13 December 2007

နှင်းတောင်တွေပေါ်မှာ

သူ ငယ်စဉ်ကလေးဘဝတုန်းက နှင်းဆိုတာရေခဲ သေတ္တာ အအေးခန်းထဲက ရေခဲမှုန်တွေလို နေမှာပဲလို့ တွေး ကြည့်ဖူးသည်၊ နှင်းတွေနဲ့ပတ်သက်လို့ သူ များများ စားစား မသိပါ၊ အပူပိုင်းဒေသက လူတစ်ယောက်ပီပီ သူ့ ပတ်ဝန်းကျင်နှင့် သိပ် အကျွမ်းမဝင်လှသော နှင်းကို မြင်ဖူးချင် ထိတွေ့ဖူးချင်ခဲ့သည်၊ အဲဒီလို စိတ်ကူးယဉ် ကြည့်ခဲ့ရတဲ့နှင်းကို ပထမဆုံးအကြိမ် သူ မြင်ခွင့် ရတာကတော့ တခုသောနွေရာသီမှာဖြစ်လေသည်။

ဒီနိုင်ငံကို သူရောက်လာတဲ့အချိန်က ဥရောပရဲ့ နွေ ရာသီဆိုတော့ နှင်းအကြောင်းက သူ့ခေါင်းထဲမှာ သိပ်မရှိပါ၊ ဒါပေမယ့် သူ ရောက်ပြီးသိပ်မကြာခင်မှာပဲ တောင် ပေါ်ကိုအလည်သွားဖို့ အကြောင်းဖန် လာခဲ့သည်၊ တောင်တန်းတွေ ပေါများသည့်နိုင်ငံ ဖြစ်သည့် အလျောက် တနှစ်ပတ်လုံး နှင်းဖုံးနေတဲ့တောင်တွေလည်း အတော်များသား၊ အဲဒီတောင်တန်းတွေထဲမှာမှ သူ ရောက် သွားခဲ့တာက မီတာ ၃၀၀၀ ကျော်အမြင့်ရှိတဲ့ နှင်းဖုံး တောင် တစ်ခုပါ၊ အဲဒီတောင်ကြောပေါ်မှာတော့ နှင်းက ဆယ့်နှစ်ရာသီပတ်လုံး ရှိသတဲ့။

သူ စီးလာသော တောင်ပေါ်တက်သည့် Cable car တံခါးပွင့်သွားချိန်မှာတော့ အိပ်မက်ထဲက နှင်းကို တကယ် တွေ့လိုက်ရတော့သည်၊ သူ့ မျက်စိရှေ့မှာ အဖြူရောင်နှင်းပြင်ကျယ်ကြီးက တပြန့်တပြောနှင့် မျက်စိတဆုံး...၊ အသက် (၃၀) ဝန်းကျင်လူတစ်ယောက်က သူ့ဘဝမှာ ပထမဆုံး တွေ့ရတဲ့နှင်းကို လက်တဆုပ်စာ ကောက်ယူ လိုက်ပြီး တအံ့တသြနဲ့ ချေမွနေမိသည်၊ နောက်တော့ နှင်းတွေကို အဆုပ်လိုက် အဆုပ်လိုက်လုံးယူကာ ကလေး တစ်ယောက်လို သူမြူးတူး ဆော့ကစားနေမိတော့သည်၊ ပြီးတော့ စိတ်လှုပ်ရှား ရင်ခုန်လျက် မယုံနိုင်ဖြစ်နေ သေးသည်၊ ကျောင်းတုန်းက စာထဲမှာသာ သင်ဖူးသော အဲ့လ်ပ်စ် (Alpes) တောင်တန်းတွေပေါ်ကို သူတကယ် ရောက်နေလေသည်၊ ဥရောပရဲ့ အမြင့်ဆုံးတောင်တန်းတွေလေ...။

နှင်းပေါ်မှာလမ်းလျှောက်လို့ ခဏအကြာမှာတော့ အံ့သြစရာကောင်းစွာ သူ ပူအိုက်လာတော့သည်၊ တောင်ပေါ် သွားဖို့ ပြင်တုန်းက နှင်းတောထဲမှာဆိုတော့ ချမ်းမှာပဲဆိုပြီး အနွေးထည်သုံးလေးထပ် သူဝတ်လာခဲ့သည်၊ ဒါပေ မယ့် သူတွေးထားတာနဲ့ ဆန့်ကျင်စွာ ရာသီဥတုက ပူအိုက်နေခဲ့သည်၊ အင်းလေ..နှင်းတောင်ပေါ်မှာပေမယ့် နွေရာသီကိုး၊ ဒီတော့ တထပ်ပြီးတထပ် ချွတ်လာလိုက်တာ နောက်ဆုံး ကိုယ်ပေါ်မှာဝတ်ထားတဲ့ တီရှပ်ပဲ ကျန် တော့သည်၊ အဲဒီတီရှပ်ကလည်း ချွေးစို့နေပြီ၊ သူကတော့ နှင်းပေါ်မှာပေမယ့် ချွေးစို့နေရသည့် အဖြစ်ကိုပဲ အံ့သြ နေမိသည်၊ နောက်တခုက နေရောင်...၊ နှင်းပြင် အဖြူရောင်က ရောင်ပြန်ဟပ်လာသည့် နေရောင်က သူ့မျက်စိ ကို အလွန်ဒုက္ခပေးပါသည်၊ သူ့မှာနေကာမျက်မှန် လည်းမပါ၊ နှင်းပေါ်မှာ အလင်းပြန်လာသည့် နေရောင်က ဒီလောက်မျက်စိကျိန်းလိမ့်မယ်လို့ သူတခါမှ မစဉ်းစားခဲ့...၊ မတတ်နိုင်တော့...၊ ရသလောက်သာ မျက်စိကို မှေးကျဉ်းထားရတော့သည်။


အဲဒီလို ပထမဆုံး နှင်းတွေနဲ့သူ ဆုံစည်းခဲ့ရပုံက ချွေးလေးတစိုစိုနှင့် သိပ်တော့အေးအေးချမ်းချမ်း မဟုတ်ခဲ့ပေ၊ ဒါပေမယ့် ဆောင်းကာလရောက်လာတဲ့ အခါမှာတော့ မြေပြင်မှာရှိနှင့်ပြီးသား နှင်းတွေသာမကပဲ မိုးပေါ်က ကျလာတဲ့ နှင်းတွေနဲ့ပါ သူရင်းနှီးခဲ့ ရတော့သည်၊ အဲဒီအခါမှာတော့ ရာသီဥတုက တကယ်ပဲ အေးမြလှပါသည်၊ ခပ်ဖွဲဖွဲ ကျလာတတ်သည့် နှင်းမှုန်လေးတွေရော, အဖတ်လိုက်ကျလာတတ်သည့် နှင်းဖတ်တွေရော အားလုံးကို သူ မြင်ခဲ့ရသည်၊ အစမှာတော့ မြင်မြင်သမျှ အရာရာက သူ့အတွက်အဆန်းတကြယ်ချည်းပဲ ဖြစ်နေခဲ့သည်၊ ပြီးတော့ အေးတဲ့ရာသီဥတုကို လည်းသူကြိုက်ပါသည်၊ အအေးကြိုက်လွန်းသည့်အတွက် တခါတရံအပူချိန် ၄-၅ ဒီဂရီစင်တီဂရိတ်အထိ သူအနွေးထည်မဝတ်၊ ဒီနိုင်ငံသား သူ့မိတ်ဆွေတွေကပင် တအံ့တသြနှင့်မချမ်းဘူးလား ဟုမေးယူရသည်၊ သူကလည်း ‘ကျနော့်နိုင်ငံက နေရောင်ခြည်တွေကို ခန္ဓာကိုယ်ထဲမှာ သိုမှီးလာတာဗျ’ဟုရွှတ် နောက်နောက်ပြန်ဖြေမြဲ...။

သူ့အတွက်ကတော့ မြို့ကြီးပြကြီးတွေမှာ သိပ်သိပ်သည်းသည်းကျဆင်းလာသည့် နှင်းဖတ်များက အမှန်ပင် ရင်ခုန်စရာ ကောင်းပါသည်။ မြို့ပြရဲ့တိုးတက်ထွန်းကားမှုတွေ၊ မီးပွိုင့်တွေ၊ မိုးမျှော်တိုက်ကြီးတွေပေါ်ကို ငြိမ်း ချမ်းတိတ်ဆိတ်သည့် နှင့်ပွင့်များ တဖွဲဖွဲနှင့်ကျလာပုံက သူ့အတွက် ဘယ်တော့မှမရိုးနိုင်သော မြင်ကွင်း တခုပဲ ဖြစ်သည်၊ သို့သော် ထိုရင်ခုန်မှုရဲ့ နောက်ဆက်တွဲက နဲနဲတော့စိတ်ညစ်စရာပင်၊ ကားဘီးတွေမှာ လမ်းမချော် အောင် သံချိန်းကြိုးတွေတပ်ရတာ၊ လမ်းတွေမှာ နှင်းခြစ်ကားနဲ့ အမြဲမပြတ် ရှင်းနေရတာ၊ မြန်နှုန်း လျှော့ချရလို့ ကားတွေ အမြန်မမောင်းနိုင်ဘဲ လမ်းတွေပိတ်ကုန်တာ၊ လမ်းတွေမှာ ပုံနေတဲ့နှင်းတွေက ပျော်ကျ လာတဲ့အခါ နေရာတိုင်းမှာ ရေစပ်စပ်နဲ့ ဖြစ်ကုန်တာ စသဖြင့် ကသိကအောက်ဖြစ်စရာလေးတွေ တော့ရှိသည်၊ ပြီးတော့ ကားဒဏ်လူဒဏ် ကြားမှာ နှင်းတွေခမျာ သိပ်ကြာကြာ ဖြူမနေနိုင်ပါ၊ ခပ်ညစ်ညစ် ဖြစ်ကုန်တတ်ကြသည်၊ နောက်တော့လည်းအဲဒီ နှင်းတွေ လွင့်ပါးကွယ်ပျောက် သွားတာပါပဲ။


တောင်ပေါ်ကနှင်းတွေကတော့ တဆောင်းတွင်းလုံး အေးမြဖြူဖွေး နေလေ့ရှိပါသည်၊ အဲဒီတောင်ပေါ်ကနှင်းတွေ အကြောင်းကို သိပ်မကြာခင်မှာ သူပိုသိလာခဲ့သည်၊ အကြောင်းက မထင်မှတ်ပါဘဲ နှင်းလျှောစီးစခန်း စ်ခုကို သူရောက်သွားခဲ့သည်၊ အဲဒီမှာ တစ်ပတ်ကြာနေခဲ့တဲ့ကာလအတွင်း သူ့တသက်တခါမှတွေးမထားတဲ့ နှင်းလျှော စီးခြင်းကို သူ သင်ကြားခွင့် ရခဲ့လေသည်၊ သူတည်းခိုသည့်နေရာက Ski လို့ခေါ်သည့် နှင်းလျှောစီးခြင်းအတွက် မတတ်သေးသူတွေကို အခမဲ့ သင်ပေးသလို တတ်ပြီးသား သူ တွေကိုလည်း ကျွမ်းကျင်မှုအလိုက် အတူအကွစီး နိုင်ဖို့ အုပ်စုလေးတွေ ဖွဲ့ပေး တဲ့ဝန်ဆောင်မှုရှိသည်၊ သူက လည်း သူနေတဲ့မြို့ကနေ ဆောင်းတွင်းတစ်ရာသီစာ ငှါးလာတဲ့ ski တစ်စုံနှင့် တက်ကြွနေသည်။

အစမှာတော့သူက ဒီအသက်ဒီအရွယ်ရောက်မှ ကလေးတွေနဲ့အတူ သင်ရလိမ့်မည်ဟု တွေးထားခဲ့သည်၊ ဒါပေ မယ့်သူ့လို လုံးဝမစီးတတ်သူတွေ အတော်များတာကိုတွေ့လိုက်တော့ အားတက်သွားခဲ့သည်၊ သင်ပေးမည့် ဆရာက အဆင့်သင့်ပြင်ဖို့ ပြောတော့ သူလည်း အများလုပ်တာကြည့်ပြီး ski ပြားတွေကို ဖိနပ်မှာတပ်လိုက် သည်၊ ဒါပေမယ့် ski ပေါ်တက် လိုက်သည်နှင့် မစီးတတ်သူတို့ ထုံးစံအတိုင်း လျှောကနဲထွက်သွားတော့သည်၊ ဒီတော့အရှိန် လျှော့ဖို့အတွက် ကိုယ်ခန္ဓာကို နောက်ဖက်ယိုင်လိုက်သည်၊ အဲဒါက မဟာအမှားပါပဲ၊ အကြောင်း က ကိုယ်ခန္ဓာရဲ့ အလေးချိန်က ski ပြားပေါ်မှာမရှိတော့ဘဲ ski ပြားနှစ်ခုက အထိန်းအကွပ်မဲ့ကာ အချင်းချင်း ချိတ်မိပြီး သူ လဲကျလေသည်။ ပထမတော့ သူနဲနဲရှက်သွားပေမယ့် စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့အဖွဲ့ကလူတွေ တစ်ယောက်ပြီးတစ်ယောက် အားလုံးလဲကုန်တာမြင်တော့ သူစိတ်သက်သာရာ ရသွားခဲ့သည်၊ နောက်တော့ လည်း ဒီလိုလဲကျတာ အဆန်းမဟုတ်တော့ဘဲ သူ့အတွက်ပျော်စရာ တခုပင်ဖြစ်လာခဲ့သည်။

ခဏအကြာမှာ သင်တန်းဆရာက ဘရိတ်အုပ်နည်းကို သင်ပေးပါသည်၊ မစီးတတ်ခင်မှာ အကောင်းဆုံးဘရိတ် အုပ်နည်းကတော့ ski ကို ထယ်သွားပုံစံ ရှေ့ဖက်မှာစုလျက် နောက်ဖက်ကိုကားလိုက်ခြင်းပင် ဖြစ်သည်၊ ထယ် ထိုးသည်ဟု ခေါ်သည်၊ ဒီနည်းနဲ့ ski က ရပ်ချင်သည့်နေရာမှာ တိကနဲရပ်သည်၊ ဘယ်လိုရပ်ရလဲ ဆိုတာသူသိ သွားတော့ စီးရင်းအရှိန်လေး နဲနဲရလာရင် ရပ်လိုက်၊ ပြီးတော့ဆက်စီးလိုက်နဲ့ သူ အားတက်လာလေသည်၊ ဒါနဲ့ နှင်းဆင်ခြေလျှော ပြေပြေလေးတွေမှာ စီးလိုက်၊ မြန်လာရင် ထယ်ထိုးပြီး ရပ်လိုက်နှင့် ‘အင်း..လယ်ထဲ မှာသာဆို ရင်တော့ ထွန်ရေးညက်လောက်ပြီ’ ဟု သူတွေးနေလေသည်။

ဒီလိုနှင့် အကြိမ်တော်တော်များများ လဲကျအပြီးမှာတော့ သူကျွမ်းကျင်စွာ ski စီးတတ်သွားတော့သည်၊ ထိုအခါ အများသူငါလို စီးဖို့အတွက် နှင်းတောင်တွေပေါ်ကို သူတက်ခဲ့သည်၊ တောင်တွေပေါ်မှာ ski စီးရာလမ်း ကြောင်း ကို (၃)မျိုးခွဲ ထားလေ့ရှိပါသည်၊ အပြာရောင်,အနီရောင်နှင့် အနက်ရောင်ဖြစ်သည်၊ အပြာရောင် လမ်းကြောင်း ကဆင်ခြေလျှော ပြေပြေလေးတွေနှင့်ဖြစ်ကာ အနီကသူ့ထက်ပိုမတ်ပြီး အနက်ရောင် လမ်း ကြောင်းကတော့ အမတ်ဆုံးနှင့် အခက်ဆုံးဖြစ်သည်၊ ဒီလမ်းကြောင်းတွေကို သိဖို့အတွက် လမ်းရဲ့ တဖက်တချက်မှာ အဲဒီ အရောင်တွေနဲ့ တုတ်တိုင်တွေစိုက်ထား လေ့ရှိပါသည်၊ သူက ပထမတော့ အပြာရောင် လမ်းကြောင်းပေါ်မှာ မရဲ တရဲစမ်းစီးရင်း တဖြေးဖြေးနှင့် အနီရောင်ကိုပါ သူစီးရဲလာခဲ့သည်၊ နောက်တော့ တချို့အနက်ရောင် လမ်း ကြောင်း တွေကိုပါ စီးဖြစ်တော့သည်။

လောလောလတ်လတ် ကျထားကာစ နှင်းထုတွေပေါ်မှာ ski စီးရတာသူကြိုက်ပါသည်၊ Powder snow လို့ခေါ် ကြသည့် ထိုနှင်းမျိုးတွေက တကယ့်ကို နုနုမွမွလေးဖြစ်သည်၊ ပြီးတော့မနက်ခင်းမှာ စီးလို့ပိုကောင်းသည်ဟု သူ ထင်သည်၊ နေ့ခင်းပိုင်းရောက်ရင်တော့ နေသာသည့်ရက်ဆိုရင် နှင်းတွေကနဲနဲ အရည်ပျော်လို့ ski ပြားတွေကို ဆွဲထားသလို ဖြစ်တတ်ပြီး၊ နေရောင်မရဘဲ အအေးပိုသည့်အခါဆိုရင်တော့ နှင်းဖတ်တွေက တချို့နေရာတွေမှာ ရေခဲပြင်လို မာချင်ချင်။ ထိုအခါ ချော်လဲဖို့ ရာခိုင်နှုန်းပိုများပါသည်၊ နှစ်စဉ်နှစ်တိုင်း ski ကြောင့်ဒဏ်ရာရသူတွေ ကိုသူမြင်ဖူးနေသည့်အတွက် သူချော်မလဲချင်ပါ၊ ပြီးတော့ ကြောက်သည်ပဲဆိုဆို သတ်မှတ်ထားသော ski လမ်း ကြောင်းအတွင်းမှသာ သူစီးပါသည်၊ ကျွမ်းကျင်နေသည့် တချို့လူငယ်တွေက တောင်စောင်း၊ လျှိုမြောင်ထဲမှာ ခဲရာခဲဆစ် စီးတတ်ကြသည်၊ ထိုအခါ နှင်းတောင်ပြိုမှုတွေ မကြာခဏဖြစ်ပြီး အသက်ဆုံးကြရသည်။

Ski ဖြင့်တောင်အောက်ရောက်လာသောအခါ တောင်ပေါ်ကို Chair lift ဟုခေါ်သော ကြိုးတပ်ခုံများ ဖြင့်ပြန် တက်ကြရသည်၊ ထိုအတွက် နေ့တဝက်စာ သို့မဟုတ် တနေ့စာလက်မှတ် ဝယ်ရသည်၊ ထိုလက်မှတ်ကို အဝင်ဝ မှ စက်ထဲထည့်ရင်း တံခါးပွင့်လာသောအခါ ရောက်လာသောထိုင်ခုံပေါ် ထိုင်လိုက်သွားရုံပင်...၊ ထိုခုံတွေ မှာထိုင်ရင်း တောင်ပေါ်ကို တရွေ့ရွေ့တက်နေစဉ်တိုင်းမှာ မြန်မာပြည်မှ သူငယ်ချင်းများကို သူ သတိရလေ သည်၊


သူ့တိုင်းပြည်မှာလည်း ဒီလိုနှင်းတောင်တွေရှိတာ သူသိပါသည်၊ အိမ်နီးချင်း တိုင်းပြည်တွေမှာမရှိသည့် နှင်းဖွေး ဖွေးအလှတို့ဖြင့် သဘာဝလက်ဆောင်မွန်ကို ရထားသည့် အရှေ့တောင်အာရှက ချစ်စရာတိုင်းပြည်ကလေး...။ ဒီနှင်းတောင်တွေပေါ်မှာ ski စခန်းတွေ ဖွင့်လှစ်နိုင်ရင် ဘယ်လောက်ကောင်းမလဲဟု သူမကြာခဏ စိတ်ကူး ယဉ် ကြည့်ဖူးသည်၊ ပိုက်ဆံတတ်နိုင်သည့် အာရှကတိုင်းပြည်တချို့ နှင်းလျှောစီးစခန်းအတုတွေ ဆောက်နေကြချိန် မှာ သူ့တိုင်းပြည်က သဘာဝနှင်းတောင်တွေကတော့ လူရာသိပ်မဝင်နိုင်သေး၊ ဒီလိုစခန်းတွေသာ ရှိလာရင် သူ့ တိုင်းပြည်ကလူတွေ ဘယ်လောက်ပျော်ရွှင် ဂုဏ်ယူလိုက်မလဲ၊ အားလုံးကလည်း အထိုက်အလျောက် သုံးနိုင် စွဲနိုင်လို့၊ ဆောင်းရာသီမှာ အလုပ်ကခွင့်တွေယူ..ပူတာအိုကိုတက်ကြ၊ ski စခန်းတွေမှာ အပန်းဖြေကြ၊ ပြည်ပက ski လာစီးမယ့် ခရီးသွား တွေနဲ့ လည်း စည် ကားပြီး နိုင်ငံခြားဝင်ငွေတွေ ပိုရကြ...၊ အတွေးတွေထဲမှာ နစ်မျောရင်း သူ့နှုတ်ခမ်းတွေပင် အလိုလို ကွေးညွှတ် ကာ ပြုံးနေမိသည်။

ရုတ်တရက် သုတ်ကနဲတိုက်လိုက်သော ဆောင်းလေအေးအေးကြောင့် သူလန့်သွားပြီး သူ့စိတ်ကူးထဲမှ နှင်း လျှောစီးစခန်းလေးမှာလည်း တစစီပြိုကျ ပျောက်ကွယ်သွားတော့သည်၊ ဆောင်းလေက သူမေ့ထားချင်သော အဖြစ်မှန်တွေကို သူ့အပေါ်တိုက်ခတ် သွန်ချလိုက်သဖြင့် သူဖိစီးလေးလံသွားသည်၊ အင်း..တနေ့နေ့ ပေါ့လေ..။ သူ မှုတ်ထုတ်လိုက်သော သက်ပြင်းငွေ့နွေးနွေးက နှုတ်ခမ်းဝမှာတင် အေးစက်သောဆောင်းလေရဲ့ ရက်ရက် စက်စက် ချေဖျက်ခြင်းကို ခံလိုက်ရသည်၊ လောလောဆယ်တော့ တောင်ပေါ်တရွေ့ရွေ့ တက်နေသည့် ထိုင်ခုံ ပေါ်မှနေ၍ နှင်းလျှောစီးသူတွေဖြင့် ပြည့်နေသည့် နှင်းတောင်တွေကိုကြည့်ကာ သူ့တိုင်းပြည်မှ လည်ပတ်သူမဲ့ နှင်းတောင်တွေကို သူသတိရနေမိလေသည်။ ။


ညီလင်းသစ်
၁၂ ဒီဇင်ဘာ၊ ၂၀၀၇

3 comments:

မေငြိမ်း said...

အင်းး.. အကြံတွေ အမြင်တွေကတော့ တူပါပေ့။ အမလည်း အမတို့တိုင်းပြည်ရဲ့ သဘာဝအရင်းအမြစ်တွေနဲ့ပတ်သက်ရင် စိန်ခေါ်ရဲတယ်။ အာဏာပိုင်တွောစေတနာရှိရင် တို့တိုင်းပြည်က Tourism နဲ့ကို ပိုက်ဆံအများကြီး ရမှာ..။ အမအဖေက Tourism လုပ်ခဲ့တော့ အမ ကောင်းကောင်းသိတာပေါ့..။ အဲဒါတွေတွေးမိလေ..စိတ်နာလေပေါ့။

Angel said...

လာဆွေးနွေးချင်ပေမယ့်သေချာမအားသေးလို့ အခုမှရောက်ဖြစ်တော့တယ်။ ဟုတ်တယ်ကိုညီလင်းသစ်ရေ၊ မြန်မာပြည်မှာကနိုင်ငံခြားဝင်ငွေရသင့်ပါရက်နဲ့ မရနိုင်ခြင်းကလည်းမြန်မာပြည်တိုးတက်မှုနှောင့်နှေးရခြင်းအကြောင်းတစ်ခုပါဘဲ။ချင်းမိုင်(ဇင်းမယ်)ဘက်ကိုလေ့လာရေးဆင်းခဲ့ရတုန်းကတွေ့ခဲ့တဲ့သူတို့ ရဲ့ရှေးရိုးရာအစားအစာဆိုင်ဆိုရင်အနောက်တိုင်းကမိသားစုတွေအများကြီးဝင်စားကြတယ်။ ဈေးလည်းအရမ်းကြီးတာဘဲ။ ကျောင်းကစရိတ်ခံပြီးလိုက်ပို့တာမို့လို့ဝင်စားကြည့်တော့..လားလား….မြန်မာထမင်းဟင်း
တွေကိုတောစတိုင်လ်နဲ့အောက်မှာထိုင်စားရတာဗျ။ ကိုယ့်ရိုးရာနဲ့သူများတွေကြီးပွားနေကြတာမြင်ခဲ့ရတော့“ကျုပ်လူမျိုးအတွက်ကျုပ်မှငိုရတယ်“လို့သာဆိုချင်ပါတော့တယ်။

An Asian Tour Operator said...

အရှေ့ တောင်အာရှမှာ ကျနော်တို့ မြန်မာနိုင်ငံက တစ်ခုတည်းသော ရေခဲတောင်ရှိတဲ့ နိုင်ငံပါ။ tourism နဲ့ပါတ်သက်ပြီး destination development လုပ်ဖို့က အခြေခံအဆောက်အအုံ (basic infrastructure)တွေလိုပါသေးတယ်ဗျာ။ တာဝန်ရှိသူတွေမှာအမြင် မရှိသေးတာ ကတကယ့်အကြီးမားဆုံး လိုအပ်ချက်ပေါ့။