10 February 2013

ကတ်ကြေးတစ်ကိုက်...




ဘယ်နှစ်လှမ်းမြောက်မှန်း မသိတော့သော ခြေလှမ်းတို့ကို အသာရပ်လိုက်ရင်းမှ ခန္ဓာကိုယ်ကို ဘယ်ညာတဖက်ဆီသို့ အသာအယာကလေး ဆက်ပြီး သူ လှုပ်ယိမ်းနေလိုက်သည်၊ အပြင်မှာ မှောင်ပြီ ဖြစ်သော်လည်း အခန်းလေးထဲမှာ မီးပိတ်ထားဆဲ ဖြစ်သည်၊ တဖက်က ထမင်းစားခန်းမှ မီးရောင်တချို့ နယ်ကျွံလျက် ဝင်ရောက်နေခြင်း ကြောင့်သာ အခန်းလေးထဲက ပရိဘောဂ၊ ပစ္စည်း များကို မသဲမကွဲ မြင်နေရခြင်း ဖြစ်သည်၊ စားပွဲပေါ်မှ နာရီဆီသို့ အမှတ်တမဲ့ လှမ်းကြည့်မိတော့ ည ၇ နာရီခွဲကို ညွှန်ပြနေသည့် လက်တံတို့ကို မပီဝိုးတဝါး တွေ့ရသည်၊ မှန်ပြူတင်းတံခါး၏ အပြင်ဖက် ချုပ်ညရီထဲမှာ မာကျူရီ မီးတိုင်တွေက အလင်းတွေ ဖြာကျလျက် ညဦးကို တစွန်းတစ ရက်ဖောက်စ ပြုနေခဲ့ပြီ၊ လမ်းပေါ်မှာတော့ လူသူလေးပါး ကင်းရှင်းလျက်...၊

သူရှိနေရာ အခန်းကလေးထဲမှာ သူ့အပြင် အခြားအသက်ရှူသံလေး တစ်ခုက တရှူးရှူးနှင့် ဖြေးဖြေးနှင့် ပုံမှန်လေး ထွက်ပေါ်လျက် ရှိပါသည်၊ အသံလာရာဆီသို့ သူ ငုံ့ကြည့်လိုက်သည်၊ ကြမ်းပြင်ပေါ် တစွန်းတစ ကျနေသည့် တဖက်ခန်းမှ မီးရောင်ဖြင့် သားရဲ့ မျက်နှာလေးကို သူ တွေ့နေရသည်၊ သူ့လက်ပေါ်မှာ အပူအပင် ကင်းမဲ့စွာဖြင့် အိပ်ပျော်နေသော မျက်နှာကလေး...၊ စောစောတုန်းကတော့ ဗိုက်ဆာနေ၍ထင့်၊ မျက်နှာတွေ နီရဲလာအောင်ပင် တဝါးဝါး အော်ငိုနေခဲ့ သေးသည်၊ သားမေမေက နို့တိုက်ဖို့ ပြင်ဆင်နေသည့် ကြားကပင် သားက တစ်စက္ကန့်လေးမျှ ဆက်ပြီး စောင့်ဆိုင်းလိုခြင်း အလျှင်းမရှိ၊ သူ့အတွက်က တစ်စက္ကန့်သည် တစ်ကမ္ဘာအလား ကြာလွန်းလှပုံပင်၊ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျသည့်အထိပင် အော်ဟစ်ငိုယို နေခဲ့သည်၊ အခုတော့လည်း ဗိုက်ကလေး ပြည့်သွားသည့်အခါ စောစောက ဒေါသူပုန်တွေ ထနေခဲ့သည့် သားကလေးက တရှူးရှူးဖြင့် ငြိမ်းချမ်းရေး၏ အသီးအပွင့်များ ခံစားလို့..၊

လက်အနေအထားကို ပြောင်းလိုက်သည့်အခါ သူ့လက်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည့် သားက အနည်းငယ် လူးလွန့်သွားခဲ့သည်၊ နိုးများ နိုးသွားမလားဟု စိုးရိမ်မိသွားကာ တကျွတ်ကျွတ်ဖြင့် သူ စုတ်သပ်ကာ ချော့မိသည်၊ သို့သော် ဒါက သူ့စိုးရိမ်မှု သက်သက်သာ ဖြစ်သည်၊ ကလေးက မနိုးပါ၊ သူ့မှာသာ တကျွတ်ကျွတ်ဖြင့် 'အေးအေး..အိုအို' လုပ်ရင်း လက်နှစ်ဖက်ကို ခပ်ဆဆလေး ဆက်လွှဲကာ အသာချော့သိပ် နေဖြစ်သည်၊ အနေအထား ပြောင်းသွားသော သားရဲ့လက်ကလေးကို သူ့ဗိုက်ပေါ် အသာလေး ပြန်တင်ပေး လိုက်သည်၊ ဗိုက်ပေါ်မှ အင်္ကျီလေးကို ခပ်သာသာ ပြန်ဆွဲချပေးရင်း သူ့စိတ်က လွန်ခဲ့သော လေးလနီးပါး ခန့်က ဆေးရုံပေါ်မှ မွေးခန်းထဲကို ပြန်ရောက်သွားခဲ့သည်၊

ညနေဖက်ကြီး ဗိုက်နာလာသည့် ဇနီးသည်ကို ဆေးရုံလိုက်ပို့တော့ မီးယပ်ဆရာဝန်က ဒီညပဲ မွေးဖို့ အဆင်သင့် ဖြစ်နေပြီဟု ဆုံးဖြတ်ကာ ဆေးရုံတက်စေသည်၊ မွေးလူနာခန်း တစ်ခုမှာ လိုအပ်တာတွေ ပြင်ဆင်ရင်း အဆင်သင့် ဖြစ်တော့ သူတို့ကို မွေးခန်းထဲကို ပို့လိုက်သည်၊ ဤနိုင်ငံ မှာက မီးဖွားမည့် လူနာအမျိုးသမီး၏ ခင်ပွန်းပါ မွေးခန်းထဲကို လိုက်ခွင့် ပေးထားပါသည်၊ သို့နှင့် သူလည်း မွေးခန်း ဆိုတာကြီးထဲ ဒုတိယအကြိမ် ပြန်ရောက်ခဲ့ရသည်၊ ပထမတစ်ကြိမ်က အကြိုဆို ခံရသူ အနေနှင့် ဖြစ်ပေမယ့် ယခုတစ်ခေါက်ကတော့ ကြိုဆိုသူ နေရာက...၊ ဇနီးသည်၏ ဘေးမှာ အသာထိုင်နေရင်း အချိန်ကျဖို့ကို စောင့်ဆိုင်းနေခဲ့သည်၊ သူနာပြု ဆရာမလေးတွေနှင့် သားဖွား ဆရာမ တချို့က သူတို့ကို လာကြည့်လိုက်၊ တဖက်ခန်းက အခြားမွေးလူနာတွေကို သွားကြည့်လိုက် ဖြင့် ဝင်ချည်၊ ထွက်ချည် ရှိနေကြသည်၊ သို့နှင့် သန်းခေါင်ကျော်လာသည့် အခါမှာ တော့ သားကလေးက အပြင်ထွက်ချင်ကြောင်း အချက်ပြလာခဲ့ တော့သည်၊

မရှေးမနှောင်းမှာပဲ သားကို မွေးပေးဖို့ စောစောကတည်းက လာကြည့်ခဲ့သော သားဖွားဆရာမ တစ်ယောက် ရောက်လာခဲ့သည်၊ ဆရာမလေးကို ကြည့်ရင်း သူပြုံးမိသည်၊ 'ကလေး မွေးတဲ့အခါ သားဖွားဆရာမပဲ လာမွေးပေးတယ် ဆိုရင် အဲဒါ သတင်း ကောင်းပဲ၊ သဘောက အခြေအနေ အားလုံးကောင်းတယ်၊ ဘာမှရှုပ်ထွေးမှု မရှိလို့ မီးယပ်ဆရာဝန်ကြီးတွေ လာစရာ မလိုဘူးဆိုတဲ့ အဓိပ္ပါယ်လေ..'တဲ့၊ သူ့ကို ဘယ်သူများ ပြောသွားတာပါလိမ့်၊ ဆရာမလေးကတော့ လုပ်စရာ ရှိတာတွေကို တစ်ခုချင်း အေးအေးဆေးဆေး လုပ်နေခဲ့သည်၊ လူသားကလေး တစ်ယောက်ကို ကြိုဆိုရမည့် သူတစ်ယောက်လို မဟုတ်ဘဲ ရုံးစားပွဲမှာ စာရွက်စာတမ်းတွေနှင့် အလုပ်ထိုင်လုပ် နေသည့်နှယ်၊ သူ့မှာသာ စိတ်လှုပ်ရှားနေ ခဲ့သည်၊ ဇနီးသည်ကို အကဲခတ်ကြည့်တော့ သူလည်း စိတ်စောနေပုံ ရသည်၊ နဖူးမှာ ချွေးသီးလေးများပင် စို့လို့..၊ သူ့လက်ထဲက တစ်ရှူးပုဝါလေးဖြင့် ချွေးများကို သုတ်ပေးလိုက်သည်၊ ကိုယ်ဝန်ရင့်လာသည့် အချိန်မှာ မိဘလောင်းတွေကို မီးဖွားခြင်းနှင့် ဆိုင်သည့် သိစရာ အချက်အလက်များကို ရှင်းပြသည့် ဆွေးနွေးပွဲ သင်တန်းတစ်ခု သူတို့ တက်ခဲ့ရသည်၊ အဲ့သည် သင်တန်းမှာ ပြောဆိုကြသော အကြောင်းအရာ အများစုက သဘာဝကျစွာပင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနှင့်သာ အဓိက သက်ဆိုင်သောကြောင့် အခြားသော ကိုယ်ဝန်ဆောင်တွေ၏ ယောက်ျားများ နည်းတူ သူလည်း မျက်လုံး ပေကလပ်ဖြင့် လိုက်ပြီး နားထောင်နေ မိသည်၊ ယောက်ျားတွေနှင့် သက်ဆိုင်သည့် အကြောင်းများ ရောက်တော့ သူ ခါးမတ်သွားရင်း နားစွင့်ထားမိသည်၊ သူတို့လို ခင်ပွန်းသည်တွေ လုပ်နိုင်သည့် ရှားရှားပါးပါး အချက်အနည်းငယ်က ကိုယ့်ဇနီးဘေးမှာ ထိုင်ပြီး အားပေးခြင်းနှင့် ချွေးသုတ်ပေးခြင်းတို့ ဖြစ်သည်-တဲ့...၊

သူ့လို အမျိုးသား တစ်ဦးအတွက်ကလည်း မွေးခန်းထဲမှာ လုပ်စရာ များများစားစား သိပ်မရှိလှပါ၊ မွေးမည့် ဇနီးသည်၊ သားဖွားဆရာမ၊ ကူညီသည့် သူနာပြုဆရာမ၊ အားလုံးမှာ လုပ်စရာ ကိုယ်စီနှင့်..၊ အားပေးရုံ၊ ချွေးသုတ်ရုံသာ တတ်နိုင်သည့် သူ့အတွက် အခုလို လာထိုင်ခွင့်ရသည့် အဖြစ်ကပင်လျှင် စိတ်လှုပ်ရှားဖို့ ကောင်းနေခဲ့ပြီ၊ ဇနီးသည်ကို အသက်မှန်မှန် ရှူဖို့ ပြောလိုက်၊ မစိုးရိမ်ဖို့ အကြောင်း၊ မကြာခင် အဆင်ပြေသွားမည့် အကြောင်း အားပေးလိုက်၊ လိုအပ်လျှင် ချွေးသုတ်ပေးလိုက်၊ နည်းနည်းလေး အားစိုက်ညှစ်ဖို့ ပြောလိုက်နှင့် သူလည်း တတ်နိုင်သလောက် ပါဝင်ခဲ့သည်၊ သို့နှင့် သိပ်မကြာလိုက်ခင်မှာပဲ သူ မျှော်လင့်ခဲ့ရသော အချိန်က ချောမွေ့စွာပဲ ရောက်လာခဲ့ ပါသည်၊ နီရဲနေသော လူသားသေးသေးလေးကို မြင်လိုက်ရချိန်နှင့် 'အူဝဲ' ဆိုသော အသံလေး ကြားလိုက်ချိန်က တဆက်တည်းလိုလိုပင် ဖြစ်လေသည်၊ သားကို မြင်လိုက်ရချိန်၌ အိပ်မက်ကမ္ဘာနှင့် တကယ့်အဖြစ်မှန်တို့ အကြား တိမ်မျှင်တိမ်စိုင်တို့ ထူထပ်လှသည့် တောင်ထိပ်ပေါ်မှာ လမ်းလျှောက်နေရသလို သူခံစားရလေသည်၊

ကလေးကို အပြင်ရောက်ရောက်ချင်း မိခင်၏ ရင်ဘတ်ပေါ်သို့ ချက်ချင်းပင် တင်ပေးပါသည်၊ မိခင် ဗိုက်ထဲမှာ လပေါင်းများစွာ နေခဲ့သည့် ကလေးတစ်ယောက်အတွက် ပြင်ပကမ္ဘာနှင့် ထိတွေ့လိုက်ရ ချိန်မှာ အလိုအပ်ဆုံးက အမေ၏ ရင်ငွေ့နွေးနွေးနှင့် စကားသံတို့သာ ဖြစ်သည်ဟု ဆိုသည်၊ စင်စစ် လူသားကလေးတစ်ယောက် မြေကမ္ဘာကို ရောက်ရှိလာသည့် ဖြစ်စဉ်ထဲတွင် မိခင်နည်းတူ ကလေးလည်း ပင်ပန်းရသည်၊ မောပန်းသည့် ခရီးကြမ်း၊ အေးစက်သော ပြင်ပလေ၊ သူ့ကို ကိုင်တွယ်ထိတွေ့သော လက်များ..၊ ဒါတွေကို တပြိုင်တည်း ကြုံလိုက်ရသော ကလေးတစ်ယောက် အတွက် ယခုလို အမေ့ရင်ဘတ်ပေါ်မှာ အမောဖြေဖို့၊ လုံခြုံနွေးထွေးစေဖို့ အရေးကြီးပါသည်၊ ခဏကြာတော့မှ ချက်ကြိုးဖြတ်ဖို့ ပြင်ဆင် ကြသည်၊

'ဒီနေရာလောက်က ဖြတ်နော်'ဟု သူနာပြု ဆရာမလေးက ချက်ကြိုးကိုပြပြီး သူ့လက်ထဲကို ကတ်ကြေးတစ်လက် လာထည့်ပေးသည်၊ ကတ်ကြေးကို တခါမှ မကိုင်ဖူးသူ တစ်ယောက်လို လှမ်းကိုင်ရင်း သူ စိတ်လှုပ်ရှားနေခဲ့သည်၊ ချက်ကြိုးဖြတ်ရာမှာ ဖခင်များ ဆန္ဒရှိပါက ပေးဖြတ်သည်ဟု သင်တန်းမှာတုန်းက သူမှတ်ခဲ့ရသည်၊ ယခုတော့ သူ့လက်ထဲမှာ ကတ်ကြေးတစ်လက် ရောက်နေပြီ၊ သူ့ဘဝမှာ ကတ်ကြေးပေါင်းများစွာ ကိုက်ခဲ့ဖူးပါသည်၊ ထမင်းစားဝိုင်းက နံနံပင်ကို၊ အမေစက်ချုပ်သည့် ပိတ်စတွေကို၊ စာသင်ခန်းထဲက စက္ကူပေါင်း များစွာကို၊ အစရှိသဖြင့်..၊ ပစ္စည်းအစုံကို ကတ်ကြေးအစုံဖြင့် သူ ဖြတ်ခဲ့ဖူးသည်၊ အခုလို ခံစားရတာမျိုး မရှိခဲ့၊ ယခုတော့ မွေးခန်းထဲက ကုတင်ဘေးမှာရပ်ရင်း လက်ထဲမှာ ကတ်ကြေးတစ်လက်နှင့် သူ့မှာ မောပန်းနေ သလိုလို၊ လက်ချောင်းတွေက အားမရှိတော့ သလိုလို၊ တစုံတခုကိုပဲ စိုးရိမ်နေ သလိုလို..၊

'ကျနော် ညှပ်လိုက်ရင် သူ နာသွားမှာလား...'

သူ့အမေးကို အရှေ့က ဆရာမလေးက နားလည်သည့် အပြုံးတစ်ခုဖြင့် ပြန်ဖြေပါသည်၊

'မစိုးရိမ်ပါနဲ့ရှင်၊ မနာပါဘူး၊ ရှင့်သားက သိလိုက်မှာတောင် မဟုတ်ပါဘူး၊ ကျမတို့ ဒီမှာ ဖော့ဆက်နဲ့ ပိတ်ထားတဲ့ နေရာအတွင်းမှာ ရဲရဲသာ ညှပ်ချလိုက်ပါ'...၊

အနည်းငယ် စိတ်ပေါ့ပါးစွာဖြင့် ချက်ကြိုးပေါ်သို့ ကတ်ကြေးကို သူ တင်လိုက်သည်၊ ကလေး၏ အရွယ်အစားနှင့် နှိုင်းယှဉ်လျှင် ချက်ကြိုးသည် အတော်ပင် ကြီးမားပါသည်၊ လုံးပတ်က သူ့စိတ်ထင် အနည်းဆုံး လက်နှစ်လုံးခန့်တော့ ရှိလိမ့်မည်၊ အသက်ကို ခပ်ပြင်းပြင်း တချက်ရှူသွင်းရင်း ဟ,ထားသော ကတ်ကြေးကို သူ ဖိညှပ်ချလိုက်သည်၊ ချက်ကြိုးက ပလတ်စတစ် ကြိုးစတစ်စလို ချက်ချင်း တိကနဲ ပြတ်ကျမသွားပါ၊ ကတ်ကြေးအသွားက ချက်ကြိုးထဲမှာ တအိအိ မြုပ်ဝင်သွားနေတာကို သူ့လက်ကနေ ခံစားလို့ ရနေသည်၊ နောက်ထပ် နည်းနည်းလေး အားစိုက်လိုက်သည့် အခါမှာ 'ရွှပ်' ဆိုသောအသံနှင့်အတူ ချက်ကြိုးတစ်ခုလုံး ပြတ်သွားတော့သည်၊ သူ့ ရင်ထဲမှာလည်း အမျိုးအမည် ဖော်ပြရခက်သည့် ခံစားမှုများစွာ ဖြတ်သန်းတွန်းတိုက် သွားခဲ့သည်၊ အဲ့သည် 'ရွှပ်' ဆိုသော အသံက တကယ်တော့ သားကလေးကို ဟောဒီလောကထဲ ဖြည်ချလိုက်သည့်အသံ..၊ ထိုအသံလေးထဲမှာ စိန်ခေါ်မှုတွေ ပါသည်၊ အားထားမှုတွေ ပါသည်၊ တာဝန်ယူမှုတွေ ပါသည်၊ ကျေနပ် ပီတိဖြစ်ခြင်းတွေလည်း ပါ,ပါသည်၊ စင်စစ် ချက်ကြိုးဆိုတာက ကလေးတစ်ယောက် လူ့လောကထဲ ရောက်သည့် အချိန်ကစလို့ ဘာမှ အသုံးမဝင်တော့..၊ ချက်ကြိုးကတဆင့် မိခင်အပေါ် တချိန်လုံး မှီခိုနေရသည့် အဖြစ်မှ သူ့ခွန်သူ့အားဖြင့် စားသောက်ရှင်သန်ရမည့် အဖြစ်ကို သားလေး ကူးပြောင်းတက်လှမ်းဖို့ ကတ်ကြေးတစ်ကိုက်ဖြင့် ဖေးမခေါ်ယူခွင့် ရသည့်အတွက် သူ ကျေနပ်ပါသည်၊ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ မိခင်တစ်ယောက်တည်းက အချိန်ပြည့် တာဝန်ယူခဲ့ရာက ယခုအချိန်မှစ၍ သူကပါ ဖခင်တစ်ယောက် အနေနှင့် ခွဲဝေမျှခံဖို့ ဤကတ်ကြေးတစ်ကိုက်က သတိပေးလိုက်ခြင်းလည်း ဖြစ်ပါသည်၊

မွေးခန်းထဲမှာ ရှိနေရာမှ သား၏ အိပ်ခန်းထဲသို့ သူ ရုတ်တရက် ပြန်ရောက်လာခဲ့သည်၊ သားက သူ့လက်ပေါ်မှာ တရှူးရှူးနှင့် အိပ်ပျော်နေဆဲ၊ ဒီတခါတော့ ပုံစံ မပျက်ယွင်းအောင် တတ်နိုင်သလောက် သတိထားချီပွေ့လျက် အိပ်ရာပေါ်သို့ ချလိုက်သည်၊ အိပ်မောကျသွား၍ ထင်သည်၊ လူးလွန့်တာမျိုး မရှိတော့၊ နို့ဝသွားသော မျက်နှာလေးကို ကြည့်နေရင်းမှ သား၏ ချက်ကလေးကို အင်္ကျီပေါ်မှနေ၍ သူ အသာလေး လက်ညှိုးဖြင့် ထိကြည့်မိသည်၊ မွေးခန်းထဲက ကတ်ကြေးတစ်လက် အကြောင်း စဉ်းစားမိသည့်အခါ ရင်သည် ယခုထက်တိုင် ပူနွေးရဆဲ ဖြစ်သည်၊ တကယ်တော့ သားကလေးသည် သူ တဝက်စိုက်ပျိုးခဲ့သော သစ်ပင်ပေါက်ကလေး ဖြစ်ပါသည်၊ တသက်စာ စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်ပါ ဟူသော စကားရှိ၏ ယခု ဤသစ်ပင်လေး ကိုလည်း သူတို့က တသက်စာအတွက် စိုက်လိုက်ခြင်း ဖြစ်သည်၊ သို့သော် စိတ်ချမ်းသာဖို့၊ အရိပ်ရဖို့၊ အသီးစားရဖို့ ဆိုသည်မှာ မသေချာသော၊ မမျှော်ကိုးသော အကြောင်းအရာများ ဖြစ်သည်၊ သေချာသည်ကတော့ ချစ်ခြင်းမေတ္တာ သက်သက်ဖြင့်သာ စိုက်ပျိုးခဲ့ခြင်း ဖြစ်လေသည်။ ။


(“သက်တံ့ဆယ်စင်း” စာအုပ်ထဲမှာ ပါခဲ့တဲ့ ကျနော့်ရဲ့ ဝတ္ထုတိုလေးပါ၊ တချို့လည်း ဖတ်ပြီးသား ဖြစ်ချင်ဖြစ်ပါလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မဖတ်ရသေးတဲ့ သူတွေအတွက်ရယ်၊ အမှတ်တရဖြစ်အောင်ရယ် ဆိုပြီး တင်လိုက်ပါတယ်...)


ညီလင်းသစ်
၁၀ ဖေဖော်ဝါရီ၊ ၂၀၁၃

24 comments:

ချစ်စံအိမ် said...

မဖတ်ရသေးဘူး အကိုရေ ကျေးဇူးတင်ပါတယ် ဖတ်ရတာ ရသဖော်လွန်းပါတယ် ..အရမ်းကောင်း

Ma Tint said...

သက်တံဆယ်စင်းမှာ ဖတ်ပြီး ရင်ထဲထိစွဲကျန်နေတဲ့ တစ်ပုဒ်ပဲ မောင်ညီလင်းရေး)စာပေကောင်းတွေ အမြဲဖတ်ခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်နေပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

သရုပ်ဖော်ကောင်းချက်ကတော့ ဂွတ်ရှယ် ဂွတ်ရှယ်...မိဘနေရာကနေပြီးတော့ ဝင်ပြီးခံစားသွားတယ်နော် :)
တိမ်ပြာ(မနောမြေ)

မိုးငွေ့........ said...

ဖတ်ပြီးသားပေမယ့် ပြန်လာဖတ်ပါတယ်...ဖခင်တစ်ယောက်ရဲ့ နွေးထွေးရင်ခုန်မှု ပီတိဖြစ်ရမှုကို နောက်တစ်ကြိမ် ပြန်လာကူးစက်ယူသွားပါတယ် အစ်ကို..။

မြသွေးနီ said...

များသောအားဖြင့် အမေနဲ့သား၊ အမေနဲ့သမီးအကြောင်း ရေးကြတာတွေများတယ်။ အခုက အဖေနဲ့သားတောင်မှ မွေးစပေါက် သားလေးအပေါ် ဖခင်တစ်ယောက်ရဲ့ ၅၂၈ချစ်ခြင်းမေတ္တာတွေ ဘယ်လောက်တောင် ယိုစီးကျလာစေသလဲဆိုတာကို ထုံမွှမ်းထားတာ ကြည်နူးမှုတွေ ကူးစက်လာစေတဲ့ အထိပါဘဲ ကိုညီရေ..။ ပြန်ဖတ်မိတိုင်းလဲ
ကျေနပ်နှစ်သက်မှု တစိမ့်စိမ့် ရစေပါတယ်။

ရွှေအိမ်စည် said...

တင်လိုက်ပြီ..တင်လိုက်ပြီ
ဖေ့ဘုတ်ထဲ တွေ့လို့ အပြေးလာကြည့်တာ
သရုပ်ဖော်ပုံလေး မိုက်တယ် ကိုညီ
စာအုပ်ထဲ အဲဒါလေးထည့်လိုက်ရမှာ
သေးသေးလေးက သားပုံလေးလား...၀ိုးးး အသည်းယားစရာ
နောက်တစ်ခေါက်ပြန်ဖတ်လည်း ရိုးကိုမရိုးလို့ ပြန်ဖတ်သွားတယ်...။
စာကြောင်းတော်တော်များများကို အလွတ်မှတ်မိနေတဲ့ ၀တ္တုလေး......။
:) :) :)

မိုးညချမ်း said...

သက်တံဆယ်စင်းကို ရှာဝယ်တာ မရတော့တာနဲ့ အတော်ပဲ အစ်ကိုရေ ...ခုလိုပြန်တင်ပေးတာ ကျေးဇူးတင်ပါတယ် ... ပုံဖန်တီးထားတာလေး သဘောကျတယ် ...

blackroze said...

ဟုတ်ပအကိုရေ
အဲဒီကတ်ကြေးလေး
ကိုင်လိုက်ရတဲ့အချိန်မှာတော့
ခံစားနေရတဲ့ ခံစားချက်
ခုန်နေတဲ့ရင်ခုန်သံ
ဒါတွေအားလုံးဟာ..
တန်ဘိုးမဖြတ်နိုင်တဲ့
အရာတွေပါဘဲ...

မိုးနတ်ကြယ်စင် said...

အကိုရေ....
ပြန်တင်ပေးမယ်ဆိုလို့ ညီမလေးမျှော်နေတာကြာပြီ..
ကျေးဇူးအရမ်းတင်ပါတယ် အကိုတော်....
စာအုပ်က ညီမလေး မဖတ်ရဘူး...အဲ့ဒါကြောင့်
အကိုတင်ပေးမှာကို မျှော်နေတာ...ခုမျှော်ရကျိုးနပ်
လိုက်တယ်ဆိုရမယ်...အမမြသွေးပြောသလိုပဲ..
အကို့ရဲ့ အဖေနဲ့သား အကြောင်း...အဲ..မွေးကင်းစ
သားငယ်လေးတစ်ယောက်နဲ့ သူ့ရဲ့ပဲ့ကိုင်ရှင်ဖြစ်လာမဲ့ အဖေတစ်ယောက် အကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့
သပ်သပ်ရပ်ရပ်လေး မေတ္တာတွေ အပြည့်နဲ့
ခြယ်မှုန်းပြထားတာ ကောင်းလိုက်တာရှင်.....
စာသားလေးတွေကိုလဲ သေချာဖတ်ပြီး
အကို့နေရာကနေ ၀င်ခံစားကြည့်ခဲ့ပါတယ်နော်...:)
အကိုတို့ မိသားစု ပျော်ရွင်အေးချမ်းနိုင်ပါစေ..
အကိုနေကောင်းသွားပြီဆိုလို့လဲ အရမ်းပဲ
ဝမ်းသာနေမိပါတယ်...:)))
ခင်မင်လေးစားလျက်...မိုးနတ်

Anonymous said...

ကိုညီလင်းသစ်ရေ ..
မဖတ်ဖူးသေးသူအတွက်ကတော့ အသစ်ပဲ ..
ရေးထားတဲ့ စာသားလေးတွေက ဖတ်ရတဲ့သူကို ခံစားမိစေတယ် ...

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ညိမ်းနိုင် said...

သိပ်ကောင်းတယ်အကိုရ.....၊ဖခင်မေတ္တာကို လှလှလေး
ဖော်ညွှန်းသွားနိုင်တယ်....၊အကို့ပို့စ်ဖတ်ပြီး ကလေး
တစ်ယောက်တောင် ယူချင်စိတ်ပေါက်လာတယ်..... :)))))

ညီလင်းနိုင် said...

ဖတ်ညွှန်းတစ်ခုမှာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်။

အခု ထပ်ဖတ်လိုက်ရချိန်မှာလည်း၊

ပထမတုန်းက ခံစားမှုမျိုးထက်မလျော့တဲ့

စိတ်.... တစ်ခု ထပ်ဖြစ်တယ်။

အမှန်ပြောရရင်....

အဲဒီ ဖြစ်သွားတဲ့ စိတ်ကို

ကျွန်တော် အခုချိန်ထိ နာမည်တပ်မရသေးဘူး။

ကျွန်တော် ညံ့နေတုန်းပဲ ကိုညီလင်းရေ....

ထပ်ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် အကို။

Iora said...

ပြောရမယ်ဆိုရင်ကျမချက်ကြိုးကိုတစ်ခါမှမမြင်ဖူးဘူး။ ဒါပေမဲ့ကိုညီလင်းသစ်လိုဘဲကျမကိုသာဖြတ်ခိုင်းရင်နာများသွားမလားလို့ စိုးရွံ့ မိမှာသေချာတယ်။ ပြီးတော့လူ့ အသားလိုမျိုးကိုကတ်ကျေးနဲ့ ဖြတ်ရမယ်ဆိုတော့ခံစားမှုပေါင်းစုံဖြစ်နေမှာသေချာတယ်။
အရေးအဖွဲ့ ကောင်းလို့ ကျေနပ်စွာခံစားဖတ်သွားပါတယ်။
အိုင်အိုရာ

ညီလင်းသစ် said...

ညီမချစ်စံအိမ်...
မဖတ်ရသေးဘူးဆိုလို့ အခုလို တင်ပေးရတာ ဝမ်းသာမိပါတယ် ညီမရေ...၊ ပုံမှန်လာဖတ်တဲ့ အတွက်လည်း ကျေးဇူးပါနော်..၊း)

တီတင့်...
ကျေးဇူးတင်ပါတယ် တီတင့်ရေ...၊ အမြဲလိုလို မေတ္တာ၊ စေတနာနဲ့ လာပြီး အားပေးတတ်တဲ့ တီတင့်ကြောင့်လည်း စာတွေ ရေးရတာ ပိုပြီး အားရှိစေပါတယ်...၊း)

မနောမြေကတိမ်ပြာ...
ဟော.. စာမေးပွဲတွေ ပြီးသွားပြီလား? စာတွေ ပိနေတဲ့ ကြားကနေ လာဖတ်လို့ ကျနော်ကလည်း ကျေးဇူး အထူးပါဗျာ..၊း)

ညီမမိုး...
ဖတ်ပြီးသားပေမယ့် ချစ်ခင်သောစိတ်နဲ့ ဒုတိယအကြိမ် လာပြီး အားပေးတာ ကျေးဇူးအများကြီး တင်ပါတယ် ညီမရေ..၊း)

အစ်မမြသွေး...
'မွေးစပေါက်သားလေး' ဆိုတဲ့ အသုံးကလေးကို သဘောတကျနဲ့ ရွတ်ကြည့်နေ မိတယ်၊းD စာရွက်တွေပေါ်မှာ ဖတ်ပြီးနေပေမယ့် စခရင်မ် ပေါ်မှာလည်း လာထပ်ဖတ်လို့ ကျေးဇူးအစ်မ....၊း)

ညီမရွှေအိမ်စည်...
ဟုတ်ကဲ့..၊ တင်လိုက်ပါပြီ၊း) ဓါတ်ပုံလေးကို ချီးကျူးသွားလို့ ကျေးဇူးပါ ညီမရေ..၊ ပို့စ်အတွက် သရုပ်ဖော်ပုံလေး လိုတာနဲ့ မနေ့ညကမှ အမြန်ကောက်ရိုက်လိုက်တာ..၊း) ဟုတ်ပါတယ်၊ အဲဒီ သေးသေးလေးက ချက်ကြိုးအဖြတ်ခံလိုက်ရတဲ့ ကလေးပေါ့..၊

ညီမမိုးည...
ဒီလိုဆိုတော့လည်း ထပ်ပြီး မျှဝေခွင့်ရလို့ ဝမ်းသာပါတယ် ညီမရေ၊ ရင်းနှီးခင်မင်စွာနဲ့ လာလည်တဲ့ အတွက်လည်း ကျေးဇူးပါဗျာ..၊

ညီမ blackroze...
အမှန်ပါပဲဗျာ..၊ ကတ်ကြေးတစ်လက်က သယ်လာနိုင်တဲ့ အရာတွေက တကယ့်ကိုမှ အများကြီးပါပဲ...၊း)

ညီမမိုးနတ်...
စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းအားပေးလို့ ကျေးဇူး အများကြီး တင်ပါတယ် ညီမရေ...၊ တခါတလေ စိတ်ပျက်ငြီးငွေ့ပြီး ဘာပို့စ်မှ အသစ်မတင်ချင်တဲ့ အခါမျိုးတွေမှာ အခုလို ကွန်မန့်လေးတွေက တွန်းအားပေး ပါတယ်၊ ကျေးဇူး ညီမ...၊း)

ညီမဆောင်းနှင်းရွက်...
ကျေးဇူးပါပဲ ညီမရေ...၊း)

ကိုညိမ်း...
လုပ်လိုက်လေ ကြာသလားလို့ ကိုညိမ်းရ...၊ အခုခေတ်မှာ အဆင့် ကျော်တာတို့၊ ဘယ်ဟာက အရင်၊ ဘယ်ဟာက နောက်တို့.. ဆိုတာမျိုးတွေ မရှိတော့ပါဘူး၊း) ယူသာယူဗျား...၊းD

ကိုညီလင်း...
နှစ်ကြိမ်မြောက် ဖတ်သွားလို့ ကျေးဇူးပါဗျာ..၊ အဲ.. နာမည် မတပ်နိုင်လို့ ညံ့နေတုန်း ဆိုတာတော့ ကျနော်တို့ ယုံကြည်ဖို့ ခက်ပါတယ်၊း) အထူးသဖြင့် ပြောင်မြောက်တဲ့ ကဗျာတွေကို ဖွဲ့နိုင်တဲ့ ကိုညီလင်းက ပြောတာ ဖြစ်နေလို့ဗျ...၊း)

မအိုင်အိုရာ..
ကျနော်လည်း ချက်ကြိုးကို အရင်တုန်းက မမြင်ခဲ့ဖူးပါဘူး မအိုင်အိုရာရေ...၊ ကျနော့်ကိုယ်ပိုင် ချက်ကြိုးဆို ဖြူသလား၊ မဲသလားတောင် မသိလိုက်ရဘူး..ကဲ၊းP ရက်တွေ၊ လတွေ ပြောင်းသွားပေမယ့် အရင်လိုပဲ ခင်မင်စွာ လာဖတ်နေလို့ ကျေးဇူး ပါလို့ ဆိုပါရစေဦး...၊း)

Aung Htut said...

"ရွှပ်" ဆိုတဲ့ နေရာလေးကို အကြိုက်ဆုံးပဲ....

ဒီလောကထဲကို ဖြည်ချလိုက်သည့် အသံ...၊ ထိုအသံလေးထဲမှာ စိန်ခေါ်မှုတွေ ပါသည်၊ အားထားမှုတွေပါသည်....၊ တာဝန်ယူမှုတွေ ပါသည်၊ ကျေနပ် ပီတိဖြစ်ခြင်းတွေလည်း ပါ, ပါသည်.... ဆိုတဲ့ အပိုဒ်လေး........

kokoseinygn said...

အလည်ေ၇ာက်ခဲ့တယ်ညီလေး
စာတွေဖတ်လို့ကောင်းတယ်

Anonymous said...

Very touched :)

မောင်မျိုး said...

ဒီပို့စ်ဖတ်တိုင်း အဖေဖြစ်ချင်စိတ်ပေါက်တယ်း)

san htun said...

ပို့ စ်လေးက ဖခင်မေတ္တာတွေနဲ့  ထုံးမွှန်းနေလိုက်တာ..မဖတ်ဖူးသေးဘူး..

လရိပ်အိမ် said...

သက်တံဆယ်စင်းက ကိုညီလင်းသစ်ရဲ့ရသဝတ္ထုတိုလေး။
ဖတ်ဖတ်ချင်း အရမ်းကိုဘဲ နှစ်သက်မိသွားပါတယ်။
အခါခါပြန်ဖတ်နေမိပါတယ်။

ကလေးလေးကလဲ ချစ်စရာကောင်းလိုက်တာ။

ကောင်းမွန်ဝင်း said...

သိလား ကိုညီလင်းသစ်
ကျွန်မလေ ပြီးခဲ့တဲ့ နှစ်ဖေဖေါ်ဝါရီလ လဆန်းမှာပေါ့ ဒုတိယသားမွေးခဲ့တာကို အကုန်နီးပါး ပြန်သတိရတော့တာပဲ။
ဒီဝတ္တုလေး အခုမှဖတ်ဘူးတာ။

မေဓာဝီ said...

ကွန်နက်ရှင်မကောင်းလို့ ခုမှပဲ ရောက်တော့တယ် ကိုညီလင်းရေ ...
တခြားသူတွေဆီလဲ လှည့်ပတ်နေရတာနဲ့ အရောက်နောက်ကျသွားတယ်။
သက်တံ ၁၀ စင်း စာအုပ်တော့ မချစ် လက်ဆောင်ပေးလို့ ရထားတယ်။ ကိုညီလင်းရဲ့ ဖခင်မေတ္တာဖွဲ့ကတော့ ကိုညီလင်းရဲ့ ထုံးစံအတိုင်း သေသေသပ်သပ် လှလှပပနဲ့ ရင်ကို ထိရှအောင် ဖမ်းစား ဖွဲ့ဆိုနိုင်တဲ့ စာတပုဒ်ပါပဲ ... ။
ရွှပ် ဆိုတဲ့ အသံတောင် နားထဲမှာ ကြားလိုက်ရသလိုပဲ ... အဲဒီနေရာ ဖတ်ရတာ ရင်အခုန်ဆုံး ... ဇာတ်ရှိန်အမြင့်ဆုံး ...

ကိုညီလင်းက ... သားရဲ့ ချက်ကြိုးကို ကိုယ်တိုင် ဖြတ်ခွင့်ရတဲ့ ကံကောင်းသော ဖခင် တယောက်ပါပဲ။
သားလေးကို ဒီစာလေး ဖတ်ပြစေချင်လိုက်တာ ... သူနားလည်မယ့် အချိန်ရောက်ရင်ပေါ့ ... ။

ဒါနဲ့ တလက်စထဲ ... နက်ဖြန်အတွက် ကြိုတင် ဆုတောင်းပေးလိုက်ပါတယ်နော် ...
သုံးဆယ့်ရှစ် ... .. အပြုံးနှင့်ဖြစ်ပါစေသတည်း ...

yee lin said...

ဖခင်ကောင်းတယောက်ရဲ့ ရင်တွင်းခံစားချက်ပါ

သတိုး said...

ကိုညီလင်းနဲ့ FB မှာ ဆုံတုန်းက (အဲတစ်ခါပဲ ဆုံဖူးတာနော်) ကပ်ကျေးကလေးကို သိပ်ကြိုက်တဲ့ အကြောင်း ပြောပြီးပါပြီ။ ကျွန်တော်နဲ့ အနီးဆုံး ဘော်ဒါတစ်ယောက်ကတော့ မွေးခန်းထဲ ကိုယ်တိုင်ရောက်ပြီ ကပ်ကျေးလက်ထဲ ထည့်ပေးခံထားသလိုပဲတဲ့။ "ရွှပ်" ဆိုတဲ့ အသံနဲ့ ဖခင်နေရာက ခံစားမှုကို ပြန်မပြောတတ်ပေမယ့် ထပ်တူခံစားလို့ ရနေတယ်လို့ ကြုံတိုင်းပြောနေတတ်တုန်းပါ။ ရွှေပြည်ကြီးက သူယောင် (အဲ ဘလော့ဂါ) များလည်း ကိုညီလင်းကို တွေ့ခွင့်ရချင်ပါသေးတယ်ဗျို့ ။း))

ခင်မင်သော သတိုး