25 November 2008

ရေ...ပြီးတော့ ရေ...ပြီးတော့ ရေ


မနေ့ညနေက အပတ်စဉ်လုပ်နေကျ ဖြစ်တဲ့ Seminar ကိုသွားတက်ဖြစ်တယ်၊ ကျနော်အလုပ်လုပ်တဲ့ faculty မှာ တနင်္လာနေ့ညနေတိုင်း Engineering Seminar တွေရှိပါတယ်၊ တကယ်တော့ အဲဒီ seminar အများစုကို ကျနော်မတက်ချင်ဘူး၊ တချို့ဟာတွေက သက်ဆိုင်ရာ research field အလိုက်အတော် အသေးစိတ်နိုင်တော့ ကိုယ့်မှာ အခြေခံမရှိရင် ဘာမှနားမလည်ဘူး၊ ဒီတော့ အဲလိုဟာတွေသွား နားထောင်ရတာ အချိန်ကုန်တယ်၊ ပြီး တော့ ကျနော့် lab မှာလည်းလုပ်စရာတွေက တပုံကြီးပဲ၊ ဒါပေမယ့် ဌာနက professor ကအဲဒီ seminar တွေ ကိုသွားနားထောင်စေချင်တယ်၊ ကိုယ်လုပ်နေတာနဲ့ မပတ်သက်ပေမယ့် သူများတွေဘယ်လိုလုပ်တယ် ဆိုတာ သိရမယ်၊ ပြီးတော့ ချဉ်းကပ်ပုံ အိုင်ဒီယာလည်း ရနိုင်တယ်ပေါ့၊ ဒီတော့လည်း သွားဖို့ကြိုးစား ရတာပေါ့လေ...၊

မနေ့ညနေကတော့ အတော်စိတ်ဝင်စားဖို့ ကောင်းတယ်၊ ရေအကြောင်းပါ၊ ခေါင်းစဉ်က Virtual Water and Water Management တဲ့၊ Speaker က Stanford University မှာ နှစ်ပေါင်းများစွာ ပရော်ဖက်ဆာ လုပ်ခဲ့ပြီး အခုလက်ရှိ Zurich တက္ကသိုလ်မှာလည်း စာသင်နေတဲ့ Dr.A. Zehnder ဖြစ်ပါတယ်၊ သူပြောသွားတဲ့ facts and figures တချို့ကိုတော့ ကျနော်သိပြီးသားပါ၊ ဒါပေမယ့် ရေရဲ့ virtual aspect ကနေ ပြောသွားတာတချို့ ကစိတ်ဝင်စားစရာပဲ၊ ဥပမာ-ရေကို လိုအပ်မှုဟာ တိုက်ရိုက်တင်မဟုတ်ဘဲ တဆင့်ခံအနေနဲ့ ဘယ်လောက်အထိ အသုံးဝင်တယ်ဆိုတာ မျိုး...အာလူး တစ်ကီလိုရဖို့ဆိုရင် ရေ ၆၃၆ လီတာလိုအပ်တယ်၊ ပေါင်မုန့် တစ်ကီလို ဆိုရင် ရေ တစ်ကုဗမီတာ (1m3) သုံးမှ ထုတ်လုပ်နိုင်တယ်...အစ ရှိသဖြင့်ပေါ့၊

ရေကိုဖောဖောသီသီ အသုံးနိုင်ဆုံး နိုင်ငံတွေကတော့ အားလုံးသိကြတဲ့အတိုင်း USA, Australia, Argentina, France, Canada တို့ပေါ့၊ ဒီနိုင်ငံ ၅ နိုင်ငံက ရေရယ်၊ ရေကြောင့်ဖြစ်တဲ့ စိုက်ပျိုးရေးရယ်မှာ ပိုပိုလျှံလျှံ ရှိတယ်၊ သူတို့လို မကြွယ်ဝတဲ့ နိုင်ငံတွေကတော့ အစားအသောက်ကို တင်သွင်းရတာပေါ့၊ အဲဒီမှာ စိတ်ဝင်စားဖို့ ကောင်းတာ က အဲဒီတင်သွင်းတဲ့ အသီးအနှံတွေနဲ့ အတူပါလာတဲ့ ဘေးထွက်ဆိုးကျိုးပါ၊ စိုက်ပျိုးရေးမှာ နိုက်ထရိုတ်၊ ဖေါ့စဖိတ်နဲ့ ပိုတက်စီယမ်တို့ အများဆုံးအသုံးပြုတယ်၊ ဒီတော့ အဲဒီဒြပ်ပေါင်းတွေက အသီးအနှံ တွေမှာ ပါလာရော၊ ပြီးတော့ စွန့်ပစ်လိုက်တဲ့ လူ့အညစ်အကြေးကတဆင့် မြေအောက်ရေ၊ မြစ်ချောင်းထဲကို ရောက်သွားရော၊ အဲဒီအခါ ဟင်းသီးဟင်းရွက် တင်သွင်းခဲ့တဲ့ နိုင်ငံတွေခမျာ ရေမလောက်ငှတဲ့ ကြားထဲ ရှိတဲ့ အဲဒီ ရေလေးပါ ညစ်နွမ်းရပြန်ပါရော၊ အချိန်မီ မသန့်စင်ဘူးဆိုရင် ရေနေသတ္တဝါနဲ့ အပင်တွေ သေကြေကုန်မှာ ဖြစ်ပါတယ်၊

အရှေ့တောင်အာရှနဲ့ ပတ်သက်ပြီး သူပြသွားတဲ့ slide တစ်ခုမှာတော့ ရေရှားပါးမှုကို ရင်ဆိုင်နေရတာတော့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံပါ၊ သူတို့မှာရှိတဲ့ မြစ်တွေကို ဆည်ဖို့လိုက်ရင်တော့ ဒီပြဿနာကို ရှင်းနိုင်မှာဖြစ်ပေ မယ့်လက်တွေ့မှာ မဖြစ်နိုင်ပါဘူး၊ ဒေသတွင်းမှာတော့ ရေနဲ့ပတ်သက်ပြီး မစိုးရိမ်ရသေးတဲ့ နိုင်ငံနှစ်ခုကတော့ မြန်မာနဲ့ထိုင်း ဖြစ်ပါတယ်၊ ဒီနိုင်ငံနှစ်ခုက တခြားအိမ်နီးချင်းတွေနဲ့ စာရင် စိုက်ပျိုးရေးအတွက် ရေလိုအပ်မှုကို ပံ့ပိုးပေးနိုင်တုန်းပါပဲ၊ ဒါပေမယ့် သူရထားတဲ့ အချက်အလက်တွေက ဘယ်တုန်းကလဲဆိုတာ ကျနော်မသိဘူး၊ အခုလက်ရှိကာလမှာ မှန်ချင်မှမှန်နိုင်ပါတယ်၊ ကျနော်သိထားသလောက် ဧရာဝတီ မြစ်ရေတင်စီမံကိန်းတွေ ကြောင့် မြစ်ကြောင်းကောပြီး သောင်ထွန်းလာနေမှုတွေလိုမျိုး အခက်အခဲတွေရှိတယ်၊ လွန်ခဲ့တဲ့ ၄ နှစ်ကမြန်မာ ပြည်ပြန်တုန်း ကျနော် ရေ sample အချို့ပြန်ယူလာခဲ့သေးတယ်၊ အဲဒီရေတွေကို ဓါတ်ခွဲကြည့်တော့ အင်းလေး ကန်ထဲမှာ ဖော့စဖိတ်နဲ့ ပိုတက်စီယမ် ပျော်ဝင်နှုန်းက အတော်မြင့်မားတာကို တွေ့ရတယ်၊ ကျွန်းမျောစိုက်ခင်း တွေမှာ သုံးတဲ့ဓါတ်မြေသြဇာ တွေကနေလာတာပေါ့၊ ရေရှည်မှာ မကောင်းပါဘူး၊

ဒီနေ့ခေတ်ရဲ့ လူနေမှုပုံစံရယ်၊ စက်မှုထွန်းကားမှုရယ်၊ လူဦးရေတိုးပွားမှုရယ် စတဲ့အကြောင်းတွေကြောင့် ရေ ညစ်ညမ်းလာမှုဟာ နိုင်ငံတိုင်းမှာ ကြုံနေရတဲ့ ပြဿနာတရပ် ဖြစ်ပါတယ်၊ ကျနော်တို့ နောက်မှာလာမယ့် မျိုးဆက်သစ်လေးတွေ အတွက်သန့်ရှင်း၊ ကောင်းမွန်တဲ့ရေ ထားခဲ့ဖို့က အားလုံးမှာ တာဝန်ရှိပါတယ်၊ မဟုတ်ရင် ကိုယ်နေခွင့်ရတုန်း ရှေ့နောက်မကြည့်ဘဲ သုံးဖြုန်းခဲ့ပြီး တကိုယ်ကောင်းဆန်ရာ ကျနေမှာပေါ့၊

ကျနော့်ကို ရေစကားသိပ်ပြောတာပဲ လို့များထင်ကြမလားမသိဘူး၊ ကျနော်ကလည်း ရေထဲကကို မတက်ချင်ဘူး ဖြစ်နေတယ်၊ အားလုံးကို ရေငတ်တုန်း သန့်ရှင်းတဲ့ ရေတွင်းထဲပဲ ကျစေချင်ပါတယ် ။ ။


ညီလင်းသစ်
၂၅ နိုဝင်ဘာ၊ ၂၀၀၈

2 comments:

Dr. Yi Yi Win said...

ရေအသက် တစ်မနက် ဆိုသလိုပေါ့လေနော်။ ရေနဲ့ ဝေးမှရေတန်ဖိုးနားလည်တာထက် ရေ
နဲ့ မဝေးသေးသူတွေက ခုလိုစိတ်ပူပြီးလေ့လာမှူတွေ ကာကွယ်မှူတွေလုပ်ပေးဖို့ စဉ်းစားနေ
ရတာ လူတွေနားလည်နိုင်ကြပါစေ…ပေါ့။ နီးရာဓားကြောက်ရ ဆိုသလိုပဲ လူတွေလည်း
လက်ရှိကြုံရတဲ့ပြဿနာလောက်သာ အဓိက စဉ်းစားနေကြတော့ ခုလို လူတွေရှေ့ ရေးအ
တွက် တွေးဆပူပန်နေကြသူတွေကို ကျွန်မလေးစားပါတယ်။ ဒါကိုလည်းလူတွေနားလည်
တန်ဖိုးထားတက်ပါစေပေါ့ ကိုညီလင်းသစ်ရေ..။

ညီလင်းသစ် said...

ဟုတ်ပါတယ် မယုဝရီရေ...၊ အများအားဖြင့်တော့ ဖွံ့ဖြိုး ဆဲနိုင်ငံတွေက ဒီလိုသဘာဝပတ်ဝန်းကျင် အရေးထက် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးကို ပိုပြီးဦးစားပေးကြ ရစမြဲပါ၊

ကိုယ့်ထမင်းအိုးထဲ ထည့်မယ့်ရေက သန့်မသန့်ဆိုတာ ထက် အဲဒီထမင်းအိုးထဲမှာ ဆန်နို့ဆီဗူးခွက်ရေ ပြည့်ဖို့ က ပိုအရေးကြီးတာပေါ့လေ...။ မလုပ်နိုင်သေးတဲ့လူ တွေကမလုပ်နိုင်သေးသလို လုပ်နိုင်နေပြီဖြစ်တဲ့လူတွေ ကလုပ်ကြဖို့ပါပဲဗျာ။