09 December 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၆)


ကလောမှာနေလိုက် မကွေရွာက ဆင်စခန်းကိုဆင်းသွားလိုက် လုပ်နေရာကနေ တစ်ရက်မှာတော့ အင်းထဲကိုသွားဖြစ်ခဲ့ပါတယ်၊ နဂိုတုန်းက စဉ်းစားတာကတော့ အင်းထဲမှာ တစ်ညတော့ဖြစ်ဖြစ် အိပ်မယ်လို့…၊ ဒါပေမယ့် သူငယ်ချင်းတွေက အလုပ်များနေလို့ သူတို့အလုပ်တွေပစ်ပြီး အင်းထဲတစ်ညလိုက်အိပ်ဖို့ ပြောဖို့မသင့်တာရယ်၊ ဈေးတွေတက်နေတဲ့ အင်းလေးဟိုတယ်ခ တစ်ရက်သက်သာလည်း မနည်းဘူးလို့ တွေးမိတာရယ်ကြောင့် နေ့ချင်းပြန်ခရီးပဲ သွားလိုက်တော့တယ်၊


မော်က ဟိုတယ်ကနေဘာမှ မစားခဲ့နဲ့…၊ အောင်ပန်းက အကောင်းဆုံး ရှမ်းခေါက်ဆွဲဆိုင်မှာ မနက်စာစားမယ်-လို့ ဆိုတာကြောင့် ကော်ဖီတစ်ခွက်တောင် မသောက်ဘဲ ဒီအတိုင်းထွက်လာခဲ့တယ်၊ အောင်ပန်းက ဆိုင်ရှေ့ရောက်တော့မှ သီတင်းကျွတ်လပြည့် အဖိတ်နေ့ဖြစ်လို့ ဆိုင်ပိတ်ပါတယ်-တဲ့၊ အဲဒါနဲ့ပဲ အကြိမ်ပေါင်းများစွာ ရောက်ဖူးနေကျ၊ ကားတိုင်းလိုလို ရပ်နေကျဖြစ်တဲ့ “ချယ်ရီ” မှာပဲ မနက်စာ စားလိုက်ရတော့တယ်၊ ချယ်ရီကတော့ အရင်အတိုင်းပါပဲ..၊ အစားအသောက်နဲ့ ဝန်ဆောင်မှုက သိသိသာသာ မတိုးတက်၊ သိသိသာသာလည်း မဆုတ်ယုတ်ဘဲ ရှိနေတယ်လို့ မြင်ပါတယ်၊


ဟဲဟိုးလွင်ပြင်ဟာ ဟိုး… အရင်ကအတိုင်း ဘာမှမပြောင်းလဲဘူး၊ အောက်တိုဘာကောင်းကင်ရဲ့ မိုးသားတိမ်လိပ်တွေကြားမှာ သက်ငြိမ်ပန်းချီကား တစ်ချပ်နှယ်…၊ ကားခေါင်းခန်းကနေ မြင်ရသမျှ မြင်ကွင်းတွေကို ကြည့်ရင်း ဧည့်လမ်းညွှန်လုပ်ခဲ့တဲ့ အချိန်တွေကို ကျနော် ပြန်သတိရနေမိတယ်၊ သိပ်မကြာခင်ဆို ဒီဖက်မှာ ပန်းနှမ်းခင်းတွေက ဝင်းဝင်းဝါဝါ ပွင့်ကြတော့မယ်၊ အထူးသဖြင့် ပင်းတယသွားတဲ့လမ်းဖက်ရယ်၊ အောင်ပန်းနဲ့ ဟဲဟိုးကြား တစ်ကြောရယ်မှာ ကောင်းကင်ပြာနဲ့ ပန်းနှမ်းခင်း အဝါတို့ဟာ ကြည့်သူတွေရဲ့ စိတ်ကို ညွတ်နူးစေတယ်၊ တိုးဂိုက်လုပ်ကာစ အစောပိုင်းကာလတွေတုန်းက ဒီဖက်လမ်းပိုင်းတွေမှာ သွားနေတဲ့အခါ running commentary အနေနဲ့ ဘာအကြောင်းတွေကိုများ ဧည့်သည်တွေကို ပြောရပါ့မလဲလို့ စိုးရိမ်နေခဲ့ရဖူးတယ်၊ အလုပ်ရဲ့ သဘောသဘာဝကိုက စကားပြောရတဲ့ အလုပ်ဖြစ်လို့ အခြေအနေ၊ အချိန်အခါအလိုက် အကြောင်းအရာတစ်ခုမဟုတ် တစ်ခုကို အဆင်သင့် ပြောနေနိုင်ဖို့၊ ရှင်းပြနေနိုင်ဖို့ လိုတာကိုး…၊


ရွှေရန်ပြေ ဘုန်းကြီးကျောင်းကလည်း ဘာမှမပြောင်းဘဲ အရင်လိုပါပဲ၊ အင်းထဲအဝင် နောက်ကျနေလို့ ကျောင်းပေါ်တော့ မတက်ဖြစ်ခဲ့ဘူး၊ ကျောင်းပေါ်မှာ အရင်ကတော့ လူ့တစ်ရပ်ကျော်တဲ့ သင်ပုန်းကြီးတွေနဲ့ နိုင်ငံတကာက တိုးရစ်အလှူရှင်တွေရဲ့ နာမည်တွေကို မြေဖြူနဲ့ ရေးထားတယ်၊ ဒါကိုမြင်တဲ့ နိုင်ငံခြားသား အတော်များများကလည်း အနားက အလှူခံပုံးထဲကို ၅ ဒေါ်လာမျိုး၊ ၁၀ ဒေါ်လာမျိုးသွားထည့်၊ ပြီးတော့ သူတို့ရဲ့ နာမည်တွေကို နိုင်ငံအမည်၊ အလှူငွေပမာဏနဲ့အတူ ကျောက်သင်ပုန်းမှာ ဝင်ဝင်ရေးသွားကြလေ့ ရှိပါတယ်၊ ရှားပါးရှေးဟောင်း ကျောင်းတစ်ခုကို လှူချင်တာလည်းပါ၊ ငါတို့လည်း ဒီကိုရောက်ခဲ့တယ်ဆိုတာ အမှတ်တရ ရေးချင်တာလည်း ပါမယ်ထင်ပါရဲ့…၊


ဖောင်တော်ဆိပ်ကတော့ အရင်ကနဲ့ သိပ်မတူတော့ဘူး၊ Tour ကုမ္ပဏီဆိုင်းဘုတ်တွေ တပ်ထားတဲ့ စက်လှေတွေ အများကြီးရပ်ထားတယ်၊ Tour ကုမ္ပဏီတွေကလည်း အရင်က တစ်ခါမှ မကြားဖူးတဲ့ နာမည်အသစ်တွေ အများကြီးပါပဲ၊ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းကတော့ စက်လှေတွေမှာ တပ်ကြတဲ့ ကုမ္ပဏီနာမည်တွေက ၁၀ ခုတောင်မှ မပြည့်ချင်ဘူး၊ ရေကလည်း အရင်ထက်စာရင် ပိုကျသွားတယ်၊ လှေပေါ်ကိုတက်ဖို့ လှေကားထစ်တွေ ပိုပြီးဆင်းလိုက်ရတယ်…၊


ဒီ အင်းသားတံငါတွေကို မြင်တော့ ကျနော်ပြုံးမိတယ်၊ အကြောင်းကတော့ ကျနော်အလုပ်,လုပ်ခဲ့တဲ့ တစ်လျှောက်မှာ ညောင်ရွှေလှေဆိပ်ကနေ အင်းကျယ်ကြီးထဲ ရောက်ရောက်ချင်း အခုလိုနေရာမှာ ငါးဖမ်းတဲ့တံငါ အတော့်ကို တွေ့ရခဲလို့ပါ၊ အင်းပြင်ကျယ်ရဲ့ အရပ်မျက်နှာ ပေါင်းစုံကလာတဲ့ လှေတွေဟာ ညောင်ရွှေကိုသွားဖို့ ဟောဒီချောင်းဝမှာ စုပြုံဝင်ကြရလို့ ဒီနေရာဟာ တစ်ချိန်လုံး ဆူညံနေတတ်တဲ့ နေရာပါ၊ ပြီးတော့ အင်းထဲမှာက အများအားဖြင့် ပုဆိုးဝတ်ထားတဲ့ တံငါတွေပဲ တွေ့ရတာများပြီး ရှမ်းဘောင်းဘီနဲ့ဆိုတာ ရှားပါတယ်၊ တစ်ခါတစ်လေ ရှမ်းဘောင်းဘီဝတ်တဲ့ တံငါဆိုရင်တောင်မှ အခုလို ပင်နီရောင်ဘောင်းဘီ မဟုတ်တဲ့အပြင် ဘောင်းဘီရဲ့ ခါးအနားစ မှာလည်း အခုနောက်ပိုင်း အလှတပ်ကြတဲ့ အထက်ဆင့်ပုံစံ အနားပတ်နဲ့ မဝတ်နိုင်ကြရှာ ပါဘူး၊ ဘာပဲဖြစ်ဖြစ် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ များလာတဲ့ အခုလိုကာလမှာ မော်ဒယ်လ်အလုပ်ဆိုတာလည်း လိုမှာပဲမဟုတ်လား၊ ဓာတ်ပုံကို စိတ်ကြိုက်ဆင်ရိုက်ချင်တဲ့ သူတွေအဖို့ အဆင်ပြေနိုင်တာမို့ သဘောကျစရာပါ၊ ကျနော်တို့ ဖြတ်သွားတဲ့နေရာကတော့ ဝေးနေတဲ့အပြင် အချိန်လည်း မရလို့ သူတို့ဆီတော့ တကူးတက မသွားဖြစ်တော့ဘဲ အဝေးကနေပဲ တစ်ပုံလောက် လှမ်းရိုက်ဖြစ်ခဲ့တယ်၊


သတင်းတွေထဲမှာ တစ်ချိန်လုံး ဖတ်နေရတဲ့ အင်းလေးကန်အရှေ့ဖက် ဟိုတယ်ဇုန်တူးဖော်ရေးက အခုလိုတကယ်တမ်း မြင်လိုက်ရချိန်မှာ ရှော့ခ် ဖြစ်စေတာတော့ အမှန်ပါ၊ သစ်ပင်စိမ်းစိမ်းတွေ ကြားထဲမှာ ထင်းထင်းကြီးဖြစ်နေတဲ့ မြေစေးနီနီတွေကြောင့်လည်း ပိုပြီး သတိပြုမိစရာ ဖြစ်နေတယ်၊ ပတ်ဝန်းကျင်ရဲ့ တောတောင်ရေမြေ အနေအထားနဲ့ အံမဝင်တဲ့ ထိုးထိုးထောင်ထောင် ဟိုတယ်တွေ ပေါ်မလာပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ့် အဖြစ်…၊


ကဲ… ဒါကမှ မော်ဒယ်လ်မဟုတ်တဲ့ သဘာဝအင်းသား အစစ်…၊း) ဘဝမိုးကောင်းကင်ဆိုတာက တစ်ချိန်လုံး လင်းချင်းနေတာမျိုး မဟုတ်ဘဲ တိမ်သားတွေ ထူထပ်နေတာမျိုး ရှိချင်ရှိမယ်၊ ဒါပေမယ့် မိန်းမရယ် သမီးလေးရယ်နဲ့အတူ ကွမ်းလေးတစ်မြုံ့မြုံ့နဲ့ အေးရာအေးကြောင်းပဲ တစ်ချက်ချင်း လှော်နေခဲ့လည်း ခရီးကတော့ ဖြေးဖြေးချင်း ရောက်သွားမှာပဲ မဟုတ်လား…၊


ဖောင်တော်ဦးဘုရားရဲ့ ခြေရင်းအထိ လှေကပ်နိုင်သေးတာ တွေ့ရလို့ အခိုက်အတန့်အနေနဲ့တော့ စိတ်ချမ်းသာရပါတယ်၊ ဒါပေမယ့် ဒါဟာ မိုးကုန်ကာစ အောက်တိုဘာလမို့လို့ အခုလို သွားလို့လာလို့ အဆင်ပြေနေသေးတာလို့ ဒေသခံတွေက ပြောပြပါတယ်၊ ဧပြီ၊ မေလောက် ဆိုရင်တော့ ရေက ဆိုးဆိုးဝါးဝါးကို ကျနေတုန်းပဲလို့ သိရပါတယ်၊ ဖောင်တော်ဦးဘုရား အနီးတဝိုက်မှာတော့ သဲစုပ်စက်တွေ၊ မြေကော်စက်တွေနဲ့ ကန်ကြမ်းပြင်ကို ဆည်မြောင်းဌာနက ပြုပြင်နေတာ တွေ့ရတယ်၊


ဘုရားက ဆင်းတုတော်တွေ ဖောင်တော်နဲ့အတူ အင်းလေးတစ်ခွင် ဒေသစာရီ ကြွချီနေတဲ့ ကာလဖြစ်လို့ ပုံမှန်အချိန်မှာ မြင်နေကျ ဆင်းတုတော် ၅ ဆူတော့ မဟုတ်ပါဘူး၊ ဒီလိုအချိန်မှာတော့ ကျောင်းမှာပဲ သီတင်းသုံးဖို့ ချန်ခဲ့ရတဲ့ ရုပ်ပွားတော်က အလယ်မှာ ပြောင်းရွှေ့ စံပြီးတော့ အခြားရုပ်ပွားတော်တွေက ပတ်လည်မှာ ဖြစ်ပါတယ်၊


ဘုရားရဲ့အောက်ဖက်က ဆိုင်တန်းလေးတစ်ခုမှာ သားက သူလိုချင်နေတဲ့ လေးခွတစ်လက် ရလိုက်တယ်၊ ဒီမှာရှိစဉ်ကတည်းက သူ့ကိုလေးခွတစ်လက် လုပ်ပေးဖို့ ပြောနေပေမယ့် သားရေကြိုးက လွယ်လွယ်ကူကူ ရှာမရလို့ ကျနော်ကလည်း လုပ်မပေးဖြစ်ဘူး၊ အခု လေးခွအိမ်က အောက်ချင်းငှက်ပုံစံတောင် ထွင်းထားသေးတော့ သူ့အကြိုက်ပေါ့…၊ အဲဒီလေးခွနဲ့ ဘုရားရင်ပြင်က ခိုတွေကို လိုက်ပစ်မယ် လုပ်နေလို့ ကျနော့်မှာ အတော့်ကို ဟန့်ထားရသေးတယ်၊ ဘုရားဖူးတွေက ဟိုဖက်မှာ ခိုစာကျွေးလိုက်၊ သူနဲ့ ထွန်းထွန်းသားနဲ့က ဒီဖက်ကနေ ခိုအုပ်တွေထဲ ပြေးဝင်ပြီး ခြောက်လှန့်လိုက်၊ နှစ်ယောက်သား သဘောတွေကျပြီး ရယ်နေလိုက်နဲ့…၊


အင်းလေးမှာ အရင်တုန်းက လှေအကြီးတွေပဲ စက်တပ်ပြီး မောင်းကြတယ်၊ တရုတ်ကလာတဲ့ အင်ဂျင်ကြီးတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ပြုပြင်ထားတဲ့ စက်နဲ့…၊ အခုတော့ တသက်လုံး လက်နဲ့၊ ခြေနဲ့ပဲ လှော်ကြတဲ့ လှေငယ်လေးတွေကိုပါ အင်ဂျင်အသေးတွေတပ်ပြီး မောင်းလာကြတာ ဒီတစ်ခေါက်မှာ သတိထားမိတယ်၊ လိုရာခရီးကို မြန်မြန်ဆန်ဆန် ရောက်တဲ့အတွက် ဒေသခံတွေကတော့ သဘောကျဖို့ များပါတယ်၊ ဒါပေမယ့် ကန်ရေပြင် ပိုပြီးညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ အသံညစ်ညမ်းမှု၊ စတာတွေနဲ့အတူ ကမ္ဘာမှာပါ ထင်ရှားတဲ့ ခြေထောက်နဲ့ လှေလှော်တဲ့အတတ်ပါ ပျောက်ကွယ်သွားမှာ စိုးရပါတယ်…၊


ကျနော်အလုပ်,လုပ်တုန်းကတော့ ပိုးရက်ကန်း၊ ချည်ရက်ကန်းတွေ ပြဖို့ ဧည့်သည်တွေကို အင်းပေါခုံက မနန်းမြဦးဆိုင်ကို ခေါ်သွားလေ့ ရှိပါတယ်၊ အခု ဒီတစ်ခေါက်တော့ သူငယ်ချင်း သွားနေကျဖြစ်တဲ့ ကိုသန်းလှိုင်ဆီကို သွားဖြစ်တယ်၊ ဝယ်သူတွေက အထဲမှာ ဝယ်ခြမ်းနေကြတုန်း ကျနော်ကတော့ အိမ်ကပြင်လေးပေါ် ထွက်ထိုင်ပြီး ဆူညံလှတဲ့ တဒိုင်းဒိုင်း စက်လှေသံတွေ မကြားရဘဲ အခိုက်အတန့်လေး တိတ်ဆိတ်နေတဲ့ ရေပေါ်ရွာကလေးကို ခံစားနေမိတယ်၊


အခုဆို ကန်ထဲမှာ တရုတ်အင်ဂျင်တပ် စက်လှေတွေအပြင် ဂျပန်အင်ဂျင်တပ် စပိဘုတ်တွေကိုပါ တွေ့လာရတယ်၊ နေ့ချင်းညချင်း အသီးသီးဖွင့်လိုက်ကြတဲ့ စားသောက်ဆိုင်တွေကလည်း ပိုပိုပြီး များလာတယ်၊ ဖွံ့ဖြိုးလာတဲ့ tourism ကိုမှီပြီး ဟိုတယ်တွေရယ်၊ အဲဒီ ဟိုတယ်တွေမှာ လစာကောင်းတဲ့ အလုပ်ကို လုပ်လာကြတဲ့ အင်းသူ၊အင်းသားတွေလည်း များလာကြတယ်၊ ဒါပေမယ့် ဆင်းရဲ့ချို့တဲ့ရှာကြတဲ့ အင်းသူအင်းသားတွေကလည်း အရင်အတိုင်း တပုံကြီးပါပဲ၊ ငွေကိုရေလို သုံးနေကြသူတွေက လက်တစ်ကမ်းမှာ သွားလာနေကြပေမယ့် ရေပေါ်မှာ ငွေတွင်းနက် နေကြတဲ့ ဘဝများစွာကလည်း အင်းထဲမှာ မျောပါနေ ကြတယ်၊ ပျဉ်စပ် လှေကလေးကို တက်လေး တစ်ချောင်းနဲ့လှော်ရင်း ဝါးထရံကာ ရေပေါ်အိမ်လေးတွေ ကြားမှာ ဖြတ်သွားဖြတ်လာနဲ့…၊


ရှေးခေတ် ဗမာဘုန်းကြီးကျောင်းတွေလို ထောင့်မှန်စတုဂံပုံ မဟုတ်ဘဲ စတုရန်းပုံစံ လေးထောင့်ကျကျ ရှမ်းဘုန်းကြီးကျောင်းတွေကို ကျနော် သဘောကျတယ်၊ အများအားဖြင့် အလယ်မှာက ဗုဒ္ဓဆင်းတုတော်တွေ ရှိမယ်၊ ဘေးပတ်လည်မှာတော့ ဆရာတော်တွေ ကျိန်းတဲ့အခန်းတွေနဲ့ ကိုရင်တွေ၊ ကျောင်းသားတွေရဲ့ အခန်းတွေ…၊ အဲဒီလို အမိုးမြင့်မြင့်နဲ့ ကျယ်ပြောလှတဲ့ ဘုန်းကြီးကျောင်းတွေကို ရှမ်းပြည်တောင်ပိုင်းရဲ့ တခြားနေရာတွေနည်းတူ အင်းထဲမှာလည်း မကြာခဏ တွေ့ရတတ်ပါတယ်၊ အဲ... သံကွင်းထဲကို ခုန်တတ်တဲ့ကြောင်တွေ၊ အဲဒီကြောင်တွေကို လာကြည့်တဲ့တိုးရစ်တွေနဲ့ တချိန်လုံး ရှုပ်နေတတ်တဲ့ ငါးဖယ်ကျောင်း ကိုတော့ မဝင်ဖြစ်တော့ဘူး…၊


ခရမ်းချဉ်သီးတွေ အဓိကစိုက်တဲ့ ရေခြံတွေဖက်ကိုလည်း ဖြတ်မောင်းခဲ့တယ်၊ ရေခြံကတော့ ခရမ်းချဉ်သီး ဆွတ်သူတွေနဲ့ အရင်အတိုင်းပါပဲ၊ အင်းလေးကန်တဝိုက်က သစ်ပင်တွေ ပြုန်းတီးရတဲ့ အချက်တွေထဲမှာ ခရမ်းချဉ်သီးထည့်ဖို့ သေတ္တာတွေကို ထုတ်လုပ်တာကြောင့်လည်း ပါ,ပါတယ်၊ အခုနောက်ပိုင်းမှာ တောထဲကိုဝင်ရင် လက်ကိုင် လျှပ်စစ်လွှတွေနဲ့ သစ်ပင်တွေကို တစ်ထိုင်ထဲဖြတ်၊ နေရာတင် တစ်ထိုင်ထဲ သေတ္တာရိုက်ပြီး ရောင်းဖို့အဆင်သင့် အနေအထားနဲ့ ထုတ်လုပ်လာကြတယ်လို့ သိရပါတယ်၊ သစ်ပင်ကို အဆင်အခြင်မဲ့ ခုတ်ဖို့ပဲသိပြီး ပြန်မစိုက်ကြရင်တော့ သဘာဝပတ်ဝန်းကျင်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ၊ ကန်ရဲ့ ရေဝေရေလဲ ဒေသမှာ သစ်ပင်တွေ နည်းသွားတာကြောင့် အင်းလေးကန်တစ်ခုလုံး ဘယ်လိုဆိုးကျိုးတွေနဲ့ ကြုံနေရသလဲဆိုတာ ကျနော်တို့ စိတ်မကောင်းစွာနဲ့ မြင်နေကြရတယ် မဟုတ်လား…၊ ခရမ်းချဉ်ခင်းတွေပေါ်မှာလည်း ပိုးသတ်ဆေးတွေကို အတိုင်းအဆနဲ့ လိုသလောက်ပဲ ထည့်ဖို့ ပညာပေးမှုတွေ လိုသလို ခရမ်းချဉ်စိုက်ခင်းတွေကြားက ရေမှာ ပိုးသတ်ဆေး ပါဝင်နှုန်းကို ဓာတ်ခွဲစစ်ဆေးဖို့လည်း လိုပါတယ်၊


ညောင်ရွှေ ဖောင်တော်ဆိပ်ကို အပြန်မှာတော့ “ကေလာ” ရွာထဲကနေ ဖြတ်ပြန်လာခဲ့တယ်၊ ကေလာရွာက အမြဲလိုလို စည်ကားနေတဲ့ ရွာတစ်ရွာပါပဲ...၊ ရွာလယ်က ရေလမ်းတစ်လျှောက်မှာ ဖြတ်သွားဖြတ်လာသူတွေ၊ ဈေးသည်တွေ၊ တံငါသည်တွေ ပြတ်တယ်ဆိုတာ မရှိဘူး...၊


“ကေလာ” ရွာဖြတ်တိုင်း လှေလှော်နေတဲ့ ကလေးတွေကို အမြဲလိုလို တွေ့ရတတ်တယ်၊ ကျောင်းတက်၊ ကျောင်းဆင်းချိန်ဆိုရင် အဖြူအစိမ်းနဲ့ ကျောင်းသားလေးတွေလည်း တွေ့ရတယ်၊ ကျောင်းစိမ်းလုံချည်ကို လက်တစ်ဖက်နဲ့ မနိုင်မနင်းမ,ပြီး ခြေထောက်တစ်ဖက်ထဲနဲ့ လှေလှော်နေကြတဲ့ ၇ နှစ်၊ ၈ နှစ်အရွယ် ကျောင်းသားလေးတွေကို မြင်ရတဲ့အခါ ကြည်နူးအေးချမ်းမှုကို ခံစားရလေ့ ရှိပါတယ်၊ ဒီတစ်ခေါက်မှာတော့ ညနေဖက်ဖြစ်လို့ ကျောင်းသားလေးတွေ မတွေ့ရဘဲ လှေကို ကျွမ်းကျွမ်းကျင်ကျင် လှော်နေကြတဲ့ ကလေးမလေး ၃ ယောက်ပဲ တွေ့ခဲ့တယ်၊ တစ်ခါတုန်းက ကြည့်ဖူးတဲ့ မွန်ဂိုဒေသ စတက်ပ်မြက်ခင်းပြင်တွေ ပေါ်က ရွှေ့ပြောင်းသွားလာတတ်သူတွေအကြောင်း documentary မှာ ကလေးတိုင်းလိုလိုက ငယ်ငယ်လေးကတည်းက မြင်းကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်ကြတာ တွေ့ရတယ်၊ အခုလည်း ဒီလိုပါပဲ၊ ရန်ကုန်လိုနေရာက ဒီအရွယ်ကလေးတွေဆို လှေလှော်ဖို့ မပြောနဲ့၊ ဒီလို လှေသေးသေးလေးပေါ်မှာ ထိုင်နေဖို့တောင် ကြောက်ချင်ကြောက်နေမှာ ဖြစ်ပေမယ့် ဒီက ကလေးတွေကတော့ ရေပေါ်မှာ မွေးလာသူတွေပီပီ ကျွမ်းကျင်စွာနဲ့ လှော်တတ်ကြပါတယ်...၊

ကလောကိုတော့ အဲဒီနေ့ညဖက် ၇ နာရီခွဲလောက်မှ ပြန်ရောက်ဖြစ်တယ်...။ ။

(ဖတ်ရတာ ငြီးငွေ့စရာ ကောင်းလာပြီလားတော့ မသိဘူး၊ သိပ်မကြာခင်မှာ အဆုံးသတ်ပါတော့မယ်...)


ညီလင်းသစ်
၉ ဒီဇင်ဘာ၊ ၂၀၁၃

20 comments:

စူးနွယ်လေး said...

ဖတ်ပြီးကြောင်း :)

Anonymous said...

ရေပေါ်မှာအိမ်ကလေးတွေ ဆောက်တယ်....ကိုညီလင်းရေ သီချင်းလေးညည်းရင်းစာကိုဖတ်သွားတယ်။ ရေထဲမှာ တိမ်တွေကိုဖမ်းထားတဲ့ပုံကိုတွေ့တော့ သဘောကျမိတယ်။ အင်းသူအင်းသားတွေနဲ့ ပျော်စရာကောင်းတဲ့ အင်းလေးကန်သာဟာ လွမ်းစရာအတိ...

ညီ

Anonymous said...

သားသားကတော့ ဒီတစ်ခေါက်မြန်မာပြည်ပြန်တဲ့ပုံတိုင်းမှာ အားပါးတရ ပြုံးနေတာချည်းပဲ။ သိပ်ကိုပျော်နေတဲ့ပုံပဲ။
အင်းလေးပုံတွေကတော့ ဘယ်ခါကြည့်ကြည့် မရိုးနိုင်တဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။

မီးမီးငယ် said...

အင်းထဲကပုံ​တွေ​တွေ့ပြီး
ရင်​ထဲမှာတကယ်​ခံ့စားမိတယ်
ဘုရား​ပေါက်​အ​ရှေ့ဖက်​က
နန့်​ပန်​​ရေလယ်​ရွာက အဖွားတို့ရဲ့ရွာ​ပေါ့
အင်း​လေးဟိုတယ်​ဇုံဆိုတာ​တွေ့ပြီး
အ​ဖေနဲ့အဖွားအ​သေ​စောသွားတယ်​လို့
မထင်​မိ​တော့မိ​တော့ပါဘူး​လေ
ဆွေမျိုးဆယ်​၀မ်းကွဲ​တော်​သူတ​ယောက်​​တော့
အင်းထဲမှာနံမည်​ကြီး​ဟော်​တယ်​လုပ်​ငန်းပိုင်​ပြီး
၂လ ကိုသိန်းသုံး​ထောင်​ဆိုတာအသာ​လေးဘဲတဲ့
အရင်​တုံးက အင်း​လေးကိုဘဲပြန်​တမ်းတမိပါတယ်

ဆွေလေးမွန် said...

ငြီးငွေ့စရာ မကောင်းပါဘူး..အစ်ကိုတော် ရေးထားတဲ့
ခရီးသွားပို့(စ်)လေးကြည့်ပြီး အားကျတဲ့စိတ်တွေ ပေါ်လာတာ..
ခရီးသွားချင်တယ် အဲဒီလို အသေးစိတ် စနစ်တကျ ရေးတတ်ချင်တယ်

မိုးငွေ့........ said...

အစ်ကို့ခရီးသွားပို့စ်တွေက ပျင်းစရာမကောင်းပါဘူး ပုံတွေလည်း ဒီလောက်ကြည့်လို့ကောင်းတာ ပြီးတော့ စာအရေးအသားကလည်းဆွဲဆောင်မှုရှိနေတာကို...း)

Anonymous said...

ဟုတ်ပါ.တော်။ မြေကြီးတွေတူးထားတာများ တကယ်.ကိုရှော.ခ် ဘဲ။
နောက်နှစ်၂၀လောက်ဆို အင်းလေး ဟာဘယ်လိုများနေမလဲမသိဘူးနော်။

သိဂီၤ said...

အကိုရေ... ညီမတို့လည်း အင်းလေးသွားဖူးတာပဲ.. ကင်မလာအကြီးကြီးယူသွားပြီး ပုံတွေ အများကြီးလည်း စိတ်ကြိုက်ရိုက်ခဲ့တာပဲ တစ်ပုံမှ အကို့ပုံတွေလောက် မလှဘူးဗျို့.. ဓာတ်ပုံရိုက်တဲ့နေရာမှာရယ် ခရီးကို အသေးစိတ်သွားချင်စဖွယ် လေ့လာချင်စဖွယ် မြင်တတ်စဖွယ်ဖြစ်အောင် ရေးတတ်တဲ့နေရာမှာတော့ အကို့ကို မီတဲ့သူ တော်တော်ရှားမယ်.. ဒါကြောင့်မို့လည်း ဟိုးဘလော့ခေတ်အစကတည်းက ခုချိန်ထိ နေ့တိုင်းဖွင့်ကြည့်တဲ့ ဘလော့အနေနဲ့ အကို့ ဘလော့ကျန်နေတာဖြစ်မယ် (ညီမအတွက်ပြောတာဖြစ်ပေမယ့် တော်တော်များများအတွက်လည်း မှန်မယ်ထင်ပါတယ်) နောက်ပို့စ်တွေမျှော်နေတယ် အကို

Goldfish said...

ဖတ်လို့အရမ်းကောင်းပါတယ်။ ဓာတ်ပုံတွေလည်း အရမ်းသဘောကျတယ်။ ဆက်အားပေးနေပါတယ်။
TTW

ညီလင်းသစ် said...

မစူးနွယ်…
ကျေးဇူးတင်ကြောင်း…၊း)

ညီ…
“တောင်တွေကာရံထားတဲ့ အလယ်မှာ အင်းလေး ရေပြင်ပြာ…” သီချင်းလေးညည်းရင်း ကွန်မန့်ကို ဖတ်လိုက်တယ်…၊း))

အမည်ဝှက်စာဖတ်သူ…
သူကတော့ ကလေးသဘာဝ ဆော့နေရရင် ပျော်နေတာ ပါပဲဗျာ..၊

မမီးမီးငယ်…
သြော်.. အဖွားက နန့်ပန်ရွာသူလား၊ ရေပေါ်ဈေး ပျက်သွားပြီးတဲ့ နောက်မှာ နန့်ပန်ဈေးက ကျနော် အကြိုက်ဆုံးဈေးတွေထဲက တစ်ခု ဖြစ်လာခဲ့တယ်၊း) မမီးမီးငယ်ရဲ့ ဆွေမျိုးဆယ်ဝမ်းကွဲ ဟိုတယ်ကို ကျနော်တောင် သိချင်သိနေမှာ…၊း)

မဆွေလေးမွန်…
ဟုတ်… မငြီးငွေ့ဘူးဆိုတော့လည်း ဝမ်းသာရပါတယ် ညီမရေ..၊း)

ညီမမိုး…
အင်းလေ… အားပေးမယ့်သူတွေကလည်း ဒီမောင်နှမတွေပဲ ရှိတာကိုး…. နော၊း)) ကျေးဇူး ညီမ…၊

အမည်ဝှက်စာဖတ်သူ(၂)…
ဘာမှမလုပ်ဘဲ ပစ်ထားလိုက်လို့ကတော့ နောက် အနှစ် ၂၀ မှာ အင်းသားတွေက ကန်ထဲမှာ ဆိုင်ကယ်ကိုယ်စီနဲ့ တဝီဝီ ဖြစ်နေလိမ့်မှာ သေချာတယ်ဗျ…၊

မသိင်္ဂီ…
ကျနော်လည်း ပုံတွေကို တတ်နိုင်သလောက် ကြိုးစားပြီး ရိုက်နေတာ ပါပဲဗျာ၊ ကောင်းတာက တစ်ပုံတစ်လေဆို မကောင်းတာက ခပ်များများရယ်ပါ..၊ ဘာပဲဖြစ်ဖြစ် အခုလို အားပေးတာ၊ အမြဲဖတ်နေတယ်ဆိုတာ သိရလို့ တကယ်ပဲ ဝမ်းသာမိပါတယ်၊ တခါတလေ ဘာပို့စ်မှ မတင်ချင်ဘဲ ပျင်းနေတဲ့အခါ ဘလော့ဂ် စာမျက်နှာထက်ကို ပြန်ဆွဲခေါ်မယ့် နှစ်သက်စဖွယ် ကွန်မန့်လေးအတွက်လည်း ကျေးဇူးပါနော်၊း)

TTW…
ဟုတ်ကဲ့… ကျေးဇူးတင်ပါတယ်ဗျာ…။

Anonymous said...

ရှယ်ဘဲကွာ။
ဖတ်ရတာလည်းကောင်း
ပုံတွေကလည်းဆွဲဆောင်မှုရှိ
ဆက်ဖတ်ချင်နေတုန်း။
ငှက်တွေတော့သိပ်မတွေ့ ခဲ့ဘူးထင်တယ်နော်။
တွေ့ ရင်ဓါတ်ပုံပါမှာဘဲ။
စင်ယော်တွေရောရှိသေးရဲ့ လား။
အိုင်အိုရာ

San Htun said...

အင်းလေးမရောက်တာ ဆယ်နှစ်ရှိပြီ...အင်လေးကန်က အရင်လို သာယာတုန်းပဲ...သားသားက အတော်ပျော်နေတဲ့ပုံ...ခရမ်းချဉ်သီးပုံကို အကြိုက်ဆုံး ရေပေါ်မှာ တိမ်ရောင်တွေ ဟပ်နေတာ..ပျင်းစရာ မကောင်းပါဘူး စိတ်ဝင်စားစရာ ကောင်းလွန်းလို့  မျှော်နေတာ...

Anonymous said...

ကျွန်မပုံမှန် ဘလော့ဖတ်တတ်တဲ့ အကျင့်သိပ်မရှိပါဘူး။ ဒါပေမဲ့ ဟိုးလွန်ခဲ့တဲ့ ၃နှစ်ကျော်လောက်ကတည်းက ၃၇က်ခြားတခါ ၄၇က်ခြားတခါ လာလာပြီးချောင်းကြည့်၊ အသစ်တင်၇င် ၀မ်းပမ်းတသာနဲ့ဖတ်သွားတာ ဒီဘလော့တခုတည်း၇ယ်ပါ။ ဒီဓာတ်ပုံပညာတွေ ဒီအေ၇းအသားတွေ နဲ့ အသေးစိတ်တင်ပြပုံတွေကြောင့် ပုံမှန်ဘလော့တွေထက်ကို အ၇မ်းထူးခြားတာပါ။

မေဓာဝီ said...

ပန်းချီကားချပ်လေးတွေနဲ့ တူတဲ့ ဓာတ်ပုံတွေကိုတစိမ့်စိမ့်ကြည့်ရင်း အဲဒီပုံတွေနဲ့ ပတ်သက်လို့ ရှင်းပြရေးသားထားတာလေးတွေကို ဖတ်ရင်း … ပို့စ်က ဆုံးမှန်းမသိ ဆုံးသွားတယ်။
ဖတ်ရတာ မငြီးငွေ့ပါဘူး … ။

documentary ဆိုလို့ ကိုညီလင်း ခရီးသွားမှတ်တမ်းတွေကို ဖတ်ရတာ documentary ကြည့်ရသလိုပဲ စိတ်ဝင်စားစရာလဲ ကောင်းသလို ကိုယ်မသိသေးတဲ့ ဗဟုသုတတွေလဲ အများကြီးရတယ်။

Anonymous said...

Thanks for your share.
Please continue more..

Anonymous said...

ကဲ ကညီလင်းသစ်ရေ.. ပိတ်သတ်တွေကတော. လုံးဝမငြီးငွေ.ပါဘူးလို. ပြောနေပြီနော်။ နောက်ပို.စ် မြန်မြန်လေးနော်။
အပေါ်က စာဖတ်သူတွေပြောတဲ.အတိုင်းဘဲ ကျမလဲဘဲ ဟိုး ဘလော.ဂ်ခေတ်စ လောက်ကစလို. ဖတ်လာတာ ဒီဘလော.ဂ်တခုဘဲ စွဲစွဲမြဲမြဲဖတ်ဖြစ်တော.တယ်။ အမြဲတမ်းလဲ အသစ်တင်လားလို. လာလာကြည်.တာ ဒီဘလော.ဂ်တခုဘဲရှိပါကြောင်း။
ပြီးတော. ထူးခြားတာတခု ကိုညီလင်းသိလား။ ကိုညီလင်းဘလော.ဂ်မှာ ရိုင်းစိုင်းတဲ.ကော်မန်.တွေမလာဘူး။ စေတနာမှန်လို. အရောင်ပြန်ဟပ်တာပေါ.နော်။

သိ င်္ဂါ ရ said...

မရောက်ဖူးသေးတဲ့ ...

သွားဖို့ စိတ်ကူးထားတဲ့ နေရာတွေထဲက တစ်ခုပါပဲ ကိုညီ

မရောက်ဖူးသေးတာတွေတော့ အများကြီးပါပဲ ... ။

ဟိုတစ်ခေါက် တောင်ကြီး ရောက်တုန်းက

သွားဖြစ်လိုက်ရင်တော့ ... အင်းလေး ကို ရောက်ဖူးခဲ့မှာ ။

အခုတော့ ကြည်ကြည်လင်လင် ဓာတ်ပုံတွေ နဲ့

ပိုပြီး အရောက်သွားချင်နေမိပါကြောင်း ...

ဲမြသွေးနီ said...

အင်းလေးကို ရောက်ဖူးတယ်ကိုညီရေ...
ဟိုး...တစ်နှစ် အပူရှိန်တွေ မြင့်တော့ အင်းလေးကို ပက်ကြားအက်မြေပြင်အဖြစ်နဲ့ တွေ့ရတာ အင်မတန်စိတ်မကောင်းဖြစ်မိရတယ်။ ဖောင်တော်ဦးဘုရားနဲ့ရက်ကန်းရုံ၊ အင်းလေးနဲ့ အင်းသား/သူ။
ခြေထောက်နဲ့လှော်တဲ့လှေကလေး၊ ကျွန်းမျောနဲ့ ခရမ်းချဉ်ခင်း၊ အားလုံးကို သဘာဝအလှအတိုင်း အမြဲတည်ရှိစေချင်တယ်။ ပုံတွေကောင်းတာတော့
ပြောစရာကို မလိုတော့ပါဘူး ကိုညီရေ...

Anonymous said...

အချိန်ရလို့ စိမ်ပြေနပြေ တဝကြီးဖတ်သွားပါတယ်။ ညီလင်းပိုစ့်တင်ပြီးကတည်းက၊ ဖတ်ပြီးပေမယ့် ကွန်မကောင်းလို့ အခုမှ မှတ်ချက်ရေးရပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ရွှေညောင်ကိုဗဟိုပြုပြီး တောင် ကြီး အင်းလေး ပင်းတယဘက်တွေကို သူငယ်ချင်းတွေနဲ့အတူ အလည်သွားဖူးတာမို့ ညီလင်းပိုစ့်က ရှမ်းပြည်အလွမ်းပြေစေတာအမှန် ပါပဲ။ နောက်ပြီး ငယ်စဉ်က အဖေတာဝန်ကျလို့ ရှမ်းပြည်မြောက်ပိုင်း(လားရှိုး) မှာ ၆နှစ်လောက် နေခဲ့ဖူးတော့ ရှမ်းပြည်မြင်ကွင်း တွေကိုချစ်တယ်။ ရှမ်းအစားအစာကြိုက်တယ်၊ ရှမ်းမလေးတွေ ချောတယ်ပေါ့...အဟဲ။ အင်းလေးဓာတ်ပုံတွေကို ကြည့်ရတာ ရေခန်းသွားလို့လား၊ ကန်ပတ်လည်က သစ်ပင်တွေနည်းသွားလို့လားမသိ၊ အပူ ကဲနေသလိုပဲနော်၊ ခရမ်းချဉ်သီး စိုက်ခင်းလေးကိုတော့ ကြိုက်တယ်။ ငြိမ်းတို့သွားခဲ့တုန်းက စိမ်းစိုညို့မှိုင်း အုံ့ဆိုင်းနေတာများ အခုပြန်တွေးရင်တောင် အအေးဓာတ်ကို ခံစားရပါသေးတယ်။ သားသားပျော်နေတဲ့ပုံ တွေကြည့်ပြီး သဘောကျလိုက်တာ၊ တောင်ကြီးဘက်ရော မရောက်ခဲ့ဘူးလား။ စိတ်အဝင်စားဆုံးကတော့ ကိုထွန်းထွန်း မမော်တို့ရဲ့ ဆင်စခန်းပဲ။ တစ်နေ့ အခါအခွင့် သင့်ရင် Green Hill Villa ကို အရောက်သွားပြီး သဘာဝအလှတွေ ခံစားကြည့်ချင်ပါသေးရဲ့။
ငြိမ်း

Ma Tint said...

အင်းလေးနဲ့ ဖောင်တော်ဦးဘုရား အလွမ်းပြေလေး ဖတ်သွားတယ် မောင်ညီလင်းရေ... ဖတ်ရသမျှ စိတ်ဝင်စားစရာကောင်းတာမို့ငြီးငွေ့မှု အလျင်းမရှိပါဘူး..

မေတ္တာဖြင့်
တီတင့်