18 September 2010

သုံးနှစ်တာ...


သုံးနှစ်ဆိုတဲ့ ကာလက တကယ့်ကိုပဲ မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားခဲ့တယ်၊ လွန်ခဲ့တဲ့ သုံးနှစ် နွေရာသီကာလမှာ သားကလေး မွေးလာခဲ့တယ်၊ ထုံးစံအတိုင်း မမွေးခင်ကလည်း ပြင်ရဆင်ရ၊ မွေးလာပြန်တော့လည်း ပြုစုဂရုစိုက် ရနဲ့ပေါ့၊ ဒီကမ္ဘာပေါ်က အခြားအခြားသော မိဘတွေလိုပဲ ကျနော်တို့လည်း သားနဲ့အတူ တဖန်ပြန်ပြီး ကြီးပြင်းခဲ့ရ ပြန်ပါတယ်၊ သူနဲ့အတူတူ ကြီးပြင်းတယ် ဆိုတာက တကယ်ပါ၊ ဥပမာ- သူ ခြောက်လသား အရွယ်မှာ ခြောက်လသား ကလေးတစ်ယောက်ရဲ့ နေထိုင်မှုအဝဝကို ကျနော်တို့လည်း တချိန်တည်း သင်ကြားခဲ့ရတယ်၊ သူ မှောက်ဖို့ ကြိုး စားတဲ့အခါ၊ လေးဖက်သွားဖို့ ကြိုးစားတဲ့အခါ၊ ပထမဆုံး ခြေလှမ်းတွေ စ,လှမ်းတဲ့အခါ သူ့ရဲ့ လွဲချော်မှု၊ အောင်မြင်မှု၊ မတော်တဆ ထိခိုက်မှု စတာတွေကို ကူညီထိန်းမ,ရင်း၊ ကြိုတင်ပြင်ဆင်ရင်း၊ ရီမော အားပေးရင်းနဲ့ပဲ နေ့ရက်တွေက တတိတိ ရွေ့လျောသွားခဲ့ကြတယ်၊ အဲဒီတုန်းက နေ့စဉ်ဘဝတွေကို အခုပြန် စဉ်းစားတော့ အင်မတန်ရှည်လျားတဲ့ တီဗီစီးရီး တစ်ခုကို ကြည့်ရသလိုပဲ၊ တချို့အခန်းတွေကို မှတ်မိသလိုလို၊ မမှတ်မိသလိုလို နဲ့...၊ ဇတ်လမ်းဘယ်လိုစ,တယ်၊ ဘယ်နားမှာ ဘယ်လိုအလှည့်အပြောင်း ဖြစ်သွားတယ် စ,တာ တွေကို မှတ်မိ သယောင်ယောင် ရှိပေမယ့် ဖြစ်စဉ်တွေကို ရှေ့နောက်စီစဉ်ပါ ဆိုရင်တော့ တော်တော်ဝါးသွား ပြန်တယ်၊ ဒါက ကျနော့်တစ်ဦးတည်း အမြင်လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်၊ မိခင်တွေကတော့ ဖခင်တွေနဲ့စာရင် ဒါမျိုးတွေကို ပိုပြီး မှတ်မိကြမယ် ထင်ပါတယ်၊

သူငယ်ငယ်တုန်းက ရိုက်ထားခဲ့တဲ့ ဗီဒီယိုအပိုင်းအစတွေ တခါတခါ ပြန်ကြည့်ရင် “ကြည့်စမ်း..အဲဒီတုန်းက သား က ဒီလိုတွေတောင် လုပ်တတ်နေပြီ၊ သွားတတ်နေပြီ”လို့ တအံ့တသြနဲ့၊ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ရောဂါ ပေါင်းစုံကိုလည်း ရှာဖွေလေ့လာ မှတ်သားရတာအမော၊ သားကလေး နဲနဲနေမကောင်းတာနဲ့ ရောဂါလက္ခဏာ ရှာပြီး ဖြစ်နိုင်ခြေရှိ တာကို ခန့်မှန်းရတာကလည်း အလုပ်တစ်ခု၊ သားက မခြူခြာပါဘူး၊ ကလေးတွေမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အဖျား အနာလေးတွေလောက်ပဲ ဖြစ်တယ်၊ အခုတော့လည်း သုံးနှစ်သားဆိုတော့ ပြေးလွှား ခုန်ပေါက်လို့ပေါ့၊

ကျနော်မှတ်မိသလောက် နှစ်နှစ်ခွဲလောက်မှာ သားအများဆုံး မေးလေ့ရှိတာက “ဒါဘာလဲ”ဆိုတာပဲ၊ ပြင်သစ်လို “C’est quoi” လို့မေးလိုက် မြန်မာလိုမေးလိုက်နဲ့ သူ သင်ကြားနေခဲ့တယ်၊ အခု သုံးနှစ်မပြည့်တပြည့်မှာ မေးလာ တာကတော့ “Pourquoi”ပဲ၊ “ဘာဖြစ်လို့လဲ” “ဘာ့ကြောင့်လဲ”တဲ့၊ ကလေးတွေဟာ ဒီ “ဘာ့ကြောင့်လဲ”ဆိုတာ မလွဲမသွေ မေးတတ်တယ်ဆိုတာ ကျနော်သိထားပြီး ဖြစ်လို့ ကြိုတင်ပြင်ဆင်ထားခဲ့တယ်၊ ပြင်ဆင်တယ်ဆိုတာ ကလည်း တခြားထွေထွေထူးထူး မဟုတ်ပါဘူး၊ သူ့ရဲ့ မေးခွန်းတိုင်းကို တတ်နိုင်သမျှ စိတ်ရှည်ရှည်ထားဖြေဖို့ ကိုယ့်ကိုယ်ကို သတိပေးထားတာပါ၊

သတိမပေးလို့ကလည်း မရဘူး၊ အဲဒီ “ဘာဖြစ်လို့” ဆိုတာကြီးက မိုးလင်းကနေ မိုးချုပ်အထိ တောက်လျှောက်ပါ ပဲ၊ အပြင်သွားခါနီး “သားရေ..ဒီဆွယ်တာလေး ဝတ်ကွာ”ဆိုရင် ဘာဖြစ်လို့လဲ-တဲ့၊ အလုပ်နောက်ကျတဲ့ ရက်မျိုးဆိုရင် ကျနော်သတိလွတ်သွားပြီး “လူကြီးက ဝတ်ဆို ဝတ်ပါလား”လို့ ပြောမိမလိုဖြစ်သွားတယ်၊ ဒီကောင်ငါ့များ ကန့်လန့်တိုက်နေလားဆိုပြီး ကြည့်လိုက်တော့ သားကလေးရဲ့ အရိုးခံမျက်လုံးလေးတွေနဲ့ပဲ သွားဆုံပါတယ်၊ သူက တကယ့်ကို သိချင်စိတ် အပြည့်နဲ့ ကျနော့်ကို မော့ကြည့်လို့...၊ ရုတ်တရက် စိတ်ခုသွားတဲ့ အဖြစ်ကို သား မသိလိုက်ပေမယ့် ကျနော် စိတ် မကောင်းဖြစ်သွားတယ်၊ ပြီးတော့မှ “အရင်ရက်တွေက နဲနဲပူနေ တော့ ဝတ်စရာမလိုဘူးလေ၊ ဒီနေ့မနက်ကတော့ မိုးအုံ့နေလို့ သား ချမ်းမှာစိုးလို့ ဝတ်ခိုင်းတာကွ”လို့ ရှင်းပြလိုက် တယ်၊ ဒီတော့မှ ဆွယ်တာဝတ်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းကို သိသွားလို့ သူ ချက်ချင်းပဲ ကောက် ဝတ်လိုက်တော့တယ်၊ အဲဒီလို အဖြစ်တွေက နေ့တဓူဝမို့ ကျနော်တတ်နိုင်သလောက် သတိထားနေရ ပါတယ်၊

တချို့မေးခွန်းတွေကတော့ ကျနော်တို့ကို အကျပ်ရိုက်စေပါတယ်၊ ဟိုတစ်နေ့က ကျနော်တို့ ဝရန်တာမှာ လာ, လာနားလေ့ရှိတဲ့ စာကလေးတွေကို ကြည့်ရင်း စာကလေးက ခြေထောက်ပါရဲ့သားနဲ့ ဘာဖြစ်လို့ လမ်းမလျှောက် တာလဲ-တို့၊ လူကြားထဲမှာ လေ,တက်တာဟာ ဘာဖြစ်လို့ မယဉ်ကျေးဘူးလို့ ပြောကြတာလဲ-တို့၊ ငိုတဲ့အခါ ဘာဖြစ်လို့ မျက်ရည်ကျလာတာ လဲ-တို့ စ,တဲ့ မေးခွန်းမျိုးတွေပေါ့၊ တခါကလည်း အကောင်ပလောင်လေးတွေ ကို မသတ်ဖို့ပြောရင်းက “သေတယ်”ဆိုတာ ဘာလဲလို့ မေးပြန်ရော၊ တချို့အကြောင်းတွေကို သုံးနှစ်အရွယ် ကလေးတစ်ယောက် နားလည်အောင် ရှင်းပြရတာ သိပ်တော့ မလွယ်ပါဘူး၊ သူ မသိတဲ့ ဝေါဟာရတစ်လုံးကို ဖြေဖို့ နောက်ထပ် ဝေါဟာရ အသစ် ဆယ်လုံးကိုလည်း ကျနော်မသုံးချင်ဘူး၊ အထူးသဖြင့်တော့ အလုပ် ပင်ပန်း နေတဲ့အချိန်မျိုး တွေမှာ စိတ်ရှည်လက်ရှည် ရှင်းပြဖို့ အတော်ကြိုးစားရတယ်၊ ကျနော်က သူ့ကို “လူကြီးက ပြော ရင် မှတ်လိုက်၊ ဘာမှပြန်ပြီး လျှာရှည်မနေနဲ့”လို့ မပြောမိအောင် အမြဲသတိထားပါတယ်၊

သားကိုကြည့်ရင်း ကျနော်လည်း ငယ်ငယ်တုန်းက သူ့လိုပဲ အဲဒီလိုတွေ တချိန်လုံး လျှောက်မေးနေတာပဲလား လို့ ပြန်စဉ်းစားမိတယ်၊ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က အဖြစ်အပျက်တွေက ပြက်ပြက်ထင်ထင် မရှိလှပါဘူး၊ ကျနော်မှတ်မိသလောက်က မမေးဘူး ဆိုတာပဲ၊ မေးရင်တောင်မှ သူ့လောက်တော့ မဟုတ်လောက်ဘူး၊ ဒါနဲ့ ကျနော်နဲ့ရွယ်တူ ငယ်သူငယ်ချင်းတွေ အကြောင်း စဉ်းစားကြည့်ပြန်ရော၊ သူတို့လည်း ဘယ်သူမှ ဒီလိုတွေ ကပ်သီးကပ်သပ် လျှောက်မမေးကြဘူး၊ မြန်မာပြည်မှာ ရှိစဉ်တုန်းက တူ,တူမတွေ၊ အိမ်နီးချင်း ကလေးတွေ အကြောင်းတွေးမိတော့လည်း ဘယ်သူမှ ဒီလို တချိန်လုံး ဘာဖြစ်လို့လဲ၊ ဒါဘာလဲ လို့ မေးမနေကြပါဘူး၊ ဘာဖြစ် လို့ မမေးကြတာလဲ၊ ကျနော်ကလေးဘဝတုန်းက ဘာမှ မသိချင်ခဲ့ဘူးလား၊ ဒီကလေးငယ်တွေကကော ပတ်ဝန်းကျင်ကို စိတ်မဝင်စားကြဘူးလား၊ သုံးနှစ်အရွယ်စီ ရှိကြတဲ့ မြန်မာကလေး တစ်ယောက်ရယ်၊ အာဖရိကန် ကလေးတစ်ယောက်ရယ်၊ အနောက်တိုင်းက ကလေးတစ်ယောက်ရယ်.. အဖြစ်အပျက်တစ်ခု၊ စကားလုံးအသစ်တစ်ခုကို ချဉ်းကပ်ပုံက ကွာနိုင်သလား၊ ဘယ်လောက် ကွာနိုင်သလဲ၊ ပြောရရင်တော့ ပညာရှင်တွေ တလျှောက်လုံး ဆွေးနွေးငြင်းခုန်နေကြတဲ့ ကလေး တစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုဟာ ဗီဇပေါ် မူတည် လား၊ ပတ်ဝန်းကျင်ပေါ် မူတည်လား ဆိုတဲ့ မေးခွန်းကိုပဲ ဦးတည်သွားမှာပါပဲ၊

ကျနော့်တဦးတည်း အမြင်အရတော့ ဗီဇကော ပတ်ဝန်းကျင်ပါ မူတည်ပါလိမ့်မယ်၊ ဒါပေမယ့် တခုကိုပဲ မဖြစ်မနေ အလေးပေးရမယ် ဆိုရင် ပတ်ဝန်းကျင်က ပိုပြီးအရေးပါလိမ့်မယ်လို့ ထင်တယ်၊ ဒီကမ္ဘာမြေရဲ့ ဘယ်နေရာမှာပဲ မွေးမွေး၊ ဘယ်လို အသားအရောင်ပဲရှိရှိ ကလေးတိုင်းကတော့ အရာရာကို စူးစမ်းချင်စိတ် အနည်းနဲ့အများ ရှိကြ မှာပါပဲ၊ အင်မတန် ရှုပ်ထွေးဆန်းကြယ်တဲ့ ဒီလောကကြီးကို သူတို့ရဲ့မေးခွန်းလေးတွေနဲ့ ချဉ်းကပ်ကြတဲ့အခါ ပြန်ရလာတဲ့ အဖြေက “ဟယ်..ဒီကလေးဟာ တော်တော့်ကို လျှာရှည်တယ်”တို့၊ “သေနာလေး..နင်ဟာလေ တော်တော့်ကို အထွန့်တက်ပါလား၊ လူကြီးစကား နားထောင်စမ်း”တို့၊ “တယ်..ငါတီးထည့်လိုက်ရ၊ နင်ကများ မိဘကို ပြန်ပြီး မေးလားစမ်းလားနဲ့”တို့ ဖြစ်နေခဲ့မယ် ဆိုပါစို့၊ ဒီကလေးငယ်တွေရဲ့ စူးစမ်းချင်စိတ်တွေဟာ အဲဒီ မှာတင်ပဲ အညွန့်ကျိုး၊ အရွက်ကြွေ ဖြစ်ကုန်မှာပါပဲ၊ ပိုဆိုးတာက ဒီလိုပြန်လှန် မေးမြန်းတာဟာ လူကြီးကို စော်ကားရာကျတယ်၊ ရိုင်းရာကျတယ်ဆိုတဲ့ အမြင်တွေပါ ဝင်လာနိုင်ပါတယ်၊ အကျိုးဆက်အနေနဲ့ ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့ ဆိုတဲ့ဘောင်ထဲ တဘဝလုံးစာ ရိုက်သွင်းခံလိုက်ရတာပါပဲ၊ ကြီးလာတဲ့အခါ လူကြားသူ ကြားထဲ ပြောရဲဆိုရဲတဲ့စိတ်၊ အမှားနဲ့ အမှန်ကို ပိုင်းခြားနိုင်တဲ့အလေ့၊ အဖြစ်အပျက်တွေမှာ အကျိုးနဲ့အကြောင်း ကိုခွဲခြားမြင်နိုင်တဲ့အကျင့် စ,တာတွေ ပျောက်ဆုံးကုန်တဲ့အခါ ဒီကလေးအတွက်သာမက သူ့ရဲ့ ပတ်ဝန်းကျင်အတွက်ပါ အများကြီး ထိခိုက်စေပါတယ်၊ ဒီလိုကလေးတွေ ကျနော်တို့အသိုင်းအဝိုင်းမှာ များသထက်များလာတဲ့အခါ တိုင်းပြည် အတွက် နစ်နာမှုက ကြီးမားလှပါတယ်၊

ကျနော်ဒီမှာ ကျောင်းတက်တော့ စာသင်ခန်းထဲမှာ ကျနော့်ထက်အများကြီးငယ်တဲ့ ကျောင်းသားတွေက ရဲရဲ တင်းတင်းနဲ့ ဆရာကို ပြန်လှန်မေးခွန်းထုတ်တာတွေ့တော့ မြန်မာပြည်မှာ ဘွဲ့ရသည်အထိ တလျှောက်လုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပညာသင်ခဲ့တဲ့ ကျနော့်အဖို့ ကိုယ့်ကိုယ်ကိုပဲ မေးခွန်းတွေ ပြန်ထုတ်နေမိပါတယ်၊ အကြောင်းအရာ အဖြစ်အပျက်တွေအပေါ် ဒါဘာလဲ၊ ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ စ,တဲ့ ရိုးရှင်းအခြေခံ ကျလှတဲ့ မေးခွန်းလေးတွေနဲ့ ကလေးတို့ရဲ့ လောကကြီးကို သင်ယူမှုဟာ လူကြီးမိဘကို ရိုသေကိုင်းရှိုင်းမှု မရှိ တာ၊ လေးစားသမှု မရှိတာ မဟုတ်ပါဘူး၊ သူတို့လေးတွေရဲ့ ဖြူစင်တဲ့စိတ်အခြေခံနဲ့ အရိုးခံချဉ်းကပ်မှု သက်သက်ပဲ ဖြစ်ပါတယ်၊ ဒီအကြောင်းတွေရေးလို့ ကျနော်က ကလေး စိတ်ပညာကျွမ်းကျင်သူ မဟုတ်သလို လူမှုသိပ္ပံကိုလည်း မသင်ဖူးပါဘူး၊ အင်မတန် စူးစမ်းမေးမြန်းလွန်းတဲ့ သားလေးကိုကြည့်ရင်း ကျနော်ခံစားမိ၊ တွေးမိတဲ့ အမြင်သက်သက်ပါပဲ၊ သူ သုံးနှစ်ပြည့် မွေးနေ့တုန်းကပုံတွေကိုတော့ နောက်ပို့စ်မှပဲ သီးသန့်တင် တော့မယ်ဗျာ။ ။

ညီလင်းသစ်
၁၈ စက်တင်ဘာ၊ ၂၀၁၀

13 comments:

မေငြိမ်း said...

ဟုတ်တယ်..
အမကိုယ်တိုင် ကျောင်းသားတွေ မေးခွန်းထုတ်တတ်အောင် လေ့ကျင့်ပေးတဲ့ ဆရာမဖြစ်ခဲ့ဖူးပေမဲ့ ခု အမဒီမှာကျောင်းတက်တော့ ဆရာမကို မေးခွန်းထုတ်ဖို့ကို ၀န်လေးနေမိတယ်။ မလိုအပ်ဘဲလည်း ဆ၇ာမကို ကြောက်နေသလိုပဲ..။ တကယ်ပဲ အလေ့အကျင့်နဲ့ ထုံးစံကိစ္စတွေရဲ့ လွှမ်းမိုးမှုပေါ့ ညီလင်းရေ..။ ခုတော့ အမလည်း သားသမီးတွေနဲ့ မေးခွန်းတွေကို ရင်ဆိုင်နေရပြီ။ အထူးသဖြင့်တော့ Why.. ဆိုတဲ့ အသံတွေပေါ့.. အင်း မိဘအနေနဲ့လည်း ကြိုးစားဦးမှပါ.. ဟူးးးးးးးး

Soe Mya Nandar Thet Lwin (Borros Roxo) said...

စာဖတ်သွားပါတယ် ကိုညီလင်းသစ်။

ဒီနှစ် Summer မကုန်ခင် ဂျီနီဗာ ရောက်တုန်းက ကိုညီလင်းသစ်တို့ မိသားစုကို သတိတရ တွေးမိသေးတယ်။

ဒီပိုစ့်မှာ ဖခင်တယောက်ရဲ့ နွေးထွေးတဲ့ မေတ္တာကို ခံစားမိတယ်။ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုဟာ ဗီဇကော ပတ်ဝန်းကျင်ပါ မူတည်တယ် ဆိုတာာကို သဘောတူမိတယ်။ အရာရာကို စူးစမ်းချင်စိတ်ရှိပြီး ဒီလို စူးစမ်းနိုင်ခွင့် ရအောင် လူဖြစ်လာရတဲ့ ကလေးတွေ ကံကောင်းကြတယ်လို့ ဆိုရမယ်နော်။

သားလေး မွေးနေ့အတွက် သူ့အနာဂါတ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေး သွားပါတယ်။

ခင်မင်လျှက်
နန္ဒာ (SMNTL)

khin oo may said...

သားလေးပျော်ရွင်ချမ်းမြေ့ပါစေ။

မောင်မျိုး said...

ဘလော့ပေါ်မှာ မိခင်ဘလော့ဂါတွေသာများပြီး မိခင်တစ်ယောက်ရဲ့ အချစ်တွေကိုသာဖတ်ရတာများတယ် ဒီမှာောတ့ အစ်ကို့ရဲ့ သားလေးအကြောင်းဖတ်ရတော့ ဖခင်တစ်ယောက်နေရာကနေ ၀င်ပြီး ခံစားကြည့်သွားတာ ကြည်နုးမှုအပြည်နဲ့ပါ။ ကိုယ်ပျိုထောင်လိုက်ရတဲ့ ပန်းကလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ ရေလောင်းပေါင်းသင် သိပ်ကို ဥယာဉ်မှူးကောင်းသီပတဲ့ လုပ်ရပ်တစ်ခုပေါ့ဗျာ လေးစားတယ် အစ်ကိုရေ ပြီးတော့ အားလည်းကျတယ် ။ နိုင်ငံရပ်ခြားက ကောင်းတဲ့ စနစ်တွေနဲ့ ကြီးပြင်လာရမယ့် သားလေးဟာလည်း ထက်မြက်တဲ့ လူရည်ချွန်လေးဖြစ်လာမှာပါလို့ ယုံကြည်ပါတယ် မြန်မာစိတ်လေး လည်း အမြဲကျန်နေပါစေလို့ သားအတွက်ဆုတောင်းရင် Happy Birthday သားရေ မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာ ချစ်သော ဖေ ၊မေ နဲ့ အတူ အမြဲ အတူတကွ ရှေိနေနိုင်ပါစေဗျာ ။

phyoaung said...

ကျနော်လဲ ကျောင်းမှာ အတော်ဒုက္ခရောက်ခဲ့တယ်။ ဆရာမက ကျနော်မမေးတဲ့ အဆုံး မေးခွန်းလုံးဝမရှိတဲ့ သူတွေက အားလုံးနားလည်လို့လဲ ဖြစ်နိုင်တယ်..ဘာမှနားမလည်လို့လဲ ဖြစ်နိုင်တယ်လို့ပြောတယ်။ ကျနော်က အတန်းထဲ ထထ မေးရမှာ အစပိုင်းမရဲခဲ့ဘူး။ ခုနောက်ပိုင်းတော့ မေးရဲသွားပြီ။ သူတို့ စိတ်ရှည်လက်ရှည် ပြန်ဖြေပေးတယ်။

Nyi Linn Thit said...

ဟုတ်တယ်အမမေငြိမ်းရေ ...
ဓလေ့ထုံးစံတွေရဲ့ လွှမ်းမိုးမှုက များလွန်းလှတယ်၊ အိမ် မှာလည်း လောလောဆယ်တော့ အဲဒီ WHY တွေပဲ ဆူညံနေတာပါပဲ၊ :) မိဘနဲ့ သားသမီး ကြားက မျှတတဲ့ ဆုံမှတ်ကလေးကို ရောက်ဖို့ မိဘက ပိုပြီး ကြိုးစားရမှာပါပဲ အမရေ့...။ C'est la vie ပါပဲ...နော့။

နန္ဒာ ...
ဆုတောင်းအတွက် ကျေးဇူးပါပဲဗျာ၊ နောက်တခါ ဂျီနီဗာ ရောက်တဲ့အခါ အချိန်ရရင် Lausanne ဖက်ကိုပါ လာလည်လေ၊ ဂျီနီဗာထက် ပိုလှတယ်။ :)

မခင်ဦးမေ ...
ကျေးဇူးတင်ပါတယ် အမရေ..။

မောင်မျိုး ...
ကျနော်တို့လည်း အများနည်းတူ နေထိုင်ဖို့ သင်ကြား၊ သင်ကြားဖို့ နေထိုင် ပါပဲ၊ နှစ်လိုဖွယ်ကောင်းလှတဲ့ ဆုတောင်းလေးအတွက် ကျေးဇူးပါပဲဗျာ။

ဟုတ်တယ် ကိုဖြိုးအောင်ရ ...
တခါတခါ အများနည်းတူ ဝင်ဆွေးနွေးချင်ပေမယ့် ဘာမေးလို့ မေးရမှန်းတောင် မသိတဲ့အဖြစ်က အတော်ဆိုးတယ်လို့ ပြောရမှာပဲ :) Stupid question ဆိုတာမရှိဘူး၊ မရှင်းတာမှန်သမျှ မေးသာမေးလို့ ဖွင့်ပေးတဲ့ ဆရာမျိုးနဲ့တွေ့ရင် သိပ်မရဲတဲ့ ကျောင်းသား တွေအတွက်လည်း အဆင်ပြေပါတယ်။

Yu Wa Yi said...

“ကျနော့်တဦးတည်း အမြင်အရတော့ ဗီဇကော ပတ်ဝန်းကျင်ပါ မူတည်ပါလိမ့်မယ်၊ ဒါပေမယ့် တခုကိုပဲ မဖြစ်မနေ အလေးပေးရမယ် ဆိုရင် ပတ်ဝန်းကျင်က ပိုပြီးအရေးပါလိမ့်မယ်လို့ ထင်တယ်၊ ဒီကမ္ဘာမြေရဲ့ ဘယ်နေရာမှာပဲ မွေးမွေး၊ ဘယ်လို အသားအရောင်ပဲရှိရှိ ကလေးတိုင်းကတော့ အရာရာကို စူးစမ်းချင်စိတ် အနည်းနဲ့အများ ရှိကြ မှာပါပဲ၊ အင်မတန် ရှုပ်ထွေးဆန်းကြယ်တဲ့ ဒီလောကကြီးကို သူတို့ရဲ့မေးခွန်းလေးတွေနဲ့ ချဉ်းကပ်ကြတဲ့အခါ ပြန်ရလာတဲ့ အဖြေက “ဟယ်..ဒီကလေးဟာ တော်တော့်ကို လျှာရှည်တယ်”တို့၊ “သေနာလေး..နင်ဟာလေ တော်တော့်ကို အထွန့်တက်ပါလား၊ လူကြီးစကား နားထောင်စမ်း”တို့၊ “တယ်..ငါတီးထည့်လိုက်ရ၊ နင်ကများ မိဘကို ပြန်ပြီး မေးလားစမ်းလားနဲ့”တို့ ဖြစ်နေခဲ့မယ် ဆိုပါစို့၊ ဒီကလေးငယ်တွေရဲ့ စူးစမ်းချင်စိတ်တွေဟာ အဲဒီ မှာတင်ပဲ အညွန့်ကျိုး၊ အရွက်ကြွေ ဖြစ်ကုန်မှာပါပဲ၊ ပိုဆိုးတာက ဒီလိုပြန်လှန် မေးမြန်းတာဟာ လူကြီးကို စော်ကားရာကျတယ်၊ ရိုင်းရာကျတယ်ဆိုတဲ့ အမြင်တွေပါ ဝင်လာနိုင်ပါတယ်၊ အကျိုးဆက်အနေနဲ့ ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့ ဆိုတဲ့ဘောင်ထဲ တဘဝလုံးစာ ရိုက်သွင်းခံလိုက်ရတာပါပဲ၊ ကြီးလာတဲ့အခါ လူကြားသူ ကြားထဲ ပြောရဲဆိုရဲတဲ့စိတ်၊ အမှားနဲ့ အမှန်ကို ပိုင်းခြားနိုင်တဲ့အလေ့၊ အဖြစ်အပျက်တွေမှာ အကျိုးနဲ့အကြောင်း ကိုခွဲခြားမြင်နိုင်တဲ့အကျင့် စ,တာတွေ ပျောက်ဆုံးကုန်တဲ့အခါ ဒီကလေးအတွက်သာမက သူ့ရဲ့ ပတ်ဝန်းကျင်အတွက်ပါ အများကြီး ထိခိုက်စေပါတယ်၊ ဒီလိုကလေးတွေ ကျနော်တို့အသိုင်းအဝိုင်းမှာ များသထက်များလာတဲ့အခါ တိုင်းပြည် အတွက် နစ်နာမှုက ကြီးမားလှပါတယ်၊” ဒီစာတစ်ပိုဒ်လုံးကို အပြည့်အ၀ထောက်ခံပါ၏။ အဲလိုအမြင်မျိုးရှိတဲ့ လူကြီးသူမတွေသာ များများစားစားရှိကြစေဖို့ သာ...သားသားရဲ့ မွေးနေ့ ဆုတောင်းနှင့်အတူပေါ့။ Happy Birthday! ဖိုးသားရေ။

Yu Wa Yi said...
This comment has been removed by the author.
Shinlay said...

ကျမလည်း သူများတွေမေးခွန်းမေးနေတာတွေကို အားကြစွာ ငေးကြည့်မိသလို ၊ အားငယ်မိခဲ့ဘူးပါတယ်။
သယးလေးကိုနှုတ်ဆက်ပေးပါ။

MieMie said...

အခုအချိန်မှာတော့ ကျမတို့ သားအမိ၂ ယောက်က အပြန်အလှန်ကို သင်ကြားနေဖြစ်တယ် ... သူမသိတာကိုယ့်မေး ..ကိုယ်မသိတာသူ့မေး ... ဒီကခလေးတွေတွေ့၇သလောက်ကတော့ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့် ရှိနေတာ ကျမတို့ ငယ်ဘ၀တွေ နဲ့တော့တခြားစီဘဲ ညီလင်း ရေ ...ရွေးချယ်စရာတွေအများကြီးရှိနေတာ လည်း ကံကောင်းခြင်းတခုဘဲ .. မိဘတွေကတော့ လမ်းပြပေးယုံဘဲပေါ့ ...

သားသားလေး ပုံတွေ ကြည့်ပါရစေဦး ... ကျန်းမာချမ်းသာ ပြီး ထူးချွန်ထက်မြက် တဲ့ သားလေးတယောက် ဖြစ်ပါစေ ...

mie nge

Raymond.Kyaw Minn Naing said...

Bonjour! Nice post Bro !

hninhnin said...

Today i came n read the debt in ur blog.U r not only a good writer but a good father.I can see ur affection on ur little prince through ur blog.All the best to u n ur little boy.

မေဓာဝီ said...

ဒီပို့စ်လေးဖတ်ပြီး သိပ္ပံမောင်ဝရေးတဲ့ နှိုက်နှိုက်ချွတ်ချွတ်ဆိုတဲ့ ဆောင်းပါးလေး သတိရမိတယ်။
မောင်လူမွှေးက သူ့အဖေ မောင်လူအေးကို စာကလေးက ဘာလို့ ဖိနပ်မစီးတာလဲ စသဖြင့် နှိုက်နှိုက်ချွတ်ချွတ်တွေ မေးလွန်းလို့ အဖြေရခက်ပြီး စိတ်အိုက်နေတုန်း အိုက်စ်ခရင်သည်ကြီးလာလို့ ကလေးစိတ်ပြောင်းသွားတာနဲ့ လူကြီးလဲ စိတ်သက်သာရာ ရသွားတာလေ ... ကိုညီလင်းသစ် ဖတ်ဖူးမလားတော့မသိဘူး။

အဲဒီလို မေးခွန်းတွေ မေးတာနဲ့ ပတ်သက်ပြီး ကျမလဲ ဘလော့မှာ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။ (ကိုယ်တိုင် ကြော်ငြာရပြန်ပြီ။) ကိုညီလင်းသစ်နဲ့ ကျမတို့ အတွေးချင်း ထပ်တူမကျသည့်တိုင်အောင် အတော်လေး နီးစပ်မှုရှိပါတယ်။
http://maydar-wii.blogspot.com/2007/03/blog-post_25.html အဲဒါကို ဖတ်ကြည့်ရင် ကိုညီလင်းသစ် ပို့စ်အတွက် ကျမပြောချင်တဲ့ ကျမရဲ့ ကွန်မန့်ပဲ ဆိုပါတော့ ... တချက်ခုတ် နှစ်ချက်ပြတ် ... :)