12 October 2010

မြင်းများ


Photobucket

မြင်းများ

ရွှေဘိုဇာတိ မဟုတ်သလို
မဒရပ်စ်မှာလည်း မကြီးပြင်းခဲ့ကြပါဘူး၊

အရှင်မွေး နေ့ချင်းကြီး
ဒီနေရာလေးမှာပဲ လူလားမြောက်
ပရေရီမြက်ခင်းတွေကို မသိ
မွန်ဂိုစတက်ပ်တွေကို မသိ
ဟောဒီ သဲထူထူနေရာလေးသာ ချည်တိုင်ပါ၊

ဘယ်သူ့အတွက်မှ
တလက်ကိုင် အဖြစ်မခံခဲ့ဘူး၊

ကုန်းနှီးမလို
ဇက်ကြိုးမလို
နှင်တံမလို
စီးချင်သပ ဆို
သောကကို ဘေးအသာချ
ကျောပေါ်တက်လိုက်ရုံပ...၊

အဲဒီကျောကုန်းတွေပေါ်မှာပေါ့
သားတွေက အဖေတွေဖြစ်သွားကြ
သမီးတွေက အမေတွေဖြစ်သွားကြ
လူကြီးတွေက ကလေးတွေပြန်ဖြစ်သွားကြနဲ့...၊

စိတ်ကူးလေးသာ ဇက်ဖွင့်လိုက်စမ်းပါ
တလုံးပြီး တလုံး လှိမ့်တက်လာမယ့်
ဖုန်လုံးကြီးတွေနဲ့အတူ
စကြာဝဠာ တံတိုင်းအထိ
ဒုန်းစိုင်းသွားမယ့် သူတွေပေါ့...။ ။


ညီလင်းသစ်
၁၂ အောက်တိုဘာ၊ ၂၀၁၀


သားကလေး သွား,သွားကစားလေ့ရှိတဲ့ ပန်းခြံထဲက သစ်သားမြင်းရုပ်တွေပါ၊ ရှေ့တိုးနောက်ဆုတ် လှုပ်ရှားနိုင် အောင် စီမံထားလို့ တခြား ဒန်းတို့၊ လျှောတို့နဲ့အတူ ကလေးတွေ ပျော်ပျော်ပါးပါး စီးလေ့ရှိပါတယ်၊ သားရဲ့ အိမ်မက်တွေကတော့  ဘယ်အထိ မြင်းစီးထွက်သလဲ ကျနော်မသိရပါဘူး၊ ကျနော့်အတွက်တော့  ကဆုန်စိုင်း သွားတဲ့ အဲဒီမြင်းတွေ တွန်းချ၊ တိုက်ချသွားလို့ ကြပ်ညပ်၊ ပိတ်ဆို့နေတဲ့ဦးနှောက်က  ကဗျာလေးတစ်ပုဒ် ထွက် ကျလာခဲ့တယ်။

2 comments:

မေငြိမ်း said...

အင်း စိတ်ကူးနဲ့စီးရုံသာ ကျေနပ်တတ်ရင်တော့ ဒါဟာ စိတ်ထွက်ပေါက်တခုဖြစ်သလို ရောင်းရဲတတ်ခြင်း တခုများ ဖြစ်မလား...ဒါမှမဟုတ်လို့.. လိုချင်တာ အစစ်ပဲကွယ်ဆိုရင်တော့ ခက်သားးး(မဟုတ်ဘူးလား) :)

ညီလင်းသစ် said...

ဟုတ်ပ အမရေ...
ကလေးတွေက စိတ်ကူးကြတဲ့ အဆင့်ကနေလွန်သွား ရင်တော့ တကယ့်မြင်းအစစ် ပူဆာကြမှာပဲ၊ အင်းလေ... ကလေးမှ မဟုတ်ပါဘူး၊ လူကြီးတွေလည်း ရသေ့စိတ် ဖြေ ဆိုတဲ့လူထက် ရအောင်ယူလိုက်မဟဲ့ ဆိုသူတွေ လည်း အများသား မဟုတ်လား...။ :)