောက်သိမ်းချင်မိတဲ့ ကဗျာတွေလည်း ထွက်ကျတတ်သူပါ)၊ စကားပြောရ တာ ဝါသနာပါလို့ ဘလော့ဂ်ရေးပါတယ် ဆိုတဲ့ မ,ကောင်းမွန်ဝင်း (တခါတလေ သူက အသံတိတ်နေပေမယ့် ဂျပန်ဆူနာမီလို အရေးကြီးချိန် မှာတော့ အချိန်နဲ့တပြေးညီ သတင်းတွေ တင်ပေးခဲ့သူ)၊ အပြင်းစား ကဗျာတွေနဲ့ ပန်းချီတွေရဲ့ ဖန်တီးရှင် မပန်ဒိုရာ၊ ပို့စ်တိုင်းကို စေတနာ အပြည့်နဲ့ ရေးတဲ့ အစိမ်းရောင်လွင်ပြင်က မချော (သူက Yellowstone Park အကြောင်း ပြောပြပြီး ကြည့်လို့ မဝခင်မှာ တူရကီက မြေထဲပင်လယ် အသုပ်ကို ချကျွေးနိုင်လောက်အောင် ဗဟုသုတ စုံသူပါ)၊ မိုးဇက်တို့ ဘီသိုဗင်တို့ရဲ့ ဂီတမှာ ပျော်ဝင်သူ မစူးနွယ်လေး (မဖတ်ရတာ ကြာနေတဲ့ အဆောင်နေ ကျောင်းသူဘဝကိုလည်း အရေးကောင်းသူ)၊ ပြေပြစ်ချောမွေ့တဲ့ ဝတ္ထုတွေ အရေးကောင်းသူ ရိုစ့် (သူက ရယ်သံကို စာတွေထဲမှာ 'ခစ် ခစ်'လို့လည်း အသံဖလှယ် တတ်ပါတယ်)၊ အဖေကို ချစ်လွန်းတဲ့ Sharon ရဲ့ မရိုစ့် (ခင်ပွန်းနဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာကိုလည်း ပို့စ်တွေမှာ ပေါ်အောင်ရေးသူပါ)၊ ငှက်ကြည့် ဝါသနာပါသူ မအိုင်အိုရာ (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာလည်း ရင်ခုန်သူ တစ်ယောက်ပါ)၊ အာရပ်တိုင်းပြည်က လူနေမှုတွေ အကြောင်း တစေ့တစောင်း ပြောတတ်သူ ကို N/A (သားကို ချစ်တဲ့ အဖေတစ်ယောက်)၊ ကော်ဖီခါးခါး ကြိုက်တဲ့ မမိုးငွေ့ (သူက အိန်ဂျယ်လ်ကိုလည်း အတော်ရင်ခုန်သူပါ)၊ အင်္ဂလိပ်လို ပို့စ် ရေးပြီး ကျနော့်ဆီမှာ ပြင်သစ်လို ကွန်မန့်တွေ ပေးဖူးတဲ့ Mon Petit Avatar (သူ့ရဲ့ ခရီးသွား ပို့စ်တွေက စိတ်ဝင်စားဖို့ ကောင်းသလို အစားအသောက်ပို့စ်တွေ တင်ပြီးတိုင်း 'ဝလာတော့မှာပဲ' လို့ ရေးတတ်တာလေးက နှစ်ခြိုက်စရာ)၊ အစားအသောက်တွေကို မျိုးစုံ ချက်တတ် တဲ့ မဘေဘီ (သူတင်တဲ့ အစားအသောက် ပုံတွေ ကြည့်တိုင်း 'ခံတွင်းထဲမှာ မိုးရွာပြီ ဘေဘီ' လို့ ပြောချင်မိတယ်)၊ စကားလုံး စီးဆင်းမှု ချောမွေ့လှတဲ့ မဇွန်မိုးစက် (သူစီးခဲ့တဲ့ လေယာဉ်ခရီးစဉ်တွေနဲ့ လေယာဉ်ပေါ်က အဖြစ်အပျက်တွေကို အသေးစိတ် မှတ်မိနေတဲ့ ဦးနှောက် ပိုင်ရှင်ပါ)၊ အတွန်းအတိုက်တွေ ကြားမှာ ခေါင်းမော့ ရင်ကော့ ပန်းပန်လျက်ရှိနေတဲ့ မငယ်နိုင်၊ မျှတတဲ့ အတွေးတွေနဲ့ ပို့စ်ရေးတဲ့ မအိမ်သူ (သူ့ရဲ့ ဝါခေါင်မိုး ဘလော့ဂ်မှာ ကမ်ဘောဒီးယားအကြောင်း စိတ်ဝင်စားစရာတွေ အပြည့်နဲ့ပါ)၊ တောင်တန်းတွေကို ချစ်တတ်တဲ့ အမြဲစိမ်းဖြိုး (သူ့ရဲ့ ခရီးသွားဆောင်းပါးတွေ ဖတ်ရတာ ကိုယ်ကိုယ်တိုင် ကျောပိုးအိတ် တစ်လုံးနဲ့ ခရီးသွားရသလို ပေါ့ပေါ့ပါးပါး ရှိလှတယ်)၊ အေးချမ်းတိုးတိတ်တဲ့ စာလေးတွေ ရေးတဲ့ မ,ရှင်လေး၊ အခက်အခဲတွေကို လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့ လပြည့်ရိပ်၊ အစ တစ်ကြောင်းဖတ်မိတာနဲ့ အဆုံးထိကို တထိုင်တည်း ဖတ်မိသွားစေတဲ့ ဝတ္ထုတွေရဲ့ မှော်လက်ပိုင်ရှင် ကိုမြစ်ကျိုးအင်း (ဇတ်ရုံတစ်ရုံ အကြောင်း ကကြီးကနေ အ,အထိ ခရေစေ့တွင်းကျ သူသိပုံက တကယ့်ကိုပဲ လက်ဖျားခါချင်စရာ)၊ ဝတ္ထုတွေ ကဗျာတွေကို မအားတဲ့ကြားက ကြိုးစားရေးရှာတဲ့ ညီမအိန်ဂျယ်လ်လှိုင် (သူက ချစ်စရာကောင်းတဲ့ 'ကောင်းသောနေ့လေး ဖြစ်ပါစေအကို' လို့လည်း နှုတ်ဆက်တတ်သူပါ)၊ ပန်းတွေကို ဗိသုကာပညာနဲ့ ထုဆစ်တတ်တဲ့ မ,အပြုံးပန်း (သူရေးတဲ့ ပို့စ်တိုတိုလေးတွေက ခဏလေးနဲ့ ပွင့်ပေမယ့် အချိန်အကြာကြီး မွှေးနေတဲ့ ပန်းကလေးတွေလို)၊ ကွန်နက်ရှင် အခက်အခဲကို ရင်ဆိုင်ပြီး ဖတ်ရခက်သူတွေ အတွက် စာကောင်းပေမွန်တွေ ကြိုးစားတင်ပေးတဲ့ မရွှေစင်ဦး (သူ့ရဲ့ တောင်ရောက်မြောက်ရောက် စီးရီးစ်ပို့စ်တွေက တကယ်ပဲ တောင်ကနေမြောက်အထိ လက်ရှိဖြစ်နေ တဲ့ အကြောင်းတွေ ဗဟုသုတ ရပါတယ်)၊ ဒီမိုးဒီရေထဲမှာ ချီတက်ဆဲ၊ ချီတက်မြဲ မခင်ဦးမေ (ပို့စ်အသစ်တွေနဲ့ အမြဲတမ်း up to date ဖြစ်နေတဲ့ လူသိအများဆုံး ဘလော့ဂ်ပါ) စတဲ့ မောင်နှမတွေနဲ့ သိကျွမ်းခဲ့ရတယ်၊ အခြားစိတ်ဝင်စားစရာ ဘလော့ဂ်တွေလည်း သွားရင်းလာ ရင်း မြင်းတပြေး အနေအထားနဲ့ သိခဲ့ရတာ တကယ့်ကို အများကြီးပါ၊ အချိန် အခက်အခဲတွေကြောင့် အဝေးကနေပဲ ငေးကြည့်နေခဲ့ ရတယ်၊

တကယ်တမ်း နေ့စဉ်ဘဝမှာ ကျနော့်အတွက် ပို့စ်တွေအများကြီး လိုက်ဖတ်ဖို့ရာ အချိန် သိပ်မရှိလှ ပါဘူး၊ ဖတ်ဖို့ အကြွေးတင်နေတဲ့ ပုံနှိပ်ဝတ္ထုတွေ၊ ဓါတ်ပုံပိုင်းဆိုင်ရာ ဆိုဒ်တွေ၊ စာအုပ်တွေ၊ အိမ်မှုကိစ္စတွေကြားမှာ တခါတခါ ဘလော့ဂ်လေးက အိပ်ပျော်သွားလေ့ ရှိပါတယ်၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ စ,ရေး ကတည်းက ဒီနေ့အထိ အကြာကြီး နားနေတာမျိုးတော့ မရှိစေခဲ့ ဖူးသေး ပါဘူး၊ အဲဒီလို အခြေအနေမှာ ကျနော်ကသာ ပုံမှန်မရောက်ပေမယ့် ကျနော့်ဆီကို အမြဲလိုလို လာလည်နေကြတဲ့ တခြားဘလော့ဂါတွေ၊ စာဖတ်သူတွေ အကြောင်းလည်း ပြောဖို့ လိုပါလိမ့်မယ်၊ ဘလော့ဂ်စ,ရေးတဲ့ အစောပိုင်း ကာလတွေကတည်းက ဒီနေ့အထိ ပုံမှန်လာလည်ပြီး ကွန်မန့်လေးတွေ ချန်ထားတတ်သူက မမီးငယ် ပါ၊ နောက်ပြီးတော့ တရင်းတနှီး လာလည်ကြသူတွေ ဖြစ်တဲ့ နာမည်လှလှနဲ့ မ,စည်းစိမ်၊ ကွန်မန့်တွေကို တလေးတနက် ပေးတတ်သူ တောင်ငူသား၊ အကြိုက်နဲ့ တွေ့တဲ့အခါ ခြေရာချန်ဖို့ ဝန်မလေးတဲ့ Vista၊ စကားလုံးတိုင်းကို ထိရှခံစား တတ်တဲ့ မစိုးမြနန္ဒာသက်လွင်၊ ကွန်မန့်မှာ တခါတလေ စိတ်ဝင်စားစရာ မေးခွန်းတွေ မေးတတ်တဲ့ ကို Raymond ကျော်မင်းနိုင်၊ ဘလော့ဂ် ကို အကြိမ်ပေါင်းများစွာ လာလည်တတ်တဲ့ အမြဲအားပေးတတ်သူ ဂျီးဒေါ်၊ ကျနော် သွားလည်ချင်လှတဲ့ ယောနယ်ကို ရောက်ဖူးလို့ အားကျရသူ အဝါရောင်မြေက (မ)စော၊ ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ ရေးတတ်တဲ့ လက်တွေ့နဲ့ မကင်းကွာသူ မစန်းထွန်း၊ ချစ်စရာ ကွန်မန့်လေးတွေရဲ့ ပိုင်ရှင် ညီမ blackroze၊ သိုးဆောင်း စကားလုံးတွေနဲ့ သတိတရ နှုတ်ဆက်တတ်တဲ့ မချောစု၊ ကွန်မန့်မှာ 'ခင်မင်လျက်'လို့ လက်မှတ်ထိုးတတ်တဲ့ မ,ဆောင်းနှင်းရွက်၊ စာတွေကို သေချာဖတ်ပြီး ကွန်မန့်ပေးတတ်တဲ့ မမေသိမ့်သိမ့်ကျော်၊ ကွန်မန့်မှာကော စီဘောက်စ်မှာပါ ရင်းရင်းနှီးနှီး နှုတ်ဆက်တတ်တဲ့ မဒမ်ကိုး၊ ပို့စ်သစ်တွေရဲ့ ထိပ်ဆုံးမှာ လာလာမန့် တတ်တဲ့ ညီ၊ အခုနောက်ပိုင်းမှာ ကွန်မန့်တွေ ရေးလေ့ရှိတဲ့ AA တို့ကိုလည်း သတိတရ ဖော်ပြချင်ပါတယ်၊ ဒါတွေက ဒီပို့စ်ရေးနေခိုက်မှာ ခေါင်းထဲရောက်လာတဲ့ နာမည်တွေပဲ ဖြစ်ပါတယ်၊ ခြေရာမချန်ခဲ့ဘဲ အမြဲတမ်း တိတ်တိတ်ကလေး လာဖတ်နေတဲ့ သူတွေလည်း အများကြီးပါပဲ၊ ဘယ်သူဘယ်ဝါရယ်လို့ မပြောနိုင် ပေမယ့် သူတို့ကိုလည်း တခုတ်တရ အမှတ်ရမိကြောင်း ပြောပါရစေ..၊

ဘလော့ဂ်ဒေး အမှတ်တရ ပို့စ်ရဲ့ ရည်ရွယ်ချက်က ကိုယ်သိတဲ့၊ ဖတ်တဲ့ အခြားဘလော့ဂ်တွေ အကြောင်း ပြောကြဖို့ ဆိုတဲ့အတွက်သာ ရေးလိုက်ရပေမယ့် အမှန်ပြောရရင် အခုလို နာမည်တွေနဲ့ ရေးရတာ ကျနော် မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပါပဲ၊ အကြောင်းက ကျနော် မဖော်ပြ မိတဲ့သူတွေ တစ်ယောက်မက ကျန်နေမှာ အသေအချာပါပဲ၊ ကိုယ်ခင်မင်လို့ ပုံမှန်လာလည်နေတဲ့ ဘလော့ဂ်က အခြားလူတွေကို သတိရပြီး ကိုယ့်ကိုတော့ မေ့နေခဲ့တယ် ဆိုရင် တချို့က ဘယ်လိုမှ မခံစားရပေမယ့် တချို့ကတော့ စိတ်မှာ မြူတမှုန်စာပဲ ဖြစ်ဖြစ် အစက်ထင်ကောင်း ထင်သွားနိုင် ပါတယ်၊ ဒါ့ကြောင့် အဲဒီလို ချွတ်ချော်ပြီး နာမည်ကျန်ခဲ့တဲ့ သူတွေရှိခဲ့ရင် ကျနော် အနူးအညွတ် ကြိုပြီး တောင်းပန်ပါတယ်၊ ဒါဟာ လေးစားသမှု မရှိတာ၊ တန်ဖိုးမထားတာမျိုး မဟုတ်ဘဲ ကျနော့်ရဲ့ မှတ်ဥာဏ် ချို့ယွင်းမှု သက်သက်ပါပဲ၊ နာမည်ပါသူတွေက အင်္ဂလိပ် ခေတ်ကလို ကြက်သရေဆောင် ရွှေစလွယ်ရမင်း (KSM) လက်မှတ် ရမှာ မဟုတ်သလို နာမည်မပါသူတွေကလည်း သမဝါယမ ခေတ်ကလို ပြည်သူ့ဆိုင်မှာ သကြားနဲ့ရေနံဆီ မရဘဲ ကျန်ခဲ့မှာမျိုး မဟုတ်ပါဘူး၊ ဒါဟာ မပြည့်စုံတဲ့ ဦးနှောက်တစ်လုံးက ဝင်ကစားတဲ့ တဂ်ဂိမ်းတစ်ခု သက်သက် ဆိုတာထက် မပိုပါဘူးဗျာ...၊

နာမည်နဲ့တကွ ရေးမိတဲ့သူတွေကိုလည်း နာမည်တွေဟာ Order of appreciation အလိုက် မဟုတ်ဘဲ ခေါင်းထဲမှာ ပေါ်လာတဲ့အတိုင်း ခပ်သွက်သွက်ပဲ ချရေးထားတာ ဖြစ်တဲ့အကြောင်း ပြောချင်ပါတယ်၊ ပြီးတော့ ကွင်းစကွင်းပိတ်ထဲက မှတ်ချက်လေးတွေကလည်း တစ်ယောက်စီကို categorize ခွဲခြား သတ်မှတ်တာမျိုး မဟုတ်ဘဲ ရှိရင်းစွဲ အပြန်အလှန် ခင်မင်မှု ကြိုးနှစ်စကို ပိုပြီးခိုင်မြဲအောင် သုံးလွန်းတင် လိုက်တဲ့ အတို့အထိလေး သက်သက်ပါပဲ၊ အခန့်မသင့်လို့ စိတ်နဲ့ မတွေ့ခဲ့ရင်တော့ ကျနော့်ရဲ့ အားနည်းချက် ဖြစ်တဲ့အကြောင်း တဆက် တည်းပဲ တောင်းပန်ပါရစေ...၊

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ဒီအချိန် အထိတော့ ဘလော့ဂ်ရပ်ဝန်းမှာ ကျနော် သစ္စာရှိစွာ နေထိုင်တုန်းပါပဲ၊ အချိန်ရရင် ရသလို ဘလော့ဂ်တွေဆီ လှည့်လည်သွားလာ နေတုန်းပါပဲ၊ စာလာဖတ်တဲ့ အယောက်တိုင်းကို ကျေးဇူးတင်ပြီး ဝမ်းသာအားရ ကြိုဆိုဆဲပါပဲ၊ ကွန်မန့်တွေကိုလည်း တန်ဖိုးထားသလို တစ်ခုချင်းစီကို တတ်နိုင်သလောက် ကြိုးစားပြီး ပြန်နေလျက်ပါပဲ၊ တခြားသော ဘလော့ဂါတွေမှာ အချင်းချင်း အပြင်မှာတွေ့ကြတယ် ဆိုရင် ကျနော် အမြဲတမ်း အားကျမိပါတယ်၊ တခါတခါမှာ ကျနော်လည်း အဲဒီလို ကိုယ်ရင်းနှီးတဲ့ ဘလော့ဂါတွေ၊ စာဖတ်သူတွေကို လက်ဖက်တရိုး၊ အကြမ်းတစ်အိုးနဲ့ အပြင်မှာ ဆုံဖူးချင်မိတယ်၊ တခါတလေ လပေါင်းများစွာ ကြာတဲ့အထိ မြန်မာ တစ်ယောက်နဲ့မှ မဆုံဖြစ်တဲ့ အရပ်မှာ နေထိုင်ရတဲ့ အတွက်ကြောင့်လားတော့ မသိပါဘူး၊ ဘလော့ဂ် ရပ်ဝန်းလေးက ကျနော့်အတွက်တော့ တဝဲလည်လည် ဖြစ်ရတဲ့ ချည်တိုင်ပါပဲ၊ မမြင်ရတဲ့ ကြိုးတွေနဲ့ ကျနော်တို့ အချည်ခံရတဲ့အခါ ဖြေဖို့ ပိုပြီးခက်တယ် မဟုတ်လား...။ ။


ညီလင်းသစ်
၂၈ သြဂုတ်၊ ၂၀၁၁

စာကြွင်း။ ။ နာမည်တွေရဲ့အောက်မှာ ဘလော့ဂ်လင့်ခ်တွေတော့ မထည့်ပေးဖြစ် လိုက်ဖူးဗျာ၊ အမှန်တော့ သူတို့အားလုံးဟာ ကျနော်က မိတ်ဆက်ပေးစရာ မလိုတဲ့ လူသိများပြီးသား ဘလော့ဂ်တွေပါပဲ၊ စိတ်ဝင်စားရင်တော့ ဆိုဒ်ဘားမှာ အဲဒီဘလော့ဂ်လိပ်စာတွေ အားလုံးနီးပါး ရှိပါတယ်..။

44 comments:

Iora said...

ကြက်သရေဆောင် ရွှေစလွယ်ရမင်း (KSM) လက်မှတ် ရတော့မယ်မှတ်လို့ ပျော်နေတာ။ ဒီလက်မှတ်လေးပြပြီး မြေကွက်လျှောက်ရမလား၊ ဘာလားညာလားစဉ်းစားနေတာ။း)
ကျေးဇူးပါ မှတ်မှတ်ရရ ရှိတဲ့အတွက်။
အိုင်အိုရာ

လင်းခေတ်ဒီနို said...

ကိုညီလင်းသစ်ဆိုဒ်ကို ကျွန်တော်သတိထားမိတာ မကြာသေးပေမဲ့ . . အကို့ရဲ့ အဖိုးတန်တဲ့ ဘ၀အတွေ့အကြုံလေးတွေကို နှစ်သက်မိလို့ လာလာဖတ်မိပါတယ် ။ အခုလို ခြေရာချန်ခဲ့တာတော့ ဒါပထမဦးဆုံးလို့ ထင်ပါတယ် ။ နောက်လည်း လာဖတ်နေဦးမှာပါ

ခင်မင်စွာဖြင့်
ဗညားရှိန်

မဘေဘီ said...

သတိတရ ရှိလို့ ကျေးစ်ကျေးစ်း)

အပြုံးပန်း said...

ဘလော့ဂ်ရေးသူ မဟုတ်တဲ့ စာဖတ်သူ သူငယ်ချင်းတယောက်ကပြောတယ်၊
သူ့အကြိုက်ဆုံး ဘလော့ဂ်တွေထဲမှာ (ကို) ညီလင်းသစ် ဘလော့ဂ်လည်း ပါတယ်တဲ့၊
ဘာဖြစ်လို့လဲဆိုတော့
ရေးသားတဲ့အကြောင်းအရာတွေ၊ ရေးသားချက်တွေက ရင့်ကျက်တယ်၊ စိတ်ဝင်စားစရာကောင်းတယ်၊ တဲ့
ပြီးတော့ ရေးသားချက်တွေကို ကြည့်ပြီး ပြောရရင် လူတွေကို အပြန်အလှန်လေးစားတတ်သူတယောက်၊
အရေးအကြီးဆုံးက သားလေးကို မြန်မာ့ဓလေ့ထုံးစံကို သင်ကြားပေးသူ တယောက်မို့ တဲ့၊

(အပြုံးပန်း ဘလော့ဂ်ကို လှလှပပ ချီးကျူးထားလို့ ကျေးဇူးပါ)

ဒီမိုးဆူး said...

စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေနဲ့  ကြည်နူးဖွယ်ဓာတ်ပုံလေးတွေကို နှစ်သက်စွာ အမြဲဝင်လာအားပေးတတ်ပေမဲ့ အခုမှပဲ မန့် ဖြစ်တော့တယ် အစ်ကိုရေ .. ကျွန်တော်လည်း ပစ်ထားတဲ့ ကျွန်တော့်ရဲ့ စာမျက်နှာအသစ်လေးနဲ့ အတူ အားလုံးကို အိမ်တက်လိုက်ဖိတ်နေပါပြီလို့  ... သိပ်ပျော်ဖို့ ကောင်းတဲ့ ဘလော့လောကကြီးပါတကား .. ပျော်ရွှင်ဖွယ်နေ့ လေးဖြစ်ပါစေနော် .. :)

မိုးငွေ့...... said...

မောင်မျိုးရဲ့ တဂ်တဲ့ ကိုညီလင်းသစ်ရဲ့ နူးညံ့တဲ့အရေးအသားနဲ့ ဘလော့ဒေးအမှတ်တရပို့စ်လေး လာဖတ်သွားပါတယ်ရှင်..။
ချစ်ခင်သောဘလော့မောင်နှမတွေနဲ့အတူ အမြဲဘလော့ဂင်းနိုင်ပါစေဗျာ...။

ခင်တဲ့
မိုးငွေ့

ကောင်းမွန်ဝင်း said...

“ကျွန်မ ကိုညီလင်းသစ်ရဲ့ ဘလော့ဂ်ကို ဘယ်အချိန်က စဖတ်မိသွားမှန်းမသိပေမယ့်
သတိထားမိတဲ့ အချိန်မှာ နေ့တိုင်းလာဖတ်ဖြစ်နေခဲ့ပြီ ဆိုတာ ယုံပါ”

ကျမ်းကိုး။ ။ ကိုညီလင်းသစ် (http://nyilinnthit.blogspot.com/)
'ကိုယ်မင်းကို ဘယ်အချိန်က စချစ်သွားမှန်း မသိပေမယ့် သတိထားမိတဲ့ အချိန်မှာ အရမ်းမြတ်နိုးနေခဲ့ပြီ ဆိုတာ ယုံပါ'

တောင်ငူသား said...

ကွန်မန့်ပေးတဲ့သူအပေါ် ရေးတဲ့သူက အခုလို တခုတ်တရ ထည့်ရေးပေးတော့ နောင်များအတွက် ပိုလို့ ရေးချင်စိတ် ဖြစ်မိပါတယ်။

အကြောင်းကြောင်းတွေကြောင့် ဘလော့ရေးခြင်းကနေ တိတ်တဆိတ် ထွက်ခွာနေခဲ့တာ လပေါင်း အတော်ကြာခဲ့ပါပြီ အကိုရေ။ အကြောင်းတွေထဲက တစ်ခုကတော့ sensitive ဖြစ်တတ်လွန်းတဲ့ ကိုယ့်စိတ်ကို ကိုယ်မနိုင်သေးလို့ ဘလော့ရေးသူအဖြစ်ကနေ ဘလော့ဖတ်သူအဖြစ် အသွင်ပြောင်းနေခဲ့တာပါ။ အထူးသဖြင့် ဘလော့နဲ့ သတိကို တွဲပြီး ရပ်တည်နိုင်ပြီဆိုမှ ပြန်ရေးဖြစ်ပါလိ့မ်မယ် အကို။

(ဒီကွန်မန့်မှာ အပေါ်က စာပိုဒ် ထည့်ရေးမိတာ ရှေ့က ပိုစ့်တုန်းက ဘလော့ပိုင်ရှင် အကိုညီလင်းသစ်ရဲ့ ပြန်ကြားကွန်မန့်စာကြောင့်ပါ။ အူကြောင်ကြောင် ဝင်ရေးတယ်မှတ်ပြီး ဘုမသိ ဘမသိပဲ ဆွမ်းကြီးဝင်လောင်းခံရမှာ ကြောက်လို့ပါ။ အတွေ့အကြုံတွေက များပြီ အကိုရေ)

အမာခံပရိသတ်

Anonymous said...

What I love most concerning this post is that the blogger brings out the best in people!
Mon Petit Avatar

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုညီလင်းသစ်ရေ
ကျွန်မက ခရီးသွားရတာ ဗဟုသုတစုဆောင်းရတာ ဝါသနာပါပါတယ်။ အပြင်မှာတော့ ကမ္ဘာပတ်ဖို့ မဖြစ်နိုင်တဲ့အတွက် အင်တာနက် စာမျက်နှာပေါ်ကနေ ကမ္ဘာကြီးကိုပတ်ပြီး မွှေနှောက်ရှာဖွေနေခဲ့ရတာပါ။ ခုလို တစ်ခုတ်တရ ချီးကျူးစကားနဲ့ ထည့်သွင်းဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်။ တကယ်..
ပျော်ရွှင်စွာ စာတွေ ဆက်ရေးသားနိုင်ပါစေရှင်

mstint said...

ဘလော့ဂ်ဒေးအမှတ်တရကို ဖတ်ရတာ စိတ်ကို ပျော်ရွှင် ကြည်နူးမှုနဲ့အတူ စိတ်ဓာတ်ခွန်အားတွေ တိုးစေတာအမှန်ပါပဲကွယ်။ ရေးသားထားတဲ့ အကြောင်းအရာလေးတွေကို ဥပမာခိုင်းနှိုင်းမှုလေးတွေနဲ့ ရေးသွားတာ အားကျစရာကောင်းလိုက်တာ။ တစ်ခြားပို့စ်အတော်များများလည်း ဖတ်သွားပါတယ်။ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

An Asian Tour Operator said...

အားပေးပါတယ်ဗျာ

မဒမ်ကိုး said...

ဟဟဟ တို့အကိုရေ..
ကျန်ခဲ့တဲ့သူထဲမှာ မဒိုးကန်သာပါရင်
လာအော်ငိုမှာပဲ..

ဘလော့ဂင်ဘ၀ဟာပျော်စရာနွေးထွေးလွန်းလို့
ထမင်းစားချိန်တိုင်း ထမင်းဘူးက တစ်ဝက်ပဲ ကုန်တဲ့အထိ ပျော်မွေ့နေပါကြောင်းနဲ့

မဒိုးကန်လေးစားရတဲ့ အကိုညီတို့မိသားစု ပျော်ရွှင်ကြပါစေကြောင်း ..အမြဲတမ်း ဘလော့ဂင်နိုင်ပါစေကြောင်း ..း)
ခင်မင်လေးစားလျှက်
ညီမ
မဒိုးကန်

မြစ်ကျိုးအင်း said...

ကိုညီလင်းသစ်ရဲ့ စာတွေဖတ်တိုင်း ခင်မင်ရင်းနှီးမှုနဲ့ နွေးထွေးမှုတွေ အမြဲခံစားမိတယ်။ ကိုယ်ရေးတာတွေ အေးစက်စက်ဖြစ်နေသလားလို့ တွေးမိတဲ့အထိပါပဲ။
ပြေပြစ်တဲ့အရေးအသားနဲ့ ရွေးချယ်ဖွဲ့စည်းထားတဲ့ စကားစုလေးတွေကို အမြဲ နှစ်သက်လျှက်ပါခင်ဗျာ။

တောက်ပကြယ်စင် said...

မင်္ဂလာပါ ကိုညီလင်းသစ်ရေ။ တခြားဘလော့ဂ်တွေမှာ ရေးထားတာ တွေ့ရတယ်။ ကိုညီလင်းသစ်က စာအရေးအသားတွေ သိပ်ကောင်းပြီး စာဖတ်ပရိသတ်တွေကို စွဲဆောင်နိုင်တယ်လို့ ဖတ်ဖူးတယ်။ တကယ်လည်း ဟုတ်တယ်နော်။ ဥပမာတွေ၊ အလင်္ကာတွေနဲ့ ဝေေ၀ဆာဆာ တန်ဆာဆင်ပြီးတော့ အကြောင်းအရာတစ်ခုကို ထင်းခနဲ၊ လင်းခနဲဖြစ်အောင် ရေးတတ်တယ်။ ကျန်းမာပျော်ရွှင်ပါစေ ကိုညီလင်းသစ်ရေ။

Angelhlaing(May everybody be happy and healthy! said...

နှစ်နှစ်ပြည့်တော့မယ် မြန်မာတစ်ယောက်နဲ့မှ မဆုံဖြစ်တဲ့ ဒေသမျိုးမို့ ဘလော့ရွာလေးက အမြဲ တစ်ဝဲလည်လည် ဖြစ်ရတယ်ဆိုတာ အမှန်ပဲအကို စိတ်ရှိတိုင်းလည်ပတ်ရတိုင်း နွေးထွေးတဲ့ ရပ်ဝန်းလေးလို့ ခံစားရတိုင်း မြန်မာပြည် အလွမ်းပြေရတဲ့ အဝေးရောက်မြန်မာတွေအတွက် ချွေးသိပ်နားခိုရာ နေရာလေးတစ်ခုလို့ ထင်မြင်မိပါတယ်။ Happy blog day ပါအကိုရေ...နှုတ်ဆက်နေကြအတိုင်းပဲ ကောင်းသောနေ့လေး ဖြစ်ပါစေ အကို :)

sonata-cantata said...

ဘလော့ဂ်ဒေး အမှတ်တရ ပို့စ်တွေ ဖတ်ပြီး၊ စိတ်ထဲရောက်လာတဲ့ သီချင်းလေးပဲ ဆိုသွားတော့မယ်... ကိုညီလင်းသစ်ရေ...

♫♪ ဆရာဝန်ဖြစ်ဖို့ ကျနော်ကြိုးစားမည် ♪♪♪
♫♪ လူရည်ချွန်ဖြစ်ဖို့ ကျနော်ကြိုးသားမည် ♪♪♪

♫♪ ဘလော့ဂါဖြစ်ဖို့ ကျနော်ကြိုးစားမည် ♪♪♪

~~ တူနယ် တဲနယ် ♪♪♪

rose of sharon said...

ဒီပို့စ်ဖတ်ပြီး ကိုယ်ရေးရမှာတောင်လက်တွန့်သွားတယ်ညီလင်းသစ်ရေ... အတော်လေးကို မှတ်မိတာဘဲနော်... အမက အဲလိုမျိုး နာမည်နဲ့အကြောင်းအရာတွေမမှတ်မိတတ်တော့ ဘာရေးရမှန်းကိုမသိဖြစ်နေတာ..

အိမ့်ချမ်းမြေ့ said...

မလေးလည်း ဒီဖန်သားပြင်လောကကြီးဟာ အပြင်လောက မဟုတ်ဘူးလို့ ကိုယ့်ကိုကိုယ်ပြောနေရင်းက
သတိရလိုက်ချိန်မှာ..
စွဲလန်းမြတ်နိုးခြင်းကြိုးတွေ ရစ်ပတ်တိုးနေခဲ့ပါပြီ။

Nyi Linn Thit said...

မအိုင်အိုရာ ...
ကြက်သရေဆောင် ရွှေစလွယ်ရမင်း လက်မှတ်က ကြက်မွေးမြူရေး အတွက် ပါမစ်လျှောက်လို့ ရမယ် ထင်တယ်...၊း)

ကိုဗညားရှိန် ...
ကြိုဆိုပါတယ်ဗျာ၊ ဘဝ အတွေ့အကြုံရယ်၊ ဘာရယ် မဟုတ်ပေမယ့် စိတ်ကူးတည့်ရာ ဒီလိုပဲ ရေးနေတာပါပဲ၊ အဆင်ပြေသလို ဝင်ပါထွက်ပါဗျာ...၊

မဘေဘီ ...
သတိတရနဲ့ အလည်လာခဲ့တဲ့ အချိန်တွေအတွက် ကျနော်က ပြောရမှာပါ..၊း)

မ,အပြုံးပန်း ...
ကြားရတာ ဝမ်းသာပါတယ်ဗျာ၊ မ,အပြုံးပန်းရဲ့ ဘလော့ဂ်မှာလည်း ရနံ့အဆင်း အစုံနဲ့ ပန်းလေးတွေ ဆက်ပြီး ပွင့်နိုင်ပါစေဗျာ..၊

ဒီမိုးဆူး ...
အမြဲလာလည်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်၊ နောင်လည်း လမ်းကြုံပဲ ဖြစ်ဖြစ်၊ တမင်ပဲ ဖြစ်ဖြစ် လာလည်ဖို့ ဖိတ်ပါတယ်..၊

မမိုးငွေ့ ...
ကျေးဇူးပါနော်၊ ပြီးတော့ same to you....! :)

မ,ကောင်းမွန်ဝင်း ...
ကြားဖူးသလိုလို ပါပဲလို့ အောက်မေ့နေတာ...း)

တောင်ငူသား ...
“ကျနော့်နာမည်ရှေ့မှာ ကိုတပ်ပြီး မခေါ်ပါနဲ့ဗျာ..”လို့ ကွန်မန့်မှာ ရေးသွားတဲ့ အချိန်လောက် ကတည်းက မှတ်မှတ်ထင်ထင် ရှိပါတယ်၊း) အေးဗျာ.. အကြောင်းမတိုက်ဆိုင် သေးတော့လည်း ရေးချင်စိတ် မရှိသေးတာ နည်းလည်ပါတယ်ဗျာ..၊

Mon Petit Avatar ...
ကျနော် စိတ်ထဲ ပြက်ပြက်ထင်ထင် ရှိလိုက်တာလေးတွေ ကို ပြန်ရေးကြည့်မိတဲ့ သဘောပါဗျာ...၊း)

မချော ...
ဘားနတ်ရှော ပြောတာတော့ မှန်နေပြီဗျ၊ ပညာရှိတဲ့ လူတွေဟာ လက်တင်ကုလားထိုင် တစ်လုံးပေါ်ကနေ ကမ္ဘာပတ်တတ် ကြတယ် ဆိုတာလေ.....၊း)

အန်တီတင့် ...
ဆုတောင်းလေးက လှလိုက်တာ..၊ ထပ်တူဖြစ်ပါစေလို့ ဆန္ဒပြုရင်း လာလည်တဲ့အတွက်လည်း ကျေးဇူးစကား ဆိုပါရစေ..၊

ကို အေအေတီအို ...
ကျေးဇူး ပါပဲဗျာ....၊

မဒမ်ကိုး ...
မဒမ်ကိုးရဲ့ ဘလော့ဂင်းနည်းက တပြိုင်တည်းမှာ ခန္ဓာကိုယ် အလေးချိန်လည်း ကျစေမှာဆိုတော့ အတော်လေး အဆင်ပြေတာပဲဗျ...နော၊း)

ကိုမြစ်ကျိုးအင်း ...
ဟာ..ကျနော်က ကိုမြစ်ကျိုးအင်းရဲ့ ဝတ္ထုရေးတဲ့ မှော်အတတ်ကို အားကျနေတာဗျ၊ ပါရမီဆိုတဲ့ စကားကို တောင် တဖြည်းဖြည်း ပိုပြီးသဘောပေါက်လာခဲ့တာ..၊

ဘုန်းဘုန်း တောက်ပကြယ်စင် ...
စိတ်ကူးတည့်သလို ရေးဖြစ်တာပါ ဘုရား၊ လာရောက် ချီးမြှင့်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ဘုရား..၊

ညီမအိန်ဂျယ်လ်လှိုင် ...
ဟုတ်တယ်ဗျာ၊ ကိုယ့်လှေနဲ့ ကိုယ့်ခရီးကို နှင်နေကြရတဲ့ ဘဝပင်လယ်ထဲမှာ ဘလော့ရပ်ဝန်းဆိုတာ ချွေးတဒီးဒီး ကျနေတဲ့ မျက်နှာပေါ်ကို ဖြတ်တိုက်သွားတဲ့ လေပြေညှင်းလေး ပါပဲ...၊

မသီတာ ...
ရှားတောင့်ရှားပါး သီချင်းကွန်မန့်လေးမို့ ကိုယ့်မင်္ဂလာဆောင်မှာ နာမည်ကြီးတစ်ယောက်က မေတ္တာနဲ့ သီချင်းလာဆိုပေးတာ ခံယူလိုက်ရတဲ့ သတို့သား တစ်ယောက်လို ဂုဏ်ယူမိပါကြောင်း...၊းD

မရိုစ့် ...
တခါတလေတော့လည်း ဦးနှောက်က မှတ်ဥာဏ်တွေ သိပ်မလိုအပ်လှ ပါဘူးဗျာ၊ မရိုစ့် ရေးနေကျ ဟန်အတိုင်း နှလုံးသား သက်သက်နဲ့ ရေးတတ်တာကို ရင်ဘတ်နဲ့ ဖတ်သူတိုင်း သိပါလိမ့်မယ်....နော၊း)

မလေး ...
Virtual reality တွေ တဖြည်းဖြည်း များလာနေတဲ့ ဒီခေတ်ကြီးထဲမှာ ကျနော်တို့ရဲ့ ဆိုင်းကြိုးတွေ ပိုပြီး များလာတယ်နဲ့ တူပါရဲ့ဗျာ...။

jasmine(တောင်ကြီး) said...

ဘယ်အချိန်ကစပြီးဖတ်ခဲ့ကြောင်းကို
တိတိကျကျမပြောနိုင်ပေမယ့်
ဒီနေ့ထိတော့ လာဖြစ်နေပါတယ်
စာအရေးသစားတွေနူးညံ့ပြီး
စိတ်ဝင်စားအောင်ရေးတတ်လို့ပါ။
ဒီထက်မကစာတွေ ရေးနိုင်ပါစေရှင်။

seesein said...

ဘလော့တေလေ တယောက်လာသွားပါတယ် စာတွေရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
အလည်လာတဲ့သူပါ ထည့်တဲ့အတွက် ထပ်ဆင့်ကျေးဇူးပါ

ခင်မင်တဲ
seesein

SHWE ZIN U said...

ကိုညီလင်းသစ် ရေ

ကောင်းမွန်ဝင်း ပြောသွားတဲ့ စကားတွေ လိုပါဘဲ ဘယ်အချိန်က စ သိသွားမှန်း မသိပေမဲ့ သိတဲ့ အချိန်မှာ တော့ အမြဲဖတ်မိတယ်

အမှတ်တရလေး တွေ အတွက် ကျေးဇူးပါ

ခင်မင်တဲ့

မင်းဧရာ said...

အကိုကြီး အီးဟီးဟီး...............
(သမ)ဆိုင်က သကြားနဲ့ ရေနံ မပေးလိုက်ဘူးဗျ
ကပ်ပြားထပ်တဲ့အထဲ မှာကျွန်တော့် နံမည်မပါလို့တဲ့
အဲဒါ အကိုကြီးကြောင့် လျော်ပေးဒါပဲ))))))))ဝ

ခင်လို့စတာပါ အကိုရာ comment လေးတွေကိုလိုက်ဖတ်
နေရင်းက တော်တော်လေးရယ်ရတယ် ကျန်းမာပျော်ရွှင်ပါစေဗျာ။

Anonymous said...

ကိုညီလင်းသစ်ပြောမှပဲ ဒီနေရာကအကြောင်းတွေ အရေးနဲနေမှန်းသတိထားမိသွားပါတယ်။း) ကျေးဇူးတင်ပါတယ်။
N/A

ညိမ်းနိုင် said...

တစ်ဦးချင်းစီကို ထပ်တူပြုသွားတဲ့ စကားလုံးလေးတွေက
လှလိုက်တာအစ်ကိုရာ...၊ကြည်ကြည်နူးနူး၊မြူးမြူးကြွကြွ
လေးလည်းရှိတယ်....၊အစဦးကာလတွေမှာ ဘလော့တွေ
မှာလိုက်နှုတ်ဆက်ရတာ အစ်ကို့လိုပဲကျွန်တော်လည်းခံစား
ရတယ်...၊ဒါပေမယ့်ကျွန်တော်ကတော့ရဘူး...အတင်း
ကြော်ငြာဝင်ပလိုက်တာပဲရယ်....:))))

TZA said...

ဟားဟား.. သတိတရရေးသွားတာလေးအတွက် ကျေးဇူးပါဗျာ။ ကျနော်လည်း ဒီကိုခဏခဏလာဖတ်ဖြစ်တယ်။ ဟက်ပီး ဘလော့ဂ်ဒေးပါ။

Anonymous said...

Thanks for your acknowledgement for readers.Kawn Mon win already wrote what i wanted to write and i like to sing the song Ma Thida(s-c)sang:) BTW whenever i pass through Lausanne,i look at kids around Tha Tha's age whether i might see him.
Gyidaw

Anonymous said...

ဒီနေ့အလုပ်မသွားရလို့ စာလည်ဖတ်ဖြစ်တယ် ညီလင်း... တကယ်ဆို အလုပ်မလုပ်ရဘဲ တနေ့လုံး အရင်လို ဘလော့တွေလည်ပြီး စာတွေချည်းထိုင်ဖတ်ချင်နေမိတာ .. သတိတရနဲ့ ဘလော့ပို့စ်ထဲ နာမည်သုံးလုံးနဲ့ လူရာဝင်ခွင့်ပေးတဲ့အတွက် ကျေးဇူးပါ ။

mie nge

blackroze said...

အကိုရေ..
ဘလော့အမှတ်ရေလေးကို
လာဖတ်သွားပါတယ်..
ညီမနာမည်လေးထည့်ရေးထားလို့
ကျေးဇူးပါအကိုရေ
စာတွေအများဘကီးဆက်ရေးပါဦးလို့..

by the way
ကိုကြီးကျောက်ကိုသတိရမိတယ်..အကိုရာ..
သူရှိနေဦးမယ်ဆိုရင်သူဘာတွေရေးမလဲမသိဘူးနော်..

Anonymous said...

ကိုညီလင်းက စကားလုံးကြွယ်ကြွယ်နဲ့ ရေးတတ်လိုက်တာ...

ကိုညီလင်းဘလော့ဂ်ကို ကျမ စတွေ့တော့ ဖတ်စရာလိုက်ရှာဖတ်ရင်း ဖတ်လိုက်မိတဲ့ထဲက မှတ်မှတ်ရရရှိနေတဲ့ပို့စ်က ပုဂံသံတဲဟိုတယ်မှာ သရဲခြောက်တဲ့အကြောင်းလေ... အဲဒါဖတ်ပြီး ကိုယ်တည်းတုန်းကလာမခြောက်လို့ တော်သေးတယ်လို့ တွေးနေမိသေးတာ :P
ကွန်မဲန့်တော့ တော်တော်နဲ့မချန်ဖြစ်ခဲ့ပဲ နောက်ပိုင်း ကျမှ ချန်ဖြစ်တာ... ခုတော့ပင်တိုင်ဖတ်ဖြစ်တဲ့ဘလော့ဂ်ပေါ့

စူးနွယ်လေး

Nyi Linn Thit said...

မ jasmine ...
ပုံမှန် လာလည်နေတဲ့ အတွက်ကော ဟောဒီ အမှတ်တရ ကွန်မန့်လေး အတွက်ပါ ကျေးဇူး တင်ပါတယ်...နော်၊

မစည်းစိမ် ...
မလူးသာ မလွန့်သာ အခြေအနေကြားကနေ အသွားအလာ မပျက်တာကိုပဲ ကျနော်က ကျေးဇူးတင်လို့ မဆုံးပါဘူးဗျာ..၊

မရွှေစင်ဦး ...
နှေးကွေးလေးလံတဲ့ အချိတ်အဆက်ကို ထိုင်ပြီး အပြစ်ပြောမနေဘဲ ရသလောက် အမြန်နှုန်းနဲ့ပဲ မောင်နှမတွေကို လိုက်နှုတ်ဆက်လေ့ရှိတာ တကယ်ပဲ ချီးကျူးမိပါတယ်..၊

ကိုမင်းဧရာ ...
အေးဗျာ၊ စိတ်မကောင်းပါဘူး၊ တကယ်က သမလူကြီး ဝါးနေတာနဲ့ ကိုမင်းဧရာကို ကျော်သွားတာဗျ..၊ မျက်စိအမြင်တွေ မှုန်ဝါးနေလို့ နာမည်ကို မမြင်လိုက်တာ ပြောတာနော်...၊း)

ကို N/A ...
အဲဒီလို နိုင်ငံတွေက လူမှုရှုခင်းတွေကို အများအားဖြင့် ဘလော့ဂ်တွေမှာ သိပ်မတွေ့ရတတ်တာနဲ့ ကို N/A က ရေးလိုက်တဲ့အခါ ကျနော်ကလည်း သတိထားမိ နေတာဗျ..၊

ကိုညိမ်းနိုင် ...
အဲဒါ သိပ်မှန်တာပေါ့ဗျာ..၊ တခါတလေ မြတ်လေးတို့၊ ရိုးရိုးကြီးဇေယျတို့လို လုပ်နေလို့ မရဘူးဗျ၊ ရဲမင်းပိုင်တို့ ရဲကိုကိုတို့လို ခပ်ကြမ်းကြမ်းလေး ဝင်လိုက်မှ ပရိတ်သတ်ကလည်း တခါတည်း လက်ခံတာ...၊း)

ကို TZA ...
ဟုတ်တယ်ဗျ..၊ အဲဒီပို့စ်ကို ကျနော် တကယ်ပဲ သတိရနေခဲ့တာ..၊ တချို့စာလုံးတွေကိုတောင် မှတ်မိနေသေးတယ်၊ လာလည်တာ ကျေးဇူးဗျို့...၊

ဂျီးဒေါ် ...
ဂျီးဒေါ်နဲ့ မ,ကောင်းမွန်၊ မသီတာတို့က Great minds think alike တော့ ဖြစ်နေပြီ ထင်တယ်..၊း) ကျနော်တို့က LSN ကို အခုနောက်ပိုင်း သိပ်မလာဖြစ်ဘူး ဂျီးဒေါ်ရဲ့၊

မမီးငယ် ...
အိုင်ရင်းကိုပဲ ကျေးဇူးတင်ရတော့မယ် ထင်တယ်နော်၊ အလုပ်သွားစရာ မလိုပဲ စာတွေ လိုက်ဖတ်နေနိုင်လို့...၊း)
ဟိုး အစောကြီးကတည်းက စဉ်ဆက်မပြတ် အားပေးလာလို့ ကျနော်ကတောင် ကျေးဇူးတင်ရမှာပါ၊

ညီမ blackroze ...
ကိုကြီးကျောက်ကို ကျနော်လည်း သတိရနေမိတယ်၊ သူသာ ရှိနေသေးရင် တစ်ယောက်စီရဲ့ နာမည်တွေကို ရေးပြီး အားလုံးကို တဝါးဝါးနဲ့ ပွဲကျအောင် လုပ်နေဦးမှာ မြင်ယောင်မိတယ်...၊း(

မစူးနွယ် ...
ဟား..ဒါဆို မစူးနွယ်က ဟိုးအစောကြီး ကတည်းက ဒီကို လာလည်ဖူးတာပဲ၊ ဟုတ်တယ်ဗျ..၊ အဲဒီပို့စ်က သီရိပစ္စယာ ဆာကူရာ ဟိုတယ်မှာ အခြောက်ခံရတဲ့ အကြောင်း ရေးထားခဲ့တာ...၊း)

san htun said...

ကိုညီတို့ များ ရေးတတ်လိုက်တာနော်...း)

မောင်မျိုး said...

အဟမ်း အဟမ်း နောက်တောင်ကျနေပြီး ဖတ်ပြီးတာတော့ကြာပါပြီး ခုမှမန့်ဖြစ်တော့တယ် နည်းနည်းတော့ လေရှည်ခွင့်ပြုပါ အစ်ကိုး)

ဒီပို့စ်လေးကို သိပ်ကြိုက်ပါတယ် ဘလော့လေးကို ညွှန်းဆိုသွားတာ တော်တော် လှတယ် ။ အစ်ကို့ ဘလော့ကိုရောက်ရင် တည်ငြိမ်ရင့်ကျက်ခြင်းတွေ ရလိုက်သလိုပါပဲ ကော့မန့်တွေကို ရီပလိုင်းပြန်လုပ်ပေးတာကို အားကျလို့ ကိုယ်လည်းပြန်လုပ်ချင်ပေမယ့် အပျင်းထူနေတာကများတယ် အဲ့တာကြောင့် သိပ်မလုပ်ဖြစ်ဘူး အစ်ကို့ဆီမှာတော့ မန့်ပြီးတိုင်း ဘာများပြန်ပြောထားမလဲလို့ လာလာပြန်ကြည့်ရတာ အမောပါပဲ ။

ဘလော့ဒေးမှာ ဘလော့နဲ့ ပက်သက်တဲ့ ကောင်းသော အမှတ်တရ ဆိုးသော အမှတ်တရတွေ အားလုံးကို ရေးလို့ရမယ်လို့ ညီကတော့ထင်တာပဲ ကောင်းသော ဝေဖန်ခြင်းကိုသာ လက်ခံပြီး အမှန်တရားကို လက်မခံနိုင်သော သူမျိုးတွေနဲ့ ဆုံမိတဲ့အခါကျရင်တော့ ငါ ဘာကြောင့်များ ဒီ ဘလော့ဂါ အဖြစ်ကြီးကို သာယာမိနေပါသလဲလို့ သိပ်နောင်တရမိပါတယ် ။

ဘလော့ဂါဆိုတာ ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူမှုရှိရမှာပေါ့ ကိုယ်ရေးတဲ့စာက ဘာကိုရည်ညွှန်းတာလဲ ဆိုတာလည်း ကိုယ်တိုင်သာအသိဆုံး ပြီးကာမှ ရေးချင်တာရေးပြီးကားမှ မဟုတ်ရပါဘူးလေ ဆိုရင်တော့လွန်တာပေါ့ အို ဘလော့ရပ်ဝန်းကြီးရယ်လို့သာ မောင်မျိုး လက်မှိုင်ချချင်မိပါရဲ့ ။

အမှန်တိုင်းဝန်ခံရရင် ဘလော့ဒေးမှာ သူများတွေရေးထားတာဖတ်ပြီး သိပ်ပျော်ပေမယ့် ကိုယ့်ပို့စ်ကိုတော့ ကိုယ်စိတ်ညစ်သွားမိပါရဲ့ ။ အစ်ကို့စာနဲ့ ဘာမှမဆိုင်ပဲ ညီ့ခံစားချက်တွေ လာပြောနေမိပြီး အားနာထှာ ( ပြောချင်တာတွေပြောခဲ့မိပြီ ဟဟား )

သူငယ်ချင်းတစ်ယောက်၇ဲ့ ကဗျာလေးကိုသာ သွားသတိရမိပါရဲ့

““ဟောဒီနေရာမှာ စာရေးတာ၊ကဗျာရေးတာမဟုတ်သလို
အနုပညာကို ချပြတာလည်းမဟုတ်ဘူး
စိတ်ထင်ရာကို လျှောက်ရေးတာ ““ တကယ်ပဲ အဲ့လိုကြီး လျှောက်ရေးနေတာပါ ။

အောင်လ သီချင်းထဲကလို “မှားတာရှိရင် တောင်းပန်ပါတယ် ” အစ်ကိုရေ့း)

အစဉ်လေးစားလျှက်
အစ်ကို့ညီ ”မောင်မျိုး ”

Raymond.Kyaw Minn Naing said...

merci beaucoup, include me in the credits, first delight of my day.

Nyi Linn Thit said...

မစန်းထွန်း ...
ကျနော် ရေးတတ်လို့ မဟုတ်ပါဘူးဗျာ၊ တစ်ယောက်ချင်းစီကိုက သီးခြားလက္ခဏာလေးတွေနဲ့ ကွဲပြားဖြစ်တည် နေခဲ့တာ....၊း)

မောင်မျိုး ...
ဘာတွေများ အလိုမကျ ဖြစ်နေမိပါလိမ့် ညီရေ..၊း) လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့ ဒီဘလော့ဂ်ရပ်ဝန်း ထဲမှာလည်း စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေ အမြဲ ရှိနေမှာပါပဲ၊ ပိုဆိုးတာက ကျနော်တို့ အချင်းချင်းကြားမှာ စကားလုံးတွေနဲ့ပဲ ဆက်သွယ်ရတာ ဆိုတော့ အဓိပ္ပါယ်ကောက် လွဲသွားစေဖို့ အလားအလာက အများကြီးပဲ၊ မျက်နှာချင်းဆိုင် စကားပြောတဲ့အခါတော့ မျက်နှာထိ၊ မျက်နှာထား၊ လေသံ အပျော့အမာနဲ့မို့ သံသယတွေ နည်းပါးပေမယ့် စာမှာကျတော့ လိုသလို ဖြန့်ထွက်တွေး လို့ရတာတွေက တပုံတပင်ပဲ မဟုတ်လား၊ ပြီးတော့ ဝေဖန်သူနဲ့ အဝေဖန်ခံရသူရဲ့ ကြားက ဆက်ဆံရေးနဲ့ ပွင့်လင်းမှုက တကယ်ပဲ သိမ်မွေ့ပါတယ်၊ ဝေဖန်သူက ဘယ်လောက် သမာသမတ်ကျပြီး အဝေဖန် ခံရသူကကော ဘယ်လောက် ခံယူနိုင်သလဲ ဆိုတာ တိုင်းတာရတာ ခက်ခဲလေ့ ရှိတယ်၊ နောက်တော့လည်း ဒီလိုပဲ ပြီးသွားမှာပါပဲ ညီရေ...၊ ဟုတ်ပြီလား..၊း)

ကိုကျော်မင်းနိုင် ...
Avec plaisir..!!! လာလည်နေတဲ့ အချိန်တွေ အတွက်လည်း ကျေးဇူးပဲ ဗျို့...။း)

PAUK said...

အတော်စုံစိနိုင်အောင်..
ဘလော့ဂါတွေကို သရုပ်ဖေါ်ပြီးရေးထားတာ
အံ့သြဖွယ်ပါပဲ..။
(ဟိဟိ..ကိုညီလင်းသစ်စကား ငှားသုံးလိုက်တယ်)
ကျနော်..သီချင်းအကြောင်း သိပ်မသိပေမဲ့..
သီချင်းတွေကို ချစ်လို့ အမြဲနားထောင်ဖြစ်နေပါတယ်...။

Chaw Su said...

HAPPY BLOG DAY


Thankyou .

ဇွန်မိုးစက် said...

ကိုညီလင်းသစ်ရေ... Blog Day အမှီတင်နိုင်အောင် ရေးလိုက်ပေမယ့် ပြီးခဲ့တဲ့ weekend မှာ လိုက်ဖတ်ချိန်မရလိုက်လို့ ခုမှအချိန်မှီ အပြေးလေးလာဖတ်တာ။ အစ်ကိုရေးထားတာကို ဖတ်ရတာ ပြုံးပျော်စရာ။း) ဇွန်မိုးစက်ကို ညွှန်းထားတာလေး သိပ်သဘောကျမိပါတယ်။ :D
ဇွန်တို့သူငယ်ချင်းတစ်စုက ကိုညီလင်းသစ်ရဲ့ Big Fan တွေပါ။ ချစ်စရာကောင်းတဲ့ မိသားစုလေးရယ်၊ ရင့်ကျက်အမြင်ကျယ်ပြီး ယဉ်ကျေးလှပတဲ့ စာကြောင်းလေးတွေနဲ့ စီထားတဲ့ စာစုတိုင်းက ဖတ်လိုက်တိုင်း ကြည်နူးစရာကောင်းနေခဲ့တာပါ။ ဇွန်စာဆက်မရေးဖြစ်ရင်တောင် အစ်ကို့ဘလော့ဂ်ကို ၀င်ဖတ်ဖြစ်နေဦးမှာပါလို့...

ခင်မင်လေးစားစွာ
ဇွန်

Anonymous said...

အလုပ်တွေများနေလို့ ခုတလော မလာဖြစ်ဘူး ဒန်တန်တန် AA နာမည်ပါလို့ ဝမ်းသာမိပါတယ်.
AA

မေဓာဝီ said...

"ကိုယ်မင်းကို ဘယ်အချိန်က စချစ်သွားမှန်း ..." လို့
ကိုညီလင်း သာသာထိုးထိုး တင်စား ပြောတာလေး သဘောကျလိုက်တာ ... ။

မေဓာဝီက ပါဠိတွေကို ထုံးလိုခြေ ရေလိုမနှောက်နိုင်ပါဘူး ကိုညီလင်းရယ်။ ဘုန်းကြီးတွေ ကြားရင်တော့ ရယ်တော့မှာပဲ :)) လောလောဆယ်တော့ ပါဠိစကား ဆိုလို့ တခွန်းပဲ ရေလဲ ပြောနေမိတယ် ...

ဘ၀တု သဗ္ဗမင်္ဂလံ

Soe Mya Nandar Thet Lwin (Borros Roxo) said...

နန္ဒာ ကွန်မန့်ရေးတာ အတော်တောင် နောက်ကျနေပြီရှင်။ :))

ဘလောဂ့်ဒေး အမှတ်တရ ပိုစ့်မှာ မထိန်မချန်ပဲ နန္ဒာ့ကို သတိတရရှိနေလို့ ကျေးဇူးအထူး တင်ပါတယ်။

ကိုညီလင်းသစ်ရဲ့ ပိုစ့်တိုင်း နန္ဒာ တရှိုက်မက်မက် အမြဲဖတ်ဖြစ်ပါတယ်။

နောက်ပိုင်းတော့ ခြေရာ မချန်ဖြစ်တော့တာပါ။

ဟိုးအရင် နန္ဒာ့ ဘလော့ဂ်ကို အစပြုခဲ့ထဲက ဒီစာမျက်နှာရဲ့ ပိုစ့်တိုင်းလိုလိုမှာ နှစ်သက်လို့ ကွန်မန့်ရေးခဲ့သူ စာဖတ်သူတယောက် အနေနဲ့ အခုချိန်မှာ ဒီနေရာမှာ စာဖတ်သူတွေ အများကြီးနဲ့ စည်ကားနေပြီး ကွန်မန့်တွေ များစွာနဲ့ အသိအမှတ်ပြုတာ ခံနေရတာ တွေ့ရတော့ အင်မတန် ဝမ်းသာ ကျေနပ်ပီတိ ဖြစ်မိပါတယ်။

ကိုညီလင်းသစ်ရဲ့ အောင်မြင်မှု့ အတွက် အတိုင်းမသိ ဂုဏ်ယူပါတယ်ရှင်။

ကိုညီလင်းသစ်ဆီ စာလာဖတ်လို့ စာဖတ်သူတွေရဲ့ ကွန်မန့်များစွာကို ဖတ်ရတဲ့အခါ နန္ဒာ့ မေမေ ပြောဖူးတဲ့ စကားကို သတိရမိတယ်။

" စေတနာ တူသောအကျိုးကို ပေး၏။ " ဆိုတာကိုပါ။

ကိုညီလင်းသစ်ရဲ့ ဒီဘလောဂ့် စာမျက်နှာရဲ့ ပိုစ့်တိုင်းက ကွန်မန့်တိုင်းဟာ ကိုညီလင်းသစ်ရဲ့ဖြူစင်တဲ့ စေတနာကို အားလုံးက နွေးထွေးစွာ တုန့်ပြန်သွားကြတာပါပဲ။

စာကောင်းတွေ၊ ဓါတ်ပုံကောင်းတွေ အများကြီး ဆက်လက် ဖန်တီးနိုင်ပြီး ချစ်တဲ့ မိသားစုနဲ့အတူ စိတ်ချမ်းမြေ့ပျော်ရွှင်၍ အောင်မြင်မှု့တွေ ရပါစေလို့ ဆန္ဒပြုပါတယ်ရှင်။

ချစ်ခင်လေးစားစွာ
နန္ဒာ =)

Nyi Linn Thit said...

ပေါက် ...
သီချင်းများနဲ့လူဟာ ငြိမ်းချမ်းမှာ သေချာတယ်၊ အနည်းဆုံး သီချင်းတွေ နားထောင်နေတဲ့ အချိန်မှာ ပေါ့လေ....၊း)

Ma Chaw Su ...
Same to you....!

မဇွန် ...
အခုလို ခင်မင်စွာနဲ့ အားပေးလို့ တကယ်ပဲ ကျေးဇူး တင်ပါတယ်၊ စာတွေ ဆက်မရေးဖြစ်ဖို့ အကြောင်းတွေများ ရှိနေပြီလား?း( ကြာရင် ကြာပါစေ၊ စာရေးကောင်းသူ တစ်ယောက်မို့ အဆင်ပြေတဲ့အခါ၊ စိတ်ကြည်တဲ့အခါတွေမှာ ဆက်ရေး စေချင်ပါတယ်ဗျာ..၊

AA ...
'ဒန်တန်တန်' ဆိုတာဖတ်ပြီး ရယ်နေမိတယ်...၊းD

မမေ ...
မမေရဲ့ ရေလဲသုံးတဲ့ ပါဠိစကားလေးက တစ်ခွန်းတည်း ပေမယ့် သောတအာရုံမှာရော နှလုံးဘဝင်မှာပါ အေးချမ်းပြီး ကြက်သရေ အရမ်း ရှိတာပဲ...၊

နန္ဒာ ...
ခြေရာ ချန်တာ၊ မချန်တာထက် ကျန်းကျန်းမာမာ ရှိနေပြီး စာတွေလည်း ဆက်ဖတ်နေတာ သိရလို့ ဝမ်းသာပါတယ်ဗျာ၊ နန္ဒာ့ဆီကိုလည်း သတိရတိုင်း ရောက်ဖြစ်ပါတယ်၊ စာတွေလည်း ဆက်ရေး နိုင်ပါစေ..နော်..။း)

Anonymous said...

ဘလော့ဂ်မိတ်ဆွေတွေ အားလုံးကို သတိတရ သူတို့ရဲ့ အကြောင်းလေးတွေကို အသေးစိတ် ရေးထားတာ ချစ်စရာကောင်းလိုက်တာ။ ရေးတတ်လိုက်တာ ကိုညီလင်းကး)
rose