28 November 2007

ခဲတံများ


ကျနော်တို့အားလုံး ခဲတံတွေနဲ့ရင်းနှီးကြပါတယ်၊ ငယ်စဉ်ကာလ ကျောင်းနေတဲ့ အရွယ်ကစ,လို့ နောက်ဆုံး လုပ်ငန်းခွင်ထဲရောက်တဲ့အထိ ခဲတံအမျိုးမျိုးကို ကိုင်ဖူးကြပါတယ်၊ အရောင်စုံ အရွယ်စုံခဲတံ ပေါင်းစုံကို သုံးပြီး အသိပညာ၊ အတတ်ပညာမျိုးစုံကို သင်ကြားခဲ့ကြတယ်၊ ပူပင်စရာသိပ်မရှိလှတဲ့ ကျောင်းသားဘဝ တုန်းက ရိုးစင်းလှတဲ့ နေ့စဉ်ဘဝတွေထဲမှာ ဒီခဲတံလေးတွေကလည်း အဖော်မွန်ပါပဲ၊ ကြီးပြင်းလာတော့လုပ်ကိုင်ရာ လုပ်ငန်းအလိုက် ခဲတံသုံးရမယ့်နေရာ နည်းပါးသွားတတ်ကြပေမယ့် ကျနော်တို့အားလုံးရဲ့ ငယ်ဘဝကောက် ကြောင်းတွေထဲမှာ ခဲခြစ်ရာတွေ ပါဝင်ခဲ့ဖူးတာတော့ ငြင်းမရပါဘူး၊

ကလေးဘဝ ကျောင်းနေရမယ့်အရွယ် မရောက်သေးခင် ကျနော်ပထမဆုံးစပြီး ရင်းနှီးရတာက ဘောပင်ပါ၊ ကလေးတို့သဘာဝ ဟိုဟိုဒီဒီရေးခြစ်ချင်တော့ အဖေနဲ့အမေက ကျနော့်ကို စာရွက်တချို့နဲ့ ဘောပင်တစ်ချောင်း ပေးပါတယ်၊ အဲဒီမှာ ကျနော်က ရုပ်ပုံလည်းမဟုတ်၊ စာလည်းမဟုတ်၊ ဂဏန်းသင်္ချာလည်းမဟုတ်တဲ့ မျဉ်း ကြောင်းတွေကို တောင်ခြစ်မြောက်ခြစ် လျှောက်ခြစ်ပါတယ်၊ တောင်ခြစ်မြောက်ခြစ် ဆိုပေမယ့် တကယ်တော့ ကျနော်က ဘယ်အရပ်ကတောင်၊ ဘယ်အရပ်ကမြောက်မှန်းတော့ အဲဒီအရွယ်တုန်းကသိတာမဟုတ်ပါဘူး၊ ဒါပေမယ့် ပြောရိုးပြောစဉ် တောင်ခြစ်မြောက်ခြစ် ခြစ်တယ်ပဲထားပါတော့၊ ဘာတွေရေးခြစ်နေတာလဲ ဆိုတာ မသိပေမယ့် အရေး မကြီးပါဘူး၊ စာရွက်ပေါ်မှာ ဘောပင်နဲ့ အရာထင်အောင်ဆွဲနိုင်ရင် ကျေနပ်သွားတာပါပဲ၊ အရေးမပါပေမယ့် အရာထင်ရင်ပျော်တတ်တဲ့ ကလေးဘဝကိုး၊ နောက်တော့ ရောင်စုံခဲတံ...၊ ဒီလောကရဲ့ အရောင်တွေ အကြောင်းကို ဘာမှမသိသေးခင် ကိုယ့်ကမ္ဘာလေးထဲမှာ ကိုယ့်စိတ်ကြိုက်အရောင်တွေ ဖန်တီး ရတာဟာ ကလေးတစ်ယောက်အတွက် ကြည်နူးဖို့ကောင်းလှပါတယ်၊

ကျောင်းနေရမယ့် အရွယ်ရောက်လာတော့ ကျောင်းလွယ်အိတ်၊ ကျောင်းဝတ်စုံ၊ စာအုပ်၊ ကွန်ပါဗူး စသဖြင့် စိတ် လှုပ်ရှားစွာနဲ့ ပြင်ဆင်ရတဲ့ အသစ်အဆန်းတွေထဲမှာ ခဲတံလေးတွေလည်း ပါဝင်ပါတယ်၊ တချို့ခဲတံတွေက ရုပ်ပုံ လေးတွေနဲ့၊ တချို့ကတော့ဗြောင်...၊ ဒီခဲတံလေးတွေနဲ့ ဝလုံးလေးတွေ၊ နောက်တော့ ကကြီး,ခကွေး၊ နောက်တော့ စာကြောင်းတိုလေးတွေ၊ တဖြည်းဖြည်းနဲ့ အရေးကျင့်ခဲ့ကြလို့ပေါ့၊ ငယ်ငယ်ကတည်းက ကျနော့်မှာ စာရေးရင် ဖိရေးတတ် တဲ့အကျင့်ရှိပါတယ်၊ စာ,စရေးတတ်ကတည်းက ဒီလိုပဲရေးတတ်ခဲ့တာ အခုထိပါပဲ၊ သတိ ထားရေးရင် အစမှာတော့ ဟုတ်သလိုလိုနဲ့ စာကြောင်းနှစ်ကြောင်းလောက် ရေးပြီးတာနဲ့ အလိုလိုဖိရေးမိလျက် သားဖြစ်နေတတ်ပါတယ်၊ ကျနော့်စာအုပ်တွေမှာဆိုရင် တဖက်ကဖိရေးထားလို့ အခြားတဖက်မှာ ဖောင်းကြွစာ လုံးတွေလို အမြဲပေါ်နေတတ်ပါတယ်၊ မသိရင် ဖိတ်စာအလားပါ၊

အဲဒီမှာ ကျနော်နဲ့ခဲတံတွေကြားက ပထမဆုံးပဋိပက္ခ စတော့တာပါပဲ၊ ကျနော့်ရဲ့ဖိရေးတဲ့ဒဏ်ကို သူတို့မခံနိုင် ပါဘူး၊ လောလောလတ်လတ်ချွန်ထားတဲ့ ခဲတံတစ်ချောင်းဟာ စာတစ်မျက်နှာရေးလို့ မဆုံးခင်မှာပဲ ဖျောက်ကနဲ ကျိုးသွားလေ့ရှိပါတယ်၊ ဒီတော့ပြန်ချွန်...ဆက်ရေး...တခါထပ်ကျိုး၊ ဒီလိုနဲ့ကျနော့်ရဲ့ ခဲတံတွေဟာသူများနဲ့ ယှဉ်ရင် စောစီးစွာတိုသွားလေ့ရှိပါတယ်၊ သူတို့ခမျာမှာ ခဏခဏအချွန်ခံရလို့ နာကျင်ရသလောက် စာလုံးရေ များများစားစားလည်း မရေးနိုင်ဘဲ သက်ဆိုးမရှည်ရှာကြပါဘူး၊ ကျနော်အကိုင်အတွယ် မတတ်ပုံများ...။

နောက်တခုက ခဲတံချွန်စက်...၊ ချွန်စက်ကို ကျနော်သိပ်မကြိုက်ပါဘူး၊ အကြောင်းကတော့ ချွန်စက်တွေက ခဲတံကို မြိနေအောင်ချွန်လို့ပါပဲ၊ အဲဒီတော့ ဖိရေးတတ်တဲ့ကျနော်နဲ့ တွေ့တဲ့အခါ စာရွက်တွေပေါက်ကုန်တော့ တာပါပဲ၊ ဒါ့ကြောင့်ခဲတံကို ဓါးနဲ့ချွန်တာ ကျနော်ပိုကြိုက်ပါတယ်၊ ဒါပေမယ့် ကလေးဘဝတုန်းက ကျနော်တို့ ဓါးကိုင်ခွင့် မရှိပါဘူး၊ ဒီလိုနဲ့ ကျနော့်ရဲ့ ခဲတံချွန်ရတဲ့ တာဝန်ဟာ အဖေ့ပေါ်ကျရောက်သွား ပါတော့တယ်၊ အဖေ ချွန်တဲ့ခဲတံတွေကို ကျနော်ကြိုက်ပါတယ်၊ အဖေက မချွန်ခင်မှာ ခဲတံပတ်ပတ်လည် ဓါးနဲ့ အရာပေးပြီး ဝိုင်းလိုက် ပါတယ်၊ ပြီးမှခဲတံတွေကို စိတ်ရှည်လက်ရှည် ချွန်တယ်၊ ကျနော် ဖိရေးတတ်မှန်းသိလို့လည်း ခဲဆံတွေကို သိပ် မချွန်ပါဘူး၊ ဒီတော့ တစ်မျက်နှာနဲ့ ကျိုးမယ့်ခဲတံဟာ နှစ်မျက်နှာလောက်တော့ ရေးလို့ရတာပေါ့၊ ပြီးရင်တော့ ကျိုးပြန်တာပါပဲ၊

အဲဒီပြဿနာကို အထိုက်အလျောက်ရှင်းပေးလိုက် တာကတော့ ‘ခွေးတံဆိပ်’ ခဲတံပါ၊ ဒီခဲတံက အနက်ရောင် တမျိုးထဲရှိပြီးတော့ တံဆိပ်က ‘Sphinx’ လို့ခေါ်တဲ့ ဂရိမနုသီဟ အရုပ်ပါ၊ ကျနော်တို့ကလေးတွေကတော့ ခွေးတံဆိပ်လို့ အလွယ်ခေါ်လိုက်တာပါပဲ၊ ဒီခဲတံရဲ့ခဲသားက အင်မတန်မာတယ်၊ တော်ရုံတန်ရုံနဲ့ မကျိုးပါဘူး၊ သူနဲ့ကျမှပဲ ကျနော်လည်းတော်တော်အဆင်ပြေသွားတယ်၊ ဒါတောင်တခါတခါ ကျိုးတတ်သေးတယ်၊

ဖိရေးတဲ့အတွက် ဖြစ်ရတဲ့နောက် ပြဿနာတခုက ခဲဖျက်ပါ၊ ကျောင်းမနေရသေးခင်ကတော့ ကြိုက်တာကို ကြိုက်သလိုခြစ်...ပြန်ဖျက်စရာမလိုပါဘူး၊ ကျောင်းသားဖြစ်လာတော့ ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူလာရပြီ၊ တာဝန်နဲ့တွဲပြီး ပါလာတတ်တာက အမှားပါ၊ ဒီတော့မှားရေးရင် ပြန်ဖျက်ပေါ့၊ ဒါပေမယ့် ကျနော့်လိုဖိရေးတတ်တဲ့ လူတစ်ယောက်အဖို့ ခဲဖျက်နဲ့ ဘယ်လိုဖျက်ဖျက် အရာတော့အမြဲတမ်း ကျန်နေခဲ့တာချည်းပါပဲ၊ မလိုအပ်ဘဲ အားစိုက်ခဲ့မိတဲ့အတွက် မှားရင်တောင် အဲဒီအမှားက သူများတွေထက် ပိုလို့နက်ရှိုင်းခဲ့ရပါတယ်၊

ဒီလိုနဲ့ ခဲတံတွေနဲ့ကျနော်ဟာ နီးလျက်နဲ့ တဖြေးဖြေးဝေးလာခဲ့ပါတော့တယ်၊ တချို့သူငယ်ချင်းတွေက တိုနေတဲ့ ခဲတံလေးတွေကို လွှင့်မပစ်ရက်လို့ လက်ကိုင်ရလွယ်အောင် မြဝတီဘောပင်အဖုံး၊ ဒါမှမဟုတ် ဝါးဆစ်ရိုးလေး စွပ်ပြီးရေးနေကြချိန်မှာ ကျနော်ကဘောပင်တွေကို မျက်စောင်းထိုးနေခဲ့တာပေါ့၊ ဘယ်တော့မှ ချွန်စရာမလိုတဲ့ ဘောပင်တွေလေ...၊ ဝယ်ပြီးတာနဲ့ တန်းရေးရုံပဲ၊ ဘယ်လောက်ကောင်းလိုက်သလဲ...၊ ဒါနဲ့ပဲ ဘောပင်နဲ့ ရေးရဖို့ ကျနော်မျှော်လင့် စောင့်စားနေခဲ့တဲ့ နေ့ရက်တွေဟာ ငါးတန်းတက်တဲ့ နှစ်မှာရောက်လာပါတော့တယ်၊

မှတ်မှတ်ရရ ပထမဆုံးကျောင်းတက်တဲ့နေ့...ကွန်ပါဗူးထဲမှာ ဘောပင်(၄)ချောင်းနဲ့ လူကသွေး တကြွကြွနဲ့ပေါ့၊ အခုချိန်ကစပြီး ငါလည်းတခြား လူကြီးတွေလိုပဲ ဘောပင်နဲ့ရေးလို့ ရပြီ၊ မှုံမှုံမွဲမွဲ ခဲရောင်တွေအစား အဆင် အသွေးစိုတဲ့ အပြာရောင်စာလုံးလေးတွေ မွေးဖွားတော့မယ်၊ တဖက်ကဒီလို ပျော်နေပေမယ့် တဖက်ကလည်း ‘ဘောပင်နဲ့ တကယ်ပဲရေးရတော့မှာလား’ လို့မယုံမရဲနဲ့၊ ဒါနဲ့ ဘေးဘီကို ကြည့်လိုက်တော့ ကျနော့်ထက် (၂)နှစ် လောက်ကြီးတဲ့ နှစ်ကျအကိုကြီး တစ်ယောက်ကိုတွေ့လိုက်တယ်၊ ‘အင်း...ဒီမေးခွန်းကို အမေးသင့်ဆုံး လူဟာ သူပဲ’ လို့တွေးလိုက်ပြီး၊ ‘အကို...ကျနော်တို့ စာတွေကိုဘောပင်နဲ့ရေးရမှာလား’ လို့မေးလိုက်ပါတယ်၊ ဒီတော့သူ ကဘုကြည့်,ကြည့်ပြီး ‘ဘောပင်နဲ့မရေးလို့ မင်းကဘာနဲ့ ရေးချင်လို့လဲ’ တဲ့၊ ဟား...ကြည့်စမ်း၊ ဘယ်လောက် သေချာလိုက်တဲ့ အဖြေလဲလို့၊ ပျော်လိုက်တာ.....။

ဒီလိုနဲ့ (၅)တန်းကျောင်းသား ကျနော်ဟာ အစပိုင်းရက်တွေမှာ စာရေးဖို့ကို အင်မတန်မှ စိတ်အားထက်သန် နေခဲ့ပါတယ်၊ ဘောပင်ပေါင်းစုံကို အမျိုးမျိုးပြောင်းရေးလို့ ကျနော့်ရဲ့လက်ဟာ ဇောင်းကလွတ်တဲ့ မြင်းတစ်ကောင်လို စာရွက်တွေပေါ်မှာ ခုန်ပေါက်ကဆုန်စိုင်း နေခဲ့တာပေါ့၊ ဒါပေမယ့် မကြာခင်မှာပဲ အဲဒီမြင်းဟာ ခွာလိပ်လာခဲ့ ပါတော့ တယ်၊ အမှားမကင်းတဲ့ လူသားပီပီ ကျနော့်စာအုပ်ဟာ မှားတဲ့စာလုံးတွေကို ခြစ်ထားတာတွေနဲ့ ပွလို့၊ သိပ်မြင်မကောင်းတော့ နည်းလမ်းရှာရင်းနဲ့ မှင်ဖျက်ဆေးရည် သုံးရကောင်းမှန်း သိလာရော၊ ဒါပေမယ့် ဒါကလည်းသိပ်တော့ မဟန်ပါဘူး၊ အထူးသဖြင့် ဆရာမ စာခေါ်ချိန်ဆို အဆိုးဆုံး..၊ မှားလို့ဖျက်၊ မှင်ကမခြောက်သေးတော့ အပေါ်ကထပ်ရေးလို့မရ၊ လိုက်မမှီမှာစိုးလို့ ချန်ခဲ့ပြီးကျော်ရေး၊ ဒီလိုနဲ့ မှင်ဖျက်ဆေးရည် အဖြူကွက်တွေက ဟိုတကွက် ဒီတကွက်နဲ့။

ရက်တွေကြာလာတဲ့ အခါမှာတော့ ဘောပင်တွေအကြောင်းကို ကျနော် တစတစနဲ့ ပိုသိလာခဲ့ပါတော့တယ်၊ ဝယ်ပြီးတာနဲ့ တန်းရေးရုံပဲလို့ ကျနော်အထင်ကြီးထားတဲ့ ဘောပင်တချို့ဟာ ဟိတ်ဟန်ကြီးတခွဲသားနဲ့ မှင်က လိုက်တချက်, မလိုက်တချက်၊ နောက်ပြီး ရေးလို့ကောင်းတုန်း အမှတ်တမဲ့နဲ့ လွတ်ကျသွားလို့ မှင်ချောင်းတည့် တည့်နဲ့များ ကျလိုက်လို့ကတော့ သွားပြီပဲ၊ တခါတလေ ရေးရင်းတန်းလန်း မှင်ကုန်သွားရတာလည်း တမှောင့်၊ ကျနော် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ရတဲ့ ဘောပင်တွေက မထင်မှတ်တဲ့ ရှုထောင့်တွေကနေ ကျနော့်ကို စိတ် ဒုက္ခမျိုးစုံ ပေးလာခဲ့ပါတယ်၊ ဘောပင်တွေနဲ့ ပတ်သက်ပြီး စိတ်တိုင်းမကျမှုတွေက များသထက်များလာတဲ့အခါ ငယ်စဉ်ဘဝကတည်းက ရင်းနှီးခဲ့တဲ့ ခဲတံတွေကို ပြန်သတိရလာပါတော့တယ်၊ ကြည့်စမ်း.....ဒီနေရာမှာ ခဲတံလေးတွေဆို ဘယ်လောက်ကောင်းမလဲ၊ သူတို့မှာ မှင်မလိုက်တဲ့ ပြဿနာမရှိဘူး၊ လွတ်ကျသွားရင်လည်း အလွန်ဆုံးခဲဆံ ကျိုးရုံပေါ့၊ ပြန်ချွန်ပြီး ဆက်ရေးရုံပဲ၊ ရုတ်တရက်ခဲဆံ ကုန်တယ်ဆိုတာလည်း မရှိဘူး၊ ခဲတံတို လာပြီဆိုရင် သတိမထားချင်လို့ မရအောင်ကိုသိသာတာ၊ ဒါဆိုရင် အသစ်လဲလိုက်ရုံပါပဲ၊

စာအုပ်တွေထဲမှာ စိတ်တိုင်းမကျတဲ့ ဘောပင်တွေနဲ့ ရေးနေရတဲ့ ကျနော်ဟာ ဘဝစာမျက်နှာတွေပေါ်မှာလည်း မှင်မလိုက်တဲ့နေ့ရက်တွေ၊ လွတ်ကျသွားလို့ ဆက်ရေးလို့မရတဲ့နေ့ရက်တွေ၊ မပြောမဆို မှင်ကုန်သွားတဲ့နေ့ရက် တွေကို စိတ်တိုင်းမကျစွာ ဆက်ပြီးရေးသား နေရတုန်းပါပဲ၊ မြင်နေရတဲ့ စာအမှားတွေကို မှင်ဖျက်ဆေးရည်နဲ့ မမြင် ရအောင်ဖျက်လိုက်ပေမယ့် မမြင်ရတဲ့ဘဝအမှားတွေကိုတော့ တစ်ယောက်ထဲ ဆက်ပြီးမြင်နေရတုန်းပါပဲ၊ ဒီလို အဖြစ်တွေ ဆင့်ကာဆင့်ကာ စီလာတဲ့အခါမှာတော့ ခဲတံတွေကို ကျနော်နာကျင်စွာ လွမ်းဆွတ်နေတတ် ခဲ့ပါပြီ၊

အခုချိန်ခါမှာတော့ ခဲတံတွေနဲ့ ပိုလို့ဝေးရာ ကွန်ပျူတာစာလုံးတွေကြားကို ကျနော်တရွေ့ရွေ့နဲ့ တိုးဝင်လျှောက် သွားနေမိပါတယ်၊ စာရိုက်ဖို့ ချွန်စရာမလိုတဲ့ လက်နှိပ်ခုံက ဘယ်လိုရိုက်ရိုက် ဒီအရွယ်၊ ဒီအရောင်၊ ဒီစာလုံးပါပဲ၊ ဖိရိုက်လည်း တဖက်မှာဖောင်းကြွစာလုံး မထင်ပါဘူး၊ အပြုံးအရယ် တစက်မှမရှိတဲ့ လူတစ်ယောက်နဲ့ စကားပြောရသလိုပါပဲ၊ တိုးတက် မြန်ဆန်ဖို့ ဦးနှောက်ရဲ့ တီထွင်ထားမှုတွေ နောက်ကို ကျနော့်နှလုံးသားက အဆင်မကျစွာလိုက်ပါရင်းနဲ့ သူဆွတ်ပျံ့ လှိုက်ခုန်ဖူးရာ အတိတ်ကာလဆီကို သမင်လည်ပြန် စောင်းငဲ့ကြည့်လို့၊ အခုအချိန်မှာ ကျနော်အလိုချင်ဆုံးကတော့ ခဲတံလေးတစ်ချောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်တဲ့အခါ ဖြစ်ပေါ်လာမယ့် လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်အကြားက နွေးထွေးမှုလေးပဲ ဖြစ်ပါတယ်။ ။


ညီလင်းသစ်
၂၈ နိုဝင်ဘာ၊ ၂၀၀၇

4 comments:

မေငြိမ်း said...

အင်းး အမလည်း ခဲတ့ကြိုက်သူပဲ။ ခုထိ အစည်းဝေးတွေမှာ ခဲတံပဲသုံးတယ်။ ခဲတံနဲ့ရေးတဲ့လက်ရေးက ပိုလှပြီး ပန်းချီဆန်တယ်လို့ထင်တယ်။ ဒါပေမဲ့ ခဲဆံက အရည်အသွေးညံ့ရင်လည်း အရောင်မှိန်တာပဲကွယ်။ ပြီးတော့ ခဏခဏ ချွန်ရတဲ့ အခက်အခဲ။ ခဲဖျက်သုံးပေမဲ့လည်း မဲပြီး ကျန်ခဲ့တာကလည်း ဆိုးတာပါပဲ။ တကယ်တော့ အမှား မကင်းနိုငတဲ့ ရေးရာတွေထဲမှာောတ့ ကွန်ပျူတာလို delete လုပ်ရရင်လည်း ကောင်းသားလို့သာ တွေးတော့ကွာ....

မေဓာဝီ said...

ကျမလဲ ခဲတံချစ်သူပါပဲ၊ ခဲတံအကြောင်း ဘလော့မှာ သူနဲ့ ခဲတံ ဆိုပြီး ပို့စ်ရေးခဲ့ဖူးတယ်။ ကိုညီလင်းသစ်ထက်တော့ နောက်ကျပါတယ်။ ၂၀၀၉ ခုနှစ်မှာ။
ဒီစာကို ခုမှ ဖတ်ရပေမဲ့ ကိုယ်နဲ့တူတာ တော်တော်များနေလို့ ... ....

Nyi Linn Thit said...

မမေဓာဝီ ...
ကျေးဇူးပါခင်ဗျာ...၊ သူနဲ့ခဲတံ..ဟုတ်လား၊ ကျနော် မပျက်မကွက်ကို လာဖတ်ပါဦးမယ်...၊

အမမေငြိမ်း ...
အခုမှ ပြန်ဖြစ်တာ ဆောရီးပါ အမရေ့...၊ ထားသွားတာ ၃ နှစ်ကျော် ကြာနေတဲ့ ကွန်မန့်ကို အခုမှပဲ ပြန်ဖြစ် တော့တယ်၊ ဘာပဲဖြစ်ဖြစ် better late than never ပဲ၊ ဟုတ်တယ် မဟုတ်လား အမ...။ :)

Anonymous said...

ကီးဘုတ်နဲ့ ဖန်တီးလိုက်တဲ့ စာသားတွေက ကိုယ်ပိုင် မဟုတ်သလိုပဲ၊ ကိုယ့်လက်ရေးလောက် ရင်းနှီးနွေးထွေးမှု မရှိသလိုပဲ ပြီးတော့ သူစိမ်းတစ်ယောက်လို ခံစားရတယ်..