04 November 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၁)


လူက အခြားတပါးသောအရပ်မှာ ရောက်နေပေမယ့်လည်း စိတ်ကတော့ ချည်တိုင်မှာ အချည်ခံထားရသလို အမြဲတမ်း တဝဲလည်လည်နဲ့ သတိတရ ရှိနေဖြစ်တဲ့ နိုင်ငံကလေးဆီကို ဒုတိယအကြိမ် ထပ်ပြီး ရောက်ခဲ့ရပါတယ်၊ ပထမအကြိမ် မနှစ်က ဖေဖော်ဝါရီမှာ သွားခဲ့တုန်းကနဲ့ မတူတာက ဒီတစ်ခေါက်မှာ သားက ကျောင်းတက်နေပြီဆိုတော့ မြန်မာပြည်မှာ ရာသီဥတု သာယာတဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလိုမျိုး လတွေမှာ မသွားနိုင်တော့တာပါပဲ၊ ဒါနဲ့ပဲ သူ့ကျောင်း နှစ်ပတ်ပိတ်တဲ့ အချိန်လည်းဖြစ်၊ မိုးကုန်စ ကာလလည်း ဖြစ်တဲ့ အောက်တိုဘာလမှာ သွားဖို့ ရွေးချယ်လိုက်ရတယ်၊ လေယာဉ်လက်မှတ်ကိုတော့ ထုံးစံအတိုင်း တစ်နှစ်နီးပါးကြိုပြီး ဝယ်ထားဖြစ်တယ်၊ မနှစ်တုန်းကတော့ သုံးပတ်ခွဲတောင် နေခဲ့နိုင်ပေမယ့် ဒီတစ်ခါတော့ နှစ်ပတ်ထဲဆိုတော့ ရက်ကတိုတယ်လို့ ပြောမယ်ဆိုလည်း ပြောလို့ ရပါတယ်၊ အဲဒီနှစ်ပတ်ကို အသွားအပြန်အတွက် မကုန်စေဘဲ ဟိုမှာအပြည့် နေနိုင်အောင် သားကို ကျောင်းကနေ ခွင့်တိုင်ပြီး ၃ ရက်လောက် စောထုတ်လိုက်တယ်၊ သူငယ်တန်း ကျောင်းသားတစ်ယောက်အတွက် ၃ ရက်လောက် ခွင့်ရဖို့ စာတတန်၊ ပေတတန်နဲ့ တောင်းခံရတဲ့အပြင် ဝန်ခံသိရှိကြောင်းတွေ၊ ဘာတွေ လက်မှတ်တွေ ထိုးလိုက်ရသေးတယ်၊ အမှန်တော့ အောက်တိုဘာမှာ ဥရောပတစ်ခွင်လုံး ကျောင်းတွေပိတ်တော့ ခရီးတွေသွားကြလို့ လေယာဉ်လက်မှတ်တွေက ဈေးကြီးပါတယ်၊ အဲဒီတော့ မိဘတွေက ဈေးသက်သာရအောင် ကျောင်းပိတ်ရက် မတိုင်ခင်၊ ဒါမှမဟုတ် ကျောင်းပိတ်ရက် အလွန်မှာမှ ကလေးတွေကို ခွင့်နဲ့ ခေါ်ထုတ်ပြီး ခရီးသွားကြတယ်၊ အဲဒီလို လုပ်တာက ထုံးတမ်းစဉ်လာ တစ်ခုလို ဖြစ်လာလို့ ကျောင်းကနေ စည်းကမ်းတင်းကြပ်လိုက်ရ ပါတယ်လို့ ကျောင်းအုပ်က ရှင်းပြပါတယ်၊

ဒီတစ်ခါလည်း စင်္ကာပူလေကြာင်းနဲ့ပဲ သွားဖြစ်ပါတယ်၊ ဇူးရစ်ကနေ စင်္ကာပူ ထရန်စစ်ဝင်ရတဲ့ ခရီးပါ၊ ချန်ဂီကိုရောက်တော့ စာမေးပွဲမှာ ကိုယ်အပိုင်သိထားတဲ့ ပုစ္ဆာကို တွေ့လိုက်ရတဲ့ ကျောင်းသားလို ကျနော်ပြုံးမိတယ်၊ အဲဒီတံခါးတွေရဲ့ ဟိုးအတွင်းဖက်ထဲထိ ကျနော် ရောက်ဖူးပြီးသွား ပြီကိုး…၊ သားက အရင်တစ်ခေါက်တုန်းက လေယာဉ်ပေါ်မှာ ရုပ်ရှင်တွေကြည့်ခဲ့ရတာကို ကောင်းကောင်းမှတ်မိ နေတယ်၊ ဒီတစ်ခါလည်း ကြည့်ဦးမယ်၊ ဂိမ်းလည်း ကစားဦးမယ်လို့ အစောကြီးကတည်းက တက်တက်ကြွကြွနဲ့ ကြွေးကြော်နေတယ်၊ ကျနော်တို့ကလည်း သူ့ကို ရုပ်ရှင်တွေ မအိပ်တမ်းကြည့်ပြီး ရန်ကုန်လေဆိပ်ရောက်ကာနီးမှ အိပ်လို့ကတော့ အရင်တစ်ခေါက်ကလို ချီမှာ မဟုတ်တဲ့အကြောင်း အစောကြီးကတည်းက သတိပေးထားတယ်၊ တကယ်တမ်းကျတော့လည်း လေယာဉ်ပေါ်မှာ သူ့ကို ဘယ်လိုပဲ ကြိုးစားပြီး အိပ်ခိုင်းပေမယ့် အိပ်မပျော်နိုင်ဘဲ ဖြစ်နေခဲ့တယ်၊ စင်္ကာပူ စံတော်ချိန် မနက် ၅ နာရီခွဲလောက်မှာ လေယာဉ်က ဆင်းဖို့ ပြင်ဆင်ပါတယ်၊ အဲဒီအချိန်က ဆွစ်စံတော်ချိန် နဲ့ဆိုရင် ည ၁၁ နာရီဆိုတော့ သူငိုက်လာတယ်၊ ဒါပေမယ့် စင်္ကာပူကို ရောက်သွားတော့ လမ်းလျှောက်ရင်းနဲ့ပဲ မျက်လုံးက ပြန်ကျယ်သွားပြန်ရော…၊ အဲ… ဒုတိယတစ်ခေါက် စင်္ကာပူကနေ မနက် ၈ နာရီ လေယာဉ်တက်တော့မှပဲ အဲဒီအချိန်က ဆွစ်မှာ မနက် ၁ နာရီခွဲဆိုတော့ တခါတည်း တန်းပြီးအိပ်တော့တာပဲ၊ ရန်ကုန်လေဆိပ်ရောက်တော့ သားက ဘယ်လိုမှ ခေါင်းမထူနိုင်တော့ဘူး၊ ဒါပေမယ့် ကျနော်တို့ ကြိုတင်ပြီး သတိပေးထားသလို သူ့ကို စိတ်မကောင်းစွာနဲ့ပဲ မရ,ရအောင် နှိုးလိုက်ရတယ်၊ အထုပ်အပိုးတွေ သယ်ရတဲ့အပြင် ၂၁ ကီလိုရှိတဲ့ ကလေးတစ်ယောက်ကို ချီဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ သားရဲ့ ရန်ကုန်မြေ အဝင်က သဘာဝကျစွာပဲ အိပ်ချင်မူးတူးနဲ့ စိတ်မကြည်မလင် ဖြစ်လို့ နေခဲ့တယ်…၊

ကျနော့်အတွက်ကကော…၊ ကျနော့်အတွက်ကတော့ မင်္ဂလာဒုံ လေဆိပ်ရဲ့ ပြေးလမ်းပေါ်ကို လေယာဉ်ဘီး ချလိုက်ချိန်မှာ မျက်လုံးတွေ ကျိန်းစပ်နေတာက တခြား၊ ရင်ခုန်နေတာက တခြားနဲ့…၊ အရင်အကြိမ်တွေလည်း ပြန်လာဖူးပေမယ့် တမျှော်တခေါ် လယ်ကွင်းတွေ၊ အစီအရီ အုန်းပင်တွေ၊ ပြောင်ပြောင်လက်လက် သွပ်မိုး အဆောက်အဦးတွေ ဝိုင်းရံထားတဲ့၊ “အပြည်ပြည်ဆိုင်ရာ လေဆိပ်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို အားနာနာနဲ့ ထမ်းထားရတဲ့ လေဆိပ်အအို၊ အဟောင်းလေးရှေ့ ရောက်ရတိုင်း ရင်ဘတ်ထဲမှာ ဆို့ချင်ချင်၊ ဒူးတွေက ညွတ်ချင်ချင်နဲ့ ဖြစ်ရစမြဲ…၊




လေဆိပ်အဝင်က တကယ့်ကိုပဲ အဆင်ပြေပါတယ်၊ ခေတ်ဟောင်း၊ စနစ်ဟောင်းတုန်းကလို စည်းမရှိကမ်းမရှိ လူတွေပြုံတိုးနေတာ၊ ဘာမှန်းမသိရတဲ့ လူတွေက ခရီးသည်တွေကို တရားခံကြည့် လိုက်ကြည့်နေတာ၊ အကြောင်းအမျိုးမျိုးပြပြီး ပိုက်ဆံတောင်းတာ၊ မဆီမဆိုင် စာရွက်တွေတောင်းတာ… စတာတွေက တကယ်ပဲ ကျန်ခဲ့ပြီလို့ လူဝင်မှုကြီးကြပ်ရေး ကောင်တာကနေ ထွက်အလာမှာ ကျနော် စိတ်ချမ်းချမ်းသာသာနဲ့ တွေးနေမိတယ်၊ ဒီအတိုင်းပဲ ဆက်ရှိနေပါစေလို့လည်း တိုးတိုးလေး ဆုတောင်းမိတယ်၊ ကျနော့်စိတ်ပဲ ထင်လို့လား မသိဘူး၊ လေဆိပ်ထဲမှာ သွားလာလုပ်ကိုင် နေကြတဲ့ ဝန်ထမ်းတွေ ကြည့်ရတာ ပိုပြီးတော့ ပရော်ဖက်ရှင်နယ် ဆန်လာသလိုပဲ၊ ဘယ်သူ့ဆီက ဘာများရနိုင်မလဲ ဆိုတဲ့ အကြည့်မျိုးတွေ မတွေ့ရဘဲ ကိုယ့်အလုပ်ကို ကိုယ်စိတ်ဝင်တစားနဲ့ ပြုံးပြုံးရွှင်ရွှင်၊ အေးအေးဆေးဆေး လုပ်နေကြတယ်၊ မနှစ်တုန်းကနဲ့ မတူတာ နောက်တစ်ခုက ငွေလဲကောင်တာတွေပါ၊ အခုတော့ ငွေလဲနှုန်းကို တရားဝင်သတ်မှတ်လိုက်လို့ ဘယ်နေရာလဲလဲ အဆင်ပြေလှပါတယ်၊ တစ်ကျပ်မျိုး၊ နှစ်ကျပ်မျိုး ကွာတာ ရှိကောင်းရှိနိုင်ပေမယ့် ပြောပလောက်အောင်တော့ မဟုတ်ပါဘူး၊ လေဆိပ်ထဲမှာတင် ဘဏ်တွေရဲ့ ငွေလဲကောင်တာ ၅ ခု ဖွင့်ထားတာ တွေ့ရတယ်၊ နှုန်းကိုလည်း ကောင်တာရှေ့မှာ ပွင့်ပွင့်လင်းလင်း ချိတ်ထားကြလို့ ကိုယ်ကြိုက်ရာဆီမှာ ဝင်လဲရုံပါပဲ၊ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ တိုက်တွန်းချက်အရနဲ့ ငွေလဲတဲ့ လူတွေရဲ့ အကြံပေးချက်အရ ဒီတစ်ခေါက်တော့ အထိအရှ၊ အပွန်းအပဲ့ မခံတဲ့ ဒေါ်လာမယူတော့ဘဲ ယူရိုပဲ ယူသွားခဲ့တယ်၊ ကောင်တာက ဝန်ထမ်းက ယူရိုငွေစက္ကူတွေကို သာမန် စစ်ဆေးတဲ့ပုံစံနဲ့ တစ်ချက်ကြည့်တာက လွဲလို့ ဒေါ်လာစက္ကူကို ကြည့်သလိုမျိုး ဟိုဖက်ဒီဖက် လှန်လှောကြည့်တာမျိုး၊ အလင်းရောင်မှာ ထောင်ကြည့်တာမျိုး မလုပ်ပါဘူး၊ အေးအေးဆေးဆေး ချိုချိုသာသာ ပါပဲ…၊




ခရီးဆောင်အိတ်တွေ အားလုံးကို တွန်းလှည်းလေးပေါ် တင်ပြီးထွက်လာတော့ အကောက်ခွန်ကောင်တာအတွက် X-ray စက်တစ်ခါ ဖြတ်ရတယ်၊ လေယာဉ်က ၂ စီး၊ ၃ စီး ပြုံပြီးဆိုက်ထားလို့ အဲဒီစက်သေးသေးလေး အရှေ့မှာ ခရီးသည်တွေ ထပ်နေတယ်၊ ပုံမှန် တစ်ဦးချင်းစီ အိတ်တွေဖြတ်၊ ဟိုဖက်ကပြန်ထုတ် လုပ်နေရာကနေ အသက်ကြီးကြီး အမျိုးသမီးကြီး ၂ ယောက်က တုံ့နှေး၊ တုံ့နှေး လုပ်နေတာကြောင့် အိတ်တွေ၊ လူတွေ၊ လှည်းတွေ နည်းနည်းရှုပ်သွားတယ်၊ အဲဒီလို ရှုပ်ပြီး လမ်းပိတ်သွားတာကိုလည်း မြင်ရော စက်ရဲ့ အနောက်ဖက်မှာ ထိုင်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်က ချက်ချင်းထလာပြီး တွန်းလှည်းတွေကို ဘေးကိုတွန်းထုတ်၊ ခရီးသည်တွေရဲ့ အိတ်တွေကို စက်ထဲကို ကူထည့်ပေးနဲ့ လာအကူအညီ ပေးတယ်၊ နောက်ထပ် အရပ်ဝတ်နဲ့ တစ်ယောက်ကတော့ စက်ရဲ့ တစ်ဖက်ခြမ်းထိပ်မှာ စောင့်နေရင်း ကောင်တာဆီ သွားပေးရမယ့် အကောက်ခွန်ကြေညာလွှာကို ခရီးသည်တွေဆီကနေ တခါတည်း တောင်းယူနေတယ်၊ ဆိုတော့ စက်ထဲက ထွက်လာတဲ့ အိတ်တွေကို တိုးလို့တန်းလန်းထားပြီး ကောင်တာမှာ စာရွက်သွားပေးစရာ မလိုတော့ဘူး၊ သူတို့ ၂ ယောက်ရဲ့ အဲဒီအပြုအမူလေးက ခရီးရောက်မဆိုက် ကျနော့်အတွက်တော့ အံ့အားတသင့်နဲ့ အမှတ်ပေးစရာ ပါပဲ၊

လေဆိပ်ထဲမှာ အားလုံးအဆင်ပြေပေမယ့် အပြင်မှာတော့ ကားပေါ်ကို အိတ်တွေတင်ပေးမယ့် လူတွေ ရှိနေတုန်းပဲ၊ ဟိုးအထဲကနေ ဒီအထိ ကိုယ့်ဟာကိုယ် လှည်းနဲ့တွန်းလာလို့ ဒီကားနားရောက်ကာမှ သူတို့က ပြောမရ၊ ဆိုမရ (ဟိုးအရင်ကအတိုင်း) ကားပေါ် အတင်းလုတင်ပြီး ပိုက်ဆံတောင်းတာတော့ ဟမ်ဘာဂါထဲမှာ ငရုတ်သီးစိမ်း ဝါးမိသလို ခပ်စပ်စပ်နဲ့ အခံရခက်လှတယ်၊ သက်ကြီးရွယ်အိုတွေ အတွက်ဆိုရင်တော့ သူတို့ရဲ့ လုပ်အားက အသုံးတည့်ကောင်း တည့်မှာပေါ့လေ၊ ဒါပေမယ့် မြန်မာပြည်လေဆိပ်ကို ဘယ်လို သက်ကြီးရွယ်အိုက အဖော်မပါ၊ ဘာမပါနဲ့ လာတာရှိလို့လဲ၊ အင်း... ရန်ကုန်ဟာ သူ့ဆီလာတဲ့ သိဟောင်းကျွမ်းဟောင်း တစ်ယောက်ကို အကျင့်ဟောင်းလေး တစ်ခုနဲ့ ပါးပါးလေးရှပ်ပြီး နှုတ်ဆက်လိုက်တဲ့ သဘောများလား၊ ကျနော်ကတော့ ကောင်းခြင်း၊ ဆိုးခြင်း နာမဝိသေသနတွေ တပုံတခေါင်း ပိုင်ဆိုင်တဲ့ အဲဒီရန်ကုန်ကိုပဲ ချစ်ခြင်းတွေနဲ့ ရောက်လာခဲ့ရ ပြန်ပြီပေါ့…။ ။

(အပိုင်း ၂ မှာ ကျနော်တို့ ဟိုနားဒီနား နည်းနည်းသွားကြည့်ရအောင်လေ...နော)


ညီလင်းသစ်
၎ နိုဝင်ဘာ၊၂၀၁၃

21 comments:

Anonymous said...

ရွှေမြန်မာပြည် သွားမယ်..


ညီ

ATZH said...

:)

Anonymous said...

အဆင်သင့်ပါဘဲ လိုက်လည်ဖို့ ။း)
အို်င်အိုရာ

ko 9 said...

Dec မှာပြန်မယ်လေ...ခွင့်အဆင်ပြေ သွားပြီ

စံပယ်ချို said...

ပြန်လို့ရတာနဲ့ပြန်မယ်စဉ်းစားနေမိတာ
ဒီပိုစ့်လေးကိုဖတ်မိမှပဲ ချက်ချင်းထပြန်ချင်မိပြီ

ဆွေလေးမွန် said...

ရန်ကုန်ကို ရောက်စပဲရှိသေးတဲ့ ခရီးသွားပို့(စ်)လေးကို သဘောကျစရာကောင်းနေပြိ.နောက်ထပ် ၂ ၃ တွေ မျှော်နေပါတယ်ဗျို့

ဟန်ကြည် said...

ရန်ကုန်မကျွမ်းကျင်တဲ့ တောသားကျွန်တော့်အတွက်တော့ ခရီးသွားလမ်းညွှန် ဖတ်နေရသလို အကျိုးရှိတယ် ကိုညီလင်းသစ်ရေ...လေဆိပ်ဝန်ထမ်းတွေ ပြောင်းလဲနေတာ သိရတော့ ကြည်နူးတယ်...လေဆိပ်ကလေး အိုချင်အိုပါစေ ဟောင်းချင်ဟောင်းပါစေ...၀န်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့ အမူအကျင့်တွေ သစ်လွင်ကောင်းမွန်နေတာ သိရရင် ကျေနပ်ပါတယ်...ဟုတ်ကဲ့ ဒါမြန်မာပြည်ပါခင်ဗျား...ကျွန်တော်တို့ နှလုံးသားထဲက ချည်တိုင်ပါ...နောက်ပို့စ်တွေလည်း မျှော်လင့်နေပါတယ်...

Shinlay said...

ဟုတ်တယ်ကိုညီ။ အခုနောက်ပိုင်းသွားရလာရတာ အရင် နဲ့ မတူပဲ အရင်းအဆင်ပြေလာတယ်။ ကျမလည်း ကြာရှည်ခံပါစေလို့ ဆုတောင်းမိပါတယ်။ ရန်ကုန်ကိုလေယာဉ် ဆင်းခါနီးတိုင်းဘာကြောင့်မှန်းမသိ ၀မ်းနည်း သလိုပဲ။ အရင်ကဆို အမြဲတမ်းမျက်ရည် ကျမိတယ်။
ကိုညီရေ... ဒိဇင်ဘာတော့ ၁လ ပြန်ဖြစ်မယ်။
အပိုင်း ၂ ကိုမျှော်နေပါတယ်။

ညီလင်းသစ် said...

ညီ…
သိပ်ကို သွားသင့်တာပေါ့…၊ သွား.. သွား…း)

ATZH…
:)

မအိုင်အိုရာ…
အိုကေ.. ကျနော်တို့ နေရာသစ်တစ်ခုဆီ သွားရအောင် (ဇော်ဝင်းထွဋ် အသံဖြင့်ပြော…)းD

Ko 9…
ကောင်းတာပေါ့ဗျာ၊ ဒီဇင်ဘာက အင်မတန်မှ ခြေခင်းလက်ခင်း သာတဲ့လ…၊း)

မစံပယ်…
ပြန်ဖို့ အမြန်ဆုံး အဆင်ပြေပါစေဗျာ..၊

မဆွေလေးမွန်…
ဟုတ်… ကျေးဇူးပါ၊ ကျန်တဲ့အပိုင်းတွေလည်း ဆက်လာဖို့ ရှိပါတယ်…၊

ဆရာဟန်…
ရန်ကုန်က အရင်လို မဟုတ်တော့ဘူးဗျ၊ သွေးက ကြီးချင်ချင်ရယ်…၊း) ဟုတ်တယ်ဗျာ၊ အပြင်ပန်းတွေ ဟောင်းနေပေမယ့် အတွင်းက သစ်နေဖို့ပဲ လိုတာ…၊

အစ်မရှင်လေး…
ဟုတ်တယ်နော်..၊ ခုနောက်ပိုင်း စိတ်ချမ်းသာစရာလေးတွေ ဟိုနားဒီနား တွေ့လာရတာ ဝမ်းသာစရာ၊ ကျနော် အိမ်အပြန်ချင်ဆုံး လဖြစ်တဲ့ ဒီဇင်ဘာမှာ ၁ လတောင် ပြန်နိုင်တာ မိုက်တယ်ဗျာ..။း)

San Htun said...

ရန်ကုန်မပြန်နိုင်တာ ၃ နှစ်ရှိပြီ လေယဉ်ခ မတတ်နိုင်လို့ ...လည်လည်ပြန်ကြတဲ့သူတွေက အားတွေကျ...မြန်မာပြည်ကအကြောင်းတွေကိုလည်း ဖတ်ရတော့ ...အလွမ်းပြေ...နောက်အပိုင်းတွေ မျှော်နေပါတယ်ဗျို့ ....း)

မောင်မျိုး said...

ကိုယ်လည်း အိမ်ပြန်ချိန်တိုင်းရင်ခုန်တယ် ညီး)


မိုးငွေ့........ said...

အစ်ကို့ခရီးသွားပို့စ်တွေကတော့ ကိုယ်တိုင်အတူတူ ခရီးသွားရသလိုခံစားမှုမျိုးပေးစွမ်းနိုင်တုန်းပဲ...း)

rose of sharon said...

အပိုင်း၂မျှော်နေမယ်နော်....ရန်ကုန် ရောက်တဲ့ချိန်တူပေမဲ့ မတွေ့နိုင်လိုက်တာစိတ်မကောင်းဘူး...

မေဓာဝီ said...

ကြိုးမဲ့ ချည်တိုင်လေးရဲ့ အပိုင်း (၁) စပြီပေါ့ ...
အရေးအသားကောင်းကောင်းနဲ့ ဓာတ်ပုံလှလှလေးတွေရဲ့ ဆွဲဆောင်ရာ အပိုင်းပေါင်း များစွာဆီ လိုက်ပါဖို့ အင်တာနက် ကွန်နက်ရှင် ကောင်းပါစေ ဆုတောင်းရင်း ... မျှော်လင့်နေပါမယ် ကိုညီလင်းရေ ....

မြသွေးနီ said...

ကိုညီရဲ့ မြန်မာပြည်ပြန်ခရီးသွားပို့စ်တွေက
မြန်မာပြည်ကြီး ဘယ်လိုတွေဘာပဲဖြစ်နေနေ၊ ကိုယ့်တိုင်းပြည်ကို ကိုယ် ချစ်လာစေတဲ့ စိတ်တွေ တဖွားဖွားပေါ်လာစေတယ်။ ဆက်ရန်ကို စိတ်အားထက်သန်စွာမျှော်နေလျှက် -

စူးနွယ်လေး said...

လူဝင်မှုကြီးကြပ်ရေးကောင်တာက ဖော်ဖော်ရွေရွေနဲ့စကားတွေစလာလို့အလိုက်အထိုက်သာပြန်ပြောနေရတာ ဘာများတောင်းလာဦးမလဲလို့ စိတ်ထဲတွေးမိနေတုန်းပဲ..

Anonymous said...

Part II, plsssss :)

သိဂီၤ said...

အသစ်တင်ပါတော့.... နေ့တိုင်းမျှော်ရတာ မောလှပါပြီ...

Nay Myo said...

အပိုင်း(၂) ကိုစောင့်နေတယ်
နေ့တိုင်းဝင်ကြည့်ဖြစ်တယ် .. တင်ထားပြီးပြီလားလို့

အလုပ်တွေရှုပ်နေတာလည်း ဖြစ်မယ်
ခင်ဗျားအိမ်အပြန်ပို့စ်တွေ ဖတ်ပြီးရင် အိမ်ပြန်ချင်စိတ်က ပိုပြီးဆိုးဆိုးလာတယ်။

မြန်မြန်လုပ်ပါဗျာ .. မျှော်နေတယ်။

Tun Tun said...

ဟုတ်ပါတယ်။ တက်စီငှားတဲ့နေ ရာရောက်ရင် အရမ်းစိတ်ညစ်ရပါတယ်။ တက်စီ ဆ၇ာလိုလို နဲ. အထုတ်တွေ ဆွဲလုတယ်။ ပြီးတော် ကားပေါ်တင်ပြီး ပိုက်ဆံတောင်းတယ်။ ကျွန်တော်က တော့ မျက်နှာပြောင်တယ်။ မပေးဘူး။ ရွဲ.စောင်းပြောတာပဲ ခံလိုက်တယ်။ စိတ်ထဲမှာတော့ မကောင်းဘူး။

Ma Tint said...

'စိတ်၏ချည်တိုင် နိုင်ငံကလေးသို့' ဆိုတဲ့ ခေါင်းစဉ်လေးပေးပုံကအစ စိတ်ဝင်စရာကောင်းတယ် ဒီကနေ့ ၁+၂ ကိုဒုတိယအကြိမ်မြောက် အေးအေးဆေးဆေး ၀င်ဖတ်ဖြစ်တယ် မောင်ညီလင်းရေ..ဖတ်ရင်းနဲ့ အရှိန်ရလာလို့ .. :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်