17 February 2012

အတွင်း ၃၇၊ အပြင် ၃၇


အခုတလော ခရီးထွက်ဖို့ ပြင်ဆင်နေရတာနဲ့ အထွေအထူး ဘယ်မှမရောက်ဖြစ် ပါဘူး၊ လုပ်စရာ တော်တော်များများကို အစောကြီးကတည်းက ကြိုတင်လုပ်ထားပေမယ့် ကုန်ပဲ မကုန်နိုင်ဘူး ဖြစ်နေတယ်၊ ခင်မင်ရတဲ့ ညီအစ်ကို မောင်နှမအိမ်တွေကို အလည်လာပြီး မနှုတ်ဆက်နိုင်တာ တောင်းပန်ပါတယ်...၊ ခရီးသွားနေတဲ့ အတောအတွင်းမှာလည်း လိုလိုမယ်မယ် စီဘောက်စ်ကို သော့ပိတ်ထားပါတယ်၊

ဒီနေ့က ကျနော့်ရဲ့မွေးနေ့ပါ၊ ဒီနှစ်အတွက် မွေးနေ့လက်ဆောင်က ဝေးကွာနေတဲ့ ချစ်သူ၊ ခင်သူတွေနဲ့ အတူတကွ ရှိရတဲ့ အဖြစ်ပါပဲ၊ အလွယ်တကူ မရနိုင်တဲ့ လက်ဆောင်ဖြစ်လို့ ကျနော့်အတွက် တကယ့်ကို တန်ဖိုးရှိတဲ့ အမှတ်တရ ပါပဲ၊ မနှစ်က အချိန်ရတုန်းကတော့ မွေးနေ့ အထိမ်းအမှတ် ဒီပို့စ် ကိုရေးခဲ့ပါတယ်၊ အဲဒီပို့စ်အတိုင်း ပြောရရင် စိတ်အခြေအနေဟာ ဒီနှစ်မှာလည်း ကော်ဖီမှာ ရှိနေတုန်းပါပဲ..၊း)

ကျနော်ကိုမွေးတော့ အဖိုးက ဥာဏ်ပညာ ကြီးရင့်ပါစေတော့ ဆိုပြီး ပညာအရာမှာ ပြည့်စုံတဲ့ ဆော်လမွန် ဘုရင်ကြီးရဲ့ ငယ်နာမည်ကို ပေးထားခဲ့တယ်၊ ဒါပေမယ့် ကြီးလာလေလေ၊ မိုက်မဲမှုတွေက မကုန်နိုင်လေလေ လို့ သုံးသပ်မိတယ်၊ စိတ်လိုက်မာန်ပါ လုပ်ချင်စိတ်ကလေးက ရှိ နေတုန်းပဲ၊ ပို့စ်ခေါင်းစဉ်ကို ကြည့်ပြီး နတ်ကိုးကွယ်မှု အကြောင်းများလားလို့ ထင်ကြမလား မသိဘူး၊ ၃၇ ဆိုတဲ့ အသက်အပိုင်းအခြားကို ရောက်လာတဲ့အခါ ပြင်ပ ခန္ဓာကိုယ်က ကြီးရင့် လာသလို၊ အတွင်းစိတ်ကိုလည်း ပိုပြီး ရင့်ကျက်လာဖို့ ဆင်ခြင်မိပါတယ်...၊

ပြန်လာတဲ့အခါ ပြန်တွေ့ကြတာပေါ့...နော။း)


ညီလင်းသစ်
၁၇ ဖေဖော်ဝါရီ၊ ၂၀၁၂

07 February 2012

အဖြူရောင်လမ်းများ


ပြီးခဲ့တဲ့ ပို့စ်တစ်ခုမှာ ဒီနှစ်ဆောင်းအတွက် နှင်းတွေကို နှုတ်ဆက်ပါတယ်လို့ ဆိုပြီးကာမှ အဲဒီနှင်းတွေနဲ့ပဲ တခါထပ်ဆုံစည်းဖို့ ဖြစ်လာရပြန်ပါတယ်၊ ကြိုတင်ချိန်းဆို မထားခဲ့သော ဆုံတွေ့မှုလို့ပဲ ဆိုကြပါစို့၊ ကျနော့်အလုပ်က ပြင်ပလေ့လာရေးခရီး အနေနဲ့ နှင်းတောင်တွေပေါ်ကို ထပ်ရောက်ခဲ့ရ ပြန်ပါတယ်၊

ကျနော်အလုပ်,လုပ်တဲ့ နေရာမှာ ဆောင်းရာသီ ချစ်ကြည်ရေးခရီး ဆိုပြီး တစ်နေ့တာ ပြင်ပလေ့လာရေး အစီအစဉ်ကို ဌာနအသီးသီးက အဆင်ပြေသလို လုပ်ကြပါတယ်၊ အဲဒီအစီအစဉ် အတွက် ကိုယ်အားတဲ့ရက်ကို ပြောပါဆိုပြီး ရုံးတွင်းမေးလ်တစ်စောင်ကနေ doodle ပြက္ခဒိန်မှာ သဘောထား ကောက်ခံတယ်၊ ကျနော်လည်း တစ်ရက်မှ မအားဘူးလို့ မဖြည့်ချင်တာနဲ့ တစ်ရက်လား၊ နှစ်ရက်လား ခြစ်လိုက်တယ်၊ ဖြစ်ချင်တော့ ကျနော်လိုက်နိုင်မယ် ဆိုပြီး ဖြည့်ထားတဲ့ တစ်ရက်ကို စီစဉ်သူက အတည်ပြုလိုက်တယ်၊ ဒါနဲ့ပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တောင်ပေါ်ကို ထပ်ရောက်ခဲ့ရတာပါ၊ အမှန်တော့ ကျနော် သိပ်မသွားချင်ပါဘူး၊ ခရီးသွားဖို့ ခွင့်ယူထားလို့ အလုပ်မှာ လက်စသတ်စရာတွေ ရှိနေတယ်၊ ကျနော် ဖြည့်ထားတဲ့ ရက်တွေတော့ ဖြစ်ချင်မှ ဖြစ်မှာပါဆိုပြီး ခြစ်လိုက်တာ...၊ အခု အတည်ပြုပြီးကာမှ မလိုက်တော့ဘူး လုပ်လို့မကောင်းတာနဲ့ စိတ်မပါ့တပါနဲ့ သွားလိုက်ရတော့တယ်၊

ကျနော့်အိမ်ကနေ ဘူတာကြီးကို ဆပ်ဘ်ဝေးစီး၊ အဲဒီကနေ မိနစ် ၅၀ လောက် ရထားစီး၊ ပြီးရင်တခါ မိနစ် ၂၀ လောက် တောင်ပေါ်တက်တဲ့ ရထားအသေးလေး ထပ်စီး၊ ပြီးတော့မှ တောင်ပေါ်ကို ကေဘယ်လ်ကားနဲ့ တက်...၊ ခရီးစဉ်က အဲဒီလိုပါ၊ ချိန်းထားတဲ့ ဘူတာရှေ့ကို ရောက်တော့ ကျနော်အပါအဝင်မှ အားလုံးပေါင်း ၄ ယောက်ပဲ ရှိတာတွေ့ရတယ်၊ ပြင်သစ်လူမျိုး ပီအိပ်ခ်ျဒီ တက်နေတဲ့ ကျောင်းသား၊ ဆွစ်လူမျိုး ဝန်ထမ်း အမျိုးသမီး၊ သြစတြေးလျ လူမျိုး ပရော်ဖက်ဆာနဲ့ မြန်မာလူမျိုး ကျနော်...၊ လူ ၄ ယောက်၊ နိုင်ငံသား ၄ မျိုး...၊ မူလက ၆ ယောက်လို့ သိရတယ်၊ အီရန်လူမျိုး ၂ ယောက်က စာရင်းပေးပြီးမှ မလာတာ-တဲ့၊ သြစတြေးလျ ပါမောက္ခကတော့ အတော်စိတ်ပျက်တဲ့ လေသံနဲ့ ပြောတယ်၊ အစစ အရာရာ စရိတ်ငြိမ်း စီစဉ်ပေးတာတောင်မှ လူတွေက ဘာဖြစ်လို့ မလိုက်ချင်ကြလဲ မသိဘူးကွာ-တဲ့၊ ကျနော်လည်း ပုခုံးပဲ တွန့်ပြလိုက်တော့တယ်၊ စိတ်ထဲကတော့ 'တော်သေးတယ်၊ စာရင်းပေးပြီး ငါ လာဖြစ်အောင် လာလိုက်တာ မှန်သွားတယ်' လို့ တွေးနေမိတယ်၊ သူ ပြောချင်လည်း ပြောစရာပါ၊ Snow and rail လို့ခေါ်တဲ့ ရထားလက်မှတ်နဲ့ တောင်ပေါ်မှာ ကေဘယ်လ်တွေ၊ chair lift တွေ စီးခ ပေါင်းထားတဲ့ လက်မှတ် နှစ်ခုပေါင်းကို ဒေါ်လာ ၈၀ လောက် ကျပါတယ်၊ အဲဒီကုန်ကျစရိတ်ကို ဌာနက ပေးပါတယ်၊ ဝန်ထမ်းအချင်းချင်း ပိုရင်းနှီးအောင်၊ နေ့စဉ်ဘဝကနေ အပြောင်းအလဲ ဖြစ်အောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ စီစဉ်ပေးပေမယ့် ရှိသမျှလူထဲက တဝက်တောင် မလိုက်တော့ စိတ်ပျက်မယ်ဆိုလည်း ပျက်ချင်စရာ...၊ အရင်နှစ်တွေကလည်း ဒီလိုပါပဲ၊ ဘယ်တော့မှ လူစုံတက်စုံ မရှိဘူး...၊

ဒီလိုနဲ့ပဲ မနက် ၈ နာရီခွဲလောက်မှာ တောင်ပေါ်ကို ကေဘယ်လ်ကားနဲ့ တက်မယ့်နေရာကို ရောက်လာတယ်၊ အဲဒီစခန်းလေး အရှေ့က အားကစားပစ္စည်း ရောင်းတဲ့ငှားတဲ့ ဆိုင်မှာ ကျနော်က နှင်းတောထဲ လမ်းလျှောက်တဲ့ ဖိနပ်တစ်ရန် ငှားလိုက်တယ်၊ ပရောက်ဖက်ဆာက ပြုံးစိစိနဲ့ 'မင်းက ဘာဖြစ်လို့ နှင်းလျှော မစီးချင်ရတာလဲ' လို့မေးတယ်၊ ကျနော်က မနှစ်က ဟုတ်တိပတ်တိ ကောင်းကောင်းမစီးခဲ့တာက တကြောင်း၊ ခရီးသွားကာနီး ဖြစ်လို့ မတော်တဆ ထိခိုက်ဒဏ်ရာ မရချင်တာက တကြောင်းမို့ပါလို့ ပြန်ဖြေလိုက်တယ်၊ ဒီလိုနဲ့ ski စီးမယ့် သူတို့ ၃ ယောက်နဲ့ snow walk လုပ်မယ့် ကျနော်နဲ့ လေးယောက်သား ကေဘယ်လ်ကားလေးကို စီးပြီး တက်လာကြတယ်...၊


ဒီ နှင်းလျှောစီးစခန်းက Verbier လို့ခေါ်ပါတယ်၊ ၄ ယောက်စီး ကေဘယ်လ်ကားလေးက Verbier ရွာလေးနဲ့ ထင်းရှူးတောတွေ ပေါ်ကနေ အခုလိုဖြတ်ပြီး တက်လာပါတယ်၊ ရွာကလေးက ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၁၅၀၀ (၄၉၂၁ ပေ) အမြင့်မှာ တည်ရှိပါတယ်၊


ဒီ Verbier ရွာလေးက အင်္ဂလိပ်လူမျိုးတွေ တော်တော်ကြိုက်တဲ့ ရွာလို့ ပြောရမှာပါ၊ နှစ်စဉ် ဆောင်းရာသီတိုင်းမှာ အင်္ဂလိပ်တွေ အများဆုံးလာကြတဲ့ ski station ပါပဲ၊ အဆိုတော် James Blunt ၊ မင်းသားဝီလျံ အစရှိတဲ့ ထင်ရှားသူတွေလည်း လာကြတယ်၊ ယေဘုယျ ပြောကြတာကတော့ ပိုက်ဆံရှိတဲ့ အင်္ဂလိပ်တွေက ဆွစ်ဇာလန်မှာ ski လာစီးပြီး သိပ်မတတ်နိုင်တဲ့ အင်္ဂလိပ်တွေ ကတော့ ပြင်သစ်မှာ ski သွားစီးကြတယ်-တဲ့၊ ဘယ်လောက်မှန်သလဲ မသိပေမယ့် ဆွစ်ဇာလန်က နှင်းလျှောစီးစခန်းတွေ ဈေးကြီးတာတော့ အမှန်ပါပဲ၊


ကေဘယ်လ်ကားပေါ်က အဆင်းမှာ ကျနော်တို့ လမ်းခွဲလိုက်ကြတယ်၊ လုပ်ဖော်ကိုင်ဖက် ၃ ယောက်က ski စီးဖို့အတွက် အခုထက်ပိုမြင့်တဲ့ တောင်ပေါ်ကို နောက်ထပ် chair lift နဲ့ ဆက်တက် သွားကြတယ်၊ ကျနော်က ဒီနေရာကနေ စပြီး လမ်းလျှောက်မယ်၊ အမြင့်က ၂၂၀၀ မီတာ (၇၂၁၇ ပေ)..၊ အပူချိန်က သုညအောက် ၁၁ ဒီဂရီ ဆဲလ်ဆီးယပ်စ်၊ လမ်းမလျှောက်ခင်မှာ ဟိုးအောက်ဖက်က မှုန်ပျပျ Verbier ရွာလေးကို ကြည့်နေမိတယ်၊


လမ်းမှာ ဘယ်သူမှ မရှိဘူး၊ ကျနော်နဲ့ ကျနော့်အရိပ်နဲ့ပဲ ရှိတယ်...၊ မနက်ပိုင်း ဖြစ်တဲ့အပြင် ဗုဒ္ဓဟူးနေ့လည်း ဖြစ်တော့ လူသိပ်မများပါဘူး၊ နှင်းတွေပေါ်မှာ လမ်းဖောက်တဲ့ယာဉ်က ဖြတ်မောင်းထားလို့ ကျနော်ငှားလာတဲ့ နှင်းတောစီးဖိနပ်ကို စီးစရာ မလိုသေးပါဘူး၊ နှင်းတွေက သိပ်သိပ်သည်းသည်း ရှိနေကြတယ်၊


တကယ်တော့ ဒီလမ်းက လမ်းလျှောက်သူတွေနဲ့ ခွေးဆွဲတဲ့ စွတ်ဖားလှည်းတွေ အတွက် ဖောက်ပေးထားတဲ့ လမ်းပါ၊ ဒါပေမယ့် ခွေးဆွဲစွတ်ဖားလှည်းကိုတော့ မတွေ့ခဲ့ရဘူး၊ စီးမယ့်သူ မရှိတော့ ခွေးတွေလည်း ချမ်းချမ်းစီးစီး အိပ်နေကြမယ် ထင်ပါရဲ့...၊


ဒီလိုနဲ့ နာရီဝက် ကျော်ကျော်လောက် လျှောက်လိုက်ရင်ပဲ နောက်ထပ် တောင်ထိပ်စခန်းလေး တစ်ခုဆီကို ရောက်လာခဲ့တယ်၊ နှင်းတောထဲ လျှောက်ဖို့လမ်းတွေကို အလွယ်၊ ပုံမှန်နဲ့ အခက် ဆိုပြီး အဆင့်တွေ ခွဲထားပါတယ်၊ ကျနော် ရွေးခဲ့တဲ့လမ်းက အလွယ်ပါ၊ ဓါတ်ပုံရိုက်ချင်တာရယ် တစ်ယောက်တည်း ပျင်းတာရယ်နဲ့ အလွယ်လမ်းပဲ လိုက်တော့တယ်ဗျာ..၊း) လမ်းမလျှောက်ချင်သူ တွေကလည်း ဒီနေရာကို အခုမြင်ရတဲ့ chair lift, cable car နဲ့တက်လာလို့ ရပါတယ်၊


ချိန်းထားတာက နေ့လယ် ၁ နာရီမှာ တောင်ခါးပန်းတစ်ခုက စားသောက်ဆိုင်မှာ ပြန်ဆုံကြဖို့ပါ၊ ကျနော်က အတော်စောနေသေးလို့ နှင်းလျှောစီးသူတွေကို အေးအေးဆေးဆေး လိုက်ငေးနေ မိတယ်၊ မြင်ရသမျှ အဲ့လ်ပ်စ် တောင်တန်းတွေကတော့ အားလုံး ပကတိအဖြူ၊ တစ်ယောက်တည်း ရှိနေချိန်မို့လား မသိဘူး၊ သူငယ်ချင်းတွေကိုလည်း သတိရနေ မိတယ်၊ ပြီးတော့မှ နောက်ထပ်ပိုမြင့်တဲ့ တောင်ပေါ်ကို ဆက်တက်လာခဲ့တယ်၊ ဒီတခါတော့ ခုနတုန်းကလို အလွယ်လမ်း မဟုတ်တဲ့အပြင် လမ်းကို မရှိတော့တာ...၊ ဒီတော့ ski စီးသူတွေ အတွက် ဖောက်ထားတဲ့ လမ်းဘေးကနေပဲ အသာကပ်ပြီး တက်လာရတယ်၊ တော်တော်လေး မတ်ပါတယ်၊ ကိုယ်ဘယ်လောက် အမောခံနိုင်သလဲ ဆိုတာ ဒီမှာတွေ့တာပဲ၊ မောလာရင် ဖြစ်ကတတ်ဆန်း အသက်ရှူသလို ဖြစ်လို့ ဝင်သက်၊ ထွက်သက်ကို မှတ်နေရတယ်၊ လမ်းမှာ သုံးလေးခါ ရပ်ရတယ်၊ ဟိုးခပ်ဝေးဝေးမှာတော့ ခုနတုန်းက chair lift တန်းလေးက တရွေ့ရွေ့...၊


မိနစ် ၅၀ လောက် လျှောက်လိုက်တော့ ချိန်းထားတဲ့ စားသောက်ဆိုင်လေးကို တွေ့လိုက်ရပြီ၊ တောင်စွန်းမှာ သူ့တစ်ဆိုင်တည်း မေးတင်လို့၊ နာရီကို ကြည့်လိုက်တော့ ၁၂ နာရီ စွန်းစွန်းပဲ ရှိသေးတယ်၊ ကျနော်ရောက်လာတာ ၁ နာရီလောက်တောင် စောနေသေးတယ်၊ ဒါတောင် ခပ်ဖြေးဖြေး လျှောက်လာခဲ့တာ...၊


ဒီစားသောက်ဆိုင်လေးမှာ ညအိပ်ညနေ တည်းလို့လည်း ရပါတယ်၊ တောင်တန်းတွေကို ချစ်တဲ့သူတွေ၊ တောင်တန်းတွေနဲ့ အတူအိပ်ရာဝင်၊ တောင်တန်းတွေနဲ့ အတူနိုးထ ချင်ရင်တော့ ဒီနေရာလောက် ကောင်းတာ မရှိပါဘူး၊ ကိုယ်တိုင်က အမြင့် ၂၃၅၀ မီတာ (ပေပေါင်း ၇၇၀၉ ပေ) မှာရောက်နေတဲ့အပြင် ပတ်ပတ်လည် ၃၆၀ ဒီဂရီဟာလည်း တောင်စဉ်တောင်တန်း တွေချည်းပါပဲ၊ အများအားဖြင့်တော့ တောင်ပေါ်က ski နဲ့ဆင်းလာတဲ့ သူတွေ နေ့လယ်စာ စားကြတဲ့နေရာပါ၊


စားသောက်ဆိုင်က နှင်းပေါ်စီး ဆိုင်ကယ်ပါ၊ သဘောကျတာနဲ့ ရိုက်ထားတာ..၊ ဒါကြီးနဲ့ တောင်အောက် ပြန်ဆင်းသွားရရင် မိုက်မယ်လို့...၊း)


ဆိုင်အတွင်းထဲကို မဝင်ဘဲ အပြင်ဖက်က ခုံတန်းတွေဆီ လျှောက်သွားလိုက်တယ်၊ စောသေးလို့ တစ်ယောက်စ၊ နှစ်ယောက်စ လောက်ပဲရှိတယ်၊ မိနစ် ၅၀ လောက် လမ်းလျှောက်လာပြီး ရုတ်တရက် ရပ်လိုက်တဲ့အခါ ချွေးတွေထွက်လာပြီး လူက အိုက်တောင်လာတယ်၊ တောင်ပေါ်မှာ အေးမယ်ဆိုတာ သိလို့ အိမ်ကနေ အသားကပ်အင်္ကျီ၊ အသားကပ်ဘောင်းဘီလည်း ဝတ်လာတော့ ခန္ဓာကိုယ်က အတော်လေး ပူနေတယ်၊ ဒါနဲ့ ခုနှစ်လွှာကချေသည် လုပ်ပြီး တစ်ထပ်ပြီးတစ်ထပ် ချွတ်ပစ်လိုက်တယ်၊ တီရှပ်တစ်ထည်ပဲ ကျန်တော့တဲ့အခါ ဘီယာတစ်ဘူး မှာသောက်နေလိုက်တယ်၊ ခပ်လှမ်းလှမ်းက ဆွစ်အဖိုးကြီး၊ အဖွားကြီး လင်မယားက 'ဒီကောင် အရူးပဲ' ဆိုတဲ့ အကြည့်နဲ့ ကျနော့်ကို ပြုံးစိစိ လှမ်းကြည့်နေတယ်၊ ကျနော်ကလည်း လက်လှမ်းပြပြီး နှုတ်ဆက်လိုက်ရင်း 'မိတ်အင်ဘားမား' ဆိုတဲ့ ထီမထင်ဟန်နဲ့ ခပ်တည်တည် ဆက်ထိုင်နေ လိုက်တယ်၊ ဒါပေမယ့် ကျနော့်ရဲ့ မိတ်အင်ဘားမားက သိပ်ကြာရှည် မခံလိုက်ပါဘူး၊ ဆယ်မိနစ် လောက်အကြာမှာ တစိမ့်စိမ့်နဲ့ ချမ်းတက်လာလို့ ချွတ်ထားတာ အားလုံးပြန်ဝတ် လိုက်ရတယ်၊ ခုနှစ်လွှာကချေသည်ကို နောက်ပြန်ရစ်ကြည့် သလိုမျိုးပေါ့၊ အနားမှာ ဖြတ်လာတဲ့ ဝန်ထမ်းကို အပူချိန် ဘယ်လောက်လဲ လှမ်းမေးတော့ သုညအောက် ၂၀ ဒီဂရီတဲ့၊ အဲဒါကြားမှ မေးတောင်ရိုက်ချင် သွားသလိုပဲ...၊


ချိန်းထားတဲ့ ski စီးသူ ၃ ယောက် ရောက်လာတော့ ကျနော်တို့ ဆိုင်ထဲမှာ ထိုင်ဖြစ်ပါတယ်၊ ကျနော့် ခန္ဓာကိုယ်က နွေးနေပေမယ့် ခြေချောင်းလေးတွေ ကတော့ အတော်လေး အေးနေတာနဲ့ သူတို့ကို ပြောပြပြီး အထဲကို သွားကြတယ်၊ လူက ၄ ယောက်တည်း မို့လား မသိဘူး၊ ပရော်ဖက်ဆာက စားသမျှအားလုံးကို ဌာနအသုံးစရိတ်နဲ့ ကျွေးပါရစေလို့ ဖိတ်မန္တက ပြုတယ်၊ ဘယ်သူမှ မငြင်းပါဘူး၊ ဒါနလေး မြောက်သွားအောင် အားပေးလိုက်ကြတယ်...၊ ပြီးတော့ သူတို့က ski ဆက်စီးတယ်၊ ကျနော်ကတော့ တစ်ယောက်တည်း တောင်အောက်ကို ပြန်ဆင်းလာ ခဲ့တယ်၊ ရွာကလေးပေါ်ကနေ တစ်ခေါက် ဖြတ်ရပြန်တယ်၊ ဒီတခါတော့ ကေဘယ်လ်ကားထဲမှာ ကျနော် တစ်ယောက်တည်း...၊


ပုံရဲ့ ဘယ်ဖက်မှာ မြင်ရတဲ့ တောင်ကြားချိုင့်ဝှမ်းက ကျနော်ရထား ပြန်စီးသွားရမယ့် လမ်းကြောင်းပါ၊ ညာဖက်ကို ကြည့်လိုက်တော့ Verbier ရွာအဝင်လမ်း ဖြစ်တဲ့ မြွေလိမ်မြွေကောက် လမ်းမကြီးကို တွေ့တယ်၊ ရှမ်းပြည်နယ်က နောင်ချိုအဆင်းကို ဖြတ်ကနဲ သတိရလိုက် သေးတယ်၊ လားရှိုးက အပြန်မှာ ဒီလိုမျိုး ဂငယ်ကွေ့ လမ်းတွေ အများကြီးကို နောင်ချိုမှာ ဆင်းခဲ့ရတယ်လို့ ထင်တယ်၊ အခုတော့ နောင်ချိုရဲ့ လမ်းတွေကနေ ကီလိုမီတာ ထောင်ချီတဲ့ အရပ်မှာ...၊ ကွေ့ဝိုက်ပြီး ဆင်းလာတဲ့ အနက်ရောင် လမ်းမကြီးကို ကြည့်ရင်း အဖြူရောင် လမ်းမွမွတွေအပေါ် လျှောက်ခဲ့တဲ့နေ့ကို လက်ပြနှုတ်ဆက် လိုက်တယ်...။ ။


ညီလင်းသစ်
၇ ဖေဖော်ဝါရီ၊ ၂၀၁၂