11 April 2008

အကွဲ...


အတန်ငယ်အုံ့မှိုင်း၍ နေရောင်ခြည်တောက်ပစွာ မရှိသောနေ့တစ်နေ့တွင် ဤစာကိုကျနော်ရေးနေသည်။ ဤစာ သည်မည်သူ့အတွက် ရေးသည်ဟုကျနော်မသိပါ၊ ဤစာတွင် စာဖတ်သူတစ်ယောက်အတွက် ပေးစရာသတင်း စကားတစ်ခုပါလိမ့်မည်ဟု ကျနော်အာမ မခံနိုင်ပါ၊ ဤစာကို ဘာ့ကြောင့်ရေးမှန်းပင် ကျနော်မသိပါ၊ အပြုအမူ တခုစီတိုင်းအတွက် လိုက်ပြီးအဓိပ္ပါယ်ဖွင့်ဆိုနေစရာ မလိုဟု ကျနော်ယုံပါသည်။ မယုံသည့်သူများကတော့ ပြော ခဲ့ကြသည်။ အနုပညာသည် ပြည်သူအတွက် ဟု၊ သို့မဟုတ် အနုပညာသည် အနုပညာအတွက် ဟု၊ သို့မဟုတ် အနုပညာသည် ဘာအတွက်မှမဟုတ် ဟု...။ ကျနော်ကမူ ထိုအရာများကို ပြောရန်ပါးစပ်ဖွင့်ခြင်းထက် ပန်းသီး တစ်လုံးကိုစားရန်သာ ပါးစပ်ဖွင့်လိုပါသည်။

ကျနော်တို့ကမ္ဘာတွင် သဘောကွဲလွဲမှုများ များလွန်းလှသည်။ ရိုးစင်းအခြေခံကျလှသည့် အကြောင်းအရာလေး များကိုပင် သဘောမတူနိုင်ကြပါ၊ ဥပမာ- ဘုန်းကြီးတစ်ပါး၏ ဦးခေါင်းသည် ကျမ်းဂန်စာပေများ သိုမှီးရာနေရာ ဖြစ်သည်ဟု ကျနော်ဆိုလျှင် သင် သဘောတူကောင်းတူမည် ဖြစ်သော်လည်း သဘောမတူမည့် သူများရှိနိုင်ပါ သည်။ ထိုသူများက ဝါးရင်းတုတ်များ ကိုင်ကြလိမ့်မည်။ ဝါးတစ်ပင်လုံး အသုံးချနည်းစာအုပ်တွင် ထိုကဲ့သို့အသုံး ချနည်းပါလိမ့်မည်ဟု ကျနော်မထင်ပါ၊ ကျနော့်အမေက ပိန္နဲသီးကို ခွဲသောအခါ အထဲမှအမွှာများကို ကျနော်တို့ စားသုံးကြသည်။ ကျနော့်ညီမလေးက စုဗူးကိုခွဲသောအခါ အထဲမှ ပိုက်ဆံများဖြင့် ဂါဝန်လှလှလေးများ ဝယ်ခဲ့ သည်။ ကွဲသွားသော ရဟန်းတစ်ပါး၏ ဦးခေါင်းထဲမှ အသိ၊အလိမ္မာ ယဉ်ကျေးမှုများသည် ခွဲသူကို မည်သို့အကျိုး ပြုသလဲဟု ကျနော်မသိပါ။ ကွဲတာကတော့ ကွဲခဲ့ပြီ ဖြစ်သည်။

လူ့သမိုင်းတလျှောက်မှာ ကွဲတာတွေများ လွန်းလှသည်။ ဆိုဗီယက်ယူနီယံ ကွဲခဲ့သည်။ အရှေ့ဂျာမနီနှင့်အ နောက်ဂျာမနီ ကွဲခဲ့သည်။ ကျနော်တို့ခေါင်းရင်းအိမ်မှ ကိုသန်းဖေနှင့် မမြင့်မြင့်အေး ကွဲခဲ့သည်။ ဖဆပလ ကွဲခဲ့ သည်။ အင်းဝနှင့်ဟံသာဝတီ ကွဲခဲ့သည်။ တွမ်ခရုစ်နှင့် နစ်ကိုးလ်ကစ်ဒ်မန်င်း ကွဲခဲ့သည်။ ဒဂုံစင်တာ ကွဲခဲ့သည်။ နောက်...ကျနော်၏နှလုံးသား ကွဲခဲ့သည်။ အာရ်စီတူး၊ ဗိုလ်တစ်ထောင်တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်သို့ သင်ရောက်ဖူးသည်ဆိုလျှင် တချိန်မဟုတ်တချိန်တော့ ကျနော့်နှလုံးသား အကွဲစများပေါ်က သင်လမ်းလျှောက် ခဲ့ပေလိမ့်မည်။ မြေမှုန်များ၊ ကွန်ကရိချပ်များ၊ ကတ္တရာစေးများကြားတွင် ရုပ်ပျက်ဆင်းပျက် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော ကျနော့်နှလုံးသားအား သင်မမှတ်မိခဲ့ခြင်းအတွက် အားတုံ့အားနာ ဖြစ်ရန်မလိုပါ၊ ဤသည်မှာ ပတ် ဝန်းကျင်နှင့် ကျနော့်နှလုံးသား တသားတည်းဖြစ်ခြင်း၏ လက္ခဏာကြောင့်ပင်ဖြစ်သည်။

တခါတရံ ကွဲစေခြင်းအလို့ငှာ ကျနော်ကိုယ်တိုင် နှလုံးသားကို လွှတ်ချရသလို တခါတရံမှာတော့ ထိန်းသိမ်းနေ သည့်ကြားမှ နှလုံးသားက လွတ်ကျ ကွဲတတ်ပြန်လေသည်။ ကြည့်မှန်တစ်ချပ်သည် ပုံရိပ်များကို ထင်စေသည်။ သိုးဆောင်းဓလေ့အရ မှန်တစ်ချပ်ကွဲခြင်းသည် ၇ နှစ်တာကံဆိုးမိုးမှောင် ကျစေသည်။ အတိတ်၏ပုံရိပ်များ ထင် ကျန်နေသော ကျနော့်နှလုံးသား ကွဲသောအခါ နှစ်ပေါင်းမည်မျှ ကံဆိုးမိုးမှောင်ကျ ရမည်လဲ၊ ကျနော်မသိပါ။ သေချာသည်ကတော့ ပလာစတာများအကြောင်း ကျနော်ပိုသိလာခြင်း ဖြစ်သည်။ စ,ကတည်းက စွဲမြဲစွာကပ် တတ်သော ပလာစတာများ၊ အစမှာ ကပ်သော်လည်း အချိန်ကြာလာသောအခါ ပြန်ကွာလာတတ်သော ပလာစ တာများ၊ ပတ်ဝန်းကျင် အပူအအေးကို လိုက်၍ ကပ်လိုက်ခွာလိုက် ဖြစ်တတ်သော ပလာစတာများ၊ ကပ်ချင် ယောင်ဆောင်တတ်သော ပလာစတာများ...ကျနော်သိခဲ့ရသည်။ သင်သည် ပလာစတာများအကြောင်း ကောင်း ကောင်းမသိသေးဘူးဆိုလျှင် ဤစာကြောင်းဆုံးသည်နှင့် ပလာစတာတစ်ခုကို ပြေးဝယ်၍ ဆောင်ထားစေချင်ပါ သည်။ လမ်းထွက်သောအခါ ပလာစတာသည် မကြာခဏလိုသော ပစ္စည်းတစ်ခုဖြစ်ကြောင်း သင်တွေ့လိမ့်မည်။

မြောက်ဝင်ရိုးစွန်းတွင် ရေခဲတောင်များ ကွဲထွက်လာနေကြသည်။ သင်ရော ကျနော်ပါ လောလောဆယ် တိုင် တန်းနစ်သင်္ဘောပေါ်မှာ ရှိမနေသည့်အတွက် ကံကောင်းသော်လည်း ကမ္ဘာကြီး ပိုမိုပူနွေးလာကြောင်း ခိုင်မာ သည့် အထောက်အထား ဖြစ်သည့်အတွက် ကံဆိုးလာနိုင်ကြောင်း သဘောကွဲစရာ လိုမည်မထင်ပါ။ ထိုအခါ ဗန်းမော်တင်အောင်၏ ‘ကျနော်ကကော ဘာများတတ်နိုင်ဦးမည်နည်း’ ဟူသော စာသားကို ကျနော်တို့အားလုံး ရွတ်ဆိုကြမည်။ အသံကွဲသော်လည်း အကြောင်းတူဖို့သာ လိုပါသည်။ လှည်းပေါ်ကလူများ ကျနော်တို့ထံ လာ ရောက်ပူးပေါင်းသောအခါ ဝန်ပေါ့ပြီး အားများလာမှာ သေချာပါသည်။ နောက်တကြိမ် မတွန်းခင်မှာတော့ ဇွန် ပန်းရနံ့လေး ရှုရှိုက်ကြမည်၊ ကျနော့်ကောင်မလေးထံမှ ချစ်ခြင်းမေတ္တာများ ပျော်ကျစီးဆင်းလာစေရန် သူမ၏ ကမ္ဘာလေး ပိုမိုပူနွေးလာဖို့ လိုသည်။ ဟန်ဆောင်ခြင်း မြူနှင်းတို့ ကွဲသည့်အချိန်တွင် မျှော်လင့်ခြင်း အလင်းတန်း တို့ ဖြာဆင်းနွေးထွေး လာလိမ့်မည်။ ထိုအခါ အသည်းကွဲလမ်းဆုံမှ ကျနော် ဖုတ်ဖက်ခါပြီး ထခဲ့မည်။

အတန်ငယ် အုံ့မှိုင်းမြဲအုံ့မှိုင်း၍ နေရောင်ခြည်မတောက်ပခဲ့သော ထိုနေ့တွင် ဤစာကို ကျနော်အဆုံးသတ်သည်။


ညီလင်းသစ်
၁၁ ဧပြီ၊ ၂၀၀၈

4 comments:

Yi Yi Win said...

“အာရ်စီတူး၊ ဗိုလ်တစ်ထောင်တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်” ခေတ်ကဆို
ရင် ကျွန်မတို့ ထက်ကြီးမှာပေါ့နော်။ ကျွန်မက “ဗာတာ”ကအမျိုးအိမ်မှာ ၁၉၉၁ လောက်
ကနေဖူးတယ်။ ဗိုလ်တစ်ထောင်တက္ကသိုလ်နားကအဆောင်မှာတော့ ၁၉၉၈ လောက်က
နေဖူးတယ်။ လှည်းတန်းကအဆောင်တွေလည်းနေဖူးပါတယ်။ ဒါကြောင့်အဲဒီနေရာတွေ
မှာလျှောက်သွားတိုင်း အကွဲစတစ်ခုခုပေါ်မှာလျှောက်နေရသလိုကို ကဗျာတွေဆန်ချင်နေခဲ့
တာဖြစ်မယ်။ “ပတ် ဝန်းကျင်နှင့် ကျနော့်နှလုံးသား တသားတည်းဖြစ်ခြင်း” ကြောင့်မမြင်ရပေမဲ့ အကွဲစတွေများစွာရှိနေတာတော့ခံစားမိပါတယ်။ ဒီစာဖတ်ပြီးရန်ကုန်
ကိုလွမ်းသွားတယ်။
“ကွဲသွားသော ရဟန်းတစ်ပါး၏ ဦးခေါင်းထဲမှ အသိ၊အလိမ္မာ ယဉ်ကျေးမှုများသည် ခွဲသူကို မည်သို့အကျိုး ပြုသလဲ ” ဆိုရင်တော့ ခွဲသူအတွက်
အ၀ီိစိတခါးပွင့်သွားစေခဲ့တာပေါ့။ ခွဲသူလည်းအ၀ီစိတော့ရောက်ချင်ပေလိမ့်မယ်မဟုတ်ဘူး။
နောင်ဘ၀မှရောက်မယ့်အ၀ီစိထက်ဒီဘ၀မှာတွေ့ ရမယ့်......ကိုပိုကြောက်နေခဲ့ရပုံပဲ။

နောက်မှဖြည်းဖြည်းချင်းလာဖတ်ပြီးဆက်တွေးဦးမယ်။

စိုးထက် - Soe Htet ! said...

အစ်မထက် အသက် ကြီးရင် ကျွန်တော့်ထက် ကြီးတာ သေချာ ပြီ :)

Nyi Linn Thit said...

ဟား...ဒီတခါတော့ အသက်အကြောင်း ပြောရတော့ မယ်ထင်တယ်၊ ကျနော်သာ အနောက်နိုင်ငံက အမျိုးသမီးတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ မေးတဲ့ သူက ဒီအမျိုးသမီး အသက်ကြီးနိုင်တယ်လို့ ခန့်မှန်းပြီး ယဉ်ကျေးမှုအရ How old are you? လို့မေးမယ့်အစား How young are you? လို့ အမေးခံရမယ့် အရွယ်တော့ ရောက်နေပြီဗျ =)) .....
လကမ္ဘာပေါ်ကို အမေရိကန်အာကာသသူရဲကောင်း Neil Armstrong ခြေချပြီး ၆ နှစ်အကြာမှာ ကျနော်မွေးပါတယ်။

Amber said...

Love your notes.
Love the way you answer your age.