19 March 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၁)


ကျနော့်ရဲ့ သားကလေး အသက် သုံးနှစ်ခွဲကျော်လို့ ၄ နှစ်ထဲ ဝင်စ,ပြုလာတဲ့အခါ သူ လသားအရွယ် ကတည်းက ကျနော်စဉ်းစားထားတဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖေါ်ဖို့ အချိန်ကျပြီလို့ ကျနော် သတ်မှတ်လိုက် ပါတယ်၊ အဲဒါကတော့ သားကလေးကို ကျနော် မွေးဖွားကြီးပြင်းခဲ့ရာ အရှေ့တောင်အာရှက ချစ်စရာ နိုင်ငံလေးနဲ့ မိတ်ဆက်ပေးဖို့ပဲ ဖြစ်ပါတယ်၊ အဲဒီလို သွားမယ်လို့ ဆုံးဖြတ်လိုက် ပြီးတဲ့နောက်မှာ ခရီးစဉ်အတွက် ပြင်ဆင်မှုတွေ စ,လုပ်ပါတယ်၊ ပထမဦးဆုံးက ဘယ်အချိန် သွားမှာလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေရှာတာပါ၊ ဖြစ်နိုင်ခြေ နှစ်ခု၊ သုံးခုလောက် စဉ်းစားပြီးတော့ နောက်ဆုံးမှာ သူ့အသက် ၄ နှစ်ခွဲလည်းဖြစ်၊ ရာသီဥတုလည်း သာသာယာယာ ရှိ တတ်တဲ့ ဖေဖော်ဝါရီလကို ကျနော်တို့ ရွေးချယ်လိုက် ပါတယ်၊ ဆိုတော့ ဒီခရီးစဉ်ဟာ ဖေဖော်ဝါရီလမှာ ကျရောက်တဲ့ ကျနော့်ရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင် ဆိုရင်လည်း မမှားပါဘူး၊

သွားမယ့်ရက်ကို ရွေးပြီးတော့ ဒုတိယအဆင့် အနေနဲ့ လေယာဉ်လက်မှတ်တွေ စုံစမ်းကြည့်ပါတယ်၊ ဒါကတော့ ရှင်း ပါတယ်၊ သွားရိုးသွားစဉ် လမ်းကြောင်းအတိုင်း ထိုင်းနဲ့ စင်ကာပူ လေကြောင်းနှစ်ခုကို ယှဉ်ကြည့်ပြီး ဈေးပိုသက်သာတဲ့ စင်ကာပူ လေကြောင်းကိုပဲ ယူလိုက်တယ်၊ ကာတာလေကြောင်း၊ အဲမရိတ် လေကြောင်း စတာတွေနဲ့ ဒိုဟာဖက်ကနေ ပတ်သွားရင် စင်ကာပူထက် ဈေးပိုသက်သာတာ မှန်ပေမယ့် ကလေးတဖက်နဲ့ ဆိုတော့ လေယာဉ် ၂ ဆင့် ပြောင်းစီးရတဲ့ ကိစ္စ၊ လေဆိပ်တွေမှာ အချိန်ပို စောင့်ရတဲ့ ကိစ္စ တွေကို ရှောင်ချင် တာလည်း ပါ,ပါတယ်၊ ဒီလိုနဲ့ မနှစ်က ဇူလိုင်လဆန်း ကတည်းက လေယာဉ်လက်မှတ်တွေ ဝယ်ထားလိုက်တယ်၊ သွားမယ့်ရက် ကပ်လာရင် ဈေးတွေတက်လာနိုင်တယ် ဆိုတဲ့ စိတ်ကူးနဲ့ ခပ်စောစောပဲ ဝယ်လိုက်တယ်၊ တစ်ယောက်ကို ဒေါ်လာ ၁၅၀၀ ပေးရပါတယ်၊ အဲဒီမှာ ဆန္ဒစောတဲ့ အကျိုးကို ခံစားရတာပါပဲ..၊ ကျနော်တို့ လက်မှတ်လည်း ဝယ်ပြီးရော ၂ ပတ်လောက် အကြာမှာ စင်ကာပူ လေကြောင်းက အထူးလျှော့ဈေးကာလ ကြေညာလိုက်ပြီးတော့ လက်မှတ်တွေ ဈေးချ ရောင်းပါတော့တယ်၊ ကျနော်တို့ ဝယ်ခဲ့တဲ့ ၁၅၀၀ တန် လက်မှတ်ကို ၁၀၀၀ ကျော်ကျော်နဲ့ ချလိုက်တယ်၊ ၃ ယောက်စာ ဆိုတော့ ၁၅၀၀ နီးပါးလောက် သက်သာမယ့် ကိစ္စ...၊ အဲဒါလည်း မြင်ရော.. လူလည်း အတော်လေး နင်သွားတယ်၊ လက်မှတ်ဖိုးကလည်း အွန်လိုင်းကနေ ဝယ်တာ ဆိုတော့ တခါတည်း ချေပြီးနေပြီ၊ ဒါနဲ့ ရလိုရငြား လေကြောင်းကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ရှင်းပြကြည့် သေးတယ်၊ ထင်တဲ့အတိုင်းပဲ..၊ ဘာမှ လုပ်ပေးလို့ မရပါဘူး-တဲ့၊ ဝယ်ပြီးသား ဖြစ်နေလို့ အခုလျှော့ဈေး ကာလနဲ့ အကြုံးမဝင် ပါဘူး-တဲ့၊ ဒါနဲ့ နောက်တစ်ကြိမ် ဒါမျိုး မဖြစ်ရအောင် စင်ကာပူ လေကြောင်းက ဘယ်လတွေမှာ အခုလို လျှော့ဈေးကာလ သတ်မှတ်လေ့ ရှိသလဲလို့ မေးတော့ အဲဒါဟာ လေကြောင်းရဲ့ အထူးလျှို့ဝှက် ပေါ်လစီမို့ ပြောပြလို့ မရပါဘူး-တဲ့၊ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ၊ လျှော့ဈေးကာလ သိထားရင် အဲဒီအချိန်ပဲ စောင့်ပြီး လေယာဉ်လက်မှတ်တွေ ဝယ်နေကြတော့ မှာပေါ့..၊

ဒီလိုနဲ့ အလုပ်ကနေလည်း ခွင့်တစ်လ ယူပြီးပြီ၊ သွားဖို့၊ နေဖို့၊ လိုအပ်တာတွေ အားလုံးကိုလည်း စီစဉ်ပြီးသွားတဲ့ အခါ ဖေဖော်ဝါရီလ ရောက်ဖို့ကိုပဲ လက်ချိုးရေပြီး စောင့်နေရတော့တယ်၊ သွားခါနီး ရက်ပိုင်းတွေမှာ ကျနော်စိတ်လှုပ်ရှား နေခဲ့တယ်၊ ၂၀၀၉ ခုနှစ်တုန်းက တစ်ယောက်တည်း မြန်မာပြည်ကို တစ်ခေါက် ပြန်ဖြစ်ပါသေးတယ်၊ အဲဒီတုန်းက မသွားခင် တစ်ရက်မှာမှ ခရီးဆောင်အိတ် ပြင်ပြီး အေးအေးဆေးဆေးပဲ ထွက်သွားခဲ့တာ..၊ အခုတော့ မိသားစုနဲ့ သွားမှာမို့လား မသိဘူး၊ စိတ်တွေက အတော်လေး လှုပ်ရှားတယ်၊ ပြီးတော့ ၄ နှစ်ခွဲအရွယ် သားလေးနဲ့ ၁၅ နာရီလောက် လေယာဉ်စီးပြီး အဝေးကြီး သွားရမယ့် ခရီး...၊ အိပ်ခန်းနဲ့ ဧည့်ခန်းထဲမှာတော့ ခရီးဆောင် အိတ်တွေက မသွားခင် နှစ်ပတ်လောက် အလိုကတည်းက ကြမ်းပြင်ပေါ်မှာ ပိုးလိုးပက်လက်..၊ အိတ်ကလည်း ကြည့်ဦး..၊ ကျနော်တို့ မိသားစု သုံးယောက်အတွက်ကို checked luggage ၃ လုံး၊ hand-carry ၃ လုံး..၊ ပုံမှန်အားဖြင့် ခရီးသွားရင် ပေါ့ပေါ့ပါးပါး သွားရတာကို ကြိုက်ပေမယ့် အခုက မိသားစုနဲ့ဆိုတော့ လိုလိုမယ်မယ်ဆိုပြီး ယူရတဲ့ ပစ္စည်းတွေနဲ့ သေတ္တာက ၃ လုံး ဖြစ်သွားရတာပါ၊ သားအတွက် ဆေး၊ ရှေးဦး သူနာပြု ပစ္စည်း စတာတွေကပဲ သေတ္တာတဝက်လောက် နေရာယူချင်နေတာကိုး...၊



ဒါက မြန်မာပြည် ခရီးစဉ်အတွက် ကျနော်သယ်သွားခဲ့တဲ့ ကင်မရာအိတ်ပါ၊ အဓိကသုံးမယ့် ကင်မရာတစ်လုံး၊ back-up ကင်မရာတစ်လုံး၊ အထွေထွေ lens တစ်ခု၊ tele lens တစ်ခု၊ 50 mm prime lens တစ်ခု၊ flash နှစ်ခု၊ light diffuser တစ်ခု၊ RF flash trigger သုံးခု၊ interval shutter release တစ်ခု၊ ဘက်ထရီ charger နှစ်ခု၊ Air blower နှစ်ခုနဲ့ တိုလီမုတ်စတွေ ပါဝင်ပါတယ်၊ ဒီအိတ်က ခရီးသွားတုန်းလွယ်ဖို့ ကျောပိုးအိတ်ပါ၊ သူ့ချည်းပဲ အလေးချိန်က ၁၁ ကီလို ရှိပါတယ်၊ ဆိုတော့ နေ့စဉ် ဟိုဟိုဒီဒီ သွားရင် သုံးဖို့အတွက် နည်းနည်းတော့ လေးတယ်၊ ဒါနဲ့ ဘေးတိုက်လွယ်တဲ့ အိတ်အလတ် တစ်လုံးကိုပါ သယ်ရပြန်တယ်၊ ဒီကျောပိုးအိတ်နဲ့တင် ကျနော့်အတွက် hand-carry က ပြီးသွားလို့ အဲဒီ ဘေးတိုက်အိတ်ကို လွယ်သွားလို့ မရတော့ဘူး၊ ဒါနဲ့ သေတ္တာတစ်လုံးထဲကို အသာလေး ထိုးထည့်လိုက်တယ်၊ ဒါကိုမြင်တော့ မအိမ်သူက မျက်စောင်းထိုးတယ်၊ သိပ်တော့ ကြည်ပုံ မရဘူး၊ ကျနော့်ဘေးတိုက်အိတ်က သူ့သေတ္တာထဲမှာ နေရာတော်တော် ယူသွားတာကိုး၊ ဟိုး အရင်တုန်းကတော့ ဒီတစ်ခေါက် မြန်မာပြည်သွားရင် tripod တစ်ခုတော့ သယ်ဖြစ်အောင် သယ်သွားမယ်လို့ ရည်ရွယ်ထားပေမယ့် အခု ကင်မရာအိတ် ၂ လုံးနဲ့တင် ကျနော့်ဝန်ထုပ်ဝန်ပိုးက ကြီးမားနေပြီ၊ tripod ပါ သယ်မယ်ဆိုရင်တော့ မအိမ်သူက ဗီတိုနဲ့ ပယ်မှာ သေချာသလောက်ပဲ၊ သြော်.. ဇနီးမယား၊ သမီးသားနဲ့ ခရီးသွားရတော့လည်း သယ်ချင်တာ သယ်လို့မရ...ဟူး.. ...၊

ကျနော်တို့ ခရီးစဉ်က ဒီလိုပါ၊ အိမ်ကနေ တစ်ရက်ကြိုပြီး လေယာဉ်စီးရမယ့် Zurich မြို့ကို ရထားနဲ့သွား၊ အဲဒီမှာ လေယာဉ်ကွင်းနားက ဟိုတယ်မှာ တစ်ညအိပ်၊ နောက်တစ်နေ့ မနက်မှ လေယာဉ်စီး..၊ လေယာဉ်က မနက် ၁၀ နာရီခွဲ ထွက်တာဆိုတော့ အစောကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အိမ်ကနေ လေယာဉ်ကွင်းကို ၃ နာရီ နီးပါးလောက် ရထားစီးရတော့ အဲဒီမနက်မှ ထွက်လာရင် အထုပ်အပိုးတွေနဲ့ ပြေးဟယ်၊ လွှားဟယ် ဖြစ်မှာစိုးတာကြောင့် အေးအေးဆေးဆေး တစ်ရက်ကြိုလာပြီး လေယာဉ်ကွင်းနားမှာ လာအိပ်ဖြစ်တာပါ၊ နောက်တစ်နေ့ Check-in ဝင်တော့ ကျနော်တို့ checked luggage တစ်လုံးစီက ၂၃ ကီလို ရှိတဲ့အပြင် hand-carry တစ်လုံးစီကလည်း ၁၂ ကီလိုလောက်စီ ရှိနေပြန်တယ်၊ ကောင်တာက ဝန်ထမ်းအမျိုးသမီးလေးက 'အိုး..နည်းနည်းတော့ များတယ်နော်' လို့ မျက်ခုံးပင့်တယ်၊ ဟုတ်တော့လည်း ဟုတ်တယ်၊ စင်ကာပူ လေကြောင်းရဲ့ သတ်မှတ်ချက်အရ တစ်ယောက်ကို checked luggage ၂၀ ကီလိုနဲ့ hand-carry ၇ ကီလိုပဲ သယ်ခွင့် ရှိတာကိုး..၊ ဒါပေမယ့် ကျနော်ကတော့ မလျှော့ဘူး၊ အင်္ဂလိပ်ခေတ်က အရေးပိုင်မင်း မျက်နှာပေါက်မျိုးနဲ့ ခပ်တည်တည်ပဲ ရပ်နေလိုက်တယ်၊ ဒီတော့ သူကလည်း extra weight ဖိုး မတောင်းပါဘူး၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ကောင်းသောခရီး ဖြစ်ပါစေ-လို့တောင် နှုတ်ဆက်လိုက် သေးတယ်..၊



ဒီတခါတော့ အင်မတန် ကြီးပါတယ်ဆိုတဲ့ Airbus A-380 နှစ်ထပ်လေယာဉ်နဲ့ သွားရပါတယ်၊ တကယ်လည်း ကြီးပါတယ်၊ လေယာဉ်ထဲ ဝင်တာကအစ တံခါးပေါက် ၃ ပေါက်နဲ့...၊ Suite ခရီးသည် တွေက အပေါ်ထပ်တက်ဖို့ တစ်ပေါက်၊ Business က တစ်ပေါက်နဲ့ Economy က တစ်ပေါက်..၊ အဆင့်အတန်း ခွဲပုံများ.. တံခါးတောင် အရင်ကလို တစ်ပေါက်တည်း မသုံးရတော့ဘူး၊ အပေါ်ပုံမှာ တွေ့တဲ့အတိုင်း လေယာဉ်ခုံတွေကို အရင် Boeing 747 တွေမှာလို ၃-၄-၃ ပဲ ဆက်ထားတယ်၊ ဒါပေမယ့် တလိုင်းနဲ့တလိုင်းကြား ခြေထောက်ဆန့်ဖို့ ပိုကျယ်တယ်၊ overhead locker တွေက ပိုမြင့်တယ်၊ တီဗီ system တွေ ပိုအဆင့်မြင့် လာတယ်၊ အံ့သြစရာ အကောင်းဆုံးကတော့ ငြိမ့်ညောင်းမှု ပါပဲ၊ လေယာဉ်ကြီးက ပိုကြီးပေမယ့် သူ့ထက်ငယ်တဲ့ လေယာဉ်တွေထက် ပိုပြီး ညက်ညောပါတယ်၊ take off မှာ ပြူတင်းပေါက်ကသာ ကြည့်မနေရင် လေယာဉ် မြေကြီးက ခွာသွားတာ သိလိုက်မှာတောင် မဟုတ်ဘူး၊ landing မှာလည်း လေယာဉ်ဘီးနဲ့ မြေကြီးထိပုံက ထိတယ်ဆိုတာ သိလိုက်ရရုံ လေးပဲ၊ စင်ကာပူအဲလိုင်းရဲ့ service ကတော့ အရင်ကတည်းက ကောင်းပြီးသားမို့ အထူးပြောစရာ မရှိပါဘူး၊

ကျနော်တို့က ခရီးမသွားခင် အစောကြီးကတည်းက ကြိုပြီး သူစီးရမယ့် လေယာဉ်ပုံစံမျိုး သားကို ပြထားတယ်၊ သားက တီဗီနဲ့ ရီမုတ်ကွန်ထရိုးလ်ကို သူတစ်ဦးတည်း မောင်ပိုင်ရမယ့် အဖြစ်ကို အဲဒီကတည်းက သဘောကျလို့ ..၊ အခု လေယာဉ်ပေါ်လည်း ရောက်ရော.. ဘာပြောကောင်းမလဲ၊ ကာတွန်းကားတွေ ဆက်တိုက်ကြည့်မယ် လုပ်နေလို့ မနည်း နား,နားပြီး ကြည့်ခိုင်းရတယ်၊ ပေးထားတဲ့ တီဗီပရိုဂရမ် စာအုပ်လေးထဲမှာတော့ ရုပ်ရှင် ဇတ်ကားက ၁၄၀၊ တီဗီစီးရီးစ်က ၁၇၀ ရှိတယ်လို့ ရေးထားတယ်၊ ဇူးရစ်ကနေ စင်ကာပူအထိ လေယာဉ်ပျံသန်းချိန် ၁၂ နာရီ အတွင်းမှာ ၄ နှစ်ခွဲအရွယ် ကလေးတစ်ယောက်အတွက် လုပ်စရာက သိပ်များများစားစား မရှိပါဘူး၊ တီဗီကြည့်ရင်ကြည့်၊ မကြည့်ရင် ပုံပြင်နားထောင်၊ မထောင်ရင် ရုပ်ပုံတွေ ရောင်စုံခြယ်..ဒါပဲ၊ နေ့ခင်းပိုင်း လေယာဉ်ဆိုတော့ အိပ်ချင်စိတ်လည်း မရှိဘူး၊ ကျနော်တို့ကလည်း သူ့ကို ဒီသုံးမျိုးပဲ တလှည့်စီ လုပ်ခိုင်းနေခဲ့ ရတယ်၊ စင်ကာပူ စံတော်ချိန် မနက် ၆ နာရီ မထိုးခင်လေးမှာ ချန်ဂီကို ရောက်ပါတယ်၊



ဒုတိယ လေယာဉ်ဖြစ်တဲ့ silk air ရဲ့ departure lounge...၊ ကျနော်တို့ ရောက်တဲ့အချိန်မှာ ဘယ်သူမှ မရှိ သေးသလို တံခါးလည်း မဖွင့်သေးပါဘူး၊ ဒါနဲ့ အဲဒီအခန်း ရှေ့မှာပဲ ထိုင်စောင့်နေ ကြတယ်၊ သိပ်မကြာခင်မှာပဲ ခရီးသည်တွေ အလျှိုလျှို ရောက်လာကြတယ်၊ တိုးရစ်စ်တွေ ပါသလို မြန်မာလူမျိုးတွေလည်း အများကြီးပါပဲ၊ မြန်မာစကားသံတွေ ကြားလာရတဲ့ အခိုက်မှာပဲ ကျနော့်ရင်ခုန်သံတွေ နွေးလာခဲ့တယ်၊ ဒီလိုမျိုး မြန်မာစကားကို လူတွေအများကြီးက ပြောနေကြတာမျိုး မကြားရတာ ကြာပြီမဟုတ်လား..၊ သားကတော့ အခုအချိန်ထိ လန်းလန်းဆန်းဆန်းပဲ၊ လူတွေကြား လျှောက်ပြေးနေတယ်၊ ကျနော်က သူ့ကို ငြိမ်ငြိမ်နေဖို့ မြန်မာလို လှမ်းဟန့်တော့ အနီးက လူငယ်တချို့က လှမ်းကြည့်တယ်၊ ပြီးတော့ ကျနော့်ကို တလှည့်၊ သားကို တလှည့်၊ မအိမ်သူကို တလှည့်ကြည့်ပြီး သူတို့ ဇဝေဇဝါ ဖြစ်နေကြ ပုံပါပဲ..၊ ကျနော်လည်း အဲဒီတော့မှ တွေးမိတယ်၊ ကိုယ်ပြောမယ့် စကားကို နားလည်တဲ့သူဟာ အခုအချိန်က စ,ပြီး သားတစ်ယောက်တည်း မဟုတ်တော့ဘူး-လို့..၊ ဆွစ်ဇာလန်မှာ တုန်းကတော့ ဘာအရေးလဲ..၊ ကျနော်ကသားကို လူကြားထဲမှာ ပြောချင်တာ ပြောလို့ရတယ်၊ ဘယ်သူမှ နားမလည်ဘူးလေ..၊

လေယာဉ်ထွက်ချိန်မှာတော့ သားက အတော်လေး ပင်ပန်းနေပြီ၊ ဆွစ်စံတော်ချိန် အရလည်း ည ၁၂ နာရီခွဲလောက် ရှိနေပြီ ဆိုတော့ သူငိုက်လာပြီ၊ ဒါတောင် တီဗီဘယ်မှာလဲလို့ လိုက်ရှာ နေသေးတယ်၊ 'ဒီလေယာဉ်မှာ ခုနကလိုမျိုး တီဗီ မပါဘူး' လို့ ပြောလိုက်မှ မကျေမနပ်နဲ့ ငြိမ်သွားတယ်၊ သူ့ မျက်လုံးတွေကတော့ နီရဲလို့..၊ ခဏအကြာမှာတော့ လုံးဝကို အိပ်မောကျသွား တော့တယ်၊ ဘယ်လိုပဲ လှုပ်လှုပ် မနိုးတော့ဘူး၊ လေယာဉ်ခရီးစဉ် တဝက်လောက်မှာ ကျနော့်နှာဝမှာ အနံ့တစ်ခု ရလာတယ်၊ ပထမ ဘာအနံ့မှန်း ခွဲလို့ မရဘူး၊ ပီပီပြင်ပြင် ကြီးလည်း မဟုတ်ဘူး၊ ရတချက် မရတချက်နဲ့..၊ တဖြည်းဖြည်းနဲ့ ဒီအနံ့ကို သိသလို ဖြစ်လာတယ်၊ ဟုတ်တယ်၊ ရင်းနှီးနေကျ အနံ့တစ်ခုပဲ၊ ဘာနံ့ပါလိမ့်၊ တချိန်က သိကျွမ်းဖူးပြီးတော့ မရတာ ကြာနေတဲ့ အနံ့တစ်ခုပဲ၊ ဟိုဟိုဒီဒီ မသိမသာ ကြည့်ရင်း စဉ်းစားနေတုန်း မအိမ်သူနဲ့ အကြည့်ချင်း ဆုံတယ်၊ သူလည်း ဘာနံ့ပါလိမ့်လို့ စဉ်းစားနေတဲ့ အကြည့်မျိုး..၊ အဲဒီ စက္ကန့်ပိုင်းလေးမှာပဲ ကျနော်တို့ နှစ်ယောက်စလုံး တပြိုင်တည်း သိသွားပြီး ပါးစပ်ကနေ လွှတ်ကနဲ ထွက်သွားတယ်၊ ကွမ်းနံ့... ...၊ ဟုတ်တာပေါ့၊ ဒါ.. ကွမ်းနံ့မှ ကွမ်းနံ့ အစစ်ပဲ၊ ကြည့်စမ်း..၊ ဘယ်သူများ စားနေပါလိမ့်၊ ကျနော် လိုက်ကြည့်မိ သလောက်တော့ ဘယ်သူမှ ပါးစပ်လှုပ်တာ မတွေ့ရဘူး၊ အလုံပိတ်ထားတဲ့ လေယာဉ်ထဲမှာ ကွမ်းနံ့က သင်းသင်းလေး ပျံ့လွင့်နေခဲ့တယ်၊ ကျနော်က ကွမ်းစားသူ မဟုတ်ပါဘူး၊ ဒါပေမယ့် မြန်မာ့ရေ၊ မြန်မာ့မြေဆီ သွားနေတဲ့ ခရီးမှာ ဒီကွမ်းနံ့လေးက ကျနော့်ကို တရင်းတနှီး ကြိုဆိုနေခဲ့ သလို ခံစားရတယ်..၊ အမြင်အာရုံတွေ မလာခင်မှာ ရနံ့ကတော့ ဆီးကြိုနေ ခဲ့ပြီ..၊

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၁၉ မတ်၊ ၂၀၁၂

30 comments:

ဘေဘီ said...

ဆက်ရန်ကို မျှော်နေသည်း)
ကျမလည်း မြန်မာပြည်ကို ၂ပတ်
ထိုင်းကို တပတ်ရောက်ခဲ့တယ်း)

Anonymous said...

ကိုညီလင်းသစ်က မိသားစုနဲ.တခေါက်မှမပြန်ဖြစ်သေးတဲ.သူဆိုတော. ဒီတခေါက် စိတ်လှုပ်ရှားမယ်ဆိုလဲ စိတ်လှုပ်ရှားစရာဘဲနော်။
စင်ကာပူလေဆိပ်ရောက်လို. မြန်မာစကားသံတွေစကြားလိုက်ရတယ်ဆိုတဲ. စာကိုလဲဖတ်မိရော ၊ ကျမကိုယ်တိုင် မျက်ရည်တွေအလိုလိုကျလာတယ်၊ ဘာဖြစ်မှန်းမသိဘူး။
ကျမလဲမပြန်ရတာ ၂နှစ်ကျော်နေပြီမို.၊ အရမ်းကို ပြန်ချင်စိတ်ဖြစ်နေတုံး ဒီပို.စ်ကိုဖတ်မိလို.နဲ.တူတယ်။
နောက်အပိုင်းကို ဆက်ရန် မျှော်နေပါ.မယ်။

Anonymous said...

အားပါး ကင်မရာမန်းတွေရဲ့ ဒုက္ခ က မသေးပါလား.. ဆက်ရေးပါ စာရေးဆရာ ... ခင်ဗျားစိတ်လှုပ်ရှားနေတာ ကျွန်တော်ခံစားလို့ရတယ်

လေးစားလျှက်
တောသား

moewar said...

”ဆန္ဒစောတဲ့ အကျိုးကို ခံစားရတာပါပဲ” ဆိုတာဖတ်မိတော. ၊ပထမတော.၀မ်းသာသွားတယ်၊ကိုညီလင်းသစ်တို.၀ယ်ပြီးတဲ.နောက်မှာမှ လေယာဉ်လက်မှတ်တွေက ဈေးတွေများ ထိုးတက်သွားတာလားဆိုပြီးတော.။
နောက်ဆက်ဖတ်တော.မှ ပြောင်းပြန်ဖြစ်နေတာကိုး။
စုစုပေါင်း ၁၅၀၀ လောက်ကွာသွားတယ်ဆိုတော.လဲ “နင်”မယ်ဆို “နင်”စရာပါဘဲ။မနည်းဘူးကိုး။
ကျမထင်တာတော. ဖေဖော်ဝါရီ တရုတ်နှစ်ကူးပြီးချိန်လောက်မို.လို.များဈေးလျှော.လိုက်လားမသိဘူးနော်။ peak season က နိုဝင်ဘာ၊ဒီဇင်ဘာ၊ဇန်န၀ါရီနဲ.ဖေဖော်ဝါရီလတွေမဟုတ်လား၊ အဲ.ဒီထဲကမှ ဖေဖော်ဝါရီလဆန်းဆို အရမ်းကြပ်တတ်တယ်၊တရုတ်နှစ်ကူးကြောင်.မို.ထင်တယ်။
ထင်တာပြောတာပါ၊မှားချင်လဲမှားနိုင်ပါတယ်။

Anonymous said...

ကိုညီလင်းသစ် နဲ့ အတူ ထပ်တူထပ်မျှ စိတ်လှုတ်ရှားစွာ ဖတ်သွားပါတယ် မျှော်နေမယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လွင်ပြင်လှိုင်းငယ် said...

မျှော်နေပါ့မယ် စိတ်လှုပ်ရှာဖို့ကောင်းတယ်နော်

မြသွေးနီ said...

မိသားစုနဲ့အတူတကွ သွားရလို့ ပျော်ရွှင်ဖွယ် ခရီးလေးဖြစ်မယ်လို့ ထင်ပါတယ် ကိုညီလင်းသစ်ရေ...။ မြန်မာပြည်က ဖတ်နေရင်းတောင် ကိုယ်တိုင် ခရီးသွားနေရသလို ခံစားမိရတယ်။ ဗမာဆိုတဲ့ မြန်မာကို ချစ်တဲ့စိတ်က ဘယ်နေရာရောက်ရောက် အမိမြေခြေချရတော့မယ်ဆိုရင် စိတ်လှုပ်ရှားကြမှာ သဘာဝပါပဲနော်။ အပိုင်း -၂ မျှော်နေပါဦးမည်။

seesein said...

ကြာလို့မဖြစ်ဘူး ဇာတ်ဆရာရေ....
မျှော်နေမယ် မြန်မြန်


ခင်မင်တဲ့
seesein

မေဇင် said...

စိတ်ဝင်တစား စောင့်ဖတ်ပါမည်း)

rose of sharon said...

မိသားစုနဲ့အတူခရီးထွက်ရင် သယ်ရမဲ့ပစ္စည်းတွေများနေတတ်တယ်နော်... အစ်မယောက္ခထီးကဆို အစ်မတို့ခရီးထွက်တာ အိမ်ပြောင်းတာကျနေတာဘဲတဲ့... သားလေးကမြန်မာလိုနားလည်တာ ဝမ်းသာစရာဘဲနော်း))

jasmine(တောင်ကြီး) said...

စိတ်ဝင်စားစရာကောင်းတဲ့ အမိပြည်မြန်မာခရီးလေးရဲ့
အဆက်ကိုစောင့်မျှော်လျှက်ပါ
jasmine

Phyo Evergreen said...

ပျော်စရာကြီးဗျာ..မိသားစုနဲ့ဆိုတော့..။ ခရီးစဉ်တစ်ခုလုံး ခပ်စိတ်စိတ်လေး စာများများပုံများများနဲ့ ဖတ်ချင်ပါတယ်.. :D။ အထူးသဖြင့် အစ်ကိုရေးတဲ့စာတွေက နွေးနွေးထွေးထွေးနဲ့ဖတ်လို့ကောင်းတယ်..။ အဲ..မတွေ့တာကြာလို့ မေ့သွားတယ်မထင်နဲ့ဗျာ..။

မဒမ်ကိုး said...

မိသားစုနဲ့အတူတကွ မြန်မာပြည်ကိုရောက်ခဲ့တာကိုးး
စိတ်ဝင်တစားနဲ့ကိုစောင့်နေမယ်အကိုရေ
ဆက်ရန်ကိုအားပေးလျှက်

ညီမငယ် မဒိုးကန်

စူးနွယ်လေး said...

ဗမာခရီးစဉ်ဆိုတော့ သိပ်စိတ်ဝင်စားတယ်။ မသွားခဲ့ မစားခဲ့ရတာတွေ မြင်ရ သွားရေကျရမယ်ဆိုတော့လေ။
စိတ်ဝင်စား စိတ်လှုပ်စားစွာ စောင့်မျှော်နေပါသည် :D

ကိုညီလင်းကင်မရာအိတ်ကြီးက တော်တော်လေးတာပဲ..ကျမဆို lens တခုပဲပါတဲ့ ကင်မရာတလုံးတောင်မှ လမ်းလျှောက်တယ်ဆို ကြာရှည်မလွယ်နိုင်ဘူး :P

Anonymous said...

very interesting..
thanks for share..

Nyi Linn Thit said...

မဘေဘီ ...
ဟား..ကောင်းတာပေါ့၊ ဆက်ရန်လည်း အမြန်ဆုံး ရေးပါ့မယ်..၊ နေကောင်းတယ် မို့လား..?

အမည်ဝှက်စာဖတ်သူ ...
မပြန်ဖြစ်တာ ၂ နှစ်ကျော် ကြာနေတဲ့ သူတစ်ယောက် အနေနဲ့ ဘယ်လိုစိတ်အခံနဲ့ ဒီစာကို ဖတ်သွားခဲ့သလဲ ဆိုတာ ကျနော် ခံစားလို့ ရပါတယ်၊ ပြန်ရမယ့် အချိန်တွေ အမြန်ဆုံး နီးပါစေဗျာ..၊

(ကို)တောသား ...
အေးဗျာ..၊ အခုလို အားပေးတော့လည်း ရေးအား ရှိတာပေါ့၊ ကျေးဇူးဗျာ...၊

မမိုးဝါ ...
မမိုးဝါတွေးတာ ဖြစ်နိုင်တယ်ဗျ..၊ ကျနော်လည်း အဲဒါကို မစဉ်းစားမိဘူး..၊ သတိပြုသင့်တဲ့ အချက်ပါပဲဗျာ..၊

အမရွှေစင် ...
လာဖတ်တာ ကျေးဇူးပါ အမရေ..၊

(ကို)လွင်ပြင်လှိုင်းငယ် ...
ဟုတ်တယ်ဗျ၊ စိတ်လှုပ်ရှား ရတယ်...၊

မမြသွေးနီ ...
ဟုတ်တယ်အမ.၊ မိသားစုနဲ့ ခရီးသွားတာကတော့ ပျော်စရာလည်း ကောင်း၊ နည်းနည်းလည်း stress ရစရာ ကောင်းတာ ပါပဲဗျာ..၊း)

မ,စည်းစိမ် ...
ကဲ.. ဒီလိုဆိုတော့လည်း မြို့မေတ္တာ ခံယူမယ့် သားပေမို့ တို့၊ ဘာတို့ ဟစ်ပြီး ဆက်ရသေးတာ ပေါ့ဗျာ..၊း)

မမေဇင် ...
အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ..၊

မရိုစ့် ...
အိမ်ပြောင်းတာနဲ့ တူတာတော့ အမှန်ပဲဗျာ..၊ ဘာတွေနဲ့များ အခုလို များနေရတာလဲ မသိဘူး..၊း)

တောင်ကြီးကမစံပယ် ...
ကျေးဇူးပါ၊ ကျနော်လည်း အမြန်ဆုံး ဆက်ရေးပါ့မယ်၊

ကိုဖြိုး ...
ဟေး.. ပေါ်မလာ အတော်ကြာပါလား၊း) ကျနော်လည်း ခပ်စိပ်စပ်လေး ရေးပြီး၊ ပုံတွေ ခပ်များများတင်ဖို့ စဉ်းတော့ စဉ်းစားထားတာပဲဗျ..၊

မဒိုးကန် ...
နေကောင်းလား ညီမ..၊ အမြဲပုံမှန် လာဖတ်တာ ကျေးဇူးပါ ညီမရေ...၊

မစူးနွယ် ...
ဟုတ်ကဲ့..၊ ကျနော်လည်း တတ်နိုင်သလောက် စုံစုံစေ့စေ့ တင်ဖို့ ကြိုးစားပါ့မယ်၊ ကင်မရာကတော့ ဝါသနာဆိုတော့ လေးတယ်လို့လည်း မထင်တော့ ပါဘူးဗျာ..၊း)

Anonymous ...
Thank you for your comment..!

Anonymous said...

Waiting for your setyan to read with similar heartbeat even in the busy preparing time:P
Gyidaw

mstint said...

နောက်တစ်ခေါက်ခရီးသွားလို့ အလေးချိန်ပိုနေရင်
မောင်ညီလင်းလို အင်္ဂလိပ်ခေတ်က အရေးပိုင်မင်း မျက်နှာပေါက်မျိုးနဲ့ ခပ်တည်တည် ရပ်နေလိုက်မယ်း))
မိသားစုနဲ့ခရီးစဉ်လေးဖတ်ရတာ စိတ်ကြည်နူးစရာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးငွေ့...... said...

ကိုညီလင်းသစ်ရဲ့ မိသားစုပုံလေးတောင် မြင်ဖူးချင်သွားတယ်......။ ခရီးသွားမှတ်တမ်းအဆက်လေးမျှော်နေမယ်...။ ဓါတ်ပုံကောင်းကောင်းတော့ကြည့်ရဦးမှာသေချာတယ်..။

ချစ်ကြည်အေး said...

ဖြစ်ရလေ...ကိုညီလင်းသစ်ရယ်။ စိတ်ပုပ်တယ်ပဲ ပြောပါတော့ ကျွန်မလည်း လေယာဉ်လက်မှတ်ကို ကြိုတင်ဝယ်ထားတတ်တော့ ခရီးသွားရက်နီးလာရင် လက်မှတ်ဈေးတွေတက်လာမှ စိတ်ချမ်းသာတယ်။ ဟဟဟားးး လက်မှတ်ဈေး ဒီလောက်ကွာနေပြီး ကျဈေးဖြစ်နေတာ ရင်ခံစရာကြီးပဲကိုးးး။ မိသားစုနဲ့ဆိုတော့ ပျော်လည်းပျော် မောလည်းမောခဲ့မှာပေါ့နော်း)))

Unknown said...

Ko Nyi,

Very nice to read about your trip to Myanmar and waiting for your next posts until end because I haven't been going back to my country since 2006. I want to go back home and miss my country. I don't know exactly when I can go back. :(

Regular reader

Nyi Linn Thit said...

Gyidaw ...
I guess your trip is just around the corner, right? You must be excited by then like I was, a little more than a month ago. :)

အန်တီတင့် ...
ဟား.. ရပ်သာရပ် အန်တီရေ့..၊ လေကြောင်းလိုင်း ရှယ်ရာဝင်ရဲ့ မျက်နှာပေးမျိုးဆို ပိုတောင် ကောင်းသေးတယ်..၊း)

မချစ်ကြည်အေး ...
ဟုတ်တယ်.. ဟုတ်တယ်၊ အဲဒီလို ဖီလင်မျိုး ကျနော်လည်း ဖြစ်ဖူးတယ်ဗျ၊ တခြားလူတွေ ဈေးကြီးမိပါစေ ဆိုတဲ့ စိတ်ပုပ်မျိုး မဟုတ်ဘဲ ကိုယ်ဝီရိယ ရှိခဲ့တဲ့ အဖြစ်ကို ကိုယ့်ဟာကိုယ် ပြန်ပြီး ကျေးဇူးတင်၊ ကျေနပ် နေချင်တဲ့ စိတ်ခံစားမှု ပါပဲဗျာ..၊

Regular reader ...
Since 2006..? Oh.. it's for ages that you're away. Well...then, I can say for sure that you'd be really surprised by everything the day you go back. I truly wish... that day comes to you as quickly as possible. Thanks also for your regular reading..!

Anonymous said...

မြန်မာပြည်ကြီးတော့ ဝေးနေဦးမှာပါ ညီလင်း ရေ... လက်ရှိဗမာပြည်ကြီးက အရမ်းကို သွားလည်ချင်စရာ အခြေအနေမျိုး ဖြစ်နေတာမို့ ပိုလို့ ပိုလို့ကို လွမ်းနေဆဲပါ သူများတွေသွားတော့မယ် လေယာဉ်လက်မှတ်တွေ ၀ယ်ထားပြီးပြီလို့ ကိုယ့်ကိုအသိပေးလိုက်တဲ့အချိန် ဆိုရင်တော့ဖြင့်လား ကိုယ့်အတွက်တော့း(( ဆက်ရေးရင် မျက်ရည်ကျလာတော့မယ် ညီလင်းရေ .... နောက်ပိုင်းတွေကို ရင်ခုန်စွာနဲ့မျှော်နေမယ်

mie nge

Shinlay said...

ကျမတော့ မနေ့ ကပဲ စင်္ကာပူလေကြောင်းနဲ့ သြဂုတ်
လအတွက် လက်မှတ်ဝယ်လိုက်ပြီး။ နောက်ထပ် လက်မှတ် ဈေးမကြည့်တော့ဘူး။...
အရင်က TG နဲ့ ပြန်နေကြ ဒီနှစ်ဈေးတွေတက်နေတာနဲ့ 
စင်္ကာပူလေကြောင်း ပဲရွေးလိုက်တယ်။

မေဓာဝီ said...

ကိုညီလင်းရေ
မမေအိတ်က ၂၄ ကီလိုဖြစ်သွားတယ်။ သူတို့ဘာမှမပြောဘူးသိလား။ အစက hand carry ကိုပါ တခါထဲရောထည့်မလို့။ သူကလဲ အလေးချိန် နည်းနည်းများနေလို့ မထည့်တော့ဘဲ ကိုယ့်ဘာသာ ဆွဲသွားလိုက်တယ်။ စင်္ကာပူလေကြောင်းက သဘောကောင်းသား...။ စင်္ကာပူကနေ ရန်ကုန်ဘက်ကျတော့ လေယာဉ်တစင်းလုံးလိုလို မြန်မာတွေချည်းပဲ။ ပျော်စရာကြီး။

Leo said...

ကိုညီလင်းသစ်ရေ
ကျွန်တော်လည်း အိမ်လွမ်းသူပေမယ့် ဒီပိုစ့်လေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖတ်သွားပါတယ်။
လီယို

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုညီလင်းသစ်ရေ
ပျော်စရာ အိမ်အပြန်ခရီးလေးပါလားနော်။ လေယာဉ်ပေါ်က အနံ့လေးအကြောင်းရေးတော့ မသိခင်က ကိုယ်တိုင်လည်း ဘာအနံ့ပါလိမ့်လို့ စဉ်းစားလိုက်မိတယ်
ကွမ်းနံ့ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူးလေ...
သားလေးများ အိပ်နေရင်း ရှူးပေါက်ချလေသလားလို့ တွေးလိုက်မိသေး
နောက်တော့မှ ကွမ်းနံ့ဆိုတော့ ပြုံးလိုက်မိတယ်။
တကယ့်ကို မြန်မာရနံ့ကို အရင်ဆုံးရလိုက်တာပါလားနော်။

san htun said...

ကွမ်းနံ့ လေးနဲ့ ကြိုဆိုနေတဲ့ မြန်မာပြည်ခရီးလေးက လှပလိုက်တာ..ကိုယ်ဝယ်ပြီးမှ ဈေးလျှော့ရင် နင်သွားတာ တူတယ် ကိုညီရေ..

ညီရဲ said...

အစ်ကိုလဲ မြန်မာပြည်ကို တစ်ခေါက်တစ်ခေါက် ပြန်ဖို့ မလွယ်ဘူးနော်... ဘာဖြစ်ဖြစ် ခုလို မိသားစုနဲ့  မြန်မာပြည်ကို အပြန်ခရီးက ပျော်စရာကောင်းသလို စိတ်လှုပ်ရှားဖို့ လဲ ကောင်းမယ်...

မြစ်ကျိုးအင်း said...

မြန်မာပြည်အပြန်ခရီးကို အတူရင်ခုန်ချင်လို့ ၁ ကနေ စဖတ်ပါပြီ။