22 January 2013

ဘိလပ်မြို့တော်သို့ (၂) ...


တစ်ရက်မှာတော့ ကျနော်တို့ Sightseeing tour တစ်ခု ဝယ်စီးဖြစ်ပါတယ်၊ အခုလို City tour, Classic tour အစရှိတဲ့ အလည်အပတ် အစီအစဉ်တွေကို ကျနော်သဘောကျတယ်၊ ဒီလို ခရီးစဉ်တွေကို စီးဖြစ်ရင် တိုးရစ်တွေအတွက် ၁၀၀% ရည်ရွယ်ပြီး လုပ်ထားတာဖြစ်လို့ မြို့ရဲ့ အထင်ကရ နေရာတွေကို မလွဲမသွေတွေ့ရမှာပါ၊ အထူးသဖြင့် အချိန်လည်း သိပ်မရဘူး၊ ဘယ်နေရာတွေကို ဦးစားပေးသွားရမယ် ဆိုတာလည်း မသေချာဘူးဆိုရင် အခုလို မြို့တွင်းလည်တဲ့ အစီအစဉ်လေးတွေက တကယ်ပဲ အသုံးဝင်ပါတယ်၊ ဒါကိုလည်ပြီးမှ အချိန်ရသေးတယ် ဆိုရင်လည်း tourist attractions တွေကို တွေ့ပြီးပြီ ဖြစ်လို့ မြို့သူမြို့သားတွေရဲ့ နေ့စဉ်ဘဝကို မြင်နိုင်တဲ့ မြို့အတွင်းသားကို ရှာဖွေလည်ပတ်ဖို့လည်း ပိုပြီးအချိန်ရနိုင်တယ် မဟုတ်လား၊ လန်ဒန်မှာ City tour အစီအစဉ်တွေ အများကြီးရှိတဲ့ အထဲမှာမှ ဟောဒီလိုကားနဲ့ လည်ရတဲ့အစီအစဉ်ကို ကျနော်တို့ ယူလိုက်တယ်၊ Duck Tours လို့ခေါ်ပါတယ်...၊


စီးရမယ့်ယာဉ်က ကားနဲ့တူသလိုလို၊ သင်္ဘောနဲ့ တူသလိုလိုလို့ စိတ်ထဲမှာထင်မိတယ် ဆိုရင် အဲဒီအထင်မှန်ပါတယ်၊ အကြောင်းကတော့ ဒီယာဉ်က တကယ်ပဲ ကားတစ်ပိုင်း၊ သင်္ဘောတစ်ပိုင်း Amphibious vehicle ဖြစ်လို့ပါပဲ...၊


ကားပေါ်ကို(သင်္ဘောပေါ်ကို) မတက်ခင်မှာ အနောက်ဖက်ကိုသွားပြီး အောက်ကိုငုံ့ကြည့်တယ်၊ ဒီယာဉ်ဟာ ရေထဲမှာ သင်္ဘောတစ်စင်းလို တကယ်ပဲသွားမယ်ဆိုရင် အနည်းဆုံး ရေယက်ပန်ကာတော့ လိုမှာပဲလို့ ကျနော်စဉ်းစားနေခဲ့ လို့ပါ၊ မျှော်လင့်ထားတဲ့အတိုင်း မော်တော် အငယ်လေးတစ်စီးလို အောက်ဖက်မှာ ရေယက်ပန်ကာ တစ်ခုကိုတွေ့တော့ ကျေနပ်သွားတယ်၊း) လန်ဒန်ကို မလာခင်ကတည်းက ဒီခရီးစဉ်ကို သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာကြည့်ပြီး ဝယ်ခဲ့တာဆိုတော့ ဒီကားက ဘယ်လိုများ မောင်းမှာလဲလို့ ကျနော်က တစ်လျှောက်လုံး တွေးနေမိခဲ့တာကိုး...၊


ကားရဲ့ အပြင်ဖက် အင်စပက်ရှင် ပြီးတော့ ယာဉ်မောင်းခန်းကို ဆက်လေ့လာတယ်၊း) အားလုံးသိတဲ့အတိုင်း လန်ဒန်ရဲ့ ယာဉ်မောင်းစနစ်က လက်ဝဲကပ်မောင်း စနစ်ပါ၊ ဆိုတော့ ကားအများစုရဲ့ စတီယာတိုင်ခွေ (steering wheel)က ညာဖက်မှာ ရှိပါတယ်၊ ဒါပေမယ့် ဒီကားမှာတော့ လက်ကိုင်ဘီးခွေက ဘယ်ဖက်မှာ ရှိနေတယ်၊ ဒီလို ဘယ်ဖက်မှာ စတီယာတိုင်ခွေ ရှိနေရခြင်း နဲ့အတူ သူတို့ရဲ့ ထူးခြားတဲ့ ပုံပန်းသဏ္ဍာန်က.. ဒီကားတွေ ဘယ်ကလာသလဲလို့ စောကြောချင်စရာ ဖြစ်မိပါတယ်၊ တကယ်တော့ ဒီကားတွေဟာ ဒုတိယကမ္ဘာစစ်မှာ အင်မတန် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတယ်၊ စစ်ရဲ့ မီးတောက်တွေ အလျှံညီးညီး တောက်လောင်ဝါးမျိုနေတဲ့ စစ်တွင်းကာလမှာ မဟာမိတ်တပ်တွေက အခက်အခဲကြီး တစ်ခုနဲ့ ရင်ဆိုင်နေရတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ သင်္ဘောတွေကြီးတွေနဲ့ သယ်လာတဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနဲ့ စစ်သားတွေကို ကမ်းကပ်ပေးဖို့ အဆင်မပြေတဲ့ ကိစ္စပါ၊ တချို့ပင်လယ်ကမ်းနားမှာ ကပ်စရာဆိပ်ကမ်း မရှိသလို ရှိတဲ့ ဆိပ်ခံဘောတံတားတွေကလည်း ဗုံးဒဏ်ကြောင့် သုံးမရတော့ဘူး၊ အဲဒီအခက်အခဲကို ဖြေရှင်းဖို့ အမေရိကန်က ဟောဒီ ကုန်းသွား၊ ရေသွား ကမ်းတက်ယာဉ်တွေကို ထွင်လိုက်ပါတယ်၊ မဟာမိတ်တပ်တွေရဲ့ ဒီတလီတောင်ပိုင်းက ဆီစီလီကျွန်းသိမ်း တိုက်ပွဲ၊ ပြင်သစ်က နာမည်ကြီး နော်မန်ဒီ ကမ်းတက်တိုက်ပွဲ စတဲ့ပွဲတွေမှာ ဟောဒီ amphibious ကမ်းတက်ယာဉ်တွေက တကယ့်ကို အရေးပါခဲ့ကြတာပေါ့...၊ ကျနော်တို့စီးခဲ့တဲ့ ယာဉ်နာမည်က Beatrice တဲ့...၊ လူ ၂၈ ယောက်လောက် ဆန့်ပါတယ်၊


City Tour စတဲ့နေရာက London Eye ရဲ့ ဘေးနားလေးမှာပါ..၊ ကျနော်တို့ စီးရမယ့်ကားမလာသေးလို့ စောင့်နေရင်း London Eye ဖက်ကိုသွားကြည့်တယ်၊ ဒီမှာလည်း ထုံးစံအတိုင်း လူတွေ၊ လူတွေဆိုတာ.. သမဝါယမ ခေတ်တုန်းက ပြည်သူ့ဆိုင်မှာ သကြားနဲ့နို့ဆီ ပေးတဲ့နေ့မှာ တွေ့ရတဲ့ အတိုင်းပဲ၊ တကယ့်ကို ကြိတ်ကြိတ်တိုး...၊ လက်မှတ်ဝယ်ဖို့က ၄၅ မိနစ်စောင့်ရမယ်၊ တခါ လက်မှတ်ရပြီး ရဟတ်ကြီးပေါ် တက်ဖို့က နောက်ထပ် တစ်နာရီလောက် စောင့်ရမယ်လို့ ကြေညာထားလို့ London Eye ကို ကိုယ်ပိုင် eyes နဲ့ပဲ ငေးကြည့်ပြီး ပြန်လာခဲ့တော့တယ်...၊း)


တကယ်တမ်း ကားထွက်တော့လည်း ဟိုတစ်နေ့က ရောက်ခဲ့တဲ့ ဝက်စမင်စတာ တံတားပေါ်ကို မလွဲမသွေ ပြန်ဖြတ်ရပြန် ပါတယ်၊ ဒီတစ်ခါတော့ လေတွေ တဟူးဟူး တိုက်နေလို့လား မသိဘူး၊ လူတွေနည်းနည်း ရှင်းသလို ဟိုတစ်ခါကလို သုံးချပ်မှောက် ကစားသမားတွေလည်း မတွေ့မိဘူး၊


ကျနော်တို့ရဲ့ ပုဂံနဲ့ခေတ်ပြိုင် Westminster Abbey ဘုရားကျောင်းကြီးရဲ့ ဂေါ့သစ်ဗိသုကာ လက်ရာတွေကိုတော့ ကားပေါ်ကနေ မြင်းတစ်ပြေး ခံစားမှုနဲ့ပဲ ခံစားနိုင်ခဲ့တယ်၊ အေးအေးဆေးဆေး မရှိလှပုံများ ပြောပါတယ်...၊း)


ဒီအဆောက်အဦးကိုတော့ တချို့တွေ သိကြမယ်ထင်ပါတယ်၊ အထူးသဖြင့် နောက်ဆုံးထွက် ဂျိန်းစ်ဘွန်းဇတ်ကား Skyfall ကို ကြည့်ပြီးပြီ ဆိုရင်ပေါ့၊း) ဟုတ်ပါတယ်၊ MI6 ဌာနချုပ်ပါ၊ ကျနော်တို့ရဲ့ city tour ကားက မော်တော်အဖြစ်ကို အသွင်ပြောင်းပြီး ဒီ MI6 အဆောက်အဦးရဲ့ ဘယ်ဖက်ဘေးမှာ မြင်ရတဲ့ ဆင်ခြေလျှော လမ်းကလေးကနေ သိမ်းစ်မြစ်ထဲကို ဆင်းပါတယ်၊ မဆင်းခင် အဲဒီ MI6 ရုံးကြီးရဲ့ ဘေးမှာရှိတဲ့ တဲကလေး အရှေ့မှာ ခဏရပ်တယ်၊ အဲဒီမှာ ကားဒရိုင်ဘာက အောက်ဆင်းသွားပြီး လူတစ်ယောက် တက်လာတယ်၊ ကားတစ်စင်းလုံးကို မျက်လုံးဝေ့ကြည့်တယ်၊ အဲဒီလူလား...? ဟင့်အင်း.. ဂျိန်းစ်ဘွန်း မဟုတ်ပါဘူး၊ သိမ်းစ်မြစ်ထဲမှာ မော်တော်ဆက်မောင်းမယ့် နောက်ထပ် ဒရိုင်ဘာ တစ်ယောက်ပါ၊း) ကားကနေ မော်တော်ဖြစ်သွားလို့ ကုန်ပေါ်မောင်းတဲ့ ယာဉ်မောင်းက ဆက်ပြီးမောင်းခွင့် မရှိလို့ ဒီလိုယာဉ်မောင်း လဲရတဲ့အကြောင်း ဧည့်လမ်းညွှန်က ရှင်းပြပါတယ်...၊


Duck Tours ယာဉ်တွေက ၁၀ မိနစ် တစ်စီးလောက် ထွက်နေလို့ လမ်းမှာ တခြားအမျိုးတူ 'ဘဲ' တွေကိုလည်း ဆုံပါတယ်၊ အခုတော့လည်း ရေထဲမှာ သွားနေတာ တကယ့် မော်တော်တစ်စင်း အလား...၊


ဒီ ပုံခပ်တုံးတုံးနဲ့ အဆောက်အဦးက တခြားတော့ မဟုတ်ပါဘူး၊ MI5 ရုံးချုပ်ပါ၊ MI5 က ပြည်တွင်ရေးရာတွေကို ကိုင်တွယ်တဲ့ ဌာနဖြစ်ပြီးတော့ MI6 ကတော့ နိုင်ငံတကာ အရေးအခင်းတွေမှာပါ ပါဝင်ပတ်သက်တယ်၊ နာမည်မှာ ဂဏန်းလေး တစ်လုံးသာ လျော့နေပေမယ့် လူသိများမှုမှာတော့ MI5 က MI6 ထက် ကိန်းဂဏန်းတွေ အများကြီး လျော့နည်းပါတယ်...၊


ကျနော်တို့ရဲ့ ဧည့်လမ်းညွှန် Ben...၊ အချိန် ၁ နာရီလောက်ပဲ ကြာတဲ့ City tour အတွင်းမှာ သမိုင်းတွေ၊ ဖြစ်စဉ်တွေ၊ အကိုးအကားတွေ၊ ဟာသတွေ အများကြီးပဲ သူပြောသွားတယ်၊ မြင်ကွင်းတွေကို ဓါတ်ပုံရိုက်ရင်း သူ့ဆီကို ကျနော်တချိန်လုံး နားစွင့်ထားမိတယ်၊ တချက်တချက်မှာလည်း သူ့ကိုလှမ်းကြည့်ရင်း ကျနော်ဧည့်လမ်းညွှန် လုပ်ခဲ့ဖူးတဲ့ ကာလတွေကို ဆွတ်ဆွတ်ပျံ့ပျံ့ အမှတ်ရနေခဲ့တယ်၊ အခြားသော လုပ်ဖော်ကိုင်ဖက် တိုးဂိုက်တွေလိုပဲ အစောပိုင်းကာလမှာ ကျနော့်အတွက် အခက်ခဲဆုံးက running commentary ပါ၊ အခု Ben ပြောနေသလိုမျိုး ယာဉ်ရဲ့လားရာကို ကျောပေး၊ ဧည့်သည်နဲ့ မျက်နှာချင်းဆိုင် မတ်တပ်ရပ်ပြီး တောက်လျှောက် ရှင်းပြရတဲ့ အပိုင်းပေါ့၊ အထူးသဖြင့် ဘတ်စ်ကား အကြီးကြီးတွေပေါ်မှာ ဘယ်လမ်းကနေ၊ ဘယ်လမ်းအပိုင်းမှာ ဘာအကြောင်းကို ပြောမလဲဆိုပြီး စီမံခန့်ခွဲရတာ သိပ်တော့မလွယ်လှဘူး၊ ရန်ကုန်၊ မန္တလေးမြို့တွင်းလို နေရာမှာ ကြည့်စရာ၊ ပြောစရာတွေ များလို့ အကြောင်းမဟုတ်ပေမယ့် တံတားဦး လေဆိပ်ကနေ မန္တလေးအသွားလို၊ ဟဲဟိုးလေဆိပ်ကနေ ညောင်ရွှေ အသွားလို ခရီးရှည်တွေမှာ သူတို့လည်း စိတ်ဝင်စား၊ ကိုယ်လည်း အကြာကြီး ပြောနိုင်မယ့် အကြောင်းအရာတွေ ရှိထားဖို့ လိုပါတယ်၊ Ben ကို လုပ်ဖော်ကိုင်ဖက် တစ်ယောက်လို မြင်မိနေရင်း ကျနော့်ရဲ့ စိတ်တွေက မြန်မာပြည်က tour ကားကြီးတွေပေါ်မှာ running commentary တွေ ပေးနေမိခဲ့တယ်...၊


ထုံးတမ်းစဉ်လာတွေ၊ စည်းတွေဘောင်တွေ များလှတဲ့ အင်္ဂလိပ် လူ့အဖွဲ့အစည်းရဲ့ ပါလီမန်အိမ်ရာကို ဘောင်တစ်ခုခတ်ပြီး ကြည့်,ကြည့်တဲ့ သဘောပါ၊း)


မော်တော်က ကားအဖြစ်နဲ့ ကမ်းပေါ် ပြန်တက်လာတော့ ကလေးတွေက ပျော်ပြီး ဟေးကနဲ အော်ကြတယ်၊ တချိန်တုန်းကတော့ အခုလို အေးအေးချမ်းချမ်းနဲ့ ဟိုဒီကြည့်ရင်း၊ ဧည့်လမ်းညွှန် ရှင်းပြတာနားထောင်ရင်း ပျော်နိုင်ဖို့ဆိုတာ အိပ်မက်တောင် မက်ခဲ့ကြမယ် မထင်ပါဘူး၊ ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်ရက်တွေမှာ မဆုံးတဲ့ ကမ်းတက်တိုက်ပွဲတွေ တစ်ခုပြီးတစ်ခု ဆင်နွှဲရင်း ဒီလို amphibious vehicles တွေဟာ သွေးညှီနံ့တွေနဲ့ စွန်းပေ၊ နံစော်နေခဲ့မှာ အသေအချာပါ၊ ကျနော်တို့ စီးခဲ့တဲ့ ကားကကော.. ကမ်းတက်တိုက်ပွဲ တစ်ခုခုမှာ ပါခဲ့ဖူးသလား? ရန်သူ့ကျည်သင့်ပြီး ဟောဒီကားပေါ်မှာပဲ အဆုံးသတ်သွားကြတဲ့ ဘဝတွေကော.. ဘယ်နှခုများ ရှိခဲ့သလဲ? တချိန်တုန်းက မှုန်မှိုင်းမှိုင်း စစ်ရောင်နဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ city tour ကားတွေတဖြစ်လဲ အဝါရောင်တောက်တောက် ကမ်းတက်ယာဉ်တွေရဲ့ သမိုင်းဆိုင်ရာ တန်ဖိုးကို မမှီမကမ်းနဲ့ ကျနော် လှမ်းပြီး ခံစားကြည့်နေမိတယ်..၊


၂၀၁၂ ရဲ့နောက်ဆုံးရက်မှာ ကျနော်တို့ သဘာဝသမိုင်း ပြတိုက်ကိုလည်း သွားဖြစ်ခဲ့သေးတယ်၊ ဒီပြတိုက်ကလည်း အခမဲ့ပါပဲ...၊


ဒီပြတိုက်ကို လာရတဲ့ အဓိကအကြောင်းက သားကို ဒိုင်နိုဆောပြခန်းဆီ လိုက်ပို့ဖို့ပါ၊ သူက လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီး ဒိုင်နိုဆောတွေကို အတော်လေး စိတ်ဝင်စားနေတယ်၊ ဒီပြတိုက်မှာ ရှားရှားပါးပါး ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုတွေ ရှိပါတယ်၊ ဒိုင်နိုဆောပြခန်းထဲဝင်ဖို့ လူတွေအများကြီး တန်းစီနေပေမယ့် ကျနော်တို့က အွန်လိုင်းကနေ reservation လုပ်ထားခဲ့လို့ ချက်ချင်းပဲ ဝင်ခွင့်ရခဲ့တယ်၊


သားကို ဝယ်ပေးထားတဲ့ ဒိုင်နိုဆောစာအုပ်တွေကို သူနဲ့အတူ လိုက်ဖတ်ရင်း ကျနော် သူ့အရွယ်က ဒိုင်နိုဆောအကြောင်း ဘယ်လောက်များ သိသလဲလို့ ပြန်စဉ်းစားကြည့် မိတယ်၊ ဒါပေမယ့် သိပ်တောင် မစဉ်းစားလိုက်ရ ပါဘူး၊ ကျနော်သိတာက ဘာမှ,မှ မရှိဘဲကိုး၊း) ဒိုင်နိုဆောရဲ့ မျိုးကွဲ၊ မျိုးစိတ် နာမည်လေး တစ်ခုတောင်မှ မသိခဲ့ဘူး၊ ကျနော့်ရဲ့ ကလေးဘဝထဲမှာ မှတ်မိနေခဲ့တဲ့ တစ်ခုတည်းသော ဒိုင်နိုဆောကတော့ သဘာဝသမိုင်းပြတိုက် အနောက်က ဒိုင်နိုဆော ကျောက်ရုပ်ကြီးတစ်ခုပဲ ရှိတယ်၊ အခု ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ရဲ့ ဥယျာဉ်ထဲက အကောင်ကြီးပေါ့...၊


သားကတော့ Triceratops, Diplodocus, Velociraptor စတဲ့ သူကြိုက်တဲ့ မျိုးကွဲတချို့ရဲ့ နာမည်တွေကို အလွတ်ရ နေတယ်၊ ကျနော်ခပ်ငယ်ငယ်က ကြည့်ဖူးတဲ့ Jurassic Park ရုပ်ရှင်မှာပါတဲ့ ဒိုင်နိုဆောတွေ နေခဲ့တဲ့ Jurassic period လောက်ကိုပဲ သိနေချိန်မှာ သားက တခြား period နှစ်ခုဖြစ်တဲ့ Triassic နဲ့ Cretaceous ဆိုတဲ့ နာမည်တွေကိုပါ ကျနော့်ကို ပြန်ပြောပြ တတ်တယ်၊ အမှန်တော့လည်း ဒါဟာ ပတ်ဝန်းကျင်နဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ပဲ ကျနော် ယူဆပါတယ်၊ ကျနော်တို့ ငယ်ငယ်တုန်းက ဒိုင်နိုဆောနဲ့ ပတ်သက်တာ ဘာဆိုဘာမှ မရှိဘူး၊ အိမ်မှာကော၊ ကျောင်းမှာကော ဘယ်သူကမှ၊ ဘာမှ မပြောပြခဲ့ ကြဘူး၊ ဆိုတော့ ကလေးတွေကလည်း စိတ်ဝင်စားရကောင်းမှန်း မသိကြတော့ဘူးပေါ့၊ ဒီမှာတော့ ကလေးတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဒိုင်နိုဆောအကြောင်း အကုန်ရှိတယ်၊ ကစားစရာ၊ စာအုပ်၊ ကာတွန်း၊ ဒီဗီဒီ၊ ဥာဏ်စမ်း၊ ကလေးပြတိုက်.. အစုံပါပဲ၊ အခုလက်ရှိ မြန်မာနိုင်ငံက ကလေးတွေမှာ အထွေထွေဗဟုသုတ ရှာမှီးဖို့ အခွင့်အလမ်း ပိုများလာသလားတော့ မသိပါဘူး၊ ပွင့်လင်းလာတဲ့ အခြေအနေတစ်ရပ်အောက်မှာ ကလေးတို့ ကံကောင်းပါစေလို့ပဲ ကျနော် ဆုတောင်းပါတယ်...၊


တလောက ဆရာမဂျူးရဲ့ ဝတ္ထုတစ်ခုထဲမှာ ပါတဲ့ဇတ်ကောင်က အဲဒီလို အထွေထွေဗဟုသုတကို စိတ်ဝင်စားတဲ့အကြောင်း ဖွဲ့ထားတာ ဖတ်လိုက်ရတယ်၊ ဥပမာ-မိုးက ဘယ်လိုကြောင့် ရွာတာလဲ? ဒိုင်နိုဆောတွေက ဘယ်လိုမျိုး မျိုးတုန်းပျောက်ကွယ် သွားတာလဲ? စသဖြင့်ပါ၊ အဲဒါလေး ဖတ်ရတုန်းက ကျနော်လည်း ဒိုင်နိုဆောတွေ ဘယ်လိုမျိုး သေသွားတာလဲလို့ ပြန်စဉ်းစား ကြည့်တယ်၊ ဟိုလိုလို၊ ဒီလိုလိုနဲ့ သိသလိုလို၊ မသိသလိုလို...၊ အခုမှပဲ ဆရာမခက်မာ ပြောတဲ့ 'သားနှင့်အတူ သင်ယူခြင်း' အစစ်ပါပဲ၊း) သားက ကျနော်တစ်ခါက ဖတ်ပြဖူးတဲ့ ကိန်းဂဏန်းလေး တစ်ခုကို အသေမှတ်ထားတယ်၊ 'လွန်ခဲ့သော နှစ်သန်းပေါင်း ၆၅ နှစ်'...၊ ဒိုင်နိုဆောတွေ မျိုးတုန်းခဲ့ချိန်ပါ...၊


ဒါကတော့ သားရဲ့ ဖေးဘရိတ် ဒိုင်နိုဆောပါ...၊ T-rex လို့လည်းခေါ်ကြတဲ့ Tyrannosaurus rex ပါ၊ ဒိုင်နိုဆောတွေထဲမှာ အသန်မာဆုံး၊ အကြမ်းတမ်း၊ အရက်စက်ဆုံး၊ ကြောက်စရာ အကောင်းဆုံး အကောင်...၊


ဒီ ရုပ်ရှင်ပိုစတာလေး တွေ့တော့ သူကြိုက်တဲ့ ဒီဗီဒီမို့လို့ သားက ဝမ်းသာအားရ ထ,အော်တယ်...၊း)


ဒိုင်နိုဆောပြခန်း ပြီးတော့ ငါးပြတိုက်ဖက်ကို ခဏလေး သွားဖြစ်တယ်၊ အဲဒီမှာလည်း ငါးသလဲထိုးလောက်က စပြီး ဝေလငါးအထိ ကြည့်စရာ၊ လေ့လာစရာတွေ အများကြီးပါပဲ...၊


သဘာဝသမိုင်း ပြတိုက်က ကြီးလွန်းလို့ ကျနော်တို့ မရောက်နိုင်ခဲ့တဲ့ အခန်းတွေ အများကြီးပါပဲ၊ အခန်းစေ့ အေးအေးဆေးဆေး ကြည့်မယ်ဆိုရင် အိမ်ကနေ ထမင်းဘူးနဲ့ တစ်နေကုန်လာမှပဲ ဖြစ်မှာပါ၊ လူတွေလည်း များသထက် များလာတာနဲ့ ကျနော်တို့ အဲဒီလောက်နဲ့ပဲ ကျေနပ်ခဲ့ တော့တယ်...၊


ဒိုင်နိုဆောတွေအကြောင်း 3D ရုပ်ရှင်လေး တစ်ခုလည်း ဝင်ကြည့်ဖြစ်ခဲ့ပါတယ်၊ ကွန်ပြူတာ effects တွေ နိုင်နိုင်နင်းနင်း သုံးထားလို့ အတော်လေး ကြည့်လို့ကောင်းတဲ့ မှတ်တမ်းရုပ်ရှင် တစ်ခုပါ၊ ကြီးမားလွန်းတဲ့ ဒိုင်နိုဆောတွေ အကြောင်းပြတဲ့ ရုပ်ရှင်မို့လားတော့ မသိဘူး၊ ဒီလောက်ကြီးတဲ့ 3D မျက်မှန်ကို ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်...၊း)

ဒီ ခရီးသွားဆောင်းပါးကို အပိုင်းတွေအများကြီး မခွဲချင်လို့ ဒီပို့စ်မှာတော့ ပုံတွေအတော်များများ တင်ဖြစ်သွားပါတယ်၊ ကြည့်ရတဲ့သူ၊ ဖတ်ရတဲ့သူတွေတော့ 'ဟုံ' သွားပြီလား မဆိုနိုင်ဘူး၊း) ဘယ်လိုပဲဖြစ်ဖြစ် ဒီအဆုံးထိ ရောက်အောင် ဖတ်ခဲ့၊ ကြည့်ခဲ့တာကိုပဲ ကျေးဇူး တင်ပါတယ်၊ ရှေ့တစ်ပုဒ်မှာ အဆုံးသတ်ပါတော့မယ်...။ ။


ညီလင်းသစ်
၂၂ ဇန်နဝါရီ၊ ၂၀၁၃

24 comments:

ဇွန်မိုးစက် said...

ရေထဲမှာရော ကုန်းပေါ်မှာပါ သွားနိုင်တဲ့ ဘဲယာဉ်လေးခရီးစဉ်က စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ လန်ဒန်က သဘာဝသမိုင်းပြတိုက် မရောက်ခဲ့ဘူး။ ဟုတ်တယ်နော်... ဇွန်တို့ကလေးဘ၀တုန်းက ဒိုင်နိုဆောနဲ့ ပတ်သက်ပြီး ဘာမှ မသိခဲ့ရဘူး။ အစ်ကိုပြောသွားသလိုပဲ ကန်တော်ကြီးနားက ဖြတ်သွားရင် အဲဒီမှာ ဒိုင်နိုဆောအရုပ်ကြီးရှိတယ်လို့ပဲ သိခဲ့ရတာ။ ဂျူရက်ဆခ်ကာလဆိုတာတောင်မှ ရုပ်ရှင်ကြည့်လို့ သိရတာ။
စိတ်ဝင်တစားဖတ်နေရင်း၊ ပုံတွေကြည့်နေရင်းနဲ့ပဲ ပြီးသွားတော့ `ဟုံ´ချိန်တောင် မရလိုက်ပါဘူး အစ်ကိုရ။ :)
အနွေးထည်မချွတ်သေးဘဲ အဆုံးသတ်အပိုင်းကိုဖတ်ဖို့ စောင့်နေမယ်နော်။း)

ရွှေအိမ်စည် said...

ကားတစ်ပိုင်း၊ ရေတစ်ပိုင်းကြီးကို သဘောကျနေတာ အစ်ကို။
ထိုင်စီးဖို့ထက် မောင်းကြည့်ချင်နေတာ။ ရေထဲရောက်ရင် ဘီးတွေကို ဘယ်လိုထားသလဲ၊ ဒီအတိုင်းပဲထင်တယ်နော်။
ရေထဲက မြင်ရတဲ့မြင်ကွင်းကတော့ တကယ့် မော်တော်လေးပဲ။ ကုန်းပေါ်တင်ထားတော့ ကိုးလိုးကန့်လန့်နဲ့ ရယ်စရာ။
စက်မောင်းခန်းထဲ ကြည့်မိတော့ ဒီမနက်စီးလာတဲ့ ဘတ်စ်ကားကို သတိရမိတယ် :) ။
ဒိုင်နိုဆောအကောင်ပေါက်နေပုံလေး သရုပ်ပြထားတာလည်း သဘောကျတယ်။ တကယ့် ဥ ဆိုရင် အကြီးကြီးနေမှာနော် အစ်ကို။ ဒိုင်နိုဆောက မွေးကတည်းက အကောင်ကြီးမလားမသိဘူး။
အစ်ကို ပထမပို့စ်မှာ ပြောသလိုပဲ လူတွေများလိုက်တာ.....။ အဲသလောက်လူများနေရင် ရှောင်နေရတာ အလုပ်တစ်ခုတော့ဖြစ်တော့မှာပဲ...။
3D မျက်မှန်လေးနဲ့ သားကလေးပုံက ပြုံးချင်ချစ်ခင်စရာ :)။
ဟုံ လည်း မဟုံပါဘူး အစ်ကိုရာ။
ကြည့်လို့တောင်မ၀ဘူး။ ကိုယ်မှ မရောက်ဖူးတာ၊ အစ်ကို တင်ပေးတဲ့ ခရီးသွားဆောင်းပါးလေးတွေ ဖတ်ရတာ ကိုယ်တိုင်ရောက်သွားသလိုပဲ။ နှစ်သက်ပျော်ရွှင်စရာကောင်းလှတယ်။
ရန်ကုန်မှာ ပူနေပြီ။ အနွေးထည်တော့ မ၀တ်တော့ဘူး။
ဇာတ်သိမ်းပိုင်းကို လိုက်လို့ရတယ်မလား :P ။

ချစ်ခင်လျှက်

Anonymous said...

မဟုံပါဘူးရှင်။
ကိုယ်တိုင်သွားရရင်တော့ငှက်နဲ့ 
ပတ်သက်တာတွေလျှောက်ကြည့်ချင်ပါ့။
ကားတပိုင်းသဘောင်္တပိုင်းကိုလည်းစီးချင်တယ်။
အိုင်အိုရာ

လွင်ပြင်လှိုင်းငယ် said...

ကိုယ်တိုင်ရောက်သွားသလိုခံစားနိုင်အောင်တင်ပြမှု့အတွက် စာရေးသူကို လေးစားတယ်ဗျာ ။

Cameron said...

အ၀ါရောင်တောက်တောက် ကမ်းတက်ယာဉ်လေးက Duck Tour ဆိုတဲ့နာမည်လေးအတိုင်းပဲ ကာတွန်းကားထဲက ဘဲနဲ့တောင်တူနေသေးတယ်...။ သဘာဝသမိုင်းပြတိုက်ကိုတော့အရမ်းစိတ်ဝင်စားသွားပြီ သွားတောင်လည်ချင်တယ် တချိန်ချိန်ပေါ့နော်...။ ဒါကြောင့်ထင်ပါတယ် သရီးဒီမျက်မှန်က အစ်ကိုသားမျက်နှာပေါ်မှာ သိပ်ကြီးနေတယ်လို့..။ ခေးလေး ချစ်ဖို့ကောင်းတယ်...။ ဒီပို့စ်ရဲ့ တင်ဆက်မှုအားလုံးကိုသဘောကျတယ် ပုံတွေအားလုံးစိတ်ဝင်စားစရာကောင်းသလို အစ်ကို့အရေးအသားတွေက ပိုလို့တောင်ဆွဲဆောင်မှုရှိနေသေးတယ်...။

မဒမ်ကိုး said...

မဟုန်ပါဘူးအကိုရေ . ကိုယ်မရောက်နိုင်တဲ့နိုင်ငံတွေအရပ်ဒေသတွေကို တကယ်ရောက်သွားသလို အသေးစိတ်တင်ပေးတတ်တဲ့အကို့ကျေးဇူးကြောင့် အစုံမြင်ရတာပါ .
( အကို့စာတွေထဲကနေ ကျနော်ခုထိဘာကိုယူသုံးဖြစ်နေလဲဆို ဘီပီအေစာတန်းပါတဲ့ ရေဗူးကော်ဗူးလေးတွေအကြောင်းပါ .အဲပိုစ့်ဖတ်ပြီးကတည်းက ပြောင်းဝယ်ဖြစ်သွားတဲ့ရေဘူးလေးကိုမြင်တိုင်း အကို့ကျေးဇူးနဲ့ ကျနော်ဒီလိုဗဟုသုတ သိခွင့်ရတာလို့ အမြဲအမှတ်ရနေပါတယ် ။
စင်္ကာပူလာရင်ဆုံကြပါမယ်အကိုရေ

ခင်မင်လျှက်

ညီမ ဒိုးကန်

Kabyar said...

တစ်ခုစဉ်းစားမိတယ်လေ.............. ကိုညီ့ tour နဲ့ လိုက်ခွင့်ရဖူးခဲ့ သူတွေဟာ တော်တော်ကျေနပ်ကြလိမ့်မယ်...။။ အပြော အဆို တင်ပြချက် စီစဉ်မှုတွေက အစီအစဉ်တကျ ဟန်ချက်ညီညီ အလိုက်သင့် လိုက်ပါစီးမျောဖို့  သေချာလွန်းတယ်...။။ ဓါတ်ပုံကိုအားပေးသူပီပီ ကျေကျေနပ်နပ်ကြည့်သွားခဲ့ ပါတယ်.....။။
တဆက်တည်းမှာပဲ စဉ်းစားနေမိတာက နောက်ထပ်လာမယ့် ဖေဖော်ဝါရီခရီးစဉ်ကို ဘယ်လိုများ တင်ပြဦးမှာပါလိမ့်ဆိုတာမျိုးပေါ့...။။
း)
ဘိလပ်မြို့ တော်ကနေ ကိုယ်တိုင်ပဲ ပြန်ရတော့မှာလိုလိုစိတ်မျိုးနဲ့  အပိုင်း(၃) ကိုစောင့်နေလိုက်ပါတယ်......။။

မြသွေးနီ said...

အရေးအသား၊ အတင်အပြ သေသေသပ်သပ်နဲ့ ပုံတွေရဲ့စွဲဆောင်မှုက ဘိလပ်ခရီး ကိုယ်တိုင်ရောက်သွားရတယ် ကိုညီရေ။ သားလေးက ချစ်ဖို့ကောင်းချက်.. :)

စံပယ်ချို said...

မမြင်ရတဲ့အနာဂတ်မှာရောက်ဖြစ်မယ်ဆိုရင်
ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုတွေ အရမ်းကို
စိတ်ဝင်စားမိလို့ ရောက်အောင်သွားချင်ပါတယ်
ဘဲယာဉ်ခရီးစဉ်လေးကလဲစိတ်ဝင်စားဖို့ကောင်းလှတယ်
နောက်တခုကတော့
Westminster Abbey ဘုရားကျောင်းကြီးကိုတွေှာ တနေ့နေ့
တချိန်ချိန် ဘုရားသခင်ကပို့ပေးမယ်လို့မျော်လင့်ရပါတယ်
ပုံတွေအားလုံးအတွက်ကျေးဇူးပါရှင်

Anonymous said...

စိတ်ဝင်တစားနဲ့ ပုံတွေကြည့် စာတွေဖတ်ရတာနဲ့ `ဟုံ´ဖို့တောင် သတိ မရလိုက်ပါဘူး ကိုညီ...

malacca သွားလည်တုန်းက အဲလို ကားတပိုင်း မော်တော်တပိုင်း စီးခဲ့တယ်:)

အပိုင်း(၃) သို့....စောင့်လျက်...



မေဓာဝီ said...

စောင့်ရကျိုးနပ်လောက်အောင်ကို စာတွေဖတ်ရတာရော ပုံတွေကြည့်ရတာရော ဖတ်မငြီး ရှုမငြီးပါပဲ ကိုညီလင်းရေ ... ။

Ben ကိုကြည့်ပြီး ကိုညီလင်းစိတ်တွေ ဧည့်လမ်းညွှန်လုပ်ခဲ့တဲ့ ကာလဆီ ရောက်သွားတယ်ဆိုလို့ အဲဒီတုန်းက အတွေ့အကြုံလေးတွေလဲ စိတ်ဝင်တစား ဖတ်ချင်မိတယ်။

ဒိုင်နိုဆောဆိုလို့ မမေကိုယ်တိုင်လဲ ပြီးခဲ့တဲ့ နွေရာသီ သင်တန်းကမှ ကလေးတွေကို သင်ဖို့ ကိုယ်တိုင်လေ့လာရင်း ဒိုင်နိုင်ဆော အမျိုးအမည်တွေ သိခဲ့ရတာ။ အချက်အလက်တွေနဲ့ အသံထွက်တွေ မနည်းကျက်ပြီး သူတို့ကို ပြန်သင်ရတယ်။ မမေလဲ ကိုယ့်ကျောင်းသားတွေနဲ့အတူ သင်ယူရခြင်း အစစ်ပဲပေါ့။ :)

သရီးဒီမျက်မှန်ကြီးနဲ့ သားသားကိုကြည့်ပြီး ရယ်လိုက်ရတာ ... ချစ်ဖို့ သိပ်ကောင်းတာပဲ။

အပိုင်း ၃ ကို မျှော်နေမယ်နော် ... မင်းသမီး မင်းသားပုံလဲ တင်ပါအုံး :)

မိုးနတ်ကြယ်စင် said...

ဟုတ်တယ် အကိုရေ...အကိုရေးတဲ့စာတွေ
အကိုတင်ပေးတဲ့ပုံတွေကို ခံစားကြည့်ရင်း အကိုနဲ့အတူတူ
tour တစ်ခုခုများ အတူတူလိုက်ခွင့်ရရင် သိပ်ကောင်းမှာပဲလို့သာတွေးနေမိတော့တယ်..အဲလောက်တောင် စနစ်ကျနပြီး အပြောအဆိုအရေးအသား
ကောင်းမွန်တဲ့ အကိုရယ်ပါ...:)
အကို့သားလေးက ချစ်စရာလေးနော်..
နောက်အပတ်ကျရင် အမမေဓာဝီပြောသလို
မင်းသားနဲ့ မင်းသမီးပုံလဲတင်ပါအုံးဗျ အကိုရ..:P
မိုးနတ်ကတော့ အကိုတို့ပုံတွေအားလုံးထဲကနေရာ
တွေကို ရောက်ဖူးချင်တယ်..အားလုံးကိုလဲ အရမ်းပဲ
စိတ်ဝင်စားမိတယ်..ကိုယ်မသိသေးတဲ့အကြောင်း
အရာတွေနဲ့ အသစ်အဆန်းတွေချည်းပဲကိုးးးးးးးးးးးးးး
နောက်ပို့စ်ကို အသဲအသန်မျှော်နေပါကြောင်းးးး
ခင်မင်လျက်...မိုးနတ်

Shinlay said...

ကိုညီရေ.. လန်ဒန်မရောက်ပေမဲ့ ရောက်သလိုပါပဲ။
ကျေးဇူးတင်ပါတယ်။

ညီလင်းသစ် said...

ဇွန်...
အင်း.. ကျနော်တို့ ကလေးဘဝတုန်းက သိခွင့်မရခဲ့တာတွေက တကယ်တော့ ဒိုင်နိုဆော တစ်ခုတင်မကဘဲ အများကြီးပါပဲလေ၊ မသိ နားမလည်ခြင်းတွေ ရာနှုန်းပြည့်နဲ့ ဖြတ်သန်းခဲ့ကြတာနော်..၊း) နောက်ဆုံးတစ်ပုဒ်မှာတော့ အနွေးထည် ချွတ်နိုင်မယ့် အကြောင်းတစ်ခု ပါမယ် ထင်တယ်...၊း)

ညီမရွှေအိမ်စည်...
'ကားတစ်ပိုင်း၊ ရေတစ်ပိုင်းကြီး' တဲ့...၊ ခေါ်လိုက်တာ တကယ့်ကို ပျစ်ပျစ်နှစ်နှစ်ပဲ၊ သဘောကျတယ်၊း)) ရေထဲမှာလည်း ဘီးတွေက လိုက်လည်နေတယ်လို့ ပြောတာပဲ၊ ကျနော် ဆင်းတော့ မကြည့်ခဲ့ဘူး၊း) လူများချက်ကတော့ တကယ့်ကို လက်ကုန်ပဲ ညီမရေ..၊ အနွေးထည် မပါလည်း နောက်ဆုံးပိုင်းကို လိုက်ခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်ဗျား...၊း)

မအိုင်အိုရာ...
မအိုင်အိုရာသာ ဆိုရင်တော့ အဲဒီထဲ ဝင်သွားရင် တော်တော်နဲ့ ပြန်ထွက်လာမယ် မထင်ဘူး၊း) ငှက်နဲ့ ပတ်သက်တာတွေလည်း တကယ့်ကိုမှ အများကြီး...၊

ကိုလွင်ပြင်...
လာအားပေးတာ ကျေးဇူးပါပဲဗျာ...၊

ညီမမိုး...
အဲဒီ သရီးဒီမျက်မှန်ကတော့ တကယ့် အာဂဗျာ..၊း) အမှုန်အမွှားလေး တစ်ခုကအစ မျက်မှန်ထဲက လွတ်မသွားအောင် ဆိုတဲ့ စိတ်ကူးနဲ့ တူတယ်..၊

ညီမဒိုးကန်...
ဘီပီအေ အကြောင်းကို အခုလို တကူးတက လာပြန်ပြောလို့ ကျေးဇူးပါဗျာ၊ အဲဒီပို့စ်ကို မရေးခင်မှာ ပျင်းစရာ ကောင်းနေမယ်ထင်တယ်လို့ တွေးပြီး အကြာကြီး ချီတုံချတုံ ဖြစ်နေသေးတယ်၊ ညီမအတွက် အခုလို အသုံးတည့်တာ ကြားရလို့ ကျနော်တကယ်ပဲ ဝမ်းသာမိပါတယ်၊ သိပ်မကြာခင်မှာ ဆုံကြမယ်လေ.. နော၊း)

ညီမ,ကဗျာ...
ဒီလောက်လည်း မဟုတ်ရပါဘူးဗျာ၊ ဘာပြောပြော နားမထောင်၊ စိတ်မဝင်စားတဲ့ လူတွေလည်း ကြုံရပါတယ်၊း) အင်း.. ဖေဖော်ဝါရီ ခရီးစဉ်ကတော့ အရင် သွားကြည့်အုံးမယ်လေ..နော်၊ ပြီးမှ ရေးလို့ ရမရ ကြည့်ရတာပေါ့...၊း)

အစ်မမြသွေးနီ...
ကျေးဇူး တင်ပါတယ် အစ်မရေ...၊

ညီမစံပယ်...
ဒါပေါ့ဗျာ၊ မရောက်နိုင်ဘူးရယ်လို့မှ မရှိတာပဲနော်..၊ အခွင့်သာတဲ့ တစ်နေ့ကျရင် ဒိုင်နိုဆော ရုပ်ကြွင်းတွေကော၊ Westminster Abbey ဘုရားကျောင်းကော ရောက်အောင်သာ သွားပါညီမရေ..၊

အမည်ဝှက်စာဖတ်သူ...
Malacca ရဲ့ ကားတစ်ပိုင်း၊ မော်တော်တစ်ပိုင်း ယာဉ်အကြောင်းကို အခုလေးပဲ Google မှာ ရှာဖတ်ကြည့်လိုက်တယ်ဗျ..၊ အခုလို ပြောပြတာ ကျေးဇူးပါနော်...၊း)

မမေ...
ဧည့်လမ်းညွှန် အတွေ့အကြုံတွေ ဖတ်ချင်တယ်ဆိုလို့ ကျနော်တော့ ငိုချင်ရက်လက်တို့တော့ ဖြစ်ပြီနဲ့ တူတယ်၊း) ဘာတွေမှတ်မိသေးလဲလို့ ပြန်စဉ်းစား ကြည့်လိုက်အုံးမယ်၊ မမေလည်း ဒိုင်နိုဆောနဲ့ နောက်ကျမှ ဆုံစည်းရသူပဲကိုး..၊း) နာမည်တွေက အစပိုင်းမှာ အသံထွက်ရတာ ကိုးလိုးကန့်လန့် နိုင်တယ်နော်..၊ မင်းသား၊ မင်းသမီးဆိုတာ ဝီလျံနဲ့ ကိတ်ကို ပြောတာ ထင်တယ်၊ လန်ဒန်သွားပေမယ့် သူတို့ကို မတွေ့ခဲ့လို့ ဓါတ်ပုံ မရိုက်ခဲ့ရဘူး မမေရဲ့..၊းP ခဲရာခဲဆစ် ကွန်နက်ရှင် ကြားကနေ အမြဲပုံမှန် လာအားပေးလို့ ကျေးဇူးပါ မမေရေ...၊

ညီမမိုးနတ်...
အိမ်ခေါင်မိုးတော့ ပေါက်ထွက်ကုန်ပြီ ညီမရေ့...၊း)) ချီးကျူးတာ ကျေးဇူးတင်ပါတယ်ဗျာ၊ ဒါပေမယ့် အခုဆိုရင် ကျနော်မှတ်ထားတာတွေ မေ့ကုန်လို့ tour မှာ ကောင်းကောင်းတောင် ရှင်းပြနိုင်တော့မှာ မဟုတ်ဘူးဗျ၊ ဝီလျံနဲ့ ကိတ်ရဲ့ ဓါတ်ပုံမရပေမယ့် ချားလ်စ်နဲ့ ကမီးလာတို့ ပုံများ ရှိမလားလို့ ရှာကြည့်လိုက် အုံးမယ်၊း) ခင်ခင်မင်မင် ရှိလှတဲ့ ကွန်မန့်လေးအတွက်လည်း ကျေးဇူးပါ ညီမရေ...၊

အစ်မရှင်လေး...
ဟုတ်ကဲ့...၊ လာလည်တာလည်း ကျေးဇူးပါ အစ်မရေ...။

ညိမ်းနိုင် said...

Duck Tour က ဒီမှာလည်းရှိသဗျအကိုရ.....၊ကားပုံချင်း
တော့သိပ်မတူဘူးရယ်။Zသိမ်းပို့စ်ကိုမျော့နေမယ်ဗျို့။

SML (The Chara Project) said...

သွားမယ် သွားမယ် စဉ်းစားနေတာတော့ကြာပြီ ကိုညီလင်းသစ်ရေ၊၊ ခုတော့ တကယ်ဆုံးဖြတ်လိုက်ပြီ၊၊ ပုံတွေက တကယ်အသက်ဝင်တယ်၊၊ ခရီးတွေခဏခဏ ထွက်နိုင်ပါစေ :)

Anonymous said...

ကိုညီလင်းသစ်ရေ .. အပိုင်း(၂)ပါ ကိုယ်တိုင် စီမျောသွားခဲ့ရပါတယ် .. စိတ်ထဲမှ လန်ဒန်မြို့သို့ ...

Aunty Tint said...

တီတင့်ရဲ့ ဖေ့ဘုတ်ကနေ လက်ပ်တော့အထိ ဟက်ကာတွေ နှိပ်စက်လို့ စိတ်ပျက်ပျက်နဲ့ ခရီးထွက်လိုက်တာ ဒီကနေ့မှ ပြန်ရောက်ပြီး ပို့စ်တွေ လိုက်ဖတ်ဖြစ်တော့တယ် မောင်ညီလင်းရေး)
Jurassic Park ဆိုလို့ အဲဒီ movie အခွေကို သားတွေငယ်ငယ်က ကြည့်လွန်းလို့ တီတင့်တောင် အလွတ်ရနေပြီး) နေထိုင်ရတဲ့ ပတ်ဝန်းကျင် အရပ်ဒေသပေါ်တည်ပြီး ကလေးငယ်တွေ မိဘထက် တတ်သိနားလည်ကြတယ်။ ရိုက်ချက်ကောင်းတဲ့ ဓာတ်ပုံတွေနဲ့ ယှဉ်တွဲပြီး နေရာအနှံ့ လိုက်ပို့ပေးလို့ ကျေးဇူးပါနော်။ ဒီလိုကြည့်ခွင့် ဖတ်ခွင့်ကြုံရတာ 'ဟုံ'ပါဘူးကွယ်။ အဆုံးသတ်လေးကို ဆက်လက်မျှော်လင့်နေတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေလို့။

မေတ္တာဖြင့်
အန်တီတင့်

San San Htun said...

ကုန်းရော ရေပါသွားနိုင်တယ့် ယဉ်လေးက စိတ်ဝင်စားဖို့ ကောင်းတယ်...မျက်မှန်ကြီးနဲ့  သားသားပုံမြင်ရတော့ ပြုံးမိသေးတယ်..

Aung Ko said...

ကျွန်တော်လဲ အဲလို့ သွားပီး ကြည့်ချင်လိုက်တာဗျာ...း( ။အဲလို ယဉ်ကျေးမှု့ အမွေအနှစ်တွေ အခိုင်အမာ ၇ှိတဲ့ အင်္ဂလန်တို့ ပြင်သစ်တို့ ဂျာမန်တို့ကိုေ၇ာက်ဖူးချင်လိုက်တာဗျာ....ခေတ်သစ် မြို့ပြယဉ်ကျေးမှု့ထက် အဲလို ခေတ်ဟောင်း ယဉ်ကျေးမှူတွေက ပိုပီး စိတ်ဝင်စားဖို့ ကောင်းတယ်။ေ၇ာက်ဖူးချင်တယ်ဗျာ....လန်ဒန်ကို......အခုတော့...အေးခဲလှတဲ့ အနှုတ်၁၀-၁၅ လောက်၇ှိတဲ့ နေ၇ာမှာ အခန်းအောင်း၇င်း...အကို့ ဘလော့ ကို ဖတ်၇င်း.........

Sint Si said...

Just catching up with all your posts. Nice, Nice , Nice!!!

ဇွန်မိုးစက် said...

May you get well soon!

သက်ဝေ said...

ဘိလပ်ကို အတူ လိုက်လည်တာ တော်တော်လေးတောင် စုံသွားပြီ... စကာင်္ပူမှာလည်း Duck Tour ရှိတယ်.. ကိုညီလင်း လာရင် စီးရမှာပေါ့...း-)))

blackroze said...

ကားတပိုင်း သဘောင်္တပိုင်း
လေးကို သဘောကျမိပါရဲ့ အကိုရေ
အတိတ်ကာလနဲ့ လက်ရှိကာလ လေးကို
ယှဉ်ပြီးရေးပြသွားတဲ့ အရေးအသားလေးလည်း
ထိမိလှပါတယ်...

ဥထဲကပေါက်လာတဲ့ ဒိုင်နိုဆောလေးတွေကတော့
အသည်းယားစရာပါ....

သူတို့မျိုးတုန်းသွားတာဘဲကောင်းတယ်
ပြောရမလား မသိပါဘူးလေ..
နို့မို့ဆို လူသားတွေမျိုးတုန်း နိုင်တယ်ထင်တာဘဲ
ပုံတွေဝေဝေဆာဆာ နဲ့ဆိုတော့
ဖတ်ရင်းနဲ့ပြီးလို့ ပြီးသွားမှန်းတောင်မသိလိုက်ပါဘူး
အကိုရေ...