31 December 2007

၂၀၀၇ သို့နှုတ်ဆက်ခြင်း


မကြာခင်နာရီပိုင်းဆိုရင် ၂၀၀၇ ခုနှစ်ကုန်ဆုံးလို့ ၂၀၀၈ ကိုဝင်ရောက်ပြီဖြစ်ပါတယ်၊ ကမ္ဘာတလွှား မှာလည်း ဒီအခါသမယကို ကြိုဆိုဖို့ အားလုံးကစိတ်လှုပ်ရှားစွာနဲ့ ပြင်ဆင်နေကြချိန်ပေါ့၊ အရှေ့ဖက် ကျတဲ့ နိုင်ငံတွေက ပထမဦးဆုံး နှစ်သစ်ကို ဦးဦးဖျားဖျား ကြိုဆိုရသလို အနောက်ဖက်က နိုင်ငံတွေ ကလည်း နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီး တခမ်းတနား ကြိုဆိုဖို့ တာစူနေကြတယ်။

၂၀၀၈ ဟာတခါမှ မဝတ်ရသေးတဲ့ ဝတ်စုံသစ်တခုလို သစ်လွင်တောက်ပစွာနဲ့ ဘီဒိုထဲက ထွက်လာ ဖို့ အပြန့်သားအစန့်သား သွေးကြီးနေလေရဲ့၊ ၂၀၀၇ ကတော့ကျိုးကြေနေတဲ့ခေါက်ရိုးတွေနဲ့ နွမ်းလျ မှိန်မွဲလို့...၊ မကြာခင်မှာ အဟောင်းပုံထဲကို သွားရတော့မှာမို့ ဝမ်းနည်းရိပ်တွေ သမ်းနေမလားပဲ၊ သူလည်း လွန်ခဲ့တဲ့ ရက်ပေါင်း ၃၆၅ ရက်တုန်းက အခု ၂၀၀၈ လိုနေရာမျိုးမှာပေါ့၊ တခမ်းတနားနဲ့ ငယ်ဂုဏ်ငယ်သွေး ကြွနေခဲ့သေးတယ်လေ၊ တကမ္ဘာလုံးကလူတွေကလည်း သူ့ကိုကြိုဆိုခဲ့ကြတာမှ တကယ့်ကို လှိုက်လှိုက်လှဲလှဲ...၊ အခုတော့လည်း ၂၀၀၆ နောက်ကို သူလိုက်ရတော့မှာပေါ့၊ နောက် နှစ်ဒီလို အချိန်မှာဆိုရင်တော့ ၂၀၀၈ လည်းသူ့နောက်လိုက်လာရမှာ အသေအချာပါပဲ။

၂၀၀၇ မှာအကောင်အထည်ဖေါ်ဖို့ ချမှတ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကလည်း တပုံတခေါင်း၊ နိုင်ငံတွေက ပရောဂျက်တွေ အမျိုးမျိုးချကြသလို လူတစ်ဦးချင်းစီကလည်း နှစ်သစ်မှာတော့ဖြင့် ဒါလုပ်မယ်၊ ဒါတော့ဖြင့် မလုပ်တော့ဘူး၊ ဒီဟာကိုတော့ ရှောင်တော့မယ် စသဖြင့် တစ်ဦးချင်း သံဓိဌာန်တွေချ ကြ၊ အချင်းချင်း ကတိကဝတ်တွေပေးကြနဲ့ပေါ့၊ အောင်မြင်သွားတဲ့ လူတွေရှိသလို ဒုံရင်းပြန်ရောက် တဲ့သူတွေလည်း အများကြီးပါပဲ။

အားလုံးကတော့ နှစ်သစ်ကို ဝင်ရောက်ခွင့်ရလို့ ပျော်ကြတာများပါတယ်၊ ရောဂါဝေဒနာ ခံစားနေရ တဲ့လူတွေက နှစ်သစ်တခုကို မြင်တွေ့ခွင့်ရလို့ ဝမ်းသာကြသလို အကျဉ်းကျနေတဲ့လူတွေကလည်း လွတ်ရက်နီးလာလို့ ပျော်ကြပြန်တယ်၊ အနောက်နိုင်ငံတွေမှာတော့ ဖြတ်သန်းခဲ့တဲ့ တနှစ်တာ အတွင်း အောင်မြင်မှု၊ ရှေ့နှစ်က ယူဆောင်လာမယ့် အောင်မြင်မှုတွေအတွက် ရှန်ပိန် ကိုယ်စီနဲ့ အသီးသီးနှုတ်ခွန်းဆက်ကြလေ့ ရှိပါတယ်၊ ကိုယ့်ရဲ့ အစီအစဉ်နဲ့ အနေအထားပေါ် မူတည်လို့ ပျော်ရွှင်မှု ဒီဂရီတော့ အနည်းအများ ကွာကောင်းကွာနိုင်ပါတယ်၊ တချို့ကလည်း ‘နှစ်သစ်ဖြစ်ဖြစ် နှစ်ဟောင်းဖြစ်ဖြစ် မထူးပါဘူးကွာ’ ဆိုတဲ့လူတွေရှိသလို နှစ်တွေ ဘယ်လိုပဲသစ်သစ် အဟောင်း အတိုင်း ဆက်မိုက်နေဦးမယ့် သူတွေလည်းရှိဦးမှာပါပဲ။

ကျနော်တို့ကမ္ဘာကြီးရဲ့ ကျန်းမာရေးကရော...၊ အားလုံးကဝိုင်းဝန်းတည့်မတ်နေပေမယ့် တကယ်ပဲ ထူထူထောင်ထောင် ဖြစ်လာရဲ့လား? နေရာများစွာမှာ စစ်မက်တွေ ဆက်လက်ဖြစ်ပွားဆဲ၊ အသေခံ ဗုံးခွဲမှုတွေ ဆက်ရှိနေဆဲ၊ အကြမ်းဖက်လုပ်ငန်းတွေ တိုးလာနေဆဲ၊ သဘာဝပတ်ဝန်းကျင် အရည်အသွေးတွေ ဆက်ပြီးကျဆင်းလာနေဆဲ၊ ဖြေရှင်းဖို့ကြိုးစားနေတဲ့ ကြားကနေ ပိုပိုပြီး ရှုပ်လာတဲ့ နိုင်ငံတကာ ပဋိပက္ခတွေ အကျပ်အတည်းတွေနဲ့ ကမ္ဘာကြီးကတော့ နာတာရှည် လူမမာ ကြီးလို တရှောင်ရှောင်နဲ့ပါပဲ။





ကျနော်တို့အားလုံး စုပေါင်းပိုင်ဆိုင်တဲ့ တခုတည်းသော ကမ္ဘာကြီးပါ၊ နေထိုင်ရာ လောကကြီးကို ကျေးဇူးမကန်းဘဲ ပြန်လည်ပေးဆပ်ဖို့က အယောက်စီတိုင်းရဲ့တာဝန်ပါပဲ၊ ကျနော်တို့ရဲ့ကလေးငယ် တွေလွတ်လပ်စွာ ရယ်မောနိုင်ဖို့၊ မိခင်တွေရဲ့ သားချော့တေးတွေ ငြိမ်းချမ်းစွာ ဆက်လက်စီးဆင်း စေဖို့၊ ယမ်းငွေ့တွေကြားက ကတုတ်ကျင်းတွေကို ချစ်ခြင်းမေတ္တာတွေနဲ့ ဖို့ပစ်ဖို့၊ အဖေနဲ့အကိုရဲ့ လက်တွေသေနတ်ခလုတ်ကို မညှစ်ရဘဲ ပေါ့ပါးစွာပျိုးကြဲနိုင်ဖို့...၊ ............ နိုင်ဖို့၊ .......... နိုင်ဖို့၊ ကျနော်တို့ ကြိုးစားကြရဦးမှာပါ။

လူတိုင်းကတော့ ငြိမ်းချမ်းရေး လိုချင်ကြမှာချည်းပါပဲ၊ ငြိမ်းချမ်းချင်လို့ စစ်တိုက်နေရတယ် ဆိုတဲ့ စကားရှိပေမယ့် တိုက်နေတဲ့ အဲဒီစစ်တွေအားလုံးဟာ ငြိမ်းချမ်းခြင်းနဲ့ ဝေးနေဆဲပါပဲ၊ အုံလိုက်ကျင်း လိုက် လက်နက်ကိုင် တိုက်ကြတဲ့ စစ်ပွဲတွေကအစ တစ်ဦးနဲ့တစ်ဦး ကတောက်ကဆ ဖြစ်ရတဲ့ လက်နက်မဲ့ စစ်ပွဲသေးသေးလေးတွေအဆုံး အားလုံးဟာ ပူလောင်ပင်ပန်းစွာနဲ့ နွမ်းလျစေပါတယ်။

အခုလို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ မကြာခင်ကျရောက်တော့မယ် နှစ်သစ်အတွက် လူတိုင်းဟာ ကိုယ်စီကိုယ်ငှ ရင်ခုန်နေကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်၊ လာမယ့်နှစ်မှာ အကောင်းဆုံး တွေရယူဖို့၊ အကောင်းဆုံးတွေ ပေးဆပ်ဖို့၊ စိတ်သစ်လူသစ်နဲ့ အသက်ရှင်ဖို့၊ ယုံကြည်ချက် မျှော်မှန်း ချက်တွေ တည်ဆောက်ကြလို့ပေါ့၊ ဒီနေ့မှာ ကျနော်တို့ရဲ့ ကမ္ဘာကြီးဟာ ရင်ခုန်သံ အတိုးအကျယ် တွေနဲ့ ဆူညံမြည်ဟည်းနေမှာ သေချာပါတယ်၊ နေထိုင်ရာဒေသတွေ၊ အသားအရောင်တွေ ဘယ်လိုပဲကွဲပြားပါစေ... အကောင်းဆုံးဖြစ်ဖို့ ဆိုတဲ့ ဦးတည်ချက်အောက်မှာ ရင်ခုန်သံတွေဟာ တရောင်တည်း, တစည်းချက်တည်း ခုန်နေပါလိမ့်မယ်။

ရင်ခုန်သံတွေ ထပ်တူကျတဲ့ ဒီလိုနေ့မှာ မိတ်ဆွေသူငယ်ချင်းများအားလုံးကို ကျနော်နှစ်သက်တဲ့ သီချင်းလေးနဲ့အတူ နှစ်သစ်အတွက် ခွန်းဆုချွေလိုက်ပါတယ်၊ ဘယ်သူရေးခဲ့တယ်ဆိုတာ မမှတ်မိ ပေမယ့် ကွယ်လွန်သူ ဂီတပညာရှင် ကိုငှက်သီဆိုထားခဲ့တဲ့ သီချင်းဟောင်းလေး တစ်ပုဒ်ပါ၊ ကျနော် တို့အားလုံးရဲ့ ကမ္ဘာကြီး ပိုမိုသာယာစေဖို့ ရှေ့ရှုရင်း ပိုမိုငြိမ်းချမ်းလာတဲ့ ပျော်ရွှင်ဖွယ်ရာ နှစ်သစ် ဖြစ်ပါစေ ခင်ဗျား။ ။


ညီလင်းသစ်
၃၁ ဒီဇင်ဘာ၊ ၂၀၀၇

2 comments:

Angel said...

အဟောင်းကိုပျော်ရွှင်စွာစွန့် ..
အသစ်ကိုရင်ခုန်စွာကြိုဆိုကြတဲ့
ဒီလောကထဲမှာလူဖြစ်နေရသူအဖို့ 
အသစ်တွေဘယ်လိုကောင်းကောင်း
အဟောင်းတလည်လည်ဆိုတဲ့
အတွေးတွေ ထွေးပိုက်မနေတော့ပဲ
မိုးခါးရေ၀ိုင်းသောက်လိုက်ပါတယ်။
ပျော်ရွှင်ဖွယ်ရာနှစ်သစ်ပါ
ကိုညီလင်းသစ်ရေ…။

MieMie said...

ဒီသီချင်းလေးကိုအရမ်းနှစ်သက်မိပါတယ်...

နေထိုင်ရာဒေသနဲ့ အသားအရောင်တွေ မတူလည်းဘဲ ရင်ခုန်နေတယ် နှလုံးသားကတရောင်တည်း.....

ညီလင်းသစ်ရဲ့ ဘလော့ဂ်ကို စ, စချင်းလာလည်တုန်းက
မြန်မာဖောင့် မရိုက်တတ်လို့ မရိုက်မိခဲ့ဘူး....ဘလော့ဂ်ဆိုတာ စ, သိခါစတုန်းက အလည်လာဖြစ်တဲ့အထဲမှာ ဒီဘလော့လေးလည်းပါတာပေါ့....

ပထမတော့ နာမည်လေးကြိုက်လို့လည်ဖြစ်တယ်...နောက်တော့ ရေးထားတဲ့ အကြောင်းအရာလေးတွေ...အတွေးအခေါ်လေးတွေ ထပ်တူကျလို့ရယ်ကြောင့် ....ရောက်ဖြစ်နေပါတယ်....

မျှဝေပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်....အမှတ်တရအဖြစ် comment ရေးခဲ့ပါတယ်..... ma mie nge