13 November 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၂)


ဒီတစ်ခေါက် အိမ်အပြန်ခရီးက ရက်နည်းလို့ စီစဉ်ရတာတွေက အတော်လေးကို ကျပ်ကျပ်တည်းတည်း ရှိလှတယ်၊ ၂ ပတ်တာ ကာလအတွင်းမှာ တွေ့ရမယ့်သူတွေ၊ သွားရမယ့်နေရာတွေ နဲ့အတူ ပြည်တွင်းခရီးစဉ်အဖြစ် ကလောနဲ့ အင်းလေးကိုပါ ထည့်ထားတော့ ရက်တိုင်းလိုလိုက ချိန်းဆိုမှုတွေနဲ့ ပြည့်နေခဲ့ ပါတယ်၊ ပြီးခဲ့တဲ့နှစ် ပြန်တုန်းက ပုဂံနဲ့အင်းလေးကို အတူတကွ သွားလည်ဖို့ မူလက ကြံစည်ထားပေမယ့် ကလေးက ငယ်သေးလို့ ခရီးပန်းမှာရယ်၊ ရန်ကုန်မှာ အေးအေးဆေးဆေး နေရအောင်ရယ် ပြန်တွေးပြီး ပုဂံတစ်ခုပဲ သွားဖြစ်ခဲ့တယ်၊ အဲဒီကတည်းက နောက်တစ်ခေါက်ဆိုရင်တော့ ရှမ်းပြည်ဖက်သွားမယ်လို့ သတ်မှတ်ထားလိုက်တော့ အခုခရီးစဉ်မှာ သွားဖို့ဖြစ်လာတာပါပဲ၊ ကျနော့်တစ်ဦးတည်း သဘောဆိုရင်တော့ ပုဂံကိုပါ ၂ ရက်လောက်ဖြစ်ဖြစ် အပြေးကလေး သွားလိုက်ချင်သေးပေမယ့် ရတဲ့ရက် ၂ ပတ်လေး အတွင်းမှာ အဲဒီလို မြန်မာပြည်အနှံ့သာ လျှောက်သွားနေမယ်ဆို ဘယ်သူနဲ့မှ ဟုတ်တိပတ်တိ တွေ့ရတော့မှာ မဟုတ်ဘဲ လူက တိုးရစ်စ်ကြီးလုံးလုံး ဖြစ်သွားတော့မှာ အသေအချာပဲ၊ ဒီလိုနဲ့ပဲ ကျနော့်ရဲ့ ချစ်လှစွာသော ပုဂံကို ဒီတစ်ခေါက်မှာ ဝမ်းနည်းစွာနဲ့ ချန်ခဲ့လိုက်ရတော့တယ်၊

ဆိုတော့… ခရီးစဉ်ရဲ့ ပထမဦးစားပေးအဖြစ် သားနဲ့ သူ့အဖိုးအဖွားတွေကို သတ်မှတ်ထားလိုက်တယ်၊ သားက အခုဆို ၆ နှစ်ကျော်လာပြီ ဆိုပေမယ့် အဖေဖက်က အဖိုးအဖွားနဲ့ အတူနေရချိန်က အလွန်ဆုံးရှိလှ ၆ လကျော်ကျော်ပေါ့၊ အဖိုးအဖွားဖက်က ကြည့်တော့လည်း သူတို့ ထူထူထောင်ထောင်နဲ့ သွားနိုင်လာနိုင် ရှိတုန်းမှာ ဒီမြေးလေးနဲ့ ရောက်တုန်းရောက်ခိုက် စကားတွေပြောချင်၊ အတူကစားချင်ရှာမှာ ပါပဲ၊ အဲဒါကြောင့် ရန်ကုန်မှာရှိခိုက် ကျနော့်မိဘတွေကို နေ့တိုင်းနီးပါး တစ်နေကုန် အချိန်ပေးထားပြီးတော့ တခြားသွားစရာ၊ ချိန်းဆိုစရာတွေကိုတော့ ညနေဖက်နဲ့ ညပိုင်းတွေကို ရွေးထားလိုက်တယ်၊ ရန်ကုန်ကိုရောက်တဲ့ နေ့လယ်ခင်းမှာတော့ ခရီးရောက်မဆိုက် မြို့ထဲဖက်ကို တစ်ခါရောက်ဖြစ် ပါတယ်၊


ရန်ကုန်မြို့ရဲ့ နေ့လယ် ၃ နာရီဝန်းကျင်ဟာ အရမ်းကြီးတော့ ကားမကြပ်လှပါဘူး၊ အနည်းဆုံးတော့ ကျနော်တို့သွားခဲ့တဲ့ လမ်းကြောင်းပေါ်မှာ ယာဉ်တန်းအရှည်ကြီးနဲ့ အကြာကြီးရပ်နေရတာမျိုး၊ တရွေ့ရွေ့နဲ့ သွားနေတာမျိုးတွေတော့ မရှိခဲ့ဘူး၊ ဒါပေမယ့် ရန်ကုန်မှာ ကားတွေ သိသိသာသာကို များလာတယ်၊ မနှစ်က ဖေဖော်ဝါရီလမှာတောင် အခုလောက် မများသေးဘူးလို့ ကျနော်မှတ်မိနေတယ်၊ ၂ နှစ်နီးပါးအတွင်းမှာ အဆမတန် များလာခဲ့တယ်လို့ ဆိုရမှာပေါ့၊ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ လူဦးရေနဲ့ ကားအရေအတွက် အချိုးဟာ အများကြီးကို နည်းနေသေးတယ်လို့ ဆိုနိုင်ပါတယ်၊ ဒါပေမယ့် ရန်ကုန်ရဲ့ လမ်းတွေမှာတော့ လမ်းလယ်ခေါင်ထိ တက်မောင်းနေတဲ့ ဘတ်စ်ကားကြီးတွေ၊ လမ်းဘေးမှာ ရပ်ချင်သလိုရပ်ထားတဲ့ ကားတွေ၊ လမ်းမပေါ်အထိ ရောက်နေတဲ့ ဈေးဆိုင်တွေ၊ ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်း ရေးဆွဲမထားတဲ့ ယာဉ်ကြောမျဉ်းတွေ၊ တစ်ခုနဲ့တစ်ခု အချိတ်အဆက် မမိတဲ့ မီးပွိုင့်တွေ၊ စည်းကမ်းတကျ မောင်းဖို့မစဉ်းစားဘဲ လျင်သလိုဝင်ထွက်နေတဲ့ ယာဉ်တွေ… စတာတွေကြောင့် တိုးလာတဲ့ ကားအစီးရေနဲ့ မမျှအောင်ဘဲ လမ်းတွေက ချက်ချင်းကို ကြပ်သွားခဲ့ရတယ်လို့ ကျနော်မြင်ပါတယ်၊ ယာဉ်အို၊ ယာဉ်ဟောင်း ပြန်သိမ်းတဲ့ စီမံချက်ကြောင့်လားတော့ မသိဘူး၊ တက်စီတွေတော့ အရင်တစ်ခေါက်ထက်စာရင် နည်းနည်းပိုပြီး သစ်လာကြတယ်၊ Volvo, BMW, Audi, Mercedes စတဲ့တံဆိပ်တွေနဲ့ နောက်ဆုံးပေါ် မော်ဒယ်လ် ကားတွေကိုလည်း ဟိုနားတစ်စ၊ ဒီနားတစ်စ မြင်ခဲ့ရသေးတယ်၊ ဟိုးအရင် ကာလတွေတုန်းက အလွန်အကျွံ ကားဟွန်းတီးသံတွေနဲ့ နားတွေအူနေတတ်တဲ့ ရန်ကုန်ဟာ အခုတော့ ဟွန်းသံတွေ မကြားရသလောက်နဲ့ ဆိတ်ငြိမ်သွားတာ စိတ်ချမ်းသာစရာ ပါပဲ…၊


ပန်းဆိုးတန်းကတော့ အဆောက်အဦးအသစ်တွေ ထိုးထိုးထောင်ထောင်နဲ့ ကျနော့်ကို ခပ်တန်းတန်းပဲ ဆီးကြိုတယ်၊ တကယ်ဆို ဝတ်ကျေတန်းကျေ အပြုံးလေးတစ်ခုလောက်တော့ အနည်းဆုံး ကျနော်ရခဲ့ သင့်တာပေါ့၊ အခုတော့ ကျနော်တို့မှာ ဘယ်တုန်းကမှ မသိခဲ့ကြသူတွေလို…၊ အင်းလေ.. မေ့လောက်မှတစ်ခါ သူ့ဆီ ရောက်,ရောက်လာတတ်တဲ့ လူတစ်ယောက်ကို အပြောင်းအလဲတွေနောက် အမောတကော ပြေးလိုက်နေရတဲ့ ပန်းဆိုးတန်းကလည်း မေ့တေ့တေ့ ရှိနေခဲ့မှာ သဘာဝကျပါတယ်၊ ကျနော်တို့က သိမ်ဖြူလမ်းကနေ ကုန်သည်လမ်းတလျှောက် ဆူးလေအထိ လျှောက်လာခဲ့တာပါ၊ ပန်းဆိုးတန်းနဲ့ ကုန်သည်လမ်းထောင့်မှာ မေရှော့ပင်းစင်တာ ကိုတွေ့တော့ အသစ်ပေါ်လာတဲ့ ရှော့ပင်းမောလ် အကြီး,ကြီးတွေကို သူဘယ်လိုများ တောင့်ခံနေသလဲလို့ ကျနော် တအံ့တသြ တွေးနေမိတယ်၊ အပြိုင်အဆိုင်တွေကြားမှာ အနည်းဆုံးတော့ ဈေးဝယ်သူကို အရေးမလုပ်တဲ့၊ ကုန်ပစ္စည်းတွေ မေးရင် မပြချင်၊ ပြချင်နဲ့ ထုတ်ပေးတတ်တဲ့၊ စကားအပြောအဆို မချိုသာ၊ မပြေပြစ်တဲ့ မေရှော့ပင်းက အရောင်းဝန်ထမ်းတွေရဲ့ အရင်တုန်းက အမူအကျင့်တွေ အခုလောက်ဆို ပြင်ပြီးလောက်ရောပေါ့လို့ ကျနော်ဆက်ပြီး တွေးမိတယ်…၊


တရားဥပဒေ စိုးမိုးရေးကို တွင်တွင်ကျယ်ကျယ် ပြောလာကြတဲ့ အခုခေတ်မှာ ဗဟိုတရားရုံးကြီးနဲ့ တရားရေးဆိုင်ရာ ဝန်ထမ်းတွေလည်း ပွင့်လင်းမြင်သာမှု အပြည့်နဲ့ ပိုပြီး သမာသမတ် ကျလာပါစေလို့ ကျနော်မျှော်လင့်မိတယ်၊ ခန့်ညားလှတဲ့ ဟောဒီ ကိုလိုနီခေတ် အဆောက်အဦးကြီးနဲ့အတူ ရန်ကုန်ဟာ အရှေ့တောင်အာရှမှာ ကိုလိုနီလက်ရာ အဆောက်အဦးတွေ အများဆုံးတွေ့နိုင်သေးတဲ့ နေရာပါ၊ သမိုင်းတန်ဖိုး မြင့်မားလှတဲ့ ရှေးဟောင်းအဆောက်အဦးတွေကို ထိန်းသိမ်းဖို့ လုပ်နေတဲ့ Yangon Heritage Trust လို အဖွဲ့မျိုး ပေါ်လာတာလည်း ဝမ်းမြောက်စရာပါ၊ ကျနော်တို့ဆီမှာက ရှေ့နောက်မစဉ်းစားဘဲ စိတ်ကူးတည့်ရာ လျှောက်,လျှောက်လုပ်တတ်တဲ့ လူတချို့ ရှိနေသေးတယ် မဟုတ်လား၊ တော်ကြာ.. ဒီအဆောက်အဦးတွေက ကျွန်ခေတ် အငွေ့အသက်တွေနဲ့ အိုဟောင်းပြီး ကျက်သရေ မရှိပါဘူးကွာ၊ ဖြိုပြီး ရှော့ပင်းမောလ်သာ ဆောက်ပစ်လိုက်… ဆိုရင် ဘယ့်နှယ့်လုပ်မလဲ၊း)


အရင်တုန်းကဆိုရင်တော့ ဒီလိုမျိုး အဆောက်အဦးတွေက မြင်ကွင်းထဲကို တကူးတက ဝင်လာစရာ အကြောင်းမရှိပါဘူး၊ ဒါပေမယ့် ဒီလိုမြင်ကွင်းမျိုးတွေနဲ့ ဝေးရာမှာ နေထိုင်ခဲ့တာ နှစ်တွေကြာလာတဲ့အခါ အလိုလို သတိပြုမိလာတော့တယ်၊ အဆောက်အဦးတွေရဲ့ ကြံ့ခိုင်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ မြို့ပြအင်္ဂါရပ်၊ နေထိုင်သူများနဲ့ ဝန်းကျင်က လူများအပေါ် အန္တရာယ်သက်ရောက်နိုင်မှု အနေအထား စတာတွေရဲ့ ချိန်ထိုးပြီး အရည်အချင်းစစ်ရင်တော့ စာမေးပွဲကျမယ့် ကျောင်းသားတွေ ရန်ကုန်မှာ အများကြီးပါပဲ၊ မနေ့တစ်နေ့ကမှ ကုန်းရုန်းထလာတဲ့ တိုင်းပြည်တစ်ခုမှာ ပြုပြင်စရာတွေက များလွန်းလို့ အခုလို ကိစ္စတွေက အာဂျင်ဒါရဲ့ ဟိုးနောက်ဖက် ခပ်ကျကျနားမှာပဲ ရှိနေမှာ သေချာပါတယ်…၊


ဗိုလ်ချုပ်ဈေးနားတဝိုက် ကတော့ အရင်အတိုင်း စည်ကားဆဲပါပဲ၊ တော်ရုံလူတွေ မစားနိုင်တဲ့ အသီးတွေနဲ့အတူ ဟင်းသီးဟင်းရွက်သည်တွေ၊ ကြက်သားသည်တွေနဲ့ ပျံကျဈေးလေးတစ်ခုတောင် ဖြစ်မှန်းမသိ ဖြစ်လို့…၊ ဒီနားလေး တဝိုက်ကို ကျနော်သဘောကျတယ်၊ ဗိုလ်ချုပ်ဈေးထဲက ခမ်းခမ်းနားနား ဆိုင်ကြီးတွေနဲ့ ဒီနေရာလေးက ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေးတွေရဲ့ ဆန့်ကျင်ဖက် အခင်းအကျင်းနှစ်ခုက တကယ့်ကို contrast in togetherness ပါပဲ၊ ခပ်လှမ်းလှမ်းမှာတော့ အန်တီစုပုံပါတဲ့ တီရှပ်တွေအများကြီး ချိတ်ရောင်းနေတာ တွေ့ရတယ်၊ လူတွေရဲ့ ရင်ဘတ်ထဲမှာပဲ ခိုးကြောင်ခိုးဝှက် ချစ်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးကြီးဟာ အခုတော့ ရင်ဘတ်ပေါ်ကို ပေါ်ပေါ်တင်တင် ရောက်လာခွင့် ရခဲ့ပြီပေါ့…၊ စကပ်တွေ၊ ဘောင်းဘီရှည်တွေ၊ သရီးကွာတားတွေနဲ့ ရန်ကုန်သူတွေကိုလည်း ပိုပြီးတွေ့လာရတယ် ဆိုပေမယ့် လုံချည်ဝတ်တဲ့ အမျိုးသမီးတွေလည်း အများကြီးပါပဲ၊ တကယ်တော့ ထမီပဲဝတ်ဝတ် ဘောင်းဘီပဲဝတ်ဝတ်ပါ၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် သဟဇာတ ဖြစ်နေမယ်၊ ကိုယ့်ရဲ့ ယဉ်ကျေးမှုကို မမေ့ဘူး၊ ပတ်ဝန်းကျင်မှာလည်း အမြင်ရိုင်းမနေဘူး ဆိုရင် လုံလောက်ပြီ မဟုတ်လား…၊ မှန်နိုင်လွန်ဝတ်တဲ့ အမျိုးသမီးတွေကို ကြိမ်လုံးနဲ့ လိုက်ရိုက်ကြတဲ့ ခေတ်က ကျန်ခဲ့ပါပြီလေ၊ FMI အောက်ထပ်က Ya Kun ဆိုတဲ့ အအေးဆိုင်လေးမှာ ထိုင်ပြီး ကျနော်လျှောက်တွေး နေမိတယ်၊ အမှန်တော့ ကျနော်သွားချင်တာက မမိုးငွေ့ရေးဖူးတဲ့ Bar Boon Cafe …၊ ဒါပေမယ့် အဲဒီရှေ့လည်းရောက်ရော ဆိုင်နာမည် မမှတ်မိတာနဲ့ ပိုပြီးထိုင်လို့ကောင်းမယ် ထင်ရတဲ့ ဘယ်ဖက်က Ya Kun Family Café ကိုရောက်သွားတာ၊ ကျနော်တို့ မှာသောက်တဲ့ အအေးတွေကတော့ သောက်လို့ မကောင်းဘူး၊ သဘာဝ သစ်သီးရနံ့တွေ မရဘဲ ဓာတုပစ္စည်း ရနံ့တွေနဲ့အတူ အရသာကလည်း ချိုချိုအီအီတွေ…၊ ဘာပဲဖြစ်ဖြစ် ရန်ကုန်ရဲ့ ညနေခင်းတွေဟာ လေထုညစ်ညမ်းမှုတွေနဲ့ အပူရှိန်တွေ မြင့်တက်လာနေတယ်လို့ ဆိုကြသည့်တိုင် အဲဒီ ကော်ဖီဆိုင်လေးရဲ့ ဝရန်တာမှာထိုင်ပြီး တွန်းတွန်းတိုက်တိုက်နဲ့ အသက်ဝင်နေတဲ့ ရှုခင်းတွေကို ကျနော် ငေးနေမိခဲ့တယ်…၊


ကျနော်တို့ တည်းခဲ့တဲ့ Bed & Breakfast ဟိုတယ်ကလေးရဲ့ မနက်စာပါ…၊ ခြံထဲမှာ အုန်းသီးတွေ ခူးထားတာတွေ့လို့ အုန်းရည် တစ်ခါမှ မသောက်ဖူးသေးတဲ့ သားကို အုန်းရည်နဲ့ အုန်းသီးဇွန်းခြစ် မိတ်ဆက်ပေးလိုက်တယ်…၊း)


နာမည်ကြီးလက်ရာမျိုး အကောင်းစားကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မုန့်ဟင်းခါးဆိုတာနဲ့တင် ကျနော်ကတော့ လိုလားတောင့်တတဲ့ စိတ်နဲ့ ကျေနပ်နှစ်သက်စွာ စားပစ်လိုက်ဖို့ အဆင်သင့် ဖြစ်နေခဲ့တော့တာ…၊း)

(ဒီအပိုင်း ၂ မှာ နည်းနည်းလေး ပိုကြာသွားရတဲ့ အဖြစ်ကို စိတ်မကွက်ဘဲ အပိုင်း ၃ ကိုလည်း လိုက်ခဲ့ကြပါဦး…)


ညီလင်းသစ်
၁၃ နိုဝင်ဘာ၊ ၂၀၁၃

17 comments:

စံပယ်ချို said...

ပြောင်းလဲနေတဲ့ ရန်ကုန်မြို့တော်ကြီးကိုလဲတွေ့ချင်တယ် ပုံတွေကြည့်ပြီးပိုလွမ်းသွားမိတယ်

San Htun said...

ရန်ကုန်ကို သတိရသွားတယ် ကိုညီရေ...ဗဟိုတရားရုံးကြီးရဲ့  အလှကို ခုမှ သတိထားမိတယ်...လက်ရာတော်တော်မြောက်တာပဲ...ဗိုလ်ချုပ်ဈေးနားက ခေါင်းရွက်ဗျပ်ထိုး ဈေးတန်းလေးက အရင်အတိုင်းပါလား...အုန်းစိမ်းရည်နဲ့ အုန်းသီးဇွန်းခြစ်၊ မုန့် ဟင်းခါး စားချင်သွားတယ်...နောက်အပိုင်းတွေလည်း မျှော်နေကြောင်းဗျား...

ဇွန်မိုးစက် said...

ဇွန်သိသလောက် Ya Kun က စင်္ကာပူဆိုင်ခွဲပဲ အစ်ကိုရ။ စင်္ကာပူက အလည်ပြန်သူဆိုတော့ ရန်ကုန်ရောက်တုန်းက တမင်ဝင်မထိုင်ဖြစ်ခဲ့တာ။ :D ဆိုင်နေရာလေးတော့ ကောင်းတယ်။
ဒါနဲ့သားသားက အုန်းရည်နဲ့အုန်းသီးဇွန်းခြစ်ကို အရသာတွေ့သွားရဲ့လား?း)

သိဂီၤ said...

ရေး.... အသစ်တင်ပြီ.. ကျေးဇူးအကို...

Sonata Cantata said...

စက်တင်ဘာ တစ်လလုံး ရန်ကုန်မှာနေခဲ့တာ (အဲ မန်းလေးတော့ တပတ်သွားခဲ့သေးတယ်) ဗိုလ်ချုပ်ဈေးဘက် မရောက်ခဲ့ဘူး။
အာရှဓာတ်ပုံတိုက်နဲ့ ရတနာမြိုင်တေးသံသွင်း ပါတဲ့ပုံ အာရုံကျတယ်..:)

မိုးငွေ့........ said...

ရန်ကုန်မြို့ရဲ့ နေပူကျဲကျဲအစပိုင်းကလေး....

Anonymous said...

စိတ်မကွက်ပါဘူး လူတွေပဲ ကယန်းလူမျိုးဖြစ်သွားကြတာ

ညီ

ဆွေလေးမွန် said...

ဒီဇင်ဘာရန်ကုန်ပြန်မှာမို့ စိတ်ကဒီဇင်ဘာ အမြန်ရောက်ချင်နေတာ..
ခု.ကိုညီလင်းသစ်က ရန်ကုန်အကြောင်းရေးတော့ နေ့ရက်တွေလတွေ ကျော်ခွသွားလို့ရရင်ကောင်းမယ်..
အပိုင်း ၃ လေးလဲမျှော်နေတယ်..

Shinlay said...

တစ်လပဲလိုတော့တယ် ကိုညီ။

Anonymous said...

ဟဲဟဲ ဒီတခါ မုန်.ဟင်းခါးကိုတော. စိတ်အေးချမ်းသာစွာကြည်.နိုင်ပါတယ်။ ဘာလို.ဆိုတော. ကိုယ်.ဟာကိုယ် ချက်ထားတဲ. မုန်.ဟင်းခါးက ဘေးမှာအရန်သင်.ရှိနေတာကိုး။ ပြီးတော. ကိုယ်တိုင်လုပ် ပဲကြော်တောင် ပါသေးတယ်ဆိုတော. ကိုယ်.မုန်.ဟင်းခါးက ဒီတခါ ကိုညီလင်းမုန်.ဟင်းခါးထက်သာသွားပြီဆိုပြီး ကြိတ်ပြိုင်လိုက်သေး
အပိုင်း ၃ ကိုမျှော် ..........

ညီလင်းသစ် said...

မစံပယ်…
ရန်ကုန်ကတော့ တကယ့်ကိုပဲ အလျင်အမြန် ပြောင်းလဲနေတာဗျို့၊ ဇာတိမြေက ဓာတ်ပုံတွေဆို အလွမ်းပြေကြည့်ကာမှ ပိုလွမ်းသွားရတာ များပါတယ်လေ..၊

ညီမစန်းထွန်း…
ဟုတ်ပဗျား..၊ လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေရဲ့ ဘဝ မပြောင်းလဲသေး သရွေ့ အခုလို ပျံကျဈေးကလေးတွေကလည်း ပြောင်းလဲမယ် မထင်ပါဘူးဗျာ..၊

ညီမလေးဇွန်…
Ya Kun က စင်္ကာပူဆိုင်ခွဲကိုး..၊ အင်း.. အဲဒါကြောင့် စင်္ကာပူကို ရောက်ဖူးတဲ့ ခြေထောက်က သူ့အလိုလို အဲဒီဆိုင်ထဲ ဝင်သွားတာနေမယ်..၊း) သားက အရသာ တွေ့၊ မတွေ့တော့ မသိပါဘူး၊ အုန်းသီးကို ပြုံးပြီး စားတော့ စားနေတာပဲ..၊

မသိင်္ဂီ…
ဟုတ်.. လာဖတ်တဲ့အတွက် ကျနော်က ကျေးဇူးတင်ရမှာပါဗျာ..၊း)

မသီတာ…
လူတွေ ပြော,ပြောနေကြတဲ့ တစ်လနေလို့ တစ်ခေါက်မရောက်ဘူး-ဆိုတာ ဒါမျိုးကို ဆိုလိုတာ ဖြစ်ရမယ်၊းD

ညီမမိုး…
ဟုတ်ပဗျာ…၊ ချွေးတွေသံတွေနဲ့ ရှိနေခဲ့တဲ့ အစပိုင်းလေး…းD

ညီ…
ဒါဆိုရင်တော့ ကြေးကွင်းတွေ လက်ဆောင်ပေးမှနဲ့ တူတယ်….၊း)

မဆွေလေးမွန်…
ဒီဇင်ဘာက ခြေခင်းလက်ခင်း သာတဲ့ ကာလဆိုတော့ ပြန်နိုင်တာ မိုက်တယ်ဗျာ၊း) ရက်ပိုင်းလောက်ပဲ စောင့်ရတော့မှာပါ…၊

အစ်မရှင်လေး…
ကြိုတင်ပြီး စိတ်လှုပ်ရှားနေ ပြီလား… အစ်မ?း)

အမည်ဝှက်စာဖတ်သူ…
ဟား.. တယ်ဟုတ်ပါလား၊ ဟုမ်းမိတ်စစ်စစ်ဆိုတော့ ကောင်းမယ့်ပုံ..၊ အံမယ်.. ကျနော့် မုန့်ဟင်းခါးလည်း ဟုမ်းမိတ်လောက် မကောင်းရင်သာ နေမယ်၊ ပဲကြော်တော့ ပါ,ပါတယ်ဗျ၊ ဓာတ်ပုံရိုက်တုန်းက မထည့်ရ သေးလို့..၊ ပဲကြော်တင် ဘယ်ကမလဲ၊ ဘူးသီးကြော်ပါ ပါသေးတာ…။းP

မြသွေးနီ said...

ရန်ကုန်မြို့သူကြီး Ya Kunကို ကိုညီထက်နောက်ကျပြီး တလောကမှ ညီမနှင်းနဲ့မာယာနဲ့အတူ ရောက်ခဲ့တယ်။ အစားအသောက်တွေက ပုံမှန်လောက်ပဲလို့ ခံစားမိတယ်။ ဒါပေမယ့် ၀ရန်တာလေးကနေ ညဘက် ပလက်ဖောင်းဈေးလေးကို ကြည့်ရတာ အတော်အရသာရှိတယ်။ ဥခွံလေးထဲမှာပဲ ကျင်လည်နေလိုက်တာ FMI Building ကြီး အဲ့ဒီလောက်ပြောင်းလဲသွားတာ မသိလိုက်ဘူး ကိုညီရေ။ တတိယပိုင်းဆက်လက် မျှော်နေဆဲပါ.....။

Anonymous said...

တတိယစတုတ္ထတွေဆက်လက်မျှော်နေပါတယ်ရှင်။
လွမ်းစရာမြင်ကွင်းတွေကိုလည်းသေသေချာချာကြည့်မိပါတယ်။ကျေးဇူးလည်းတင်ပါတယ်။
စားခဲ့တာတွေများများတင်နော်။ မုန့် ဟင်းခါးစားချင်နေတာ။
အဲဒီမုန့် ဟင်းခါးကစားကောင်းမဲ့ပုံပါဘဲ။
ဗိုလ်ချုပ်ဈေးတ၀ိုက်ကဆိုင်လေးပေါ်ကဘာဟင်းရွက်တွေများပါလိမ့်လို့ ကြည့်ချင်လိုက်တာ။
အဲနားကဆိုတော့ ဂေါ်ရခါးညွန့် တို့ ၊ ဘာတို့ ပါမှာပေါ့လို့ ဘဲတွေးလိုက်တယ်။
အိုင်အိုရာ

ဟန်ကြည် said...

ကိုညီလင်းသစ်ရဲ့ ပို့စ်ဖတ်ရတာ အဆင်ပြေလိုက်တာဗျာ...သွားရမှာကြောက်တဲ့ ရန်ကုန်မြို့ကြီးအကြောင်း သိလိုက်တာ အမြတ်ပဲ...နောက်ဆက်တွဲတွေလည်း မျှော်နေပါတယ်ဗျား...

စူးနွယ်လေး said...

ဗမာပြည်ခရီးသွားမှတ်တမ်းတွေတော့ ဘယ်နှစ်ခါဖတ်ဖတ် မရိုးဘူး..ဖတ်ဦးမှာပဲ :)

Ma Tint said...

လွတ်သွားတဲ့ ပို့စ်လေးတွေ အရှုံးမရှိအောင် ၀င်ဖတ်သွားတယ် မောင်ညီလင်းရေ... :)
နှံ့နှံ့စပ်စပ်လည်ပတ်နိုင်သလို ရေးနိုင်ပါပေတယ် ..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

ရန်ကုန်ကိုလွမ်းတယ် အကို၇ာ