08 October 2012

အစားမတော်...


ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မမေဓာဝီရဲ့ ဘလော့ဂ်မှာ အစားအသောက်တွေကို ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲထားတဲ့အကြောင်း ဖတ်လိုက်ရပါတယ်၊ ဒီကိစ္စကို ပို့စ်တစ်ခုအနေနဲ့ ရေးမယ်လို့ ကျနော်လည်း မကြာခဏ စဉ်းစားဖူးတယ်၊ ဒီပြဿနာက တကယ်တော့ ကမ္ဘာနဲ့အဝှမ်း နေရာတိုင်းလိုလိုမှာ ကြုံနေရတဲ့ ပြဿနာပါ၊ ဖွံ့ဖြိုးတဲ့ စက်မှုနိုင်ငံကြီးတွေ အဖို့ ထိန်းချုပ်မှုတွေ အမျိုးမျိုးလုပ်နေတဲ့ ကြားက ပိုးသတ်ဆေးအသစ်တွေ၊ နည်းပညာအသစ်တွေနဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရဆဲဖြစ်သလို မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေအဖို့တော့ လျော့ရဲတဲ့ စည်းကမ်းတွေ၊ နည်းပညာချို့တဲ့မှုတွေက အခြေအနေကို ပိုပြီး ဆိုးရွားစေတယ်လို့ ထင်ပါတယ်၊

ဟိုးအရင် မြန်မာပြည်မှာ ရှိစဉ်တုန်းက အင်းလေးဒေသဖက် ရောက်တိုင်း ကျနော်နှစ်သက်စွာနဲ့ စားလေ့ရှိတာ တစ်ခုက ခရမ်းချဉ်သီးသုပ်ပါ၊ ကန်ထဲက ကျွန်းမျောတွေပေါ်မှာ စိုက်ကြတဲ့ လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးတွေနဲ့ သုပ်ထားတဲ့ အသုပ်ပေါ့၊ ခရမ်းချဉ်သီးကလည်း တစ်နှစ်ပတ်လုံး ရသလို အသီးတွေကလည်း နီနီရဲရဲနဲ့ဆိုတာ မှတ်မိနေတယ်၊ အခုနောက်ပိုင်း သတင်းတွေမှာတော့ ခရမ်းချဉ်သီး စိုက်ခင်းတွေမှာ ဓါတ်မြေသြဇာတွေ အလွန်အကျွံ သုံးတဲ့သတင်းတွေ မကြာခဏ ဖတ်လာရတယ်၊ ကျွန်းမျောတွေပေါ်မှာ ပက်ဖြန်း၊ ကျဲပက်တဲ့ ဓါတ်မြေသြဇာက များလွန်းလို့ အင်းလေးကန်ထဲက ရေတွေထဲမှာပါ ဓါတ်မြေသြဇာ ပါဝင်နှုန်းက မြင့်မားသထက် မြင့်မားလာတယ်လို့ ဆိုပါတယ်၊ လက်ရှိကျနော့်အလုပ်က ပရောဂျက်တစ်ခုကလည်း အဲဒီလိုရေထဲမှာ ဓါတ်မြေသြဇာ ပါဝင်နှုန်းကို သုတေသန လုပ်နေရတဲ့ ပရောဂျက် ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ နွေဦးရာသီမှာ စိုက်ခင်းတွေအနီးက ချောင်းတွေထဲမှာ အလိုအလျောက် ရေနမူနာယူတဲ့ စက်တွေ တပ်ထားပြီးတော့ အဲဒီချောင်းရေတွေကို ဓါတ်ခွဲသုတေသန လုပ်ရပါတယ်၊ အဲဒီအခါမှာ စိုက်ပျိုးရေးရာသီရဲ့ အစမှာ စမ်းသပ်ကြည့်တဲ့ ရေတွေထဲမှာ ဓါတ်မြေသြဇာ ပါဝင်နှုန်းမြင့်မားပြီး နောက်ပိုင်း ရေတွေထဲမှာတော့ တဖြည်းဖြည်းနဲ့ နည်းသွားလေ့ ရှိ ပါတယ်၊ စိတ်ဝင်စားဖို့ ကောင်းတာက ဥရောပမှာ တားမြစ်ထားလို့ သုံးစွဲခွင့်မရှိတော့တဲ့ ဓါတ်မြေသြဇာ တချို့ကိုလည်း တွေ့နေရတာပါ၊ ဒီဓါတ်မြေသြဇာတွေက ဈေးကွက်မှာတောင် ဝယ်လို့မရတော့ဘူးဆိုတော့ အများဆုံးဖြစ်နိုင်ခြေက အရင်တုန်းက သုံးစွဲခဲ့တဲ့ အရှိန်က အခုထိ ကျန်နေသေးတဲ့ သဘောပါပဲ၊ ဓါတုပစ္စည်း အတော်များများက သဘာဝအတိုင်း သူ့အလိုလို ကြေပျက်သွားဖို့ ခဲယဉ်းလေ့ ရှိပါတယ်၊ ဒါတွေကို မြင်ရတော့ အလွန်အကျွံ သုံးနေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ အင်းလေးကန် အပါအဝင် စိုက်ပျိုးခင်းတွေမှာ စွဲထင်ကျန်ရစ်မယ့် ဓါတ်မြေသြဇာ ပမာဏကို မြင်ယောင်ကြည့်မိပါတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကတော့ ကျနော်ကိုယ်တိုင်က ဘာမှ မခံစားမိတာလား၊ ဒါမှမဟုတ် အင်းသားတွေကပဲ ဓါတ်မြေသြဇာကို အခုလောက် အလွန်အကျွံ မသုံးသေးတာလားတော့ မသိပါဘူး၊ ခရမ်းချဉ်သီးသုပ်တွေက ထမင်းမြိန်စေခဲ့တာတော့ အမှန်ပါပဲ...၊

ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာ တွေ့ရတဲ့ အဓိက ပြဿနာတစ်ခုကတော့ ဓါတ်မြေသြဇာ အသစ်တွေကို ရှာဖွေစမ်းသပ်ရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်၊ နှစ်နှစ်တစ်ခါဆိုသလို၊ သုံးနှစ်တစ်ခါ ဆိုသလို အသစ်၊ အသစ်တွေက ဈေးကွက်ထဲကို ရောက်လာလေ့ ရှိပါတယ်၊ အများအားဖြင့်က အဲဒီလို ဓါတ်မြေသြဇာအသစ်တွေရဲ့ သတင်းအချက်အလက်တွေကို သိရဖို့ ခဲယဉ်းပါတယ်၊ တခါတလေမှာ ထုတ်လုပ်သူ ဘယ်သူဆိုတာတောင် ချက်ချင်းမသိရသလို သိခဲ့ရရင်လည်း သူတို့ ထုတ်လုပ်ထားတဲ့ မော်လီကျူး၊ ဓါတ်ပစ္စည်းနဲ့ ပတ်သက်ပြီး အထူးလျှို့ ဝှက်ထားလေ့ ရှိတယ်၊ နောက်ဆုံး ဓါတ်မြေသြဇာအသစ်မှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေကို သိရရင်တောင်မှ အဲဒီဒြပ်ပေါင်းတွေက လူနဲ့ပတ်ဝန်းကျင်အပေါ်ကို ဘယ်လိုမျိုး ရိုက်ခတ်မှုတွေ ရှိနိုင်တယ်ဆိုတာ သိရဖို့ အချိန်တွေနဲ့ စမ်းသပ်မှုတွေ အများကြီး လိုပါတယ်၊ ဆွစ်ဇာလန်နိုင်ငံမှာတော့ ပြည်နယ်တစ်ခုစီတိုင်းမှာ ရှိတဲ့ ပြည်နယ်ဓါတ်ခွဲခန်းတွေကနေ စိုက်ခင်းတွေ၊ ရေနဲ့ ရေအရင်းအမြစ်တွေကို ပုံမှန်စောင့်ကြည့်၊ စစ်ဆေးမှုတွေ လုပ်လေ့ရှိပါတယ်၊

စားသောက်ကုန်တွေနဲ့ ပတ်သက်လာရင် ဘယ်လိုဆေးတွေ သုံးထားလဲ၊ ဘယ်လိုမြေသြဇာတွေနဲ့ စိုက်ပျိုးထုတ်လုပ် ထားသလဲ၊ ဆိုတာတွေနဲ့အတူ စားသုံးသူတွေဖက်က မျှော်လင့်ထားတာ နောက်တစ်ခုက သန့်ရှင်းမှုပါ၊ အသီးအရွက်၊ အသားငါး တစ်ခုခုကို ဝယ်တော့မယ်ဆိုရင် ဆိုးဆေးတို့၊ ဓါတ်မြေသြဇာတို့ သုံးထားလားဆိုတာ အသေအချာ မသိရတာများပေမယ့် ရောင်းကုန်တွေရဲ့ သန့်ရှင်း မှုကျတော့ ကိုယ်က မျက်စိနဲ့ တပ်အပ်မြင်ရတာမျိုး မဟုတ်လား၊ သန့်၊ မသန့်ဆိုတာကို စားသုံးသူဖက်က စူးစမ်းတာ သဘာဝကျပါတယ်၊ ဒါကတော့ ကုန်စို၊ ကုန်မာရောင်းသူတွေထက် အစားအသောက် ရောင်းသူတွေနဲ့ ပိုသက်ဆိုင်မယ် ထင်ပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံလို စားစရာရောင်းတဲ့ ခေါင်းရွက်ဗျပ်ထိုးသည်၊ အထမ်းသည်တွေ ပေါလှတဲ့ နိုင်ငံတစ်ခုမှာ အစားအသောက်တွေရဲ့ သန့်ရှင်းမှုနဲ့ ဈေးရောင်းသူတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုက အလေးဂရုပြုချင်စရာ ဖြစ်ပါတယ်၊ ဒါဆိုရင် လမ်းဘေးလက်သုပ်ဆိုင်၊ မုန့်ဟင်းခါး အထမ်းသည်၊ ဝက်သားဒုတ်ထိုးသည် စတဲ့ဈေးရောင်းသူတွေမှာ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိသင့်သလောက် မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊ ̔ခင်ဗျားတို့ တော်တော်ညစ်ပတ်တာပဲ̕ လို့သွားပြောရင်တော့ ထမ်းပိုးနဲ့ကောက်ရိုက်မှာ အသေအချာပါပဲ၊ ဒါဆိုရင် အမုန်းခံပြီးလည်း မပြောဘူး၊ သူ့ဆီမှာလည်း မစားဘူးဆိုရင် တဒင်္ဂအားဖြင့်တော့ ဖြေရှင်းပြီးပါတယ်၊ ဒါပေမယ့် တခြားစားသုံးသူတွေက ရှိမြဲရှိနေမှာ ဖြစ်လို့ သန့်ရှင်းမှုအားနည်းပြီး ပေါက်ဖွားလာမယ့် ရောဂါပိုးမွှားတွေဟာ ကိုယ့်ကိုတိုက်ရိုက် မကူးစက်ပေမယ့် လူအများစုကြီးကို ကူးစက်မှာပဲ ဖြစ်ပါတယ်၊ အခန့်မသင့်လို့ ဝမ်းရောဂါလိုမျိုး ရောဂါကြီးတွေ ဖြစ်လာတဲ့အခါ လူထုကျန်းမာရေးကို ခြိမ်းခြောက်ခံရမှာဖြစ်လို့ ကိုယ့်ရဲ့ ကျန်းမာရေးဟာလည်း သွယ်ဝိုက်သောအားဖြင့် ပတ်သက်လာမှာပါပဲ၊ တကယ်တော့ ဒါတွေကို ကြပ်ကြပ်မတ်မတ်နဲ့ ကိုင်တွယ်ဖို့က အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေး အဖွဲ့လိုမျိုး အဖွဲ့တွေမှာ တာဝန်ရှိပါတယ်၊

ကျနော်တို့ တတိယနှစ် ပြင်ပသင်တန်းတွေ တက်ရတဲ့အခါ ကျနော့်သူငယ်ချင်းတစ်ယောက်က ဂျီနီဗာမှာရှိတဲ့ Consumer Protection Service မှာကျပါတယ်၊ ဂျီနီဗာပြည်နယ် အစိုးရရဲ့ လက်အောက်မှာရှိတဲ့ အဲဒီစားသုံးသူကာကွယ်ရေးအဖွဲ့က တမြို့လုံးမှာ ရှိတဲ့ စားသောက်ဆိုင်၊ ဈေးဆိုင်တွေကို စစ်ဆေးရတဲ့ အလုပ်,လုပ်ပါတယ်၊ သူတို့ကို ဘယ်စားသောက်ဆိုင်၊ ဘယ်စူပါမားကက်ကို မဆို အချိန်မရွေး ဝင်ရောက်စစ်ဆေးနိုင်တဲ့ အခွင့်အာဏာ ပေးထားတယ်၊ သူတို့က အဲဒီလို လာစစ်မယ့် အကြောင်းကိုလည်း ကြိုတင်အကြောင်းမကြားဘဲ ရှောင်တခင် ဝင်စစ်လေ့ရှိပါတယ်၊ အဖွဲ့က စစ်ဆေးနည်း ၂ မျိုးနဲ့ စစ်လေ့ရှိတယ်၊ ပထမတစ်ခုက သန့်ရှင်းမှုပါ၊ အစားအသောက် ရောင်းသူတွေ ဘယ်လောက်ထိ သန့်ရှင်းမှုရှိလဲဆိုတာ သိရဖို့ စားသောက်ဆိုင်တွေရဲ့ မီးဖိုချောင်တွေ၊ တခါ လမ်းဘေးအစားအသောက် ရောင်းသူတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု စတာတွေကို စစ်ပါတယ်၊ ဒုတိယ တစ်ခုကတော့ အစားအသောက်တွေမှာ ဓါတုပစ္စည်းပါဝင်မှုကို စစ်တာပါ၊ အဲဒီအတွက် ဈေးဝယ်တဲ့အဖွဲ့တစ်ဖွဲ့ ထားပြီးတော့ ဒီအဖွဲ့က တစ်ပတ်တစ်ခါ ဈေးဆိုင်ကြီးတွေ၊ လမ်းဘေးဈေးလေးတွေကနေ ကုန်ခြောက်၊ ကုန်စို အလှည့်ကျစနစ်နဲ့ ဈေးဝယ်ထွက်ပါတယ်၊ ပြီးတော့မှ ဓါတ်ခွဲခန်းမှာ ပြန်ပြီးစမ်းသပ်၊ ဓါတ်ခွဲပါတယ်၊ ဒီလိုအဖွဲ့မျိုးအကြောင်း သိရတဲ့အခါ ကျနော်တို့ မြန်မာပြည်မှာလည်း အလားတူ အဖွဲ့တွေ ရှိရင်ကောင်းမှာပဲလို့ တကယ်ပဲ ရိုးရိုးသားသား ဆန္ဒပြုမိပါတယ်၊ ကျနော်သုံးသပ်ရသလောက် ဒီလိုအဖွဲ့တွေ ပေါ်လာဖို့ ဆိုတာလည်း အရမ်းကြီး မခက်ခဲပါဘူး၊ လူထုကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်၊ ဓါတုပညာရှင် စတဲ့သူတွေနဲ့ အဖွဲ့,ဖွဲ့လို့ ရပါတယ်၊ သူတို့ကို အလုပ်လုပ်နိုင်အောင် လိုအပ်တဲ့ အခွင့်အာဏာနဲ့ အထောက်အပံ့ကို အစိုးရပိုင်းက စီစဉ်ပေးရုံပါပဲ၊ ဆိုလိုတာက လမ်းဘေးက အမဲအူသုပ်ဆိုင်ဖြစ်စေ၊ ဂျေဒိုးနပ်ဖြစ်စေ အားလုံးကိုတပြေးညီ စစ်ဆေးခွင့် ပေးထားဖို့ပါ၊ ဓါတ်ခွဲခန်းပိုင်းဆိုင်ရာ နည်းပညာ မကျွမ်းကျင်ဘူး ဆိုသည့်တိုင် အနည်းဆုံးတော့ အစားအသောက်တွေ၊ ရောင်းချသူတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို စစ်ဆေးနိုင် ပါတယ်၊ ဒါဆိုရင် စစ်ဆေးမှု ရှိလာတာနဲ့အမျှ ပြုပြင်မှု တွေလည်း လုပ်လာနိုင်ပါတယ်၊ တစ်ခုတော့ ရှိတာပေါ့လေ..၊ ဒီလို စားသုံးသူကာကွယ်ရေး အဖွဲ့အနေနဲ့ အခွင့်အာဏာကို အလွန်အကျွံသုံးတာ၊ လာဘ်စားပြီး လျော့တိလျော့ရဲ စစ်ဆေးတာ.. စတာတွေ မလုပ်မိဖို့တော့ လိုပါတယ်၊

ဒီလိုအခန်းကဏ္ဍမှာ မရှိမဖြစ်ပါရမှာကတော့ မီဒီယာပါပဲ၊ ခုနက အစားအသောက် စစ်ဆေးရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စားသောက်ကုန်တွေရဲ့ လတ်ဆတ်မှု၊ ရောင်းချသူတွေရဲ့ သန့်ရှင်းမှု စတာတွေကို ဂျာနယ်တွေမှာ စဉ်ဆက်မပြတ် ဖော်ထုတ်ဖို့ လိုပါတယ်၊ အချက်အလက်လည်း ခိုင်မာမယ်၊ လိုလည်း လိုအပ်မယ်ဆိုရင် နာမည်တပ်ပြီး ရေးခွင့်ကအစ ရှိသင့်ပါတယ်၊ နိုင်ငံတကာမှာလည်း ဒီလိုမျိုး ဖော်ထုတ်ရေးသားတာတွေ အမြဲလုပ်နေကြသလို အစားအသောက် ရောင်းချသူတွေကလည်း မမှန်ရင်မမှန်သလို ပြန်လည် ဖြေရှင်းတာ၊ ပြင်ဆင်တာမျိုးတွေ လုပ်ကြလေ့ ရှိပါတယ်၊ ဒါဟာ ဒီနေ့လွှတ်တော်ထဲမှာ ပြော,ပြောနေကြတဲ့ check and balance ဆိုတာကို တကယ့်လက်တွေ့ လမ်းတွေပေါ်မှာ ကျင့်သုံးတာဖြစ်သလို စားသုံးသူတွေအဖို့လည်း ပွင့်လင်းမြင်သာမှုနဲ့အတူ လူထုကျန်းမာရေးအသိတွေ ပိုပြီး တိုးလာစေမှာပါ၊ ဟိုတလောတုန်းကတော့ အစားအသောက်မှာ ဆိုးဆေးပါ,မပါ စစ်ဆေးတာ၊ တားဆီးပိတ်ပင်တာတွေ ဖတ်လိုက်ရပေမယ့် အခုတော့ ဘာမှ မကြားရတော့ပြန်ဘူး၊ ဒီလို စစ်ဆေးမှုတွေက သတင်းကောင်းမို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုချင်ပါတယ်၊ ကောက်ရိုးမီးလို ဟုန်းကနဲတောက်ပြီး ပြန်ငြိမ်းသွားတာမျိုးတော့ မဖြစ်စေချင်ပါဘူး၊

လတ်တလောမှာတော့ ရွှေပြည်တော်ဟာ မျှော်တိုင်းဝေးနေဆဲ ဆိုတာ ကျနော်တို့အားလုံး သိပါတယ်၊ ဒါပေမယ့် အရာအားလုံးကို ဒီလိုပဲ တစ်လှမ်းခြင်း၊ တစ်လှမ်းခြင်း စခဲ့ရတာ မဟုတ်လား၊ အော်ရာမင်းအိုရဲ့ ပဉ္စလက်အတတ်အောက်က စိမ်းဖန့်ဖန့် လက်ဖက်ညွန့်လေးတွေ၊ ရိုဒါမင်းဘီရဲ့ လှည့်စားမှုအောက်က စားချင်စဖွယ် ပန်းနုရောင်ငါးပိတွေနဲ့ နီနီရဲရဲ မက်မန်းပေါင်းတွေ၊ ရေသန့်ဗူးတွေရဲ့ အားဖြည့်မှုနဲ့ ကြွပ်ရွနေတဲ့ အကြော်စုံလေးတွေ၊ လက်အိတ်မဝတ်တဲ့ လက်နဲ့သုပ်ထားတဲ့ ချဉ်ငန်စပ်ခေါက်ဆွဲသုပ်တွေ၊ ယင်တလောင်းလောင်းနဲ့ သရက်သီးမှည့်၊ ပိန္နဲသီးမှည့်တွေ...၊ ဒါတွေက ကျနော့်မျက်စိရှေ့ မှာ အနှေးရုပ်ရှင်ပြကွက် တစ်ခုလို အစီအရီပေါ်လာကြတယ်၊ စားနေကျတဲ့ အရာတွေ၊ ကိုယ်နှစ်သက်တဲ့ အရာတွေကို မျက်စိမှိတ်ပြီး ဆက်စားဖို့ ကျနော်တို့ ဝန်မလေးတတ်ကြပါဘူး၊

ဒီဆောင်းပါးလေးကို စ,ရေးနေတုန်းမှာပဲ မြန်မာပြည်ကနေ သယ်လာတဲ့ မက်မန်းပေါင်းတစ်ထုပ်ကို တမ်းမက်ခြင်းများစွာနဲ့ ကျနော်ဖွင့် လိုက်တယ်၊ မက်မန်းစိတ်လေးတွေက ဝါဖန့်ဖန့်နဲ့မှာမှ ဂျင်းဖတ်လေးတွေက ရောထားသေးတယ်၊ မစားရတာ ကြာလှပြီဖြစ်တဲ့ မက်မန်းပေါင်း တစ်စိတ်ကို ပါးစပ်ထဲထည့်လိုက်တယ်၊ လျှာဖျားကနေ စိမ့်ဝင်သွားတဲ့ မက်မန်းသီးရဲ့ အရသာက ငယ်ဘဝတွေကိုပါ ပြန်ခေါ်လာခဲ့တယ်၊ ဒီလို မက်မန်းသီးတွေ၊ မရမ်းပြား၊ သရက်ပြားတွေကို သွားတွေကျိန်းလာတဲ့အထိ ကျနော်စားခဲ့လေ့ ရှိတာပေါ့၊ မျက်စိကို အသာလေးမှိတ်လိုက်ပြီး ကျနော်ခဏတာ ယစ်မူးပစ်လိုက်တယ်၊ မျက်စိပြန်ဖွင့်တော့ ပလပ်စတစ်အိတ်ရဲ့ အောက်ခြေမှာ အိုင်ကျနေတဲ့ ဝါသယောင်၊ နီသယောင် မက်မန်းပေါင်းအရည်တွေကို အကြည့်ရောက်သွားတယ်၊ အို..ကိစ္စမရှိပါဘူး၊ ဒါ သူငယ်ချင်းက ကလောကနေ တကူးတက သယ်လာပေးတဲ့ မက်မန်းသီးတွေပဲ ဥစ္စာ..၊ စားမှာပဲ၊ ဆိုးဆေးတွေ ပါအုံးတော့..၊ အခုလို တစ်ခါလောက် စားရုံနဲ့ ဘာမှမဖြစ်ပါဘူး၊ ကျနော်ဆက်စားတယ်၊ တစ်စိတ်..၊ နောက်တစ်စိတ်..၊ နောက်ထပ်တစ်စိတ်...၊ ကဲ, ဒီတစ်စိတ် နောက်ဆုံးစားပြီးရင်တော့ ရေခဲသေတ္တာထဲ ပြန်ထည့်ထားလိုက်တော့မယ်၊ အဲဒီအတွေးနဲ့ နှိုက်လိုက်တဲ့ မက်မန်းစိတ်ကလေးနဲ့ အတူ ကပ်ပါလာတာက ဆံပင်တွေတထွေးကြီး...၊ ခုနတုန်းက ရလိုက်တဲ့ ကြည်နူးမှုတွေ၊ ငယ်ဘဝတွေ၊ လျှာဖျားက အရသာတွေ.. အားလုံးဟာ အစိတ်စိတ် အမွှာမွှာကွဲကြေ...၊ လည်ချောင်းထဲထိ တက်လာတဲ့ ပျို့အန်ချင်စိတ်နဲ့အတူ ရေခဲသေတ္တာဆီ လှမ်းနေတဲ့ ကျနော့်ရဲ့လက်တွေက အမှိုက်ပုံးကို ရောက်သွားကြတယ်၊ ကလောကနေ ရန်ကုန်၊ ရန်ကုန်ကနေမှ A-380 Airbus လေယာဉ်ကြီးစီးပြီး ဒီအထိရောက်လာတဲ့ မက်မန်းပေါင်းကို ကျနော်နှမြောမနေနိုင် တော့ဘူး၊ ဂွတ်ဘိုင်...၊ ပြီးတော့ ခပ်မြန်မြန် ပလုပ်ကျင်းပြီး ကွန်ပြူတာဆီ ပြန်လာခဲ့တယ်၊ ကဲ.. ဒီလိုအချိန်မှာ ကျနော်အရေးသင့်ဆုံး စာတစ်ပုဒ်ဟာ တခြားဘယ်စာများ ဖြစ်နိုင်အုံးမှာလဲ...။ ။


ညီလင်းသစ်
၈ အောက်တိုဘာ၊ ၂၀၁၂

32 comments:

mstint said...

မက်မန်းပေါင်းတစ်ထုပ် အရင်းပြုပြီး ဖတ်ခွင့်ရသွားတယ် မောင်ညီလင်းရေ။ စားသောက်ကုန်နဲ့ ပတ်သက်ပြီး ထုတ်ခွင့်မှတ်ပုံတင်တွေရှိနေပေမယ့် ထိရောက်မှုမရှိဘူးနော်။ အစစ်ဆေးခံတဲ့ ပစ္စည်းကိုတော့ ကုန်သွင်းခွင့်ရအောင် အကောင်းဆုံးဖြစ်အောင်လုပ်ပြီး ကျန်ပစ္စည်းတွေကို အမြတ်အစွန်းသာ အဓိကထားသူတို့ အတွက် မောင်ညီလင်းပြောတဲ့ "ဘယ်စားသောက်ဆိုင်၊ ဘယ်စူပါမားကက်ကို မဆို အချိန်မရွေး ဝင်ရောက်စစ်ဆေးနိုင်တဲ့ အခွင့်အာဏာ ပေးထားတဲ့ အဖွဲ့တစ်ဖွဲ့ထားပြီး ရှောင်တခင် ဝင်စစ်တာမျိုး ရှိသင့်တယ်" ဒါပေမယ့် ရထားတဲ့အခွင့်အာဏာကို အလွဲသုံးစား မလုပ်ဘူးဆိုတဲ့ အာမခံချက်ရှိပါ့မလားလို့-
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

ခုဆိုအချဉ်ထုပ်တွေ မက်မန်းပေါင်းတွေသရက်ပြားတွေမစားမိတာကြာပြီအကိုရေ..
ကြောက်တယ် ဆိုးဆေးတွေကိုတအားကြောက်တယ် ကိုယ်ကိုယ်တိုင်ဓာတ်ခွဲခန်းဝင်ခဲ့ဖူးတဲ့လူဆိုတော့ အဲဒါတွေကိုတွေးလိုက်မိရင်ကျောထဲစိမ့်တယ်
အရင်ကဆိုအကိုပြောသလိုဘဲတမက်တမောကိုစားခဲ့ဖူးတယ် ခုတော့ ရှောင်လေဝေးဝေးထဲမှာသူတို့လဲပါသွားပြိအကိုရေ ..
အကို့ဘလော့ကိုလာတိုင်းတခုမဟုတ်တခု ဗဟုသုတရရသွားတယ်

ချစ်ခင်လျှက်
ညီမငယ်

မဒိုးကန်

Anonymous said...

ကိုညီလင်းသစ်ရဲ့ မက်မန်းသီးပို့စ်လေးကို Peninsular Plaza ကဝယ်လာတဲ့ မရမ်းပြားပေါင်းလေးဝါးရင်း ဖတ်နေမိရက်သား ဖြစ်နေတယ် :D

ခင်မင်စွာ
ပူးတေ

လွင်ပြင်လှိုင်းငယ် said...

ဆိုးဆေးတွေကို တကယ့်ကိုကြောက်မိပါတယ်

မေဓာဝီ said...

အစားအသောက်ထဲ ဆံပင်ချည်ပါတာမျိုး ခဏခဏ တိုးဖူးတယ် ကိုညီလင်းရေ ... ။ စိတ်ပျက်စရာ အကောင်းဆုံးပဲ။
မြန်မာပြည်က သယ်လာတဲ့ အချဉ်ထုတ်တွေလဲ သတိထားစားမှ :)

ညီရဲ said...

အစ်ကိုပြောတဲ့ ခရမ်းချဉ်သီးသုပ်ဆိုလို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်တဲ့ အင်းသီးဆိုတဲ့ ဇာတ်ကားအတိုလေးကို သွားသတိရမိလိုက်တယ်... သူတို့ သုံးတဲ့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာက ကြောက်စရာ အစ်ကို... ပိုစ့်လေးဖတ်ရင်း စဉ်းစားမိတာက ကျွန်တော်တို့ နယ်က သရက်သီးနဲ့ သြဇာသီး ထွက်ချိန် အဲဒီအချိန်ဆိုရင် ယင်တလောင်းလောင်းနဲ့ ဒါပေမယ့် ဒီလိုဘဲရောင်း ဒီလိုဘဲ စားနေကြတာကို တွေးမိပြီး ကြောက်မိတယ်... အစ်ကို ပြောသလို စားသုံးသူ ကာကွယ်ရေးအဖွဲ့ မျိုးက မြန်မာပြည်မှာ တကယ်ကို လိုအပ်ပါတယ်... ရှိလာဖို့ ကိုလဲ မျှော်လင့်နေမိတယ်...

Angelhlaing(May everybody be happy and healthy! said...

အကိုချပြသွားတဲ့ ရူထောင့်က ထောင့်မျိုးစုံမို့ ဘာပြောရမှန်းမသိအောင်ပါပဲ... ဗဟုသုတတွေအတွက် ကျေးဇူးပါအကိုရေ..

ဘုန်း၂တောက် said...

မီဒီယာတွေပွင့်လင်းလာမှုနဲ့အတူ သက်ဆိုင်ရာ အာဏာပိုင်တွေက အစားအသောက်နဲ့ပတ်သက်တဲ့ ဒကာတော် နှိုင်းယှဉ်ပြသွားသလိုမျိုး နှိုင်းယှဉ်မှုပါဝင်တဲ့ ပညာပေးဆောင်းပါးတွေ၊ ၀တ္ထုတွေ၊ ဗွီဒီယိုတွေ ပြည်သူတွေရဲ့ကျန်းမာရေးကို ရှေးရှုပြီး အများကြီးအများကြီး ပေါ်ထွက်လာစေချင်ပါတယ်။

ဒကာတော် မက်မန်သီးယို စားနေတဲ့ပုံကို မြင်ယောင်နေမိပါရဲ့။ ဘုန်းဘုန်းဆိုလည်း မက်မန်းသီးယိုမှာပါတဲ့ ဂျင်းဖတ်တွေကို ကြိုက်တယ်။ ဂျင်းဖတ်လေးတွေ အရင်ရွေးစားပစ်တယ်။

ခင်မင်တဲ့

စူးနွယ်လေး said...

အင်း... ဓာတ်မြေသြဇာတို့ ဆိုးဆေးတို့ အထားခံအောင်သုံးတဲ့ဆေးတို့အပြင် သန့်ရှင်းမှုကလည်းမရှိ။
ကိုညီလင်းကို ဖြစ်ဖူးတယ်... တခါက
မုန့်ဟင်းခါးရယ်ဒီမိတ်အထုပ်ကို ဒီရောက်ပြီး ချက်မလို့ဖွင့်လိုက်တော့ ပိုးဟပ်တကောင်လုံးလိုက် ထွက်လာတာ။ အထုပ်နာမည်တောင်တိတိကျကျ မှတ်ထားတယ်။ အဲဒီအထုပ်မှ မဟုတ်ပါဘူး တခြားတံဆိပ်အထုပ်တွေထဲမှာလည်း ပါနိုင်ပါတယ်။ ဟင်းအနှစ်ကိုဆီသတ်ပြီး ပလပ်စတစ်မထုပ်ခင် လုံခြုံအောင် ထားဟန်မတူဘူး။ ပိုးဟပ်အပြင် ကြွက်ပါဝင်နှိုက်စားချင်စားနေမှာ.. မြင်ရတာမဟုတ်ဘူးလေ။ ပိုးဟပ်နဲ့ကြွက်က ပေါတယ်မဟုတ်လား :D

Kabyar said...

ကိုညီရေ.......။။။။။ ကိုယ်တွေချစ်တဲ့  ဒီတိုင်း ဒီပြည်ကြီးခမျာကို..... ရွှေပြည်တော်ကြီးက ဝေးသနှင့် ဆိုတာမျိုး မဖြစ်ပါစေနဲ့ လို့  ကြိတ်ဆုတောင်းရင်း တတ်နိုင်သလောက် လက်လှမ်းမှီရာ ကြိုးစားကြရဦးမှာပေါ့လေ.......။။။။။

Anonymous said...

ကိုညီလင်းသစ်ရေ---
အင်းလေးထဲမှာက ကျွန်းမျောပေါ်မှာစိုက်တာဆိုတော့ မြေသားအစစ်နဲ့ခြားနားတာက Soil nutrient content ပေါ့။ အဲသည့်တော့ အထွက်တိုးဖို့ ဓါတ်မြေသြဇာတွေ လှိုင်လှိုင်ထည့်၊ အနာအဆာမရှိ လှပစေဖို့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေလဲ မကြောက်မလန့်ဖြန်းကြပေါ့။ အင်းထဲက တောင်သူအများစုက ချမ်းသာတော့ သူတို့က အဲဒါတွေလဲ သုံးနိုင်ကြတယ်လေ။ နောက်ဆုံးတော့ အင်းရေညစ်ညမ်းပြီပေါ့။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အင်းရေပြင်ရဲ့ Pollution ကို တိုင်းတာခဲ့ကြဖူးပေမယ့် အဲသည့်ရီပို့ကို ပြသခွင့်၊ ဖြန့်ဝေခွင့်မရခဲ့ကြဘူးတဲ့ဗျ။ အခုတော့ NGOတွေရော၊ အစိုးရပိုင်းပါ အတော်လေးတော့ ပညာပေးနေကြပါပြီ။ GAP လို့ခေါ်တဲ့ (Good agricultural practices) တွေကို တောင်သူသားသမီးတွေနဲ့ စိတ်ပါဝင်စားသူတွေကို ပညာပေးနေတာကိုတော့ ကြုံဖူးခဲ့တယ်။ ထွက်ကုန်တွေနဲ့ အစားအသောက်တွေသန့်ရှင်းဖို့ကိုတော့ ထုတ်လုပ်သူတွေနဲ့ အလုပ်သမားတွေထိပါ ပညာပေးဖို့ လိုလိမ့်မယ်။ လုပ်ချင်တာတွေတော့ အများသားဗျာ.......... အခွင့်ရမယ်ဆိုရင်ပေါ့။
(လီယို)

Vista said...

ဗဟုသုတကတော့ အပြည့်ပါပဲဗျို့ အချဉ်ပေါင်းတော့ သိပ်မစားဖြစ်တာမြန်မာပြည်မှာကတဲက ။ လမ်းဘေးဆိုင်လည်း မစားဖစ်ဘူး ကျနော်က ကိုယ်ခံအားနည်းလို့  .. ဖျားမယ် ဆို ရှေ့ ဆုံးက ။ဖျားတဲ့လူ အနားမှာ နှာချေလိုက်တာနဲ့ နောက်နေ့ ကူးပီးသားပဲ အဲလိုကိုယ်ခံအားကောင်းတော့ လမ်းဘေးစာတို့ အချဉ်ပေါင်းတို့ တော့ ဝေးဝေးကနေရတယ် ။

ညိမ်းနိုင် said...

ဟုတ်တယ်အကိုရာ....ကျွန်တော်တို့ရွှေပြည်ကြီးက
အစားအသောက်တွေကို ဆက်စားဖို့လန့်လန့်လာသလို၊
မကြောက်မရွံ့စားနေဆဲဖြစ်တဲ့ ကျွန်တော့်မိဘအပါအဝင်
မြန်မာပြည်သားအားလုံးအတွက် ရင်လေးပါရဲ့...၊ခက်တာ
က ခုထိ ကိုယ်တိုင်လည်း သိပ်မရှောင်နိုင်သေးဘူးရယ်..:)
ဒီနိုင်ငံမှာလည်း NEA ရယ် MOH ရယ်က ဆိုင်တိုင်းကို
စစ်ဆေးပြီး အဆင့်အတန်းမှီမှ ဆိုင်ဖွင့်ခွင့်ပေးတာမျိုးတွေ
လုပ်တာတွေ့ရတယ်...၊မြန်မာပြည်မှာလည်း အဲ့လိုဌာနေ
တွေကဖြစ်ဖြစ်၊အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေး
ကပဲဖြစ်ဖြစ် သေသေချာချာစစ်သင့်ပြီဗျာ..။

မိုးငွေ့........ said...

ဟုတ်တယ် အိမ်မှာ ဟင်းသီးဟင်းရွက်ကို ချက်ပြုတ်ခါနီး ရေးအထပ်ထပ်ဆေး ဆားရေးစိမ် ဂေါ်ဖီပန်းဆိုရေနွေးဆူဆူမှာခနစိမ်ပြီးမှာ ပြန်ကြော်တာ အဲလိုတွေလုပ်နေရတယ်...။

Shinlay said...

ကိုညီရေ.. ဒီမှာတောင် ဆေးဖြန်းတဲ့အသီးအရွက်၊
ဆေးကျွေးတားတဲ့ အသားငါးတွေရှိနေသေးတော့ တခါတလေလည်း ဘာစားရမလဲကိုမသိတော့ဘူး။

Anonymous said...

ကျနော် လည်းဒီရောက်လာမှ နဲနဲကြီးကျယ် လာပြီး
မြန်မာပြည် မှာတုံးကစားခဲ့သလို သိပ်မစားရဲတော့
ဘူး..မြန်မာပြည်မှာတုံးကတော့ လမ်းဘေးရေအိုး
စင်လည်းသောက်လိုက်တာပါဘဲ....ဘာခွက်နဲု့ဖြစ်ဖြစ်
အိမ်မှာဆိုလည်း သောက်ရေအိုးမှာ ရေတခွက်တည်း
ရှိတာလေ..အိမ်ကလူစုံသောက်ကြတာပေါ့...
ဒီမှာတော့ သူများသောက်ပြီးသားခွက်ဆိုရင် မသောက်
ရဲတော့ပါဘူး..

Anonymous said...

ကျမတော့လေဒါဟာအမျိုးသားရေးလို့ ကိုမြင်မိပါတယ်။
ပညာရှင်တွေ၊မီဒီယာတွေ၊အဖွဲ့ အစည်းတွေနဲ့ အစိုးရကပါထိထိရောက်ရောက်အရေးကြီးလုပ်ငန်းအနေနဲ့ လုပ်ဘို့ လိုတယ်လို့ ထင်ပါတယ်။ ကိုညီလင်းသစ်ရေးသလိုမျိုးပြည်သူကိုအသိပညာပေးတဲ့စာမျိုးတွေလည်းအရေးကြီးပါတယ်။
အစားအသောက်လုပ်ငန်းတွေ(ငရုတ်သီးမှုန့် တို့ ၊ ဆီတို့ ၊ကအစ)တင်းတင်းကြပ်ကြပ်စနစ်တွေလည်းရှိစေချင်တယ်။

...ဖတ်ရင်းနဲ့ ကိုယ်တောင်အန်ချင်လာတယ်။ အရေးအသားကတော့ရှယ်ဘဲနော်။း)
အိုင်အိုရာ

Nyi Linn Thit said...

တီတင့် ...
ဟုတ်ပါတယ်၊ လူကို တန်ဖိုးမထားသေး သရွေ့၊ လူ့အခွင့်အရေးကို မလေးစား သေးသရွေ့ အာဏာ အလွဲသုံးစား လုပ်မှုတွေက ရှိနေနိုင်ပါတယ်၊ စည်းမျဉ်းဥပဒေဆိုတာကို တိတိကျကျ လိုက်နာကြမယ့် ကာလတစ်ခုကို ရောက်ချင်လှပါပြီ..၊

ညီမ မဒိုးကန် ...
ကောင်းပါတယ်ဗျာ၊ အဲဒီဟာတွေက လျှာဖျားက တစ်ခဏ အရသာသက်သက်ပါပဲ၊ တကယ်ဖြစ်ပြီ ဆိုရင် ကိုယ်က ပေးလိုက်ရမှာ တစ်ဘဝလုံးဆိုတော့ သိပ်တော့ မတန်ဘူးလို့ ဆိုရမှာပဲ..၊

မပူးတေ ...
အဲ.. ကျနော်လည်း အစက ရည်ရွယ်တာက ဆိုးဆေးတွေ မကောင်းတဲ့အကြောင်း မက်မန်းသီးပေါင်းလေး စားရင်း ရေးမလို့ပဲဗျ..၊း)

ကိုလွင်ပြင်လှိုင်းငယ် ...
ဒီနေရာမှာတော့ ကြောက်တတ်ရန်ကင်း ဆိုတဲ့ စကားက ကွက်တိလို့ပဲ ဆိုရမှာပဲဗျ..၊း)

မမေ ...
ဟုတ်တယ်ဗျ၊ ပိတုန်းရောင်ကေသာ ဘာညာ ပြောကြပေမယ့် ဆံပင်ဆိုတာ ခေါင်းပေါ်မှာ နေမှပဲ တန်ဖိုးမြင့်တဲ့ အမျိုးမဟုတ်လား၊ မြန်မာပြည်က သယ်လာတဲ့ အချဉ်ထုပ်တွေထဲမှာ ကောင်းတာလေး တွေ့ရင်လည်း ကျနော့်အတွက်ပါ ပိုစားလိုက်ပါဗျာ၊ ကျနော့်ရဲ့ တစ်ထုပ်တည်းသော မက်မန်းပေါင်းလေး ကတော့ အမှိုက်ပုံးထဲ ရောက်သွားရှာပြီဗျ...၊း(

ကိုညီရဲ ...
အဲဒီ ̔အင်းသီး̕ ဇတ်ကားကို ကျနော်လည်း ကြည့်ချင်လို့ လိုက်ရှာသေးတယ်ဗျ၊ အင်း..ယင်ကောင်က သယ်လာတဲ့ တော်ရုံတန်ရုံ ရောဂါပိုးကတော့ ကျနော်တို့ ကိုယ်ခံအားစနစ်ကို မတိုးနိုင်လောက် တော့ဘူးလို့ပဲ ဆိုရမယ် ထင်တယ်ဗျ..နော၊း)

ညီမအိန်ဂျယ်လှိုင် ...
ကျေးဇူးတင်ပါတယ် ညီမရေ...၊

ဘုန်းဘုန်းတောက် ...
ဘုန်းဘုန်းနဲ့ တပည့်တော်နဲ့ ဂျင်းကြိုက်တာချင်းတော့ တူနေပြီ၊ မီဒီယာတွေက တာဝန်ယူရဲတဲ့ စိတ်နဲ့ရေးဖို့ လိုသလို သက်ဆိုင်ရာကလည်း ဒါကို အားပေးဖို့ လိုမယ်လို့ ထင်ပါတယ် ဘုရား..၊

မစူးနွယ် ...
မစူးနွယ်ရဲ့ ပိုးဟပ်က ကျနော့်ရဲ့ ဆံပင်ချည်တွေထက်တောင် ဆိုးနေပါရော့လား...၊း) သေချာတယ်၊ ကြွက်လည်း မုန့်ဟင်းခါး အနှစ်နဲ့ ရေချိုးချင် ချိုးသွားခဲ့မှာ...၊း)

(မ)ကဗျာ ...
ပြိုင်တူတွန်းရင် ရွေ့ မှာဖြစ်လို့ လူတိုင်းမှာ တွန်းချင်စိတ်ကလေးတွေ ရှိလာဖို့ပဲ မျှော်လင့်ရမှာပဲဗျာ..၊

လီယို ...
ဟုတ်တယ်ဗျ၊ အင်းထဲက ရေထုညစ်ညမ်းမှုအကြောင်း မှတ်တမ်းတွေရှိတာ ကျနော်လည်း တစွန်းတစ ကြားဖူးတယ်၊ ဖတ်ချင်လို့ လိုက်ရှာတာ ဘယ်မှာမှ မတွေ့ပါဘူးဗျာ၊ ကျနော်တစ်ခေါက် ပြန်တုန်းကတော့ အင်းလေးကန်နဲ့ ဧရာဝတီက ရေနမူနာတွေ ယူလာပြီး ဒီကဓါတ်ခွဲခန်းမှာ ဓါတ်ခွဲ ကြည့်ဖူးတယ်၊ ပြောရရင်တော့ အားလုံးသိကြတဲ့ အတိုင်း အင်းလေးကန်ရဲ့ အခြေအနေက တကယ့်ကို စိုးရိမ်ရတဲ့ အဆင့်မှာ ရောက်နေပါပြီ၊ အခုလို ဝင်ဆွေးနွေးသွားတဲ့အတွက်လည်း ကျေးဇူး အများကြီး တင်ပါတယ်ဗျာ..၊

ညီမVista ...
အဲဒီလို ဆင်ဆင်ခြင်ခြင် နေတော့လည်း ပူပင်သောက နည်းရတာပေါ့ဗျာ၊ အသက်ကို ဥာဏ်စောင့်တယ်လို့ ဆိုကြတယ် မဟုတ်လား...၊း)

ကိုညိမ်း ...
ကျနော်တို့ အားလုံးအဖြစ်က ဒီလို ခပ်ဆင်ဆင်ပဲ ထင်ပါရဲ့ဗျာ၊ ပွင့်လင်းမြင်သာမှု ရှိတဲ့၊ လူ့အခွင့်အရေး လေးစားတဲ့ နေရာတွေမှာ စားသုံးသူတွေရဲ့ ရပိုင်ခွင့်တွေ မြင်နေရတော့ မြန်မာပြည်က မိဘမောင်ဖွားတွေအတွက် ပြန်ပြီး ရတက်မအေး ဖြစ်နေကြရတယ်၊ အစားအသောက် ကြီးကြပ်ရေးလို ဌာနမျိုးကတော့ ရှိသင့်တာ ကြာလှပါပြီဗျာ..၊

မမိုးငွေ့ ...
ကျနော်တို့ အဖိုးတွေ၊ အဖွားတွေ လက်ထက်က ယောင်လို့တောင်မှ မစဉ်းစားမိတဲ့ အဆင့်ပိုတွေကို ကျနော်တို့လက်ထက်မှာ လုပ်နေရပြီနော်...၊း)

မ,ရှင်လေး ...
ဒီမှာလည်း အတူတူပါပဲဗျာ၊ တစ်ခုခု ဝယ်မယ်ဆို ဘယ်နိုင်ငံမှာ စိုက်ပျိုးခဲ့တာလဲဆိုတာပါ လိုက်ကြည့်နေရတယ်..၊

အမည်ဝှက်စာဖတ်သူ ...
အေးဗျာ၊ မြန်မာပြည်က လူနေမှုပုံစံကနေ ကြည့်မယ်ဆိုရင်တော့ ကြီးကျယ်တယ်လို့ ထင်ချင်စရာ ပါပဲလေ..၊ ဒါပေမယ့် တဖက်က ကြည့်ပြန်တော့လည်း ဒီလိုနေထိုင်မှု ပုံစံတွေက မလိုလားအပ်တဲ့၊ စိတ်အနှောင့်အယှက် ဖြစ်စရာ၊ ကြိုတင် ရှောင်ကွင်းနိုင်တဲ့ ကူးစက်ရောဂါ စတာတွေကို နည်းပါး စေတာတော့ အမှန်ပဲ မဟုတ်လား၊ ခေတ်ကြီးကိုက ရောဂါဆန်းတွေ များသထက် များလာတဲ့ ခေတ်ကိုး...၊

မအိုင်အိုရာ ...
အမျိုးသားရေးဆိုတာ တကယ့်ကို အမှန်ကန်ဆုံး စကားလုံးပါပဲ၊ လူထုတစ်ရပ်လုံးရဲ့ ကျန်းမာရေး ဖြစ်လို့ အားလုံးနဲ့ ဆိုင်သလို အရေးတကြီး လုပ်ရမယ့် ကိစ္စထဲမှာ ပါသင့်ပါတယ်၊ ပြည်သူလူထု ကျန်းမာမှ တိုင်းပြည်တည်ဆောက်ရေးမှာ တစ်တပ်တစ်အား ပါဝင်နိုင်မှာပါ...။

ချစ်စံအိမ် said...

ဟုတ်တယ် အကိုရေ လမင်းတော့စားနေတုန်းပဲ မသန့်မှန်းလည်းသိတယ်..စားမိတယ်စားပြီးတော့မှာစိတ်ထဲတစ်မျိုးဖြစ်လာတယ် ရှောက်သီးဆေးပြားတော့လမင်းမှာအမြဲရှိနေတတ်တယ်ကုန်ရင်ထပ်မှာပြန်တယ် လက်ဘက်ကတော့အရမ်းပြောကြလို့မစားတော့ဘူး အကို ဆောင်းပါးလေးကို မြန်မာပြည်ကသူတွေအကုန်ဖတ်စေချင်တယ်

ဇွန်မိုးစက် said...

ဒီပို့စ်လေး ဂျာနယ်တစ်ခုခုရဲ့ ဆောင်းပါးအနေနဲ့ ဖော်ပြပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။

ငယ်ငယ်ကတော့ အချဉ်ထုပ်သိပ်ကြိုက်တာ။ ကိုညီလင်းသစ်လိုပဲ သွားတွေကျိန်းတဲ့အထိ စားပစ်တာ။ အဲဒါနဲ့ အစာအိမ်မကြာခဏ အချဉ်ပေါက်တတ်လာတော့ အချဉ်ထုပ် သိပ်မစားဖြစ်တော့ဘူး။ တစ်ထုပ်တည်းသော မက်မန်းပေါင်းလေး အမှိုက်ပုံးထဲရောက်သွားတာ နှမြောစရာ။

တစ်ခါတုန်းက ကရ၀ိတ်ထဲကဆိုင်မှာ ဘူဖေးသွားစားရင်း ခပ်ထည့်လိုက်တဲ့ ခရမ်းသီးနှပ်ဟင်းထဲမှာ ဆံပင်ချည်တွေ အထွေးလိုက်ပါလာလို့ စိတ်ထဲအတော်ကသီးကအောင့်ဖြစ်သွားဖူးတယ်။ အစားအသောက်အတွက် သန့်ရှင်းမှုဆိုတာ ဆီးထုပ်လေးတွေအစ လမ်းဘေးအသုပ်သည်အလယ် ဟိုတယ်စားသောက်ဆိုင်တွေအဆုံး စားသုံးသူတွေအတွက် တကယ့်ကို လိုအပ်တာပါပဲ ကိုညီလင်းရေ...။


rose of sharon said...

ဘုရား"တ"မိသွားတယ်... အဲလို ဆံပင်တွေတထွေးကြီး ကိုယ်စားတဲ့အထုတ်ထဲပါလာရင်တော့...သေချာတယ် အဲဒီအထုတ်တွေ ဘယ်တော့မှဆက်စားဖြစ်တော့မှာမဟုတ်ဘူး...း((

Anonymous said...

I also bought some food from burma and found out the expired date saying "one year". :-))
(စာချစ်သူ- Canada)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုညီလင်းသစ် မက်မန်းပေါင်းကို တစ်လုံးချင်း နှိုက်စားနေတာ ဖတ်ပြီး တံတွေးတွေ သီးလာတယ်
ဆံပင်ထွေးကြီးလည်း တွေ့လိုက်တယ်ဆိုရော ကိုယ်ပါ ယောရောင်ပြီး ဖီလင်ပျက်သွားတော့တယ်
ဖြစ်မှ ဖြစ်ရလေ :P
ရန်ကုန်ရောက်တုန်းက လမ်းဘေးမှာရောင်းတဲ့ အသုပ်တွေ စားချင်တာနဲ့ ထိုင်စားမယ် လုပ်တာ. ပန်းကန်ဆေးပြီး လက်က အရည်တွေ မသုတ်ဘဲ ဒီတိုင်းနယ်တာ.. သူ့လက်က အရည်တွေက ပန်းကန်ထဲ စီးနေတာ တွေ့လိုက်တော့ ဘယ်လိုမှ ဆက်စားလို့ မရတော့ဘူး.. အားနာနာနဲ့ ဆက်စားမယ် လုပ်ပေမဲ့ စားလို့ လုံးဝ မဝင်တာနဲ့ ထလာခဲ့ရတော့တယ်။ :P

မြသွေးနီ said...

ကိုညီလင်းသစ်ရေ...
နှစ်သက်သဘောကျလိုက်တာ..မြန်မာပြည်မှာ အသားတကျဖြစ်နေတဲ့ ကျန်းမာရေးအတွက် အဓိက တကယ်လိုအပ်နေတဲ့ကွက်လပ်ကြီးကို ထောက်ပြလိုက်သလိုပါဘဲ။ ခွင့်ပြုမယ်ဆိုရင် ဂျာနယ်တစ်ခုခုကို ပို့ပေးချင်မိပါတယ်။

Nyi Linn Thit said...

အမမြသွေးနီ ...
ဟုတ်ကဲ့... နှစ်သက်ရာ ဂျာနယ်ကို လွတ်လပ်စွာ ပို့လို့ ရပါတယ်ခင်ဗျာ...။ ကျေးဇူးပါ..။

san htun said...

မြန်မာပြည်က အစားအသောက်တွေ သန့် ရှင်းမူ တကယ်လိုအပ်တယ်..ညီမဆို လမ်းဘေးစာတွေ စားလို့ အူအတက်ယောင်တာ နှစ်ခါ..လက်သုပ်ချဉ်တွေ၊ ငရုတ်ဆီတွေ ရှောင်ရတယ်..မြန်မာပြည်အတွက် တကယ်လိုတယ့် ပို့ စ်လေး...

Anonymous said...

ကိုညီလင်းသစ် ပို့စ်တွေအတွက် ဖေ့ဘွတ်လင့်ခ် ချိတ်ထားပါလား ..
အဲ့ဒါဆို တန်းclick လုပ်ပြီး share လုပ်လို့ရတယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မြသွေးနီ said...

အိုကေ ကိုညီလင်းသစ်..
ကျွန်မ ကြိုးစားကြည့်လိုက်မယ်နော်..

Anonymous said...

I appreciate that you did not mention the brand name of a preserved fruit package you dumped into a garbage can. I would like to share a true story happened here in the U.S. seven years ago. A woman, named Ayala, claimed that she bought a bowl of chili soup from a famous Wendy Restaurant and found a finger in it and accidently bit into it. The news got media attention and was covered by all media outlets throughout the nation. Both prosecutors who handled the case and Wendy own investigators launched the case to determine whether the claim was valid. Later investigators found out that it was a scheme to extort money from a fast-food chain restaurant. The Wendy Restaurant Chain also announced that they lost $21 million in lost sale due to the firestorm. The justice system in the U.S. is well structured and organized to seek the protection of its own people. There are many branches: Crime Lab Investigation Unit, FBI database access, and Medical Examiner Office, supporting to the justice system that investigated the case thoroughly. It is a way of practicing “check and balance” as mentioned in your post. As we all know that the justice system in Myanmar has broken since 1962. I am not sure we have consumer rights in Myanmar. It may be or it may have never been existed. Simply consumer rights are given to consumers for their safety and satisfaction. However consumers must and should know how to exercise their rights in an honest and sincere way. If someone like Ayala claims that he/she finds hair or bugs or bird poop in his/her food, can our justice system in Myanmar solve it effectively and efficiently? My question here is what if the rights are given to wrong people. I am just thinking one step further. This is just food for thought. It is also fair for both the claimer and the business entrepreneurs and small business owners.

Shwe Eain Si said...

:((
ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ် ကိုညီ
မရမ်းနဲ့ သရက် အချဉ်ပေါင်း ညီမ လုပ်တတ်ပါတယ.်
အိမ်မှာ အိမ်သုံးလုပ်စားကြတာပါ
တခြားဟာတွေ မဆွေးနွေးတော့ပါ့ဘူး
ညီမ ပြောချင်တာ လုပ်ပေးနိုင်ပါတယ်၊
ပို့လဲ ပို့ပေးနိုင်ပါတယ်
(ကိုယ့် ပြည်အတွက် စိတ်မကောင်းရုံကလွဲပြီး)

ဇွန်မိုးစက် said...

ကဲ... ညီမလေးကို မုန့်ဝယ်ကျွေးတော့။ ဒီပို့စ်လေး မဂ္ဂဇင်းမှာ ပါသွားတာ ခုမှသိတယ်။ :P

ညီလင်းသစ် said...

ညီမလေးဇွန်က ဟိုးအစောကြီး ကတည်းက ကြိုပြီး မြင်နေခဲ့ပုံပဲ၊း) ဝယ်ကျွေးပါ့မယ်ဗျာ..၊ မက်မန်းပေါင်းတော့ မဟုတ်ဘူးနော်...။း))