13 January 2010

နှင်းဝေတဲ့ဆောင်း


ငယ်ငယ်တုန်းကတော့ “ဆောင်းနှင်းဝေတဲ့ နံနက်ခင်းရယ်” ဆိုပြီး သီချင်းတွေ ဆိုခဲ့ဖူးတယ်၊ အဲဒီတုန်းက မြင်ယောင်ခံစား ကြည့်တဲ့နှင်းက ဝေလီဝေလင်းမှာ အုံ့ဆိုင်းတုန့်မှိုင်းနေတဲ့ ဝိုးတဝါးနှင်းမျိုးတွေ...၊ တကယ်က မြန်မာပြည်ရဲ့ နေရာအများစုမှာ တွေ့ရတာက မြူပါ၊ ဒါပေမယ့် နံနက်ခင်း မြူဆိုင်းတာကို အများစုက နှင်းကျတယ် လို့သုံးနှုန်းလေ့ရှိတော့ ကိုယ်လည်း ရောယောင်ပြီး နှင်းမှုန်ထဲမှာ ချစ်သူကို ရှာကြံ မြင်ယောင် ကြည့်ရတာအမော...၊

ဒီဖက်ပိုင်းရောက်လာတော့ နှင်းက တကယ့်ကိုပဲ ဘဝထဲကို ပီပီပြင်ပြင် ဝင်ရောက်လာခဲ့တော့တယ်၊ နှင်းမှ မြန်မာပြည်မှာ ပြောလေ့ရှိတဲ့ ဝိုးတဝါးမြူနှင်းရော ဖြိုးဖြိုးဖျောက်ဖျောက်ကျတဲ့ ဆီးနှင်းရော အလုံးနဲ့အရင်းနဲ့ကို ကျတော့တာကိုး...၊ တခါတခါ ခပ်ဖွဲဖွဲ အမှုန်အမွှားတွေ ကျပေမယ့် တခါတခါတော့လည်း အဖတ်လိုက်ကို တဆုပ်တထွေး ကျချင် ကျတတ်ပြန်ရော...၊

ကျနော် ရောက်စက ဒီမြို့မှာ ဆောင်းတွင်းတစ်ခုလုံး လေးငါးခါထက် နှင်းပိုမကျတတ်ဘူး၊ တခါကျရင်လည်း တစ်ရက်အပြင် မပိုဘူး၊ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ အဲ့လ်ပ်စ် တောင်တန်းတွေပေါ်မှာတော့ နှင်းက နိုဝင်ဘာ ကတည်းက ဖုံးလွှမ်း နေရာယူလေ့ရှိတယ်၊ ပထမတော့ တောင်ထိပ်တွေကို နှင်းဖုံးတာမြင်ရတယ်၊ ပြီးတော့ သိပ်မကြာခင်မှာပဲ တောင်အောက်ဖက်ကို တဖြည်းဖြည်းနဲ့ နှင်းပိုကျလာပြီး တောင်တစ်ဝက်လောက်အထိ ဖွေးသွားတော့တာပါပဲ၊ အဲဒီ မြင်ကွင်းက ဧပရယ်လ် လလယ်လောက်အထိ အမြဲတသမတ်ထဲပဲ၊

အခု ဒီဆောင်းတွင်းကတော့ နဲနဲထူးခြားတယ်၊ မနှစ်က ဒီဇင်ဘာလလယ် ကတည်းက အအေးလှိုင်း ဖြတ်သွားပြီး နှင်းစ,ကျတယ်၊ ကျတာမှ ရက်ဆက်ကို ကျတယ်၊ ခရစ္စမတ်နဲ့ နူးရီးယားကြားမှာ နဲနဲအအေးပေါ့သွားပေမယ့် ဇန်နဝါရီဆန်းတာနဲ့ အရင်လိုပဲ ပြန်အေးလာပြီး နှင်းတွေ ဆက်တိုက် ပြန်ကျလာပြန်ရော...၊ အိမ်နားမှာတော့ နှင်းထုက အတော်လေးကို ထူလာခဲ့တယ်၊ တိုက်ဆိုင်ချင်တော့ သားကလေးက ခရစ္စမတ်လက်ဆောင်အဖြစ် bobsleigh တစ်ခုရထားတယ်၊ အဲဒါကို သူက ပြီးခဲ့တဲ့ရက်တွေထဲက တော်တော်စီးချင်နေခဲ့တာ၊ ကျနော်တို့က လည်းသူ့ကို တောင်ပေါ်ခေါ်သွားဖို့ အဆင်မပြေသေး၊ ဒါနဲ့သူက မြေကြီးပေါ်မှာ ဒီအတိုင်းဆွဲပေးဖို့ အတင်းပူဆာ နေလို့ ဒီဟာက နှင်းပေါ်မှာပဲ လျှောစီးရတဲ့အကြောင်း မနည်း ရှင်းပြထားရတယ်၊

ပြီးခဲ့တဲ့ စနေနေ့ကတော့ သူ့ကိုအိမ်နားက မူလတန်းကျောင်းလေးနား ခေါ်သွားလိုက်တယ်၊ အဲဒီကျောင်းလေးရဲ့ အနောက်ဖက်မှာ ကုန်းမြင့်ဆင်ခြေလျှောလေး တစ်ခုရှိတယ်၊ အခုအဲဒီမှာ နှင်းတွေအပြည့်ဖုံးနေတာနဲ့ bobsleigh စီးဖို့အတော်ပဲ၊ သားကလေးက ၂ နှစ်ခွဲပဲ ရှိသေးပေမယ့် ကျနော်ကားမောင်းရင် စတီယာရင်နောက် မှာလာထိုင်ချင်လို့ ခဏခဏပူဆာတတ်တယ်၊ ကားကိုသူက ကစားစရာများ အောက်မေ့နေလား မသိပါဘူး၊ အခုသူ့ရဲ့ bobsleigh မှာ စတီယာရင်လေးတစ်ခုနဲ့ ဘရိတ်တစ်ခုပါတော့ သူတော်တော်ပျော်နေတယ်၊ ကျောင်းနားမှာ ကျနော်တို့ မိသားစု သုံးယောက်အပြင် တခြားဘယ်သူမှလည်း မရှိတာနဲ့ သူ့ကို စတီယာရင် ပေးကိုင်ထားလိုက်တော့ သဘောတွေကျလို့၊ နှစ်ယောက်စီးဆိုတော့ သူကရှေ့မှာ စတီယာရင်ကိုင်၊ ကျနော်က သူ့နောက်မှာထိုင်ပြီး နဲနဲထိန်းပေး...၊ အတော်လေးကို ပျော်ဖို့ကောင်းပါတယ်၊

ပျော်ရွှင်နေတဲ့ သားကလေးကိုကြည့်ရင်း မြန်မာပြည်က ကလေးတွေကိုလည်း သတိရမိတယ်၊ အခုလို နှင်းတွေ ပေါ်မှာဆို သူတို့လည်း ဘယ်လောက်ပျော်လိုက်မလဲ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ... နှင်းတွေနဲ့ ဆော့ကစားလို့ ရပါတယ်၊ နှင်းလုံးတွေနဲ့ ပစ်ပေါက်မလား၊ နှင်းလူ snowman လုပ်မလား၊ နှင်းအိမ် အစ်ဂလူး ဆောက်ဦးမလား၊ ပိုက်ဆံတပြားမှ ကုန်စရာမလိုပဲ နှင်းတွေပ်ါမှာ ဆော့ကစားလို့ရတယ်၊ တဖွဲဖွဲကျနေတဲ့ နှင်းပွင့် အဆုပ်အခဲတွေကို မော့ကြည့်ရင်း သူတို့လေးတွေ အံ့သြပျော်ရွှင်နေမှာ...၊ မြန်မာပြည်မှာ တစ်ခါလောက် နှင်းကျရင် ကောင်းမယ်လို့ ကျနော်တွေးမိတယ်၊ ဒါပေမယ့် ဒီလိုအခြေအနေမှာ ချက်ချင်းအသားကျ ပျော်ရွှင်နိုင်ဖို့ သူတို့မှာ လုံလောက်တဲ့ ပြင်ဆင်မှုမျိုး ရှိမှာမဟုတ်ပါဘူး၊ လိုအပ်တဲ့ ဝတ်စရာ အနွေးထည် ကောင်းကောင်းတွေ၊ နှင်းပေါ်မှာဝတ်ရတဲ့ ရေစိုခံ ဝတ်စုံနဲ့ လည်ရှည်ဖိနပ်တွေ၊ လုံခြုံနွေးထွေးတဲ့ အိမ်တွေနဲ့ အပူပေးစနစ်တွေ အကြောင်း ချက်ချင်းပဲ တွေးမိသွားတော့ လက်တွေ့မဆန်လွန်းတဲ့ ဆန္ဒတွေကို ခေါင်းပေါ်ကျလာနေတဲ့ နှင်းစက် တွေနဲ့အတူ ခပ်ကြမ်းကြမ်းပဲ ခါထုတ်လိုက်တော့တယ်။ ။


ညီလင်းသစ်
၁၃ ဇန်နဝါရီ၊ ၂၀၁၀

8 comments:

မေငြိမ်း said...

သားကလေး ဓာတ်ပုံများ ပါမလားလို့အေ... တကတဲ..

Nge Naing said...

ညီလင်းသစ်ရေ လာဖတ်သွားပါတယ်။ မိမိကလေး ပျော်သလို မြန်မာပြည်က ကလေး ပျော်စေချင်တဲ့ ဆန္ဒကို လေးစားပါယတ်။ ဆစ်ဒနီမှာတော့ နှင်းမရှိဘူး အခုချိန် နွေရာသီမို့ ရာသီဥတု သိပ်ပူတယ်။

ညီလင်းသစ် said...

အမမေငြိမ်းရေ...သားဓါတ်ပုံက ကင်မရာထဲကနေ ကွန်ပျူတာထဲကို မထည့်ရသေးလို့ပါ ခင်ဗျ... :) မကြာမီ လာမည် မျှော် လို့သာ ဆိုချင်ပါကြောင်း... :D

ကျနော်တို့နဲ့ မငယ်နိုင်တို့နဲ့က ရာသီဥတုချင်း တကယ့်ကို ဆန့်ကျင်ဖက်...၊ ဆစ်ဒနီက သူငယ်ချင်းကို ကျနော်အမြဲ နောက်လေ့ရှိတယ်၊ “ခရစ္စမတ် tree ကို ယပ်ခတ်ပြီး ထိုင်ကြည့်ရတာ သိပ်တော့မနိပ်ဘူးကွာ” လို့..။ :)

Phyo Evergreen said...

အစ်ကို နှင်းတွေကျတဲ့ပုံတွေများပါမလားလို့ထင်နေတာ..။
ရှိရင်နောက်တင်ပေးပါအုန်း.. ။ ကျွန်တော်က နှင်းတွေကို မြင်ရရင် သဘောကျတယ်..။ အဲ့ပ်လ်စ်တောင်တန်းတွေလည်း ကြည့်ချင်သား.....။ အစ်ကို တင်ထားတဲ့ မွန်းတည့်ချိန်ရဲ့ဓါးသွားများကို အရမ်းကြိုက်တယ်..။

Phyo Evergreen said...

မှားလို့ မွန်းတည့်ချိန်ဧ။်သွားများကို ပြောတာပါ..။

ညီလင်းသစ် said...

ကိုဖြိုး... ပုံတွေ ကျနော်ပြန်ရှာလိုက်ဦးမယ်၊ အဲ့လ်ပ်စ် တောင်တန်းနဲ့ နှင်းတွေကို မြင်ချင်ရင် ဆောင်းတွင်း တချိန်ချိန်လောက် ကျနော်တို့ဆီ လာခဲ့လေ... :)

အဲဒီအခါ ကြည့်ချင်သလောက်သာ ကြည့်ပေတော့ဗျာ။

Anonymous said...

Oh NLT, when I had seen "snow" for the 1st time, I thought the same.. wanted snowing in Myanmar instead of dust. & imagine all people, children or adults would be very happy like me. :D
Ah harr...I remembered suddenly northern MM & smiled at myself :D

Regards,
Su

ညီလင်းသစ် said...

Su ...
Yeah..I think we guys think in the same way. :)
When there are some global climate disasters, then there will fall snow in Burma... LOL.