25 November 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၄)


ရန်ကုန်ကနေ ကလောကို ဘာနဲ့သွားကြမလဲလို့ အဖက်ဖက်ကနေ တွက်ချက်ချိန်ဆကြည့်ပါတယ်၊ ပထမတော့ လေယာဉ်နဲ့သွားဖို့ ကြံစည်ထားပြီးသား…၊ ဒါပေမယ့် နောက်ပိုင်းမှာ ရန်ကုန်က သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးတော့ ကားနဲ့ပဲသွားကြည့်ဖို့ စိတ်ပြောင်းသွား ခဲ့တယ်၊ လေယာဉ်လက်မှတ်တွေက ပုံမှန်ထက်ဈေးပိုကြီးနေတာ တကြောင်း၊ လေယာဉ်ခရီးစဉ်ဆိုရင် ပျံသန်းချိန်ကတိုပေမယ့် ကွင်းကို အနည်းဆုံး ၁ နာရီကြိုဆင်းရမှာ၊ တခါ ဟိုဖက်ရောက်တော့လည်း ဟဲဟိုးကနေ ကလောကို ကားပြန်စီးရမယ့် ခရီးကလည်း ရှိသေးတာ တကြောင်း၊ တဖက်ကလည်း ခရီးဝေးသွားတဲ့ ဘတ်စ်ကားကြီးတွေက အဖက်ဖက်မှာ အရည်အသွေးမြင့်လာတယ်ဆိုတာကို စမ်းကြည့်ချင်တာက တကြောင်း ဆိုပါတော့…၊


သူငယ်ချင်းက ကားလက်မှတ်ကို “ရွှေနန်းတော်” နဲ့ ဝယ်ထားတယ်လို့ ပြောတော့ ကျနော်ဝမ်းသာသွားတယ်၊ အန်တီတင့်ရဲ့ ရွှေနန်းတော်ကား ရီဗျူးကို ကျနော်ကဖတ်ထားဖူးတာကိုး၊ ဒါဟာ အကောင်းဆုံးကားပဲလို့လည်း ထင်နေခဲ့တယ်၊ နောက်တော့မှ ဘယ်ဟုတ်မလဲ၊ လုမ္ဗနီတို့၊ JJ Express တို့လို ကုမ္ပဏီတွေက ကားတွေကလည်း တကယ့်ကို အပျံစားပဲဆိုတာ သွားတွေ့တယ်၊ သူငယ်ချင်းကတော့ ရွှေနန်းတော်ကိုပဲ ကြိုက်တယ်-တဲ့၊ အကြောင်းက ရွှေနန်းတော်က ကားတွေက အမြန်မောင်းတယ်ဆိုတာ မရှိဘဲ ခရီးသည်တွေ ဘေးကင်းဖို့ကို ရည်ရွယ်ပြီး ပုံမှန်ပဲ မောင်းကြလို့,လို့ ပြောတယ်၊ အဲဒီလိုကြားရတော့ ကျနော်တို့လည်း နည်းနည်းစိတ်အေးသွားတယ်၊ ညအချိန်စီးရမယ့် နေပြည်တော် ဟိုင်းဝေးလမ်းမကြီးအကြောင်း သတင်းတွေက မလာခင်မှာ တချိန်လုံး ဖတ်နေ၊ ကြားနေခဲ့ရ တာကိုး…၊ ကားက တကယ်ပဲ ကောင်းပါတယ်၊ ၄၅ ယောက်စီးကားမှာ ထိုင်ခုံ ၃၇ လုံးပဲ တပ်ထားတယ်၊ တစ်တန်းကို ၃ ခုံနဲ့ ခြေထောက်ချဖို့ နေရာအကျယ်ကြီး ရှိတယ်၊ ခုံတွေက အနောက်ကို လှဲချလို့ရတဲ့ အမျိုးအစားတွေ…၊ ထိုင်ခုံအစွပ်တွေ၊ စောင်တွေ သန့်ပြန့်တယ်၊ အပေါ့သွားဖို့ သီးသန့်ဆိုတဲ့ အိမ်သာပါပေမယ့် သွားမကြည့်ခဲ့လို့ ဘယ်လိုအနေအထားလဲ မသိခဲ့ရဘူး၊ ည ၇ နာရီထွက်မယ်ဆိုတဲ့အတိုင်း အတိအကျ ထွက်တယ်၊ ကားပေါ်မှာ ယာဉ်မောင်း ၂ ယောက်နဲ့အတူ ခရီးသည်တွေကို ဝန်ဆောင်မှုပေးဖို့ အမျိုးသမီးတစ်ယောက်နဲ့ လူငယ်တစ်ယောက် ပါတယ်၊ ကားထွက်ချိန်မှာ အင်္ကျီအဝါ၊ လုံချည်အစိမ်း ယူနီဖောင်းဝတ်ထားတဲ့ bus attendant အမျိုးသမီးက ယာဉ်မောင်းတွေဟာ အနည်းဆုံးလုပ်သက် ၁၀ နှစ်နဲ့ အထက်မှာ ရှိကြသူတွေ ဖြစ်ကြောင်း၊ အရက်သေစာ လုံးဝသောက်စားထားခြင်း မရှိသလို ယာဉ်ကိုလည်း ကျွမ်းကျင်စွာနဲ့ ပုံမှန်ပဲ မောင်းသွားကြမှာ ဖြစ်တဲ့အကြောင်း မိတ်ဆက်ပေးတယ်၊ ခဏကြာတော့ မုန့် ၂ ခုပါတဲ့ စက္ကူဗူးတစ်ခုနဲ့ ကော်ဖီဗူးတစ်ခုစီ လိုက်ဝေတယ်၊ ကား စ,ထွက်တော့ တရားခွေတစ်ခွေ ဖွင့်တယ်၊ အဲဒါပြီးတော့ မြန်မာဗီဒီယိုကား တစ်ကားပြတယ်၊ ပြီးတာနဲ့ ဘာမှမပြတော့ဘဲ အားလုံးမီးတွေ ပိတ်လိုက်တော့တယ်၊ ဟိုးအရင်က ဘတ်စ်ကားတွေလို တစ်ညလုံး ဗီဒီယိုကားတွေ တစ်ကားပြီးတစ်ကားပြလို့ ကြည့်တဲ့သူက နှစ်ယောက်သုံးယောက်လောက်နဲ့ ကျန်တဲ့လူတွေ အိပ်ရေးပျက်ရတာမျိုး မရှိတော့ဘူး၊ လမ်းမှာလည်း ၁၀၅ မိုင်မှာ ညစာစားချိန် နာရီဝက် ရပ်ပေးတာကလွဲရင် တခြားဘယ်မှာမှ မရပ်ဘူး၊ ကားမောင်းတာ၊ ဝန်ဆောင်မှုပေးတာ စတာတွေက ပရော်ဖက်ရှင်နယ် ဆန်လို့ ကျနော်ကတော့ ကြိုက်ပါတယ်…၊


ကျနော်တို့တည်းတဲ့ ဟိုတယ်လေးက ကလော နှီးဘုရားဖက်သွားတဲ့ အခြမ်းမှာ ရှိပါတယ်၊ ဖွင့်တာမကြာသေးတဲ့ အပြင် ဆောက်လက်စ အဆောင်တစ်လုံးတောင် မပြီးသေးတာ တွေ့ရတယ်၊ နာမည်က Honey Moon Villa ဆိုတာဖတ်ပြီး ကျနော်တို့ ပြုံးမိကြတယ်၊ လွန်ခဲ့တဲ့ ၁၂ နှစ်က ဒီဟိုတယ် ဘယ်များရောက်နေပါလိမ့်၊း) ဘတ်စ်ကားက ကလောကို မနက် ၅ နာရီခွဲမှာ ဝင်ပါတယ်၊


ဟိုတယ်လေးက လောလောဆယ် အခန်း ၈ ခန်းနဲ့ တပိုင်တနိုင် လည်ပတ်နေတဲ့ ပုံပါပဲ၊ ဝန်ထမ်းဆိုလို့ ကလောလေသံ ခပ်ဝဲဝဲနဲ့ အမျိုးသမီးကြီး ၂ ယောက်ပဲ တွေ့မိတယ်၊ သစ်ပင်ပန်းပင် စိမ်းစိမ်းစိုစိုနဲ့ အေးချမ်းတိတ်ဆိတ်လို့ သူ့နာမည်အတိုင်း ပျားရည်ဆမ်းခရီး ထွက်တဲ့ ကြင်စဦး ဇနီးမောင်နှံတွေ အကြိုက်တွေ့မယ့် ဟိုတယ်မျိုးပေါ့…၊း)


ရောက်တဲ့မနက်ခင်းမှာပဲ ကျနော်တို့ မြို့ထဲခဏ လျှောက်ဖြစ်ကြတယ်၊ ဈေးနားမှာ ကမ္ဘောဇဘဏ်နဲ့အတူ ငွေထုတ်စက်ပါ တွေ့ရလို့ ကျနော် အံ့သြသွားမိတယ်၊ သူငယ်ချင်းကတော့ တစ်ခါတုန်းက ငွေထုတ်နေတုန်း စက်ပျက်ပြီး သူ့ကဒ်က ပြန်ထွက်မလာတာ ကြုံဖူးတယ်လို့ ဆိုတယ်၊ အဲဒါနဲ့ ဘဏ်နဲ့သိပ်မဝေးတဲ့ အိမ်မှာနေတဲ့ မန်နေဂျာကို သွားခေါ်ပြီး ပြန်ထုတ်ခိုင်းရတယ်-တဲ့၊ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အဆင်ပြေနေမှာ သေချာပါတယ်၊ ဘာပဲဖြစ်ဖြစ် အခုလို ဝန်ဆောင်မှုတွေ ကလောလို မြို့သေးသေးလေးမှာတောင် ရှိနေတာ ကြိုဆိုစရာပဲလို့ ကျနော်မြင်ပါတယ်…၊


ကလောဈေးထဲကို ရောက်တော့ မနက် ၁၁ နာရီ ကျော်နေပြီဖြစ်လို့ ဈေးက သိပ်မစည်တော့ဘူး၊ ကလောမှာက တခြားရှမ်းပြည်မြို့တွေလိုပဲ ၅ ရက်တစ်ဈေး ရှိသလို ကျန်ရက်တွေမှာလည်းဖွင့်တဲ့ ဈေးကြီးလည်း ရှိပါတယ်၊ ဈေးထဲကိုတော့ ကျနော်တစ်ယောက်ပဲ ဝင်ဖြစ်တယ်၊ အဖျားတက်နေတဲ့ သားက သူ့အမေနဲ့အတူ ဟိုတယ်ကို ပြန်သွားတယ်၊ တကယ်တော့ ကျနော်ရော၊ သားပါ ဖျားနေခဲ့ကြတာ…၊ တော်ရုံဆို ဘယ်တော့မှ မဖျားတဲ့ကျနော်က အခု အောက်တိုဘာရဲ့ တရိပ်ရိပ်တက်နေတဲ့ အပူရှိန်ရယ်၊ အဲကွန်းရယ်၊ ပန်ကာရယ် စုပေါင်းထိုးနှက်လိုက်တာ ဖျားသွားတော့တယ်၊ ပြီးတော့ ကျနော့်ဆီကတဆင့် သားကိုပါ ကူးပါလေရော၊ ဒီကြားထဲ စောင်ထူထူတွေ ပေးပေမယ့် အအေးဓာတ်ကျတော့ မလျှော့တဲ့ ရွှေနန်းတော် ဘတ်စ်ကားရဲ့ အဲကွန်းအောက်မှာ သူ့ခမျာ ပိုပြီး အဖျားတက်ခဲ့ရ သေးတယ်၊


အစားအသောက်တန်းသွားပြီး ရှမ်းခေါက်ဆွဲ သွားစားဖြစ် ပါတယ်၊ ဆိုင်နာမည်က “မီးမီး” တဲ့…၊ သူငယ်ချင်းက ညွှန်လို့ အဲဒီကိုပဲ တန်းပြီးသွားလိုက်တယ်၊ အစားအသောက် ပြင်ဆင်တာ သန့်ပါတယ်၊ အစားအသောက်တွေကို လက်နဲ့မကိုင်ဘဲ တူနဲ့ဖြစ်ဖြစ်၊ ဇွန်းနဲ့ဖြစ်ဖြစ် ခပ်တယ်၊ ရေနွေးခွက်တွေ၊ ဟင်းချိုပန်းကန်လုံးတွေကိုလည်း သေသေချာချာ တိုက်ချွတ်ဆေးကြောထားတာ တွေ့ရတယ်၊ ဆိုင်ရှင် မမီးမီးကိုယ်တိုင်ကလည်း သနပ်ခါးအဖွေးသားနဲ့ အေးအေးလူလူ ရှိတဲ့အပြင် အပြောအဆိုလည်း ယဉ်ကျေးပါတယ်…၊


ကျနော်တို့တည်းတဲ့ နေရာက မြို့ပြင်ဖက် နည်းနည်းကျလို့ ကားတွေ တဝီဝီဖြတ်နေတာမျိုးတော့ မရှိပါဘူး၊ ဆိုင်ကယ်တွေလောက် ဖြတ်တာမျိုးပဲ တွေ့ရတယ်၊ ကလောမြို့ရဲ့ ထုံးစံ ထင်းရူးပင်တန်းတွေကို နေရာတကာမှာ တွေ့နေရတုန်းပဲ၊ မြို့ပြင် တောင်ပေါ်ဖက်တွေ မှာတော့ သစ်ပင်တွေခုတ်တာ၊ သစ်တောတွေ ပါးသွားတာမျိုး ရှိမလားပဲ၊ ရာသီဥတုက မိုးအုံ့နေပေမယ့် ပန်းရိုင်းဝါဝါလေးတွေ ပေါက်နေတဲ့ လမ်းကလေးတွေနဲ့ ကလောမြို့လေးက ချစ်စရာကောင်းနေဆဲ ပါပဲ…၊


ကလောမြို့လေးကို ရုပ်ရှင်တွေ၊ စာအုပ်တွေထဲမှာပဲ မြင်ဖူး၊ ဖတ်ဖူးပြီး တကယ်တမ်း သွားလည်ဖို့ကျတော့ တည်းခိုစရိတ်မရှိ၊ လမ်းစရိတ်မရှိဘဲ ဖြစ်နေခဲ့တဲ့ ကျနော်ဟာ ထွန်းထွန်းဆိုတဲ့ ကလောမြို့သား တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းဖြစ်ခွင့် ရခဲ့တယ်၊ ရန်ကုန်ကို မကြာခဏလာဖို့ ရှိပေမယ့် အသိအကျွမ်းမရှိတဲ့ ထွန်းထွန်းက ရန်ကုန်သားကျနော်နဲ့ သိကျွမ်းရတာ ဝမ်းသာနေသလို ကျနော်ကလည်း လမ်းစရိတ်လေးနည်းနည်း ရှိရုံနဲ့ အေးချမ်းပြီး နေလို့ကောင်းတဲ့ ကလောမြို့ကလေးကို အချိန်မရွေး ဝင်ထွက်သွားလာနိုင်ဖို့ အခွင့်အလမ်းတစ်ရပ် ဆုပ်ကိုင်မိတဲ့အတွက် ကျေနပ်နေခဲ့ကြတယ်…၊


အဲဒီလိုနဲ့ အင်္ဂလိပ်အစိုးရ အင်စပက်တော်မင်းများ နွေရာသီအပန်းဖြေတော်မူရာ ဆိုတဲ့ ကလောမြို့လေးကို အကြိမ်များစွာ ရောက်လိုက်၊ ရောက်ရင်လည်း တစ်လကိုးသီတင်းနေလိုက်နဲ့ အပူအပင်ကင်းကင်း ဖြတ်သန်းနေခဲ့တဲ့ ကာလတစ်ခု ကျနော့်မှာ ပိုင်ဆိုင်ခဲ့ဖူး ပါတယ်၊ Trekking ဝါသနာပါတဲ့ ကျနော်တို့သူငယ်ချင်းတွေဟာ ကလောအနီးတဝိုက်က တောင်တွေကိုတက်လိုက်၊ ဂူတွေထဲကိုဝင်လိုက် လုပ်နေတဲ့အပြင် ၃ နာရီ၊ ၆ နာရီလောက် လျှောက်ရတဲ့ ပလောင်ရွာတွေဆီလည်း သွားလည်ကြလေ့ ရှိတယ်၊ ထွန်းထွန်းရဲ့ မိဘတွေက အဆင်ပြေသူတွေ မဟုတ်ပေမယ့် သူ့သားရဲ့ သူငယ်ချင်းတွေကို တစ်ချက်ကလေးမှ ငြိုငြင်ဟန် မပြခဲ့ကြဘူး၊ ဒီကြားထဲ ရန်ကုန်က ကျနော့်သူငယ်ချင်းတွေကပါ ထွန်းထွန်းနဲ့ သူငယ်ချင်းဖြစ်ပြီး ကလောကို တပြုံတမကြီး လိုက်,လိုက်လာကြလို့ တခါတခါ သူ့မိဘတွေခမျာ အတော်လေး အသက်ရှူကျပ်ခဲ့ပေရော့မယ်လို့ ကျနော် အခုမှ ပြန်တွေးနေမိတယ်၊ အဲဒီတုန်းကတော့ အလိုက်ကန်းဆိုးမသိတာမျိုးတော့ မဟုတ်ပေမယ့် ကလောမြို့လေးကနေ မခွာရရင်ပြီးရော ဆိုတဲ့စိတ်နဲ့ ထွန်းထွန်းတို့အိမ်မှာ မရှိ,ရှိတာစား၊ ပေကပ်ပြီး နေဖြစ်ခဲ့တယ်…၊


ဟောဒီကလောမြို့လေးကို ကျနော်မရောက်ဖြစ်ခဲ့တာ ၁၅ နှစ်လောက်ကြာပြီး အခုမှ ပြန်ရောက်ဖြစ်တယ်၊ အိမ်တွေများလာတာ၊ ဟိုတယ်တွေ တိုးလာတာကလွဲရင် မြို့ကွက် အပြင်အဆင်က သိပ်အပြောင်းလဲကြီး မဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော် သတိထားမိတာ ၂ ခုတော့ရှိတယ်၊ အဲဒါက မြို့ကလေးမှာ ဆိုင်ကယ်တွေ အရမ်းများလာတာရယ်၊ မြို့ရဲ့ အပူချိန်က ရန်ကုန်လိုပဲ ပူလာတာရယ် ပါပဲ၊ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက စက်ဘီးလေးတချို့နဲ့ မြင်းလှည်းတွေရယ်က လွဲရင် မြို့ကလေးမှာက လမ်းလျှောက်သူတွေချည်း ပါပဲ၊ အပူချိန်ဆိုတာကလည်း မတ်လလို အချိန်မျိုးမှာတောင် နေလို့ကောင်းရုံ အေးအေးလေး…၊ အခုတော့ အောက်တိုဘာရဲ့ မနက်ခင်းတွေထဲ ကျနော့်မှာ ချွေးတပြိုက်ပြိုက်နဲ့ ဖြစ်နေရတဲ့အပြင် ဟွန်းသံတတီတီ၊ ဘီးသံတဝီဝီနဲ့ ဆိုင်ကယ်တွေကိုလည်း ကြိုးစားပြီး ရှောင်နေရတယ်…၊


ဘယ်လိုပဲဖြစ်ဖြစ် ဗြိတိသျှအစိုးရ အုပ်ချုပ်သူတွေ ဖောက်သွားခဲ့တဲ့ မြွေလိမ်မြွေကောက်လမ်းတွေ ခြံရံပြီး၊ တောအထပ်ထပ် တောင်အသွယ်သွယ်နဲ့ ကလောမြို့လေးက နှစ်တွေကြာခဲ့ပြီးမှ ပြန်ရောက်လာသူ တစ်ယောက်အတွက်တော့ ချစ်စရာကောင်းနေတုန်း ပါပဲ၊ ဒီမြို့လေးမှာ စိမ်းလန်းအေးချမ်းတဲ့ သဘာဝတောတောင်တွေ ရှိတယ်၊ ကျနော်ချစ်ခင်ရတဲ့ သူငယ်ချင်းတွေရှိတယ်၊ နွားမွေး၊ ခြံစိုက်တဲ့ ရိုးရိုးသားသား ဂေါ်ရခါးလူမျိုးတွေ ရှိတယ်၊ အရသာရှိတဲ့ ရှမ်းစာတွေနဲ့အတူ ဒေသစာ “ဟင်းထုပ်” လည်း ရှိတယ်၊ ဗမာရယ် တိုင်းရင်းသားရယ်လို့ ခွဲခြားမြင်တတ်တဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်တွေ မရှိဘဲ ရိုးသားဖော်ရွေတဲ့ မြို့သူမြို့သားတွေလည်း ရှိကြတယ်၊ အဲဒါကြောင့်ပဲ ဟောဒီ ကလောမြို့လေးမှာ တစ်ပတ်ကြာနေဖို့ ကျနော်တို့ ရောက်လာခဲ့ရ ပြန်တာပေါ့…။ ။

(ဆောင်ထားရင် ကံကောင်းတယ်ဆိုပြီး သူ့အမြီးကို လူတွေ လက်စွပ် လုပ်,လုပ်ဝတ်တာ တချိန်တုန်းက ခံခဲ့ရဖူးတဲ့ အကြီးဆုံး ကုန်းသတ္တဝါတွေဆီ အပိုင်း ၅ မှာ ကျနော်တို့ သွားကြရအောင်လေ…)


ညီလင်းသစ်
၂၅ နိုဝင်ဘာ၊ ၂၀၁၃

22 comments:

စံပယ်ချို said...

ငယ်ငယ်က မကြာခဏရေက်ဖူးခဲ့တဲ့ ကလောမြို့လေးကိုအလွမ်းပြေလာရောက်ကြည့်နေတာပါ..
ရှမ်းခေါက်ဆွဲ ဆိုင်လေးကိုပြေးသွားလိုက်ချင်မိတယ်

Anonymous said...

ထွန်းထွန်းတို့အိမ် ၀င်လည်ဖြစ်သေးလား။
ရှိရောရှိသေးလားမသိဘူးနော်

Anonymous said...

ပျော်စရာပါဗျို့

ဆောင်ထားရင်လေး ရေစိမ်သောက် ရှူရှူပေါက် လွင့်ပစ်ရင် အဝေးရောက်တဲ့ လက်စွပ်လေးအကြောင်း မာရဇ္ဇလို သီချင်းဆိုခဲ့သေးလား

ညီ

Adora etc. said...

Adoraတော့ ကလောကို တခါမှ ညအိပ်ညနေမနေဖူးဘူး။ တောင်ကြီး၊ အင်းလေးဘက်သွားရင်း ခဏတဖြုတ်ပဲလမ်းဆင်းလျှောက်ဖူးတာ။ ဒါပေမဲ့ ဧပြီလိုလမျိုးမှာတောင် စိမ့်စိမ့်လေးအေးနေတဲ့ ကလောကိုတော့ မှတ်မိနေသေးတယ် အကိုရေ

Anonymous said...

ကလောမြို့ ကိုအရမ်းချစ်တာ။
မြို့ အ၀င်လေးကိုလည်းသိပ်သဘောကျတာ။
ထင်းရူးနံ့ သင်းနေလို့ လေကလည်းအမြဲလတ်ဆတ်နေသလိုဘဲ။
ကျေးဇူးပါပုံလေးတွေကြည့်ရလို့ ။
အိုင်အိုရာ

မိုးငွေ့........ said...

မနှစ်တုန်းက ရောက်ခဲ့ပေမယ့် ဈေးထဲမရောက်ဖြစ်ခဲ့ဘူး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ၀ါးတန်းထိုင်ခုံလေးနဲ့ တိုဖူးနွေးဆိုင်လေးကိုပြန်သတိရသွားတယ်...။

စူးနွယ်လေး said...

ဆိုင်ကယ်တွေများလာတာတော့ ပုဂံရောပဲနော်.. နေရာတကာပါပဲ..
ကလောက လမ်းမကြီး ပိုကျယ်လာတယ်လို့ မထင်ဘူးလား

Anonymous said...

ကိုညီလင်းရဲ.သားလေး ဖျားပြီးခရီးသွားရတော. သူတော်တော်ပင်ပန်းမှာဘဲ။ သနားပါတယ်။ကားပေါ်မှာလဲအေးတယ်ဆိုတော.လေ။
ရှမ်းခေါက်ဆွဲအနီးကပ်ပုံမပါဘူးပေါ.နော် ပေါ.နော်

Anonymous said...

ကလောမြို.လေးက အတော်ကို အေးချမ်းတာပဲနော်။
ဆင်မြီးလက်စွပ်လေးတွေ ငယ်ငယ်တုန်းက ၀ယ်ဝတ်တာကိုတောင် ပြန်သတိရသွားမိတယ်။

Shinlay said...

ကိုယ်တိုင်မသွားနိုင်သေးပေမဲ့ ကိုညီရေးတာဖတ်ပြီး
စိတ်ကူးယဉ်လိုက်အုံးမယ်။ ကျေးဇူးပါ။

San Htun said...

ကလောကတော့ အရင်လို အေးချမ်းလှပတုန်းပဲ...မြန်မာပြည်ပြန်ရင်တော့ သွားလည်ဦးမယ်...ဆင်တွေကို ဘယ်မှာသွားကြည့်မှာပါလိမ့်..မျှော်နေပါတယ်ခင်ညား...

ညီလင်းသစ် said...

မစံပယ်…
မစံပယ်က ကလောကို ငယ်ငယ်လေးကတည်းက ရောက်ဖူးနေတာကိုး…၊း)

အမည်ဝှက်စာဖတ်သူ…
ရှိတာပေါ့…၊ ဓာတ်ပုံတွေတောင် ရိုက်ခဲ့သေးတယ်…၊း)

ညီ…
သီချင်းတော့ မဆိုတော့ဘူးဗျ၊ ကလောမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေက နေရာတကာမှာ ဆိုတော့ အုတ်ပုံတွေကို တွေ့,တွေ့နေရလို့…၊းD

ညီမ Adora…
ဟုတ်တယ်ဗျာ၊ အရင်တုန်းက အဲဒီလိုမျိုး အတော်လေး နေလို့ ကောင်းခဲ့တာ…၊

မအိုင်အိုရာ…
အဲဒီ မြို့အဝင်မှာပေါ့ဗျာ..၊ ကျနော့်ရဲ့ ခြေရာတွေ ထင်ကျန်နေခဲ့ဖူးတာ…၊း))

ညီမမိုး…
ဝါးတန်းထိုင်ခုံနဲ့ တိုဟူးနွေးဆိုင်လေး..?? ကြည့်စမ်း.. ဒီဆိုင်ကို ကျနော် မသိသေးပါလား၊ နောက်တစ်ခါ လိုက်ရှာကြည့်ဦးမှ၊း)

မစူးနွယ်…
ဆိုင်ကယ်တွေက ပုဂံမှာဆို ပိုတောင် ဆိုးသေးတယ်နော်၊ ဟုတ်တယ်ဗျ၊ ကလောမြို့ဖြတ် လမ်းမကြီးက အခုဆိုရင် တော်တော့်ကို ကျယ်သွားပြီ…၊

အမည်ဝှက်စာဖတ်သူ (၂)…
ကလေးက ပင်ပန်းပေမယ့် ဘယ်တတ်နိုင်မလဲ၊ ခရီးသွားတယ် ဆိုတာ ဒီလိုမျိုးလည်း ဖြစ်နိုင်တယ်လို့ သူ့အတွက် အတွေ့အကြုံ တစ်ခု ပိုရတာပေါ့၊း) အဲ… ရှမ်းခေါက်ဆွဲကတော့ ပန်းကန်ထဲ ဘာမှ မကျန်တော့မှ ဓာတ်ပုံရိုက်ဖို့ သတိရလို့ဗျ…၊းD

အမည်ဝှက်စာဖတ်သူ (၃)…
အဲဒီလို ခေတ်စားတုန်းက ပလပ်စတစ်ကြိုး အမည်းတွေကို ဆင်မြီးလက်စွပ်ဆိုပြီး ညာရောင်းတာလည်း ရှိခဲ့သေးတယ်နော်၊း)

အစ်မရှင်လေး…
ကလော မရောက်ပေမယ့် အမေ့နားမှာ အချိန်ပြည့်နေရတာ အစ်မအတွက် တကယ့်ကို အမြတ်ပါပဲလေ..၊

ညီမစန်းထွန်း…
ဆင်တွေ ဘယ်မှာသွားကြည့်မယ် ဆိုတာ လုံးဝ မပြောဘူး၊ သတ်ချင် သတ်ပလိုက်…။းDးD

ရွှေအိမ်စည် said...

ကလောမြို့လေးက သာယာလိုက်တာ အစ်ကိုရာ...။
ဒီပို့စ်ကို ဖတ်ချင်နေတာ ကြာပြီ..။
ရှမ်းပြည်ကို သမီး သိပ်ကြိုက်တယ် သိလား..။ တောင်တန်းကြီးတွေကို သိပ်ချစ်တာပဲ....။
ပြောင်းလဲလာတဲ့ ခေတ်ရဲ့ သရုပ်မှာ သဘာ၀၀န်းကျင်ကိုတောင် အခိုးအငွေ့နဲ့ ပူလောင်နေခဲ့ပြီ ထင်ပါရဲ့ဗျာ..။ ကလောမြို့လေး သိပ်မအေးတော့ဘူး သိရတာ တကယ် စိတ်မကောင်းဘူး..။
သမီး တို့ analysis လုပ်ခဲ့ရတဲ့ လာဒါတ်ဒေသလိုဖြစ်နေပြီလားရယ် မသိ (အဲ့ဒီံအကြောင်းကို ရေးဖြစ်ဦးမယ်)
ဆင်စခန်းကို ဆက်မျှော်နေမယ် အစ်ကို....။

ဟန်ကြည် said...

မြန်မာပြည်မှာနေပြီး ရှမ်းပြည်ကို တစ်ခေါက်မှ မရောက်ဖူးသေးတဲ့ ကိုယ့်ကိုယ်ကို အတော်စိတ်ပျက်သွားမိတယ် ကိုညီလင်းသစ်ရေ...

သည်တစ်နွေတော့ ရှမ်းပြည်ဘက်ကို ခရီးထွက်ဖို့ စီမံကိန်းချထားတာမို့ ကိုညီလင်းသစ်ရဲ့ ခရီးသွားမှတ်တမ်းကို ကျကျနန ဖတ်ပြီး မှတ်ထားလိုက်ပါတယ်...အရင်ပို့စ်နှစ်ခုလောက် လွတ်သွားတာလည်း ပြန်ဖတ်လိုက်ပါဦးမယ်...

Double T said...
This comment has been removed by the author.
maydecer said...
This comment has been removed by the author.
rose of sharon said...

ဝန်ဆောင်မှုတွေတိုးတက်လာတာဝမ်းသာစရာကောင်းလိုက်တာနော်... ဟိုးအရင်ကများဆို အဲလိုကားတွေနဲ့ခရီးသွားရမှာသိပ်ကြောက်တာ... ဒီလိုဝန်ဆောင်မှုမျိုးနဲ့ဆိုတော့ ကားနဲ့ခရီးသွားချင်စိတ်တွေပေါက်လာတယ်.... ပုံထဲကပန်းလေးတွေလှလိုက်တာ...

နော်နော် said...

ဒီနေ့မှ စိတ်ချည်တိုင် ၄ ကလောကို လာလည်ဖြစ်တယ်။ အမတို့သွားတုံးက ဆောင်းတွင်းမို့လားမသိ အေးစိမ့်နေတာ။ တည်းတဲ့အိမ့်ရဲ့ ခြံဝင်းထဲမှာ တပင်လုံး ပြွတ်နေအောင်သီးတဲ့ ထောပတ်သီးပင်ကိုလဲ တအံ့တသြနဲ့ပေါ့။ ကိုယ်က ကရင်ပြည်နယ်ကဆိုတော့ ထောပတ်သီးပင်တောင် မမြင်ဖူးဘူးလေ။ကလောက ဟင်းထုပ် တအားကြိုက်။ကလောဟိုတယ်ကလဲ သာယာ။အလွန်ချစ်စရာကောင်းတဲ့မြို့။ဆင်ကြီးတွေဆီ လိုက်အုံးမယ်နော။

Ma Tint said...

ဒီကနေ့မှ စိတ်ချည်တိုင် ၄ ဖတ်ခွင့်ရတော့တယ် မောင်ညီလင်းရေ...
ရိုက်ချက်တွေကောင်းတဲ့အကြောင်း ဗဟုသုတတွေရတဲ့ အကြောင်း အထူးတလည်မပြောတော့ပါဘူး :)
ရှမ်းပြည်ရောက်ဘူးသမျှနေရာတွေထဲမှာ ကလောကိုသဘောအကျဆုံးပဲ ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thinzar Najma said...

ကိုညီလင်းသစ်ရေးတဲ့ ပို့စ်တိုင်း အစကနေ အဆုံးထိ ဆွဲဆောင်မှုရှိတယ်။ နောက်ဆုံး ဓါတ်ပုံတွေမှာ watermark ထည့်တာကအစ သဘောကျမိတယ်ါ်။

blackroze said...

ငယ်တုန်းကတော့ တနေ့အသက်ကြီးလာရင်
အေးချမ်းတဲ့တောင်ပေါ်မြို့လေးတမြို့မှာ
အခြေ ချနေချင်တဲ့ စိတ် ရှိဖူးတယ်..
ကလောမြို့လေး ကြည့်ရတာ အေးချမ်းလိုက်တာ
အကိုရာ..
ကလေးမြို့လေး ပုံတွေကြည့်ပြီး
တအားပြန်ချင်လာပြီ အကိုရာ

မြသွေးနီ said...

ကလောအပျိုးက လက်ရာမြောက်ပုံတွေနဲ့ဆိုတော့ သွားချင်စိတ်တောင်ပေါက်လာတယ်။ ပုံတွေမြင်တော့ သဘာဝနဲ့နီးစပ်တဲ့ ရိုးရှင်းအေးဆေးတဲ့ နေရာတွေက သွားနေချင်လောက်အောင် စိတ်ကိုဖမ်းစားနိုင် တယ်။ တောင်ကြီးအထိတော့
ရောက်ဖူးပေမယ့် ကလောက စိမ်းတယ်။ ဆင်စခန်းနဲ့ထိတွေ့ဖို့အတွက် နောက်တစ်ပုဒ်ကို ကူးပြီ ကိုညီရေ...။