20 August 2014

အိုက်ကို...


လွန်ခဲ့တဲ့ တပတ်ကျော်ကျော်လောက်က စပြီး ကျနော်တို့အိမ်မှာ မိသားစုဝင်အသစ် တိုးလာခဲ့တယ်၊ ကိုးလလွယ်၊ ဆယ်လဖွား အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်၊ ကြိုဆိုရတဲ့ မိသားစုဝင်မျိုး မဟုတ်ပေမယ့် သူကလည်း သူ့အတိုင်းအတာနဲ့သူတော့ ပြင်ဆင်စောင့်မျှော်ခဲ့ရသေးတာ ပါပဲ၊ မေလဆန်းမှာ မွေးလာတဲ့သူ့ကို ဟိုး ပိစိညှောက်တောက်၊ ယိုင်တိယိုင်ထိုး အရွယ်လေးကတည်းက မကြာခဏ သတင်းမေးရင်း၊ ဓာတ်ပုံလေးတွေကြည့်ရင်း စောင့်နေခဲ့တာ…၊ အခု သုံးလကျော်ကျော် အရွယ်ရောက်လာတဲ့အခါမှာတော့ သူဟာ သူ့မိသားစုကနေ ခွဲထွက်ပြီး ကျနော်တို့ရဲ့ မိသားစုဝင် ဖြစ်လာဖို့ အဆင်သင့် ဖြစ်လာခဲ့တော့တယ်၊ ဒီလိုနဲ့ “အိုက်ကို” လို့ နာမည်ပေးထားတဲ့ ကြောင်ကလေးတကောင်ဟာ ကျနော်တို့အိမ်ကို ရောက်လာခဲ့တော့တာ ပါပဲ၊



အမှန်ပြောရရင် ကျနော်က ကြောင်ချစ်တတ်တဲ့သူ မဟုတ်ပါဘူး၊ ငယ်ငယ်ကတည်းကလည်း မိသားစုထဲမှာ ကြောင်ထက် ခွေးတွေပဲ မွေးလာခဲ့တာ…၊ ကြောင်ဆိုတာကလည်း သိတဲ့အတိုင်း ခွေးနဲ့ လားလားမှကို မဆိုင်တဲ့ အကောင်မျိုး…၊ အိမ်သားတွေ အပြင်ကပြန်လာရင် အမြီးနှံ့ပြီး လာကြိုဖို့ နေနေသာသာ ခေါ်ရင်တောင် သူစိတ်ပါမှလာတာ၊ မထုံတက်တေး နေတဲ့အကောင်က နေသလို လူမြင်တာနဲ့ တချိန်လုံးကြောက်ပြီး ပုန်းနေတတ်တဲ့ ကောင်မျိုးတွေလည်း ရှိသေးတာကိုး…၊ ပြောရရင် ကျနော့်ဘဝမှာ ကြောင်နဲ့ ရင်းရင်းနှီးနှီး မနေခဲ့ဖူးဘူး ဆိုပါတော့…၊ အခုနောက်ပိုင်း မြန်မာပြည်ပြန်တဲ့အခါ အမေ့အိမ်မှာ ကြောင်တွေ မွေးထားတာ တွေ့နေပေမယ့်လည်း ဒီကောင်တွေက အိမ်ကိုဧည့်သည်လာပြီ ဆိုတာနဲ့ ခြံထဲကကို ပြန်တက်မလာတော့တဲ့ အစားထဲက…၊

ဒီလိုနဲ့ ကျနော့်သားလေး ၅ နှစ်ပတ်ဝန်းကျင်လောက် ရောက်လာတော့ ကလေးတို့ထုံးစံ အကောင်ပလောင်လေးတွေ မွေးချင်တယ်လို့ ပူဆာပါလေရော…၊ ဒါပေမယ့် သူ့ကို ငယ်သေးတယ်၊ နည်းနည်းကြီးလာမှ စဉ်းစားပေးမယ်ဆိုပြီး ပြောထားခဲ့တာ အခု ၇ နှစ်ထဲ ဝင်တော့မယ့်အချိန်ကျတော့ ဘာပဲဖြစ်ဖြစ် သူလည်း အထိုက်အလျောက် ကြီးလာသလို အဖော်လည်း ရတာပေါ့လေ ဆိုပြီး ကြောင်လေးတကောင်လောက် မွေးဖို့ ဖြစ်လာတော့တာ ပါပဲ၊ ကျနော့်သဘောဆိုရင်တော့ ကြောင်အစား ခွေးကိုပဲ မွေးချင်တာပါ၊ ဒါပေမယ့် ဒီနိုင်ငံမှာက ခွေးတကောင်အတွက် ပေးရမယ့်အချိန်၊ လုပ်ပေးရမယ့် တာဝန်တွေက အင်မတန်မှကို များတာကလား၊ မွေးစရိတ်ကလည်း ကြီးသေးတယ်…၊ တခြား ကြက်တူရွေးလို ငှက်ကလေးတွေ၊ ယုန်ကလေးတွေ၊ ငါးကလေးတွေ ကျပြန်တော့လည်း လူနဲ့အပြန်အလှန် interaction မရှိတော့ သိပ်ပြီးစိတ်ဝင်စားဖို့ မကောင်းဘူး၊ နောက်ဆုံးမှာတော့ လူနဲ့လည်း အထိုက်အလျောက် အဖော်ရ၊ ကရိကထလည်း ဒီလောက်မများတဲ့ ကြောင်ကိုပဲ ရွေးဖြစ်သွားတော့တယ်၊ ကြောင်မွေးတော့မယ် ဆိုတဲ့အခါ ကျနော်တို့က အချက် ၂ ချက်ကို အဓိကထားပြီး ကြည့်ပါတယ်၊ ပထမအချက်က လူကို ရန်ပြုတတ်တဲ့ aggressive ဖြစ်တဲ့ ကြောင်မျိုး မဖြစ်ရဘူး၊ ဒုတိယအချက်က အပြင်ကို ထွက်ပြေးဖို့ တချိန်လုံးချောင်းနေ၊ ကြိုးစားနေတဲ့ အမျိုးအစား မဖြစ်ရဘူး၊ အဲဒီ စံသတ်မှတ်ချက် ၂ ခုနဲ့ ချိန်ထိုးပြီး ကြောင်မျိုးစိတ်တွေကို ရှာကြည့်တဲ့အခါ Ragdoll ဆိုတဲ့ အမျိုးအစားကို သွားတွေ့ပါတယ်၊ ဒီအမျိုးအစား ကြောင်တွေက လူတွေနဲ့ ရင်းနှီးတယ်၊ အထူးသဖြင့် ကလေးတွေကို ချစ်တတ်တယ်၊ ဘယ်သူခေါ်ခေါ် ဘယ်သူချီချီ လိုက်တယ်၊ အမြဲလိုလို သဘောကောင်းတတ်တဲ့ ကြောင်တွေရယ်လို့ ထင်ရှားပါတယ်၊ သဘောကောင်းပြီး အဝတ်ရုပ်လေးတရုပ်လို ပျော့ပျော့ပျောင်းပျောင်း ရှိတာမို့ Rag (အဝတ်စ) နဲ့ doll (အရုပ်) ကိုပေါင်းပြီး သူ့နာမည် Ragdoll ရယ်လို့ ဖြစ်လာတယ်လို့လည်း ဆိုကြတယ်၊ အိုက်ကိုက Ragdoll အမျိုးအစား ကြောင်ထီးကလေး တကောင်ပါ…၊



စကားစပ်လို့ သူ့နာမည်အကြောင်း ပြောရရင် “အိုက်ကို (Aiko)” ဆိုတဲ့ နာမည်က သူ့ကိုမွေးတဲ့အိမ်ကပဲ ပေးခဲ့တာပါ၊ ဒီမှာက ကြောင်တွေကို သူ့မျိုးစိတ်အလိုက် စီးပွားဖြစ်မွေးတဲ့သူတွေ ရှိပါတယ်၊ ကြောင်မျိုးစိတ် တမျိုးကိုပဲ သီးသန့်မွေးတယ်၊ ကြောင်ကလေးတွေ ပေါက်လာရင်လည်း အစိုးရဆီမှာ မှတ်ပုံတင်တာ၊ ကာကွယ်ဆေးထိုးတာမှ စပြီးတော့ လိုအပ်တာတွေ အားလုံးလုပ်ပေးလေ့ ရှိပါတယ်၊ အဲဒီလို မှတ်ပုံတင်တဲ့အခါ ကြောင်တွေရဲ့ နာမည်အစ စာလုံးကို နှစ်အလိုက် သတ်မှတ်ထားတာ ရှိပါတယ်၊ ဒီနှစ် ၂၀၁၄ ခုနှစ်အတွက်က A နဲ့စတဲ့ နာမည် ဖြစ်ရပါမယ်၊ ဥပမာ-Alex, Alessia, Aline စသဖြင့်ပေါ့…၊ အဲဒါကြောင့် ကျနော်တို့ရဲ့ ကြောင်ကလေးကလည်း Aiko ရယ်လို့ အမည်တွင်လာတာ ဖြစ်ပါတယ်…၊ ကြောင်ရဲ့ မွေးစာရင်း စာအုပ်ထဲမှာ အဲဒီလို နာမည်နဲ့တကွ သူ့ရဲ့ မျိုးစိတ်အစစ် ဖြစ်ကြောင်း ထောက်ခံချက်၊ အဖေ၊ အမေနာမည်၊ မွေးဖွားတဲ့ နေရာ၊ ထိုးထားတဲ့ ကာကွယ်ဆေး စတာတွေ ပါ,ပါတယ်…၊ ကာကွယ်ဆေး တကျော့ပြန် ထိုးဖို့ဖြစ်ဖြစ်၊ နေမကောင်းလို့ ဖြစ်ဖြစ် သူ့ကို တိရိစ္ဆာန် ဆေးခန်း ခေါ်သွားတဲ့အခါ ဆရာဝန်က အဲဒီစာအုပ်ထဲက ရာဇဝင် အချက်အလက်တွေကို ကြည့်ပြီး ကုသမှာ ဖြစ်ပါတယ်…၊



အိုက်ကို့အသက် ၃ လ ပြည့်သွားတဲ့အခါ သူ့ကိုမွေးတဲ့အိမ်က အမျိုးသမီးက ကျနော်တို့ဆီကို လာပို့ပေးပါတယ်၊ ဒါမတိုင်ခင်ကလည်း အဲဒီအိမ်ကို ကျနော်တို့ သုံးလေးခေါက်လောက် သွားကြည့်ဖြစ်သေးတယ်၊ သားကတော့ အဲဒီကတည်းက အိုက်ကို,ကို စောင့်ရတာ စိတ်မရှည်နိုင်ဘဲ ဖြစ်နေခဲ့တာ…၊ အိမ်ကို လာပို့တဲ့နေ့မှာတော့ ကြောင်နဲ့ ပတ်သက်လို့ သဘောသဘာဝနဲ့ သိသင့်တာတွေကို ပြောပြတယ်၊ ကျနော်တို့အိမ်မှာ ကြောင်အတွက် ပြင်ဆင်ထားတာတွေကို ကြည့်ပြီးတော့ တချို့ဟာလေးတွေကို ပိုအဆင်ပြေအောင် အကြံပေးတယ်၊ တချိန်ထဲမှာပဲ အိုက်ကိုက ကျနော်တို့အိမ်ကို ရောက်ကာစ ဖြစ်လို့ အသားကျအောင် စောင့်ပေးတဲ့ သဘောလည်း ပါ,ပါတယ်၊ ၁ နာရီကျော်ကျော်လောက် အကြာ အိုက်ကိုလည်း အထိုက်အလျောက် နေသားကျပြီ ဆိုတော့မှ လာပို့တဲ့အမျိုးသမီးက နှုတ်ဆက်ပြီး ပြန်သွားတယ်၊ အခုတော့ မိသားစုဝင် သုံးဦးပဲရှိတဲ့ အိမ်မှာ ကြောင်ကလေးတကောင်ကလည်း မိသားစုဝင်အဖြစ် တဖြေးဖြေးနဲ့ အသားကျ ပျော်ရွှင်လာနေခဲ့ပြီ ဖြစ်ပါတယ်…။ ။


ညီလင်းသစ်
၂၀ သြဂုတ် ၂၀၁၄

19 comments:

သက်ဝေ said...

အိုက်ကို... အိုက်ကို... အိုက်ကို... :)
(သဘောကျလို့ အကြီးကြီး ပြုံးနေမိ)
အဲဒါ လှမ်းပြောတာ...

Anonymous said...

အိုက်ကို အိုက်ကို နာမည်လေးလှတယ်


သတိရနေတဲ့

စိန်စိန်တင်

Ma Tint said...

ဘာအလုပ်ကိုလုပ်လုပ် စည်းစနစ်လေးနဲ့ လုပ်လေ့လုပ်ထ ရှိတဲ့ မောင်ညီလင်းရဲ့ အိုက်ကိုလေးအကြောင်း ဖတ်သွားတယ် ...

မိုးငွေ့........ said...

အကောင်ပလောင်တွေကိုမချစ်တတ်ပေမယ့် အစ်ကိုကြောင်လေးကိုတော့ ချစ်စရာကောင်းတယ်လို့မြင်သွားပါတယ်...။ တကယ်ချောတဲ့ကြောင်ကလေးပဲ..။ကြောင်ကိုငမ်းသွား(အဲ....)

Anonymous said...

အဲ ကြောင်လေးက ချစ်စရာလေး
အိမ်မှာလည်း မွေးထားတယ် နှစ်ကောင်
မျောက်ရှုံးအောင်ကိုဆော့တာ
AA

Anonymous said...

အိနြေ္ဒ သိပ်ကြီးတာဘဲ

Anonymous said...

Lovely.. (y)
N/A

Anonymous said...

ကြောင်တွေကို သိပ်မချစ်တတ်ပါ။ ဒါပေမဲ့ အိုက်ကိုလေးက အရမ်းချစ်စရာကောင်းပါ့လား။
သားသားတော့ အဖော်သစ်ရလို. သိပ်ပျော်နေရောပေါ့။

မေဓာဝီ said...

အိုက်ကိုလေးက ချစ်ဖို့ကောင်းလိုက်တာ။ သားသားတော့ အိုက်ကိုနဲ့ အလုပ်များနေမှာ မြင်ယောင်သေးတယ်။ :)

ဇွန်မိုးစက် said...

ဂျပန်နာမည်နဲ့ ကြောင်ဖြူလေးက မျက်လုံးအပြာလေးနဲ့ပါလား။း)

ညီလင်းသစ် said...

အစ်မသက်ဝေ…
အစ်မသက်… အစ်မသက်… အစ်မသက်
(ပြန်တွေ့ရလို့ သဘောတကျနဲ့ ပြုံးနေမိ)
အဲဒါ ပြန်ဖြေတာ…းP

ညီမစိန်စိန်တင်…
ဘယ်ဆီကို မင်းရောက်နေလဲ xxx ဘာတွေကို မင်းလုပ်နေလဲး)

တီတင့်…
ကျေးဇူးပါ တီတင့်ရေ…၊ ကျနော်တို့တွေ မဆုံဖြစ်ကြတာ ကြာပြီနော်၊ နေကောင်းတယ်ဟုတ်…?

ညီမမိုးငွေ့…
အကောင်ပလောင်တွေကို မချစ်တတ်ဘူး ဆိုပေမယ့် အတောင်ပံပါပြီး ငှက်မဟုတ်တဲ့ တမန်တော်လေးတော့ ပါမယ် မထင်ပါဘူးလေ…၊းD

AA…
ကြောင်က မျောက်ရှုံးအောင် ဆော့ပြီဆိုရင်တော့ မျောက်အပါအဝင် ကျန်တဲ့ သတ္တဝါတွေ မွေးဖို့ အဆင်သင့် ဖြစ်နေပြီဗျ…၊းD

အမည်ဝှက်စာဖတ်သူ…
ကြောင်လား? ကြောင်ပိုင်ရှင်လား? ရှင်းရှင်းပြောပါလေ…။း)

ကို N/A…
Thanks bro…!

အမည်ဝှက်စာဖတ်သူ (၂)…
ဟုတ်…၊ သူကတော့ အဖော်ရလို့ ပျော်နေလေရဲ့ဗျာ…၊

မမေ…
ဟော… ကွန်နက်ရှင်ကို အံတုပြီး လာဖတ်တယ်လား?း) နောက်ကျမှ အိုက်ကိုနဲ့ ကစ်ကစ်ကို မိတ်ဆက်ပေးရမယ် ထင်တယ်… နော၊းD

ညီမလေးဇွန်…
ဂျပန်နာမည်တင် ဘယ်ကမလဲ၊ သူ့နောက်ကျောမှာ ကင်ဒိုလည်း လွယ်ထားသေးတယ်၊ ကွယ်နေလို့ မမြင်ရတာ…။းD

Anonymous said...

အစ်ကို့ကို ပြန်တွေ့ခွင့်ရလို့ တစ်ခါမှမချစ်တဲ့ကြောင်ကလေးကို ချစ်သွားတယ်..။
ချစ်စရာလေး ချစ်စရာလေးလို့ ရေရွတ်ပလိုက်တာပဲ :)
သားသားတော့ ကြောင် နဲ့ ဆော့နေမှာ မြင်ယောင်နေသေးတယ်..။ :))

ညီမလေး

ချစ်ကြည်အေး said...

ချစ်စရာလေး….။ “အိုက်”ဆိုတာ တရုတ်လို “ချစ်”လို့ အဓိပ္ပါယ်ရတယ်လေ၊ ဒီတော့ သူက မြန်မာနာမည် မောင်ချစ်ကိုပေါ့နော် 

မောင်မျိုး said...

အိုက်ကို ပုံစံက စတိုင်လ်ကြိး တစ်ခွဲသားနဲ့း) ကျနော်လည်း ကြောင်ဆို တအားချစ်တာ ဒီမှာတော့ မမွေးရပါဘူး ။

ပို့စ်လေးတက်လာလို့ စိတ်ပူနေတာ တော်သွားတယ် နေများကောင်းရဲ့လားလို့ အိုက်ကို ရဲ့ သခင်လေးအကြောင်းလည်းဖတ်ချင်ပါသေးတယ်ဗျာာာ

Anonymous said...

အိုက်ကိုဆိုတဲ့နာမည်လေးကလှတယ်

ညီလင်းသစ် said...

ညီမလေး…
ဆော့တာကတော့ အတော်ဆော့တယ်ဗျ…၊ ကြောင်ကို အတင်းမဆွဲဖို့ ပြောနေရတယ်…၊း)

အစ်မချစ်…
ဟုတ်လား…၊ ကျနော် အခုမှ သိတော့တယ်၊ အင်း… နောက်ဆို တရုတ်မလေးတွေ ရှေ့မှာ “အိုက်တယ်” လို့ မပြောမိအောင် သတိထား နေရတော့မယ်…၊ :D

ညီငယ်မောင်မျိုး…
အကြာကြီး ပျောက်နေပြီးတော့မှ ဟောဒီ ကွန်မန့်လေး ပြန်တွေ့ရလို့ ဝမ်းသာမိတယ်ဗျာ…၊ အဆင်ပြေတယ်ဟုတ်…? အိုက်ကိုရဲ့ သခင်လေး အကြောင်းလည်း ရေးပါဦးမယ်…၊

အမည်ဝှက်စာဖတ်သူ (၃)…
ဟုတ်…၊ ကျေးဇူးပါ၊ ကျနော် သူ့ကိုလည်း ပြောလိုက်ပါ့မယ်..။း)

ကြာပီ said...

အိမ်က အမွှာတွေလည်း ကြောင်မွေးချင်လို့ ပူဆာနေတယ်။ ကရိကထများလွန်းလို့ စဉ်းစားနေဆဲ အဆင့်မှာပဲ ရှိသေးတယ်။ အိုက်ကို ကို သဘေတကျနဲ့ လာငေးမောသွားပါကြောင်း

blackroze said...

အိုက်ကို ...နာမည်လေးကတမျိုးဘဲ..
ပစ်ကတော့ ကြောင်တွေ ခွေးတွေ မချစ်တတ်ဘူး..
ဒါပေမဲ့ ချစ်စရာကောင်းတာလေးတွေ တွေ့ရင်တော့
ဟိုကလိဒီကလိ ဟို စ ဒီစ တော့ လုပ်ချင်သား...
ပစ်တို့ အိမ်ရှင် အခန်းမှာလည်း ကြောင်တကောင်ရှိတယ်..
အဲကောင်က စိတ်မှတ်ကြီးတယ်.. သူ့ကိုတခါအော်ထားမိလို့တဲ့
အိမ်ရှင်အန်တီ ကြီးခေါ်ရင် လုံးဝကို လှည့်မကြည့်ဘူး..
တခြားသူခေါ်ရင် လာတယ်..လှည့်ကြည့်တယ်..အသိအမှတ်ပြုတဲ့
ပုံစံလေးပြတယ်... ကြောင်ကို တလတခါ ကြောင်ဗြူတီပါလာ
ပို့ပြီး သန့်ရှင်းရေး လုပ်ပေးရတယ်ပြောတယ်..
ခြေသည်းလက်သည်းလည်း ညှပ်ပေးရတယ်..
နွေဘက်ဆို အမွှေးလည်း ညှပ်ပေးရတယ်..
ဆောင်းတွင်းဝတ်ဖို့ အကျီတွေလည်း ဝယ်ထားပေးတာ
များကြီးဘဲ...သူ့အတွက် ပုံးတပုံးနဲ့ သပ်သပ်ထည့်
ထားပေးတာတွေ့ဖူးတယ်..

မြသွေးနီ said...

အိုက်ကိုလေးက ချောတယ်...
ကြောင်တွေကို စံနစ်တကျ မွေးမြူကြတာ အားရစရာ။ တို့ ဒီမှာတော့ ဒီတိုင်းလွယ်လွယ် မွေးကြတာပဲနော်။ သားသားကတော့ ပျော်နေရှာမှာ မြင်ယောင်မိသေး။