14 December 2012

တရေးနိုးတတ်တဲ့ မြို့ကလေး


အညီအညာ ထိုးထားသော ကုန်းဘောင်ပျဉ်ပြားကြီး နှစ်ချပ်ပေါ်မှနေ၍ ကမ်းနဖူး မြေကြီးပေါ်ကို ခြေချနင်းလိုက်ချိန်မှာ မြို့ကလေးသို့ ရောက်လာခဲ့ပြီ ဆိုသည့်အသိဖြင့် ပေါ့ပါးပျော်ရွှင် သွားခဲ့သည်၊ ကမ်းပေါ်မှာက ကုန်တင်ကုန်ချ လုပ်သားများ၊ သင်္ဘောဆင်း၊ သင်္ဘောတက် ခရီးသည်များ၊ လိုက်ပါပို့ဆောင်သူ၊ လာရောက် ကြိုဆိုသူများဖြင့် စည်ကား၊ ရှုပ်ထွေးလျက် ရှိသည်၊ ထို့ပြင် တစ်နေ့တာလုံး၏ တစ်စီးတည်းသော ဤသင်္ဘောဖြင့် ပါလာမည့် ခရီးသည်တွေကို စိတ်ဝင်တစား လာရောက်စောင့်ကြည့်နေကြသည့် လူကြီး၊ ကလေး အရေအတွက်ကလည်း မနည်းလှ…၊

ဤမြို့ကလေးမှာ အသိမိတ်ဆွေ လုံးဝမရှိသည့်အတွက် လာရောက်ကြိုဆိုသူတော့ မရှိနိုင်ဟု တွက်ထားသော သူသည် ကမ်းနဖူးအတိုင်း ပြေးဆင်းလာကြသော ကလေးတစ်အုပ်ကြီးကို တွေ့လိုက်တော့ အတော်ပင် အံ့သြသွားမိသည်၊ ကလေးများမှာ သုံးလေးနှစ်ခန့်မှ ကိုးနှစ်ဆယ်နှစ်ခန့် အရွယ်များ အပြင် ခါးထစ်ခွင် ချီထားသည့် ဘုစုခရုလေး တစ်ယောက်စ၊ နှစ်ယောက်စလည်း ပါသေးသည်၊ အချို့က ဖုံအလိမ်းလိမ်း၊ အချို့က နှပ်ချေးတွဲလောင်း၊ အချို့က ဖိနပ်မပါ ခြေဗလာဖြင့်…၊ တပျော်တပါးကြီး ပြေးဆင်းလာကြသော ကလေးတို့သည် သူ့အရှေ့ ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ ကိုယ်ရှိန်သတ်ပြီး ရပ်လိုက်ကြသည်၊ ထို့နောက် သူ့ကို ခပ်ရှန်းရှန်းသာ တစ်ချက်နှစ်ချက်ကြည့်ပြီး သူ့အနောက်မှာ ရပ်နေသည့် သူမကိုသာ ဝိုင်းပြီး စိုက်ကြည့် နေကြသည်၊ ကလေးတို့၏ မျက်နှာတွေပေါ်မှာက တကယ့်ကို ရိုးရိုးသားသားနှင့် စူးစမ်းသည့် အကြည့်စူးစူးလေးတွေ…၊ သူမက ကင်မရာထုတ်ပြီး ဓါတ်ပုံရိုက်မည့်ဟန် ပြတော့ ကလေးအားလုံးက သွားကလေးတွေ ပေါ်အောင် ပြုံးပြီး ဓါတ်ပုံအရိုက်ခံ ကြသည်၊ သူကတော့ သုတ်ဆေးများ ကွာကျနေသည့် မြို့ကလေး၏ ဆိုင်းဘုတ်ကို လှမ်းကြည့်နေခဲ့ မိသည်၊ အောက်ဖက် ခပ်လှမ်းလှမ်းမှာတော့ ရေဆန်ကို နာရီပေါင်းများစွာ စီးခဲ့ရသည့် နှစ်ထပ်သင်္ဘောကြီးက ရပ်တန့် အမောဖြေလျက်…၊

စင်စစ် သူ့သဘောနှင့်သူ ဆိုလျှင် ဤမြို့ကလေးသို့ လာဖြစ်မည် မထင်ပါ၊ ဤမြို့ကလေးထက် သမိုင်းဆိုင်ရာ အမွေအနှစ်များ၊ ဒေသန္တရ ရိုးရာဓလေ့ ထုံးတမ်းများဖြင့် စိတ်ဝင်စားစရာ ကောင်းလှသည့် မြို့ ရွာများစွာက နိုင်ငံအနှံ့…၊ သို့သော် လည်ပတ်စရာ၊ စိတ်ဝင်စားစရာ အထူးအထွေ မရှိသော ဤမြို့လေးကိုမှ သူမက မြေပုံပေါ်မှာ ရှာတွေ့သွား ခဲ့ခြင်း ဖြစ်သည်၊ သူမသည် တိုးရစ်စ်များ သွားလေ့သွားထ မရှိသော နေရာများကို သွားရောက်လည်ပတ်ဖို့ ပိုပြီး စိတ်ဝင်စားသလို သင်္ဘောဖြင့် တမျှော်တခေါ် သွားရသည့် ရေလမ်းခရီးများကိုလည်း မပျင်းမရိ သွားချင်သူ ဖြစ်သည်၊ ဤမြို့ကလေးက ထိုအချက် နှစ်ချက်စလုံးနှင့် ကိုက်ညီနေခဲ့သည်၊ ပထမတော့ သူမကို အခြားနေရာ တစ်နေရာသို့ သွားရန် တိုက်တွန်းဖို့ သူစဉ်းစားမိသေးသည်၊ သို့သော် သူကိုယ်တိုင်လည်း မရောက်ဖူးသည့် ပတ်ဝန်းကျင် ဖြစ်နေသည်က တစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း၏ ရေလမ်းခရီးကို မသွားဖူးသေးသည်က တစ်ကြောင်းတို့ကြောင့် နောက်ဆုံးမှာ သဘောတူလိုက်တော့သည်၊ ယခုတော့ ဧရာဝတီကို အနောက်ဖက်မှ စီးဝင်သည့် အကြီးဆုံး မြစ်လက်တက်ကို ဆန်တက်ပြီး မြို့ကလေးကို သူတို့ ရောက်လာခဲ့ပြီ…၊

မြို့ခံများ၏ လမ်းညွှန်မှုဖြင့် တစ်မြို့လုံးမှာ တစ်ခုတည်းသာရှိသော တည်းခိုခန်းသို့ ခဏချင်းပင် ရောက်သွားသည်၊ တည်းခိုခန်းသည် ခရီးသွားဧည့်သည်တို့ နားခိုရာ တည်းခိုခန်းထက် ကျောင်းသားဘော်ဒါဆောင် တစ်ခုနှင့် ပိုတူလှသည်၊ အောက်ထပ်မှာ အိမ်ရှင်နေပြီး ဘေးတစ်ဖက်၊ တစ်ချက်လှေကားမှ တက်သွားရသော အပေါ်ထပ် အခန်းများမှာ ဧည့်သည်များအတွက် ဖြစ်သည်၊ တည်းခိုခန်းမှာ ဧည့်ကြိုဌာန မရှိသလို ကြိုဆိုနေသူလည်း တစ်ယောက်မှ ရှိမနေပါ၊ အောက်ထပ် မြေစိုက်ခန်း၏ အလယ်မှာ ကြောင်တောင်တောင်ဖြင့် သူတို့ရပ်နေတုန်း နောက်ဖေးဖက်မှ အမျိုးသမီးတစ်ယောက် ကလေးချီလျက် ထွက်လာသည်၊ အတိုချုံး နှုတ်ဆက်ပြီး အသင့်မိတ္တူ ကူးလာခဲ့သည့် ခရီးသွား အထောက်အထားများကို ပေးလိုက်တော့ အပေါ်ထပ် အခန်းများထဲမှ တစ်ခန်းကို လိုက်ဖွင့်ပေး၏၊ အခန်းလေးထဲမှာ နံရံနှင့်ကပ်လျက် တစ်ယောက်အိပ်ကုတင် တဖက် တစ်လုံးစီနှင့် အလယ်မှာက စားပွဲတစ်လုံး၊ စားပွဲပေါ်မှာတော့ သစ်သားမီးခြစ် တစ်ခု၊ ဖယောင်းတိုင်အချို့နှင့် ပန်ကာတစ်လုံး…၊

“ဒီမှာက ညဆို ပူအိုက်တော့ ဧည့်သည့်တွေအတွက် ပန်ကာ ထားပေးပါတယ်၊ ဒါပေမယ့် မီးတော့ မရှိဘူး၊ ကျမတို့ ကိုယ်ပိုင်မီးစက်ကို ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ မောင်းပေးတယ်၊ ၁၀ နာရီမှာတော့ မီးဖြတ်တယ်ရှင့်…”

ပိုင်ရှင် အမျိုးသမီး ရှင်းပြတာ နားထောင်ရင်း သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် မသိမသာ ကြည့်မိကြသည်၊

“ရေချိုးခန်းနဲ့ အိမ်သာက ဟိုမှာမြင်နေရတဲ့ အဆောင်နှစ်ခုပါ၊ ယောက်ျားနဲ့ မိန်းမ ခွဲထား ပါတယ်…”

အမျိုးသမီးက ဖွင့်ထားသော ပြူတင်းပေါက်မှတဆင့် အပြင်ဖက်ကို လှမ်းပြရင်း ရှင်းပြသည်၊ တည်းခိုဆောင်မှ အနည်းငယ်လှမ်းသော နောက်ဖေးဖက် ကွက်လပ်တွင် အုတ်ဖြင့် ဆောက်ထားသော အဆောင်နှစ်ခုကို တွေ့ရသည်၊ ဒီတစ်ခါတော့ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြုံးပြီး ကြည့်မိကြသည်၊ ခရီးသွား လုပ်ငန်းနှင့် ယဉ်ပါးခြင်း မရှိသော မြို့ကလေးသို့ ရောက်လာမှတော့ အိပ်ခန်းမှာ ရေချိုးခန်းတွဲလျက် ပါသည့် ဟိုတယ်မျိုးကို မျှော်လင့်ထား၍ မရမှန်း သူတို့ သိပါသည်၊ အိမ်ရှင်အမျိုးသမီးက လိုတာရှိရင်ပြောပါဟု ဆိုလျက် သူ့ကို အခန်းသော့ ကမ်းပေးပြီး အောက်ထပ်ပြန်ဆင်းဖို့ ခြေလှမ်းပြင်သည်၊ လက်ထဲမှ သော့ကလေးကို ငုံ့ကြည့်လိုက်ရင်း တစုံတခုကို သူ တွေးမိလိုက်သောကြောင့် လှေကားထိပ် ရောက်နေပြီဖြစ်သည့် အမျိုးသမီးကို လှမ်းမေးလိုက်သည်၊

“အစ်မရေ… စကားမစပ် ဒီမှာ ငှက်ဖျားတွေဘာတွေများ ရှိသလားဗျ… ”

“ငှက်ဖျားကတော့ ရှိတတ်တယ်ရှင့်…”

တည်းခိုခန်းပိုင်ရှင် အမျိုးသမီး၏ အဖြေစကားကိုကြားတော့ သူ ခေါင်းနားပန်း ကြီးသွားသည်၊ ငှက်ဖျား ရှိနိုင်သည်-တဲ့…၊ သူတို့မှာလည်း ငှက်ဖျားဆေးမပါ…၊ ပါသည်ပဲ ထားဦး၊ ယခုလို အနီးကပ်မှ သောက်သည့် ငှက်ဖျားကာကွယ်ဆေးသည် အာနိသင် ရှိလိမ့်မည် မထင်ပါ၊ သို့နှင့် အခြားဘာမှ မလုပ်ခင် ခပ်လှမ်းလှမ်းမှ ကုန်စုံဆိုင်ကလေးမှာ ခြင်ဆေးတစ်ခုခု ရလိုရငြား သွားကြည့်ရတော့သည်၊ ဆိုင်ရှင်က အိန္ဒိယ အမှတ်တံဆိပ်နှင့် ခြင်ဆေးထုပ်ကလေးများ ထုတ်ပြတော့ သူတို့အနည်းငယ် စိတ်သက်သာရာ ရသွားသည်၊ မြို့ကလေးသည် အိန္ဒိယ မြန်မာ ကုန်စည်စီးဆင်းမှု လမ်းကြောင်းပေါ်တွင် ရှိသည်ဆိုသော အဖြစ်ကို ညွှန်ပြနေသည့် အိန္ဒိယ ခြင်ဆေးထုပ်များက ဖုန်အလိမ်းလိမ်းနှင့် ဖြစ်သလို အထုပ်ပေါ်မှ ကုန်ဆုံးရက်ကလည်း အတော်ပင် ရက်လွန်နေခဲ့ပြီ…၊ ကိစ္စမရှိ၊ ဘာမှ မရှိတာနှင့် စာလျှင်တော့ တော်သေးသည် မဟုတ်လား…၊

ညနေစောင်းတော့ ရေချိုး၊ ထမင်းစားတာကို ၆ နာရီခွဲမှာ အပြီးအစီး ဖြစ်အောင် လုပ်ရသည်၊ သို့မှသာ မီးရှိနေချိန်မှာ စာလေးဘာလေး ဖတ်ချင်လျှင် ဖတ်နိုင်ပေ လိမ့်မည်၊ ည ၈ နာရီခွဲမှာတော့ အိပ်ရာကိုယ်စီပေါ် သူတို့ ရောက်နေခဲ့ပြီ၊ ထို့နောက် နေ့လယ်က ဝယ်ထားသော အထုပ်ထဲမှ ခြင်ဆေးပျစ်ပျစ်များကို ခန္ဓာကိုယ်အနှံ့မှာ လိမ်းလိုက်သည်၊ အိန္ဒိယထုတ် ခြင်ဆေးသည် တစ်ကိုယ်လုံးကို ကပ်စေးစေး ဖြစ်သွားစေရုံမက အနံ့အသက်မှာလည်း အတော်ပင် ဆိုးရွားလှသည်၊

“ခြင် ပြေးမပြေးတော့ မသိဘူး၊ လူတွေတော့ တစ်ယောက်အနားတစ်ယောက် မကပ်နိုင်ဘဲ ထွက်ပြေးချင်စိတ် ပေါက်တာတော့ သေချာတယ်…”

ကံကောင်းစွာဖြင့် ရထားသော ဆိုင်လက်ကျန် နှစ်ချို့ ခြင်ဆေး၏ ရနံ့ကို သူမ,က ချီးကျူးတော့ သူရယ်နေမိသည်၊ ကြားလေသွေးတောင် မဝေးနိုင်ပါဘူး ဆိုသည့် ရိုမန်တစ် ချစ်သူများ ရှိခဲ့ပါက ၄င်းတို့၏ ချစ်ခြင်းကို စမ်းသပ်ရန် ဤခြင်ဆေးသည် အကောင်းဆုံးပစ္စည်း ဖြစ်ပါ လိမ့်မည်၊ စေးကပ်ကပ် ခြင်ဆေးများ လိမ်းကျံထားပြီး စားပွဲတဖက်တချက်မှ ကုတင်တစ်လုံးစီ ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေသော သူတို့နှစ်ယောက်သည် ဆေးစိမ်ထားသော မံမီရုပ်အလောင်းများနှင့် တူနေနိုင်သည်၊ မီးစက်ဖြင့် လည်နေရသော ပန်ကာကလေး မရပ်မီ ည ၈ နာရီခွဲ အချိန်မှာ အိပ်ပျော်အောင် အတင်းဖြစ်ညှစ် အိပ်နေရသည့် အဖြစ်ကလည်း စိတ်ပင်ပန်းလှသည်၊ အလွန် ပူအိုက်လှသည့် ရာသီဥတုကို တွန်းလှန်ဖို့ ဤပန်ကာလေးတစ်ခု ရှိတာကိုပဲ ကျေးဇူးတင်ရမည်၊ မဟုတ်လို့ကတော့ ကပ်စေးစေး ခြင်ဆေးနှင့် တပြိုက်ပြိုက် ကျနေမည့် ချွေးစက်များအကြားမှာ အိပ်ပျော်ဖို့က မလွယ်…၊

ညဥ့်လယ်မှာတော့ အလွန်တရာ ကျယ်လောင်လှသော အသံကြီးတစ်သံကြောင့် သူတို့နှစ်ယောက်စလုံး လန့်နိုးလာကြသည်၊ မှောင်မည်းနေသော ညထဲမှာ ချွေးတွေ ရွှဲနစ်လျက် ဘယ်နေရာမှာများ ရောက်နေတာလဲဟု ရုတ်တရက် သူ စဉ်းစားမရချေ၊ သို့သော် သိပ်ကြာကြာ မစဉ်းစားလိုက်ရ..၊ လက်ဖျံပေါ်မှ စေးကပ်သော ခြင်ဆေး၏ အထိအတွေ့က အခြေအနေကို ချက်ချင်းသဘောပေါက်သွား စေခဲ့သည်၊ ထိုအခိုက်မှာပဲ အသံကျယ်ကြီးကို ဒုတိယအကြိမ် ကြားလိုက်ရပြန်သည်၊ သည်တစ်ခါတော့ အသံကို သူ ခွဲခြားမိသွားသည်၊ ဥသြသံ…၊ ဟုတ်သည်၊ အသံရှည်ဆွဲလိုက်သော သင်္ဘောဥသြသံ ဖြစ်သည်၊ မရှေးမနှောင်း မှာပဲ သင်္ဘောစက်သံ သဲ့သဲ့ကိုပါ ကြားရသည်၊ နာရီကို ကြည့်လိုက်တော့ မနက် ၂ နာရီခွဲ၊ သင်္ဘောကပ်ချိန်ကလည်း ဒီအချိန်ကြီးမှ တဲ့လား…၊ အိပ်ချင်မူးတူးနှင့် သူ အံ့သြနေမိသည်၊ တည်းခိုခန်းက သင်္ဘောဆိပ်နှင့် မဝေးလှသောကြောင့် ဆိပ်ကမ်းမှ လူသံတွေကိုပါ ကြားနေ ရသည်၊ ညဦးတုန်းက ပန်ကာလေလေးဖြင့် အိပ်ပျော်အောင် ကြိုးစားထားခဲ့ သမျှကို သင်္ဘောဥသြသံက ဖောက်ခွဲဖျက်စီး ပစ်လိုက်သည်၊ ယခုတော့ ချွေးစီးတွေနှင့် ပူစပ်ပူလောင် ဖြစ်ကာ ပြန်အိပ်မရတော့…၊ သတင်းစာ တစ်စောင်ကို တစ်ယောက် တဝက်စီခွဲကာ တဖျပ်ဖျပ် ယပ်ခပ်ရင်း သူတို့နှစ်ယောက် အတွေးကိုယ်စီဖြင့် ငြိမ်သက်နေမိသည်၊ သူကတော့ မနက် ၂ နာရီခွဲမှာ တစ်မြို့လုံးနိုးအောင် ဥသြဆွဲသော သင်္ဘောမာလိန်မှူးကိုပဲ မေတ္တာပို့ချင် နေမိတော့သည်၊

နောက်တစ်နေ့မှာ မြို့ကလေးက ပုံမှန်အတိုင်းပင် နိုးထပြီး သွားလာလှုပ်ရှားလျက် ရှိသည်၊ သူ မြင်ရသလောက် မြို့သူမြို့သားတို့၏ မျက်နှာမှာလည်း အိပ်ရေးမဝသည့်ဟန် မရှိ၊ မနေ့ညနေ ကတည်းက တစ်ပတ်လျှောက်ထားပြီးသည့် လမ်းအတိုင်း သူတို့ ထပ်လျှောက် ကြသည်၊ မြို့သည် အတော်ပင် သေးငယ်ပါသည်၊ ကမ်းနားမှ တက်လာပြီး မြို့လယ်လမ်းဟု ခေါ်နိုင်သော လမ်းမကြီးအတိုင်း ဆယ်မိနစ်ခန့် လျှောက်ပါက မူလကမ်းနားဆိပ်သို့ပင် ပြန်ရောက်သည်၊ လမ်းက မြို့လယ်နေရာကို ဘဲဥပုံသဏ္ဍန် ဝိုင်းပတ်ဖောက်ထား ခဲ့သောကြောင့် ဖြစ်သည်၊ စင်စစ် ဤမြို့ကျဉ်းကျဉ်းလေးမှာ သူတို့အတွက် လုပ်စရာ များများစားစား ရှိမနေပါ၊ လည်ပတ်စရာ နည်းပါးရသည့်အထဲ မြို့ပတ်ဝန်းကျင် အနီးအပါး သို့လည်း သွာလာခွင့် မကြုံခဲ့…၊ ချင်းပြည်နယ်နှင့် ဘာမှမဝေးတော့သည့်အတွက် အဆင်ပြေလျှင် ချင်းပြည်နယ်ထဲကိုပါ သွားမည်ဟု မူလက ရည်ရွယ်ထားသော်လည်း လက်တွေ့မှာတော့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထောက်ခံစာ ပါမလာသော သူမအတွက် မြို့ ပြင်ကို နှစ်မိုင်ထက် ကျော်ပြီး သွားလာခွင့် မရှိ…၊ ဒေါက်ထောက် ကြည့်နေသော မျက်လုံးပေါင်းများစွာတို့ အလယ်မှာ သူကလည်း စပိုင်ရုပ်ရှင် ဇတ်ကားများထဲကလို သူမကို ကားနောက်ခန်းထဲ တာလပတ်ကြီး အုပ်ပြီး စွန့်စွန့်စားစား ခေါ်သွားတာမျိုး လုပ်ဖို့တော့ စိတ်ကူးမရှိပါ၊ သွားခွင့်မရှိလျှင် မသွားရုံသာ ဖြစ်သည်၊ ဤလိုဖြစ်ရပ်မျိုး မကြာခဏ ကြုံဖူးနေပြီ ဖြစ်၍ သူမက ထူးပြီး စိတ်မကောင်း ဖြစ်ပုံမပေါ်၊ အိန္ဒိယ နယ်စပ်မှ ကုန်စည်များ သယ်လာသည့် ဟိုင်းလပ်ကား၊ ဂျစ်ကားများဖြင့် စည်ကားနေသော မြို့ကလေးကတော့ သူတို့အပေါ် ဖော်ရွေရှာပါသည်၊

သွားစရာ၊ ကြည့်စရာ အထူးအထွေ မရှိသောအခါ အပြန်သင်္ဘောလက်မှတ် ဖြတ်ပြီး လက်ဖက်ရည်ဆိုင်မှာပဲ သူတို့ သွားထိုင်နေကြ တော့သည်၊ သူမက သွားလေရာ ယူသွားလေ့ ရှိသည့် သူငယ်တန်း သင်ပုန်းကြီး ဖတ်စာအုပ်ကို ထုတ်ကာ မြန်မာစာ လေ့ကျင့်ခန်း လုပ်သည်၊ လက်ရှိဖတ်နေသည့် သူငယ်တန်း သင်ပုန်းကြီးမှ လေ့ကျင့်ခန်းအားလုံး ပြီးစီးပါက ပထမတန်း မြန်မာဖတ်စာကို တက်ပေးမည်ဟု သူပြောထားခဲ့သဖြင့် အားကြိုးမာန်တက် ဖတ်နေခြင်း ဖြစ်သည်၊ မြို့ကလေး၏ ပူခြစ်သော နေရောင်အောက်မှာ သူတို့က ဂျင်းသုပ်တစ်ပွဲ၊ ရေနွေးကြမ်း တစ်အိုးဖြင့် ‘ညအခါ၊ လသာသာ’ လုပ်နေခဲ့ကြသည်၊

“ဟယ်… ငါတို့ သူငယ်တန်း စာအုပ်ကြီး ဖတ်နေတယ်တော့…”

ယပင့်နှင့် ရရစ် အသုံးများကို ဥပမာများဖြင့် ရှင်းပြနေခိုက် အံ့သြတကြီး ရေရွတ်သံကြား၍ ခေါင်းမော့ကြည့်တော့ ဘယ်အချိန်က ရောက်နေမှန်း မသိသော ကလေးတစ်အုပ်က ဆိုင်အဝမှာ…၊ နှစ်တန်းသုံးတန်းခန့် ရှိနိုင်မည့် အသားညိုညိုနှင့် ကောင်မလေး တစ်ယောက်က နိုင်ငံခြားသူ တစ်ယောက်နှင့် မြန်မာသင်ပုန်းကြီး ဖတ်စာ အတူယှဉ်တွဲ ရှိနေသည့် အဖြစ်ကို ပါးစပ်အဟောင်းသားနှင့် အတော်ပင် အံ့သြနေပုံ ရသည်၊ သူ့ ဘေးနားက နည်းနည်းပိုငယ်သည့် ကလေးတစ်သိုက်ကတော့ သူတို့ ဒိုးဒိုးဒေါက်ဒေါက် ရွတ်ခဲ့သည့် စာသားများကို သူမက တစ်လုံးချင်း စာလုံးပေါင်းဖတ်နေတာ တွေ့လို့ သဘောတွေ ကျနေကြလေသည်၊ ကလေးတို့၏ တီးတိုးစကားလေးများကို သူမ နားလည်အောင် သူ ပြန်ရှင်းပြလိုက်တော့ သူမက ရှေ့ဆုံးမှ ကလေးတစ်ယောက်ကို ...

“စာ အတူတူ သင်မလား…” ဟု မြန်မာလို လှမ်းမေးလိုက်သည်၊

ထိုအခါ အမေးခံရသည့် ကလေးငယ်က ရှက်ကိုးရှက်ကန်းနှင့် ထွက်ပြေးသွားရာ ကျန်ကလေးများက ဝိုင်းရယ်ကြပြန်သည်၊ သူက ကလေးတွေကို တလှည့်၊ သူမကို တလှည့်ကြည့်ရင်း လိုအပ်လျှင် ဝင်ပြီး ရှင်းပြပေးရသည်၊ ခဏအကြာမှာတော့ မြို့ကလေး၏ ကလေးငယ်များနှင့် သူမက တပျော်တပါး အဖွဲ့ကျသွားကာ သူကတော့ စောစောက မူလတန်း ကျောင်းဆရာ အဖြစ်မှ ယခု စကားပြန်အဖြစ်ကို လုံးလုံးလျားလျား ရောက်ရှိသွားရ တော့သည်၊ ဂျပန်တော်လှန်ရေး ရုပ်ရှင်တွေထဲမှာ တွေ့ရလေ့ရှိသည့် ဆီရွှဲနေသည့် ဆံပင်ဗိုလ်ကေ အကျော့စား၊ မျက်မှန်ဝိုင်းကလေး တပ်ပြီး လည်ပင်း မာဖလာပတ်၊ ကုတ်အင်္ကျီ၊ ဘန်ကောက်ပုဆိုး၊ ရှူးဖိနပ်တို့ဖြင့် ပြည်သူ့အချစ်တော် စကားပြန်များကို မျက်စိထဲ ပြေးမြင်မိသေးသည်၊ လက်ဖက်ရည်ဆိုင် ကလေးထဲမှာတော့ မတူညီသည့် အသက်အရွယ်၊ မတူညီသည့် ယဉ်ကျေးမှု၊ မတူညီသည့် ဘာသာစကား တို့ကို သူမနှင့် ကလေးတို့၏ တူညီသော ပျော်ရွှင်ရယ်မောသံများက လွှမ်းမိုး၊ ဖုံးအုပ် ပစ်လိုက် လေသည်၊

ထိုနေ့ညနေ မှာလည်း ကိုယ်လက်သန့်စင်ခြင်း၊ စားသောက်ခြင်း ကိစ္စအဝဝ တို့ကို ၆ နာရီခွဲမှာ အပြီးအစီး လုပ်ရပြန်သည်၊ အနည်းငယ် ညဥ့်နက်လာတော့ မနေ့ကလက်ကျန် အိန္ဒိယခြင်ဆေး နောက်ဆုံးအထုပ်ကို တစ်ဝက်စီ ခွဲလိမ်းလိုက် ကြသည်၊ ဤဒုတိယည မှာတော့ အနံ့ပဲ ယဉ်သွားလို့လား မသိ၊ မနေ့ကလောက် အနံ့မပြင်းတော့ဟု ထင်မိသည်၊ ညတိုင်းသာ ဆက်ပြီး လိမ်းနေရလျှင် မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ် ယူချင်စိတ်တွေတောင် ပေါက်ချင် ပေါက်လာနိုင်သည်၊ အိမ်ရှင် အမျိုးသမီးကိုလည်း လိုလိုမယ်မယ် မနက် ၁ နာရီခွဲခန့်မှာ တစ်ချက်လောက် လာနှိုးပေးဖို့ ပြောထားရ သေးသည်၊ မတော် သင်္ဘောလွတ်သွားမှ အခက်…၊ သူသာ ဤခရီးကို တစ်ယောက်တည်း လွတ်လွတ်လပ်လပ် လာဖြစ်ခဲ့သည် ဆိုလျှင် ယခုလို သင်္ဘောနှင့် ပြန်မည့်အစား တစ်ဖက်ကမ်း ပြန်ကူးပြီး နာမည်ကြီး မဟာမြိုင်တောကြီးကို ဖြတ်ကာ ကားနှင့် ပြန်ဖြစ်မည် ထင်သည်၊ ယခု သူမနှင့်တော့ ဘယ်လိုမှ မဖြစ်နိုင်..၊

“သင်္ဘောလွတ်သွားမှာတော့ မစိုးရိမ်ပါနဲ့ရှင်…၊ သင်္ဘောဝင်လာရင် သိကိုသိတယ်၊ နောက်ဆုံး မသိဘူး ဆိုရင်တောင်မှ ရေကြောင်းရုံးက ကောင်လေးတွေက လာပြေးခေါ် လိမ့်မယ်…”

တည်းခိုခန်းပိုင်ရှင် အမျိုးသမီးက သူတို့ကို စိတ်မပူဖို့ ပြောသည်၊ ကြည့်စမ်း.. ရေကြောင်းရုံးကတောင် တည်းခိုခန်းအထိ အပြေးလာပြီး ခေါ်ဦးမတဲ့…၊ ဤသို့သော ဝန်ဆောင်မှုမျိုးကို ကမ္ဘာမှာ များများစားစား တွေ့နိုင်လိမ့်မည် မထင်ပါ၊ ထိုနေ့မနက် ၂ နာရီ ခန့်မှာတော့ ‘သင်္ဘောဝင်လာရင် သိကိုသိတယ်’ ဟူသော ပိုင်ရှင်အမျိုးသမီး၏ စကားကို သူအကြွင်းမဲ့ လက်ခံလိုက်ရ လေသည်၊ သူတို့ စီးရမည့် သင်္ဘောသည် မနေ့ညက လိုပင် တဘူးဘူး၊ တဘော်ဘော်နှင့် ဥသြသံ ဆူညံစွာပေးလျက် မြို့ကလေး၏ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာ ခဲ့သည်၊ ညကြီးမင်းကြီး ဆိုတော့ သင်္ဘောက မနေ့ကလို ညတိုင်း ဥသြဆွဲချင်မှ ဆွဲမှာ-ဟု ဖော့တွေးထားခဲ့မိတာက မှားပြန်လေသည်၊ ညဦးကတည်းက အထုပ်အပိုး ပြင်ဆင်ပြီးဖြစ်၍ သိပ်မကြာခင်ပဲ အိမ်ရှင်အမျိုးသမီးကို နှုတ်ဆက်ပြီး သူတို့ သင်္ဘောဆိပ်ကို ဆင်းခဲ့တော့သည်၊

ဆိပ်ကမ်းမှာတော့ အလုပ်သမားများက အပြေးအလွှားဖြင့် ကုန်များ တင်နေကြသည်၊ သို့သော် ထိုအလုပ်သမားများမှ လွဲ၍ ကျန်သင်္ဘော တစ်စင်းလုံးက တိတ်ဆိတ်လို့ နေသည်၊ ကြမ်းပြင်ပေါ်မှာ၊ ခုံတန်းတွေပေါ်မှာ အိပ်နေကြသူတွေက အတုံးအရုံး…၊ သင်္ဘော ဝန်ထမ်းလည်း တစ်ဦးတစ်လေမှ မတွေ့ရ…၊ သူတို့နှစ်ယောက်နှင့် အခြားခရီးသည် သုံးလေးဦးခန့်သာ ဟိုကြည့်သည်ကြည့်ဖြင့် နေရာ ရှာနေကြသည်၊ ကက်ဘင်အခန်းများကို ကြည့်တော့လည်း အားလုံးက ပိတ်ထားကြသည်၊ သို့နှင့် ဟိုနားထိုင်ရ နိုးနိုး၊ သည်နား ရပ်ရနိုးနိုး ဖြစ်နေတုန်းမှာပဲ သင်္ဘောကြီးက စက်အင်ဂျင်ကို လုံးဝ ရပ်လိုက်တော့သည်၊ စောစောက ကုန်တင်နေသည့် အလုပ်သမားများလည်း တစ်ဦးမှ မရှိတော့၊ သည်တော့မှပင် ဆိပ်ကမ်းဝန်းကျင်နှင့် သင်္ဘောတစ်စင်းလုံးက တကယ့်ကို တိတ်ဆိတ် ငြိမ်သက်သွား တော့သည်၊ သူတို့လည်း နေရာရှာရင်း၊ ပူအိုက်လှောင်ပိတ် နေသည့် သင်္ဘောအတွင်းပိုင်းကို ရှောင်ရင်း နောက်ဆုံးမှာ ဆလင်ခန်းရှိရာ သင်္ဘောခေါင်မိုးပေါ်သို့ တက်လာခဲ့သည်၊ ဆလင်ခန်းကလည်း တံခါးပိတ်၊ မီးပိတ် မှောင်အတိကျလျက်…၊ ဆလင်ခန်း ဘေးနားမှာ ကွပ်ပျစ်လေးတစ်လုံး ချထားသည်၊ ထိုနေရာလေးက လေလေး တဖြူးဖြူးနှင့် ဖြစ်သဖြင့် သူတို့လည်း ကွပ်ပျစ်ပေါ်မှာပဲ ထိုင်နေလိုက်ကြသည်၊ ခဏကြာတော့ ဘယ်လိုနေရာမှာ မဆို အိပ်ပျော်နိုင်သည့် သူမက ကွပ်ပျစ်ပေါ်မှာ ခွေခွေလေး အိပ်ပျော်သွားတော့သည်၊ မျက်စိကြောင်နေသည့် သူ့မှာသာ တိတ်ဆိတ်နေသည့် သင်္ဘောကြီးပေါ် တစ်ယောက်တည်း ငေါင်စင်းစင်းနှင့် ထိုင်နေခဲ့မိ သည်မှာ မနက် ၆ နာရီ သင်္ဘော ပြန်ထွက်သည့် အချိန်ထိပင် ဖြစ်လေသည်၊

ယခုအချိန်မှာတော့ အဖြစ်အပျက်တို့က ဟိုးခပ်ဝေးဝေးမှာ မှုန်ဝါးဝါးနှင့် မသဲကွဲတော့၊ မြို့ကလေးကလည်း ကီလိုမီတာပေါင်း ထောင်ချီဝေးကွာသော အရပ်မှာ ကျန်ရစ်ခဲ့သည်၊ ယနေ့အချိန်မှာ ပွင့်လင်းပြောင်းလဲ လာသော အခြေအနေများနှင့်အတူ မြို့ကလေး သည်လည်း ကြီးထွားဖွံ့ဖြိုး လာခဲ့မည်မှာ သေချာပါသည်၊ တချိန်တခါက အစီအစဉ် မကျခဲ့မှုများ၊ ရိုးစင်းစွာ အဆီအငေါ် မတည့်ခဲ့သည့် အကြောင်းများကို ပြန်စဉ်းစားတော့ လွမ်းဆွတ်စွာဖြင့် သူ ရယ်မောချင်မိသည်၊ လူတကာ အိပ်ကောင်းချိန် ညလယ်ခေါင်မှာ သင်္ဘောဥသြသံ ဆူဆူညံညံဖြင့် တရေးနိုးရတတ်သည့် မြို့ကလေးကို တခါတရံ ထူးဆန်းစွာနှင့် ပြင်းပြင်းပျပျ သတိရနေ မိတတ်သည်၊ မြို့ကလေးကို ပြန်သွားချင်သလား-ဟု တစ်စုံတစ်ယောက်က မေးခဲ့မည်ဆိုလျှင်တော့ အချိန်အနည်းငယ်လောက် စဉ်းစားတွေဝေပြီးမှ သွားချင်ပါသည်ဟု ဆုတ်ဆုတ်ဆိုင်းဆိုင်းနှင့် အဖြေပေးမိမည် ထင်ပါသည်။ ။


ညီလင်းသစ်
၁၄ ဒီဇင်ဘာ၊ ၂၀၁၂

22 comments:

Adora etc. said...

အကိုရေ ဘာမြို့လဲဟင်?

Vista said...

ဒီတခါတော့ မွှေးမယ့်ခြင်ဆေးယူသွားဗျို့  ..ကျနော်လည်းအဲလိုလျှောက်သွားချင်တယ် ကိုယ်ခံအားလေးက မကောင်းတော့ နောက် ပြန်ကုရမယ့်ရောဂါတွေတွေးမိပီး အသာငြိမ်နေရတယ် ဟီး

Anonymous said...

ဟုမ္မလင်းလား ကိုညီလင်း

ညီ

ချစ်စံအိမ် said...

အကို ညီလင်းသစ်ကိုတော့တကယ်အားကျတယ် အလုပ်နဲ့ စာလည်းရေးနိင်တယ် လေးစားပါတယ် အကိုရေ ..

ရွှေအိမ်စည် said...

မြို့ကလေးနဲ့အတူ ကိုယ်ပါ လိုက်မျောသွားတယ်
မနက်အစောပိုင်း သဘောင်္ ကမ်းကို ကပ်တတ်တာတော့ ဆိပ်ကမ်းမြို့တွေရဲ့ အလေ့အထပဲ ကိုညီ
ညီမတို့ ပုသိမ်ကို ဆိုက်တာကတော့ မိုးစင်စင်လင်းမှ ဆိုပေမယ့် ကြားထဲက မြောင်းမြကို မနက် ၄ နာရီ ၀န်းကျင်လောက် ဆိုက်တာ။
အဲသလောက်တော့ ဥသြသံမကျယ်ဘူးပေါ့လေ...တစ်ခုတော့ ရှိတယ်။
ကိုညီ ပြောတဲ့ မြို့ကလေးက မြို့ဧရိယာကျဉ်းတာရယ်...တည်းခိုခန်းက ကမ်းနားမှာရှိတာရယ်ကြောင့် ဖြစ်မယ်။
ညီမကတော့ အပြန်ကို သဘောင်္နဲ့ ပြန်ရမှာထက် တစ်ဘက်ကမ်းကူးပြီး မဟာမြိုင်ကို ဖြတ်ရတာ ပိုစိတ်ဝင်စားတယ်။
ကိုညီကတော့ အမျိုးသမီးပါနေတော့ ဟုတ်တာပေါ့လေ..။
အခုတော့ အဲသလောက် ဖြစ်ချင်မှ ဖြစ်တော့မှာ..ကိုင်္ညီရဲ့...ဆုတ်ဆိုင်းဆိုင်း မဖြေပါနဲ့...သွားချင်ပါတယ်လို့ ခပ်သွက်သွက် ဖြေချကြည့်လိုက်ပါ :P
မနက်စောစော တရေးနိုးတတ်တဲ့ မြို့ကလေးကို တရေးမနိုးဘဲ လာဖတ်သွားခဲ့ပါတယ်ရှင် :)

ခင်မင်လျှက်...။

mstint said...

မြို့ခံလူတွေကတော့ ညဥ့်သန်းခေါင်ကျော်ရဲ့ သင်္ဘောဥသြသံလောက်ကို နေသားကျနေပြီမို့ မနိုးတော့ဘူးထင်ပါရဲ့ ဒါကြောင့်လည်း အိပ်ရေးဝနေပုံရတယ်။ မီးမရှိပဲ ပူအိုက်တဲ့ရာသီရဲ့ ညကို တွေးမိလိုက်တာနဲ့ ချွေးတောင်ပြန်လာပြီး)
မြို့ပြင်ကို နှစ်မိုင်ထက်ကျော်ပြီး သွားလာခွင့်မရှိဆိုတော့ 'တရေးနိုးတတ်တဲ့ မြို့ကလေး'က ဘာမြို့လေးပါလိမ့်လို့ သိချင်စိတ်ဝင်လာတဲ့ အတွက် အဖြေပေးတော့ မောင်ညီလင်းရေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

အကိုရေးလိုက်မှ အဲ့မြို့လေးကိုတောင် တစ်ခေါက်လောက်
သွားချင်စိတ်ပေါ်လာရဲ့....၊အင်း.....ခုချိန်မှာ ဒိတ်မလွန်တဲ့၊စေးကပ်ကပ်မဖြစ်တဲ့ ခြင်ဆေးတွေလည်း
ရနိုင်လောက်ပါပြီနော့.....။အဖော်ကောင်းရင်တော့ သွား
လိုက်ချင်သေးတယ်ဗျိုးးးးးးးးး

Kabyar said...

မြို့ ကလေးက ဘယ်မြို့ ကလေးဖြစ်မှာပါလိမ့်...။။ နောက်တစ်ကြိမ်သွားရင်တော့ မြို့ ကလေးက ကိုညီ့ မိသားစုကို.....စိတ်သက်သာငြိမ်းချမ်းမှုတွေ ပေးပါစေလေ.....။။ ညီမကတော့ မြို့ လေးတွေက တည်းခိုးခန်းမှာနေရတာမျိုးမဟုတ်ဘဲ ..အိမ်တစ်အိမ်အိမ်မှာ အဆင်ပြေပြေနေခွင့်ရရင် ပတ်ဝန်းကျင်ရဲ့ အလေ့အထလေးတွေ ကြားမှာ စိတ်ဝင်စားစရာကောင်းတဲ့  ခရီးလေးလိုပါပဲ မြို့ လေးတွေကို သူငယ်ချင်းနဲ့  အလည်လိုက်ရတာ...ကြိုက်တယ်....။။။း)
ညီမရဲ့ မြို့ လေးကတော့ လမ်းစရိတ်ဈေးကြီးလို့ တဲ့  .....ခုထိသူငယ်ချင်းတွေက လိုက်လည်ချင်တယ်လို့  အပြောကောင်းနေကြတုန်းအဆင့်မှာပဲရှိနေသေးတယ်...။။ ကိုယ်ကလည်း မြို့ သေးသေးလေးအကြောင်းကို စကားလုံးကြီးကြီးတွေသုံးပြီး လိုက်ခဲ့ ဖို့ မြူဆွယ်နေဆဲပဲ...။။။ :D

Anonymous said...

အဲသလိုမြို့လေးတွေကို သွားချင်တယ်။ ရေလမ်းခရီးကိုကြောက်တက်သူမို့ သင်္ဘောစီးဖို့ကိုတော့ ခုထိစိုးမိသား ကိုညီလင်းသစ်ရေ။ သင်္ဘောဥသြ၊ ရထားဥသြသံတွေကတော့ ကြားဖူးနေကျလူတွေအဖို့ လန့်နိုးစေမှာမဟုတ်လောက်ဘူး။ ဧရာဝတီတိုင်းကမြို့လေး တစ်မြို့ကိုသွားလည်တုံးက မြစ်ကမ်းပါးက တည်းခိုခန်းမှာတည်းတော့ ညသန်းခေါင်ကြီး မော်တင်စွန်းသွားတဲ့ သုံးထပ်သင်္ဘောကြီးတွေ မီးတွေထိန်၊ သီချင်းတွေဆူညံနေပြီးမြစ်ထဲမောင်းနေတာကို တအံ့တသြ ထကြည့်ဖူးတယ်။
(လီယို)

Shinlay said...

ဘယ်မြို့ ပါလိမ့်။ ကျမတို့ သူငယ်ချင်းတွေစု ပြီးသွား
လည်ကြရင်တော့ ပျော်စရာကောင်းမှာပါ။

စူးနွယ်လေး said...

မုံရွာကျော်သွားသလားကိုညီလင်း...
ကလေးဝလား... :D
ချင်းတွင်းမြစ်ထဲ သင်္ဘောမစီးဖူးသေးဘူး...

Anonymous said...

ကိုညီလင်းသစ်
အပနိးမကြီးဘူးဆို၇င်မြို့နာမည်လေးပြောပေးပါ။

စာချစ်သူ(Canada)

မေဓာဝီ said...

ကိုညီလင်းတယောက် မာဖလာပတ်၊ ကုတ်အင်္ကျီ၊ ဘန်ကောက်ပုဆိုး၊ ရှူးဖိနပ်နဲ့ အုံးဆီရွှဲရွှဲ ဗိုလ်ကေ အကျော့စားနဲ့ စပိုင်ဇာတ်ကား ထဲကလို "သူမ"ကို တာလပတ်ကြီး အုပ်ပြီး စွန့်စွန့်စားစား ခေါ်သွားတဲ့ ပုံစံကို မြင်ယောင်ပြီး စာဖတ်ရင်း ရယ်နေမိတယ်။

မြို့သေးသေးငယ်ငယ်လေးကို ချစ်စရာကောင်းအောင် စိတ်ဝင်စားစရာ ကောင်းအောင် ရေးနိုင်တဲ့ ကိုညီလင်းကို တကယ်ချီးကျူးပါတယ်။
ဘာမြို့မှန်း မသိပေမဲ့ ကြုံရင် အဲဒီမြို့လေးကို တခေါက်လောက်တော့ သွားလည်ချင်ပါရဲ့။ ခြင်နိုင်ဆေးတွေ အပြည့်ဝယ်သွားပြီးပေါ့။ :)

Anonymous said...

အခုတော့ အဲဒီမြို့ငယ်လေးမှာ ညလယ်ခေါင် သင်္ဘောဥသြသံ ရှိမယ်မထင်တော့ပါဘူး...

Phyo Evergreen said...

ဖတ်ရင်းနဲ့ မြို့ကလေးဆီတကယ်ရောက်သွားသလိုဘဲ... နားထဲဆူဆူညံညံအသံတွေတောင်ကြားလာသလို..ပူအိုက်လာသလိုလို..။ ကလေး ၊ ကလေးဝ၊ မော်လိုက်..တစ်ခုခုဘဲလို့ထင်တယ်..။ အဒေါ်တစ်ယောက်ကလေးမှာတာဝန်ကျဖူးတယ်... တအားပူတယ်လို့ပြောတာဘဲ..။

မိုးငွေ့........ said...

ဘယ်မှ များများစားစားသွားလည်စရာမရှိဘူးဆိုတဲ့ မြို့ကလေးကို အစ်ကိုရေးတော့မှာ သွားချင်နေမိပြီ ပြီးတော့ အဲလိုသဘောင်္စီးပြီး ခရီးမသွားဖူးသေးဘူး...။ သင်ပုန်းကြီးဖတ်စာကို သင်ပေးနေခဲ့တဲ့ မူလတန်းကျောင်းဆရာလေးပုံစံကို မြင်ယောင်ကြည့်နေမိတယ်..း)

Shwe Eain Si said...


ပို့စ်လေးကို ပြန်တွေးမိရင်းက မြန်မာစာကို စိတ်ဝင်တစားကြိုးစားပမ်းသင်ယူနေတဲ့ ရေမြေခြားအမျိုးသမီးလေးနဲ့ မြန်မာစာကို စိတ်ရှည်လက်ရှည်သင်ပေးနေတဲ့ မြန်မာအမျိုးသားလေးတို့ နှစ်ယောက်ကို မြင်ယောင်ပြီး ကြည်နူးမိသွားတယ်။
မေတ္တာဆိုတာ.... :) ။

ချစ်ကြည်အေး said...

ကျွန်မဆိုရင်တော့ ခြင်ကိုက်တာ တစ်ခုထဲနဲ့တင် နောက်ထပ် သွားချင်တော့မယ် မထင်ဘူး၊ ဟဟဟား။ သဘောင်္နဲ့ သွားရတာဆိုလို့ ပုသိမ်လောက်ပဲ ရောက်ဖူးတယ် ကိုညီလင်းသစ်ရေ...း)

ဇွန်မိုးစက် said...

အဖေက အမေနဲ့လက်ထပ်ပြီး သူ့မြို့ကိုအလည်ခေါ်သွားတုန်းက သင်္ဘောဆိပ်မှာ တစ်ရွာလုံးကလာပြီး ထွက်ကြည့်ကြတယ်တဲ့။ အဲ... ဇွန်တို့မောင်နှမနှစ်ယောက်လည်း ပထမဆုံးအကြိမ်သွားလည်တော့ ရှိသမျှအမျိုးတွေရော၊ ကလေးတွေရော လာထွက်ကြိုကြတာကို သတိရသွားတယ်။ “ဒေါက်ထောက် ကြည့်နေသော မျက်လုံးပေါင်းများစွာတို့ အလယ်မှာ သူကလည်း စပိုင်ရုပ်ရှင် ဇတ်ကားများထဲကလို သူမကို ကားနောက်ခန်းထဲ တာလပတ်ကြီး အုပ်ပြီး စွန့်စွန့်စားစား ခေါ်သွားတာမျိုး လုပ်ဖို့တော့ စိတ်ကူးမရှိပါ၊” ကိုဖတ်ပြီး ပြုံးသွားတယ်။း)
ကလေးတွေနဲ့ အဖွဲ့ကျသွားတဲ့ ပြည်တွင်းပြည်ပတိုးရစ်နှစ်ယောက်ကိုစိတ်ကူးထဲမှာ မြင်ယောင်မိတယ်။
ဟိုးအရင် နှစ်ထပ်သင်္ဘောနဲ့သွားတဲ့ ခရီးစဉ်အကြောင်းရေးတုန်းက ခုပြောတဲ့မြို့ကလေးကိုသွားတာဖြစ်မယ်နော်။

ညီလင်းသစ် said...

Adora etc...
အင်္ဂလိပ်လို တိုက်ရိုက်ပြန်ရင် "Child fat" လို့ အဓိပ္ပါယ်ရတဲ့ မြို့ကလေးပါ...၊း)

ညီမ Vista...
အဲဒါတော့ ဟုတ်ပါတယ်၊ ခရီးသွားရင်တော့ အနည်းနဲ့အများ risk ရှိမှာပါပဲ၊ ဘားနတ်ရှော ပြောတဲ့ လက်တင်ကုလားထိုင်ပေါ်က ခရီးသွားနည်းပဲ အကောင်းဆုံး ထင်တယ်ဗျ..နော၊း)

ညီ...
အဲဒီလောက်အထိ မရောက်ဘူးဗျ၊ တကယ်တော့ ကျနော်က ဟုမ္မလင်းလောက်အထိ ဆန်တက်သွားချင် ခဲ့တာ...၊

ညီမချစ်စံအိမ်...
ဒီလိုပဲ အဆင်ပြေသလို လုပ်နေတာပါပဲ ညီမရာ..၊ ကျေးဇူး ပါပဲနော်..၊

ညီမရွှေအိမ်စည်...
ဟုတ်ပါတယ်၊ ကျနော် မြောင်းမြ၊ ဝါးခယ်မ၊ လေးအိမ်စု.. အဲဒီ ဖက်တွေကို သင်္ဘောနဲ့ သွားဖူးတယ်၊ ညကြီးမင်းကြီး ဒီလိုပဲ ခုတ်မောင်းနေကြတာ ပါပဲ..၊ မီးတွေ ထိန်လင်းပြီးတော့..၊ မိုက်တော့ မိုက်တယ်ဗျ၊ ဗဒင် ဆိုခဲ့တဲ့ 'ညဟာ ညနဲ့မတူဘူး' ဆိုတာ ဒါကိုပြောတာ ဖြစ်ရမယ်..၊းP ဒါနဲ့ ဒုတိယအကြိမ် ပြန်လာ မန့်တဲ့ ချစ်စရာ ကွန်မန့်လေး အတွက်လည်း ကျေးဇူးပါ ညီမရေ..၊း)

တီတင့်...
ဟုတ်မယ် တီတင့်ရ...၊ ကြားဖန်များတော့လည်း ယဉ်သွားကြပုံပါပဲ၊ မြို့ကလေးက 'ကလေးဝ' မြို့ပါ တီတင့်ရေ..၊း)

ကိုညိမ်း...
အခုအချိန်မှာတော့ 'ချစ်ခြင်းကို မခွဲပါနဲ့' ဆိုတဲ့ သီချင်းတွေ ဆိုစရာ မလိုတော့တဲ့ ခြင်ဆေး မွှေးပြန့်ပြန့်တွေလည်း ရနေလောက်ပါပြီ..၊း) အဖော်ကောင်းရင် ရောက်အောင်သာ သွားပါဗျာ..၊

ညီမ ကဗျာ...
မြို့ခံတွေ အိမ်မှာ အဆင်ပြေပြေနဲ့ တည်းနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ..၊ မြို့ အကြောင်းကို တခါတည်း လေ့လာလို့ ရတာပေါ့၊ ညီမရဲ့ မြို့ကလေးက လမ်းစရိတ် ဈေးကြီးတဲ့မြို့ ဆိုတော့ ပူတာအိုတို့၊ ကော့သောင်းတို့တော့ မဟုတ်လောက် ပါဘူးနော်..၊းP

လီယို...
ဟုတ်တယ်ဗျ၊ ရေလမ်းခရီးက အဲဒါတစ်ခုတော့ စိုးရိမ်ရတယ်၊ ရေကူးတတ်ပေမယ့်လည်း အရေးရယ် အကြောင်းရယ်ဆို ကိုယ်လွတ်ရုန်း ကူးဖို့က လွယ်မယ် မထင်ဘူး၊ ဒါ့ကြောင့်လည်း ရေအဆုံး၊ ကုန်းတစ်ဝက်လို့ ပြောကြတာ နေမှာ...၊း)

အစ်မရှင်လေး...
ကလေးဝ မြို့ပါ အစ်မရေ....၊း)

မစူးနွယ်...
ခန့်မှန်းတာ တကယ့်ကို ကွက်တိပါလား..၊း) တော်လိုက်တာ...၊း)

ကနေဒါက စာချစ်သူ...
အပန်းမကြီးပါဘူးဗျာ..၊း) အဲဒါ 'ကလေးဝ' မြို့ကလေးပါ...၊

မမေ...
သေချာတာပေါ့ဗျာ..၊ လမ်းမှာ ဂျပန်မာစတာနဲ့ တွေ့လို့ တာလပတ်အောက်က ဘယ်သူလဲဆိုရင် ဘိရုမာ၊ ဘိရုမာလို့ အော်ဖို့တောင် ကျင့်မလို့ စဉ်းစားနေတာ...၊းP အခုတော့ မြို့ကလေးကို သိသွားပါပြီနော်..၊ ခြင်ဇကာနဲ့ တည်းခိုခန်းတွေတောင် အခုဆို ရှိချင် ရှိနေလောက်ပါပြီ..၊

အမည်ဝှက်စာဖတ်သူ...
သင်္ဘောအချိန်ဇယား တွေလည်း ဘယ်လိုတွေ ဖြစ်ကုန်ပြီလဲ မသိတော့ ပါဘူးဗျာ..၊း)

ကိုဖြိုး...
ကိုဖြိုးလည်း ခန့်မှန်းတာ တယ်တော်ပါလား..၊ ပတ်လည်ရိုက်လိုက်တာ တစ်ခါတည်းကို တန်းဝင်တာပဲ..၊း) ဟုတ်တယ်ဗျ၊ ပူတာတော့ တော်တော့်ကို ပူတယ်..၊

ညီမ မိုးငွေ့...
သင်္ဘောခရီးတွေ ကတော့ အေးအေးလူလူ နိုင်လှတာ အမှန်ပါပဲ၊ အင်း.. မူလတန်း ကျောင်းဆရာလည်း အခုတော့ စဉ်ဆက်မပြတ် အကဲဖြတ် ပညာရေးနဲ့ ဝေးနေခဲ့တာ ကြာပါပြီဗျာ...၊း)

အစ်မချစ်...
မကိုက်ဘူးလေ အစ်မရဲ့...၊ အိန္ဒိယ ခြင်နိုင်လိမ်းဆေး.. ကောင်းမှကောင်း..၊း) တခါတည်းသာ လိမ်းထားလိုက်..၊ အိန္ဒိယခြင်၊ မြန်မာခြင်တင် မကဘူး၊ ရှိရှိသမျှ ၇ ရက်သားသမီး အားလုံးပြေးတယ်...ဟားဟား၊း))

ညီမလေးဇွန်...
လက်ချည်းသက်သက် မဟုတ်ဘဲ အကောင်းဆုံး မြို့ပြန်လက်ဆောင်နဲ့ ပြန်လာတဲ့ အဖေ့ကို သူ့ရွာသားတွေက ဂုဏ်ယူစွာနဲ့ လာကြိုတာ ဖြစ်မယ်...၊း) ဟုတ်တယ်ဗျ၊ ကလေးဝမြို့မှာ ကလေးတိုင်း မဝပေမယ့် စိတ်ထားလေးတွေက ပြည့်ပြည့်ဝဝနဲ့ ချစ်စရာ ကောင်းကြတယ်၊ ဟုတ်ပါတယ်..၊ တစ်ခါတုန်းက ရေးဖူးတဲ့ သင်္ဘောခရီးစဉ်အကြောင်း ပို့စ်တစ်ခုမှာ တစွန်းတစ ထည့်ရေးခဲ့တာ ဟောဒီမြို့ကလေးပါပဲ၊ ဇွန်က မှတ်ဥာဏ် သိပ်ကောင်းတာပဲ...။း)

Angelhlaing(May everybody be happy and healthy! said...

ခရီးတစ်ခုတိုင်းမှာ အမှတ်ရစရာ ပြန်တွေးစရာ အဖြစ်ပျက်လေးတွေနဲ့ ... ပြန်လည်တင်ဆက်ပုံလေးကို နှစ်ခြိုက်မိပါရဲ့အကို... :) အဲ့ဒီမြို့လေးတောင် ရောက်ဖူးချင်သွားတယ် ...

san htun said...

တို့ များနယ်ဖက်မှာလည်း ဒီလိုပဲဗျ..မနက်အစောကြီး သဘောင်္စီးဖို့  လှေလေးတွေနဲ့  စောင့်ရတယ့် ရွာတွေတောင် ရှိတယ်..အခုနေ ထပ်သွားရင်တော့ အဆင်ပြေတယ့် ခြင်ဆေးတွေ ရမယ် ထင်တယ်..း)