13 August 2011

အိပ်စက်ခြင်းများ ရှိရာဆီ ...


ဝင်းအကျယ်ကြီးထဲကို ကားက ဘီးလှိမ့် ဝင်လိုက်ချိန်မှာပဲ ဓါတ်ပုံတွေထဲမှာ တခါ၊ နှစ်ခါလောက် မြင်ဖူးထားတဲ့ အဆောက်အဦး ကြီးကို ဘယ်ဖက် ခပ်ယွန်းယွန်းမှာ တွေ့လိုက်ရတယ်၊ အဆောက်အဦးရဲ့ ရှေ့မှာတော့ ကိုယ်ပိုင်ကား အချို့နဲ့ ဘတ်စ်ကားတွေ ရပ်ထားတယ်၊ အဆောက်အဦးကြီးရဲ့ ခေါင်းတိုင်ထဲကနေ မီးခိုးတွေက တလူလူထွက်လို့...၊ ဝမ်းနည်းခြင်းတွေနဲ့သာ ဆက်နွယ်ပြီး သတင်းတွေမှာ တွေ့ရတတ်တဲ့ အဆောက်အဦးကြီး..၊ ဘယ်သူကမှ မလာချင်ခဲ့တဲ့ အဆောက်အဦးကြီး..၊ ငိုကြွေးမြည်တမ်း ခြင်းတွေသာ စဉ်ဆက်မပြတ် ပဲ့တင်ထပ်နေခဲ့တဲ့ အဆောက်အဦးကြီး၊ အဲဒီ အနီးတဝိုက်မှာ မြင်ရသမျှ လူတွေရဲ့ မျက်နှာတွေကလည်း မှုန်မှိုင်းပြီး ကြေကွဲခြင်းတွေသာ ထင်ဟပ်နေခဲ့တယ်၊ ရေဝေးသုသာန်ရဲ့ နိစ္စဓူဝ ပုံရိပ်များ ... ...၊

ကျနော် ပြည်ပရောက်ပြီးမှ ဝမ်းနည်းခြင်းတွေနဲ့ ယှဉ်ပြီး သတိရဖြစ်တဲ့ နေ့တွေထဲမှာ၂၀၀၄ ခုနှစ်ရဲ့ သြဂုတ်လ ၁၄ ရက်နေ့က တစ်နေ့ အပါအဝင်ပါ၊ အဲဒီနေ့ဟာ ထူးအိမ်သင် ကွယ်လွန်ခဲ့တဲ့နေ့ ဖြစ်တယ်၊ သူ့လို ရှားရှားပါးပါး ပညာရှင်တစ်ဦး ဆုံးရှုံးသွားတာကို ကြေကွဲကြတဲ့ မြောက်မြားစွာသော လူတွေထဲမှာ ကျနော်လည်း အပါအဝင် ဖြစ်ခဲ့တယ်၊ မြန်မာပြည် ပြန်ဖြစ်တဲ့ တနေ့နေ့၊ တချိန်ချိန်မှာတော့ သူ့ရဲ့ အုတ်ဂူဆီသွားပြီး ကမ္ဘာမြေကို သင်ပေးခဲ့တဲ့ သီချင်းတွေအတွက် သူ့ကို ကျေးဇူးတင်ကြောင်း သွားပြောဖို့ တခါတုန်းက စဉ်းစားထားခဲ့တယ်၊ အဲဒီလို မျှော်လင့်ခဲ့တဲ့ နေ့က ၂၀၀၉ ခုနှစ်၊ ကျနော် အလည်ပြန်တဲ့ အချိန်မှာ ဖြစ်လာခဲ့ပါတယ်၊ အလည်ပြန်တဲ့ ခရီးအတွက် ပြင်ဆင်မှုတွေထဲမှာ စာရင်းတွေ လုပ်တာလည်း တစ်ခုအပါအဝင်ပါ၊ ဟိုကို ယူသွားရမယ့် ပစ္စည်းစာရင်း၊ ဟိုမှာ ရှိတုန်း အတိုးချ စားရမယ့် အစားအသောက် စာရင်း၊ ဟိုကနေ ပြန်သယ်လာမယ့် ပစ္စည်းစာရင်း တွေအပြင် မြန်မာပြည်မှာ ရှိတုန်း တွေ့ချင်တဲ့ လူတွေစာရင်းလည်း ပါ,ပါတယ်၊ အဲဒီလိုမှ စာရင်းမလုပ်ရင် ဟိုလိုလို၊ ဒီလိုလိုနဲ့ အပျော်လွန်ပြီး မေ့သွားမှာ သေချာတယ်၊ ဒီကို ပြန်ရောက်မှ ဟိုလူ့ကို မတွေ့ခဲ့ရ၊ ဒီဟာကို မစားခဲ့ရ ဆိုတာတွေ ဖြစ်နိုင်ပါတယ်၊ အဲဒီ လူစာရင်းရဲ့ တနေရာမှာ ထူးအိမ်သင် လို့ အသာလေး တို့ထားခဲ့လိုက်တယ်၊ ပြီးတော့ ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်ကို ကျနော်လာရင် ရေဝေးကို လိုက်ပို့ဖို့ ကြိုပြီး အသေအချာ မှာထားလိုက်တယ်၊ ဒီလိုနဲ့ပဲ ဒီခရီးစဉ်ဟာ ဖြစ်လာခဲ့တော့တယ်...၊

တကယ်တမ်း သွားကြတော့ ကျနော်၊ ကားမောင်းပို့တဲ့ သူငယ်ချင်း အပြင် တခြား သူငယ်ချင်း ၂ ယောက်လည်း လိုက်လာတယ်၊ သူတို့ကလည်း ရေဝေး မရောက်ဖူးတဲ့အပြင် ထူးအိမ်သင်ရဲ့ အုတ်ဂူလည်း ကြည့်ချင်လို့တဲ့၊ ကားမောင်းတဲ့ သူငယ်ချင်းက ရေဝေးအထိတော့ တခါရောက်ဖူးတယ်၊ အထဲရောက်တော့မှ သုသာန်ဝင်းကြီးက အတော့်ကို ကျယ်တာ သတိထားမိတယ်၊ ပြီးတော့ အုတ်ဂူတွေက သူ့အစုနဲ့သူ နေရာတွေ အများကြီး...၊ ဒီအတိုင်းဆို ကျနော်တို့ ခရီးရောက်မှာ မဟုတ်ဘူး၊ ဒါနဲ့ အနီးအနားကို ကြည့်လိုက်တော့ မီးသင်္ဂြိုဟ်စက် အဆောက်အဦးနဲ့ မလှမ်းမကမ်းမှာ ဆိုက်ကားတစ်စီး ရပ်ထားတာတွေ့လို့ ကားပေါ်ကဆင်းပြီး သူ့ဆီကိုပဲ တန်းသွားလိုက်တယ်၊

"ဆရာကြီး..၊ ကျနော်တို့ ထူးအိမ်သင်ရဲ့ ဂူကို သွားချင်လို့ပါဗျာ၊ အဲဒါဘယ်နားဆိုတာ တဆိတ်လောက်..."

ကြေးနီရောင် အသားအရည်၊ စစ်ဦးထုပ်ပျော့ကို ဆောင်းထားတဲ့ ဆိုက်ကားဆရာက အသက် ၅၀ ဝန်းကျင်လောက်တော့ ရှိမယ်၊ သူက မှန်မှာ အစင်းရာ၊ အခြစ်ရာတွေ ထင်နေတဲ့ မှုန်ဝါးဝါး မျက်မှန်ကို ပင့်လိုက်ရင်း ...

"ဘယ်သူ့ရဲ့ဂူ...?" လို့ ဇဝေဇဝါဟန်နဲ့ ပြန်မေးတယ်၊

"ထူးအိမ်သင် လေ၊ အဆိုတော် ထူးအိမ်သင်..." လို့ ကျနော် ထပ်ပြောလိုက်တယ်၊ ဒီတော့မှ...

"သြော်..အေး..အေး၊ သိပြီ၊ ဒီလမ်းအတိုင်းသာ လိုက်သွား၊ လမ်းက ဘယ်ဖက်ကို ကွေ့သွားလိမ့်မယ်၊ အဲဒီ အတိုင်းလိုက်၊ ခဏကြာရင် လမ်းရဲ့ ဘယ်ဖက်ခြမ်းမှာ ဂူတွေအစု တစ်စု တွေ့လိမ့်မယ်၊ အဲဒီ နေရာကို ဝင်လိုက်ရင် ညာဖက် အဆုံးနား လေးမှာ..." လို့ အသေအချာ ညွှန်ပြပေးတယ်၊

ကျေးဇူးစကား ဆိုပြီး ထွက်လာရင်း 'ဒီအတိုင်းဆို မဆိုးဘူးပဲ' လို့ ကျနော်တွေးမိတယ်၊ ဒီမှာ ဂိတ်ထိုးတဲ့ ဆိုက်ကားလား တော့ မသိဘူး၊ ညွှန်ပြတဲ့ ပုံကတော့ အသေအချာ သိပုံပါပဲ၊ တကယ်တမ်းမှာလည်း သူပြောလိုက်တဲ့အတိုင်း အတိအကျ ပါပဲ၊ လမ်းမှာ ခရစ်ယာန် သင်္ချိုင်း၊ ဟင်ဒူသင်္ချိုင်း စတဲ့ အစုတွေကိုလည်း တွေ့ခဲ့တယ်၊ ခပ်လှမ်းလှမ်းမှာတော့ တွေ့ပါပြီ၊ လမ်းရဲ့ ဘယ်ဖက်မှာ အုတ်ဂူအစုအဝေး တစ်ခု...၊

ပိတောက်ပင်တန်းတွေ အောက်မှာပဲ ကားကို ရပ်ထားခဲ့လိုက်ပြီး ကျနော်တို့အားလုံး ဝင်လာခဲ့တယ်၊ ဂူတွေရဲ့ အလယ်မှာ ရှိတဲ့ လူသွားလမ်းပေါ်ကို ရောက်မှ အုတ်ဂူတွေ အတော်များပါလားလို့ သတိထားမိတယ်၊ ကျနော်တို့က အလောသုံးဆယ်လည်း မဟုတ်တော့ တွေ့ချင်တဲ့ ဂူကို ချက်ချင်းမရှာသေးဘဲ လမ်းဘေး တလျှောက်က အုတ်ဂူတွေကို လိုက်ဖတ်နေ ကြတယ်၊ ခပ်ကြီးကြီး အုတ်ဂူ၊ ခပ်သေးသေး အုတ်ဂူ၊ ခြံခတ်ထားတဲ့ ဂူ၊ အုတ်ဂူလို့ ဆိုလို့ ရရုံလေး ဆောက်ထားတဲ့ မည်ကာမတ္တဂူ၊ ဆေးတွေသုတ် ထားတဲ့ဂူ၊ ဟောင်းနွမ်းယိုယွင်း နေတဲ့ဂူ...၊ အသွင်မျိုးစုံနဲ့ ဝန်းကျင်တခုလုံးဟာ သင်္ချိုင်းရဲ့ သရုပ်သကန် ပီပြင်လို့ နေတယ်၊

“လမ်း အဆုံးနားထိ လျှောက်ပြီးတော့မှ ညာဖက်အခြမ်းမှာလို့ ပြောတယ်ကွ...”၊

ကျနော်က ကျနော်တို့ရဲ့ ဦးတည်ရာကို ထပ်ပြီး သတိပေးလိုက်တယ်၊ အားလုံးလိုလိုက ဂူတွေပေါ်က နာမည်တွေ၊ အသက်တွေ လိုက်ဖတ်ပြီး အဲဒီနောက်ကို မျောပါရင်း လာရင်းကိစ္စကို မေ့နေကြပုံပါပဲ..၊

“ဟာ..ဒီမှာ ကြည့်စမ်း”

ကားမောင်းတဲ့ သူငယ်ချင်းက ဂူတစ်ခုကို လှမ်းပြတယ်၊ သူ့နားကို လျှောက်သွားပြီး သူပြတဲ့ အုတ်ဂူပေါ်က နာမည်ကို ဖတ်ကြည့် လိုက်ကြတယ်..၊ 'မင်းသိင်္ခ' တဲ့...၊ အုတ်ဂူကို သံပန်းနဲ့ ဝင်းခတ်ပြီး အမိုးလေး မိုးထားတယ်..၊ ဆားပုလင်း နှင်းမောင်၊ စနေမောင်မောင်၊ ပုဏ္ဏားဘကွန်းတို့ရဲ့ ဆရာသခင်က အခုတော့လည်း အထဲမှာ ငြိမ်းချမ်းစွာ...၊

နည်းနည်းဆက်လျှောက်လိုက်တော့ လမ်းဆုံးသွားပြီ၊ ရှေ့မှာ ဗွက်တွေ၊ ရေတွေဝပ်နေတဲ့ လယ်ကွက်လိုလို မြေလွတ် မြေရိုင်းတွေ...၊ လမ်း ရဲ့ အတွင်းပိုင်းကျတဲ့ အုတ်ဂူတွေဆီကို သွားဖို့က လူသွားလမ်းကျဉ်းလေးတောင် မရှိဘူး၊ ကျနော်တို့ သွားရမှာကလည်း အဲဒီ လမ်းညာဖက် အတွင်းထဲကိုပဲ...၊ ဗွက်တွေထဲကို ဖြတ်လျှောက်ပြီး ကွေ့ဝိုက် သွားဖို့ကလည်း မလွယ်ဘူး၊ အဲဒီလို အခြေအနေမှာ ကျနော်တို့ထဲက မောင်မောင်ကျော်ဆိုတဲ့ သူငယ်ချင်းက အနီးဆုံး အုတ်ဂူခြေရင်းကို လှမ်းနင်းတက်ရင်း ပါးစပ်ကလည်း ရေရွတ်လိုက်တယ်...၊

“အားလုံးကို တောင်းပန်ပါတယ်ဗျာ၊ မရိုမသေ မလေးမစား မဟုတ်ရပါဘူး၊ ဒီလိုမှ နင်းမသွားရင် ဘယ်လိုမှ မဖြစ်နိုင်တော့ လို့ပါ..”တဲ့..၊ ပြောလည်းပြော ဆက်လည်း ကုတ်ကပ်နင်းလျှောက် သွားတယ်၊

သူက ဘယ်သူ့ကို တောင်းပန်နေတာလဲ၊ နာမ်မရှိတော့တဲ့ ရုပ်ခန္ဓာတွေကိုလား၊ ဒါမှမဟုတ် အစောင့်တို့၊ မကျွတ်မလွတ်တာတို့ ဆိုတာတွေက အခုကိစ္စမှာ အကြုံးဝင်သလား၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ စော်ကားမော်ကား လုပ်လိုစိတ် မရှိတဲ့အကြောင်း တိုင်တည်တာပဲ မဟုတ်လား၊ ကျနော် တွေးနေတုန်းမှာပဲ နောက်တစ်ယောက်က 'ဟုတ်တယ်၊ သူပြောတိုင်း အတိုင်းပါပဲ' ဆိုပြီး နင်းတက်သွားပြန်တယ်၊ ဒီလိုနဲ့ ကျနော်တို့ အားလုံး အုတ်ဂူအောက်ခြေတွေကိုပဲ တတ်နိုင်သလောက် ရွေးနင်းပြီး ကျော်လွှားလာ ခဲ့ကြတယ်၊ ဂူ ၁၀ လုံး နီးပါးလောက် ကွေ့ပတ်လှမ်း လိုက် ပြီးချိန်မှာတော့ ကျနော်တို့အားလုံး ထူးအိမ်သင်ရဲ့ အုတ်ဂူဆီကို ရောက်သွားကြတော့တယ်...၊


Photobucket

နာရီပေါ်မှာ မျက်ရည်တွေကို စီးစေခဲ့သူက အခုတော့ လှဲလျောင်းငြိမ်သက်လို့...၊ ဂစ်တာသံတွေနဲ့ ဟာမိုနီကာ သံတွေလည်း ဆိတ်သုဉ်း...၊ ကြေးပြားလေးပေါ်မှာတော့ ဂီတသင်္ကေတ အချို့နဲ့အတူ 'ဝေးသွားတဲ့အခါ' တဲ့..၊ စာလုံးလေးက ၅ လုံးထဲ..၊ ဒါပေမယ့် ဖြန့်တွေးကြည့်ရင် အဓိပ္ပါယ်တွေက မဆုံးနိုင်အောင်ပါပဲ..၊ လောကီ အမြင်နဲ့ပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ အမြင်နဲ့ပဲ ဖြစ်ဖြစ်၊ ကျန်ရစ်သူ ဖက်ကပဲဖြစ်ဖြစ်၊ ထွက်သွားရသူ ဖက်ကပဲဖြစ်ဖြစ်... ဝေးသွားရခြင်းမှာ ပြောစရာတွေ ရှိစမြဲ ဖြစ်မှာပါ၊ 'ဝေးသွားတဲ့အခါ xxx မင်းအနားမှာ မောင့်ရဲ့ချစ်လိပ်ပြာ xx ဟိုဒီပျံဝဲလို့ နေချင်တာ xxx' ...တဲ့၊ အနီးအနားမှာ လိပ်ပြာ တစ်ကောင်တလေများ တွေ့မလားလို့ ကျနော် ယောင်ယမ်း ကြည့်မိတယ်၊ အုံ့မှိုင်းမှိုင်း တိမ်စိုင်တချို့ကို ဖြတ်ဆင်းလာတဲ့ မနက်ခင်းနေရောင်ခြည် ခပ်နွေးနွေးက ဝန်းကျင်မှာ ဖြာကျနေတယ်၊ လေညှင်းက တကယ့်ကို တိုက်တယ်ဆိုရုံလေး ညင်ညင်သာသာနဲ့ လည်ကုပ်ပေါ်ကို တိုးဝှေ့သွားတယ်...၊ သူ ဒီနေရာမှာ လှဲလျောင်းနေခဲ့တာ ၅ နှစ်တောင် ရှိသွား ပြီပဲ...၊


Photobucket

“ဟင်...ဝေးသွားတဲ့အခါ သီချင်းကို ထွင်းထားတယ်လို့ မဂ္ဂဇင်းထဲမှာ ဖတ်လိုက်ရတော့ ငါက သီချင်းတစ်ပုဒ်လုံးကို ထွင်းထားတယ် ထင်နေတာ..၊ အခုတော့ ခေါင်းစဉ်လေး တစ်ခုပဲ” လို့ ကားမောင်းပေးတဲ့ သူငယ်ချင်းက မကျေမချမ်းနဲ့ ရွတ်တယ်...၊

ထွန်းထွန်းဆိုတဲ့ သူငယ်ချင်းက ...

“ဘာလဲ.. တစ်ပုဒ်လုံးကို ထွင်းထားပေးရင် မင်းက စာသားတွေကြည့်ပြီး ဆိုဦးမလို့လား၊ ဒီလောက်ဆိုရင်ပဲ တော်ရောပေါ့ကွ၊ ဒါ အားလုံး လိုလို သိကြတဲ့ သီချင်းပဲ” လို့ ပြန်ပြီး ဘုတောတယ်၊ သူတို့ ၂ ယောက်က မကြာခဏ ဆိုသလို ဒီလိုပဲ ဘုနဲ့ဘောက်...၊

ကျနော်ကတော့ ထူးအိမ်သင်ရဲ့ သီချင်းတွေအကြောင်း တွေးနေမိတယ်၊ ထူးခြားဆန်းသစ်တဲ့ စာသားတွေ၊ ခေတ်မီတဲ့ သံစဉ်တွေက အဆင့်မြင့် ကိုယ်ပိုင်သံစဉ်တွေကို ကျယ်လောင်စေခဲ့တယ်၊ ဆိုရှယ်လစ်ခေတ်က အခွေထုတ်ရင် မပါမနေရ အကျိုးပြုသီချင်းတွေ ရေးခဲ့တာ တောင် ဝတ်ကျေတန်းကျေ မဟုတ်ဘဲ ကွဲပြားတဲ့ ရှုထောင့်တွေနဲ့ စပ်ခဲ့တယ်၊ သူ့ရဲ့ သီချင်းတွေနဲ့ပဲ ကျနော် ဂစ်တာတီးတတ်လာခဲ့တာ ဆိုရင် မမှားပါဘူး၊ အနုပညာမှော် အပြည့်ရှိတဲ့ သီချင်းများ...၊ 'ကျနော် အသက်ကြီးတဲ့အထိ နေရရင်တော့ တောရွာလေး တစ်ရွာမှာ အေးအေး ချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကလေးတွေကို ဂီတအကြောင်း သင်ပေးရင်း ဖြတ်သန်းသွားချင်တယ်' လို့ ဆိုခဲ့သူက အခုတော့လည်း သူချစ်လွန်းတဲ့ အမေ့အိမ်ရဲ့ အဝေးမှာ တိတ်ဆိတ်စွာနဲ့ ထာဝရငြိမ်သက်နေခဲ့ ပြီပဲ...၊

ထူးအိမ်သင်ဂူရဲ့ ညာဖက်ဘေးမှာတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ အုတ်ဂူ...၊

Photobucket

နွားကျောင်းသားလေး မောင်ချစ်ကို အကြောင်းပြုပြီး ဘကြီးအောင် ညာခဲ့တဲ့အကြောင်း သိစေခဲ့သူ...၊ ချစ်စရာ ကောင်းလွန်းတဲ့ မြန်မာကဗျာလေးတွေရဲ့ မြစ်ဖျားခံ စီးဆင်းရာ၊ မြန်မာစာပေရဲ့ အလျှံညီးညီး တောက်လောက်ခဲ့တဲ့ မီးရှူးတန်ဆောင် တစ်ခု..၊ ဆရာကြီးက ထူးအိမ်သင်ဆုံးပြီး နောက်တစ်နေ့မှာ ဆုံးတဲ့အပြင် အုတ်ဂူချင်းကလည်း ကပ်လျက်ဆိုတော့ အသက်ချင်း ကွာပေမယ့် စာပေနဲ့ဂီတရဲ့ ကြီးမြတ်တဲ့ ပညာရှင်နှစ်ဦးက ဒီခရီးကို အတူသွားခဲ့ ကြတာပါလား...၊ ငွေကြယ်နှစ်ပွင့်ရဲ့ အဆင်းနဲ့ အုတ်ဂူတွေဟာ လင်းချင်းနေခဲ့တယ်...၊

ဓါတ်ပုံတွေ ရိုက်ပြီးပေမယ့် ချက်ချင်း မပြန်သေးဘဲ အနားက ဂူအစွန်းတွေမှာ ကပ်ထိုင်ရင်း ကျနော်တို့ သူငယ်ချင်းတွေ သင်္ခါရတရား အကြောင်း ပြောနေခဲ့ကြတယ်၊ သင်္ချိုင်းမြေ တစ်ခုပေါ်မှာ အပြောသင့်ဆုံး အကြောင်းက ဒီအကြောင်းအပြင် တခြား ဘာရှိဦးမှာလဲ..၊ သင်္ချိုင်းတွေကို ကျနော် စိတ်ဝင်စားတယ်၊ ဘယ်နေရာပဲ ရောက်ရောက် ကြုံတဲ့အခါတိုင်း သုသာန်တွေကို ကျနော် ဝင်ကြည့်လေ့ ရှိပါတယ်၊ သင်္ချိုင်းဟာ အမှန်တရား ဖြစ်တယ်၊ သင်္ချိုင်းဟာ ဝေဒနာတွေ ချုပ်ငြိမ်းရာ ဖြစ်တယ်၊ သင်္ချိုင်းဟာ လောကရဲ့ နောက်ဆုံး နိယာမကို ထင်ဟပ်စေသူလည်း ဖြစ်ပါတယ်၊ သင်္ချိုင်းရောက်တဲ့အခါ လူတွေဟာ သံဝေဂ ရတတ်ကြတယ်၊ မမြဲခြင်းတရားဟာ အမြဲရှိနေတာကို ပြန်သတိရ ကြတယ်၊ အနည်းဆုံးတော့ 'ကိုယ့်အလှည့်' ဆိုတဲ့ စကားလုံးလေးကို ယောင်ယမ်းပြီးတော့ပဲ ဖြစ်ဖြစ် ပြန်စဉ်းစားမိတတ် ကြပါတယ်၊ ဒါ့ကြောင့်လည်း မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်လို့ ဆိုကြတာ နေမှာပါ၊ ကိုယ်မသိတဲ့ အုတ်ဂူတွေပေါ်က နာမည်တွေ၊ အသက်တွေ လိုက်ဖတ်ကြည့်ရုံနဲ့တင် ကျနော့်တို့ စိတ်ထားတွေ ငြိမ်သက်အနည်ထိုင် သွားလေ့ ရှိပါတယ်၊ ကိုယ်နဲ့ ရွယ်တူတွေ၊ ကိုယ့်ထက် ငယ်သူ၊ ကိုယ့်ထက် ကြီးသူ...၊ အရွယ်စုံ အရောင်အသွေးစုံ၊ အားလုံးဟာ အဲဒီမှာ ရှိတယ်၊ တကယ်တော့ သေခြင်းတရားက ကျနော်တို့နဲ့ ခဲတပစ်အကွာမှာ အမြဲပဲ ရှိနေခဲ့တာ မဟုတ်လား..၊

ထူးအိမ်သင်နဲ့ ဆရာကြီး မင်းသုဝဏ်တို့ အုတ်ဂူတွေနဲ့ မလှမ်းမကမ်း ခြေရင်းဖက်မှာတော့ မထင်မှတ်ဘဲ ဒီအုတ်ဂူကို လှမ်းတွေ့မိတယ်...၊

Photobucket

သူလည်း တချိန်က နာမည်ကြီးပဲ မဟုတ်လား၊ အခုတော့လည်း အများသူငါ ကြားမှာပဲ မထင်မရှား လှဲလျောင်းလို့...၊

ရေဝေးက ပြန်ထွက်လာတော့ မွန်းလွဲစတောင် ပြုနေပြီ၊ မီးသင်္ဂြိုဟ်စက်ရဲ့ ခေါင်းတိုင်ကြီးမှာတော့ မီးခိုးတွေက တလူလူ လွင့်နေဆဲ၊ ဘယ်သူ မှ မရှောင်လွှဲနိုင်တဲ့ အမှန်တရားကို အမျှင်မပြတ် အန်ထုတ်လို့...၊ နားထဲမှာ ထူးအိမ်သင်ရဲ့ သီချင်းစာသားလေး တစ်ပိုဒ်ကို ကြားလိုက် မိတယ်၊ 'ကြီးမြတ်သူဖြစ်ဖြစ်၊ သာမန်လူဖြစ်ဖြစ် xxx အဆုံးသတ်ချိန်ကျတော့ xxx လူတွေအားလုံး.. မီးခိုးနဲ့ပြာ' တဲ့...။


ညီလင်းသစ်
၁၃ သြဂုတ်၊ ၂၀၁၁

N.B. ကိုငှက်ကြီး ကွယ်လွန်တဲ့ ၇ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဒီပို့စ်ကို ရေးပါတယ်... ...။

35 comments:

Chaw Su said...

I also crazy for Ko Htoo Ein Thin songs and like t

o read sayargyi Min Thu Won books.Thanks for this post.

Chaw Su said...

I also crazy for Ko Htoo Ein Thin songs and like to read sayagyi Min Thu Won books.Thank you for this post.

မေဓာဝီ said...

ကျမလဲ ဒီကနေ့ပဲ သတိရနေတာ ကိုညီလင်းရေ .. ။ ထူးအိမ်သင် နဲ့ ဆရာမင်းသုဝဏ် ကွယ်လွန်တာ တရက်ပဲ ကွာတယ် လို့ တွေးနေမိတာ။ နက်ဖြန် (၁၄ သြဂုတ်) က ၀ါခေါင်လပြည့်နေ့၊ ကွယ်လွန်သူတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှုလေး လုပ်အုံးမှပဲ။

ဒါနဲ့ တခုလောက် ခွင့်တောင်းပါရစေအုံး။ ဆရာမင်းသုဝဏ်ရဲ့ အုတ်ဂူပုံလေး ကိုညီလင်းသစ် ခွင့်ပြုမယ်ဆိုရင် သိမ်းထားချင်လို့ပါ။ နောက်ထပ်ရှိသေးရင်လဲ လိုချင်ပါတယ်။

Iora said...

အဆုံးသတ်ချိန်ကျတော့ xxx လူတွေအားလုံး.. မီးခိုးနဲ့ပြာ...
ထူးအိမ်သင် ကိုသတိရမိရင်း..
သေခြင်းတရားကို သတိတရ ဆင်ခြင်မိပါတယ်။

အိုင်အိုရာ

ညိမ်းနိုင် said...

ဘယ်တော့မှ မမေ့နိုင်တဲ့သူတစ်ယောက်...၊သူထွက်ခွာသွား
တာ ၇နှစ်တောင်ရှိပြီနော်....:(((

Anonymous said...

နောက်ဆုံး တော့လည်း
အားလုံးသွားရတဲ့ ခရီးက
တစ်ခုတည်း ...
တစ်နေရာတည်း ...

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

ဘာမဆိုင် ညာမဆိုင် ပါရီက သင်းချိုင်းကိုပါလွမ်းသွားတယ်။ ဂျပ်စင်ထိပ်ကလရိပ်ပြာလဲ လွမ်းတယ်။ ရှာပြီးနားထောင်ဦးမှပါပဲ။ ရေဝေးမရောက်ဖူးသေးလို့ ပုံတွေအတွက်ကျေးဇူးပါ ကိုညီလင်းသစ်။
Mon Petit Avatar

မအိမ်သူ said...

မွေးလာကတည်းက လူတွေအားလုံး လျှောက်လှမ်းနေခဲ့ကြတာဟာ တူညီတဲ့ တစ်နေရာကိုပါပဲ။ စောရောက်တဲ့သူနဲ့ နောက်ကျရောက်တဲ့သူ ဒါပဲကွာတယ်။ ဒါပေမယ့် အရမ်းတော်တဲ့သူတွေ စောစောစီးစီး ခွဲခွာသွားခဲ့ကြတာကိုတော့ အရမ်းနှမြောမိတယ်။

မေသိမ့်သိမ့်ကျော် said...

အားလုံးဟာ ဒီနေရာသွားဖို့ အချိန်နာရီတွေ နေ့ရက်တွေကို ကျော်ဖြတ်ရင်း မိမိနှင့်သက်ဆိုင်ရာ အလုပ်တွေလုပ်နေကြတယ်။ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တတဲ့ ... ဘယ်သူမှ ရှောင်လွှဲလို့ မရတဲ့တရား။ တစ်နေ့နေ့ ပေါ့ တစ်နေ့နေ့ မှာ....


ခင်တဲ့

ကောင်းမွန်ဝင်း said...

ရေဝေးခရီးလေးက အကြောင်းအရာမျိုးစုံနဲ့ပတ်သက်နေတယ်။

ဒီလိုမှတ်တမ်းတင်ထားတာကောင်းတယ်။အမှတ်တရ သေချာကျန်စေတာပါပဲ။

ထူးအိမ်သင် ကို ကြိုက်ရတာကတော့ သူ့ရဲ့ ကိုယ်ပိုင်သံဇဉ်တွေကြောင့်ပါပဲ။ ပါရမီရှင်လို့ပဲ သတ်မှတ်ထားမိတယ်။

Anonymous said...

ကိုယ့်နှလုံးသားထဲက
အချစ်နှင်းဆီဟာ
ပြန်ဆုံချိန်တိုင် လန်းဆန်းမွှေးပျံ့
ကြင်နာမယ် အမြဲသာ..
N/A

စူးနွယ်လေး said...

ထူးအိမ်သင်သီချင်းတွေရဲ့ အလိုက်လေးတွေ အထူးသဖြင့် စာသားလေးတွေ တော်တော်ကောင်းတယ်

သက်ဝေ said...

ဝေး သွား တဲ့ အ ခါ . . .

မဒမ်ကိုး said...

ကိုယ်လဲတနေ့ ................

မြစ်ကျိုးအင်း said...

အချိန်မတိုင်မှီသေဆုံးရလို့ နှမျောမိတဲ့ သူတွေထဲမှာ ကိုငှက်လည်း ရှေ့ဆုံးကပါတယ်။ ပါရမီရှင်တစ်ယောက်ရဲ့ အနုပညာမို့လို့ ဒီအချိန်ထိ သူ့သီချင်းတွေ လတ်ဆတ်နေသေးတာပါပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အုတ်ဂူကိုမြင်လိုက်ရတဲ့အခါ စိတ်မကောင်းဖြစ်မိသလို
ကိုညီလင်းသစ်ရဲ့ ပိုစ့်နဲ့ ဓာတ်ပုံအောက်က စာသားလေးတွေဖတ်င်္ပြီးလည်း သံဝေဂရမိတယ်
ဘယ်သူတွေ ဘယ်လောက်ပင်ကြီးကျယ်ထင်ရှားခဲ့ပါစေ
သေသွားတဲ့အခါမှာတော့ တိတ်တဆိတ်ငြိမ်သက် လှဲလျောင်းနေကြရပြီနော်
ကိုငှက်ကြီးရဲ့ သီချင်းတွေ ဘယ်ခါနားထောင်ထောင် မရိုးနိုင်သလို အမြဲတမ်းလည်းနားထောင်ဖြစ်ပါတယ်.။

မောင်မျိုး said...

အစ်ကို့စာတွေဖတ်ရင် ကျနော် စာရေးဖို့ လက်တွန့်တွန့် သွားကော အကြောင်းရာတစ်ခုကို အလေးနက်ထားပုံ စိတ်ခံစားမှု ပြီးတော့ အတွေးတွေလည်း ပေးတာပဲ ကျနော် ဒီပို့လေးမှာတော့ ရသတော်တော်များများရလိုက်တယ် ။


အမေ့အကြောင်း သီချင်းတွေ နားထောင်တိုင်း ကိုငှက် သီချင်းတွေက နေရာယူလို့ အမေကို မမေ့ဖို့ အမေ ကိုချစ်တတ်ဖို့ ကိုငှက်က အမြဲ သတိပေးနေသလိုပါပဲ သူမရှိတော့ပေမယ့် သူ့သီချင်းတွေကတော့ ကျနော့်တို့ရင်ထဲ မဆုံးသော စီးဆင်းခြင်းတွေနဲ့။

ဇွန်မိုးစက် said...

ဇွန်လည်းပဲ ချိုမြကြည်လင် အသံပိုင်ရှင် ထူးအိမ်သင်ရဲ့ အမာခံပရိတ်သတ်တစ်ယောက်ပါ။

ကိုညီလင်းသစ်လိုပဲ ရပ်ဝေးရောက်နေချိန်မို့ သူ့ရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့် မရခဲ့ပေမယ့် ရင်ထဲမှာ သူ့ဂီတနဲ့သီချင်းတွေက အမြဲရှင်သန်နေဆဲပါ။

မမြဲတဲ့သခါင်္ရသဘောတရားတွေကို သင်္ချိုင်းမြေက အုတ်ဂူပုံလေးတွေနဲ့အတူ ယှဉ်တွဲရေးသားပေးတာ သိပ်ကောင်းတဲ့ အိုင်ဒီယာပါပဲ။

ထူးအိမ်သင်အမှတ်တရဒီပို့စ်လေးကို သိပ်ကြိုက်မိကြောင်း ပြောပါရစေ။

Anonymous said...

ညီလင်းရေ သေခြင်းတရားနဲ့ပတ်သက်ရင် ဒီရောက်ပြီးမှ မိမိဖာသာ စဉ်းစားမိတာက ဘာရောဂါနဲ့ဘယ်လိုသေရမလဲ ဆိုတာထက် ငါ ဘယ်တိုင်းပြည်မှာ သေဖြစ်မလဲဆိုတာကို ဘဲ တွေးမိတယ် ...

မြန်မာ့ဂီတထဲမှာတော့ အသံမာယာ အပြည့်ရှိတဲ့ ဒေါ်မာမာအေးနဲ့ကိုထူးအိမ်သင်တို့က ကိုယ့်အတွက် ထိပ်ဆုံးက အကြိုက်ဆုံးအဆိုရှင်တွေပေါ့ ဆုံးပါးသွားတဲ့အတွက် အရမ်းနှမြောမိတယ် အသက်ချင်းသာ လဲပေးလို့ရရင် လဲပေးလိုက်ချင်တယ် ...

mie nge

blackroze said...

"" ဝေးသွားတဲ့ အခါ ""

ကိုငှက်ဆိုထားတဲ့ ဝေးသွားတဲ့အခါသီချင်းလေးကို

နားထောင်နေမိပါတယ်..

လူတွေအားလုံးရဲ့အဝေးဆုံးကိုထွက်ခွာသွားပေမဲ့

လူတွေအားလုံးရဲ့အနီးဆုံးနှလုံးသားထက်မှာ

ပုံရိပ်လေးအဖြစ်ကျန်နေသူပါ..

ခင်တဲ့ blackroze

Nyi Linn Thit said...

Ma Chaw Su ...
Yeah, it seems that we have the same taste. =)

မမေ ...
ခွင့်တောင်းနေဖို့တောင် မလိုပါဘူးဗျာ၊ အဲဒီပုံကို ကူးထားလိုက်လို့ ရပါတယ်၊ ခွင်ပြုပါတယ်၊ ကျနော် လည်း ဖိုင်ထဲမှာ ပြန်ရှာကြည့်ပြီး နောက်ထပ်တွေ့ရင် ပို့ပေးလိုက်ပါဦးမယ်....၊

မအိုင်အိုရာ ...
မလွှဲမရှောင် နိုင်တဲ့ အမှန်တရားပါပဲဗျာ...၊

ကိုညိမ်းနိုင် ...
ဟုတ်တယ်ဗျာ၊ ၇ နှစ်တောင်...၊ စိတ်ထဲမှာတော့ မနေ့တနေ့က လိုပဲ...နော၊

ဆောင်းနှင်းရွက် ...
သေချာတာပေါ့၊ အဲဒါဟာ ခန္ဓာဝန်ရဲ့ အဆုံးသတ် ဘူတာပါပဲ..၊

Mon Petit Avatar ...
ပါရီက သင်္ချိုင်းဆိုတာ Père-Lachaise ကို ပြောတာလား၊ ကျနော်လည်း အဲဒီကို သွားလည်ဖူး သေးတယ်..၊

မအိမ်သူ ...
ဟုတ်တယ်ဗျာ၊ အားလုံးဟာ ဒီကိုပဲ ဦးတည်နေတာ မှန်ပေမယ့် တော်တဲ့သူတွေ စောစောရောက်သွားတာ ကိုတော့ နှမြောမိတယ်...၊

မမေသိမ့်သိမ့်ကျော် ...
အချိန်မတိုင်ခင်တော့ ကိုယ့်ဝတ္တရားတွေ ကိုယ် ထမ်းဆောင်ရင်း နဲ့ပဲ....၊

မကောင်းမွန် ...
တခေတ်တစ်ယောက်.. တကယ့် ပါရမီရှင် ပါပဲ...၊

ကို N/A ...
နွေအိပ်မက်များ ထဲမှာ xxx သီးခြား ကမ္ဘာတစ်ခုမှာ...၊

မစူးနွယ် ...
ငြင်းမရအောင် ပါပဲ...၊

မသက်ဝေ ...
ပြန်လည်ကာ ရယူဖို့ရာ မဖြစ်နိုင်တော့တဲ့အခါ ....၊

မဒမ်ကိုး ...
အားလုံးလဲ တစ်နေ့နေ့ ...၊

ကိုမြစ်ကျိုးအင်း ...
ခေတ်များစွာကို ဖြတ်သန်းနေဦးမယ့် သီချင်းတွေပါပဲ..၊

မချော ...
ဟုတ်တယ်ဗျာ၊ ကြီးကျယ်မြင့်မြတ်မှုတွေလည်း အဆုံးသတ်မှာတော့ တိတ်ဆိတ်ငြိမ်ဝပ် သွားကြတာ ပါပဲ၊ တွေးကြည့်မိတိုင်း တရားရ မိတယ်...၊

မောင်မျိုး ...
ညီကတော့ လုပ်ပြီ..လက် တွန့်တွန့် သွားတယ်-တဲ့၊ မဟုတ်တာပဲဗျာ..၊ ကိုငှက်လိုပဲ အမေကို ချစ်တတ်တဲ့ ညီ့လို အဝေးရောက် သား(ဆိုး) တစ်ယောက်ဆီက ပို့စ် တွေကို လူတွေအများကြီးက စောင့်နေကြပါတယ်...၊း)

ဇွန်မိုးစက် ...
နှစ်သက်တယ်ဆိုလို့ ဝမ်းသာပါတယ် ဇွန်ရေ..၊ သူ့ရဲ့ နောက်ဆုံးခရီးကို မပို့လိုက်ရလို့ တကူးတက သွားဖြစ်ရင်းနဲ့ ကျန်တဲ့ ထင်ရှားသူတွေကိုပါ တွေ့လိုက်မိ သွားတာပါပဲ...၊

မ mie nge ...
အဟုတ်ပဲဗျာ..၊ ဘယ်လိုဆိုတာထက် ဘယ်မှာ ဖြစ်မလဲ လို့ တွေးနေရတဲ့ ဘဝပါပဲ၊ ထူးအိမ်သင်ရဲ့ ဝမ်းနည်းမှတ် တမ်းမှာလည်း မမီးငယ်လိုပဲ ဖြစ်နိုင်ရင် အသက်ချင်း လဲပေးလိုက် ချင်တယ်လို့ အဆိုတော်တစ်ယောက်က ရေးသွားဖူး သေးတယ်၊ နာမည်တော့ မမှတ်မိ တော့ဘူးဗျ..၊

blackroze ...
စူးနစ်စွာ စွဲထင်ကျန်ရစ်နေမယ့် ပုံရိပ်တစ်ခုပါပဲဗျာ...။

စော(အဝါရောင်မြေ) said...

မှတ်မိသလောက်တော့ အဲဒီ အချိန်တွေတုံးက လိမ္မာတဲ့ သူတွေ၊ တော်တဲ့ပဲ အသေစောတာ များတယ်လို့  မှတ်မှတ်ရရ သတိထားမိတယ်။ သူတို့ က ကျမတို့ ထက် ကံကောင်းတယ်လို့  ထင်မိတယ်။ ခုလို စိတ်တို၊ ဒေါသထွက်၊ စိတ်မကောင်းတွေ မဖြစ်ရတော့ဘူးပေါ့။ ကျမတို့ ဆို ကိုယ်နိုင်ငံ အတွက် ဘယ်လောက် စိတ်ဆင်းရဲးရသလဲ။

ချစ်ကြည်အေး said...

ကိုငှက် အိပ်စက်အနားယူရာအထိ သွားရောက်ခဲ့တဲ့ ကိုညီလင်းသစ်ရဲ့ ကိုငှက်အပေါ် ချစ်ခင်မှုကို ထင်းကနဲ မြင်လိုက်ရတယ်။ ကျွန်မလည်းပဲ ကိုငှက်ကို ချစ်တာပဲ အဲလို စိတ်ကူးမရခဲ့ဖူးဘူး။ တကယ့် အမှတ်တရပိုစ့်လေးပါပဲ ကိုညီလင်းသစ်ရေ....

sonata-cantata said...

ကျန်ခဲ့တဲ့လ တတိယပတ် ဗုဒ္ဓဟူးနေ့ ဘုန်းကြီးကျောင်းကအပြန် ကတည်းက "မသာတစ်ခေါက် ကျောင်းဆယ်ခေါက်" ဆိုတဲ့ စကားကို အတွေးနက်နေခဲ့ပါတယ်။

မိုးငွေ့...... said...

အမှတ်ရနေမိသေးတယ် ကိုငှက်ကြီးရဲ့ နာရီပေါ်ကမျက်ရည်စက်များ ထွက်တုန်းက ခုနှစ်တန်း ရှစ်တန်းပဲရှိသေးတယ်...။ ကျောင်းရှေ့မှာ သီချင်းစာအုပ်တွေရောင်းတော့ ၀ယ်ဖြစ်တယ်...။ သီချင်းဝါသနာလည်းပါတော့ သီချင်းစာအုပ်တွေများအထုပ်လိုက်ပဲ...။ အဲဒီခေတ်တုန်းက စီဒီတွေဘာတွေမရှိသေးတော့ကိုယ်ကြိုက်တဲ့ သီချင်းတွေကို လက်ရွေးစင် တိတ်ခွေလေးနဲ့ တေးသံသွင်းဆိုင်မှာ သွားသွားကူးတယ်...။ ကိုငှက်သီချင်းတွေကို အစအဆုံးအကုန်ကြိုက်တယ်...။ အရမ်းလည်းလေးစားတယ်...။ သိပ်တော်တဲ့ ပုဂ္ဂိုလ်ကြီး သူ့နေရာမှာ အစားထိုးဝင်ရောက်နိုင်တဲ့ သူဘယ်တော့မှရှိမလာနိုင်ဘူး...။ ခုတော့ အကျီင်္ဖြူဖြူလေးရယ်...အမြဲတမ်းသန့်စင်တယ် လို့ဆိုခဲ့ဖူးတဲ့ ကိုငှက်ကြီးတစ်ယောက် ငြိမ်းချမ်းစွာ အိပ်စက်ခဲ့တာ 7နှစ်ပြည့်သွားပြီကော...။ ကိုညီလင်းသစ်ရဲ့ လွမ်းမောဖွယ်ရာအရေးအသားတွေကြောင့် ကိုငှက်ရဲ့လွမ်းချင်းကို ပိုပြီးပီပြင်အသက်ဝင်သွားတယ်..။ ပြီးတော့ ညီမတို့ မမြင်ဖူးတဲ့ ကိုငှက်အုတ်ဂူကို တင်ပေးထားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ခင်မင်တဲ့
မိုးငွေ့

Anonymous said...

Let me share bro

rose said...

ရို့စ်က ထူးအိမ်သင် သီချင်းတွေ သိပ်မကြိုက်ပေမယ့် ပါးပါးက ကြိုက်တော့ သူ့ သီချင်းတွေ အမြဲ ဖွင့်နေတော့ နားရည်ဝနေတယ်။ ထူးအိမ်သင်တို့၊ စိုင်းထီးဆိုင်တို့ပေါ့။

Nyi Linn Thit said...

အဝါရောင်မြေက စော ...
ဟုတ်တယ်ဗျ၊ ကျနော်လည်း မှတ်မိတယ်၊ အဲဒီကာလ တွေတုန်းက လူချစ်လူခင် များတဲ့ အသက်ငယ်ငယ် ပညာရှင်တွေ စောစော သေကြတာ....၊

မချစ်ကြည်အေး ...
ငှက်ချစ်သူချင်း သိရလို့ ဝမ်းသာရပါ သဗျာ....၊း)

မသီတာ ...
အဲဒီ စကားလုံးကတော့ နက်နက်တွေးလေ အတွေးက နက်လေလေ ပဲဗျ...၊ ဟုတ်တယ်ဟုတ်...၊

မမိုးငွေ့ ...
ကျနော်တို့တော့ ခေတ်ပြိုင်တွေ ဖြစ်မယ် ထင်တယ်နော်၊ အဲဒီအခွေ ထွက်တုန်းက ကျနော်လည်း အဲဒီအရွယ်ပဲ၊ ပြီးတော့ ဆိုင်မှာ ကိုယ်ကြိုက်တဲ့ လက်ရွေးစင် သီချင်း လေးတွေချည်း သွားရွေးကူးတာ ကျနော်လည်း လုပ်ခဲ့ ဖူးတယ်ဗျ၊ သီချင်းစာအုပ်တွေလည်း အများကြီး ဝယ်တယ်၊း)

Anonymous ...
Just go for it....bro!

ရိုစ့် ...
အင်း..ဒီအတိုင်းဆို ကျနော်က ရိုစ့်ပါပါးနဲ့ generation အတူတူများ ဖြစ်နေမလားပဲ....။း)

Anonymous said...

ကိုညီလင်းသစ် ရေ

ပိုစ့် လေးအတွက် ကျေးဇူးနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ညီလင်းသစ်ရေ
အိပ်စက်ခြင်းများရှိရာဆီ တဲ့လား... ဟုတ်တယ်နော် တကယ်တော့ သေခြင်းဆိုတာ အပြီးတိုင် အိပ်စက်ခြင်းပဲ...
ထူးအိမ်သင် အိပ်သွားတာတောင် ၇နှစ်ပြည့်သွားပြီပဲ...
စု

Anonymous said...

လူသေသော်လည်း နာမည်မသေတဲ့ လူတွေနဲ့ 
လူမသေခင်ကထဲက နာမည်သေသွားတဲ့ လူတွေအကြောင်း
သချို င်္င်းက အမှန်တရားတခုကို အခုလိုတင်ပြပေးတာကျေးဇူးပါ ။

jasmine(တောင်ကြီး) said...

လူဘ၀ကိုစပြီဆိုကတဲက
ဘယ်အရပ်ကရောက်လာမယ်မသိတဲ့
အဲဒီလမ်းကို ရုန်းကန်ရင်းစောင့်နေရ
သလိုပဲနော်.....
သွားကြည့်ဖို့ မဖြစ်နိုင်တဲ့သူတွေအတွက်
ခုလိုဖော်ပြပေးတာကိုကျေးဇူးတင်ပါတယ်။
ချမ်းမြေ့ပါစေရှင်။

Anonymous said...

ဝေးသွားတဲ့အခါ..NOTESလေးက သူမသေခင်ကတည်းက သူသေသွားတဲ့အခါ သူ့အုတ်ဂူမှာ ထွင်းပေးဖို့ တောင်းဆိုထားတာလို့ ဖတ်ဖူးတယ်။

Angelhlaing(May everybody be happy and healthy! said...

အမှတ်တရသူတွေထဲကတစ်ယောက်...ဖတ်ရင်းနဲ့တောင် လွမ်းသွားတယ်အကို...နောက်ကျနေပြန်ပြီ..:)

တောက်ပကြယ်စင် said...

အော်...မသေခင်ချစ်၊ သေလျှင်ပစ်၊ အနှစ်မပါ၊ ဤခန္ဓာ...ပါတကား။ အနုပညာရှင်တွေ အကြွေစောနေတာကို နှမြောမိပါရဲ့ ကိုညီလင်းသစ်ရေ။ ကျန်းမာပျော်ရွှင်ပါစေနော့...