21 November 2011

ကြယ်ပန်းတခင်းနဲ့ လင်းတဲ့လူ ...


ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညက ကျနော် ကြယ်တွေကို ထွက်ပြီး ဓါတ်ပုံရိုက်ဖြစ်ပါတယ်၊  မလေး(အိမ့်ချမ်းမြေ့)က အဲဒီညဟာ ကြယ်မိုး ရွာမယ့်ည ဖြစ်တယ်၊ တစ်နာရီကို ကြယ်အလုံး ၄၀ လောက်အထိကို ကြွေနိုင်တယ်လို့ သူ့ဘလော့ဂ်မှာ အချက်အလက် အပြည့်အစုံကို ရှာဖွေပြီး တိုက်တိုက်တွန်းတွန်းနဲ့ ဝေမျှ သတင်းပေး ပါတယ်၊ အဲဒီအတွက် မလေးကို ကျေးဇူးတင်ပါတယ်၊ အဲဒါဟာ ဒီပို့စ်ဖြစ်လာရတဲ့ အဓိကအကြောင်း ပါပဲ၊

ကြယ်တွေကို တခါလောက်တော့ ဓါတ်ပုံရိုက်ကြည့်ရင် ကောင်းမယ်လို့ ကျနော် စိတ်ကူးဖူးပေမယ့် လက်တွေ့မှာ တခါမှ မလုပ်ဖြစ်သေး ပါဘူး၊ တိမ်ကင်းစင်တဲ့ ကောင်းကင်၊ အပူချိန်၊ နေရာအကွက်အကွင်း စတာတွေ အကြောင်း မညီညွတ်တဲ့ အပြင် Astrophotography ဆိုတာက မလွယ်တာလည်း ပါ,ပါတယ်၊ ဒါပေမယ့် မလေးရဲ့ ပို့စ်ကို ဖတ်အပြီးမှာ ဒီတခါတော့ ရအောင် လုပ်ကြည့်မယ်လို့ စိတ်ကူးပေါ်လာတယ်၊

စိတ်ပိုင်းဖြတ်လိုက်ပြီ ဆိုတာနဲ့ ပထမဦးဆုံး လုပ်တာက ကျနော့်မှာ ညကောင်းကင်ကို ဓါတ်ပုံရိုက်ဖို့အတွက် လိုနေသေးတဲ့ Interval timer ကို အမြန်ဆုံး ဝယ်တာပါ၊ အင်တာနက်ကနေပဲ မှာလိုက်တော့ နောက်တစ်ရက်မှာ ရောက်လာတယ်၊ ဒုတိယ လုပ်တာကတော့ ညနေ မှောင်တာနဲ့ ကောင်းကင်ကို မော့,မော့ ကြည့်တာ ပါပဲ၊ ဒီညမှာ ကြယ်တွေ စုံရဲ့လား၊ ဘယ်လောက်များများ မြင်ရလဲ၊ ခုနှစ်စင်ကြယ် ဆိုတာ ဒါများ ဖြစ်မလား စသဖြင့်နဲ့ အလုပ်တစ်ခုလို လိုက်ကြည့်နေ မိတယ်၊ တနင်္လာနေ့ ညနေကတည်းက အလုပ်ကနေ လမ်းလျှောက်ပြန်တိုင်း ကောင်းကင်ကို တမော့မော့ နဲ့ပေါ့..၊ အဲဒီလို အမော့ကောင်းလို့ တစ်ရက်မှာ လမ်းဘေးပလက်ဖောင်း ဘောင်ကိုတောင် ခလုတ်တွေ ဘာတွေတိုက်လို့..၊း) မျက်နှာချင်းဆိုင်က လာတဲ့ လူတွေကလည်း ကောင်းကင်ကို မော့ရင်းလျှောက်လိုက်၊ ရပ်ရင်းမော့လိုက်နဲ့ ဖြစ်နေတဲ့ ကျနော့်ကို အထူးအဆန်းလို ကြည့်ပြီး သူတို့ပါ 'ဘာများပါလိမ့်' ဆိုပြီး တမော့မော့နဲ့ ဆက်လျှောက်သွား ကြလေရဲ့..၊း) ကောင်းကင်ဟာ တိမ်ကင်းစင်ပြီး ကြည်လင်နေခဲ့တယ်၊ ရာသီဥတုကတော့ ကျနော့်ဖက်မှာ ရှိနေပြီပေါ့..၊

ကြာသပတေး ညဦးပိုင်းမှာတော့ ကျနော် ကြယ်တွေကို ဓါတ်ပုံထွက်ရိုက်မယ့် အကြောင်း မိသားစုကို အသိပေးလိုက်တယ်၊ အသိပေးတယ် ဆိုတာထက် အမှန်တော့ အတည်ပြုတာပါ၊ အစောပိုင်း ညတွေထဲက ခဏခဏ အပြင်ထွက်ကြည့် နေတဲ့အပြင် ဒီလိုမျိုး ကြယ်မိုးရွာတာဟာ ကြုံတောင့်ကြုံခဲ ဖြစ်ကြောင်း၊ ဒါကို ဓါတ်ပုံရိုက်မယ် ဆိုရင်လည်း လွယ်လွယ်ကူကူနဲ့ မရတတ်လို့ စိန်ခေါ်မှုတွေနဲ့ ပြည့်နေကြောင်း အစရှိသဖြင့် ကျနော်က စကားဦး သန်းထားခဲ့လို့ မအိမ်သူက သိပ်တော့ မအံ့သြပါဘူး၊ နွေးနွေးထွေးထွေး ဝတ်ပြီး သတိနဲ့ သွားဖို့ပဲ မှာတယ်၊ ဒီလိုနဲ့ ကင်မရာ ဘက်ထရီတွေကို အားပြန်ဖြည့်ပြီးတာနဲ့ ယူသွားရမယ့် ပစ္စည်းတွေကို အစီအရီ နေရာချလိုက်တယ်...၊


IMG_9528-nlt
ကင်မရာ၊ ကြယ်စုံကောင်းကင်ကို ဓါတ်ပုံ ရိုက်ရာမှာ မရှိမဖြစ်လိုတဲ့ Interval timer နဲ့ သုံးချောင်းထောက်..၊ ဒါ့အပြင် အမှောင်ထဲမှာ လိုအပ်မယ့် လက်နှိပ်ဓါတ်မီး၊ ပြီးတော့ လိုရမယ်ရဆိုပြီး စစ်သုံးမှန်ပြောင်း တလက်နဲ့ အပျော်တမ်း မှန်ပြောင်းတလက်၊ အသုံးတည့်ကောင်း တည့်နိုင်တဲ့ Swiss knife အသေးတစ်ခု...၊ ဒါတွေကို အရင်ထည့်ပါတယ်၊ ပြီးတော့ ကင်မရာက သူ့အလုပ်သူ အလိုအလျောက် လုပ်နေတဲ့ အချိန်တွေမှာ ကျနော်က ဘာလုပ်နေရမလဲလို့ စဉ်းစားကြည့်တယ်၊ သူငယ်ချင်း တစ်ယောက်လောက် ပါရင်တော့ စကားစမြည်လေး ပြောနေရရင် ကောင်းမှာ..၊ အခုတော့ တစ်ယောက်ထဲ..၊ စာဖတ်နေဖို့ ကလည်း မှောင်နဲ့မည်းမည်းမှာ..၊ ဒီအတိုင်း ပျင်းနေမယ့် အတူ တခုခု စားနေရင် မဆိုးဘူးဆိုပြီး လိုက်ရှာတော့ ချော့ကလက် ၂ တောင်နဲ့ Snickers တစ်တောင့်ကို သွားတွေ့တယ်၊ အိုကေ..အဆင်သင့် လိုက်တာ၊ တခါ ချော့ကလက်တွေ ထားတဲ့ ဘီရိုထဲမှာ တုတ်ထိုးသကြားလုံး တစ်ထုပ်လည်း တွေ့တယ်၊ ဟုတ်ပြီ၊ အဲဒီ သကြားလုံး ၁ ခုလည်း ထည့်မယ်၊ နောက်ဆုံး သောက်စရာ ရေဘူး ထည့်လိုက်ပြီးတဲ့ အခါမှာတော့ ကြယ်ပန်းခင်းဆီ သွားဖို့ ကျနော်အဆင်သင့် ဖြစ်သွားခဲ့ပါပြီ...၊

အိမ်ကထွက်တော့ ည ၁၁ နာရီခွဲ...၊ နဂိုကတည်းက မှန်းထားတဲ့ ရေကန်စပ်နားပဲ သွားလိုက်တယ်၊ ဟိုရောက်တော့ မီးတွေ၊ မီးတွေများ ထိန်လင်းနေလိုက်တာ ဆိုတာ..၊ ဒီလို မီးရောင်တွေနဲ့ ကြယ်လေးတွေကို ဘယ်တွေ့နိုင်မှာလဲ၊ ဒါနဲ့ နောက်တစ်နေရာ ရွှေ့တယ်၊ အဲဒီမှာလည်း လမ်းမီးတိုင်တွေနဲ့ ထိန်ထိန်ညီးလို့..၊ နောက်ထပ် တစ်နေရာ ထပ်ရှာတယ်၊ တော်တော်နဲ့ မတွေ့ပါဘူး၊ ဟိုနား ကောင်းနိုးနိုး၊ ဒီနား ကောင်းနိုးနိုးနဲ့..၊ လျှပ်စစ်မီးကို အပြည့်အဝ မရကြရှာတဲ့ လူတွေကို စဉ်းစားမိပြီး လျှပ်စစ်မီးတွေ ထိန်လင်းနေလို့ ရှောင်ပြေးနေရတဲ့ ကိုယ့်အဖြစ်ကလည်း မဟုတ်သေးပါဘူးလို့ ခေါင်းခါမိတယ်၊ နောက်ဆုံးတော့ မီးတိုင်တွေ၊ ခပ်လှမ်းလှမ်း မြို့တွေက အလင်းရောင်တွေနဲ့ အကွယ်နိုင်ဆုံးလို့ ယူဆတဲ့ နေရာလေးမှာ ရပ်လိုက်တယ်၊ သုံးချောင်းထောက်ကို ဆင်ပြီး ပထမဦးဆုံး အစမ်းရိုက်တော့ ည ၁၂ နာရီ ၁၅ မိနစ်..၊ အပူချိန်က သုည ဒီဂရီ စင်တီဂရိတ်၊ Test shots တွေ ရိုက်အပြီး မှာတော့ ကင်မရာကို Interval timer နဲ့ လွှတ်ထားလိုက် တော့တယ်၊ Aperture ကို f/4 နဲ့ f/4.5 မှာထား၊ Shutter ကိုတော့ Bulb မှာချိန်ပြီး တစ်ပုံချင်းကို စက္ကန့် ၃၀ နဲ့ ရိုက်ပါတယ်၊


IMG_4293-nlt
ကြယ်ကြွေတာကို ဓါတ်ပုံ frame ထဲမှာ မြင်ရတဲ့ပုံ လေးငါးပုံလောက်တော့ ရပါတယ်၊ အဲဒီထဲမှာ ဒီပုံကတော့ အဆင်အပြေဆုံးလို့ ဆိုကြပါစို့၊ ပုံရဲ့ ညာဖက်အပေါ်နားမှာ ကြွေကျလာတဲ့ ကြယ်တစ်ပွင့်ကို တွေ့မှာပါ၊ ကောင်းကင်က အပြည့်အဝ မမှောင်တော့ လှလှပပ fireball လိုမျိုးတော့ မရလိုက်ဘူးဗျာ၊ ဒီ Leonids meteor shower မှာ ကြယ်တွေက တစ်စက္ကန့်ကို ၄၄ မိုင်နှုန်းလောက်နဲ့ ကြွေတယ်လို့ ဆိုပါတယ်၊ အဲဒါကြောင့် ထင်တယ်၊ သေသေချာချာ ကြည့်ရင် ပုံထဲက ကြယ်ကြွေတန်းမှာ မီးပွင့်၊ မီးပွားတွေတောင် တွေ့ရပါတယ်၊ ကျနော် တတ်နိုင်သလောက် ရှောင် ထားပေမယ့် Astrophotography မှာ Light pollution လို့ခေါ်ကြတဲ့ မြို့ပြက အလင်းတွေ စွက်ဖက်ကျူးကျော် နေတာကိုလည်း ပုံရဲ့ဘယ်ဖက် အခြမ်းမှာ သတိထားမိ မှာပါ၊ မဟုတ်ရင် ကြယ်တွေက ဒီထက်ပိုပြီး လင်းမှာ သေချာတယ်..၊း(


Startrails-nlt
ဒါကတော့ တစ်ပုံကို စက္ကန့် ၃၀ နဲ့ ရိုက်ထားခဲ့တဲ့ ပုံ ၁၆ ပုံ ပြန်ပေါင်းထားတာပါ၊ ၈ မိနစ်စာနဲ့ ညီမျှပါတယ်၊ တစ်နာရီစာလောက် ရိုက်ရင် အများကြီး ပိုလှပါတယ်၊ မတတ်နိုင်ဘူး၊ နောက်တခါမှပဲ...၊ ကင်မရာက တောင်ဖက်အရပ်ကို လှည့်ထားတာမို့ star trails တွေက စက်ဝိုင်းပုံတော့ မရလိုက်ဘူး၊ ဒီလို star trails တွေကို ကြည့်မှပဲ ကျနော်တို့ရဲ့ ကမ္ဘာလည်တာ ဒီလောက်မြန်မှန်း သတိထားမိတော့တယ်၊

တကယ်ဆို ကျနော်နေတဲ့ မြို့ကလေးရဲ့ မြောက်ဖက်ပိုင်းကို ထွက်သွားလိုက်ရမှာ..၊ အဲဒီမှာ လူနေအိမ်တွေ မရှိတဲ့အပြင် လယ်ကွင်းပြင်တွေ တပြန့်တပြူးနဲ့..၊ ပြီးတော့ ကင်မရာကို ဓူဝံကြယ် ရှိရာ မြောက်ဖက်ကို ချိန်နိုင်လိမ့်မယ်၊ အဲဒါဆို စက်ဝိုင်းပုံသဏ္ဍန် လည်နေတဲ့ ကြယ်တွေကို တွေ့ရမှာပါ၊ အခုတော့ ပထမဦးဆုံး စမ်းရိုက်ကြည့်တာ ဖြစ်တဲ့အပြင် အပူချိန်ကလည်း သုည ဒီဂရီဆိုတော့ ဒီလောက်နဲ့ပဲ ရောင့်ရဲလိုက်ရ ပါတယ်၊ ပုံတွေက မလှပေမယ့် အမှတ်တရလည်း ဖြစ်အောင်၊ လာလည်တဲ့ ညီအစ်ကို၊ မောင်နှမတွေနဲ့လည်း ဝေမျှရအောင် တင်လိုက်ပါတယ်၊ ကြယ်တွေကြွေတဲ့ လမ်းမှာ ထရိုင်ပေါ့ထ်ကို ထမ်းရင်း တိုးတိတ်စွာ အိမ်ပြန်ခဲ့တယ်...။ ။


ညီလင်းသစ်
၂၁ နိုဝင်ဘာ၊ ၂၀၁၁

14 November 2011

နှစ်စီးတွဲ ပဲ့ကိုင် ...


ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ပုံမှန်ထက် နည်းနည်းပိုများနေခဲ့တဲ့ အလုပ်တွေထဲမှာ ပဲ့ကိုင်အလုပ်လည်း ပါ,ပါတယ်၊ တကယ်တမ်းမှာ ကျနော်နဲ့ တိုက်ရိုက်သက်ဆိုင်တာက အရင်တုန်းကဆိုရင် ဓါတ်ခွဲခန်း အလုပ်တွေပဲ ရှိခဲ့တာပါ၊ နေရာပေါင်းစုံက လာတဲ့ ရေနမူနာ၊ မြေနမူနာ စတာတွေကို တိုင်းတာ၊ တွက်ချက်၊ ခွဲခြမ်းစိတ်ဖြာ ရခြင်းတွေနဲ့ ပုံမှန်လိုလို လည်ပတ်နေခဲ့ရာကနေ အခုဒီဖက် လ,ပိုင်းတွေမှာတော့ ကွင်းဆင်း သုတေသနအလုပ် တွေပါ တဖြည်းဖြည်းနဲ့ ပိုလာခဲ့တယ်၊ အဲဒီလို ကွင်းဆင်းပြီး တိုက်ရိုက် တိုင်းတာခြင်းတွေထဲမှာ 'နှစ်စီးတွဲ ပဲ့ကိုင်' ကလည်း တစ်ခု အပါအဝင်ပါပဲ၊ နှစ်စီးတွဲ ဆိုတာက တခြားတော့ မဟုတ်ပါဘူး၊ ဟောဒီ Catamaran လှေကို ကျနော်မြန်မာမှု ပြုလိုက်တာပါ...၊


Photobucket

Catamaran လှေကို ကျနော့်မှာရှိတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ထဲ ရှာကြည့်တော့ 'ရွက်တပ်ဒွါလောင်း' လို့ ရေးထားတာ တွေ့တယ်၊ ဟင်.. နာမည်ကြီးကလဲ ဆိုပြီး ဖြစ်သွားတယ်၊ ကျနော်တို့ရဲ့ cat. က ရွက်မပါသလို လောင်းလှေလည်း မဟုတ်ပါဘူး၊ အဲဒီနာမည်ကို သိပ်ဘဝင် မကျတာနဲ့ စိတ်ထဲပေါ်လာတဲ့ 'နှစ်စီးတွဲ' လို့ပဲ ကောက်ခေါ် လိုက်တာပါ၊ သင့်တော်တဲ့ မြန်မာနာမည်များ သိရင် တဆိတ်လောက် မ,စခဲ့ ပါဦးဗျာ..၊း)

ဒီနှစ်စီးတွဲက မြစ်ချောင်း၊ အထူးသဖြင့် ကန်တွေထဲမှာ တိုက်ရိုက်တိုင်းတာဖို့ ကျနော် အလုပ်လုပ်တဲ့ ဌာနက အင်ဂျင်နီယာတွေ ဆောက်ထားတာပါ၊ ဆောက်တယ်ဆိုတာလည်း တကယ်တော့ လှေအခွံတွေကို ဝယ်လိုက်ပြီး အဲဒီအပေါ်မှာ platform ဆောက်၊ လိုအပ်တဲ့ အီလက်ထရောနစ် အပိုင်းတွေ တပ်ဆင်တာ ပါပဲ၊


Photobucket

ဒီ နှစ်စီးတွဲလှေမှာ ကျနော်တို့ CTD ဆင်ဆာတွေ တပ်ပါတယ်၊ CTD ဆိုတာက Conductivity, Temperature နဲ့ Depth ကို တပြိုင်ထဲ တိုင်းတဲ့ ဆင်ဆာတွေပါ၊ ပြီးတော့ ADCP တိုင်းတာရေး စက်တွေလည်း တပ်ပါတယ်၊ Acoustic Doppler Current Profiler ဆိုတဲ့ စက်တွေက ရေထုထည်နဲ့တကွ အဲဒီရေထဲမှာ စီးမျောနေကြတဲ့ အမှုန်အမွှား၊ ရေစီးနှုန်း၊ သိပ်သည်းဆ စတာတွေကို တိုင်းတာဖို့ ဖြစ်ပါတယ်၊ အကြမ်းအားဖြင့် ပြောရရင်တော့ ဒီ နှစ်စီးတွဲလှေ ဆောက်ရတဲ့ ရည်ရွယ်ချက်က Hydrology ရေထုအကြောင်း လေ့လာဖို့ ပါပဲ...၊


Photobucket

ဒီလှေကို မောင်းနှင်ဖို့ကတော့ သူ့အပေါ်ထိုင်ပြီး တိုက်ရိုက်မောင်းလို့ ရသလို GPS စနစ်ကို သုံးပြီးတော့လည်း အဝေးကနေ ရီမုတ်ကွန်ထရိုးလ်နဲ့ မောင်းဖို့ တည်ဆောက်ထားပါတယ်၊ ဥပမာ- ကမ်းအနီးအနားက တိုင်းတာမှုတွေကို ကုန်းပေါ်ကနေ ထိန်းကျောင်းမယ်၊ ရေနက်ပိုင်း ခပ်ဝေးဝေးမှာ ဆိုရင်တော့ နောက်ထပ် မော်တော်တစ်စီး ပေါ်ကနေ တောက်လျှောက် လိုက်မောင်းမယ် အစရှိသဖြင့်ပါ၊ ဟိုတလောဆီက ကျနော် သင်္ဘောလိုင်စင် ဖြေလိုက်ရတာ အဲဒီလို ကမ်းဝေးတိုင်းတာမှုတွေကို မော်တော်တစ်စီးနဲ့ လျှောက်လုပ်နိုင်ဖို့ အတွက်လည်း ပါ,ပါတယ်၊

အဲဒီနေ့က စမ်းသပ်ကြည့်တော့ လှေပေါ်ကနေ တိုက်ရိုက်မောင်းတာ၊ တိုင်းတာ တာတွေက အားလုံးချောချောမောမော ပါပဲ၊ အဲ.. မော်တော်ပေါ်ကနေ အဝေးထိန်းစနစ်နဲ့ မောင်းကြည့်တော့မှပဲ ရယ်နေရတော့တယ်၊ နှစ်စီးတွဲလှေကို လားရာ တည်ပေးလိုက်ပြီးတော့ ကျနော်တို့က မော်တော်နဲ့ လိုက်တယ်၊ ခဏကြာတော့ ရီမုတ်ကွန်ထရိုးလ်က မိတချက်၊ မမိတချက် ဖြစ်ပါလေရော၊ ကွေ့ချင်တာလည်း ကွေ့မရ၊ အရှိန်သတ်ချင်တာလည်း သတ်မရနဲ့...၊ အဲဒါမှ တကယ့်ဒုက္ခ..၊ အဲဒါနဲ့ပဲ မော်တော်ကို နှစ်စီးတွဲ လှေနဲ့ ယှဉ်မောင်း၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ရေထဲခုန်ချ ကူးသွားပြီးမှ ပြန်ထိန်းရတယ်၊ နောက်တခါ ထပ်စမ်းတော့လည်း ဒီအတိုင်းပဲ၊ ဟိုပုဂ္ဂိုလ်လည်း မော်တော်ပေါ် တက်လာ၊ ရီမုတ်က အလုပ်မလုပ်တော့ ရေထဲခုန်ချပြီး လှေဆီ ပြန်ကူးသွား၊ တခါ ပြန်တက်လာ၊ တခါ ပြန်ခုန်ချနဲ့ အတော်မောသွား ရှာတယ်၊ မဟုတ်လို့ကတော့ နှစ်စီးတွဲလှေက ပြင်သစ်ဖက် ကမ်းခြေအထိကို အထိန်းအကျောင်း မရှိ တည့်တည့်ဆက်မောင်းသွားမှာ သေချာတယ်...၊ ကွင်းဆင်းလေ့လာမှု ဆိုတာကတော့ ဒီလိုပါပဲ၊ ဓါတ်ခွဲခန်းထဲမှာ လုပ်ရတာမျိုးလို အားလုံးကို စနစ်တကျ ကြိုတင်တွက်ဆ၊ အကွက်ချထားလို့မှ မရပဲ၊ Plan B တစ်ခုတော့ အမြဲလိုလို ရှိထားမှ တော်ကာကျမှာ မဟုတ်လား...၊


Photobucket

ဒါကတော့ catamaran နှစ်စီးတွဲလှေကို ထားတဲ့ နေရာပါ၊ စမ်းသပ်မှုက အပြည့်အဝ မအောင်မြင်ပေမယ့် ကျနော်တို့ အားလုံးကတော့ ခပ်ပျော်ပျော်ပါပဲ၊ စိတ်တွေလည်း လန်းဆန်း၊ လတ်ဆတ်နေခဲ့တယ်၊ ရာသီဥတုကြောင့်လည်း ပါမယ်ထင်ပါရဲ့၊ ပုံမှန်ဆို ရှစ်ခွင်တိုင်း အုံ့မှိုင်း တဲ့ပတ်လည် ဖြစ်,ဖြစ်နေတတ်တဲ့ နိုဝင်ဘာကောင်းကင်က အဲဒီနေ့မှာ လင်းချင်း၊ လဲ့ဖြာပြီး သာယာနေတာကိုး..၊ ကမ်းပေါ်မှာတော့ မကြာခင် ရိုးတံပြိုင်းပြိုင်း ဖြစ်တော့မယ့် ဆောင်ဦးသစ်ပင်တွေက နောက်ဆုံးလက်ကျန် ရောင်စုံသစ်ရွက်တွေနဲ့ လွင့်လွင့်ဝဲဝဲ လှနေဆဲ...။ ။


ညီလင်းသစ်
၁၃ နိုဝင်ဘာ ၂၀၁၁

10 November 2011

အန်ဂယ်လာရဲ့ တိုင်းပြည်သို့ (၅)


ကျနော့်ရဲ့ ခရီးသွားပို့စ်က ဟုတ်ဟုတ်ငြားငြား ဆိုနိုင်လောက်တဲ့ 'ဆင်ပြောင်ကြီး' မဟုတ်ပေမယ့် အမြီးကျမှ တစ်နေတာ အတော်လေး ကြာသွားတယ်၊ ပြောရရင်တော့ ထုံးစံအတိုင်း အလုပ်ရှုပ်နေ ခဲ့ပါသည်ပေါ့၊ ဒီကြားထဲမှာ သွားရင်းလာရင်း တခြားရေးချင်တာလေးတွေ ခေါင်းထဲ ပေါ်လာပေမယ့် ဖောက်မရေးချင်တာနဲ့ ဒီပို့စ်ကိုပဲ အမြန်ဆုံး အဆုံးသတ်ဖို့ စိုင်းပြင်း နေခဲ့ပါတယ်၊ ကဲ-အခုတော့ စ,မိတဲ့ ဇတ်လမ်း ဒီမှာ ဆုံးပါပြီ...၊


Photobucket
ဟော်လန်ရပ်ကွက်ကို ဖြတ်ရင်းနဲ့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အလံတွေကို ခုံဖိနပ်လေးတွေနဲ့ ကိုယ်စားပြုထားတာ ဆိုင်တစ်ဆိုင်ရဲ့ နံရံမှာ ဖြတ်ကနဲ တွေ့လိုက်တုန်းကပါ..၊


Photobucket
ဒါကတော့ အင်္ဂလိပ်ရပ်ကွက်မှာ တွေ့လိုက်မိတာလေးပါ၊ မွေးပွရုပ်တွေက ကျနော်တို့ ငယ်ငယ်ကနဲ့စာရင် အများကြီး ပိုများလာတယ်၊ ကာတွန်းဇတ်လမ်းတွေထဲက ဇတ်ကောင်တွေလည်း ဈေးကွက်ချဲ့ပြီး စီးပွားဖြစ် မွေးပွရုပ်တွေ ဖြစ်လာ ကြတာလည်း တကြောင်းလို့ ဆိုရမယ် ထင်ပါတယ်၊


Photobucket
Europa Park ကို ၂ ရက် လည်ဖြစ်တဲ့ အတွက် ဒုတိယရက်မှာ 4D ရုပ်ရှင် ကြည့်ဖြစ်ပါတယ်၊ နာရီဝက်လောက်ပဲ ကြာတဲ့ Sammy's adventures ဆိုတဲ့ ကာတွန်းကားလေးပါ၊ ကျနော့်အတွက် 4D ရုပ်ရှင်ကို ဒုတိယအကြိမ် ကြည့်ဖူးတာဖြစ်လို့ ရုံထဲမှာ မီးမပိတ်ခင် အစောကြီးကတည်းက ဘယ်ပစ္စည်းတွေကများ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို လာထိမလဲလို့ လိုက်ကြည့်ထားတယ်၊ ခုံရှေ့က လေထွက်တဲ့ အပေါက်၊ ခုံနောက်မှီမှာ လျှို့ဝှက် တပ်ထားတဲ့ ရေပိုက်၊ ခုံအောက်က ရော်ဘာကြိုး စသဖြင့် တွေ့ပါတယ်၊ ဒါပေမယ့်လည်း ဘာမှတော့ မထူးပါဘူး၊ ရုပ်ရှင်စ,တာနဲ့ ဇတ်လမ်းထဲမှာ မျောသွားပြီးတော့ အဲဒီဟာတွေကို မေ့သွားတာပါပဲ၊ ဇတ်လမ်းထဲမှာ မြွေက သူ့အမြီးကို ခါလိုက်တဲ့အချိန်မှာ စောစောက ကျနော်ကြည့်ထားတဲ့ ခုံအောက်က ရော်ဘာကြိုးတွေက ခြေထောက်တွေကို လာရိုက်လို့ လန့်အော်လိုက်ကြတာ ဆိုတာ တရုံလုံးပဲ၊ ဇတ်လမ်းက Sammy ဆိုတဲ့ လိပ်ကလေး အကြောင်းပါ၊ သူပျော်ပါးရာ ပင်လယ်ပြင်မှာ တစ်နေ့ ရေနံတင်သင်္ဘောတစ်စီး မှောက်လို့ ရေထုညစ်ညမ်းမှုနဲ့ ဝေးရာကို ပြေးဖို့ ကြိုးစားတဲ့ အကြောင်း..၊ ကလေးတွေ အတွက် ရည်ရွယ်တဲ့ အခုလို ကာတွန်းကားတစ်ခုမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဆိုင်တဲ့ ပညာပေးပြကွက်တွေကို Cinema 4D အတတ်ပညာနဲ့ ဖော်ကျူးနိုင်လို့ သူတို့လေးတွေအတွက် ပိုပြီး ရိုက်ခတ်မှု ရှိနိုင်မယ်လို့ ကျနော်မြင်ပါတယ်၊ ပင်လယ်ထဲက ဇတ်လမ်းဆိုတော့ ထိုင်ခုံနောက်မှီမှာ ဖွက်ထားတဲ့ ရေပိုက်လေးကနေ ရေစက်၊ ရေမှုန်တွေ ခဏခဏ လာစင်လို့ ရုံထဲမှာ ကလေးတွေရဲ့ ရယ်သံလေးတွေက လန်းလန်းဆန်းဆန်းနဲ့..၊


Photobucket
သရဲရထားလည်း စီးဖြစ်ခဲ့ပါ သေးတယ်၊ ဒါက သရဲခြောက်တဲ့ အဲဒီအိမ်ရဲ့ အဝင်ဝက အရုပ်ပါ၊ အိမ်ထဲကိုဝင်၊ သရဲခြောက်တဲ့ အခန်းတွေ လေးငါးခန်းလောက်ကို ဖြတ်ပြီးမှ ရထားလေးဆီကို ရောက်ပါတယ်၊ အဲဒီရထားနဲ့ သရဲတွေရဲ့ ရွာတွေကို ဖြတ်ရတာပါ၊ အသံ၊ အရုပ်၊ အလင်း၊ အမှောင်၊ မိတ်ကပ် အားလုံးကို သုံးပြီး ခြောက်တယ်..၊ ကလေးလူကြီး အားလုံးအတွက် ယေဘုယျ ပစ်မှတ်ထားလို့လားတော့ မသိဘူး၊ ဒီလောက်ကြီး ကြောက်စရာ မကောင်းပါဘူး၊


Photobucket
အခုလို ပြဇတ်လေးတွေလည်း တစ်နေ့ကို ၂ ကြိမ်လောက် ပြပါတယ်..၊


Photobucket
တစ်နေရာမှာ ဒီဘော်လုံးကန်ကို တွေ့တော့ သားက အားရဝမ်းသာနဲ့ သွားဆင်းဆော့တယ်၊ ပြီးတော့ 'ဒီမှာလည်း IKEA ရှိတာပဲလား'လို့ တအံ့တသြနဲ့ ရေရွတ်လို့..၊ ကျနော်တို့ သွားလေ့ရှိတဲ့ IKEA မှာလည်း ကလေးတွေကို ထားခဲ့တဲ့ နေရာမှာ အခုလို ပလတ်စတစ် ဘော်လုံးကန်တစ်ခု ရှိတာကိုး..၊


Photobucket
ဒုတိယရက်ရဲ့ နေ့လယ်စာကိုတော့ ဒီပုံထဲက ထူးထူးဆန်းဆန်း ဆိုင်မှာ စားဖြစ်ပါတယ်၊ ဆိုင်နာမည်က Food loop တဲ့၊ သူ့နာမည်အတိုင်းပါပဲ၊ အစားအသောက်တွေက သံဘားတန်းတွေ တလျှောက် looping ကွင်းတွေကို ဖြတ်ပြီးမှ စားပွဲကို ရောက်လာတယ်၊ အစားအသောက်တွေက မီးဖိုချောင်ကနေ မျက်နှာကြက်ပိုင်း အမြင့်ဆီကို ဓါတ်လှေကား အသေးလေးတွေနဲ့တက်၊ ဓါတ်လှေကား ဆုံးတာနဲ့ သံဘားတန်း အစ,ကနေ ကွေ့ဝိုက်လိမ်ပတ်ပြီး စားပွဲတွေဆီကို ဆင်းလာတာပါ၊ ဆိုတော့ လူတွေအားလုံးကလည်း မျက်နှာကြက်ဆီပဲ တမော့မော့နဲ့..၊


Photobucket
ဆိုင်ထဲမှာ စားပွဲထိုး မရှိပါဘူး၊ စားပွဲတိုင်းမှာ ရှိတဲ့ ကွန်ပြူတာကနေ တိုက်ရိုက်မှာရ ပါတယ်၊ ကြိုက်တဲ့ဟင်းအမယ်ကို ရွေးပြီးတဲ့အခါ အဝင်ဝမှာ ယူခဲ့ရတဲ့ ကဒ်ကိုထည့်ပြီး အတည်ပြုလိုက်ရင် ရပါပြီ၊ ကွန်ပြူတာနဲ့ မှာရတာ ဆိုပေမယ့် user friendly ဖြစ်အောင်လုပ်ထားလို့ လွယ်ပါတယ်၊ လွယ်လွန်းလို့ သားတောင်မှ ကျနော်တို့အလစ်မှာ သူ့သဘောနဲ့သူ ပုံတွေကိုကြည့်ပြီး လိုက်နှိပ်နေလို့ အဆုံးသတ် confirm မလုပ်နိုင်အောင် ကဒ်ကို သိမ်းထားရတယ်..၊း)


Photobucket
လမ်းခုလတ်မှာ အရှိန်နဲ့ ဆင်းလာနေတဲ့ ဟင်းအမယ် တစ်ခွက်..၊


Photobucket
မိုးပေါ်ကနေ လိမ်ကောက်ပြီးမှ ကျလာတာဆိုတော့ အစားအသောက်တွေက အခုလို အိုးလေးတွေနဲ့ အဖုံးပိတ်လျက်သား ရောက်လာပါတယ်၊ ဟင်းတွေကတော့ တော်တော်လေးကို ညံ့ပါတယ်၊ ပုပ်သိုးနေတဲ့ ဟင်းမျိုးကလွဲရင် ဘာလာလာ အကုန်စားတဲ့ ကျနော့်လို လူတောင်မှ အရသာ မရှိတာ တန်းပြီးသိတယ်၊ ပြီးတော့ ဘီယာတို့၊ အချိုရည်တို့ဆိုရင် ပုလင်းနဲ့ဟာပဲ ရပါတယ်၊ ဟင်းချိုလိုမျိုး အရည်သောက်ဟင်းလည်း မရပါဘူး၊ မဟုတ်ရင် ဟင်းရည်တွေက ဂျွမ်းထိုးမှောက်ခုံနဲ့ တဆိုင်လုံး​ ရွှဲရွှဲစို နေမှာ သေချာတာပေါ့၊


Photobucket
အချိုပွဲလည်း ဒီလိုပဲ ရောက်လာပါတယ်၊ စားပွဲပေါင်းစုံက မှာတဲ့ အစားအသောက်တွေက ဘားတန်းတွေပေါ်မှာ တရွှီရွှီ နဲ့ သွားနေကြလို့ လူကြီးရော၊ ကလေးပါ တအံ့တသြနဲ့ ရှိနေကြတယ်၊ လူတွေတင် မကဘူး၊ အစားအသောက်တွေပါ ရိုလာကိုစတာ စီးစေတဲ့ စိတ်ကူးနဲ့ လုပ်ထားတာ ဖြစ်လို့ ရောက်ဖူးရုံ တခါလောက် သွားစားကြည့်ရင် လုံလောက်ပါပြီ၊ ဒီလိုဆိုင်မျိုးမှာတော့ ဟင်းအမယ်က စုံမှာမဟုတ်တဲ့အပြင် အရသာလည်း မရှိနိုင်လောက်ဘူးဆိုတာ ဘယ်သူမဆို ခန့်မှန်း ကြည့်နိုင်ပါတယ်..၊


Photobucket
ညနေစောင်း လူတွေပြန်ချိန်မှာတော့ ဝန်ထမ်းတွေက အခုလို ဝတ်စားပြီးတော့ ထွက်ပေါက်မှာ နှုတ်ဆက်ပါတယ်၊ ဒီစုံတွဲကို ပထမနေ့ကလည်း တွေ့ဖြစ်တယ်၊ ဒီနေ့မှာတော့ ဓါတ်ပုံရိုက်ဖို့ သွားရပ်လိုက်တာနဲ့ လက်ချင်းချိတ်ပြီး အိုက်တင်လုပ်ပြီးသားပဲ၊ ကျနော်ရိုက်သလောက်ကို အပြုံးမပျက်ဘဲ တသမတ်ထဲ ရပ်ပေးကြပါတယ်...၊


Photobucket
ခပ်လှမ်းလှမ်းမှာ လူတွေကို နှုတ်ဆက်နေတဲ့ မြင်းပုလေးနဲ့ ဒီလူကိုတွေ့တော့ သားက အထူးအဆန်းဖြစ်ပြီး အံ့သြလို့..၊


Photobucket
နည်းနည်း ရှေ့ဆက်လျှောက်လာတော့ ထွက်ပေါက်နဲ့ အနီးဆုံးမှာ လူတွေနဲ့ ဓါတ်ပုံတွဲရိုက်နေတဲ့ ဒီကာတွန်းရုပ် နှစ်ရုပ်နဲ့ တွေ့ပါတယ်၊ တီဗီထဲမှာပဲ တွေ့နေရတဲ့ ကာတွန်းဇတ်ကောင်တွေကို အပြင်မှာ အခုလို အလုံးအထည်နဲ့ တွေ့ရလို့လားတော့ မသိပါဘူး၊ သားက ထူးထူးဆန်းဆန်း သူလည်း ဓါတ်ပုံတွဲရိုက် ချင်တယ်-တဲ့၊


Europa Park ကို နှုတ်ဆက်ပြီး ထွက်လာတော့ တည်းခိုခန်းကို မပြန်သေးဘဲ လမ်းမှာရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ တခါတည်း ညစာ ဝင်စားဖြစ်ပါတယ်၊ အန်ဂယ်လာ မက်ကဲလ်ရဲ့ ဂျာမနီမြေပေါ်မှာ နောက်ဆုံးစားဖြစ်တဲ့ ညစာဆိုပေမယ့် တကယ်တမ်း စားဖြစ်တာက ယင်းဂ်လပ် ရှင်နာဝပ်ထရာရဲ့ ထိုင်းစာပါ၊ နေ့လယ်က Food loop နဲ့ ဘာမှမဆိုင်လောက်အောင် တကယ်ကောင်းတဲ့ အဲဒီဟင်းပွဲတွေနဲ့ ကျနော့်ရဲ့ ဒီပို့စ်ကို အဆုံးသတ်ပါ့မယ်..၊


Photobucket
ထုံးစံအတိုင်း တုံယမ်ဟင်းချို မှာပါတယ်၊ တကယ်တမ်း ပြောရရင် မှာသာ မှာလိုက်တာပါ၊ ဂျာမနီမှာ ရနိုင်တဲ့ တုံယမ်က သိပ်ကောင်းမယ်လို့ မထင်ပါဘူး၊ ရောက်လာတော့ ကျနော့်အထင် မှားသွားတယ်၊ တော်တော့်ကို ကောင်းပါတယ်၊ ဒါနဲ့ ဒုတိယ တစ်ဇွန်းကို မျက်စိမှိတ်ပြီး သောက်ကြည့်တော့ ဘန်ကောက်ကို နေ့ချင်းညချင်း ပြန်ရောက်သွား သလိုပါပဲ၊ အဲဒီလို တုံယမ်အရသာကို လွန်ခဲ့တဲ့ ၇ နှစ်က ဘန်ကောက်မှာ သောက်ခဲ့ဖူးတာ နောက်ဆုံးပါပဲ၊


Photobucket
သိပ်မကြာခင်မှာ သင်္ဘောသီးသုပ် ရောက်လာတယ်၊ သင်္ဘောသီးသုပ်ကို ကျနော် ကြိုက်ပါတယ်၊ မစားဖူးသေးတဲ့ ထိုင်းစားသောက်ဆိုင်တွေ ရောက်တိုင်း ကျနော် အမြဲတမ်း မှာပြီး အကဲစမ်းလေ့ ရှိပါတယ်၊ အခုလည်း မှာလိုက်တယ်၊ ဒါပေမယ့် စိတ်ထဲမှာတော့ သိပ်ပြီး မျှော်လင့်မထားတာ အမှန်ပါ၊ အထူးသဖြင့် အစပ်မစားကြတဲ့ ဥရောပမှာ ထိုင်းသင်္ဘောသီးသုပ်က ကျနော် မျှော်လင့်ထားတဲ့ အစပ်စံချိန်ကို မှီနိုင်မယ်လို့ ထင်မထားခဲ့ဘူး၊ တစ်ဇွန်းစား အပြီးမှာပဲ ဒီတခါလည်း ကျနော့်အထင် မှားပြန်ပြီလို့ သိလိုက်ရတယ်၊ ချဉ်ငန်စပ် သုံးပါးစလုံးနဲ့ ပြည့်စုံတဲ့ သင်္ဘောသီး သုပ်ပါပဲ၊ အစပ်ကလည်း အံ့သြစရာ ကောင်းလောက်အောင် တကယ့်ကို စံချိန်မှီ...၊ နောက်ထပ်တစ်ရက်တိုးပြီး ဒီမှာ ဆက်နေချင်စိတ်လေး အဲဒီတခဏ အတွင်းမှာ ပေါက်သွားသေးတယ်၊ တခြားဘယ်မှ သွားဖို့မဟုတ်ပါဘူး၊ နောက်ထပ် သင်္ဘောသီးသုပ် ၃ နပ်လောက် ထပ်စားဖို့ သက်သက်ပါပဲ..၊း)


Photobucket
မှိုနဲ့ဝက်သားဟင်းကလည်း ငရုတ်သီးနဲ့ မလွတ်ပြန်ဘူး၊ ထမင်းထပ်ယူတာလည်း ဘယ်နှပန်းကန်မှန်း မသိတော့ဘူး၊း)


Photobucket
ဒီတစ်ပွဲပဲ ငရုတ်သီးနဲ့ လွတ်တယ်၊ ဒါတောင် သားအတွက် မှာထားတာ မို့လို့..၊း)


Photobucket
ငရုတ်သီးစပ်တဲ့အခါ ရေသောက်လို့ မပြေပါဘူး၊ ထောပတ်၊ မလိုင်၊ နွားနို့ စတာတွေ စားမှသာ ချက်ချင်း အစပ်ပြေတာပါ၊ ငရုတ်သီး ထဲမှာပါတဲ့ ကက်ပ်ဆိုင်စင် (Capsaicin) မော်လီကျူးက အဲဒီလို အဆီ၊ အဆိမ့်တွေနဲ့ ချက်ချင်းပဲ ပေါင်းစပ်ဓါတ်ပြုလေ့ ရှိလို့ လျှာပေါ်မှာ စပ်တာ ခဏချင်းပဲ ပျောက်သလို ဗိုက်လည်း မအောင့်ပါဘူး၊ အစာအိမ်နံရံမှာ ကပ်နေမယ့် ကက်ပ်ဆိုင်စင် မော်လီကျူးတွေကို မလိုင်၊ နွားနို့က ခွာယူ၊ ဝါးမျိုလိုက်လို့ လူကို မထိတော့ ပါဘူး၊ ဒါပေမယ့် အဲဒီမှာတော့ နွားနို့အစား ဘီယာပဲ သောက်ခဲ့တယ်၊း) အဲဒီ ရက်ပိုင်းမှာလည်း Munich မှာ ဘီယာပွဲတော် Oktoberfest က စ,နေပြီလေ၊ ကျနော်တို့ ရှိတဲ့နေရာနဲ့ Munich နဲ့က တခြားစီ ဆိုပေမယ့် သူ့ရေ၊ သူ့မြေမှာ သူ့ယဉ်ကျေးမှုကို လေးစားသောအားဖြင့် ဆိုပါတော့ဗျာ..၊း)

ကျနော့်ရဲ့ တုံ့ဆိုင်းတုံ့ဆိုင်း ခရီးသွားပို့စ်ကို အခုလို နောက်ဆုံးထိတိုင်အောင် စိတ်ရှည်ရှည်နဲ့ သတိပေး၊ နှိုးဆော်၊ တိုက်တွန်း၊ အားပေးပြီး စောင့်ဆိုင်းဖတ်ရှုကြတဲ့ သူငယ်ချင်း၊ မောင်နှမတွေကို ကျေးဇူး အများကြီး တင်ပါတယ်..။ ။


ညီလင်းသစ်
၁၀ နိုင်ဝင်ဘာ၊ ၂၀၁၁