18 August 2008

Continuous Pedalling

(Pic is from here)

ဒီနေ့ကစပြီး Rafael Nadal က ကမ္ဘာ့ တင်းနစ်ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ၊ အများစု ထင်ကြေးပေးထား တဲ့အတိုင်း Roger Federer ရဲ့နေရာကို Nadal ပဲဆက်ခံခဲ့တာဖြစ်တယ်၊ သူတို့နှစ်ယောက်ကစားပုံ အတက်နဲ့အကျကို ကြည့်ရင် ဒီနေ့ဟာ မလွဲမသွေကို ရောက်လာရမယ်လို့ ကျနော်မျှော်လင့်ထား ပြီးသားပါ၊ ဒီနေ့မှာ စပိန်တင်းနစ်ကစားသမား Nadal ဟာပျော်ရွှင်နေမှာ ဖြစ်သလို ဆွစ်တင်းနစ် ချန်ပီယံဟောင်း Federer ကတော့ အနည်းနဲ့အများ စိတ်ပျက် ကြေကွဲနေမှာ အသေအချာပါပဲ၊

Tennis ကိုကျနော် အရင်ကဒီလောက်စိတ်မဝင်စားခဲ့ဘူး၊ အရှေ့တောင်အာရှရဲ့ လူကြိုက်များတဲ့ အားကစားတွေထဲမှာ တင်းနစ်မပါသလို ကမ္ဘာ့နာမည်ကြီး တင်းနစ်သမားတွေလည်း သိပ်မရှိပါဘူး၊ ဒီဖက်ကိုရောက်လာတော့ တင်းနစ်ဘောလုံးတွေဟာ ကျနော့်ရဲ့နေ့စဉ်ဘဝထဲကို တဖြည်းဖြည်းနဲ့ ကျရောက်ထိမှန်လာခဲ့ပါတော့တယ်၊ အထူးသဖြင့် Federer ဟာ Swiss လူမျိုးဖြစ်တော့ သူ့နိုင်ငံမှာ သူ့အကြောင်းကို အခြားဒေသတွေမှာထက် ပိုပြီးသိလာရာကနေ သူ့ပွဲတွေကိုလည်း ကြည့်ဖြစ်လာခဲ့ ပါတယ်၊ ဒီလိုနဲ့ပဲ ကျနော်ဟာ တင်းနစ်ကွင်းတွေရဲ့ အလယ်ကိုရောက်မှန်းမသိ ရောက်လာခဲ့ပြီး တစ်နာရီ ကီလိုမီတာ ၁၀၀ ကျော်တဲ့နှုန်းနဲ့ တဝီဝီလွန်းထိုးသွားနေတဲ့ အစိမ်းရောင်ဘောလုံးလေး တွေကို မလွတ်တမ်း ကြည့်ဖြစ်လာတော့တာပါပဲ၊

Federer ဟာ ၂၀၀၄ ဖေဖော်ဝါရီ ၂ ရက်ကတည်းကနေ မနေ့ကအထိ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပေမယ့် ထိပ်သီး Grand Chelem ပွဲကြီးတစ်ပွဲဖြစ်တဲ့ Roland Garros ပွဲကိုတခါမှ မနိုင်ခဲ့ဖူးပါဘူး၊ အများသိ ကြတဲ့အတိုင်း သူဟာ Wimbledon လိုမြက်ခင်းကွင်းတွေမှာ ပြိုင်ဖက်မရှိကောင်းမွန်သလောက်ပြင် သစ်နိုင်ငံမှာ ကျင်းပတဲ့ Roalnd Garros ရဲ့အုတ်နီခဲမှုန့်ကွင်းမှာတော့ သူ့ရဲ့အမြဲတမ်းပြိုင်ဖက် Nadal ကိုမကျော်နိုင်ခဲ့ဘူး၊ ဒီတော့ Roalnd Garros မှာ Nadal ကနိုင်လိုက်၊ သူ့ရဲ့နောက်မှာကျင်း ပတဲ့ Wimbledon မှာ Federer ကနိုင်လိုက်နဲ့ ရှိနေရာက ဒီနှစ်မှာတော့ Nadal က Federer ရဲ့ ကွင်းဖြစ်တဲ့ Wimbledon မှာပါနိုင်လိုက်ပြီးတဲ့ အခါမှာတော့ Federer ရဲ့ခေတ်ဟာလည်း ဆုံးခန်း တိုင်သွားခဲ့တာပါပဲ၊

ပိုဆိုးတာက ဒီအရှုံးကို ပြန်အဖတ်ဆယ်ဖို့အတွက် Federer ဟာအခုလက်ရှိ Olympic Games မှာ အနိုင်ကစားဖို့ အားခဲထားပေမယ့် ကွာတားဖိုင်နယ်မှာတင်ပဲ ရှုံးသွားခဲ့ရပြန်တယ်၊ သတင်းစာရှင်း လင်းပွဲမှာ သူ့ကိုသတင်းထောက်တွေက မေးတယ်၊

“ ဒီ ၂၀၀၈ မှာခင်ဗျားတချိန်လုံး ရှုံးနေတာပဲ၊ ခင်ဗျားမှာ ဘာများလိုအပ်နေလို့လဲ ” တဲ့၊

Federer ကပြန်ဖြေတယ်၊

“ ကျနော့်မှာ လိုအပ်နေတာက Training ပဲ၊ ဒီဖက်ပိုင်းတွေမှာ ကျနော့်ရဲ့လေ့ကျင့်မှုအတွက် အချိန် ကောင်းကောင်းမရနိုင်ဘူး ဖြစ်နေတယ် ” တဲ့...၊

ကျနော်စဉ်းစားကြည့်မိတယ်၊ သူ့လို နားရက်မရှိ တနှစ်ပတ်လုံးနီးပါး ကစားနေတဲ့ ကမ္ဘာ့ချန်ပီယံ တစ်ယောက်က လေ့ကျင့်မှုလိုနေတယ်တဲ့၊ လေ့ကျင့်မှု မရှိလို့ ရှုံးပွဲတွေဆက်ခဲ့တယ်တဲ့၊ လေ့ကျင့်မှု ဟာမရှိမဖြစ် လိုအပ်နေတာပဲ၊ ကျနော်တို့လည်း ဘဝမှာတခါတလေ သတိလက်လွတ်ဖြစ်ပြီး လေ့ ကျင့်မှုနဲ့ ပြတ်လပ်ခဲ့တဲ့အချိန်တွေ အများကြီးပါ၊ အထူးသဖြင့် လုပ်နေကျ၊ ပြောနေကျ၊ ကျင့်သားရ နေတဲ့ အရာတွေနဲ့ပတ်သက်ရင် ပိုတောင်လစ်ဟာတတ်ပါတယ်၊ ဘယ်လိုပဲတော်နေ၊ ကောင်းမွန် နေပါစေ..လေ့ကျင့်မှုမရှိရင် ကျစ်လစ်သေသပ်မှုနဲ့ ပြီးပြည့်စုံကောင်းမွန်ခြင်းအပိုင်းမှာတော့လျော့တိ လျော့ရဲနိုင်နေ နိုင်ပါတယ်၊

အိုင်းစတိုင်း ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို သတိရမိတယ်၊

‘ ဘဝဟာ စက်ဘီးနဲ့တူတယ်၊ စဉ်ဆက်မပြတ် နင်းနေဖို့လိုတယ်၊ ရပ်လိုက်ရင်တော့ လဲပြီပဲ ’ တဲ့၊

အနိမ့်အမြင့်၊ အတက်အကျတွေ ကြုံရပေမယ့်လည်း ကျနော်တို့ ဆက်နင်းနေဖို့ပဲ လိုပါတယ် ။ ။


ညီလင်းသစ်
၁၈ သြဂုတ်၊ ၂၀၀၈

3 comments:

Dr. Yi Yi Win said...

စက်ဘီးလာစီးသွားပါတယ် ကိုညီလင်းသစ်ရေ။

မောင်မျိုး said...

ကျနော့်မှာ သူ့ပုံလေးတွေစုထားတာအများကြီးပဲ အစ်ကို ကျနော့်ရဲ့ ဟီးရိုး တွေထဲ ဖက်ဒါးရာက ထိပ်ဆုံးက ခုနောာက်ပိုင်းထပ်တိုးလာတဲ့သူတွေထဲ အစ်ကိုလည်းပါတယ်း) မြှောက်တာမဟုတ်ဘူး အတည် ။

ညီလင်းသစ် said...

မယုဝရီ ...
ချော်လဲမယ်နော်၊ ဖြေးဖြေး..ဖြေးဖြေး..၊း)

မောင်မျိုး ...
ဖက်ဒရယ် က ဟီးရိုးဆိုတာတော့ ဟုတ်ပါပြီ ညီရ..၊ ကျနော့်ကိုတော့ မလုပ်လိုက်ပါနဲ့ဗျာ၊ ကျနော်က နာမည်လည်းမကြီး၊ ထမင်းလည်း ငတ်ဗျ..ဟားဟား။