14 July 2008

စက်ခေါင်း


ငါ့ရင်ထဲမှာ
မီးရထားစက်ခေါင်းတစ်ခု ရှိတယ်၊
အမြဲတမ်းလိုလို
မီးပေါင်လျော့နေတဲ့ စက်ခေါင်းတစ်ခုပါ၊

ဒါပေမယ့်
မီးပေါင်မပြည့်တာကို
စက်ခေါင်းက သူ့ဟာသူတောင်
မသိရှာဘူး၊
သူသိတာက
တဂျုံးဂျုံး တဂျက်ဂျက် အော်မြည်ရင်း
ဘူတာစဉ်တွေ ကုန်အောင်ခုတ်မောင်းမယ်၊
သံလမ်းတွေပေါ်မှာ
မမောနိုင်မပန်းနိုင် လွန်းထိုးမယ်၊
ဒါပဲ...၊
အလံသာ ချိုးထားပလေ့စေ
စက်ခေါင်းက ထွက်ခွာဖို့ အသင့်ပဲ၊

လက်တွေ့မှာတော့
မီးပေါင်မပြည့်တဲ့ စက်ခေါင်းတစ်ခုဟာ
အမြဲလိုလို
စိတ်ပျက်လက်ပျက် စောင့်ဆိုင်းခဲ့ရတာချည်းပါပဲ၊
သူ့နောက်မှာ
သူဆွဲချင်လွန်းတဲ့ တွဲပေါင်းများစွာကို
ချိတ်ထားရင်း
ဘူတာထဲမှာတင်
ငုတ်တုတ်မိုးလင်းသွားလေ့ ရှိတယ်၊

ဒီလိုနဲ့ တစ်ရက်မှာ
စက်ခေါင်းဟာ
မြစ်ဝကျွန်းပေါ်ဒေသဆီ
ခုတ်မောင်းချင်လာတယ်၊
ရွှေဝါရောင်လယ်ကွင်းတွေ ရှိခဲ့ဖူးရာ
မြစိမ်းရောင်တောအုပ်တို့ ရှိခဲ့ဖူးရာဆီ
ထွက်ခွာဖို့ စက်ကုန်ဖွင့်တယ်၊
တဝုန်းဝုန်း စက်သံတွေကြားမှာ
အမည်းရောင်မီးခိုးတွေသာ
တလုံးပြီးတလုံး အူထွက်လာရဲ့
စက်ခေါင်းကတော့
ဘူတာထဲကကို မရွေ့ဘူး၊

အမြဲတမ်းလိုလို မီးပေါင်လျော့နေတဲ့
စက်ခေါင်းတစ်ခုကတော့
ဘူတာထဲကကို မရွေ့ခဲ့ဘူး ။ ။


ညီလင်းသစ်
၁၄ ဇူလိုင်၊ ၂၀၀၈

1 comment:

Yu Wa Yi said...

အဝေးကြီးကနေ ခုတ်မောင်းလာရမယ့်ခရီးမို့ မီးပေါင်ပြည့်မှသာ ထွက်ခဲ့ပါရထားကြီးရေ။
ပြန်ထွက်လို့ မရတော့အောင်မီးပေါင်ထပ်ကျသွားရင်မကောင်းဘူး။