02 December 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၅)


ကလောရောက်ပြီး နောက်တစ်ရက်နေတော့ သူငယ်ချင်းတွေဖြစ်တဲ့ ထွန်းထွန်းနဲ့မော်တို့ ဖွင့်ထားတဲ့ဆင်စခန်းကို သွားလည်ကြတယ်၊ ကလောဇာတိဖြစ်တဲ့ ထွန်းထွန်းက ငယ်ငယ်လေးကတည်းက တောတောင်ရေမြေကို ချစ်မြတ်နိုးသလို ကျနော်တို့နဲ့ tourism လောကထဲမှာမဆုံခင် ကလောမှာ trekking guide လည်း လုပ်ခဲ့သေးတယ်၊ အခု သူတို့ ဆင်စခန်းလုပ်နေတာ ၃ နှစ်ထဲတောင် ရောက်လာပေမယ့် ကျနော်တို့ကလည်း တစ်ခါမှ မရောက်နိုင်ဘူး ဖြစ်နေခဲ့တယ်၊ ဒီတစ်ခေါက်မှပဲ အဲဒီအတွက်ကို သီးသန့်အချိန်ပေးပြီး သွားဖြစ်ပါတော့တယ်…၊


ထွန်းထွန်းတို့ရဲ့ ဆင်စခန်းက ကလောကို တက်လာတဲ့လမ်းမှာ ရှိပါတယ်၊ ကလောအတက်မှာရှိတဲ့ နန့်ပန်တစ်ရွာကြီးရဲ့ အလွန် မကွေဆိုတဲ့ ရွာကလေးနားက တောထဲမှာ ဖွင့်ထားတယ်၊ ကလောမြို့ထဲကနေ ဆင်စခန်းကို ပြန်ဆင်းသွားတော့ လမ်းတလျှောက်က ရေယား၊ ဝက်ဖြူရေ စတဲ့ရွာလေးတွေမှာ ခြံထွက်အသီးအနှံတွေကို အိမ်ဆိုင်လေးတွေဖွင့်ပြီး တပိုင်တနိုင် ရောင်းနေကြတယ်၊ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းကအတိုင်း မပြောင်းမလဲပါပဲ၊ ဖရုံသီး၊ ပိန်းဥ၊ ကန်စွန်းဥ၊ ကျွဲကောသီး၊ ရှောက်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး… အစုံပဲ တွေ့ရတယ်၊ ကလောကနေ စခန်းအထိ ၄၅ မိနစ်လောက် မောင်းသွားရပါတယ်၊


ဆင်စခန်းရဲ့ နာမည်က Green Hill Valley (Elephant Camp with Re-plantation) ဖြစ်ပြီးတော့ မကွေသစ်တောကြိုးဝိုင်းရဲ့ အစပ်မှာ တည်ရှိပါတယ်၊ ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ ကညင် စတဲ့အပင်တွေ၊ ငှက်ပျော၊ သင်္ဘော၊ နာနတ် စတဲ့ သီးပင်စားပင်တွေ၊ ပန်းပင်တွေရဲ့ အလယ်မှာ ပုံစံခပ်ရိုးရိုးနဲ့ ဝါးအိမ်လေးဆောက်ထားတယ်၊ လမ်းလျှောက်ချင်တဲ့ ဧည့်သည်တွေက ကလောအထွက်နားကနေ ၃ နာရီလောက် trekking လျှောက်ပြီး စခန်းကိုလာကြသလို တချို့ကျတော့လည်း ကားနဲ့ပဲ တိုက်ရိုက်လာကြတယ်၊ စခန်းရဲ့ အကျယ်က ၄၆ ဧကလောက်တော့ ရှိပါတယ်၊


ဘယ်လိုပဲလာလာ စခန်းကိုရောက်တဲ့အခါတော့ ဟောဒီ ဝါးအိမ်လေးထဲမှာပဲ နေ့လယ်စာ စားကြလေ့ရှိတယ်၊ မျက်စိတဆုံး မြင်နေရတဲ့ ရှမ်းရိုးမတောင်တန်းတွေ၊ သစ်တောသစ်ပင် စိမ်းစိမ်းတွေကို နေ့လယ်စာစားရင်း ခံစားနိုင်ပါတယ်၊ အလင်းရောင် ကောင်းကောင်း ရအောင်ရယ်၊ မြင်ကွင်းရှင်းအောင်ရယ် ရည်ရွယ်ပြီးတော့ အမိုးမပါတဲ့ ဝရန်တာပုံစံ ရင်ပြင်လေးတစ်ခု ဆောက်ထားတဲ့ ထွန်းထွန်းနဲ့မော်ရဲ့ အိုင်ဒီယာကို ကျနော်သဘောကျသွားတယ်၊ အဲဒီ ဝရန်တာလေးက ဝါး ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး ကော်ဖီပူပူလေး သောက်ရတဲ့ အရသာက မမေ့နိုင်စရာပါပဲ…၊


ဒီကိုလာကြတဲ့ ဧည့်သည်တွေအဖို့ နေ့လယ်စာ စားပြီးတဲ့အခါ စခန်းအနီးပတ်ဝန်းကျင်မှာ လမ်းလျှောက်တာ၊ ဆင်တွေကို သွားကြည့်ပြီး အစာကျွေးတာ၊ ဆင်တွေကို စမ်းချောင်းလေးထဲမှာ ရေချိုးပေးတာ၊ ဒေသဖွံ့ဖြိုးရေးအတွက် သစ်ပင်တွေ စိုက်ပျိုးတာ စတာတွေ လုပ်နိုင်ပါတယ်၊ ကျနော့်သူငယ်ချင်း လင်မယားက တိုးဂိုက်လုပ်ခဲ့ကြသူတွေပီပီ mass tourism ကို တတ်နိုင်သလောက် ရှောင်ချင်ကြသူတွေပါ၊ ကားကြီးကားငယ်တွေ မပြတ်ဝင်ထွက်သွားလာပြီး ဧည့်သည်တွေ တရုန်းရုန်းနဲ့ ဖြစ်နေတာဟာ စခန်းတည်ရှိရာ ဝန်းကျင်အတွက်ရော၊ စခန်းထဲက ဆင်တွေအတွက်ပါ မကောင်းပါဘူး၊ အဲဒီလို အခြေအနေတွေ ဖြစ်လာခဲ့မယ်ဆိုရင် သဘာဝအတိုင်း အေးအေးချမ်းချမ်းနဲ့ ရှိနေတဲ့ အနေအထားတွေ ပျောက်ဆုံးကုန်မှာ ဖြစ်သလို ဆင်တွေကလည်း ဆက်ကပ်တွေထဲက ဆင်တွေအတိုင်း လူတွေကို ပြစားဖို့သက်သက်ပဲ ဖြစ်သွားတော့မှာ အသေအချာပါ၊ ဒါ့ကြောင့်မို့ သူတို့စခန်းမှာ တစ်နေ့ကို အလွန်ဆုံး ဧည့်သည် ၂၀ ဝန်းကျင်လောက်ပဲ လက်ခံပါတယ်၊


အဲဒီနေ့က ချာပါတီနဲ့ ကြုံခဲ့တယ်…၊း)


ဝါးအိမ်ကလေးကနေ ၅ မိနစ်လောက် ဆင်းသွားတဲ့အခါ တံတားလေးတစ်ခု ဖြတ်ပြီးတာနဲ့ ဆင်တွေထားတဲ့ စခန်းကိုရောက်ပါပြီ၊ ဆင်ဦးစီးတွေက မိသားစုလိုက် လာနေကြတာဖြစ်လို့ မိသားစုတစ်စုစီအတွက် အိမ်ကလေးတစ်လုံးစီလည်း ရှိပါတယ်၊ ယောက်ျားတွေက ဆင်တွေနဲ့ အလုပ်,လုပ်၊ မိန်းမတွေက အိမ်မှုကိစ္စလုပ်ရင်း ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေစိုက်၊ ကလေးတွေကတော့ အနားက မကွေရွာလေးမှာ ကျောင်းတက်ကြတယ်၊ ထွန်းထွန်းနဲ့မော်က ဆင်တွေရော၊ ဆင်ဦးစီးတွေရဲ့ မိသားစုတွေကိုပါ အတော်လေး ဂရုစိုက်ပါတယ်၊


စခန်းမှာ လောလောဆယ် ဆင် ၇ ကောင် ရှိပါတယ်၊ ညာဖက်အစွန်ဆုံး ဆင်ပေါက်လေးကလွဲလို့ ကျန်တဲ့ ဆင်အားလုံးက မြန်မာ့သစ်လုပ်ငန်းမှာ သစ်ဆွဲခဲ့ကြတဲ့ ဆင်တွေပါ၊ ဒီဆင်တွေက အနာတရဖြစ်လို့၊ ဒါမှမဟုတ် အသက်ကြီးလာလို့ အလုပ်မလုပ်နိုင်တော့ဘဲ အငြိမ်းစား အပေးခံထားရသူတွေ…၊ ဒီလိုဆင်တွေကို တတ်နိုင်သလောက် ပြုစုစောင့်ရှောက်ဖို့ရယ်၊ ဖြစ်နိုင်သလောက် သူတို့ သဘာဝအတိုင်း တောထဲမှာ နေထိုင်ပါစေလို့ရယ် ရည်ရွယ်ပြီး ထွန်းထွန်းတို့က ဒီစခန်းကို ဖွင့်ခဲ့တာ ဖြစ်ပါတယ်၊ သဘာဝကို ချစ်မြတ်နိုးတဲ့ သူတို့လင်မယားရယ်၊ လုပ်သက်အတွေ့အကြုံ အများကြီးရှိတဲ့ မော့်ဦးလေး ဆင်ဆရာဝန်ရယ် ပူးပေါင်းမိကြတဲ့အခါ Green Hill Valley ဆိုတဲ့ ဆင်စခန်းလေးတစ်ခု ပေါ်ပေါက်လာခဲ့ တော့တယ်၊ မော့်ဦးလေးက မြန်မာပြည်မှာ ဆင်တွေအတွက် မေထုန်မဲ့ သားစပ်ခြင်းကို ပထမဦးဆုံး စတင်ခဲ့သူလို့လည်း သိရတယ်…၊


ကျနော်တို့ ရောက်သွားတော့ ဆင်တွေက ဆင်ဦးစီးတွေနဲ့အတူ တန်းစီပြီး နှုတ်ဆက်ကြတယ်၊ သစ်ဆွဲဆင်တွေ ဖြစ်လို့ လူနဲ့ ယဉ်ပါးပါတယ်၊ ကြိုက်သလို ကိုင်တွယ်၊ ပွတ်သပ်ကြည့်လို့ ရတယ်၊ ခဏကြာတော့ ဆင်တွေကို ငှက်ပျောသီးကျွေးဖို့ လုပ်တယ်၊ ဆင်ရဲ့ ခန္ဓာကိုယ်ကြီးတွေနဲ့ ယှဉ်လိုက်တော့ ဖီးကြမ်းငှက်ပျောသီးတစ်လုံး ကျွေးရတာ သူတို့ကို သက်သက်လာနောက်နေသလိုတောင် ဖြစ်နေပြီလို့ ကျနော့်စိတ်ထဲ အားတုံ့အားနာနဲ့ တွေးနေမိတယ်၊ ပုံရဲ့ ရှေ့ဆုံးမှာ မြင်ရတဲ့ ဆင်ပေါက်လေးက ဖိုးချစ်လို့ ခေါ်ပါတယ်၊ အဲဒီကောင်လေးက သူ့ဘေးက ဆင်ကြီးတွေဖက်ကို အတင်းလိုက်ဖိပြီး သူတစ်ကောင်တည်း ငှက်ပျောသီးအများဆုံးရအောင် နှာမောင်း တဖြန့်ဖြန့်နဲ့…၊ မိဘတွေ၊ ဦးလေး၊ အဒေါ်တွေရဲ့ မုန့်တွေကိုပါ အတင်းလိုက်လုစားတဲ့ လူသား ကလေးငယ်လေး တစ်ယောက်လိုပါပဲ…၊ အဲဒီ ဖိုးချစ်လေးကို ကျနော် မြင်မြင်ချင်း ချစ်သွားတယ်…၊


ကျနော့်သားနဲ့ ထွန်းထွန်းရဲ့သားက ရက်ပိုင်းပဲ အသက်ကွာတဲ့ ရွယ်တူတွေပါ၊ ကျနော်က ဖိုးချစ်ကို ချစ်သလို သူတို့ ၂ ယောက်ကိုလည်း စခန်းက ဆင်ဦးစီးတွေက ဝိုင်းပြီးချစ်ကြတာနဲ့ ဆင်ပေါ်ကို ခေါ်တင်ပြီး စီးစေတယ်၊ သားက ဆင်ရဲ့ ကျောဗလာပေါ်မှာ ထိုင်ပြီး အကြောက်အလန့်မရှိ ပျော်နေလေရဲ့…၊


တကယ်တော့ Green Hill Valley မှာ ဆင်တွေကို စီးဖို့ မတိုက်တွန်းကြပါဘူး၊ တချို့ ဆင်စခန်းတွေမှာ လုပ်ကြသလို ကလေးလူကြီး အားလုံးက ဆင်တွေပေါ်ကို တစ်ယောက်ပြီးတစ်ယောက်တက်၊ ခေါက်တုံ့ခေါက်ပြန် စီးကြတာမျိုးကို ထွန်းထွန်းတို့က မလုပ်ချင်ကြဘူး၊ ဆင်တွေက တခြား မြင်းတို့၊ ကုလားအုတ်တို့လို လူတွေအချိန်မရွေး စီးနိုင်တဲ့ သတ္တဝါမျိုးတွေ မဟုတ်ကြပါဘူး၊ သဘာဝချင်း မတူတာကို လျစ်လျူရှုပြီး အတင်းတက်စီးနေကြမယ် ဆိုရင် ဒီဆင်တွေရဲ့ ဘဝက အတော်လေး စိတ်ဆင်းရဲဖို့ ကောင်းနေတော့မှာ သေချာပါတယ်၊ အားကောင်းမောင်းသန် အချိန်တုန်းက သစ်တွေဆွဲခဲ့ရတယ်၊ အခုကျပြန်တော့ လူတွေကို တစ်ယောက်ပြီးတစ်ယောက် ကျောပေါ်တင်ရင်း တစ်နေကုန် ခေါက်တုံ့ခေါက်ပြန် လျှောက်ဖို့ ခိုင်းနေဦးမယ် ဆိုရင် တကယ်ပဲ အကြင်နာမဲ့ရာကျတဲ့ လုပ်ရပ်ပါပဲ…၊ အဲဒါကြောင့် ဆင်တွေရဲ့ ကျောပေါ်ကိုတောင် က,မတင်ဘဲ ဒီအတိုင်းထားတာပါ…၊


ဆင် ၇ ကောင်ရှိရာမှာ ပုံထဲမှာမြင်ရတဲ့ စွယ်စုံကြီးနဲ့ ဆင်ပေါက်လေး ဖိုးချစ်တို့ နှစ်ကောင်က အထီးဖြစ်ပြီးတော့ ကျန်တာတွေကတော့ အမတွေပါ၊ အံမယ်… သစ်ဆွဲဆင်တွေဆိုပြီး လျှော့တော့မတွက်နဲ့၊ သူတို့က အပျံစား နာမည်တွေကိုယ်စီနဲ့…၊ ကြည့်ပါဦး…၊ ဆင်မတွေ နာမည်က ရှုလေးခင်-တဲ့၊ ဆွေမိုးမေ-တဲ့၊ ယုမိုးယဉ်-တဲ့၊ ဝင်းမမ၊ ထွန်းမမ-တဲ့၊ စွယ်စုံဆင်ထီးကြီးကျတော့ သောင်းကန်ဌေး-တဲ့၊ အငယ်ဆုံး ဖိုးချစ်လေးကိုတော့ မွေးကတည်းက အားလုံးကချစ်ကြလို့ ဖိုးချစ်လို့ ခေါ်တာပါ-တဲ့၊ အသက်အားဖြင့်တော့ အငယ်ဆုံး ၄ နှစ်ခွဲကနေ အကြီးဆုံး ၆၀ အတွင်း ရှိကြတယ်…၊


ခဏနေတော့ ဆင်တွေကိုခေါ်ပြီး မလှမ်းမကမ်းက စမ်းချောင်းလေးမှာ ရေသွားချိုးပေးကြတယ်၊ ဆင်စခန်းရဲ့ တည်နေရာက ရှမ်းရိုးမတောင်တန်းတွေ ရှိတယ်ဆိုပေမယ့် မီတာ ၄၀၀ အမြင့်လောက်ပဲ ရှိလို့ ရာသီဥတု ပူပါတယ်၊ ဒါ့ကြောင့် ဆင်တွေကလည်း ရေသွားချိုးရမယ်ဆိုရင် အင်မတန်မှပျော်…၊ အလှည့်မကျသေးလို့ မချိုးရသေးတဲ့ ကောင်တွေကတော့ အပူသက်သာအောင် ကျောပေါ်ကို မြေမှုန့်တွေ နှာမောင်းနဲ့ ပစ်,ပစ်တင်ပြီး ကျန်ခဲ့လေရဲ့၊ စမ်းချောင်းလေးက အနက်ဆုံးနေရာမှ ခါးသာသာလောက်ပဲ ရှိပြီးတော့ ရေကလည်း အတော်လေး ကြည်လင်ပါတယ်၊ ဆင်တွေကို ရေထဲ လှဲမအိပ်ခိုင်းခင် အပူရှပ်မှာစိုးလို့ အရင်ဆုံး ရေတိုက်ပါတယ်၊ လူအတိုင်းပဲ…၊း)


ဆင်တွေ ရေထဲ ရောက်,ရောက်ချင်း သားကလည်း ရေထဲလိုက်ဆင်းရင်း “ဒီလောက်ကြီးတဲ့ အကောင်တွေကို ဘယ်လိုများ ရေချိုးပေးမှာလဲလို့ စူးစမ်းတဲ့အကြည့်မျိုးနဲ့ စိတ်ဝင်တစား ကြည့်နေတယ်”၊ ဆင်ဦးစီးတွေက ချောင်းရေတွေကို လက်ခုပ်နဲ့ခပ်ပြီး ဆင်ကိုယ်ပေါ်ကို ပက်ပြလိုက်တော့မှ သူ သဘောကျသွားပြီး မရပ်မနားကို ဆင့်သင်္ကြန် ကျတော့တာပဲ၊ ဒီဆရာလေးက နဂိုကတည်းကမှ အဲဒီလို ရေလိုက်ပက်ရတာ ဝါသနာက ခပ်ပါပါဆိုတော့ အခုလိုမျိုး သူ့ဘယ်လောက်ပက်ပက် ထွက်မပြေး၊ ပြန်မပြောတဲ့ ဆင်နဲ့လည်း ကျရော… ဘာပြောကောင်းမလဲ…၊ ရေပက်လိုက်၊ အုန်းဆံဖတ်နဲ့ တိုက်ပေးလိုက်နဲ့…၊ တစ်ခါ ထွန်းထွန်းရဲ့ သားကလည်း သူနဲ့ ဝါသနာတူ၊ စရိုက်တူဆိုတော့ ပြန်ဖို့ကို မနည်းပြောယူ ရတယ်…၊


စမ်းချောင်းလေးကနေ စခန်းကို အပြန်မှာတော့ ကျနော်နဲ့သားက ရှေ့ဆုံးကနေ စွယ်စုံ သောင်းကန်ဌေးကို စီး၊ ထွန်းထွန်းရဲ့သားနဲ့ သူ့ဦးလေးက တခြားဆင်တစ်ကောင်ကို စီးပြီး ပြန်လာခဲ့ကြတယ်…၊ မူလက ဆင်စီးဖို့ ကျနော် မရည်ရွယ်ပါဘူး၊ “အသက်ကြီးလျှင် ဆင်စီးပါ” ဆိုတဲ့ ကြော်ငြာစာသားကို သတိရနေတာလည်း ပါမှာပေါ့၊း) ဒါပေမယ့် ထွန်းထွန်းကိုယ်တိုင်က အတင်းတိုက်တွန်းနေတာနဲ့ သားနဲ့အတူ စီးဖြစ်သွားတာ…၊ စမ်းချောင်းလေးအတိုင်း ကျောက်တုံးတွေပေါ်က ဖြတ်လာတော့ ဆင်ဦးစီးလေးက ပြောရှာတယ်၊ “အစ်ကို.. ဘာမှ မစိုးရိမ်နဲ့၊ ဆင်တွေက သူတို့လဲကျမှာ၊ အသားနာမှာ အင်မတန်သိတဲ့ အကောင်တွေ၊ မသေချာရင် သူတို့ဘယ်တော့မှ ရှေ့မတိုးဘူး”တဲ့…၊ သောင်းကန်ဌေးက အင်းစိန်၊ မင်းဓမ္မကုန်းက နာမည်အရှည်ကြီးရှိတဲ့ ကောင်တွေနဲ့ အသားအရေချင်း မတူပေမယ့်လို့ ကျနော့်စိတ်ထဲမတော့ ဟိုးရှေးတုန်းက ဆင်စီးပြီး ပြည်တော်ဝင်ခန်းဆိုတာ ဒါမျိုးများလား-လို့ ရွှတ်နောက်နောက် တွေးနေမိတယ်…၊


ဆင်တွေကို ညနေပိုင်းလောက်မှာ တောထဲကို လွှတ်ပါတယ်၊ ဆင်ဦးစီး တစ်ယောက်ချင်းစီက ဆင်တွေကို တစ်နေရာစီ မောင်းသွားပြီးတော့ လွှတ်လိုက်တယ်၊ မနက်ကျတော့ မှတ်ထားခဲ့တဲ့ လမ်းအတိုင်း ပြန်သွားပြီး ဆင်ကောက်ထွက်ကြ ရတယ်၊ ဆင်သွားလမ်းဖြစ် ဆိုတဲ့အတိုင်း သူတို့ဖြတ်သွားခဲ့တဲ့ လမ်းကြောင်းကို အထင်အရှားမြင်ရတာကြောင့် ဆင်ပျောက်နေမှာ မပူရပါဘူး ဆိုပေမယ့် အနည်းဆုံးတော့ တစ်နာရီလောက် လျှောက်သွားရတယ်လို့ ဆိုတယ်၊ တခါတလေလည်း တောင်တွေပေါ်ကို တက်ချင်တက်သွားကြပြန်တယ်၊ ဆင်တွေက တစ်ညလုံးမှာ အပင်တွေချိုး၊ စားသောက်ရင်း တရွေ့ရွေ့နဲ့ သွားနေကြတာ…၊ သူတို့ အစားအများဆုံးကတော့ ဝါးပင်တွေပါ၊ မော့်ဦးလေး ဆင်ဆရာဝန်က သူ့ရဲ့ လုပ်သက်မှာ အင်မတန် ပါးနပ်တဲ့ ဆင်တွေကြုံဖူးတဲ့အကြောင်း ပြောပြတယ်၊ အဲဒီ ပါးနပ်တဲ့ ကောင်တွေက တစ်ညလုံးသစ်ပင်တွေ စားနေရင်းနဲ့ သစ်ရွက်တွေကို သူတို့လည်ပင်းက သစ်သားခလောက်ထဲ သွတ်သိပ်ပြီး ထိုးထည့်ကြတယ်၊ ဒီခလောက်သံကြားရင် လူတွေက သူတို့ကို အဝေးကြီးကတည်းက သိနေတာဆိုတော့ အသံမကြားအောင် လုပ်တာပါ၊ တချို့ကောင်တွေကျတော့ သစ်သားခလောက်ဆိုတာ လည်ပင်းမှာ ဆွဲထားရင် ဟိုဖက်ဒီဖက် လှုပ်ရမ်းပြီး အသံမြည်တာကို သဘောပေါက်ကြတယ်၊ ဒီတော့ အဲဒီလို မလှုပ်ရမ်းနိုင်အောင် နှာမောင်းနဲ့ဆွဲယူပြီး ကုပ်ပေါ်မှာ အသာလေး တင်ထားကြတယ်-တဲ့…၊


ဆင်စခန်းမှာ ဆင်တွေအပြင် တခြားအကောင်တွေလည်း တွေ့ခဲ့ရတယ်၊ ဆင်နဲ့ ယှဉ်လိုက်ရင်တော့ သေးသေးလေးပါ၊ ဒါပေမယ့် မြေပြန့်မှာ မြင်နေကျ မဟုတ်တဲ့ ပင့်ကူတွေဖြစ်လို့ တချို့ကို ဓာတ်ပုံရိုက်လာ ဖြစ်ပါတယ်…၊


ဒီကောင်တွေက ရန်ကုန်မှာ ကျနော်တို့ မြင်နေကျ ပင့်ကူတွေထက် အများကြီး ပိုကြီးသလို အရောင်တွေကလည်း အခုလို ဆန်းဆန်းပြားပြားတွေနဲ့…၊ သတ္တဗေဒနဲ့ ကျောင်းပြီးခဲ့တဲ့ ကျနော်က ဒီပင့်ကူတွေကို ဓာတ်ပုံရိုက်ရုံကလွဲပြီး နာမည်၊ မျိုးစိတ်၊ မျိုးရင်း ဘာမှ မခွဲခြားနိုင်ခဲ့ပါဘူး…၊ (နအဖခေတ် ပညာရေးအကြောင်းတော့ ခရီးသွားပို့စ်မှာ ထည့်မရေးတော့ပါဘူးလေ...နော)း)


ခန္ဓာကိုယ်တင် အရောင်စုံတာ မဟုတ်ပါဘူး၊ ပင့်ကူအိမ်ကိုလည်း အဲဒီလိုမျိုး ဒီဇိုင်းအကွက်လေးတွေနဲ့ ရက်ကြတာ သတိထားမိတယ်၊ အင်းလေးနဲ့နီးလို့ ရက်ကန်းအတတ်တွေ ဓာတ်ကူးသွားတာများလား၊း) ဒီပင့်ကူတွေအားလုံးက သစ်ပင်တွေပေါ်မှာ နေပါတယ်၊ သွားတုန်းလာတုန်းမှာ ဒီလိုကောင်မျိုးတစ်ကောင် ခေါင်းပေါ်ကို ပြုတ်ကျလာလို့ကတော့… လို့ကျနော် ရုတ်တရက်တွေးမိလိုက်တော့ ရိုက်လက်စ ဓာတ်ပုံကို အမြန်ဆုံး အဆုံးသတ်ချင်စိတ်တွေ ဖြစ်လာခဲ့တယ်…၊း)


စိုက်ပျိုးဖို့အသင့် ကျွန်းပင်ပေါက်ကလေးတွေ…၊ Green Hill Valley ရဲ့ နာမည်အပြည့်အစုံက Elephant Camp and Re-plantation ဆိုတဲ့အတိုင်း လာလည်တဲ့ ဧည့်သည်တွေကို သစ်ပင်စိုက်သွားဖို့ ထွန်းထွန်းတို့က တိုက်တွန်းလေ့ရှိပါတယ်၊ မကွေသစ်တောကြိုးဝိုင်းမှာ အရင်တုန်းက စည်းကမ်းမဲ့သစ်ခုတ်တာ၊ မီးသွေးဖုတ်တာတွေ ရှိခဲ့လို့ သစ်တောတွေ ပြုန်းပါတယ်၊ အဲဒါကြောင့် သူတို့တတ်နိုင်တဲ့ဖက်ကနေ စခန်းအနီးတဝိုက်ကို သစ်ပင်တွေ ပြန်စိုက်တဲ့ အစီအစဉ်လုပ်နေတာ ဖြစ်ပါတယ်၊ အဓိက အားဖြင့်တော့ ကျွန်းနဲ့ ခါတော်မီကို စိုက်ကြတယ်…၊


ကျနော့်ရဲ့ ဆင်ကလေးဖိုးချစ်…၊ တကယ်တော့ ဖိုးချစ်က သနားစရာကောင်းတဲ့ ဆင်ကလေးပါ၊ သူ့ဇာတိက သပိတ်ကျင်းဖက်က…၊ အဲဒီမှာ မြန်မာ့သစ်လုပ်ငန်းကနေ ဆင်ရိုင်းဖမ်းပွဲလုပ်တဲ့အချိန်မှာ ဖိုးချစ်က သူ့အမေနဲ့ ကွဲသွားပြီးတော့ အဖမ်းခံလိုက်ရတယ်၊ သစ်ဆွဲစခန်းမှာ အမေမရှိဘဲနဲ့ ကြီးပြင်းလာရတော့ သူ့ကိုစောင့်ရှောက်မယ့်သူ မရှိဘူး၊ ဒါ့အပြင် တခြားပြဿနာတွေ၊ အကျပ်အတည်းတွေ ကြားမှာ ဖိုးချစ်အတွက်က နေစရာ အဆင်မပြေလှဘူး၊ တောထဲကို ပြန်လွှတ်ရင်လည်း မသွားတတ်၊ မလာတတ်နဲ့ သူ့အတွက် ပိုပြီးတော့တောင် ဒုက္ခတွေ့ဖို့ များတယ်၊ ဒီလိုနဲ့ပဲ ဖိုးချစ်ကလေးကို ဟောဒီ ဆင်စခန်းကို ခေါ်လာခဲ့ကြတော့တာ…၊ ဒီမှာရှိတဲ့ ဆင်မတွေထဲက နှစ်ကောင်က ဖိုးချစ် ရောက်လာကတည်းက သူတို့ရဲ့ သားသမီးရင်းအလား စောင့်ရှောက်၊ အကာအကွယ် ပေးကြတယ်၊ နေ့ပိုင်း စခန်းမှာရှိချိန်မှာ ဖိုးချစ်က သူ့ဦးစီးနဲ့ နေပေမယ့် ညနေဖက်တောထဲကို ပြန်လွှတ်ရင်တော့ အဲဒီဆင်မနှစ်ကောင်ထဲက တစ်ကောင်နဲ့အတူ လွှတ်ပေးရတယ်၊ အဲဒီဆင်မကြီးကပဲ ဖိုးချစ်ကို တစ်ညလုံးအကာအကွယ်ပေး၊ အစာရှာကျွေးနဲ့ စောင့်ရှောက်ပါတယ်၊ အခုတော့ ဖိုးချစ်လေးလည်း ၄ နှစ်ခွဲကျော်လို့ အတော်လေး သန်မာလာတဲ့ ဆင်ပေါက်ကလေး ဖြစ်လာခဲ့ပြီ…၊


ကျွေးသမျှ ငှက်ပျောသီးအကုန် စားချင်နေတဲ့ ဖိုးချစ်၊ သူ့ကို ချစ်ခင်တဲ့ ဆင်မတစ်ကောင်နဲ့ စွယ်စုံကြီး သောင်းကန်ဌေး…၊ သစ်ဆွဲဆင်တွေ ဖြစ်တဲ့အတွက် ဆင်အကြီး ၂ ကောင်ရဲ့ တင်ပါးမှာ ကိုယ်ပိုင်နံပါတ် ထိုးထားတာ တွေ့နိုင်ပါတယ်၊ အကယ်၍ ဖိုးချစ်သာ သပိတ်ကျင်း တစ်နေရာက တောထဲမှာ ဆင်ရိုင်းအုပ်နဲ့အတူ ရှိနေခဲ့ဦးမယ်ဆိုရင် သူ့အမေနဲ့အဖေဘေးမှာ အခုလိုပဲ ပွတ်သီးပွတ်သပ်လုပ်ရင်း လွတ်လပ်စွာပျော်မြူးနေလိမ့်မှာ အသေအချာပါ…။ ။

(အပိုင်း ၆ မှာ ရေလေးမကျသေးခင် အင်းလေးကို အပြေးသွားလိုက်ကြရ အောင်လားဗျာ…)


ညီလင်းသစ်
၂ ဒီဇင်ဘာ၊ ၂၀၁၃

31 comments:

Aunty Oo said...

ဗဟုသုတတွေမျှဝေပေးတာကျေးဇူးတင်စရာပါ။
ကိုထွန်းထွန်းနဲ.မော်တို.လိုသနားကြင်နာမေတ္တာ
ထားတတ်တဲ့လူတွေကိုယ်ချင်းစာတရားထားတဲ့လူတွေ
ကိုလေးစားမိပါတယ်။
စာအရေအသားနဲ.ဓါတ်ပုံတွေကြည်လင်ကောင်းမွန်လှပါ
တယ်။သားသားကသိတ်ပျော်နေမှာဘဲနော်။အင်းလေးကိုလဲ
လိုက်လည်ဖို.မျှော်နေပါတယ်။ကျန်းမာရေးလဲဂရုစိုက်ပါ။

Anonymous said...

စိတ်ဝင်စားစရာ
သွားချင်အောင် ဆွဲဆောင်နေသောပို့စ်ဖြစ်ပါတယ်

ညီ

San Htun said...

အဲဒီလို ဆင်တွေကို နီးနီးကပ်ကပ် မကြူံဖူးဘူးရယ်...သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ ကိုထွန်းထွန်း၊ မော်၊ မော့်ဦးလေးတို့ တွေအကြောင်း ဖတ်ရတာ လေးစားစရာ..မြန်မာပြည်ရောက်ရင် သွားဖြစ်အောင် သွားဦးမယ်..သားသားမပြောနဲ့  ဖတ်ရတဲ့သူတောင် ပျော်သွားတယ်...ဓာတ်ပုံ၊ စာအရေးအသားက flawless & awesome post..အင်းလေးကို ကိုညီနဲ့ အတူ လိုက်လည်ဖို့  စောင့်မျှော်ပါကြောင်း

Thinzar Najma said...

ပုံတွေစုံစုံလင်လင်နဲ့ ဆင်စခန်း အတွေ့အကြုံမျှဝေပေးတာ ကျေးဇူးပါ။ ပင့်ကူသုံးကောင်ပုံအရမ်းမိုက်တယ်။ အင်းလေးယက်ကန်းစင်တွေနဲ့နီးလို့ ရက်ကန်းအတတ်တွေ ဓါတ်ကူးသွားတာလား ဆိုတာကို သဘောကျလို့မဆုံးဘူး :D Tourism က ရခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ဆင်စခန်းဖွင့်ထားတဲ့ ကိုညီလင်းသစ်သူငယ်ချင်းရဲ့ အိုင်ဒီယာကိုလည်း လေးစားမိတယ်။ :)

Anonymous said...

I love this post so much.
I like your Burmese usages and writing style too.
Keep it up. =)

Anonymous said...

အဲဒီကို သွားချင်ရင် ဘယ်လို ဆက်သွယ်ရမလဲဟင်

သက်ဝေ said...

သားတော်မောင် ဆင်သင်္ကြန် ကျတာကို သဘောတကျ ရယ်နေမိတယ်... ဟီးဟီး
အင်းလေးကို လိုက်လည်မယ်... မြန်မြန်သွား... :D :D :D

Anonymous said...

ဆင်တွေမမြင်ရတာကြာပြီ။
အလွန်သဘောကျမိပါတယ်။
သားသားနဲ့ အတူဆင်သင်္ကြန်နွှဲလိုက်ချင်တယ်။
အိုင်အိုရာ

မိုးငွေ့........ said...

ဒီပို့စ်မှာ အချစ်ဆုံးက ဆင်းကလေးဖိုးချစ်ရယ် ကလေးနှစ်ယောက်ရယ်ပဲ...:)

Anonymous said...

ဒီ တစ်ခါ ပို့စ်က စိတ်ကို တော်တော်တွန်းတိုက်လှုပ်ခတ်သွားတယ်..။
အကို ဟာ ခရီးသွားဆောင်းပါးရေးတာ တကယ်ကောင်းတဲ့ သူပါ....။
သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့ စိမ်းစိုအေးမြမှုကို ချစ်တဲ့ ညီမအတွက် ဆင်စခန်းကို သဘောတကျကြည့်နေမိတယ်..။
ပြည်တွင်းက လူတွေ ရောက်ဖို့တော့ သိပ်မလွယ်ဘူးထင်ပါ့..။ ဒါ က Foreigner တွေအတွက်ပဲ ရည်ရွယ်ထားတာလား မသိဘူး..။ တောင်တန်းတွေဝန်းရံထားတဲ့ ဒီ ဆင်စခန်းလေးကို မြင်ရတာ တော်တော်သဘောကျမိတယ်...။ ကလေးတွေ ပျော်နေတာ မြင်ရတာ စိတ်ချမ်းသာစရာ :))
အကို အင်းလေးကိုလည်း ရောက်ခဲ့သေးတယ်လား..။
နောက်ပို့စ်လည်း စိတ်ဝင်စားစရာကောင်းဦးမှာပဲ :))

ချစ်ခင်သော
ညီမလေး

စူးနွယ်လေး said...

mass tourism ရှောင်တာ ကြိုက်ပါတယ်။ တရက်ကို လူ၂၀ ပဲ လက်ခံတယ်ဆိုတော့ ဒီတိုင်း လမ်းကြုံ ဝင်သွားလို့မရဘူးလား။ ကြိုတင်ဘွတ်ကင် လုပ်ရမှာလား။ ဘယ်ကိုလုပ်ရမှာလဲ။ အမြန်ဖြေပေးပါ ကိုညီလင်းရေ.. သွားချင်လို့ :)

Anonymous said...

Wow wow wow ...လို. ပထမဆုံး အော်ပါရစေ။
ဖတ်နေကျ စာ၊ တွေ.ဖူးနေကျ မြင်ကွင်းတွေမဟုတ်တာနဲ.တင် စာတွေပြီးသွားမှာတောင် စိုးတယ်။
ပုံတွေအကုန်လုံးကလဲ တပုံချင်းကိုစိတ်ဝင်စားဖို.ကောင်းတယ်။ ၄ပုံမြောက်က စားပွဲရှည် ပြင်ဆင်ထားပုံနဲ.၊ စားပွဲရဲ.အရောင်ကိုအလွန်သဘောကျမိပါတယ်။
ပြီးတော. ဆင်တွေနဲ.နာမည်ထဲမှာ ရှုလေးခင်နဲ.သောင်းကန်ဌေးဆိုတဲ.နာမည်ကိုတော်တော်သဘောကျမိတယ်။ သောင်းကန်ဌေး ဆိုတဲ.နာမည်ကို ဘယ်လိုများ စဉ်းစားပြီးမှည်.လဲမသိဘူးနော်။
ကိုညီလင်းသားလေး ရေတွေနဲ. ဆင်ကိုပက်နေတဲ.ပုံကတော. တကယ်.ကိုပျော်စရာကြီး။ ကလေးတိုင်းကြိုက်မယ်. ကိစ မျိုးဘဲ။ ကျမ သမီးသာဆိုလဲ အဲ.လိုနေရာမျိုးများရောက်လို.ကတော. ရေထဲကကိုတက်တော.မယ်မထင်။
ချပါတီ ကိုလဲ စိုက်ကြည်.သွားပါတယ်နော်။ ပြီးတော. ချပါတီပုံအောက်က တံတားလေးကလဲ ရုပ်ရှင်တွေထဲကလိုဘဲ။
ဆင်လည်တွေအကြောင်းကလဲရီရတယ်နော်။သူတို.ခလောက်ထဲကို သစ်ရွက်တွေထိုးသွင်းထားတယ်တဲ.။သူတို.လဲ ခေသူမဟုတ်တွေဘဲ။
ကိုညီလင်းရဲ. သူငယ်ချင်းမောင်နှံကိုလဲ တကယ်. ဘရာဗိုဘဲ။ သေချာပြန်ပြီးအရသာခံပြန်ဖတ်ဦးမယ်။ ကျေးဇူးပါ ကိုညီလင်း

Amber said...

Every post you wrote is very attractive to me and wish not to end so soon. We have to know and respect the group of people who loves nature, maintains the forest well and create wonderful place in the jungle. I really wanna visit to Green Hill Valley if have a chance. Photos are amazing. Thar Thar is so cute.

Anonymous said...

သားသားက အတော်ကို ထွားလာပြီနော်။
ဆင်သင်္ကြန်မှာ သူသိပ်ကို ပျော်နေတာ ချစ်ဖို.ကောင်းလိုက်တာ။
ဖိုးချစ်ကလေးကလဲ မျက်နှာကိုက ပြုံးနေသလိုလေးပဲ။
ပင့်ကူကြီးတွေက အရောင်အသွေးစုံပြီး လှလိုက်တာ။ ဒါပေမဲ့ ဒီကောင်တွေက အတော်အဆိပ်ပြင်းမယ် ထင်တယ်။

Anonymous said...

သိပ်ကောင်းတဲ့ အက်ဆေးလေး
ခဏခဏ လာဖတ်လိုက် ဓါတ်ပုံတွေ ပြန်ကြည့်လိုက်ပါပဲ။
သွားချင်တဲ့စိတ်ကလဲ တဖွားဖွားပဲ။ ကလောကော ရေယားခြံမှာကော ငယ်ငယ်က အတော်ကြာအောင်နေဖူးခဲ့တော့စိတ်ကူးထဲက ပုံတွေ ပြန်ဖေါ်ရင်း ဖတ်ရတာ သိပ်အရသာရှိပဲဗျာ။
အန်အေ...

Shinlay said...

ပျော်စရာပဲ။ သွားချင်ပါတယ်။ တနေ့ နေ့ တော့

blackroze said...

မြန်မာပြန်ရင်တော့ သွားလည်ရမဲ့နေရာတခု
တိုးပြီအကိုေ၇
ပစ်ပစ်လည်း ဖိုးချစ်လေးကို
သဘောကျသွားပြီ

Anonymous said...

လှလိုက်တဲ့ပင့်ကူတွေ ကိုက်ခံရရင် Spider Man ဖြစ်သွားမလားဘဲ ဆင်ပေါက်အသေးလေး ဖိုးချစ်ကို တော်တော်သဘောကျသွားပြီ နောက်တစ်ခါရုံးပိတ်ရင် ကလောသွားမယ် :)
AA

Ma Tint said...

ရပ်ဝေးတိုင်းတစ်ပါးကနေ ကိုယ့်ပြည်ကိုယ့်ရွာ အလည်လာတဲ့ မောင်ညီလင်းတစ်ယောက် ဗဟုသုတတွေ အများကြီးကို စိတ်၏ချည်တိုင် အမှတ်စဉ်တွေနဲ့ ရိုက်ချက်လှလှလေးတွေတွဲဘက်ပြီး စာဖတ်သူတို့ကို အသိဥာဏ်တွေပွင့်လင်းစေတာ ချီးကျူးစရာပါ...
ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ မောင်ညီလင်းရဲ့ ဇနီးနဲ့သားတော်မောင်ကိုလည်း သတိတရ နှုတ်ဆက်ပါတယ်လို့ ...:)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

ကိုညီရေ...
ဖိုးကျားဆင်စခန်းထက်ကို အများကြီးသာတယ်...
ကိုထွန်းထွန်းတို့ ဇနီးမောင်နှံရဲ့ စိတ်ကူးက
ကောင်းလွန်းသလို၊ လေးစားချင်စရာ..။ သားသားကို သဘာဝလောကကြီးနဲ့ ထိတွေ့ခွင့်ပေးလိုက်တာပေါ့နော်။ သူသိပ်ပျော်နေတာ အထင်အရှားပဲ။ နောက်ဆို မြန်မာပြည် အလည်သွားမယ်ဆို ကလောပဲ သွားချင်နေတော့မှာ သေချာတယ်...။ အင်းလေးကို ရောက်ဖူးပေမယ့် ကိုညီ့ဆောင်းပါးနဲ့ နောက်တစ်ကြိမ် ထပ်သွားဖို့ အသင့်ဖြစ်နေပါပြီရှင်။ စကားမစပ်..မဒမ်ညီ့ကို သတိရကြောင်း မေးပါကြောင်း ပြောပေးပါနော်။

julynine said...

ဖတ်လို.အရမ်းကောင်းပါတယ်ကိုင်တိုင်သွားရသလိုပါဘဲဝါးကုလားထိုင်မှာကော်ဖီလေးတခွက်လောက်သောက်ချင်တာ ခင်တဲ့အိုချိ

Anonymous said...

Fabulous!
I kept smiling reading this.
Thar Thar is so lucky to have a great father like you, ko nyi.
How old is he?
Why don't he write a post about this trip.
I would love to read that.
PP

စံပယ်ချို said...

ချစ်စရာကောင်းတဲ့ဝါးအိမ်လေးတွေရယ်
လွမ်းစရာကောင်းတဲ့မြင်ကွင်းလေးတွေကြည့်ပြီးချာပါတီလေးပါသူံးဆောင်ခဲ့ပါတယ်ရှင်

Anonymous said...

Ko Nyi...What a lovely photo essay it is...

Please let me share on the Facebook.

Sint Si said...

I am catching up with all your posts. What a nice visit to Myanmar. Of course it is such a treat to read about Kalaw. It is my favorite town. I studied there for 3 years. I haven't been back since 95. I heard about the Green Hill Valley! Thank you for all the beautiful pictures and info. I have to add one more must visit place in MM. My sister and Ma Maw are closed friend. I hope she could arrange something for me in short notice. :-)

ညီလင်းသစ် said...

အန်တီဦး...
အခုလိုလာလည်တဲ့ အတွက်ရော၊ ကွန်မန့်အတွက်ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ...၊

ညီ...
ဟုတ်... ကျေးဇူးဗျ၊း)

ညီမစန်းထွန်း...
သူတို့ကတော့ တတ်နိုင်သလောက် ကြိုးစားပြီး လုပ်နေတာပါပဲဗျာ၊ အမြဲတမ်းလာလည်လို့လည်း ကျေးဇူးနော်...၊း)

မသဉ္ဇာ...
ဟုတ်တယ်ဗျ...၊ အဲဒီပင့်ကူတွေက အင်းလေးဖက်ကနေ ကူးလာတာ ဖြစ်ချင်ဖြစ်နေမှာ၊းD

Anonymous...
Thanks a lot for your appreciation. It encourages me to keep going. :)

Anonymous (2)...
ဒုတိယမြောက် ဓာတ်ပုံရဲ့အောက်မှာ ရေးထားတဲ့ Green Hill Valley ဆိုတဲ့ နာမည်ကို နှိပ်လိုက်ရင် သူတို့ရဲ့ ဝက်ဘ်ဆိုဒ် ပွင့်လာပါလိမ့်မယ်၊ အဲဒီမှာ ဆက်သွယ်ဖို့ အပြည့်အစုံ ပါ,ပါတယ်ခင်ဗျာ...၊

အစ်မသက်ဝေ...
လိုက်ခဲ့..လိုက်ခဲ့..၊ လောလောဆယ် လှေဆင်းတွန်းစရာ မလိုသေးဘူး..၊းD

မအိုင်အိုရာ...
ဟုတ်.. ကျနော်လည်း နေ့စဉ်ဘဝမှာ ဆင်တွေကို မမြင်ရပါဘူးဗျာ...၊း)

ညီမမိုး...
ဟမ်... ဒါပဲလား? ;)

ညီမသူသူ...
အဲဒီနေရာမှာ ဘယ်အရပ်မျက်နှာပဲ လှည့်လှည့် စိမ်းလန်းမှုကို တွေ့ရတာတော့ အမှန်ပဲဗျ၊း) Foreigner သီးသန့်ရယ်လို့တော့ မသတ်မှတ်ထား ပါဘူး၊ ဒါပေမယ့် ဈေးနှုန်းပေါ်မူတည်လို့ တချို့တွေအတွက် အခက်အခဲတော့ ရှိကောင်းရှိနိုင်မယ် ထင်တယ်..၊

မစူးနွယ်...
ဒီအတိုင်း လမ်းကြုံဝင်သွားလို့တော့ မရဘူးဗျ၊ သူတို့က ဘွတ်ကင်နဲ့ လက်ခံတာပါ၊ ဒုတိယ ဓာတ်ပုံအောက်က Green Hill Valley ဆိုတဲ့ နာမည်ကို နှိပ်လိုက်ရင် သူတို့ရဲ့ ဝက်ဘ်ဆိုဒ် ပေါ်လာပါ့မယ်၊ အဲဒီမှာ အပြည့်အစုံ ရှိပါတယ်နော်..၊

အမည်ဝှက်စာဖတ်သူ...
ဟုတ်ပဗျာ..၊ အဲဒီ ‘သောင်းကန်ဌေး’ ဆိုတာကို ဘယ်လိုများ စိတ်ကူးရပြီး မှည့်သလဲလို့ ကျနော်လည်း စဉ်းစားခဲ့ဖူးတယ်၊း) နှစ်သက်တာလေးတွေကို တစ်ချက်ချင်း ပြောသွားလို့ ကျေးဇူးပါနော်..၊

Amber...
Indeed, we need more and more awareness nowadays to love, value and conserve the natural resources. Thanks also for your encouragement! :)

အမည်ဝှက်စာဖတ်သူ (၂)...
မှိုမှာဆိုရင်တော့ ထူးထူးဆန်းဆန်း အရောင်တောက်နေတဲ့ မှိုတွေက အဆိပ်ရှိတာ များတယ်၊ ဆိုတော့ ဒီပင့်ကူတွေလည်း အနည်းနဲ့ အများတော့ အဆိပ်ပြင်းမယ်လို့ ကျနော်လည်း ထင်တယ်ဗျ..၊

ကို N/A...
ဟုတ်ကဲ့...၊ စာလာဖတ်နေသေးတာ သိရလို့ ကျေးဇူးပါဗျာ..၊ ရေယားမှာ ကျနော်လည်း နေခဲ့ဖူးတယ်ဗျ...၊း)

အစ်မရှင်လေး...
ဟုတ်...၊ တစ်နေ့တော့ ရောက်ဖြစ်အောင် သွားပါ အစ်မရေ...၊

ညီမပစ်ပစ်...
ကဲ.. ဖိုးချစ်ရဲ့ ပရိတ်သတ်တစ်ယောက် ထပ်တိုး ပြန်ပြီပေါ့...၊း)

AA...
သေချာတယ်၊ Spider man တောင်မှ ရိုးရိုးမဟုတ်ဘူး၊ Colorful spider man ကို ဖြစ်သွားမှာ...၊းD

တီတင့်...
ဟုတ်.. မျှဝေခွင့် ရတာကိုပဲ ကျနော်က ဝမ်းသာလှပါပြီ၊း) တီတင့်ပြောတဲ့အတိုင်း နှုတ်ဆက်လိုက်ပါတယ် ခင်ဗျာ၊

အစ်မမြသွေး...
ဟုတ်.. သဘာဝပတ်ဝန်းကျင်ကို ကလေးတွေ ချစ်မြတ်နိုးလာစေဖို့ ကျနော်တို့ တတ်နိုင်သလောက် ကြိုးစားသင့်တယ်လို့ တွေးမိပါတယ်၊ ဒါမှ ရေရှည်တည်တံ့မှု ဆိုတာကို ကျနော်တို့ လက်တွေ့ အကောင်အထည် ဖော်နိုင်မှာ မဟုတ်လား၊ အစ်မက နှုတ်ဆက်တဲ့အကြောင်း မအိမ်သူကိုလည်း ပြောလိုက်ပါပြီနော်..၊း)

Julynine...
ဟုတ်... ရှုခင်းကတော့ ကော်ဖီနဲ့ တွဲသောက်လို့ ကောင်းတဲ့ ရှုခင်းမျိုးပဲဗျ၊း) အလည်လာတာ ကျေးဇူးပါနော်...၊

PP...
He's 6 years old and can't write yet. :) I'm sure he'd have written up if he could have been. Though I think I'm not a great father, I try and remind myself to give him a happy childhood. Thank you so much for your kind comment! :)

မစံပယ်...
ဟုတ်ကဲ့...၊ အားပေးတာ ကျေးဇူးပါဗျာ..၊း)

Anonymous (3)...
Thank you! Yes...please do!

Ma Sint Si,
Ah..you are also the one who knows and lived in Kalaw. :) No wonder it is your favourite town. Oh, your sister is Maw's closed friend? There is a chance I might have even heard Maw mention about your sister. :) A good decision to go and visit GHV! :)

Anonymous said...

ကျေးဇူး ကိုညီလင်း :) အားလုံးမှတ်ထားလိုက်တယ်

စူးနွယ်လေး

မေဓာဝီ said...

ကိုညီလင်းရဲ့ ဒီပို့စ်ဖတ်ရတာ ကိုယ်တိုင် ဆင်စခန်းရောက်သွားသလိုပဲ … အရေးအသားနဲ့ ဓာတ်ပုံတွေက ဆွဲခေါ်သွားလိုက်တာ … ပြီးသွားမှ အသက်ရှူမိတယ်။
ကိုထွန်းထွန်းတို့ ဇနီးမောင်နှံရဲ့ အိုင်ဒီယာကို သိပ်သဘောကျတာပဲ … သူတို့ ဝက်ဘ်ဆိုက်လဲ ဝင်ကြည့်ပြီး မှတ်ထားလိုက်တယ်။ သွားချင်တဲ့သူတွေကို ညွှန်ရအောင်နဲ့ ကိုယ်လဲ အဆင်ပြေရင် သွားလို့ရအောင်လို့။
ကိုညီလင်းတယောက် ဆင်သွားရင်ဖြစ်တဲ့လမ်းမှာ ဆင်မယဉ်သာဟန်နဲ့ လျှောက်ပြီး ဆင့်ပါးစပ်နှမ်းပက်ခဲ့သေးသလားဟင်။ ဆင်လဲ ဆင့်အထွာ … ဆိတ်လဲ ဆိတ်အထွာမို့ ဆင်ကျီစားရာ ဆိတ်မခံသာ ဖြစ်တတ်သေးတာနော် … ဆင်စီးပြီး မြင်းရံဖို့အတွက် ဆင်ပြောင်ကြီး အမြီးကျမှ တစ်မနေဖို့လိုမယ် ထင်တာပါပဲ :D
ဆင်တွေ အများကြီးမြင်လို့ ပျော်သွားပြီး ဆင်နဲ့ပတ်သက်တဲ့ စကားပုံတွေ ခေါင်းထဲပေါ်လာသလောက် လျှောက်ရေးကြည့်တာ ကိုညီလင်းရေ … ။

နော်နော် said...

ဆင်စခန်း လိုက်လည်ရတာ စိတ်ကြည်နူးချမ်းမြေ့ရပါတယ်။ သစ်ပင်လေးတွေ စိုက်ခိုင်းတဲ့ ထွန်း နဲ့မော် တို့ စိတ်ကူးလေးကို အရမ်းသဘောကျတယ်။ ဖိုးချစ်လေး အဖေ အမေ နဲ့ ကွဲသွားပုံလေးဖတ်ပီး စိတ်မကောင်းဖြစ်တာ ဖိုးချစ်လေးကို ချစ်ဂရုဏာ ပိုတိုးစေတာပဲ။ ဆင်စခန်းမှာ ကိုညီတို့ မိသားစု အရမ်းကို relax ရသွားမှာပဲနော်။ အင်းလေးအလည်ခရီးလဲ ဆက်လိုက်ပါခွင့်ပြုအုံးနော။

မော် (Green Hill Valley) said...

Blog ရေးတဲ့သူငယ်ချင်းကိုရော၊ comment ပေးတဲ့အစ်ကိုတွေအစ်မတွေကိုရော ကျေးဇူးတင်ပါတယ်။ ကလောရောက်လို့အချိန်ပေးနိုင်မယ်ဆိုရင် လာလည်ဖို့ဖိတ်ပါတယ်။ မလာခင် ရက်အနည်းငယ်လောက် ဖုန်းကြိုဆက်ဖို့တော့မ မေ့နဲ့နော်။



Anonymous said...

ကိုညီလင်းသစ်ရဲ့စာတွေဖတ်၇တာဗဟုသုတ၇ပါတယ်။ဓါတ်ပုံတွေလဲအ၇မ်းကောင်းပါတယ်။စာအေ၇းအသားလဲအင်မတန်ကောင်းပါတယ်။ကျေးဇူးတင်ပါတယ်။ကျန်းမာပျော်၇ွှင်ကြပါစေ။