08 February 2008

ကွတ်ကီးတစ်ထုပ်အကြောင်း


ကြီးမားကျယ်ပြန့်လှသော လေဆိပ်ခန်းမကြီးထဲမှာ ရပ်ဝေးရပ်နီးသွားကြမည့် ခရီးသွားတို့ဖြင့် လှုပ်ရှားဆူညံ လျက်ရှိသည်။ အချို့ကဝန်စည်စလယ်များ တနင့်တပိုးဖြင့် ဖိစီးလေးလံနေသလောက် အချို့ကတော့ လက်ဆွဲ အိတ်များဖြင့် ပေါ့ပေါ့ပါးပါး ရှိနေကြသည်။ ဝမ်းနည်းရိပ်စွက်သော မျက်နှာများဖြင့် လိုက်လံပို့ဆောင် နှုတ်ဆက် သူများ၊ ပြုံးပျော်ရွှင်မြူးသော မျက်နှာများဖြင့် လာကြိုသူများ၊ ခံစားမှုတစုံတရာ မရှိသော သာမန်မျက်နှာများဖြင့် လေဆိပ်ဝန်ထမ်းများ...၊ မြင်ကွင်းတခုလုံးက ပြဇတ်ဆန်ဆန်အသက်ဝင်လျက်ရှိသည်။

ခရီးသွားသေတ္တာကို လေကြောင်းလိုင်းကောင်တာမှာ အပ်နှံပြီးပြီမို့ သူမအနေဖြင့် ပေါ့ပါးလွတ်လပ်စွာ လူဝင်မှု ကြီးကြပ်ရေးကောင်တာသို့ လျှောက်လာခဲ့သည်။ ကောင်တာရှေ့မှာ တန်းစီနေသူ များများစားစားမရှိ၊ စုံတွဲဖြစ် ဟန်တူသူ နှစ်ယောက်ကိုသာ တွေ့ရသည်။ သူမလည်း နောက်မှဝင်ရပ်လိုက်ရင်း ခရီးဆောင်လက်ဆွဲအိတ်ထဲမှ နိုင်ငံကူးလက်မှတ်ကို အသင့်ထုတ်ကိုင် ထားလိုက်သည်။ သူမအလှည့်ရောက်သောအခါ ကောင်တာရှေ့မှာရပ် ရင်း ပတ်စ်ပို့စာအုပ်ကို ထိုးပေးလိုက်သည်။ လူဝင်မှုကြီးကြပ်ရေး အရာရှိအမျိုးသမီးက သူမကိုတချက် မျက်လုံး လှန်ကြည့်ရင်း ပတ်စ်ပို့ကို ဟိုဟိုဒီဒီ လှန်လှောကြည့်သည်။ ပြီးတော့ အပြုံးမြမြဖြင့် ပြန်ပေးရင်း...

“ ကောင်းသောခရီးဖြစ်ပါစေရှင် ”...။
“ ကျေးဇူးတင်ပါတယ် ” ဟုအပြုံးတဝက်ဖြင့် ပြန်ပြောရင်း သူမ လှည့်ထွက်လာခဲ့သည်။

လေကြောင်းလိုင်းဆိုင်ရာ ကိစ္စတွေတော့ ပြီးသွားပြီ၊ လက်မှနာရီကို ကြည့်တော့ လေယာဉ်ပေါ်တက်ရဖို့ အချိန် အတော်လိုသေးသည်။ ပျင်းရိစွာဖြင့် အချိန်တွေဖြုန်းရဦးမည့် အရေးတွေးနေခိုက် ဗိုက်ထဲမှ ဆာသလိုလိုဖြစ်လာ သည်။ ‘ဟုတ်သားပဲ...လေဆိပ်ကို အချိန်မှီရောက်ဖို့ စိတ်စောနေတာနဲ့ မနက်ကဘာမှ မစားခဲ့ရဘူး’။ စား သောက်ခန်းမှာ သွားစားဖို့ကျပြန်တော့ တစ်ယောက်တည်းမို့ သိပ်စိတ်မပါ၊ ဘေးဘီကိုကြည့်လိုက်တော့ခပ်လှမ်း လှမ်းမှာ စူပါမားကက်အသေးလေးတစ်ခု...။ အဲဒီမှာပဲ တစ်ခုခုဝယ်စားဖို့တွေးရင်း လျှောက်လာခဲ့သည်။

ဆိုင်ထဲရောက်တော့ မုန့်တွေထားသော စင်ပေါ်မှာ ကွတ်ကီးမုန့်ထုပ်တွေ တွေ့ရသည်။ ကွတ်ကီးကြိုက်သော သူမအဖို့ ရှည်ရှည်ဝေး ဝေးလိုက်ရှာနေစရာ မလိုတော့၊ အရွယ်ခပ်လတ်လတ်တစ်ထုပ်ကိုသူမ ရွေးလိုက်သည်။ စူပါမားကက်မှ လေယာဉ်စီးခရီးသည်များ စောင့်ဆိုင်းရာခန်းမဖက် ပြန်လျှောက်လာရင်း ဆိုင်ခန်းများကို သူမ ငေးလာခဲ့သည်။ အကောက်ခွန်ကင်းလွတ်ခွင့် ပစ္စည်းများရောင်းချသော ဆိုင်ပေါင်းစုံဖြင့် လေဆိပ်ခန်းမ စင်္ကြန်သည် သူမလို စောင်းဆိုင်းရမည့် သူတွေအဖို့ အချိန်ဖြုန်းစရာ နေရာကောင်းတခုဖြစ်သည်။ အရက်ပုလင်း မျိုးစုံ ရောင်းသည့်ဆိုင်၊ ရေမွှေးများ ရောင်းသည့်ဆိုင်၊ အမှတ်တရပစ္စည်းများ ရောင်းသည့်ဆိုင်၊ အစုံပါပဲလေ..။ ထိုသို့လျှောက်လာရင်းမှ စာအုပ်ဆိုင်ခပ်သေးသေး တစ်ခုကို သူမသတိပြုမိသွားသည်။ ‘ဟုတ်ပြီ၊ ဒီလို လျှောက် သွားနေမယ့်အစား စာအုပ်တစ်အုပ်ဝယ်ပြီး တနေရာရာမှာ အေးအေးဆေးဆေး စာထိုင်ဖတ်နေတာ ပိုကောင်း မယ်’ဟုတွေးလိုက်ရင်း စာအုပ် ဆိုင်ဖက်ကို သူမခြေဦးလှည့်လိုက်သည်။

စာအုပ်ဆိုင်လေးသည် သေးငယ်သော်လည်း နောက်ဆုံးထုတ်မဂ္ဂဇင်းများ၊ ဝတ္ထုစာအုပ်များဖြင့် စုံလင်လှသည်။ ဖတ်နေကျ ကျန်းမာရေးမဂ္ဂဇင်းတစ်အုပ်ဝယ်လိုက်ရင်း ကောင်တာမှာငွေရှင်းတော့ အရောင်းတာဝန်ခံ ကောင်မ လေးက သူမ ကိုပြုံးပြရင်း ‘ကောင်းသောခရီးဖြစ်ပါစေ’ဟု နှုတ်ဆက်ပြန်သည်။ သူမကလည်း ပြန်ပြုံးပြလိုက်ရင်း ကျေနပ်စွာ လှည့်ထွက်လာခဲ့သည်။ သူမ၏ ထူးခြားချက်မှာ မြင်သူတိုင်းက သူမအား ခင်မင်လိုစိတ်ဖြစ်ပေါ်ခြင်း ဖြစ်သည်။ သွယ်ပျောင်းသောကိုယ်ဟန်၊ ကျော့ရှင်းသောမျက်နှာထားတို့ဖြင့် သူမသည်နှစ်လိုဖွယ်ရာ ရှိသူတစ် ယောက်ပင်၊ သူမကလည်း အတတ်နိုင်ဆုံး မျက်နှာကိုကြည်စင်အောင်ထားခဲ့သည်။ စိတ်ညစ်စရာ၊ ဒေါသထွက် စရာပေါ်သည့်တိုင် အပြင်ပန်းတွင် မပေါ်လွင်စေရ..၊ လူတဖက်သားမသိအောင် မျိုသိပ်ထိန်းချုပ်နိုင်လေ့ရှိသည်။

**********

လေယာဉ်စီးခရီးသည်များ စောင့်ဆိုင်းရာခန်းမထဲရောက်တော့ ခန်းမက တဝက်နီးပါးခန့်ပြည့်နေခဲ့ပြီ။ အစွန်ဖက် ကျကျထိုင်ခုံ တစ်ခုမှာဝင်ထိုင်လိုက်ရင်း ပစ္စည်းများကို နေရာချသည်။ ကွတ်ကီးတစ်ကိုက် စာတစ်ပိုဒ်ဖြင့် အချိန်တွေကို နှစ်ခြိုက်စွာဖြတ်သန်းဖို့ပြင်သည်။ ဘေးကို ဘာရယ်မဟုတ် ကြည့်မိတော့ ကွတ်ကီးထုပ်တင်ထား သည့် ခုံဘေးမှာ သူမလိုပဲ စာဖတ်ဖို့ ပြင်နေသည့် လူရွယ်တစ်ဦးကို တွေ့ရသည်။ သူမက လတ်တလော ဝယ်လာသည့် ကျန်းမာရေးမဂ္ဂဇင်းကို ဖွင့်လိုက်ရင်း ဘေးထိုင်ခုံပေါ်မှာ ချထားသည့် ကွတ်ကီးထုပ်ကို လက်လှမ်းလိုက်သည်။ ထိုစဉ် သူမ၏စိတ်ထဲမှာ တစုံတယောက်ကကြည့်နေသည်ဟု ခံစားရသောကြောင့် ဘေးကိုကြည့်လိုက်ရာ စောစောကလူရွယ်နှင့် အကြည့်ချင်း ဆုံသွား သည်။ ထိုအခါ သူက သူမကို ပြုံးပြရင်း ကွတ်ကီးတစ်ချပ်ကို ယူစားလိုက်တာ တွေ့လိုက် ရသည်။ သူမလည်း မကောင်းတတ်၍ အူကြောင်ကြောင်ဖြင့် ပြန်ပြုံးပြရင်း စာဆက်ဖတ်ဖို့ ကြိုးစားလိုက်သည်။

သို့သော် စိတ်ထဲမှတွေးနေမိသည်။ ‘ဒီလူကလည်း...အနဲဆုံးတော့ ခွင့်လေးဘာလေး တောင်းဖို့ကောင်းတာပေါ့၊ အခုတော့ မပြောမဆိုနဲ့’...၊ ထို့နောက် စာထဲမှာ အာရုံနှစ်ထားလိုက်သည်။ ခဏအကြာ ဒုတိယကွတ်ကီးတစ်ချပ် ကိုသူမ ယူစားလိုက်သည်။ မရှေးမနှောင်းပင် ဘေးမှလူရွယ်ကလည်း တစ်ချပ်ယူစားလိုက် ပြန်သည်။ သူမ အတန်ငယ် အံ့သြသွားသည်။ ‘ဟင်..ဘယ်လိုလူပါလိမ့်၊ ပိုင်စိုးပိုင်နင်းနဲ့...’၊ သို့သော် တဆက်ထဲ သူမ တွေးမိ သွားပြန်သည်။ ‘အင်းလေ...သူလဲ ငါ့လိုဘာမှ မစားခဲ့ရလို့နဲ့တူတယ်၊ တော်တော် ဗိုက်ဆာနေရှာတယ်ထင်ပါ့’၊ ထို့နောက် ဖတ်လက်စ ဦးနှောက်အမြှေးပါးရောင် ရောဂါအကြောင်း ဆောင်းပါးကို ဆက်ဖတ်နေလိုက်သည်။

“... ဦးနှောက်အတွင်းမှ ပုံမှန်မဟုတ်သော ဆဲလ်ပွားနှုန်းများကြောင့် ဦးနှောက်၏ မူလအခြေခံလုပ်ငန်းရပ်... ” ဖတ်လက်စ စာကြောင်းမှ မျက်လုံးမခွာဘဲ နောက်ထပ်ကွတ်ကီးတစ်ချပ် သူမ ယူစားလိုက်သည်။ စက္ကန့်မဆိုင်း တဖက်မှလူကလည်း တစ်ချပ်ယူစားလိုက်တာ သူမ မျက်ဝန်းထောင့်မှ မြင်ဖြစ်အောင်မြင်လိုက်သည်။ ဒီတစ်ခါ တော့ သူမ အတော်လေး ဒေါသထွက်သွားသည်။ ‘ဘယ့်နှယ့်...စားတာတော့စားပေါ့၊ ဒါပေမယ့် ပိုင်ရှင်ကိုခွင့် လေးဘာလေး တောင်းဖို့ကောင်းတယ်၊ ဒါသက်သက် စော်ကားတာပဲ...’၊ မျက်ဝန်းထောင့်မှ မသိမသာငဲ့ကြည့် တော့ ကိုယ်တော်ချောက စာဖတ်မပျက်..၊ သူမ ဘာတွေဖြစ်နေလဲဆိုတာ သိပုံပင်မပေါ်၊ ‘ကြည့်စမ်း...လုပ်နေ တဲ့ပုံက...ကွတ်ကီးတစ်ထုပ်ကို နှစ်ယောက်အတူ မျှစားနေတဲ့ စုံတွဲပုံစံမျိုးနဲ့...၊ ဟွန်း..တော်တော်လူပါးဝတယ်’။

ထိုနောက်တော့ သူမ ဘယ်လိုမှ စာဆက်ဖတ်လို့မရတော့၊ သူမ ကွတ်ကီးတစ်ချပ်စားတိုင်း ထိုလူက တစ်ချပ်ယူ စားလိုက်၊ သူမက ဒေါသတွေ အကြီးအကျယ်ထွက်လိုက်၊ ဟိုလူ့ကို စိတ်ထဲမှ ကျိန်ဆဲလိုက်...၊ ထိုလူက ဘာမှ မဖြစ်သည့်အလား စာဆက်ဖတ်လိုက်...၊ မခံချိမခံသာ ဖြစ်သည့်စိတ်တို့ဖြင့် သူမစိတ်တိုလျက် ရှိသည်။ ဒါပေမယ့် သူမ၏ထုံးစံအတိုင်း ဒေါသအမျက် အပြင်မထွက်စေရ။ ဤ အခန်းထဲမှ လူတွေကတော့ သူမဘာတွေ ဖြစ်နေလဲဟု သိပုံမပေါ်၊ အခန်းထဲက လူတွေမပြောနှင့်, ဘေးနားမှ ထိုလူသည်ပင် မသိ၊ သူ့ဟာသူ အေးအေး လူလူ စာဆက်ဖတ်နေဆဲ...။

သူမကတော့ တစ်ယောက်တည်း ဒေါသတွေနှင့် အကြီးအကျယ် ပူပြင်းလောင်မြိုက် နေပြီဖြစ်သည်။ ‘ဒီမှာ..ရှင် ဒါဘာအချိုး ချိုးတာလဲ၊ ကျမကဘာမှမပြောတိုင်း ရှင်ရောင့်တက်မလာနဲ့နော်၊ အစောကြီးကတည်းက ဘာမှ မ ပြောချင်လို့ ကြည့်နေတာ, နားလည်လား’ ဟုပြောလိုက်မည် ကြံရွယ်လိုက်သည်။ သို့သော် ချက်ချင်းပဲ သူမ စဉ်း စားမိသွားသည်။ ‘နေဦး...ဒီလူက သူမနဲ့ရင်းနှီးဖို့ လမ်းစ ရှာနေတာများလား’၊ အင်း, ပြောလို့မရ..။ ဖြစ်ချင်ဖြစ်နိုင် သည်။ ဒီလိုနည်းနဲ့ စကားပြောခွင့်ရအောင် ရည်ရွယ်တယ်ပေါ့လေ...။ သူမ စိတ်ထဲမှ ပြုံးမိသွားသည်။ ‘ဒါဆိုရင် တော့ ရှင်အကြီးအကျယ် မှားသွားပြီ၊ ကျမကို စိတ်အနှောင့်အယှက် ပေးပြီးမှ ဒီလိုအခွင့်အရေးရမယ်လို့ ရှင်ထင် နေလား၊ စိတ်ချ...ဘယ်တော့မှ ရှင်မရစေ ရဘူး’။ သူမ၏မာနတို့ ရုန်းကြွလာခဲ့သည်။

ထို့နောက်..စိတ်အာရုံပြောင်းသည့် အနေဖြင့် မှန်နံရံ၏ အပြင်ဖက်မှ မြင်ကွင်းများကို သူမ ငေးနေလိုက်သည်။ အချက်အချာကျသည့် လေဆိပ်ဖြစ်သည့်အတိုင်း လေယာဉ်အတက်အဆင်းတို့ကို မိနစ်မခြား မြင်နေရသည်။ ကေအယ်လ်အမ် လေကြောင်းပိုင် ကြီးမားသော ဘိုးအင်းလေယာဉ်ကြီးတစ်စင်း အရှိန်ဖြင့် ပြေးလမ်းပေါ်သို့ ဆင်းချလာသည်။ ထိုလေယာဉ်ကြီးကို လိုက်ကြည့်နေခိုက် ဟိုလူကွတ်ကီးတစ်ချပ် ယူစားလိုက်တာ မျက်ဝန်း ထောင့်စွန်းမှ သူမ မြင်လိုက်ပြန်သည်။ ဒီတခါတော့ သူ့ဖက်ကို စိတ်မှတ်မဲ့ သူမ လှည့်ကြည့်လိုက်မိသည်။ ထိုလူ ကသူမ လှမ်းကြည့်သည်ကို သိဟန်မတူပါ၊ စာကိုသာ စူးစူးစိုက်စိုက် ဆက်ဖတ်နေသည်။ တလောကလုံးမှာ သူရယ်၊ စာအုပ်ရယ်၊ ကွတ်ကီးတစ်ထုပ်ရယ်သာ ရှိသည့်ပုံမျိုး...။

ရှေ့တူရှုကို ပြန်လှည့်လိုက်ရင်း သူမ စဉ်းစားနေမိသည်။ အကယ်၍သူသာ သူမနှင့် မိတ်ဖွဲ့ချင်ရိုး မှန်လျှင် သူမ သူ့ဖက်ကို လှည့်သည်နှင့် သူစကားပြောရမည်။ အခုတော့ ထိုသို့မဟုတ်..။ ထိုသူသည် သူမထက် ကွတ်ကီးကို သာ ပို၍စိတ်ဝင်စား သည့်ပုံ...။ ဒါဖြင့်လျှင်လည်း ကိစ္စမရှိ၊ ဗိုက်ဆာနေသူ တစ်ယောက်နှင့် ကွတ်ကီးဝေစားဖို့ တွန့်တိုရလောက်သည်အထိတော့ သူမ စိတ်မပုပ်ပါ။ သို့သော် သူမ စဉ်းစားမိသွားပြန်သည်။ ‘နေစမ်းပါဦး..အခု ကိစ္စက ကွတ်ကီးဝေစားဖို့ ဆန္ဒရှိလား မရှိဘူးလား သိဖို့မဟုတ်ဘူး၊ အခုကိစ္စက အသိအမှတ်ပြုမှု...၊ ဟုတ်တယ် အသိအမှတ်ပြုမှု၊ လေးစားမှု၊ ပိုင်ရှင်ရှိတဲ့ ပစ္စည်းတစ်ခုကို ခွင့်တောင်းပြီးမှ သုံးစွဲရတဲ့ ယဉ်ကျေးမှု...’။ ဒါတွေ မရှိ ရင်တော့ ပစ္စည်းပိုင်ရှင်ကို စော်ကားရာ ကျတာပဲ၊ ထို့ကြောင့်ပင် သူမ ဒေါသထွက်နေရ ခြင်းဖြစ်သည်။

အရေးထဲမှာ ဗိုက်က ဆာလာပြန်သည်။ သူမ ကြိုက်နှစ်သက်သည့် ကွတ်ကီးများ...၊ ထိုကွတ်ကီးများသည် လက်တကမ်းမှာသာ ရှိနေကြသည်။ သို့သော် တဖက်ကလည်း သူစိမ်းယောက်ျားလေးတစ်ယောက်နှင့် မုန့်ဝေ စားရမည့် အဖြစ်..၊ အို...ဘာဖြစ်လဲ၊ ငါ့ကွတ်ကီး ငါစားတဲ့ကိစ္စ ဘာဖြစ်လို့ လက်တွန့်နေရမှာလဲ၊ ထို့သို့ တွေးပြီး သူမ ကွတ်ကီးတစ်ချပ် ယူစားလိုက်သည်။ မရှေးမနှောင်းမှာပဲ ထိုလူကလည်း တစ်ချပ်ယူစားလိုက်ပြန်သည်။ အခုအချိန်မှာတော့ သူမ ဒေါသအကြီးအကျယ် ထွက်နေပြီဖြစ်သည်။ ‘တောက်...ဒါတော့တရားလွန် လွန်းနေပြီ၊ တခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်..၊ ဘယ်တော့ရပ်သွားမလဲ လို့စောင့်ကြည့်နေတာ၊ အခုတော့ သူက ရလေလိုလေ အိုတစ္ဆေပါလား၊ ပြောမှသိတဲ့ လူတော့လား... ...ကဲ,လာစမ်း’၊ ထိုသူကို တုန့်ပြန်ရန် သူမ စဉ်းစား ပြီးတဖက်သို့လှည့်ရန် ပြင်လိုက်သည်။ ထိုစဉ်မှာပဲ အတွေးတခုဝင်လာသည်။ ‘နေဦး..ခေါင်းအေးအေးထားစမ်း၊ အခုဖြစ်နေတာက ဘာမှကြီးကျယ်တာ မဟုတ်ဘူး၊ ကွတ်ကီးတစ်ထုပ်ကို အတူဝေစားတယ်၊ ဟုတ်တယ်..အဲဒါ ဘာဖြစ်လဲ၊ ပြီးရင် ကိုယ့်လမ်းကိုယ်ဆက်သွားကြမှာပဲ၊ ဒါလေးအတွက်နဲ့ ရန်တွေ့မလို့လား၊ ဘာမဟုတ်တဲ့ မုန့် တစ်ထုပ်အတွက်နဲ့ လူပုံအလယ်မှာ ခွန်းကြီးခွန်းငယ် စကားများရမှာ နင်မရှက်ဖူးလား’...၊ သူမတုန့်သွားသည်။ သူမသည် ရန်ဖြစ်ရမည့် ကိစ္စများကို ရှောင်လေ့ရှိသူ၊ ဒေါသကို မျိုသိပ်တတ်သူ၊ စိတ်ထားကို သိမ်မွေ့အောင် ကြိုးစားထားလေ့ရှိသူ...၊ ဟုတ်သည်၊ မုန့်တစ်ထုပ်အတွက်နှင့် သူမ ရန်မဖြစ်ချင်ပါ...။

ရှိစေတော့...၊ ‘ခွင့်မတောင်းဘဲ စားတာက သူ့အဆင့်အတန်းကို သူပြတာပဲ၊ ဒီလိုလူမျိုးနဲ့ ဖက်ပြီးရန်မဖြစ်တာပဲ ကောင်းပါတယ်’ဟု သူမ တွေးလိုက်သည်။ ထို့နောက် စာထဲမှာ အာရုံဝင်စားဖို့ ကြိုးစားကြည့်သည်။ မရ...။ သို့နှင့် သူမ က ကွတ်ကီးယူစားလိုက်၊ ထိုခရီးသွားလူစိမ်းက ကွတ်ကီးယူစားလိုက်နှင့် များစွာသော ခရီးသွားတို့ အလယ်တွင် သာမန်အတိုင်းပဲ ရှိနေကြသည်။ ထိုအခိုက် သူမ အကြည့်က ကွတ်ကီးထုပ်ပေါ်သို့ ရောက်သွား သည်။ ကွတ်ကီးထုပ်ထဲမှာက နောက်ဆုံးလက်ကျန် ကွတ်ကီးတစ်ချပ်...။ သူမ ဘာလုပ်ရမလဲ စဉ်းစားကြည့် သည်။ ဟိုလူ့ထက်ဦးအောင် ယူစားလိုက်ရမလား? သို့သော် ချက်ချင်းပဲ စိတ်ပြောင်းသွားသည်။ ဟိုလူဘာလုပ် မလဲ သိချင်လာသည်။ ‘ကဲ...ဒီလောက်တောင် ငတ်ကြီးကျတဲ့လူ၊ သူဘာလုပ်မလဲ ကြည့်ကြသေးတာပေါ့’...။

သူမ မသိမသာ စောင့်ကြည့်နေခိုက် ထိုလူစိမ်းက စာအုပ်မှ မျက်နှာမခွာဘဲ ကွတ်ကီးထုပ်ဆီ လက်လှမ်း လိုက်သည်။ သူ့လက်က ကွတ်ကီးတစ်ခု လွယ်လွယ်ကူကူ ရှာမတွေ့သည့်အခါ အထုပ်ပေါ်သို့ အကြည့်ရောက် လာသည်။ သူမ ကသူဘာလုပ်မလဲ သိချင်လှစွာနှင့် စာဖတ်ချင်ယောင်ဆောင်လျက် စောင့်ကြည့်နေမိသည်။ ကိုလူစိမ်းက ထိုနောက်ဆုံးလက်ကျန် ကွတ်ကီးကို အေးဆေးစွာ ကောက်ယူလိုက်သည်။ ထို့နောက် ထက်ခြမ်း ခြမ်းလိုက်ပြီး တခြမ်းကို အထုပ်ထဲပြန်ထည့်လိုက်ကာ ကျန်တခြမ်းကို စားလိုက်လေသည်။ ထို့နောက် စာကိုသာ ဆက်ဖတ်နေသည်။

ထိုနောက်ဆုံး အပြုအမူကတော့ သူမ အတွက်မျက်နှာကို ဖြတ်ရိုက်တာထက်ပင် အခံရခက်သွားလေသည်။ ‘ဟား...ဒါကတော့ အပြောင်မြောက်ဆုံး စော်ကားမှုပဲ၊ တချိန်လုံး စိတ်ကြိုက်ယူစားနေပြီး အခုမှ မျှတသလိုလို ဘာလိုလို လာလုပ်မနေနဲ့၊ နင်သနားမှ ငါက စားရမယ့်သူ မဟုတ်ဘူး၊ ဒီလူဟာ မယုံနိုင်လောက်အောင် ရင့်သီးစော်ကားလှပါလား’...။ ဝမ်းနည်းခြင်း၊ ရှက်ရွံ့ခြင်း၊ အခံရခက်ခြင်း၊ စိတ်တိုခြင်း...စသည့် ခံစားမှု ပေါင်းစုံကို သူမ တပြိုင်နက်ခံစားလိုက်ရသည်။ သူမ၏ အတ္တနှင့်မာနကို တိုက်ရိုက်ထိပါး ခံလိုက်ရခြင်းဖြစ်သည်။ သူမ ဘယ်လိုမှ ဆက်ပြီးသည်းမခံနိုင်တော့။ ဒီလူရဲ့ ဘေးမှာ နောက်ထပ်တစ်စက္ကန့်တောင် ဆက်ပြီးမရှိ ချင်တော့ပါ။ တော်လောက်ပြီ၊ တခါမှ သိကျွမ်းခြင်းမရှိတဲ့ လူတစ်ယောက်ရဲ့ အစော်ကားကို ဒီလောက်ခံရရင် လုံလောက်ပြီ။ ခရီးဆောင်လက်ဆွဲအိတ်ကို ကောက်ယူလျက် ထွက်ခွာရမည့် ဂိတ်နားသို့သူမ ထွက်လာခဲ့ တော့သည်။ စိတ်လှုပ်ရှားမှုကြောင့် လူက နုံးချိတုန်ယင်လျက်။

**********

လေယာဉ်ထိုင်ခုံမှာ ထိုင်ပြီးသည်အထိ စိတ်လှုပ်ရှားမှုက မပြေချင်သေး၊ ဘေးက လေယာဉ်ပြတင်းမှတဆင့် အပြင်ဖက် မြင်ကွင်းများကို ငေးနေလိုက်သည်။ လူက တာဝေးခရီးတစ်ခုကို ပြေးလာခဲ့ရသူ တစ်ယောက်ပမာ မောဟိုက်နွမ်းလျလို့ နေသည်။အင်း...အခုအချိန်မှာတော့ မျက်နှာက အတော်ပျက်ယွင်း နေလိမ့်မည်ထင်သည်။ ထိုစဉ် ခရီးဆောင်အိတ်ထဲမှာ အမြဲပါလေ့ရှိသော မှန်ကလေးကို သူမ သတိရသွားသည်။ မှန်ကလေးကို ထုတ် ယူရန် လက်ဆွဲအိတ်ကို ဖွင့်လိုက်သည်။ အဲဒီမှာ သူမ အရမ်းအံ့သြသွားသည်။

အထဲမှာ ကွတ်ကီးမုန့်ထုပ်ကလေး... ... ...။

အသစ်ကျပ်ချွတ်..မတို့မထိရသေး။ ဟင်...ဘယ်လိုဖြစ်တာဘာလိမ့်၊ သူမချက်ချင်းပဲ သတိရသွားသည်။ စူပါ မားကက်မှ ထွက်လာတော့ မုန့်ထုပ်ကို လက်ဆွဲအိတ်ထဲ ချက်ချင်းထည့်လိုက်မိသည်။ ထိုစဉ်ကတည်းက ပြန်မ ထုတ်ဖြစ်ခဲ့...။ ဟာ... ဒါဆို ခုနက ငါစားနေခဲ့တဲ့ ကွတ်ကီးတွေက... ...၊ သွားပြီ...အကြီးအကျယ်တော့ မှားကုန် ပြီ။ ဘယ်လိုဖြစ်ပြီး အိတ်ထဲကပြန်ထုတ်ဖို့ မေ့သွားရတာလဲ၊ လေဆိပ်ခန်းမထဲမှာ ဘေးထိုင်ခုံမှ လူရွယ်၏ ကွတ်ကီးများကို သူမက ကိုယ့်ဟာအထင်နှင့် တလျှောက်လုံး စားနေခဲ့ခြင်း ဖြစ်သည်။ ရှက်ရွံ့စိတ် ကြောင့် သူမ တကိုယ်လုံး ချက်ချင်းပဲ ထူပူသွားသည်။ အမျိုးအမည် မသိသောခံစားမှုတခုက ရင်ထဲမှပျို့တက်လာပြီး လည်ချောင်းဝမှာ လာဆို့သည်။

ထိုစဉ်မှာပဲ စောစောကဖြစ်ခဲ့သော စိတ်ခံစားမှုတို့က အစီအရီ ပြန်ပေါ်လာကြသည်။ ထိုလူရွယ်အပေါ် ထားရှိခဲ့ သောအာဃာတများ...၊ စိတ်ထဲမှ ကျိန်ဆဲခဲ့မှုများ၊ ယဉ်ကျေးမှု မရှိသည့် အောက်တန်းကျသူ တစ်ယောက် အဖြစ် တွေးတောယိုးစွပ်ခဲ့မှုများ၊ လူမှုရေးနားမလည်, လေးစားသမှု မရှိသည့် ငတ်ကြီးကျတစ်ယောက်အဖြစ် တွေးထင်ခဲ့မှုများ...၊ အို... ... အခုတော့ ဒါတွေအားလုံးကို ကျူးလွန်ခဲ့သူက သူမ ကိုယ်တိုင်ပါပဲလား၊ သူမ က သာလျှင် သူတပါး၏ပစ္စည်းကို ခွင့်မတောင်းဘဲ သုံးစွဲခဲ့ပြီး ပိုင်ရှင်အပေါ်မှာပင် ပြန်ပြီးရန်လိုနေခဲ့မိပါလား။ လူရွယ်သည် သူ၏မုန့်ထုပ်အား အဆုံးထိတိုင် သူမနှင့် ဝေမျှစားသောက်ခဲ့သည်။ နောက်ဆုံးကွတ်ကီးတစ်ချပ် ကိုပင် ထက်ခြမ်း,ခြမ်းကာ စားသောက်ခဲ့သည်အထိ သူမအပေါ် ငြိုငြင်မှု မပြခဲ့ပေ၊ ထို့ပြင် သူမ အနေခက်မည် စိုး၍ သူမဖက်ကို အနည်းငယ်မျှပင် လှည့်မကြည့်ခဲ့။ ပုံမှန်အတိုင်းပင် အေးအေးလူလူ ကျော်ဖြတ်သွားခဲ့သည်။

ထိုလူရွယ်၏ စိတ်ထဲမှာ မည်ကဲ့သို့ ရှိခဲ့မည်လဲ ? သူမ တွေးပင်မတွေးရဲတော့၊ သူအခု ဘယ်ရောက်သွားပြီလဲ ? သူ့ကို ဘယ်လိုရှင်းပြရမှာလဲ ? ရှင်းပြလို့ကော အဓိပ္ပါယ်ရှိပါ့ ဦးမလား ? မေးခွန်းပေါင်းများစွာ ခံစားမှုပေါင်းများစွာဖြင့် မွန်းကျပ်လျက် သူမ မူးဝေနောက်ကျိ လာခဲ့သည်။ ဒီတခါ ဖြစ်ရသည့် စိတ်ခံစားမှုက စောစောကဟာနှင့်ယှဉ် လျှင်အဆပေါင်းများစွာ ပိုပါသည်။ သူမသည် လူရွယ်အပေါ် တဖက်သတ် စွပ်စွဲချက်များဖြင့် တလျှောက်လုံး ပူလောင်နေခဲ့ပြီး ထိုစွပ်စွဲချက်များ မိမိအပေါ်ပြန်ကျရောက် လာသောအခါ ထပ်မံ၍ပူလောင် ရပြန်သည်။ ဖြစ်ပြီး ခဲ့သမျှ အဖြစ်အပျက်တို့သည် သူမ အတွက်တော့ ရေမျက်နှာပြင်ပေါ် ရှပ်ပြီးပစ်လိုက်သော ကျောက်ခဲပြားတစ်ခု ပမာ မြန်ဆန်တုန်ခါလျက် ပြန်လည်ဆည်ယူရန်မှာမူ မဖြစ်နိုင် တော့ပြီ ဖြစ်သည်။ ။


ညီလင်းသစ်
၈ ဖေဖေါ်ဝါရီ၊ ၂၀၀၈
(ကျနော်ကြားဖူးထားတဲ့ ဇတ်လမ်းလေးကို ဆင့်ပွားခံစား ရေးဖွဲ့ပါတယ်...)

5 comments:

ကလိုစေးထူး said...

ကိုညီလင်းသစ်ရေ…
ဒါလေးက ဘာသာပြန်ထားတာလားခင်ဗျ။ ကျနော် တနေရာမှာ ဖတ်ဖူးလိုက်သလို ဖြစ်နေမိလို့ပါခင်ဗျာ။

Nyi Linn Thit said...

တနေရာမှာဖတ်ဖူးတယ်ဆိုတာဖြစ်နိုင်တယ်
ကိုကလိုစေးထူးရ...၊ ဘာသာပြန်ထားတာတော့ မဟုတ် ပါဘူး၊ ကျနော် ကြားဖူးထားတဲ့ ဇတ်လမ်းလေးကို ကျော ရိုးယူပြီး ပြန်ရေးထားတာပါ၊ ဘယ်သူရေးခဲ့တဲ့ Source ဆိုတာတော့ ကျနော်မသိပါဘူး။ လာဖတ်တဲ့အတွက် ကျေးဇူးပါပဲဗျာ....။

Angel said...

အမျိုးသမီးက..သူမရဲ့အထုပ်ပဲမှတ်ပြီး ယုံကြည်မှုအပြည့်နဲ့ ယူစားနေတာကို..လူငယ်လည်း
သိပုံရပါတယ်။ ကျွန်မထင်တာက..လူငယ်ကသူ့ အထုပ်မှတ်ပြီးနှိုက်စားနေတယ်လို့ တောင်
ထင်နေတာ။ အဲလိုမျိုးမရည်ရွယ်ပဲမှားတာမျိုးက..အင်း..ကိုင်တွယ်ရခက်တယ်နော်။မသိ
ချင်ယောင်ပဲဆောင်ရတော့မလို၊ သိကြောင်းပြမိရင်လည်းရှက်သွားနိုင်တော့အားနာရသေး
တယ်လေ။ အရေးအသားကောင်းတော့ ခံစားချက်ပေါ်လွင်တယ်။

neonaing said...
This comment has been removed by the author.
neonaing said...

It was Phay Myint's book "THE CHICKEN SOUP OF SOUL" article "THE COOKIES THIEF". Sorry for english rather than Myanmar, 'Cos my unicode can't write correct spelling.