31 January 2012

မှန်ပြောင်းထဲက ကျွန်းကလေး


ဖြတ်သန်းလာသော နှစ်တွေများလာသည်နှင့် အမျှ ကျနော်၏ အာရုံဝင်စားမှုကို ပိုပိုပြီး သိမ်းပိုက်၊ လွှမ်းမိုး လာသော နိုင်ငံလေး တစ်နိုင်ငံ ရှိပါသည်၊ လွန်ခဲ့သော အစောပိုင်း နှစ်တွေဆီကတော့ ထိုနိုင်ငံလေးနှင့် ပတ်သက်ပြီး မှတ်မှတ်ထင်ထင် အကြောင်းများ မရှိ၊ အထူးအထွေ သတိပြုမိတာမျိုး မရှိဘဲ ကုန်လွန်ခဲ့သည်၊ နိုင်ငံလေးက တကယ်တော့ ကျွန်းနိုင်ငံလေး တစ်ခုသာ ဖြစ်သော်လည်း သူ့သြဇာနှင့် လွှမ်းမိုးမှုက နယ်ပယ် အတော်များများမှာ သက်ရောက်မှု ရှိပါသည်၊ ထိုကျွန်းကလေးမှာ ဒေသတွင်း နိုင်ငံတွေအတွက် အတုယူစရာတွေ ရှိသလို၊ ခပ်ဝေးဝေးက နိုင်ငံကြီးတွေ အတွက်လည်း အလေးဂရုပြု ဆက်ဆံရမည့် အကြောင်းတရားတို့ ရှိသည်၊ ခြင်္သေ့ကျွန်း ဟုလည်း ခေါ်ကြသည့် ထိုနိုင်ငံဆီမှာ ကျွန်းသူ၊ ကျွန်းသားတပိုင်း ဖြစ်နေကြသူများနှင့် မိတ်ဆွေဖြစ်လာရသည့်အခါ သူတို့နေထိုင်ရာ ထိုနိုင်ငံကလေးကို ကျနော် တစေ့တစောင်း စိတ်ဝင်စား လာမိပါတော့သည်၊

စင်္ကာပူ နိုင်ငံကို သာမန်ကာလျှံကာ အဆင့်မှ ကျော်လွန်ကာ နည်းနည်းလေး တိုးပြီး သိခဲ့ရချိန်က ကျနော့်အသက် ၁၅ နှစ်ခန့်မှာ ဖြစ်သည်၊ ကျနော်တို့ အားလုံး ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတွေ အဖြစ်နှင့် စာသင်ကြား နေကြချိန်မှာ ကျနော်တို့အထဲမှ သူငယ်ချင်းတစ်ယောက်က စင်္ကာပူသွားပြီး အလုပ်လုပ်တော့မည်ဟု ဆိုသောအခါ အားလုံးက စိတ်ဝင်တစား ဖြစ်ကုန်ကြသည်၊ ထိုသူငယ်ချင်းက ရှစ်တန်းနှစ်ခါကျ၍ ကျောင်းထွက်ထားရပြီး ဟိုဟိုဒီဒီ စိတ်လေနေသည့်အချိန်မှာ သူ့ဦးလေးရှိရာ စင်္ကာပူသို့ အလုပ်သွားလုပ်ဖို့ အိမ်က ပို့လိုက်ခြင်း ဖြစ်သည်၊ အဲသည်ကာလက နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်မည့် ထိုသူငယ်ချင်းသည် ကျနော်တို့အတွက်တော့ ကိုလံဘတ်စ် အလား...၊ နယ်ပယ်သစ် အတွေ့အကြုံသစ် များကို မြည်းစမ်းရတော့မည့် သူ့ကို ကျနော်တို့က အားကျခဲ့ကြ ပါသည်၊ သည်လိုနှင့် သူထွက်သွားခဲ့သည်၊ နောက်ပိုင်း အချိန်အနည်းငယ် ကြာတော့လည်း ကျနော်တို့၏ ကိုလံဘတ်စ်ကို မေ့သွားပြီး အဖြူအစိမ်းဝတ် ဘဝတွေထဲမှာ ပြန်ပြီး အနည်ထိုင်သွား ကြသည်၊ သည်လိုနှင့် တစ်နှစ်ခွဲလောက် အကြာမှာ ထိုသူငယ်ချင်း ပြန်ရောက်လာခဲ့သည်၊ သွားတုန်းက လေယာဉ်ဖြင့် သွားခဲ့ပြီး ပြန်လာတော့ အကြောင်းမကြား ဘာမကြား စက်လှေဖြင့် ပြန်ရောက်လာခဲ့သည်၊ ဘယ်လိုများ ပါလိမ့်၊ ကျနော်တို့ကတော့ ထုံးစံအတိုင်း တအံ့တသြ...၊ ကြည့်ရတာ သိပ်တော့ အဆင်ပြေခဲ့ပုံ မရ..၊

“ အော့ချတ်လမ်းမကြီး စည်ပုံများကွာ...၊ မင်းတို့ကို မြင်စေ့ချင်တယ်...”

သူ့အပြောမှာ ကျနော်တို့က ပါးစပ်အဟောင်းသား၊ သူ မကြာခဏ ပြောတတ်သည့် အော့ချတ်လမ်းမ ဆိုတာ ကျနော်တို့ ရန်ကုန်မြို့က အနော်ရထာလမ်းလို များလား...၊

ကျနော်တို့တတွေ ဆယ်တန်းအောင်လို့ ဘယ်ဆီဘယ်ဝယ် မသိရသည့် တက္ကသီလာ နေ့ရက်များကို စောင့်ဆိုင်းနေတုန်းမှာ နောက်သူငယ်ချင်း တစ်ယောက်က စင်္ကာပူသို့ ထွက်သွားပြန်သည်၊ သူ့ဆီကတော့ အော့ချတ်လမ်းမဆိုသည့် နာမည်တစ်ခုထက်ပိုပြီး သိလာရသည်၊ ကျွန်းနိုင်ငံလေး၏ ရာသီဥတု အခြေအနေ၊ အလှအပ၊ လူတွေရဲ့ ဆက်ဆံပုံ၊ သူ့အလုပ်ရဲ့ သဘောသဘာဝ စသဖြင့်...၊ မြူမဆိုင်း ပါဘဲနှင့် ရှေ့ကို လှမ်းမြင်နိုင်စွမ်း မရှိသည့် ဝိုးတဝါး နေ့ရက်တွေထဲ ပိတ်မိနေသည့် ကျနော်တို့အားလုံးက စင်္ကာပူက သင်္ဘောကျင်းတစ်ခုမှာ အလုပ်လုပ် နေသည့် ထိုသူငယ်ချင်းကို အားကျနေခဲ့ကြ ပြန်သည်၊ အဲသည်ကာလက အီးမေးလ်တို့၊ ဂျီတော့ခ်တို့ မရှိသည့်ကာလ ဆိုတော့ စာတိုက်မှ ရံဖန်ရံခါ ရောက်လာတတ်သည့် သူ့စာလေးတွေထဲမှာ စာကြောင်းတွေအကြား ခြင်္သေ့ကျွန်းကို မြုပ်ချည်ပေါ်ချည် မြင်ခဲ့ရသည်၊

နောက်ပိုင်း ကျနော် သည်နိုင်ငံကို ရောက်လာသည့်အခါ စင်္ကာပူနှင့် တစထက်တစ ပိုပြီး ကျွမ်းဝင် လာခဲ့သည်၊ လက်ရှိနေရာက မြန်မာနိုင်ငံမှာ ရှိစဉ်ကထက်စာလျှင် စင်္ကာပူဆိုသော ကျွန်းကလေးနှင့် အဝေးကြီးမှာ ဖြစ်သော်လည်း သတင်းနှင့် နည်းပညာတို့ လွတ်လွတ်လပ်လပ် အပြိုင်းအရိုင်း ရှင်သန်နေသော ဒေသဖြစ်၍ ကျွန်းကလေး အကြောင်းကို ပိုပြီး သိခဲ့ရသည်၊ သူများတကာထက် နောက်ကျမှ လွတ်လပ်ရေး ရသော်လည်း အားလုံးကို ဖြတ်တက်ပြီး ရှေ့တန်းရောက်လာ ခဲ့သည့် ကျွန်းကလေး၊ သဘာဝ အရင်းအမြစ် ဘာမှမရှိသော်လည်း လူ့စွမ်းအား အရင်းအမြစ်ကို ကောင်းကောင်း အသုံးချတတ်သည့် ကျွန်းကလေး၊ ဆင်းရဲသည့် ပတ်ဝန်းကျင် တိုင်းပြည်တို့မှ ယိုစိမ့်စီးထွက် လာသည့် ပညာတတ် ဦးနှောက်တို့ စီးဝင်ရှင်သန်ရာ ကျွန်းကလေး...၊

မနေ့တစ်နေ့က ကျနော်နေထိုင်ရာ မြို့ထုတ် သတင်းစာ တစ်စောင်ထဲတွင် စင်္ကာပူနှင့် ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ် ပါလာခဲ့သည်၊ ဆောင်းပါးခေါင်းစဉ်က ‘ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် တူသောနိုင်ငံ’ တဲ့၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုတွေကို အသားပေးဖို့ စင်္ကာပူအစိုးရက တဖက်က နိုင်ငံရေး တည်ငြိမ်မှုကို ဦးစားပေးသလို တဖက်ကလည်း အခွန်နှင့်ပတ်သက်ပြီး အများကြီး လျှော့ချကာ ဆွဲဆောင်ခဲ့သည်၊ စားသုံးသူ အသိုင်းအဝိုင်း ဖွံ့ဖြိုးစေရေးအတွက် စင်္ကာပူအခေါ် GST (Goods and Services Tax)၊ ဥရောပအခေါ် တန်ဖိုးဆောင်းအခွန် (VAT) ကိုလည်း ၇ ရာခိုင်နှုန်းမှာ ထားခဲ့သည်၊ ဘဏ်လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း အစရှိသည်တို့မှာ စနစ်ကျသော မူများချမှတ်ထား ခဲ့သည်၊ တိုင်းပြည်ကလေးက လူဦးရေ ၅ သန်း ဝန်းကျင်ခန့်သာ ရှိသော်လည်း နှယ်နှယ်ရရတော့ မဟုတ်၊ ကမ္ဘာ့ စတုတ္ထမြောက် အကြီးဆုံး ငွေကြေးဈေးကွက်၊ ကမ္ဘာ့ ဒုတိယ အကြီးဆုံး ကာစီနို လောင်းကစား ဈေးကွက်၊ ကမ္ဘာ့ တတိယ အကြီးဆုံး ရေနံ၊ ဓါတ်ငွေ့ သန့်စင်ရာဌာန အစရှိသည့် ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသည်၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများအတွက် ဘဏ္ဍာရေး အရန်ငွေ ၂၃၂ ဘီလျံဒေါ်လာ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အတွက် အရန်ငွေ ၁၄၁ ဘီလျံဒေါ်လာ သီးသန့်ထားရှိသည်၊

" စင်္ကာပူရဲ့ အုပ်ချုပ်ပုံက ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနဲ့ တူတယ်ဗျ၊ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် ဝန်ထမ်းတွေ အားလုံး မခိုမကပ် အလုပ်,လုပ်ရတယ်၊ တော်သူတွေအတွက် နေရာရှိမယ်၊ အခွင့်အရေးတွေ အများကြီး ပေးထားတယ်၊ ကုမ္ပဏီတစ်ခုမှာ အုပ်ချုပ်ရေးပိုင်းက အကြီးအကဲတွေ ဘယ်လိုမျိုး အခွင့်ထူးတွေ ရကြသလဲဆိုတာ သိတယ်မဟုတ်လား.."

ဘဏ်လုပ်ငန်းဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်နေသည့် ဆွစ်လူမျိုးတစ်ယောက်က ဆိုသည်၊ လက်ရှိ စင်္ကာပူ ဝန်ကြီးချုပ်၏ လစာကို သိရသည့်အခါ ထိုသူပြောတာ လွန်သည်ဟု ကျနော်မထင်မိပါ၊ တစ်နှစ်ကို လစာဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၈ မီလျံဒေါ်လာဖြင့် ဝန်ကြီးချုပ် လီရှင်လွန်းက ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အကြီးအကဲနေရာကို ရရှိထားသည်၊ အမေရိကန် သမ္မတ အိုဘားမားပင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၄ သိန်းဖြင့် လီရှင်လွန်း အနောက်မှာ မျက်နှာငယ်နေ ရသည်၊ ယခင်နှစ်များ၏ စီးပွားပျက်ကပ်မှ အလျင်အမြန် ပြန်ပြီး နာလန်ထူနိုင်ဖို့ ယခုနှစ် ၂၀၁၂ မှာတော့ ဝန်ကြီးချုပ်က သူ့လစာကို ရာခိုင်နှုန်းများစွာ လျှော့ယူမည်ဟု ဆိုသည်၊ ဒါတောင် ၁.၆ မီလျံဒေါ်လာ ဝင်ငွေရှိနေ သေးသည်၊

တစ်ရက်မှာ ကျနော့်ထံ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က မေးလ်ပို့လာ ခဲ့သည်၊ သူလည်း အခု စင်္ကာပူမှာ အလုပ်,လုပ်နေပြီ ဆိုသည့်အကြောင်း လှမ်းပြောခြင်း ဖြစ်သည်၊ နောက်ထပ် သူငယ်ချင်းတစ်ယောက် စင်္ကာပူ စီးကြောင်းထဲကို ခုန်ချသွားတာက ဘာမှအံ့သြစရာ မဟုတ်သော်လည်း ကျနော်ဘယ်လိုမှ မထင်မှတ်ထားသော သူငယ်ချင်းများ၊ မသိတသိ မိတ်ဆွေများ အားလုံးလိုလို စင်္ကာပူမှာ ရောက်နေကြပြီဟု ဆိုသောအခါ ကျနော် တကယ်ပင် အံ့သြခဲ့ရ တော့သည်၊ ကျနော်နှင့် တစ်ကျောင်းတည်းထွက် အဆိုပါ ပုဂ္ဂိုလ်များက စင်္ကာပူမှာ ကျောင်းသားဟောင်းများ အသင်းကိုပင် ဖွဲ့ထားလိုက်သေး သည်တဲ့၊ လူအင်အား တောင့်ပုံများတော့...၊

အဲ့လ်ပ်စ် တောင်တန်းများပေါ်မှာ မေးတင်ထားသော ဤနိုင်ငံကလေးသို့ ရောက်ခါစ အစောပိုင်း နှစ်များမှာ အခြားသော မြန်မာလူမျိုးများ နည်းတူ ကျနော်လည်း မြန်မာစာပေ၊ မြန်မာ့အစားအစာ တို့ကို လွမ်းဆွတ်၊ တမ်းတခဲ့ဖူး ပါသည်၊ တစ်ရက်မှာ ဗီယက်နမ် ဆိုင်ကလေးတစ်ဆိုင်ကို အမှတ်မထင် တွေ့လိုက်မိသည့်အခါ သဲကန္တာရထဲမှာ အိုအေစစ် တွေ့လိုက်သည့် ကုလားအုတ်တစ်ကောင် အလား အလွန်အမင်း ပျော်သွားခဲ့သည်၊ စင်စစ် ဆိုင်လေးက ခပ်သေးသေးသာ ဖြစ်သည်၊ ထုံးစံအတိုင်း ပုလင်းဖြင့် ထည့်ထားသော အစားအစာတွေကပဲ ခပ်များများ၊ အသီးအရွက် ဆိုလို့ လက်တစ်ဖောင်သာသာ စင်လေး ၃ ခုပေါ်မှာ တင်ထားသော ဘူးသီးကလေး၊ ကန်စွန်းစည်းကလေး၊ နံနံပင်ကလေး..၊ သည်လောက်ပဲ ရှိသည်၊ သို့ပေမယ့် ဒါကိုပဲ ကျနော့်မှာ ပျော်တပြုံးပြုံး..၊ များမကြာမီ တစ်ရက်မှာတော့ စင်္ကာပူမှ သူငယ်ချင်းတစ်ယောက်နှင့် ဖုန်းပြောဖြစ်ကြသောအခါ သူတို့ဆီမှာ ရနိုင်သော အစားအစာများ အကြောင်း သိလိုက်ရတော့ ကျနော်၏ ဗီယက်နမ် ဆိုင်ကလေးကို နွားခြေရာခွက်အလားသာ မြင်မိတော့သည်၊

ကျနော့်မှာ အလုပ်မှ အငြိမ်းစားယူထားပြီး အရှေ့တောင်အာရှ တိုင်းပြည်များကို ချစ်မြတ်နိုးသည့် ဆွစ်လူမျိုး မိတ်ဆွေတစ်ဦး ရှိသည်၊ အငြိမ်းစား ဝန်ထမ်းပီပီ ပိုနေသော အချိန်တွေမှာ ဘယ်လိုနည်းနှင့် အရှေ့တောင်အာရှ နိုင်ငံတွေကို သွားလို့ရမလဲဟု အမြဲလိုလို ကြံစည်အားထုတ် နေတတ်သူ ဖြစ်သည်၊ တစ်ရက်မှာတော့ စင်္ကာပူက တက္ကသိုလ်တစ်ခုမှ ဆရာတစ်ယောက်နှင့် အဆက်အသွယ်ရ သွားသည်၊ ထိုဆရာက ဆွစ်ဇာလန်က တက္ကသိုလ်တစ်ခုမှာ ၆ လလောက် စာလာသင်ဖို့ ရှိနေသည်၊ ထိုအတောအတွင်း မိသားစုပါ ခေါ်ထားချင်သည်၊ ဒါကိုကြားတော့ ကျနော့်မိတ်ဆွေအတွက် ရေငတ်တုန်း ဘီယာစတေရှင်ထဲမှာ နှစ်လုံးထီပေါက်ထားသည့် သူငယ်ချင်းကို တွေ့လိုက်ရသကဲ့သို့ ဝမ်းသာသွားသည်၊ သူတို့နှစ်ယောက် နှစ်ဦးသဘောတူ စင်္ကာပူက တိုက်ခန်းနှင့် ဆွစ်ဇာလန်က အိမ်ကို ၆ လစာ လဲလိုက်ကြသည်၊ သူ့မိန်းမလည်း အလုပ်ကနေ ၆ လခွင့်ယူပြီး သူနှင့်အတူ လိုက်သွားတော့သည်၊

" ငါတကယ် သွားနေချင်တာက မင်းတို့ မြန်မာပြည်ကိုကွ၊ မင်းလည်း သိပါတယ်၊ အဲဒီတိုင်းပြည်ကို ငါ ဘယ်လောက် သဘောကျသလဲ ဆိုတာ..၊ ဒါပေမယ့် မြန်မာပြည်မှာ အခုလို လွယ်လင့်တကူ သွားနေဖို့တော့ မဖြစ်နိုင်ဘူးလေ၊ ပြီးတော့ ဒီမှာလည်း မဆိုးပါဘူးကွာ၊ မြန်မာပြည်အတိုင်း အစားအသောက်တွေ အကုန်ရတယ်ကွ..."

အဲသည်လို အစချီပြီး ကျနော့်ဆီကို ဓါတ်ပုံတချို့ ပို့လာခဲ့သည်၊ သူ့ ဓါတ်ပုံတွေက ငါးခြောက်တောင်း ကြီးတွေ၊ လမ်းပေါ်မှာ အချဉ်ပေါင်းရောင်းသည့် လက်တွန်းလှည်းတွေ၊ ဘီယာပုလင်းတွေ၊ ရန်ကုန် ညဈေးတန်းလိုမျိုး လမ်းပေါ်မှာ ကြော်လှော်၊ စားသောက်နေကြသည့် ဆိုင်တွေဖြစ်သည်၊ 'မင်းအလွမ်း ပြေဖို့' ဟု ကျောဖက်မှာ စာတန်းထိုးထားသည့် ဓါတ်ပုံကိုမြင်တော့ ကျနော့်မှာ အူတက်မတတ် ရယ်မိပါသည်၊ ပင်နီဆူလာမှာ အုပ်စုဖွဲ့ ရပ်နေကြသည့် မြန်မာလူမျိုးများ...၊ အရယ်ရပ်သည့်အခါ အမြဲလိုလို ကြားနေရသည့် ပင်နီဆူလာ ဆိုသည်ကို မြင်ဖူးသည်ရှိအောင် စေ့စေ့စပ်စပ် ကြည့်မိသည်၊ နောက်.. ရပ်နေသည့် မြန်မာလူမျိုး တို့၏ မျက်နှာများ...၊ ထိုဓါတ်ပုံကလေးကို ကြည့်ရင်း အခုမှသာ မြင်ဖူးရသည့် ပင်နီဆူလာကို ကျနော် အာရုံခံ မှန်းဆ၊ စိတ်ကူးယဉ်ကြည့် နေခဲ့သည်ဟု ဆိုလျှင် ယုံကြည်စေချင် ပါသည်၊

တဖက်ကလည်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်ကြီးများ အတွက် စင်္ကာပူဆိုသော ကျွန်းကလေးက စီးပွားရေးလုပ်ဖို့ အကောင်းဆုံး သုခဘုံ ဖြစ်နေသလောက် အောက်ခြေမှာ ရုန်းကန်လှုပ်ရှား ရသည့် မြန်မာလူမျိုးတို့ အတွက်တော့ ပူလောင်မွန်းကျပ်ရသည့် နေရာတစ်ခု ဖြစ်နေခဲ့တာ ကျနော်တို့ လက်မခံချင်လို့ မရသော အရှိတရား တစ်ခုလည်း ဖြစ်သည်၊ သည်ဖက်နှစ်ပိုင်းတွေမှာ အနှိမ်ခံ၊ ခေါင်းပုံ အဖြတ်ခံနေရသည့် လူငယ်လေးတွေ၊ အမျိုးသမီးငယ်လေးတွေရဲ့ သောကမီးတွေက ပေါက်ကွဲဖို့ မစွမ်းသာ သေးသည့် မီးတောင်တစ်ခုက ချော်ရည်တွေအလား ပွက်အန်၊ ဆူဝေ ကျလာတာ တွေ့နေရသည်၊ တခါတရံမှာ အားပေးစကားလေး တစ်ခွန်း၊ အကူအညီလေး တစ်ခုတောင်မှ အထောက်အကူ မပြုနိုင်သည့် အဖြစ်က ရင်နာစရာ ကောင်းပါသည်၊ အပေါင်းလက္ခဏာ ဆောင်သော ဂုဏ်ထူးဝိသေသ များစွာကို ပိုင်ဆိုင်သည့် ခြင်္သေ့ကျွန်းလေးသည် များစွာသော မြန်မာတို့အတွက်တော့ နှလုံးစိတ်ဝမ်း ဘယ်တော့မှ မချမ်းမြေ့နိုင်မည့် နေရာတစ်ခုသာ ဖြစ်နေလိမ့်မည်၊ ထိုသောအခါ နာကျင်ဆင်းရဲစွာဖြင့် အိမ်ပြန်သွားခဲ့ကြသော ဇတ်လမ်းများကို ကျနော်တို့ ကြားခဲ့ကြရ ပါသည်၊ ကုမ္ပဏီတစ်ခုနှင့် တူသည်ဆိုသော စင်္ကာပူ နိုင်ငံရေးစနစ်သည် ၄င်း၏ တည်ငြိမ်ရေး၊ စီးပွားရေးကို ထိပါးလာမည် ဆိုပါက နိုင်ငံတွင်း နေထိုင်သူများကို ကုမ္ပဏီ ဝန်ထမ်းများကဲ့သို့ ကျပ်တည်းစွာ စည်းမျဉ်းများထုတ်လျက် အုပ်ချုပ်အရေးယူမည်မှာ သေချာပေသည်၊ လူ့အခွင့်အရေး ဆိုသည်မှာ တစ်ဦးချင်းစီ၏ ဝင်ငွေ၊ ဝယ်ခြမ်း စားသောက်နိုင်မှု၊ ကျပ်တည်းမြားမြောင်လှသော စည်းကမ်းများကြားတွင် ရှိပါသလား၊ Freedom House လို၊ Economist သတင်းစာလို အဖွဲ့အစည်းတွေကတော့ စင်္ကာပူနိုင်ငံ၏ ဒီမိုကရေစီ စနစ်ကို 'တစိတ်တပိုင်းသာ လွတ်လပ်သော' ဟု ဒီမိုကရေစီ ညွှန်းကိန်းတွေမှာ ဆိုကြသလို စင်္ကာပူအစိုးရကိုလည်း 'hybrid regime' ဟု ခေါ်ဝေါ်သတ်မှတ် ခဲ့ကြသည်၊

" အနောက်နိုင်ငံ ကျောင်းတွေက ဆရာ၊ ဆရာမတွေ အနေနဲ့ ကျောင်းသားကို ရိုက်နှက်ဆုံးမဖို့ ဘာဖြစ်လို့ အကြောက်အကန် ငြင်းကြရသလဲ ဆိုတာ ကျနော့်အနေနဲ့ ဘယ်တုန်းကမှ နားမလည် နိုင်ခဲ့ဘူး၊ ကျနော်နဲ့ သူငယ်ချင်းတွေဆို ရိုက်နှက်ဆုံးမတာ ခံခဲ့ရတာပဲ၊ ဒါပေမယ့် ကျနော်တို့ မနာကျင်ပါဘူး "

အမျိုးသားခေါင်းဆောင်ကြီး လီကွမ်ယုကတော့ သူ့စာအုပ်တွေမှာ အခွင့်သင့်သလို ရေးခဲ့သည်၊ ရိုက်နှက်ခြင်းဟာ လူကိုပြန်ပြီး တည့်မတ်စေနိုင်တယ်ဟု ယုံကြည်သည့် လီကွမ်ယူက စင်္ကာပူဥပဒေမှာ ပြဌာန်းထားသည့် ကြိမ်ဒဏ်နှင့် ပတ်သက်လာတိုင်း ကာကွယ်ပြောဆို ခဲ့သည်၊ သို့သော် ကမ္ဘာ့ယဉ်ကျေးမှု တွန်းတိုက်မိခြင်း အကြားမှာ လွတ်လပ်မှုကို တိုး၍ရှာဖွေလာသည့် ခြင်္သေ့ကျွန်းပေါ်မှ မျိုးဆက်သစ်တို့ အတွက် စင်္ကာပူအစိုးရ၏ ဥပဒေများက ပြန်လည်သုံးသပ်ချင်စရာ ဖြစ်လာနေခဲ့သည်၊ စင်္ကာပူ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး စတင်ပြဌာန်းသည့် အချိန်မှစ၍ အမြဲလိုလို အပြတ်အသတ် အနိုင်ရခဲ့သည့် လူထုလှုပ်ရှားမှုပါတီ (PAP) က ယမန်နှစ် ရွေးကောက်ပွဲ များတွင် လူကြိုက်များမှု လျော့ကျသွားပြီး ပြိုင်ဖက် အလုပ်သမားပါတီ (WP) က မဲအရေအတွက် တိုး၍အနိုင်ရခဲ့သည်မှာ အများသူငါ မမျှော်လင့်ခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်သည်၊

ကျနော့်အနေဖြင့် ကိုယ်ပိုင်ထုထည် သေးငယ်သော်လည်း အရိပ်ကျမှု ကြီးမားသည့် အဆိုပါ ကျွန်းကလေးသို့ သွားရောက်နိုင်ဖို့ အခါများစွာ အိပ်မက်ခဲ့ဖူး ပါသည်၊

" ဒီတစ်ခေါက် မြန်မာပြည် ပြန်တယ်ဆိုတော့ နောက်တစ်ခေါက်မှာ စင်္ကာပူသွားမယ် "

သို့သော် အဆိုပါ နောက်တစ်ခေါက်သည် နှစ်များစွာကြာမှ တကြော့ပြန်လာလေရာ မရောက်ဖြစ်တာ ကြာသော မြန်မာပြည်သို့ပင် ခြေဦးလှည့်လိုက် ရပြန်ပါသည်၊ ယခုအချိန်ထိတော့ ချန်ဂီ၏ တံခါးများသည် ကျနော့်အတွက် ပိတ်ထားဆဲပင် ဖြစ်သည်၊ ထရန်စစ်အတွက် သုံးလေးခါ ရောက်ခဲ့ဖူးသော်လည်း လေဆိပ်တံခါးများ၏ ဟိုမှာဖက်ကို မထွက်ရဘဲ တစ်နှစ်ကို မိုးရေချိန် ၉၂ လက်မကျော်ကျော် ရတတ်သည့် စိုထိုင်းထိုင်း ကျွန်းကလေးပေါ်ကနေ ဆက်လက် ပျံသန်းခဲ့ရ သည်ချည်းသာ ဖြစ်ပါသည်၊ ကျွန်းကလေးပေါ်ကို ကျနော် လေးစားရသော စာရေးဆရာတွေ ခေါက်တုံ့ခေါက်ပြန် လာပြီး ဟောကြပြောကြ လုပ်နေကြသည့်အခါ ငေးမောအားကျ ရုံကလွဲ၍ ဘာမှမတတ်နိုင်ခဲ့၊ အရောက်သွားချင်စိတ်ကို ချိုးနှိမ်လျက် စေတနာ သဒ္ဒါပေါက်သူ တစ်ယောက်ယောက်က ပြန်လည်ပြောပြမည့် ဟောပြောပွဲ အကြောင်းလေးကို လှန်လှောရှာဖွေ နေရသည်၊

စင်စစ် ဤကမ္ဘာတွင် လည်ပတ်စရာ နေရာများ ပေါလှပါသည်၊ သွားစရာနေရာတွေ တပုံတခေါင်းကြီး အထဲကမှ ဤကျွန်းကလေးကို ဘာ့ကြောင့် စိတ်ကူးနေရသလဲဟု ဖာသာစောကြော မိသည်၊ သူ့လောက်နီးနီး လှသော၊ သူ့ထက် ပိုလှသော၊ သာယာသော နေရာတွေ များစွာရှိပါလျက် ခြင်္သေ့ကျွန်း ကလေးဆီကိုသာ စိတ်ရောက်ရသော အဖြစ်သည် ကျနော်ခင်မင်ရသော သူငယ်ချင်းများ၊ ကွဲကွာနေသော မိတ်ဆွေများ၊ တခါမှ လူချင်းမမြင်ဖူးသည့် ဘလော့ဂါများ၊ စာဖတ်သူများကို တွေ့ချင်စိတ်ကြောင့်လည်း ဖြစ်လိမ့်မည်ဟု ထင်ပါသည်၊ ပြောကြကြေးဆိုလျှင် ကျနော် တွေ့ချင်၊ ဆုံချင်သော သူတွေက ကမ္ဘာအနှံ့မှာ တပြန့်တလျား ရှိနေကြသည်၊ သက်ဆိုင်ရာ ဒေသအသီးသီးမှာ ဖြစ်ထွန်း၊ ထစ်ချုန်းလျှက် ကိုယ့်မိုးရေချိန်နှင့်ကိုယ် ရွာနေကြသူများ ဖြစ်ပါသည်၊ ထိုအထဲမှာမှ စင်္ကာပူ ဆိုသည့် ကျွန်းကလေးက ကျနော် စိုစွတ်ခံချင်သည့် မိုးစက်များ အများဆုံး ကျသည့် နေရာဖြစ်သည့်အလျောက် မိုးများရာ ရေခံချင်သည့် သဘောသာ ဖြစ်ပါသည်။ ကျနော့်အဖြစ်က ပုဂ္ဂိုလ်ခင်လို့ ဒေသမင်တာ များလား...၊

ကျနော်ကတော့ ယခုအချိန်အထိ စင်္ကာပူဆိုသည့် အသံကြားလျှင် နားစွင့်လိုက်မြဲ ဖြစ်သည်၊ ကျနော် ရှိသည့်နေရာမှ မြင်ရသလောက် လိုက်ကြည့်စမြဲ ဖြစ်သည်၊ သို့သော် ကျနော်သိသော၊ ကြားသော၊ မြင်သော ခြင်္သေ့ကျွန်းကလေးက ဝေးကွာလှသည့်အလျောက် ကျနော်သိသော အသိက ဝိုးတဝါးအသိ၊ ကြားသော အကြားက ရောထွေးသောအကြား၊ မြင်သောအမြင်က ရှုပ်ထွေးသောအမြင် ဖြစ်ကောင်းဖြစ်နိုင် ပါသည်၊ သူတို့နေထိုင်ရာ ကျွန်းအကြောင်း ပြောပြနေသည့်ကျနော့်ကို ခင်မင်ရသော အာဂန္တု ကျွန်းသူ၊ ကျွန်းသားတွေက ပြုံးနေကြမည်လား မသိပါ...။ ။


ညီလင်းသစ်
၃၀ ဇန်နဝါရီ၊ ၂၀၁၂

Ref: http://en.wikipedia.org/wiki/Singapore

28 comments:

မဒမ်ကိုး said...

ရောက်ရင်အချိန်မရွေးဆက်သွယ်လိုက်ပါအကိုရေး)

ခင်မင်လျှက်

မဒိုးကန်

Anonymous said...

အချိန်မှီသေးတယ်

ညီ

ချစ်စံအိမ် said...

ဖတ်ရတာစိတ်ဝင်စားစရာလေးပါစာရေးကောင်းလို့ထင်တယ်အာကျတယ်ရှင့်

Anonymous said...

Pls written JAPAN ISLAND .Myanmar many peoples working in japan.

နေ၀သန် said...

ခြင်္သေ့ကျွန်းလေးဟာ လေ့လာစရာတွေ တပုံကြီးနဲ့ပါ.. ကိုညီလင်းသစ်ရေ... အခွင့်ရှိရင် ကျွန်တော်တို့ သွားလေ့လာကြရအောင်..း))

ခင်မင်လျက်
နေ၀သန်

san htun said...

ရောက်အောင်သွား ကိုညီရေ..တခါတလေ ရန်ကုန်လို့ တောင် ထင်မိတယ်

mstint said...

ခြင်္သေ့ကျွန်းလေးအကြောင်းပြည့်ပြည့်စုံစုံလေးဖတ်ရတာ
ကျေးဇူးပါ မောင်ညီလင်းရေ။ မကြာခနသွားဖူးနေပေမဲ့
အခုလိုနက်နက်နဲနဲလေးမသိခဲ့ဘူးလေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကောင်းမွန်ဝင်း said...

စင်္ကာပူအကြောင်းကို သိသင့်သလောက်သိနေလည်း ဒီပို့စ်လေးနဲ့ တမျိုးစိတ်ကူးယဉ်မိတယ်။ ကျွန်မလည်းမရောက်ဖူးသေးဘူး။
သူငယ်ချင်းတွေနေနေကြတယ် သူတို့တွေထဲက ဂျပန်ကိုလာဖူးနေဖူးတဲ့သူတွေ နှိုင်းယှဉ်ပြတဲ့အထဲက မြန်မာအစားအစာနဲ့မြန်မာလူမျိုးများတာ လူမျိုးခြားပေါင်းစုံအတူရှိနေတာ၊ ကလေးတွေအတွက်ပညာရေးစံနစ်ကောင်းတာတွေကို ကြားရတာ သိပ်ကိုအားကျမိတယ်။

လွင်ပြင်လှိုင်းငယ် said...

စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲဗျာ

Anonymous said...

ဘ၀တူဘဲ။ သူငယ်ချင်းတွေအများကြီးအဲမှာ။
အိုင်အိုရာ

jasmine(တောင်ကြီး) said...

ကိုညီလင်း စာရေးကောင်းတော့ ဖတ်ရတဲ့သူတွေ အဆင်ပြေတယ်
အဲတာကိုအားကျနေတာ
ကျွန်မလဲအဲဒီလိုရေးတတ်ချင်တယ် ခုတော့ပေါက်ကရ ကဗျာတွေနဲ့ နဘမ်းသတ်နေရတဲ့ဘ၀ပါပဲ-----

Nyi Linn Thit said...

မဒိုးကန် ...
အခုလို ဖိတ်ခေါ်တာ ကျေးဇူးတင်ပါတယ် ညီမရေ..၊ အခုတစ်ခေါက်လည်း ချန်ဂီကနေပဲ ခရီးဆက်ရဦးမှာ ပါပဲ၊း)

ညီ ...
ပြောလို့မရဘူး၊ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီလေ...၊

ချစ်စံအိမ် ...
စာလာဖတ်တာ ကျေးဇူးတင်ပါတယ်ဗျာ..၊

Anonymous ...
I'd love to but don't know much about Japan. :(

ကိုနေဝသန် ...
တစ်နေ့တော့ ဖြစ်လာနိုင်မယ့် အဲဒီအခွင့်အရေးကို ကျနော်လည်း စောင့်နေတာ ပါပဲဗျာ...၊

ညီမစန်းထွန်း ...
အဲ့ဒီလောက်တောင် ပဲလားဗျာ..၊ ရန်ကုန်က သူ့ကိုယ်သူ back up လုပ်ထားတာ ကျနော်တောင် မသိလိုက်ဘူး၊း)

အန်တီတင့် ...
ကျနော်လည်းအခု အဲဒီကျွန်းကို စာအုပ်တွေထဲက ကျော်ပြီး သိချင်နေမိပါတယ်..၊

မ,ကောင်းမွန်ဝင်း ...
မ,ကောင်းမွန်လည်း မရောက်ဖူးသေးဘူးကိုး..၊ သား နည်းနည်းကြီးလာတော့ သိပ်မကြာခင် သွားလည်လို့ ရပြီပေါ့..၊ သွားဖြစ်ရင် ပြောပါဦး၊ လူကြုံမှာချင်လို့..၊း)

လွင်ပြင်လှိုင်းငယ် ...
လာအားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ..၊

တောင်ကြီးက မစံပယ် ...
ဒီလိုပါပဲဗျာ..၊ စာတွေဖတ်၊ စိတ်ကူးတည့်သလို ရေးကြည့်နဲ့ လုပ်နေတာပါပဲ...၊ ကဗျာတွေကို သေချာ ရေးနိုင်မယ်ဆိုရင် နည်းတဲ့ပါရမီ မဟုတ်ဘူးဗျ...။း)

ဘိုဖြူ said...

ခုတော့ စင်္ကာပူအကြောင်းကို အတော်လေးသိလိုက်ရပါတယ်ဗျာ

ညိမ်းနိုင် said...

ရှင်ကျားပူ ကျွန်းလေးအကြောင်းကို ရှင်ကြားပူရောက်
အာဂန္တုတစ်ယောက်က ပြုံးပြုံး ပြုံးပြုံး နဲ့ဖတ်သွားတယ်
အကိုရေ....၊အကိုပြောသလိုပါပဲ...ရှင်ကျားပူက နေရာ
အတော်များများမှာ တော့တန်းယူထားသလိုပဲ၊လူတစ်ဦး
ချင်းဆီရဲ့ ပုဂလိကလွတ်လပ်မှုဆုံးရှုံးတဲ့နေရာမှာလည်း
ကမ္ဘာပေါ်မှာ နံပတ်တစ်တဲ့အကိုရ....၊ဒီကျွန်းလေးကို သူ
တို့တွေက fine city လို့ခေါ်ကြလေရဲ့....။အဆင့်မြင့်
သော၊ကောင်းသော၊သာယာသောတိုင်းပြည်လို့ ပြောလို့
ရသလို နေရာတကာဖိုင်းတွေတပ်လွန်းလို့ fine city
လို့လည်းပြောရင်မမှားဘူးတဲ့အကိုရေ........:)

Angelhlaing(May everybody be happy and healthy! said...

စိတ်ဝင်စားလို့ အလည်တစ်ခေါက် ရောက်ချင်စမ်းပါဘိ အကို..:):)

blackroze said...

ညီမလည်း
တခါလောက်တော့ရောက်ဖူးရအောင်
သွားမယ်လို့စိတ်ကူးထားတယ်..
ဘာသံယံဇာတ..ဘာအရင်းမြစ်မှ
မရှိဘဲ အခုလိုအခြေအနေရောက်အောင်
တိုးတက်လာတဲ့
စင်ကာပူကတော့ချီးကျူးဖို့
ကောင်းပါတယ်..
မြန်မာပြည် ကိုလည်းအဲလို
ဖြစ်စေချင်ပါရဲ့လေ

မအိမ်သူ said...

ကိုညီလင်းသစ်က စာအရေးကောင်းတော့ ကျွန်းကလေးက အဝေးမြင်ပေမဲ့ ပီပီပြင်ပြင် ရုပ်လုံးကြွလာသလိုပဲ။ တစ်ခါမှမရောက်ဖူးပေမယ့် အလည်အပတ်သဘောမျိုး သွားကြည့်ချင်ရုံကလွဲပြီးတော့ အဲဒီမှာ အလုပ်အကိုင်နဲ့ သွားရောက်အခြေချနေထိုင်ဖို့တော့ လုံးဝစိတ်ကူးမရှိခဲ့ဘူး။ စက်ရုပ်ဆန်တဲ့လူနေမှုစံနစ်မျိုးကြီးထဲမှာလဲ တာရှည်နေနိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုမထင်မိဘူး။ ကိုညီလင်းသစ်ပုံဖေါ်ထားတဲ့ ကျွန်းကလေးအကြောင်း ဖတ်ပြီး စိတ်ထဲမှာ တိတိကျကျ အမည်မတပ် တတ်ပေမဲ့ တစ်စုံတစ်ရာစိတ်ခံစားမှုကို ဖြစ်လာစေခဲ့တာတော့ အမှန်ပဲ...း) သွားမနေချင်တဲ့စိတ်ကတော့ ပိုခိုင်မာလာသလို ခံစားရတယ်။

ညီရဲ said...

ရေးထားတာလေး ကောင်းလိုက်တာ... စင်ကာပူနိုင်ငံမှာ ရောက်နေပေမယ့် အစ်ကို့ လောက်တောင် စင်ကာပူ အကြောင်းကို မသိဘူး။ ဒီမှာက မြန်မာများတော့ မြန်မာအစားအစာက အားလုံးလိုလိုကို ရတယ်။ အစ်ကို အလည်လာဖြစ်ရင် အကြောင်းကြား ကျွန်တော် လာကြိုမယ်။ ကျွန်တော်က လေယောဉ်ကွင်းနဲ့ နီးတယ်လေ...

MG THANT said...

စင်ကာပူလား...

စင်ကာပူမှာ လူတိုင်း အိုင်ဖုန်းကိုင်နိုင်တယ်...
ဒါပေမယ့် လူနေမှုအဆင့်အတန်း အရမ်းကွာဟမှု ရှိတယ်...

မျက်နှာချေကောင်းကောင်း ဖက်ရှင်အ၀တ်အစားကောင်းကောင်း
နာမည်ကြီး တံဆိပ်ကောင်းကောင်း သုံးပြီး လှချင်တိုင်း လှနေပေမယ့် မမြင်ရတဲ့ ပေါင်မှာတော့ ၀ဲကလေး တစက်နှစ်စက်ပေါက်နေတဲ့ အိနြေ္ဒကြီးတဲ့ မိန်းမချောလေးနဲ့ တူတယ်...

Anonymous said...

I won't praise your writing as a long time and regular reader of your blog.Sg ofcourse attracts us cos of our people who lives and runs on it.I also like you many time just transit and never been into it.This time may be different transit for me.Hope to taste Sg when we've chance.
Gyidaw

Shinlay said...

ကိုညီရေ သြဂုတ်လထဲရောက်ဖြစ်မယ်။ လွန်ခဲ့တဲ့ ၁၀နှစ်
ကအခြေအနေနဲ့ တော်တူတော့မှာမဟုတ်ဘူးထင်တာပဲ။

Nyi Linn Thit said...

ဘိုဖြူ ...
ဟုတ်ကဲ့၊ ဝမ်းသာပါတယ်ဗျာ...၊

ကိုညိမ်းနိုင် ...
Fine city လို့ခေါ်တာ ကျနော်လည်း ကြားဖူးတယ်ဗျ၊ တိုင်းပြည်ရဲ့ image ကို နိုင်ငံသား တစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ လဲလိုက်ရတဲ့ သဘောလို့ ဆိုရမလား မသိဘူးနော်...၊

ညီမအိန်ဂျယ်လ်လှိုင် ...
ညီမလည်း အလည်သွားချင် သူပေပဲလား...၊း)

ညီမblackroze ...
မြန်မာပြည်လည်း အခု စင်္ကာပူကို အမှီလိုက်မယ် ဆိုလား၊ ပြောနေကြတယ် မဟုတ်လား ညီမရဲ့...၊း)

မအိမ်သူ ...
စင်္ကာပူမှာတော့ မအိမ်သူ မကြာခဏ တင်တတ်တဲ့ ဓါတ်ပုံလေးတွေထဲကလို မြန်မာပြည် ကျေးလက်နဲ့ ဆင်တဲ့ ရှုခင်းမျိုးတွေ သိပ်တွေ့ရမယ် မထင်ဘူးနော်၊း)

ကိုညီရဲ ...
လာကြိုမယ်ဆိုတော့ အဆင်သင့်လိုက်တာဗျာ..၊ မဒိုးကန် တစ်ယောက်နဲ့ ကိုညီရဲ့ တစ်ယောက်တော့ ရပြီ..၊း)

ကိုမောင်သန့် ...
အိုင်ဖုန်းဆိုလို့ စင်္ကာပူက လူ ၁၀၀ မှာ ဖုန်း ၁၄၁ လုံးရှိတဲ့ တိုင်းပြည်ဆိုလား.. ဖတ်လိုက်ရပါသေးတယ်၊ စင်္ကာပူကို ပေးတဲ့ ဥပမာတော့ ကြိုက်သွားပြီဗျို့..၊း)

Gyidaw ...
Aw.. you are also a S'pore-longing-for person like me. :) From here, we find many interesting air tickets discount quite often. So why not soon? :)

မရှင်လေး ...
အားကျတယ်ဗျို့..၊ ဓါတ်ပုံတွေ ရိုက်လာခဲ့ဗျာ..နော။း)

ချစ်ကြည်အေး said...

ကိုညီလင်းသစ်ရေ.....
အလည်လာစမ်းပါရှင်။ ရင်းရင်းနှီးနှီး ဖိတ်ခေါ်လိုက်ပါရစေ။
စလုံးကတော့ ဟောင်ကောင်စတော့ရှယ်ယာဈေးကွက် အဖွင့်နဲ့တိုက်ပြီး အချိန်တောင် တစ်နာရီစောထားတာ။
မနက်စောစောထကျင့်ရအောင် ကလေးတွေကျောင်းကို မနက်အစောချိန် လုပ်ထားတာ။
ကလေးတွေအတွက် တွေးတတ်အောင် brain stroming လုပ်ပေးတဲ့ ကစားနည်းတွေ တီဗီအစီအစဉ်မှာ
ကျောင်းအလိုက် ပြိုင်စေတာ။
လာဘ်စားမှုနည်းအောင် အစိုးရ၀န်ထမ်းတွေကို လောက်ငှအောင် ပေးထားတာ။
တစ်ခြားကောင်းကွက်တွေလည်း အများကြီး ရှိဦးမှာပါ။
အင်း ဆိုးတာတွေလည်း ရှိသပေါ့။ ဒါကတော့ ဘယ်နေရာမဆို ရှိနေမှာပါပဲလေ နော်။
ဘာပဲဖြစ်ဖြစ် ကျွန်မတို့ မြန်မာလူမျိုးတွေကို အရည်အချင်း ရှိရင် ရှိသလို နေရာပေး၊ အလုပ် လုပ်ကိုင်စေတာမို့
ကျေးဇူးတင်မိတာပါပဲ။ မြန်မာပြည်နဲ့လည်း အိမ်ဦးကြမ်းပြင် လွန်းထိုးနေနိုင်တာမို့ နေပျော်ပါတယ်လေ။
ဒါပေမဲ့ အသက်ကြီးလာရင်တော့ ကိုယ့်မြေ ကိုယ့်ရေဆီပဲ ပြန်ချင်တယ်ရှင့်....။

Anonymous said...

ကိုညီလင်းသစ် ရေ

ဘယ်နိုင်ငံမှ မရောက်ဘူးသေးတဲ့ ရွှေစင်ဦး ကတော့ ရောက်ချင်နေတယ် ဘယ်နိုင်ငံဖြစ်ဖြစ်

ခင်မင်တဲ့
ရွှေစင်ဦး

မောင်မျိုး said...

အဲ့ဒီကျွန်းကလေးကတော့ နာမည်တွေ ဟုန်းဟုန်းတောက်လို့ပေါ့ ကျနော်လည်း သွားလည်ချင်သေးတယ် ဒါပေမယ့် အစ်ကိုပြောသလို တံခါးကြီးက ပိတ်ထားတယ်ဗျး))

သောင်းရင်း ကမ်းနဖူးက လုံချည်ဝတ် ၊ ကွမ်းယာလည်းရောင်းတဲ့ မြို့ငယ်လေးကလည်း လာသမျှဧည့်သည်ကို ကြိုဆိုနေမယ်ထင်ပါ့ဗျာ ။

မြသွေးနီ said...

အကောင်းအဆိုးကတော့ ဘယ်နိုင်ငံမှာမဆို ရှိနေမယ်ထင်တယ်။ စကာင်္ပူရဲ့ သန့်ရှင်းမှု၊ လူနေမှုအဆင့်တန်းမြင့်မားမှု၊ တရားဥပဒေစိုးမိုးမှုနဲ့ စည်းကမ်းရှိမှုတွေကိုတော့ စာတွေ့နဲ့ သိနေပြီးသားမို့ အခါအခွင့်ကြုံရင်ဖြင့် တစ်ခေါက်လောက် အရောက်သွားချင်မိပါသေးတယ်။

ဇွန်မိုးစက် said...

ခြင်္သေ့နိုင်ငံရောက် ကျွန်းသူတစ်ယောက် ဖတ်အပြီး ပြုံးပြုံးကြီး ဖြစ်သွားလေရဲ့။ အခွင့်အခါသင့်လို့ ဝင်လည်ဖြစ်ရင် အကြောင်းကြားပါနော်။ ကိုညီလင်းသစ်တို့ မိသားစုလေးကိုလည်း စာထဲမှာလိုပဲ အပြင်မှာတွေ့ဆုံရင်းနှီးချင်ပါတယ်။ အသက်ခပ်ငယ်ငယ်က အဝေးကြီးကို သွားချင်တာ၊ ခုတဖြည်းဖြည်းကြီးလာတော့ ပျော်တယ်မဟုတ်ပေမယ့် အမေနဲ့အမေ့အိမ်နဲ့ အနီးဆုံးနေရာလေးမှာ နေဖြစ်သွားတာ။ အမှန်အတိုင်းပြောရယင်
ကျွန်းသေးပြီး လူတွေအရမ်းများလာလို့ စိတ်ပျက်မိတယ်။ စိတ်ဖိစီးမှုသိပ်များတဲ့နိုင်ငံမှာ တစ်သက်လုံးနေဖို့တော့ မစဉ်းမိတာ ခုချိန်ထိပါပဲ။ စင်္ကာပူရောက် မြန်မာတစ်ယောက်အနေနဲ့ ဘယ်နေရာမှာဖြစ်ဖြစ် အဆိုးအကောင်း ဒွန်တွဲနေတာကို လက်ခံပြီး ကျေနပ်အောင် ကြိုးစားနေသူထဲက တစ်ယောက်ပါ ကိုညီလင်းသစ်ရေ။
လာလည်မယ်ဆိုရင်တော့ အချိန်မရွေး ကြိုဆိုပါတယ်။ လာလည်ဖို့ စိတ်ဝင်စားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့...း))

မြစ်ကျိုးအင်း said...

မြန်မာတွေအများကြီး မြန်မာလမ်းသီးသန့်နဲ့ မြန်မာအစားအစာ အစုံအလင်အတွက်ဆိုရင်တော့ ထိုင်ဝမ်ကျွန်းလေးကိုလည်း ဖိတ်ခေါ်ချင်ပါတယ်ဗျာ။
အပျင်းမကြီးတဲ့တနေ့တော့ မြန်မာလမ်းက စားဖွယ်ဆိုင်တွေအကြောင်း ပုံလေးတွေနဲ့ သရေယိုအောင် နှိပ်စက်ချင်သေးတယ် :)