01 September 2013

B for Blog, D for Day...


အဆင်ပြေရင် ဘလော့ဂ်ဒေး အမှတ်တရ ရေးကြဖို့ ကိုရန်အောင်က တိုက်တွန်းနှိုးဆော်ထားတာကို ဒီနေ့မနက်မှ တွေ့ဖြစ်ပါတယ်၊ ဘလော့ဂ်ဒေးအကြောင်းကို လွန်ခဲ့တဲ့ ၃ ပတ်လောက်က တစ်ခါစဉ်းစားမိသေးတယ်၊ ဒါပေမယ့် ဒီနှစ်တော့ စာတစ်ပုဒ် မရေးတော့ဘူးလို့ စဉ်းစားထားသလို နီးလာတော့လည်း မေ့သွားရော..၊ အဲဒီလို အမှုမဲ့အမှတ်မဲ့ နေရင်းကနေ တိုက်တွန်းသူကလည်း တိုက်တွန်းသလို အားလုံးလိုလိုကလည်း စိုင်းထီးဆိုင်ရဲ့ သီချင်းလေး တစ်ပုဒ်ကို ဝိုင်းဆိုနေကြတာနဲ့ ကျနော်လည်း last minute ကပ်ပြီး အမြန်ရေးလိုက်ပါတယ်...၊ ♫♫ ဘလော့ဂ်အတွက် တဖန် မွေးဖွားခဲ့ပြီ... မျှော်လင့်ခြင်းတွေ ရင်မှာ.. ပြန်ရှင်သန်လာ.. ♪♪♫

ကျနော် ဘလော့ဂ်ကို ဘယ်လိုစသိခဲ့သလဲလို့ ပြန်စဉ်းစားကြည့်တော့ ဘယ်လိုစသိခဲ့မှန်းကို ရေရေရာရာ မမှတ်မိတော့ဘူး၊ သေချာမှတ်မိတာကတော့ ဘားမားတူဒေးလား၊ မဇ္ဈိမလား.. အဲဒီလို သတင်းဆိုဒ် တစ်ခုနဲ့ တွဲထားတဲ့ ဘလော့ဂ်တချို့ကို စ,ဖတ်မိတာကနေ စသိခဲ့တာပါပဲ၊ အဲဒီတုန်းက ဒါတွေဟာ ဘလော့ဂ်ပါလို့တောင် ကွဲကွဲပြားပြား မသိပါဘူး၊ တခြား မြန်မာသတင်းဆိုဒ်တွေ မှတ်နေခဲ့တာ..၊ နောက်တော့ ကိုညီလင်းဆက်နဲ့ ကိုစေတန်တို့ ရေးထားကြတဲ့ ဘလော့ဂ်တစ်ခု တည်ဆောက်နည်း ကျူတိုရီယယ် တွေကို ဖတ်မိသွားတယ်၊ အဲဒါဟာ ကျနော့်ရဲ့ အိပ်စက်ခြင်းတွေ လျော့ပါးဆုံးရှုံးဖို့ အစပြုတာပဲဆိုတာ အဲဒီတုန်းကတော့ ဘယ်သိခဲ့လိမ့်မလဲ၊ သူတို့ပြောထားတဲ့ အတိုင်း လိုက်လုပ်ရင်းနဲ့ မြန်မာဘလော့ဂ်ကလေးတစ်ခု ဖြစ်သွားခဲ့တယ်၊ ပျော်လိုက်တာ ဆိုတာ ဘာပြောကောင်းမလဲ၊ တခြားလူတွေလိုပဲ ဇော်ဂျီကိုလေ့ကျင့်၊ စာလေးတွေ စမ်းရိုက်၊ ပို့စ်လေးတွေ စမ်းတင်၊ ကွန်မန့်တစ်ခု၊ နှစ်ခုလောက် တက်လာရင် ပျော်နဲ့...၊ လွန်ခဲ့တဲ့ ခြောက်နှစ်က ရခဲ့တဲ့ ကြည်နူးမှုလေးက မနေ့တစ်နေ့ကလို ပါပဲ၊ ကိုယ့်ရဲ့ ပထမဦးဆုံး လခနဲ့ ဝယ်ထားတဲ့ ပိုးကတ္တီပါ အစလေးကို ဗီဒိုထဲက ပြန်ထုတ်ပြီး ကိုင်ကြည့်ရသလိုမျိုး... ဒီနေ့ထက်တိုင် နူးညံ့နေတုန်း...၊

နောက်တော့လည်း အများသူငါ လိုပါပဲ၊ စာတိုပေစလေးတွေ ရေးခဲ့တယ်၊ အတွေးစလေးတွေ၊ ရှားရှားပါးပါး ထွက်ကျလာတဲ့ ကဗျာလေးတွေ၊ နေ့စဉ်ဘဝ၊ မိသားစုဘဝ စာစုလေးတွေ၊ အက်ဆေးတိုလေးတွေ... စသဖြင့်ပေါ့၊ တကယ်တမ်းပြောရရင် ကျနော့်အနေနဲ့ ဘလော့ဂ် စ,လုပ်ကတည်းက အခုထိ တစ်နေ့တည်းမှာ ပို့စ်နှစ်ပုဒ် တင်ဖူးတာမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး၊ တစ်နေ့ထဲ ပို့စ်နှစ်ပုဒ် မပြောပါနဲ့၊ ရက်ဆက် တစ်နေ့တစ်ပုဒ်တောင် တစ်ခါမှ မရေးဖူးဘူး၊ အဲဒီလို စာရေးကျဲတဲ့ ကျနော်ဟာ တစ်ခုသော ကာလမှာတော့ ဓါတ်ပုံပညာကို စ,ပြီး စိတ်ဝင်စားမိ သွားတယ်၊ ဓါတ်ပုံရိုက်နည်းတွေ လေ့လာရင်း၊ လိုက်ရိုက်ရင်းနဲ့ ကောင်းနိုးရာရာ ပုံလေးတွေကိုလည်း နောက်ပိုင်းမှာ တင်ဖြစ်လာတယ်၊ ကျနော့်က ဘလော့ဂ်ကို လွတ်လပ်ပေါ့ပါးစွာပဲ ထားချင်ပါတယ်၊ ဘလော့ဂ်မှာတင်မယ့် အကြောင်းတွေဟာ ဘာမဆိုဖြစ်ခွင့်ရှိတယ်လို့ ခံယူချင်သူပါ၊ သူများဆီက ဖတ်လာတဲ့ ဟာသလေးတွေကို ပြန်မျှဝေတာ ဖြစ်ကောင်းဖြစ်မယ်၊ အိမ်မှာချက်တဲ့ ဟင်းတစ်ခွက်အကြောင်း ဖြစ်ချင်ဖြစ်မယ်၊ မိသားစုနဲ့ ခရီးထွက်တဲ့အကြောင်း ဖြစ်ချင်ဖြစ်မယ်၊ နည်းနည်းလေးနက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆောင်းပါးတစ်ပုဒ် ဒါမှမဟုတ် ရသအက်ဆေးတစ်ပုဒ်လည်း ဖြစ်ချင်ဖြစ်မယ်၊ ဓာတ်ပုံတွေလည်း ဖြစ်ချင်ဖြစ်ခွင့် ရှိမယ်...၊ ဘာမဆို အစုံပဲ ဆိုပါတော့၊ ဘလော့ဂ်ရဲ့ သဘောမှာကိုက အဲဒီလို ဘာမဆိုဖြစ်ခွင့်ရှိတဲ့ ပြဌာန်းမှုမျိုး ပါလာပြီးသားပါ၊ ကျနော့်အတွက်တော့ ဘလော့ဂ်ဆိုတာ တာဝန်ယူစောင့်ထိန်းမှု ကောင်းကင်အောက်က လွင့်လွင့်ပြေပြေနဲ့ တသွင်သွင် စီးနေတဲ့၊ လွတ်လပ်ကျယ်ပြောတဲ့ မြစ်တစ်စင်း ပါပဲ...၊

အဲဒီလိုမြစ်ထဲမှာ စုန်ချည်ဆန်ချည် ကူးနေချင်တဲ့ ကျနော့်အတွက် တခါတလေတော့ အင်မတန်မှ အားနာစရာကောင်းတဲ့ အဖြစ်တွေလည်း ကြုံရပါတယ်၊ ချစ်ခင်ရတဲ့ မောင်နှမတချို့က ပုံနှိပ်ထုတ်ဝေဖို့ ရံဖန်ရံခါ စာမူတောင်းတဲ့အခါ ကျနော့်မှာ ပေးစရာ လောက်လောက်လားလား ဘာမှမရှိတဲ့ အဖြစ်ပါ၊ ကျနော့်အပေါ် သူတို့ရဲ့ အသိအမှတ်ပြုမှုအတွက် လေးစား၊ ကျေးဇူးတင်ရသလောက် သင့်တင့်တဲ့ စာမူလေး တစ်ခုသော်မှ ကိုယ့်ဖက်က ပြန်မပေးနိုင်တဲ့ အဖြစ်ဟာ အားတုံ့အားနာ ဖြစ်စရာ ကောင်းလှပါတယ်၊ ဘလော့ဂ်ဆိုတာကို စိတ်ကူးပေါက်သလို ပါးသိုင်းကြိုးတပ်ပြီး စစ်ကိုင်းရောက်ရောက် စီးချင်တဲ့ ကျနော့်စာတွေက ပုဂ္ဂိုလ်ရေးဆန်လွန်းတယ်လို့ ကျနော်ကတော့ မြင်မိတာပါပဲ၊ အဲဒါကြောင့် ဝတ္ထုအရေးကောင်း၊ အက်ဆေးအရေးကောင်းတဲ့ ရေးဖော် မောင်နှမတွေကို အားကျမိတယ်၊ အဲဒီလိုစာမျိုးတွေ ဖတ်ရရင် “ရေးတတ်လိုက်တာနော်...” ဆိုပြီး သဘောကျရစမြဲ၊ အညာကျေးလက်တွေမှာ မနက်လင်းအားကြီး ဇာတ်ပွဲပြီးတဲ့အခါ လမ်းမှာ ဇာတ်မင်းသားလေးရဲ့ အဆို၊ အသော၊ အငို၊ အပြော ကို တသသ၊ တဖွဖွ ချီးကျူးရင်း အိမ်ပြန်လာကြလေ့ ရှိတယ်မဟုတ်လား၊ ကျနော်လည်း အဲဒီလို ခံစားမှုမျိုးနဲ့ သူတို့ဆီကနေ ကျနော့်ရဲ့ ဘလော့ဂ်လေးဆီ ပြန်,ပြန်လာရလေ့ ရှိပါတယ်...၊

အခုနောက်ပိုင်းတော့ ဘလော့ဂ်ရပ်ဝန်းက အတော်လေး သွေ့ခြောက်သွားသလို အရင်လို စည်ကားခဲ့ချိန်တွေကို လွမ်းတယ်ဆိုတဲ့ ဘလော့ဂါတချို့၊ စာဖတ်သူတချို့ရဲ့ စကားသံတွေကိုလည်း ကြားနေရတယ်၊ အဲဒီလို အနေအထားမှာ ဟိုတစ်နေ့က အစ်မသက်ဝေရဲ့ “မင်းတို့အိတ်တွေကို လေထဲမှာ မှောက်ထားလိုက်..ရို့.. ရို့” တဂ်ပို့စ်လေးက အတော်များများကို လှုပ်နှိုးလိုက်တယ်၊ စကားလက်စနဲ့ ပြောရရင် အစ်မသက်ဝေဟာ စိတ်ပညာဘာသာရပ်ကို သင်ဖူးသူ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင်တော့ လူကိုပြုစားနိုင်တဲ့ အာဖရိက ဗူးဒူး မှော်အတတ်ကို တတ်ကျွမ်းသူပဲ ဖြစ်ရမယ်-လို့ ထင်ရလောက်အောင် သူ စ,လိုက်တဲ့ တဂ်ပို့စ်အတော်များများက အောင်မြင်လေ့ရှိပါတယ်၊ ဒီလိုမှ မဆုံးသေးဘူး...၊ ကိုရန်အောင်က တစ်ခါ ဘလော့ဂ်ဒေး အမှတ်တရ ဆိုပြီး တိုက်တွန်းနှိုးဆော်လိုက်တော့ အဆောင်မပိတ်မီ အပြေးအလွှားရေးတဲ့သူနဲ့...၊ အင်တာနက်ကွန်နက်ရှင်ကို ထီမထင်တဲ့ စိတ်ထားပြီး ပို့စ်တင်တဲ့သူနဲ့... လှုပ်ရှားမှုလှိုင်းက ဆက်ပြီး ကြီးလာခဲ့ပြန်ရော...၊

ကြုံတုန်း တလက်စထဲ ပြောရရင် အဲဒီကိုရန်အောင် ဆိုတဲ့ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ ရည်ရည်မွန်မွန် ရှိလှတဲ့ ခေတ်ပညာတတ် လူငယ်လေးက ကျနော်နဲ့ အတော်လေး ရေစက်ပါတယ်လို့ ဆိုရမှာပါ၊ ကျနော် ဘလော့ဂ်လုပ်ပြီးကာစမှာ ပို့စ် ၃ ခုလောက် တင်လိုက်တယ်၊ အဲဒါပြီးတော့ ဘာဆက်ရေးရမှန်း မသိတော့ဘူး ဖြစ်သွားရော၊ အဲဒီလို ဖြစ်နေတုန်း သူ့ဘလော့ဂ်မှာ ဟယ်လိုဝင်းနေ့ အထိမ်းအမှတ် သရဲခြောက်တာနဲ့ဆိုင်တဲ့ တဂ်ပို့စ်တစ်ခု ဖတ်ရတယ်၊ ဘယ်သူက စတာမှန်း မသိရပေမယ့် သူ့ပို့စ်ရဲ့ အဆုံးမှာ အဲဒီလူငယ်လေးက “ကဲ.. ဘယ်သူဘယ်ဝါရယ်လို့ နာမည်နဲ့ မတဂ်တော့ဘူးဗျာ၊ ဒီစာကို ခင်ဗျားဖတ်နေတယ် ဆိုရင် အခုကျနော်က ခင်ဗျားကို တဂ်လိုက်ပြီလို့သာ မှတ်လိုက်တော့... အဟတ်ဟတ်” လို့ ရေးလိုက်တယ်၊ (ရယ်သံ ̔အဟတ်ဟတ်̕ တော့ မပါ,ပါဘူး၊ သဏ္ဍာန်လုပ်၊ သရုပ်တူအောင် ကျနော်ထည့်လိုက်တာ...၊ ဤကားစကားချပ်။) ကဲ.. ကြည့်ပါဦး၊ စာဖတ်သူကိုပါ ဆွဲခေါ်သွားတဲ့ လှလှပပ အရေးအသားလေး...၊ အဲဒီမှာ ကျနော့်ရဲ့ ဉာဏ်အလင်းတွေ ပွင့်သွားပြီးတော့ ပို့စ်လေးတစ်ပုဒ် ရေးဖြစ်သွားခဲ့တယ်၊ အဲဒီလို အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပြီးတော့ ၅ နှစ်ကျော်ကျော်လောက် အကြာမှာ ဇဝနဉာဏ်နဲ့လည်း ပြည့်စုံတဲ့ အဲဒီလူငယ်လေးကပဲ သူ ထုတ်ဝေတဲ့ စာအုပ်လေးမှာ ပါဝင်ဖို့ ကျနော့်ကို ကမ်းလှမ်းလာခဲ့ ပြန်တယ်၊ ဆယ်စုနှစ်ဝက် အကြာမှာတော့ ကျနော်တို့ ၂ ယောက် ဆုံမိကြပြီ၊ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပြန်ဘူး၊ အဲဒီ စာအုပ်ကိစ္စနဲ့ ဆက်နွယ်ပြီးတော့ပဲ ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခု လုပ်ဖို့ သူက ကျနော့်ကို တိုက်တွန်းခဲ့တယ်၊ ပုဂ္ဂိုလ်ရေး အကြိုက်အရ ကွန်ဆားဗတစ်ဗ် သမားကြီးလို ဘလော့ဂ်မှာပဲ ကျောက်ချနေခဲ့တဲ့ ကျနော့်ကို ဖေ့စ်ဘွတ်ခ်ကြီးထဲ ပစ်ချခဲ့သူဟာ လူတကာကို ကူညီချင်စိတ်ရှိတဲ့ အဲဒီလူငယ်လေးပဲ ဖြစ်နေပြန်တဲ့ အချက်ဟာ သွေးရိုးသားရိုး တိုက်ဆိုင်မှုသာ မဟုတ်ခဲ့ရင်တော့ ကံကြမ္မာရဲ့ ကျနော်တို့ ၂ ယောက်အပေါ် ကျီစားမှုသာ ဖြစ်မှာပါ၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ...၊ အဲဒီ လူငယ်လေးလိုမျိုး ခင်မင်စရာ ကောင်းလှတဲ့ စာရေးဖော်၊ စာဖတ်ဖော် မောင်နှမတွေ ဟောဒီ မြန်မာ ဘလော့ဂ်ရပ်ဝန်းထဲမှာ ရှိနေကြတာ ဝမ်းမြောက်စရာပဲ မဟုတ်လား...၊

ဘလော့ဂ်ဒေးရဲ့ အစဉ်အလာကို လိုက်နာသောအားဖြင့်လည်း ဘလော့ဂ်(အသစ်) ၅ ခုနဲ့ မိတ်ဆက်ပေးပါရစေ...၊ ထုံးစံအားဖြင့်တော့ အသစ်တွေကို မိတ်ဆက်ပေးရမှာ ဖြစ်ပေမယ့် ကျနော် ညွှန်းဆိုချင်သူတွေကတော့ စာရေးသက်ရှိနေကြတဲ့၊ လူသိလည်း အထိုက်အလျောက် များနေကြတဲ့ သူတွေပါပဲ...၊

(၁) ရွှေအိမ်စည်

(၂) စန်းထွန်းဒိုင်ယာရီ

(၃) ညီလင်းနိုင်

(၄) Adora & etc.

(၅) Burmese taste - Iora

အထက်က ရေးဖော် မောင်နှမ ၅ ယောက်ကို ဘလော့ဂ်ဒေး အစဉ်အလာအရသာ ကျနော် ရည်ညွှန်းခြင်း ဖြစ်ပါတယ်၊ “လူသစ်”၊ “စာရေးသက်နုသူ”၊ “အတွေ့အကြုံမရှိသူ” စတဲ့ ဂယက်အနက်တွေ မပါဘဲ သူတို့ကို မသိသေးတဲ့သူတွေ သိလာစေဖို့သာ ရည်ရွယ်ပါတယ်၊ ဒီစာကို ဖတ်မိတဲ့ ရေးဖော်၊ ဖတ်ဖော် ညီအစ်ကို မောင်နှမအားလုံးကိုလည်း ပျော်ရွှင်ဖွယ်ရာ ဘလော့ဂ်ဒေး ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်...။ ။


ညီလင်းသစ်
၃၁ သြဂုတ်၊ ၂၀၁၃

20 comments:

rose of sharon said...

Happy blogger's day :)

Anonymous said...

မိမိတင်လိုက်တဲ့ ပိုစ်တိုင်းကို အလေးအနက်ထားပြီး မမြင်ရတဲ့ စာဖတ်သူတွေအတွက် တစ်ခုခုပေးလိုက်နိုင်ဖို့ အမြဲတွေးတောပြီး ရေးကြတဲ့ ဘလောဂ်ဂါ မောင်နှမတွေကို ကျေးဇူးတင်ပါတယ် :)

တိမ်ပြာ(မနောမြေ)

ရွှေအိမ်စည် said...

ဟောတော့ ရယ်ဗျာ....
အတော့်ကို ချစ်ဖို့ကောင်းတဲ့ အကိုတော်ရယ်ပါလား
ဘာပြောရမှန်းကို မသိဘူး
`ကျနော့ ညီလေး၊ ညီမလေးတွေက ဘယ်ကျောင်းမှတက်နေတာဗျ....သူတို့ ဒီမှာဗျ´ စသဖြင့် မိတ်ဆွေတွေကို ပြောပြနေတဲ့ အစ်ကိုကြီးတစ်ယောက်လိုပဲ.....။
စိတ်ထဲတောင်နွေးထွေးသွားတယ် :))

အကိုရေးတဲ့ စာသားတွေထဲ `ဘလော့ဂ်ဆိုတာ တာဝန်ယူစောင့်ထိန်းမှု ကောင်းကင်အောက်က လွင့်လွင့်ပြေပြေနဲ့ တသွင်သွင် စီးနေတဲ့၊ လွတ်လပ်ကျယ်ပြောတဲ့ မြစ်တစ်စင်း ပါပဲ...´ ဆိုတာကို တော်တော် သဘောကျမိတယ်....။

ကိုရီးယားချော ချောတဲ့ လူငယ်လေးနဲ့လည်း ရေစက်ထပ် ဆုံကို ဆုံဦးမှာပါ ဟီးးး

ဟက်ပီးဘလော့ဂ်ဒေးရယ်ပါ အကို :) :)

ညိုလေးနေ said...

Happy Belated Blog Day Bro !

Yan said...

ကိုညီ့ပို့စ်လေး ဖတ်ပြီး ကိုထီးရဲ့ သီချင်းလေးကိုတောင် ပါးစပ်က လိုက်ညည်းနေမိလေရဲ့။ စာရေးတကယ်ကောင်းတယ် ဘရို။ ရေစက်ဆုံရအောင် ဒီတစ်ခေါက် ကျိုက်ထီးရိုးသွားဖြစ်ရင် ထုံးသင်္ကန်းကပ်ခဲ့မယ်။ (ဩော်. နောက်နောင်နှစ်ပေါင်းများစွာ ဖြူစင်စွာ ခင်မင်ရင်းနှီးရပါလို၏လို့လေ.) အဟတ်ဟတ်.

ဒီပို့စ်လေးကို FB က Myanmar Blogs Digest Fan Page လေးအတွက် ယူသွားပါတယ် ကိုညီ...

ခင်မင်စွာဖြင့်

Yan.

ဆွေလေးမွန် said...

HAPPY BLOG DAY ပါ ကိုညီလင်းသစ်ရေ။

Angelhlaing(May everybody be happy and healthy! said...

စာရေးကောင်းတဲ့အကိုမို့ ထင်ပါရဲ့ ဖတ်လိုက်ရတိုင်း ငြိမ့်ညောင်းနေတာပဲအကို ...ပျော်ရွင်စရာ ဘလော့ဒေးပါအကိုရေ.. :)

Anonymous said...

ညီလင်းနိုင် ဆီ သွားလိုက်အုံးမယ် ဘလော့သစ်ဆို အရင်က သွားသွား အားပေးနေကြ ။

ကျေးဇူး ။


မောင်မျိုး

ဟန်ကြည် said...

ကိုညီလင်းသစ်ရဲ့ တဂ်ဖတ်မှပဲ ကိုယ်ထုံးစံပျက်သွားတာ သတိထားမိတော့တယ်...တတ်နိုင်ဘူးဗျို့...ရက်မီအောင် အုပ်လိုက်ရတာဆိုတော့ ဘာမှကို မပြင်ဆင်အားဘူး...လက်ပူတိုက်လိုက်ရတာကိုး...

လိုက်ဖတ်ဖြစ်တဲ့ တဂ်ပို့်စ်တွေထဲမှာ ကိုညီလင်းသစ်ရဲ့ ရေးဟန်ကို ခံတွင်းလိုက်တယ်...စမ်းရေစီးသလို ညင်းညင်းသွဲ့သွဲ့နဲ့ သုတိသာယာရှိလို့...

ဦးဟန်ကြည်တို့များ ရေးလိုက်မိရင် တုတ်ထိုးအိုးပေါက်...တတ်နိုင်ဘူး အကျင့်ပါသွားပြီကိုး...

ပျော်ရွှင်အေးချမ်းသော ဘလော့ဒေးဖြစ်ပါစေဗျား...

ညီလင်းသစ် said...

မရိုစ့်...
Happy blog day too, sis!

မနောမြေကတိမ်ပြာ...
အမြဲလိုလို ခင်ခင်မင်မင်နဲ့ စာလာဖတ်လို့လည်း ကျနော်က ကျေးဇူးတင်ပါတယ်ဗျာ..၊

ညီမသူသူ...
အမှန်တော့ အဲဒီ “ကျနော့်ညီမလေးတွေ” က တစ်ကျောင်းလုံးနှံ့လို့ မသိသူ မရှိသလောက်နဲ့ နာမည်ကြီးနေကြ ပြီးသား...၊း) အင်း.. ကိုရီးယားချော ချောတဲ့ လူငယ်လေးနဲ့ကတော့ ရေစက်ပါပဲလေ၊ ရေစက်ပါပဲ...၊း)) ဟက်ပီးဘလော့ဂ်ဒေးပါ ညီမလေးရေ...၊

ညီမလေးညို...
Happy Belated (Belated) Blog Day too, sis! :)

ဘရိုရန်...
အားလုံးကို ရေးဖို့တိုက်တွန်းခဲ့သလို ရေးကြသူတွေရဲ့ စာတွေကိုလည်း မပျက်မကွက် လိုက်ဖတ်နေတာ သတိထားမိတယ်ဗျ၊ ကျိုက်ထီးရိုးမှာ ထုံးသင်္ကန်းကပ်မယ့် အိုင်ဒီယာလေးက မိုက်တယ် ကိုရန်..၊း) တရားစာအုပ်လေးတွေလည်း ဝယ်ပြီး လှူခဲ့ရင် ကောင်းမယ်ဗျ၊ အဲဒါမှ နောင်လာမယ့် နှစ်များစွာမှာလည်း ဘလော့ဂါတွေရဲ့ စာအုပ်တွေ အများကြီး ထုတ်နိုင်မှာ...၊း))

မဆွေလေးမွန်...
ပျော်ရွှင်ဖွယ်ရာ ဘလော့ဂ်ဒေးပါလို့ ထပ်တူ နှုတ်ခွန်းဆက်ပါတယ်ဗျာ၊ လာလည်တာလည်း ကျေးဇူးပါနော်...၊

ညီမအိန်ဂျယ်...
ကဲ.. ဘာစားချင်လဲ.. ပြော၊း) ညီမအတွက်လည်း ပျော်ရွှင်ဖွယ်ရာ ဘလော့ဂ်ဒေး ဖြစ်ပါစေဗျာ၊

မောင်မျိုး...
သွားလိုက် ညီရေ.. သွားလိုက်၊း) အဲဒါကိုက ဘလော့ဂ်ဒေးရဲ့ အစဉ်အလာပဲ..၊း)

ဆရာဟန်...
ကိစ္စမရှိပါဘူး ဆရာဟန်ရာ..၊ အလျင်မီအောင် ဒီလိုပဲ ရေးကြရတာကိုး..၊ ကျနော်လည်း အရင်တစ်ခေါက် ရေးတုန်းက မလုပ်ဖြစ်ပါဘူးဗျာ...၊ ကိုယ် ပြောချင်တာကို စာဖတ်သူက ကွက်ကွက်ကွင်းကွင်း၊ ရှင်းရှင်းလင်းလင်း မြင်သွားစေတဲ့ ဆရာဟန်ရဲ့ ရေးဟန်ကိုလည်း ကျနော်က သဘောကျတယ်ဗျ၊း) အခုလို အသိအမှတ်ပြု လာလည်ရင်း နှုတ်ခွန်းဆက်တဲ့ အတွက်လည်း ကျေးဇူးပါ..၊ ထပ်တူကျသော ပျော်ရွှင်ဖွယ်ရာ ဘလော့ဂ်ဒေး ဖြစ်ပါစေဗျား..။

Adora etc. said...

ဟောတော့ Adora နာမည်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် အကိုရေ။Adora blog လေးက ကိုညီလင်းနဲ့ မမသက်ဝေတို့ကြောင့်ဖြစ်လာတာမို့ ဒီကပဲကျေးဇူးစကားဆိုပါရစေ။

ဆုမြတ် မိုး said...

Happy Blog Day ပါ ကိုညီလင်းသစ်း)

စံပယ်ချို said...

စာဖတ်သူရင်ထဲမှာ တန်းဝင်သွားတဲ့စာတွေရေးနိုင်သူမို့ ကျေကျေနပ်နပ်ကြီးဖတ်ခဲ့ပါတယ်
Happy Blog Day လေးပါရှင်

Anonymous said...

ကိုညီလင်းသစ်..
အမှတ်တရရှိနေတဲ့အတွက်ကျေးဇူးပါ။း)
အိုင်အိုရာ

မြသွေးနီ said...

အင်တာနက်ကွန်နက်ရှင်ကို ထီမထင်တဲ့ စိတ်ထားပြီး ပို့စ်တင်တဲ့သူနဲ့...ဆိုတော့ ကိုယ့်များ ပြောနေသလိုလို :)
ကျွန်မလေးစားရတဲ့ ဘလော့ဂါတွေထဲမှာ ဘလော့ဂ်ပီသတဲ့ ကိုညီပါနေပါတယ်...။ ဘလော့မရေးခင်းကာလတွေထဲက ဆိုင်းလင့်ရီဒါအဖြစ် ဖတ်ခဲ့ရသူပါ။ ကိုညီရဲ့ အရိုးခံစားရေးသားဟန်၊ ဖေးမစာနာစိတ်လေးနဲ့ တုန့်ပြန်မှုပေးတာလေးတွေကို အတုခိုးအားကျလျှက်ပါ။

Anonymous said...

ဘလော့ဂ်ဒေးအကြောင်းလေးဖတ်သွားပါတယ်။ လာတာနောက်ကျသွားတဲ့အတွက် ဆောရီးပါလို့။

Best Regards,
Moonlit House

ညိမ်းနိုင် said...

ပျော်ရွှင်ဖွယ် ဘလော့ဒေးနေ့လေးဖြစ်ပါaစကြောင်း အင်
တာနက်ကွန်နက်ရှင်ကို ထီမထင်ပဲ ဆုတောင်းပေးလိုက်
ပါတယ်ဗျား.........
(နဲနဲတော့ နောက်ကျနေမလားပဲ အကိုရေ့... :)))

San Htun said...


ကျနော့်အတွက်တော့ ဘလော့ဂ်ဆိုတာ တာဝန်ယူစောင့်ထိန်းမှု ကောင်းကင်အောက်က လွင့်လွင့်ပြေပြေနဲ့ တသွင်သွင် စီးနေတဲ့၊ လွတ်လပ်ကျယ်ပြောတဲ့ မြစ်တစ်စင်း တယ့်လား...
မိုက်တယ်..း) သတိတရ တဂ်တယ့်အတွက် ကျေးဇူးပါ ကိုညီရေ...
Happy Belated Blog Day !

Anonymous said...

အရမ်းဖတ်ကောင်းပါတယ် ကိုညီလင်းသစ်။
ထူးထူးခြားခြားစကားလုံးလေးတွေနဲ့မကွန်မန့်တတ်တာကိုတော့ ........

လေးစားစွာဖြင့်
လရိပ်အိမ်

Ma Tint said...

ခေါင်းစဉ်လေးကအစ ရိုးရိုးရှင်းရှင်း စိတ်ဝင်စားစရာလေးပါလား မောင်ညီလင်းရေ...
Happy Belated Blog Day !!! ဘလော့ဂါစီနီယာ အတော်များများကို တီတင့် ဘလော့ဂါဘ၀ မရောက်ခင်ကထဲက စာဖတ်ပရိသတ်တစ်ယောက် အနေနဲ့ဖတ်ပြီး လေးစားအားကျခဲ့တာကြောင့် အခုလိုစာရေးဖြစ်ခဲ့တာပေါ့ ... ကြိုးစားနေဆဲပါး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်