10 March 2008

ကုန်ပါတော့ဆောင်းရယ်...


ဒီနှစ်ဆောင်းကတော့ နဲနဲစံချိန်တင်ရမယ့် ဆောင်းထင်တယ်၊ ကုန်ပဲမကုန်နိုင်တော့ဘူး။ ပြီးခဲ့တဲ့ရက်အနည်းငယ် ကတော့ အပူချိန်တွေပြန်တက်လာ၊ နေရောင်ခြည်တွေဆက်တိုက်ပွင့်လာ ဆိုတော့ သာယာတဲ့ရက်တွေ နီးလာ ပြီလို့ထင်ခဲ့မိတာ...၊ သိပ်မကြာပါဘူး နေ့စဉ်ရက်ဆက်ပြန်အေးလာတာ အရင်အတိုင်းပါပဲ။

ကျနော်ဒီကို ရောက်ခါစ,က ဆောင်းတွင်းရောက်ရင် တော်တော်ပျော်တယ်။ အပူပိုင်းဒေသက လာတဲ့လူပီပီ တုန်ခိုက်နေအောင်အေးတဲ့ အအေးဓါတ်ကိုရော၊ တဖွဲဖွဲကျတဲ့ နှင်းတွေကိုရော၊ ခဲနေတတ်တဲ့ ရေတွေကိုရော၊ အားလုံးကအထူးအဆန်း ဖြစ်နေခဲ့တာကိုး...။ ဒေသခံတွေကတော့ စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားကြတယ်၊ ကျနော်ခေါင်းစဉ်တင်ထားတဲ့ စကားမျိုးကို သူတို့တွေဆီက ခဏခဏကြားရတော့ ကျနော်သိပ်နားမလည် နိုင်ခဲ့ ဘူး၊ အခု ဒီနှစ်မှာတော့ ရှည်ကြာလွန်းလှတဲ့ ဆောင်းတွင်းကို နဲနဲအပျော်လျော့လာပြီ လို့ပဲပြောရတော့မယ်။

ပိုဆိုးတာက ဒီနှစ်ဆောင်းမှာခေါင်းမာတဲ့ တုပ်ကွေးက ဒုက္ခပေးတာပါပဲ၊ တခါနှာစေး အအေးမိလိုက်ရင် တော်တော်နဲ့ မပျောက်တော့သလို ပျောက်ပြီးရင်လည်း အချိန်မရွေး အလွယ်တကူပြန်ဖြစ်တတ်တယ်။ မီဒီယာ တွေကတောင် တော်ရုံတန်ရုံနဲ့ မပျောက်တဲ့တုပ်ကွေးလို့ ပြောယူရတယ်၊ အဲဒီလို ပေတီးပေကတ်နဲ့ ဘယ်သူ့ကို မှကောင်းကျိုး မပေးတဲ့ တုပ်ကွေးဟာ ကျနော့်ကိုလည်း ချမ်းသာမပေးခဲ့ဘူး၊ တော်ရုံတန်ရုံ ဖျားလေ့မရှိတဲ့ ကျနော်ကဒီနှစ်မှာတော့ တုပ်ကွေးကို ကန်ထရိုက်ဆွဲထားသလား အောက်မေ့ရအောင် နှာတစိုစို၊ ချောင်းတ ဟွတ်ဟွတ်နဲ့... ...။ ပြီးတော့ ကျနော်တစ်ယောက်ထဲတင် မဟုတ်ပြန်ဘူး။ သားငယ်လေးက သူ့ကျောင်းက နေ အဖျားကူးလာ၊ ပြီးတော့ သူ့အဖျားကို ကျနော့်ကို လက်ဆင့်ကမ်း၊ သူ နေကောင်းသွားချိန်မှာ ကျနော်က ဖျား၊ တခါကျနော်က အဲဒီအဖျားကို မအိမ်သူကို လက်ဆင့်ကမ်း၊ ကျနော် နေကောင်းသွားချိန်မှာ မအိမ်သူ ကဖျား...။ အားလုံးနေကောင်း သွားချိန်မှာ သားငယ်လေးက သူ့ကျောင်းကနေ နောက်တခါ အဖျားထပ်ကူး လာ..၊ ဒီလိုနဲ့ပဲ ဂျာအေး မဟုတ်တဲ့ ကျနော်တို့တွေဟာ အမေမဟုတ်တဲ့ အဖျားရဲ့ ရိုက်ခြင်းကို ခံနေခဲ့ရ ပြန်ပါရော... ...။

အကျိုးဆက်က အလုပ်ထဲမှာလည်း အာရုံစိုက်လို့မရ၊ စာလည်းမဖတ်ချင်၊ ဘလော့ဂ်လည်း မရေးချင်နဲ့၊ ဒေသခံ တချို့ကဆောင်းတွင်းဆိုရင် ကာကွယ်ဆေးတွေဘာတွေ သောက်ကြ၊ ထိုးကြတာ အခုတော့နဲနဲ သဘောပေါက် လာခဲ့ပြီ။ ပြီးတော့ အသက်ကလည်း ကြီးလာခဲ့ပြီကိုး၊ ဇရာရဲ့ သဘောကို ရေးတေးတေးတော့ ပေါက်လာပြီလို့ ဆိုရမယ်။ ဒီနေ့လည်း အေးရတဲ့ကြားထဲ မိုးကပါ ရွာချင်ချင်၊ ပြင်သစ်စကားမှာ ပြောလေ့ရှိတယ်။ On ne voit pas encore le bout du tunnel. တဲ့၊ မဲမှောင်နေတဲ့ လှိုဏ်ခေါင်းထဲမှာပဲ ရှိတုန်း၊ ထွက်ပေါက်ကို မမြင်ရသေး ဘူး ဆိုတဲ့အဓိပ္ပါယ်။ ကျနော်လည်း ရှည်လျားလှတဲ့ ဆောင်းလှိုဏ်ခေါင်းကြီးထဲမှာ စမ်းတဝါးဝါးနဲ့ ချမ်းနေဆဲပါပဲ ဗျာ။ ။


ညီလင်းသစ်
၁၀ မတ်၊ ၂၀၀၈

1 comment:

Dr. Yi Yi Win said...

ကိုညီလင်းသစ်ရေ
မတွေ့ တာကြာနေတာနေမကောင်းလို့ ကိုး။ ကျွန်မအခုမြန်မာဘလော့လေးမှာဆက်
ဘလော့နေပါတယ်။ အရင်က Angel ဘလော့မဟုတ်တော့ဘူး။
အဲဒီမှာဆောင်းကုန်ရခက်နေတာလား။ မန္တလေးမှာတော့ပူလွန်းလို့ ခရီးသွားရမှာတောင်
စိတ်မချရဘူး။ မီးလောင်ပြီးနောက်မှာကျန်ခဲ့တာတွေပြောင်ကုန်မှာကြောက်နေရတာလေ။
ကျွန်မအိမ်က ကလေးတွေလည်းတလောကဆက်တိုက်ဖျားကြတယ်။ ပါးကျိတ်ရောင်ကြ
တာလေ။ အကြီးမ ကကျောင်းကကူးလာ၊ အငယ်လေးကိုပြန်ကူးနဲ့ ပဲ။ ဒီမှာတော့ကလေး
ဆီကအဖျားလူကြီးဆီတော်တော်ကူးခဲပါတယ်။ လူကြီးဖြစ်ရင်တော့ကလေးဆီချက်ခြင်း
ကူးတာပဲ။ ဘာပဲဖြစ်ဖြစ်အေးတော့လဲစိတ်ညစ်စရာတစ်ခုပဲနော်။