04 January 2012

ပစ္စုပ္ပန် တည့်တည့်မှာ ...


အခုဆိုရင် ၂၀၁၂ စခဲ့တာ သုံးလေးရက်တောင် ရှိလာခဲ့ပါပြီ၊ နှစ်သစ်ဟာ စကတည်းက သွက်သွက်လက်လက်၊ လျင်လျင် မြန်မြန်နဲ့ကို ဝင်လာခဲ့တယ်၊ ဒီနှစ်အစမှာ သေခြင်းတရားကို ပိုပြီး တွေးမိတယ်၊ အကြောင်းက ၂၀၁၁ အကုန်မှာ ထင်ရှားသူတွေ၊ ကျနော့်ပတ်ဝန်းကျင်က လူတွေ ရုတ်တရက် ကွယ်လွန်ခဲ့ကြတယ်၊ ခရစ်စမတ် မတိုင်ခင်လေးမှာ ကျနော်တို့အပေါ် ကျေးဇူးမကင်းတဲ့ ဘကြီးတစ်ယောက် ဆုံးသွားတယ်၊ အဖေ့ရဲ့ အကိုပါ၊ အသုဘအမီ သွားဖို့ ကျနော်အမျိုးမျိုး ကြိုးစားခဲ့ပေမယ့် အဆင်မပြေလို့ နောက်ဆုံးမှာ လက်လျှော့လိုက်ရတယ်၊ သိပ်မကြာဘူး၊ ရင်းနှီးတဲ့ သူငယ်ချင်းရဲ့အမေ ဆုံးသွားတယ်၊ ပြီးတော့ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေ ဆုံးသွားပြန်တယ်၊ ကင်ဂျူံအီ၊ ဗားကလပ်ဟာဗဲလ်၊ ဒေါက်တာနေဝင်းမောင် အစရှိတဲ့ ထင်ရှားသူ အချို့ လည်း ထွက်သွားကြတယ်၊ ဒီလူတွေဟာ ၂၀၁၁ ရဲ့ နောက်ဆုံးရက်ပိုင်း အတွင်းမှာ အချိန်သိပ် မကွာဘဲ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကွယ်လွန်ခဲ့ကြ သူတွေပါ၊ ပြီးတော့ ကျနော့်ဘကြီး အပါအဝင် အများစုက နှလုံးနဲ့ ဆက်နွယ်ပြီး ဆုံးကြတာ...၊ အမောဖောက်တယ်၊ အသက်ရှူလို့ မရတော့ဘူး၊ သိပ်မကြာခင် သေဆုံးတယ်၊ ဒါပဲ၊ သိပ်မြန်ပါတယ်၊ နှစ်သစ်ထဲကို ကျနော်တို့နဲ့အတူ လိုက်ပါကာနီးလေး ဖြစ်ပြီးတော့မှ ကျန်ရစ်ခဲ့ကြတာ...၊ နာရေး သတင်းတွေ ဆက်တိုက် ကြားနေခဲ့ရတာက တကြောင်း၊ ကိုယ်တိုင်လည်း အသက်တစ်နှစ် ပိုကြီးလာပြီလို့ တွေးမိတာက တကြောင်းဆိုတော့ ဘယ်သူ့အတွက်မဆို အချိန်မရွေး ရောက်လာနိုင်တဲ့ သေခြင်းတရား အကြောင်း မကြာခဏ တွေးမိခဲ့ပါတယ်...၊

ကျနော့်အလုပ်ကတော့ ခရစ်စမတ်နဲ့ နှစ်သစ်ကူး အကြား တစ်ပတ်လုံး ပိတ်ပါတယ်၊ ဒီနှစ်မှာတော့ ဘယ်မှ အထွေအထူး မသွားဖြစ်ဘဲ အိမ်မှာပဲ အေးအေးဆေးဆေး နားနေဖြစ်တယ်၊ မနက်ဆို နိုးတဲ့အချိန်မှ ထတယ်၊ နှိုးစက်မပါဘဲ အိပ်ရေးဝလို့ သူ့အလိုလို နိုးထရတာ တကယ်ပဲ ကျေနပ်စရာ ကောင်းပါတယ်၊ ပြီးတော့ မိသားစုကို အချိန်ပေးတယ်၊ အထူးသဖြင့် သားနဲ့ ကစားဖြစ်တယ်၊

သားက ၄ နှစ်ခွဲ ရှိလာပြီဆိုတော့ ရှေ့နှစ်မှာဆို ကျောင်းတက်ရတော့မယ်၊ မူကြိုဆိုပေမယ့် သင်အံ၊ ရွတ်ဆို ရတာတွေ ရှိလာမယ်၊ သူ့ သူငယ်ချင်းတွေ ရှိလာမယ်၊ နောက်ထပ် ၁ နှစ်၊ ၂ နှစ်ဆို ကျောင်းသားကလေး ဖြစ်လို့ ကျောင်းသားရဲ့ ဝတ္တရားတွေပါ ရှိလာတော့မယ်၊ ကလေးဘဝ ကုန်ဆုံးရချိန်တွေက သေချာတွေးကြည့်ရင် မြန်လွန်းပါတယ်၊ အထူးသဖြင့် ကြည့်စရာ၊ ရှုစရာ၊ ဖတ်စရာ၊ မှတ်စရာ၊ နားထောင်စရာတွေ များလွန်းလှတဲ့ သတင်းခေတ်က မိသားစုတွေအဖို့ မိဘနဲ့ သားသမီးအကြားမှာ အချိန်တွေက နည်းသထက် နည်းပါးလာလေ့ ရှိတယ်၊ ၂၄ နာရီ ကြည့်လို့ရတဲ့ တီဗီချန်နယ်လ် ပေါင်းများစွာ၊ အင်တာနက်၊ ဗီဒီယိုဂိမ်း၊ လူမှုရေး၊ အိမ်တွင်း ဗာဟီရကိစ္စ ဒါတွေကို ဖယ်လိုက်တဲ့အခါ အဖေတစ်ယောက်အတွက် သူ့သားကို ပေးဖို့ အချိန်ဘယ်လောက်များ ကျန်နေနိုင်ပါ သေးသလဲ...၊

ဇတ်လမ်းလေး တစ်ခုကို ကျနော်တို့အားလုံး ကြားဖူးကြမှာပါ၊ အင်မတန်မှ အလုပ်များတဲ့ စီးပွားရေး လုပ်ငန်းရှင် ဖခင်တစ်ယောက်ကို သူ့သားလေးက မေးတယ်၊ အဖေ့ဝင်ငွေက တစ်နာရီ ဘယ်လောက်လဲ-တဲ့၊ ကိန်းဂဏန်း တွေနဲ့ စိတ်ရှုပ်၊ ညစ်ညူးနေတဲ့ အဖေက သားကို မော့မကြည့်ဘဲ ငွေပမာဏ တစ်ခုကို ပြောလိုက်တယ်၊ ပြီးတော့ လာမရှုပ်စမ်းနဲ့ကွာ-လို့လည်း တဆက်တည်း ငေါက်လိုက်သေးတယ်၊ ခဏကြာတော့ သားကလေးက အဖေပြောတဲ့ ငွေပမာဏအတိုင်း သူ့စုဗူးလေးထဲက အကြွေစေ့လေးတွေ လာပေးရင်း ‘သားနဲ့ ၁ နာရီလောက် ကစားပါနော်’ လို့ ပြောတဲ့ အကြောင်းလေးပါ၊ ဒီလို အဖြစ်မျိုး ကျနော်တို့ အားလုံးမှာ ဖြစ်တတ်ပါတယ်၊ သားက သူနဲ့ကစားဖို့ လာခေါ်တဲ့ တချို့အချိန်တွေမှာ ကျနော် မသွားချင်ဘူး၊ အင်တာနက်မှာ ဖတ်စရာ စာတွေရှိတယ်၊ ဝယ်ထားပြီး မဖတ်ရသေးတဲ့ စာအုပ်တွေလည်း အများ ကြီးရှိသေးတယ်၊ အပြင်ထွက်ပြီး ဓါတ်ပုံတွေ လျှောက်ရိုက်ချင်တယ်၊ ဘလော့ဂ်မှာ စာရေးချင်တယ်၊ ဒါပေမယ့် အထက်က အကြောင်းလေးကို သတိရတဲ့ အခါ ကျနော် စိတ်ပြောင်းသွားလေ့ ရှိပါတယ်..၊

သားလေး တစ်ယောက်ကို လူ့လောကထဲ ခေါ်တုန်းက ခေါ်လာခဲ့ပြီးမှ သူ့အတွက် အချိန်မပေးချင်တဲ့ ဖခင်မျိုး ကျနော် မဖြစ်ချင်ပါဘူး၊ သားအတွက် ငွေတွေ ပုံအောသုံးပြီး ကစားစရာမျိုးစုံ၊ အဝတ်အစား မျိုးစုံ ဝယ်ပေးတာထက် စာရင် သူ့အတွက် ကျနော့်အချိန်တွေ ပေးပြီး အတူကစားဖို့ ပိုပြီး လိုလားပါတယ်၊ ကလေးတစ်ယောက် လူလားမြောက်လာတဲ့အခါ သူ့ရင်ထဲမှာ အမြစ်စွဲ ကျန်ခဲ့မှာက ငယ်ငယ်တုန်းက ကစားခဲ့ရတဲ့ အရုပ်ကလေး တွေ၊ ဝတ်ခဲ့ရတဲ့ အဝတ်အစားတွေ မဟုတ်ပါဘူး၊ သူ့မိဘနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေနဲ့ သူ့အပေါ် ဂရုစိုက်ခဲ့တဲ့ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေကပဲ အစဉ်သဖြင့် ကျန်ရစ်မှာပါ၊ ကလေးတွေအတွက် ကလေးဘဝကို မကြောက်၊ မရွံ့နဲ့ စိတ်ကျေနပ်စွာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစွာ ဖြတ်သန်းခဲ့မှသာ သူတို့ ကြီးလာတဲ့အခါ လောကကို မြင်တဲ့အမြင်တွေက ကြည်လင်၊ မှန်ကန်မှာ ဖြစ်ပါတယ်၊

တကယ်တမ်းမှာတော့ ကလေးသေးသေးလေး တစ်ယောက်အတွက် ပေးရတဲ့အချိန်ဟာ သူ့အသက်၊ သူ့ခန္ဓာ ကိုယ်နဲ့ ပြောင်းပြန်အချိုးကျစွာ ကြီးမား၊ များပြားလှပါတယ်၊ ဒီလိုနဲ့ ပြီးခဲ့တဲ့ ၂၀၁၁ ရဲ့ ကျနော့် ညနေခင်း များစွာဟာ သားရဲ့ Chuggington မီးရထားတွဲလေး တွေထဲမှာ၊ Lightning McQueen ကားနီလေးထဲမှာ၊ Lego အရုပ်ကလေးတွေ ဘေးမှာ၊ Dora, the explorer ရုပ်ပြစာအုပ်တွေ ကြားမှာ ကုန်ဆုံးခဲ့ရတယ်၊ စားသောက်၊ ပြီးစီးလို့ ည ၈ နာရီခွဲမှာ ကျနော်က သူ့ကို ပုံပြင်စာအုပ် ဖတ်ပြ၊ ပြီးတော့ သားချော့တေးတွေ ဆိုပြလို့ သူ အိပ်မော ကျသွားမှပဲ ကျနော့်ရဲ့ လူကြီးဘဝကို ပြန်လည်ရရှိ ပါတယ်၊ သူ့ကို တီဗီရှေ့မှာထား၊ ကာတွန်းကားတွေ ပြထားပြီး ကျနော်တို့ရဲ့ ညနေခင်းတွေကို အပိုင်သိမ်းထားလို့ ရပေမယ့် ဖြစ်နိုင်ရင်တော့ ကျနော်တို့က အဲဒီလို မလုပ်ချင်ပါဘူး၊ တီဗီဟာ ကလေးအတွက် ငြိမ်ဆေးဆိုတာ မှန်ပေမယ့် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်ပါတယ်၊ လင်မယား နှစ်ယောက်လုံး ရှိချိန်ဆိုရင်တော့ တစ်ယောက်ယောက်က သားကလေး အတွက် အချိန်ပေးဖို့ ကျနော်တို့ ကြိုးစားကြပါတယ်၊

ဘာပဲဖြစ်ဖြစ် အခုအချိန်ထိ ဖြတ်သန်းခဲ့ရသမျှကို ကျနော် ကျေနပ်ပါတယ်၊ ကျနော်တို့မှာ ကိုယ်ပိုင်ခြံ၊ ကိုယ်ပိုင်အိမ် မရှိပေမယ့် နွေးထွေးတဲ့ မိသားစုလေး ရှိတယ်၊ ဈေးကြီးလွန်းတဲ့ အစားအစာတွေကို ခဏခဏ ဝယ်မစား နိုင်ပေမယ့် သင့်တင့်မျှတတဲ့ အဟာရနဲ့ ကျနော်တို့ ကျန်းမာကြတယ်၊ တန်ဖိုးကြီးတဲ့ ကစားစရာတွေ ဝယ်မပေး နိုင်ပေမယ့် သားရဲ့ စိတ်ကူးဥာဏ်ကို ထက်သန်စေမယ့် ကစားနည်းတွေကို အတူကစားနိုင်တယ်၊ သင့်တင့်လျောက်ပတ်တဲ့ ဝင်ငွေရပြီး ကိုယ့်အတွက် အချိန်တွေ ကျန်သေးတဲ့ အလုပ်ကို လုပ်ရတာလည်း ကျေနပ်စရာ ပါပဲ၊ ပြီးတော့ ရေခံမြေခံ မတူ၊ ယဉ်ကျေးမှု မတူတဲ့ တစ်နေရာစီမှာ မွေးလာခဲ့တဲ့ ဒီ သားလေးရဲ့ အဖေနဲ့အမေဟာ သူ့ကို ပြုစုပျိုးထောင်ရာမှာတော့ တစိတ်တဝမ်းတည်း စိတ်တူ၊ သဘောတူ ရှိကြတဲ့ အဖြစ်ဟာလည်း စိတ်သက်သာရာ ရစေပါတယ်..၊

မောမောနဲ့ အိပ်ပျော်နေတဲ့ သားရဲ့မျက်နှာလေးကို ကြည့်မိတဲ့အခါ သူ့ကိုပေးရလို့ ကုန်သွားတဲ့ အချိန်တွေကို နှမြောစိတ်တွေ လွင့်ပါးကုန်တယ်၊ နောက်ထပ် နှစ်အနည်းငယ်ဆို သားက ကျနော့်ကို သူနဲ့တချိန်လုံး ကစားဖို့ ခေါ်ချင်မှ ခေါ်တော့မယ်၊ သူ့ကို သီချင်းဆိုသိပ်ပါဦး လို့လည်း ပြောချင်မှ ပြောတော့မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ပစ္စုပ္ပန်တည့်တည့်မှာ ရှင်သန်၊ နေထိုင်ပြီး အချိန်တွေကို နောင်တကင်းစွာ၊ ပြည့်ဝကျေနပ်စွာနဲ့ ကုန်ဆုံးစေတာက အကောင်းဆုံးပဲ မဟုတ်လား၊ တစ်နှစ်တစ်နှစ်ဆိုတာ လှစ်ကနဲကို ကုန်သွားတတ်တယ်၊ အခုကိုပဲ ၂၀၁၂ ကို ရောက်လာခဲ့ ပြီလေ...။ ။


ညီလင်းသစ်
၎ ဇန်နဝါရီ၊ ၂၀၁၂

30 comments:

PURPLE VINE said...

အကို ကြုံခဲ့သလိုပဲ သေခြင်းတရားတွေနဲ့ပတ်သက်လို့ ၂၀၁၁ အကုန်ပိုင်းမှာ ကျမလည်း ကြုံခဲ့ရတယ်။ သူငယ်ချင်းတယောက်အဖေ နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်လေ။ နောက်ပြီး အကိုရေးထားတဲ့ သူတွေ။ တကယ်ကို ကိုယ်နဲ့ နီးနီးကပ်ကပ်ကြီးကို ဖြစ်ပျက်လာနေတဲ့အတွက် ကိုယ်ဘာတွေ လုပ်ထားပြီးပြီလဲဆိုတဲ့ အတွေးတွေလဲ ဝင်လာစေခဲ့တယ်။ သားသားနဲ့ ပတ်သက်လို့ အကိုတို့ ဇနီးမောင်နှံ ထိန်းကျောင်းသွန်သင်မှုကို တကယ်ပဲ သဘောကျမိတယ်။ သားသားအကြောင်းတွေ ဖတ်တိုင်း တူမလေးကိုလည်း ပိုပိုပြီး သတိတွေ ရနေမိတယ်။ နှစ်သစ်မှာ အကိုတို့မိသားစု ကျန်းမာ ပျော်ရွှင်ကြပါစေ။

Nyi Linn Thit said...

Purple Vine ...
ကမ္ဘာပေါ်မှာ စက္ကန့်နဲ့အမျှ လူတွေသေနေပေမယ့် ထင်ရှား တဲ့သူတွေ၊ ရင်းနှီးသူတွေ သေရင်တော့ သေခြင်းကို ပိုပြီး အမှတ်ရစရာ ဖြစ်တယ်လို့ ထင်မိပါတယ်ဗျာ..။

Anonymous said...

ကျမဘ၀မှာ မိသားစုဝင်တွေရဲ့  သေခြင်းတရားတွေကို စိတ်ခြောက်ခြားမှုများစွာ ကြေကွဲမှုများစွာနဲ့ ရင်ဆိုင်ခဲ့ရ
လို့ မကြာခဏသေခြင်းတရားကိုသတိတရရှိမိပါတယ်။ ဒါပေမဲ့ နေ့ စဉ်တော့မဟုတ်ပါဘူး။ မေ့လိုက်သတိရ လိုက်ပါ။ သားသားကိုအခုအချိန်ပေးခဲ့တာကိုဘယ်တော့မှ နောင်တရမှာမဟုတ်တာတော့သေချာပါတယ်။ ဒါပေမဲ့အနောက်နိုင်ငံမှာကြီးပြင်းလာမဲ့သားလေးစီက အိုမင်းလာမဲ့အဖေတယောက်ကို အချိန်တွေပြန်ပေးလာနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူးလို့ လည်းတွေးမိပါတယ်။ တွေးစရာလေးတွေ အမြဲပေးတဲ့စာကိုဖတ်ရလို့ ကျေနပ်မိပါတယ်။
နှစ်သစ်ပေါင်းများစွာကို မိသားစုနဲ့ အတူပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ။
အိုင်အိုရာ

မဒမ်ကိုး said...

အကိုရေ
မိဘတွေဟာ ပြောင်းလဲလာတဲ့အခြေအနေတွေကြောင့် သားသမီးတွေကိုအချိန်မပေးနိုင်တာကနေ မေတ္တာတွေဝေးကွားလာကြတယ် ..
သားသမီးတွေကိုအချိန်ပေးပျိုးထောင်နိုင်တဲ့ မိဘတွေနဲ့သားသမီးဆက်ဆံရေးတွေကျတော့လဲ နွေးထွေးတယ်.
အင်း ကျနော်တို့လဲဘယ်လိုလာမလဲမသိပါဘူး ဗျာ

ဒါပေမယ့် သားသမီးအပေါ်မှာအချိန်ပေးပျိုးထောင်နိုင်တဲ့ မိဘတော့ဖြစ်ချင်တာအမှန်ဘဲအကိုရေ ..
ဘာပဲပြောပြော နှစ်သစ်မှာ မိသားစုနဲ့အတူပျော်ရွှင်စွာကူးပြောင်းခွင့်ရတာကိုက ကုသိုလ်ကောင်းနေတာဘဲမဟုတ်လားနော်

အကိုတို့မိသားစုပျော်ရွှင်ချမ်းမြေ့ကြပါစေ

ညီမ

မဒိုးကန်

sonata-cantata said...

2011 နှစ်ကုန် ကျောင်းပိတ်တော့ သားကြီးက အရင်စောပိတ်တော့ သူ့အဖွားနဲ့ အယင်ပြန်သွားနှင့်တယ်။ အမကတော့ သားငယ် စာမေးပွဲပြီးသည်အထိစောင့်ပြီးတော့မှ သားငယ်နဲ့ အတူ ပြန်ရတယ်။ ဟိုကိုရောက်နှင့်တဲ့ သားကြီးက သူ့ဘကြီး ဦးလေး အဒေါ်တွေကို ကြိုတိုင်ထားနှင့်တယ်... ဖေဖေနဲ့ မေမေကလည်း သူတို့ ဘလော့ဂ်နဲ့ အလုပ်ရှုပ်နေကြတာပါတဲ့ သားတို့ကိုအချိန်မပေးနိုင်ပါဘူးတဲ့...ကဲ...

မေငြိမ်း said...

ညီလင်းရေ..
ပြောရင် ယုံစရာမရှိဘူး...
ဒီဘက်ရက်ပိုင်းတွေမှာ အစ်မ ခဏခဏ တွေးနေမိပြီး အစချီထားလျက်နဲ့ ဆက်မရေးဖြစ်တဲ့အကြောင်းအရာက သေခြင်းတရား..ပဲ။ပီးတော့ Teen ဖြစ်လာတဲ့ သမီးတကောင်ကို အချိန်ပေးဖို့ အာရုံပေးဖို့တွေနဲ့ မောနေတဲ့အချိန်...။
တို့မောင်နှမတွေ တူပြန်ပြီ...
အစ်မလည်း ခု မောနေတာပါပဲ...

SHWE ZIN U said...

နောက်ထပ် နှစ်အနည်းငယ်ဆို သားက ကျနော့်ကို သူနဲ့တချိန်လုံး ကစားဖို့ ခေါ်ချင်မှ ခေါ်တော့မယ်၊ သူ့ကို သီချင်းဆိုသိပ်ပါဦး လို့လည်း ပြောချင်မှ ပြောတော့မယ်၊

ကိုညီလင်းသစ် ရေ

မပြောဖို့ သေချာသလောက်ဘဲ သူတို့မှာ စိတ်ဝင်စားစရာ တွေ များလာပြီလေ သူတို့ လိုအပ်တဲ့ အချိန်မှာ အချိန်ပေးနိုင်တဲ့ မိဘ တွေ ဖြစ်တဲ့ အတွက် ဂုဏ်ယူပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး
.

ကောင်းမွန်ဝင်း said...

အတွေးတော်တော်များများတူပါတယ် ကိုညီလင်းသစ်ရေ။
နှစ်တစ်နှစ်ရဲ့ အကူးအပြောင်းနဲ့အတူ အပြောင်းအလဲတွေကို သတိသံဝေဂအများကြီးရမိတယ်။
ကိုယ့်ရဲ့သားအပေါ် ကိုတွေးနေတဲ့အချိန်တွေမှာ တပြိုင်တည်းဆိုသလို အဝေးက အိုမင်းလာတဲ့ မိဘနှစ်ပါးကိုလည်း အရမ်းသတိရမိတယ်မဟုတ်လား။

Vista said...

သားလေး လိုအပ်တုံးမှာ ဝအောင် တူတူဆော့ထားဗျို့ 
နည်းနည်းလည်းကြီးလာရော သူတို့ ဘာသာနေတော့မှာ ဟိဟိ။ မင်္ဂလာနှစ်သစ်ပါ ကိုညီ ..

MG THANT said...

သိပ်ကောင်းတဲ့ ပစ္စပ္ပုန် တည့်တည့်ပဲ အကို...
သဘောထားခြင်း တိုက်ဆိုင်ပါတယ် :)

Shinlay said...

ကျမလည်းအခုတလော သေခြင်းတရားတွေခေါင်းထဲ
ရောက်ရောက်လာတယ်။ အသက်တွေ ကြီးလာသလို၊
နေ့ စဉ်ဖြစ်နေတဲ့ကြိုက်တာ၊မကြိုက်တာတွေ ကိုပြန်မရ
တော့ပဲ ထားခဲ့ရတာ၊ ရှေ့ဘာဖြစ်မယ်ဆိုတာတွေးထား
လို့ မရတာတွေကို တွေးမိရင်း.......
ပစ္စုပ္ပန်မှာပဲ လောဘ၊ဒေါသ၊မောဟတွေ လျှော့ပြီး အကောင်းဆုံး ကြိုးစားနေမယ်လို့  ၂၀၁၂
ရည်မှန်းချက်ပါ။
ကိုညီတို့ မိသားစု ကျန်းမာပျှော်ရွှင်ကြပါစေ လို့ ဆုတောင်းပါတယ်။

မောင်မျိုး said...

ပြောင်းလဲခြင်းတွေထဲမှာ ကျနော်တို့ သတိမထားလိုက်မိပဲ ခပ်မြန်မြန်ပြောင်းသွားတာတွေထဲမှာ အချိန်လည်း ပါတယ်ဗျ တစ်ခါတလေ . ဟ ဘယ်လိုဖြစ်တာလဲ ငါ့နှယ် ဘာမှတောင်မသိလိုက်တာ အသက်တစ်နှစ်ကြီးပြန်ပြီလို့ ။

သားလေး ကို အချိန်ပေးတာကောင်းပါတယ် အစ်ကိုရာ ညီဆို မပြည့်စုံပေမယ့် မိသားစု သိုက်သိုက်ဝန်းဝန်းလေး နေခဲ့ရတဲ့ အဖြစ်ကို ပြန်တွေးတိုင်း ကြည်နူးတယ် ။ အဘ က ညီ့ကို ကားတွေ ဆိုင်ကယ်တွေ မ၀ယ်ပေးနိုင်ခဲ့ဘူး ဒါပေမယ့် အဘ ကိုယ်တိုင် လုပ်ပေးခဲ့တ သစ်သားလှေရုပ်ကလေးဟာလည်း ညီ့အတွက် တန်ဖိုးရှိတဲ့ အရာလေးတစ်ခုဖြစ်သလို ရယ်ဒီမိတ် တံဆိပ်ကောင်းတွေမဟုတ်ပေမယ့် အမေ့အပ်ချုပ်ရာလေးတွေနဲ့ ပြည့်နေတဲ့ အဖြူရောင်အကျီ င်္လေးတွေကိုလည်း ညီ စွဲစွဲမြဲမြဲ ၀တ်တတ်ခဲ့တယ် ။

လူမချမ်းသာခဲ့ပေမယ့် ချစ်ခြင်းတရားတွေ အလျှံပဲရှိတဲ့ မိဘနှစ်ပါးရှိခဲ့တဲ့ အဖြစ်က ခုထိ ညီ့ရဲ့ စိတ်နှလုံးကို ပြုံးပျော်စေတယ် အစ်ကို ။ သားလည်း ညီတို့ အရွယ်ရောက်ရင် ခံစားချက်တွေခြင်းတူမယ်ထင်ပါတယ်။

မိသားစုတွေ ကျန်းမာပျော်ရွှင်ကြပါစေဗျာ ။

ရဲထွန်းဇော် said...
This comment has been removed by the author.
ညိမ်းနိုင် said...

သိပ်ကောင်းတယ်အစ်ကို...ဒီအချိန်မှာ သားလေးအတွက်
အချိန်ပေးနိုင်တာ မိဘတွေအတွက်ရော သားလေးအ
တွက်ပါ အကောင်းဆုံးပါပဲ...ဟုတ်တယ်နော်...နောင်
နှစ်အနဲငယ်ဆို သားလေးက သူနဲ့ဆော့ဖို့ခေါ်တော့မယ်
မဟုတ်ပေဘူးဗျ...၊ဒီခေတ်ကာလကြီးထဲမှာကလည်း
လူကြီးအတွက်တင်မက ကလေးတွေအတွက်ပါ ဆွဲဆောင်
မှုအားကောင်းလှတဲ့ အပျင်ဖြေစရာတွေများမှများကိုးဗျ
နော်....။နှစ်သစ်မှာ အစ်ကိုတို့မိသားစုတွေ ကျမ်းမာပျော်ရွင်ကြပါစေဗျား....။အပေါ်က ကွန်မန့်က
ကျွန်တော်ပဲအကိုရေ....၊တစ်ခါတစ်လေ သယ်ရင်းတစ်
ယောက်ရဲ့ ဘလ မှာ သူ့အတွက်(သူ့နာမည်နဲ့)ပို့စ်တင်
ပေးရလေ့ရှိတော့ အဲ့နာမည်ကိုယူထားရတာဗျိုးးးး:)

ညီရဲ said...

တကယ်တော့ သားသမီးတိုင်းအတွက် မိဘတွေက လမ်းပြကြယ်တွေလို့ ထင်တာပါဘဲ အစ်ကို... အစ်ကိုပြောသလိုပေါ့ မိဘတစ်ယောက် အနေနဲ့ သားလေးကို လူ့ လောကထဲ ခေါ်လာပြီးတဲ့နောက်တော့ ပြုစုပျိုးထောင်ပေးရမဲ့ တာဝန်ရှိလာပြီပေါ့။ မိဘတိုင်းကတော့ သား၊ သမီးတိုင်းအတွက် ဖခင်ကောင်း၊ မိခင်ကောင်း ဖြစ်ချင်ကြတာချည်းပါဘဲ။ အစ်ကို့ သားလေးးအပေါ် ဂရုတစိုက်ရှိတဲ့ အစ်ကို့ ကိုလဲ အစ်ကို့ သားလေးက ဖခင်ကောင်းတစ်ယောက်လို့ မှတ်ယူနေမှာပါ... ကျွန်တော်လဲ အဲဒီလိုဘဲ ယုံကြည်ပါတယ်... နှစ်သစ်မင်္ဂလာပါ အစ်ကို...

ချော(အစိမ်းရောင်လွင်ပြင်) said...

နှစ်သစ် အားလပ်ရက်မှာ အိမ်မှာနေပြီး သားကို အချိန်ပေးခွင့်ရတာ ကံကောင်းပါတယ် ကိုညီလင်းသစ်ရေ။
ငယ်ကတည်းက မိဘကအချိန်ပေးပြီး နွေးနွေးထွေးထွေး ဂရုစိုက်ပေးလာတဲ့ ကလေးတစ်ယောက်ဟာ မိဘက ဂရုမစိုက်ဘဲ ကြီးပြင်းလာရဲ့တဲ့ ကလေးတွေထက် စာရင် သူကြီးပြင်းလူလားမြောက်ချိန်မှာလည်း သူတစ်ပါးကို ချစ်ခင်တွယ်တာစိတ်၊ ငဲ့ညှာသနားစိတ်နဲ့ မိသားစုကိုခင်တွင်စိတ်တွေ ပိုရှိတတ်တယ်လို့ ကျွန်မ ယူဆပါတယ်
ကိုညီလင်းသစ်ရဲ့ သားလေး ကံကောင်းပါတယ်
သူ့ကို ဂရုစိုက် အချိန်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက် သူ့မှာ ရှိနေတာကိုပေါ့။
နှစ်သစ်မှာ မိသားစုနဲ့ ပျော်ရွှင်သာယာပါစေကိုညီလင်းသစ်ရေ.

မိုးငွေ့...... said...

ဟုတ်တယ်နော် ကိုညီလင်းသစ် ခုက အပြောင်းအလဲမြန် အချိန်တွေကုန်ဆုံးမြန်လွန်းတယ်။ ဒီလိုအချိန်တိုတိုအတွင်းကိုယ်ပေးနိုင်သမျှအရာကို မကိုယ်ချစ်တဲ့သူတွေဆီဝေမျှနိုင်တာ မင်္ဂလာပါပဲ...။ နှစ်သစ်မှာ ကိုညီလင်းသစ်တို့ မိသားစုလေး ပျော်ရွှင်ကျန်းမာစွာနဲ့ ခရီးအရှည်ကြီးကို ဆက်နိုင်ပါစေ...။

သက်ဝေ said...

ကရိကထ များတယ်လို့ ဆိုနိုင်ပေမယ့် တခါတခါကျတော့ အိမ်ကသားကို ကိုညီလင်း သားလို အတူတူ ဆော့လို့ရတဲ့ အရွယ်လေး ပြန်ဖြစ်စေချင်မိတယ်...
Teen ဖြစ်နေတဲ့ သားက အရင်ကလို အမေနား ကပ်ပြီး တိုးဝှေ့နေတဲ့ အချိန်တွေ နည်းသွားလိုက်တာ သိသိသာသာ...
စာကောင်းကောင်းဖတ်တတ်နေပြီဆိုတော့ စာဖတ်ပေးဖို့လည်း မလိုတော့ဘူး... ကွန်ပျူတာ တလုံးလုံး ရှိနေတော့ သူနဲ့အတူတူ လာကစားပေးဖို့လည်း မခေါ်တော့ဘူး... ကျောင်းသွားခါနီး အဝတ်ဝတ်ပေးဖို့ ကြယ်သီးကူတပ်ပေးဖို့ necktie လေး တည့်ပေးဖို့... ဒါမျိုးတွေလည်း မလိုအပ်တော့ပြန်ဘူး...

မိဘဆိုတာကတော့ သူတို့ လိုအပ်တဲ့ အချိန်မှာ အတတ်နိုင်ဆုံး ကူညီ ပံ့ပိုး ဖြည့်ဆည်းပေးဖို့ပါပဲလေ လို့ စိတ်ကို ဖြေတွေးရတယ်...း(

မင်္ဂလာနှစ်သစ်ပါ ၂၀၁၂ ပါ ကိုညီ မအိမ်သူနဲ့ သားလေးရေ...း))

Nyi Linn Thit said...

မအိုင်အိုရာ ...
ဟုတ်ပါတယ်၊ သေခြင်းက ကိုယ့်ရဲ့ inner sphere ကို ရောက်လာတဲ့အခါ ပိုပြီး ဆင်ခြင်မိမယ် ထင်တယ်နော်၊ အချိန်တခု လွန်တော့လည်း နည်းနည်း မေ့ချင် မေ့မိမှာ ပေါ့လေ...၊

မဒိုးကန် ...
အေးဗျာ၊ နှစ်သစ်ကို စုံညီစွာ ကူးပြောင်းခွင့်ရတာပဲ ကံကောင်းတယ်လို့ ပြောရမယ် ထင်ပါရဲ့ဗျာ၊ ညီမတို့လည်း အစစ အဆင်ပြေပါစေနော်...၊

မသီတာ ...
ဟောဗျာ..၊ သားတွေကတောင် ပြောစရာ ဖြစ်ကုန်ပြီလား၊း) ဒါဆိုလည်း သူတို့ပြောတာနဲ့ ကာမိအောင် ပို့စ်အသစ်လေးတွေသာ တင်ပလိုက် တော့ဗျာ... နော..၊း)

အမမေငြိမ်း ...
အမေရိကားမှာ Teen ဖြစ်လာတဲ့ သမီးတစ်ကောင်ကို မောင်းရတာ ရွာမှာ နွားတစ်ထောင်ကို ကျောင်းရတာ နဲ့များ သွားညီနေ မလားပဲ၊း) မောမောနဲ့သာ ခရီးဆက် ရမှာပဲ အမရေ့...၊ ဟုတ်ဖူးလား?

အမရွှေစင် ...
ဟုတ်တယ်အမ၊ သူတို့ လိုအပ်ချိန်မှာ ရှိနေပေးဖို့ပဲ အရေးကြီးတာပါ..၊

မ,ကောင်းမွန်ဝင်း ...
သေချာတာပေါ့ဗျာ၊ ကြွေးသစ်ကို ချနေတုန်းမှာပဲ ကြွေးဟောင်းကိုလည်း သတိရနေမိ ပါတယ်...၊

ညီမVista ...
ဟုတ်တယ်၊ အခုထက် နည်းနည်း ပိုကြီးလာရင်တော့ Wii တစ်ခုဝယ်ပြီး သူနဲ့ ဆက်ကစား မလားလို့..၊း) Btw, စာတွေ ဆက်ရေးပါဦး ညီမရေ..၊

ကိုမောင်သန့် ...
ဟုတ်ကဲ့၊ ဂလိုဆိုလည်း ဝမ်းသာရပါ သဗျား...၊း)

မ,ရှင်လေး ...
ဟုတ်တယ်နော်၊ သေခြင်းတရားက တကယ့်ကို လက်တကမ်းလေး မှာပဲ အမြဲရှိနေခဲ့တာ..၊ သတိလေး ကပ်ထားနိုင်မှာ တော်ကာကျမယ့် ခေတ်ပဲ...၊

မောင်မျိုး ...
ညီ့ရဲ့ မိသားစုတွေ အကြောင်း ဖတ်ရတိုင်း အားကျရ တယ်ဗျ၊ မောင်နှမတွေ အများကြီးနဲ့၊ သားသမီးတွေကို ချစ်တဲ့ အဘနဲ့အမေနဲ့..၊ အဲဒီ ငယ်ဘဝတွေက ဖတ်ရတဲ့ ကျနော်တို့တွေကို အခုထိ ပြုံးပျော်စေတုန်း၊း)

ကိုညိမ်းနိုင် ...
အခုခေတ်ကြီးထဲမှာ ဖျာရောင်းနေတာတွေက ကလေး၊ လူကြီး အားလုံးအတွက် နေရာတကာ မှာပဲဗျာ..၊း) ရုပ်နဲ့စိတ်ကို မျှတအောင် မနည်းကြိုးစားရ မယ့်ပုံ...၊

ကိုညီရဲ ...
ဟုတ်တယ်ဗျ၊ မိဘတိုင်းက သားသမီးတိုင်းအတွက် လမ်းပြကြယ် ဖြစ်ချင်ကြမယ်လို့ ထင်ပါတယ်၊ မင်္ဂလာ နှစ်သစ်ပါဗျာ..၊

မချော ...
ကျနော်လည်း အဲဒီလိုပဲ ယူဆပါတယ်၊ ချစ်ခြင်းမေတ္တာ ဆိုတာ ကလေးတွေရဲ့ ရင်ထဲမှာ မျိုးစေ့ချရမယ့် နှစ်ရှည်ခံပင် တမျိုးပါပဲ...၊

မမိုးငွေ့ ...
အဲဒါပါပဲဗျာ၊ ချစ်သူခင်သူတွေနဲ့ ရှိတုန်း မြန်လွန်းတဲ့ အချိန်ကို အကျိုးရှိစွာ သုံးတတ်ဖို့ပဲ ကိုယ့်ကိုယ်ကို သတိပေးနေရတယ်...၊း)

မသက်ဝေ ...
ဟုတ်တယ်နော်၊ သားသမီးတွေ အတောင်အလက် စုံတာကို မြင်ရတော့ မိဘအနေနဲ့ တဖက်က ဝမ်းသာရ သလို အခြားတဖက်ကလည်း ကိုယ့်ကို အရင်ကလောက် မလိုအပ်တော့တာ သတိပြုမိပြီး စိတ်မှာ တမျိုးတမည် ခံစားရမှာပဲ၊ ကြီးလာတဲ့ ကလေးကို ကြီးလာတဲ့အလျောက် ဖြည့်ဆည်းပေးဖို့ပဲ ရှိတော့တာပါပဲ၊ မသက်ဝေတို့ မိသားစု အတွက်လည်း မင်္ဂလာနှစ်သစ် ဖြစ်ပါစေဗျာ...။

Angelhlaing(May everybody be happy and healthy! said...

သားလေးကြိးလာတာကို တစ်စိမ့်စိမ့် ကြည့်ရင်း တွေးမိတိုင်း လွမ်းနေရမယ့် ဖြတ်သန်းခဲ့သော အချိန်တစ်ချို့ကိုပေါ့... မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေအကိုရေ.....

blackroze said...

အကိုရေ
ဘယ်လိုအရာတွေဘဲပြောင်းလဲလာလာပါ
ပြောင်းလဲသမျှသော
အကြောင်းအရာတွေကို
အကောင်းဆုံးဖြစ်အောင်
ကြိုးစားပါလို့...
အရာရာဟာ..ကိုယ့်လက်ထဲမှာဘဲ
ရှိပါတယ်အကို..

Anonymous said...

ညကတည်းက ဖတ်ပြီးပြီးချင်းကွန်မန့်တင်နေတာ ဘယ်လိုမှ တင်မရလို့ ကိုညီလင်းရေ ... ။ ခုတလော ဘယ်မှာမှ ကွန်မန့်ပေးမရဘူး ဖြစ်နေတယ်။

ဒီပို့စ်လေးကို ဖတ်ရတာ အဖေတယောက်ရဲ့ မေတ္တာကို အထင်းသားမြင်ရလို့ အဖေ့ကို အရမ်းသတိရသွားတယ်။ အဖေ ကျမကို မွေးတဲ့အချိန်မှာ သူ့အသက် ၂၆ နှစ်ပဲ ရှိသေးတယ်။ ကျမတို့အတွက် ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ ငွေတွေ ခွန်အားတွေကို ဒီပို့စ်ဖတ်ရင်း ကျမ ပြန်စဉ်းစားနေမိတယ်။ ခုချိန်မှာ အဖေ့အတွက် အချိန်တွေ ငွေတွေ ခွန်အားတွေ ကျမ ဘယ်လောက်များ ပြန်ပေးဆပ်နိုင်ပြီလဲလို့ ကိုယ့်ကိုယ်ကိုယ် တွေးရင်း ရှက်ရွံ့ ကြေကွဲမိတယ်။ မိဘဆိုတာဟာ အပေးသမား သက်သက်တွေချည်းပါပဲ။ ဒါပေမဲ့ သားသမီးတွေက ပြန်လည်သိတတ်ဖို့ သိပ်ကိုလိုအပ်တာပေါ့ ... နော်။

နောင်တချိန် ကိုညီလင်းရဲ့ သားလေး ကြီးလာလို့ ကိုယ်က စွမ်းဆောင်ရည် လျော့ပါးလာတဲ့အခါမှာ သားလေးဟာ ကိုညီလင်းအတွက် အချိန်တွေများကြီး ပြန်ပေးဆပ်လိမ့်မယ်လို့ ကျမ ယုံကြည်နေပါတယ်။

မေဓာဝီ

san htun said...

အဖေ့တယောက်ရဲ့  မေတ္တာကို တွေ့ လိုက်ရတယ်..တန်ဖိုးကြီး အဝတ်အစားတွေ၊ အစားအသောက်တွေထက် မိဘအချိန်ပေးပြီး ပြုစုပျိုးထောင်ပေးတဲ့ ကလေးကတော့ ကမ္ဘာပေါ်မှာ အပျော်ဆုံးကလေးဖြစ်မှာပါ..
ကိုညီ့ သားလေး ကံကောင်းတယ်..နှစ်သစ်မှာ ကိုညီ၊ မအိမ်သူ၊ သားလေးတို့  ကျန်းမာပျော်ရွှင်ကြပါစေ

မြသွေးနီ said...

သားသားအတွက် အားလပ်ရက်တွေ အချိန်ပေးခွင့်ရခဲ့တာ ကောင်းလိုက်တာ ကိုညီလင်းသစ်ရေ..။ မှန်လိုက်တာ..။ သူတို့နဲ့ နွေးထွေးပူးကပ်နေခွင့်တွေက တစ်ရက်ထက် တစ်ရက်နည်းလာတော့မှာ...။ အခုချိန်ထိတော့ အိမ်က သားပြည့်က ပူးကပ်ခံနေတုန်းပါဘဲ။ မိဘကိုယ်တိုင် ဖြစ်လာရမှ သိလာရတာတွေပေါ့။ ခေတ်ပျက် စနစ်ပျက်ကြီးထဲမှာ အသက်တွေ ကြီးလာမှာကိုတောင် စိုးရိမ်မိနေတယ်။
သားတစ်ယောက်အပေါ်ထားတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို အတိုင်းသား တွေ့လိုက်ရပါတယ်ရှင်..။

Anonymous said...

သားငယ်တယောက်ရဲ့ အဖေအနေနဲ့ ( ကိုညီလင်းသစ် စကားကို ငှားသုံးရရင် ) ဒါရိုက်ဟစ်တွေ အများကြီးပဲဗျ။
ခံစားချက် ပေါ်အောင် ရေးနိုင်ပါ့ဗျာ..
N/A

Anonymous said...

This post teaches me to be a better parent for my lit' baby...
Many thanks... Let me share this post on FaceBook..

sinsin

Anonymous said...

very good father.

ငယ်လေး said...

သားလေးကိုအားကျမိပါတယ်

လင်းခန့်  said...

ကိုညီရေ
ကိုညီ့ရဲ့ စိတ်ကူးတွေအတွေးတွေကိုအရမ်းလေးစားပါတယ်ဗျာ။ကိုညီ့ Blog လေးကိုလာရတာ တကယ့်ကိုညီတို့ အိမ်ကလေးကိုလာလည်ရသလိုပါပဲ။အသိပညာလည်းတိုးပါတယ်ဗျာ။ကျေးဇူးပါဗျာ။နှစ်သစ်မှာမိသားစုနဲ့  အတူဆက်လက်ပျော်ရွှင်နိုင်ပါစေ။

Yan said...

သားနဲ့ တစ်နာရီလောက် ကစားပါနော် ဆိုတဲ့ စကားလေးပြောလိုက်ချိန်မှာ ဖြစ်နေမယ့် ကလေးလေးရဲ့ မျက်ဝန်းနဲ့ အံ့အားသင့် တုန်လှုပ်သွားမယ့် ဖခင်ရဲ့ ခံစားချက်တွေကို မြင်ယောင်သွားမိတယ်.

သိပ်ကောင်းတဲ့ အက်ဆေးလေးပါပဲ ဘရားသားရေ...

ခင်မင်လျက်

Yan.