18 March 2008

နှင်းတောင်တွေပေါ်မှာ (၂)

သူ့ရှေ့မှမြေသားသည် မျက်စိတဆုံး ဖွေး ဖွေး ဖြူလျက်ရှိသည်။ တနွေလုံး စိမ်းလန်း ခဲ့ ကြ သော သစ်ပင်တို့သည် ယခုတော့ နှင်း ပွင့် တို့ ဖြင့် ဆွတ်ဆွတ်ဖြူလျက် မလှုပ် မ ယှက် အေး ခဲ စွာ ရပ်နေကြသည်။ ဘေး ဖက် ကိုကြည့် လိုက်တော့ မြင့်မား သော တောင် တန်း တွေကို မြင်ရသည်။ သူတို့ သည် လည်း အဖြူ...၊ မြင်နေကျ ကျောက် ဆောင် ကျောက် ခဲ မြေသားတို့၏ အရောင် မဟုတ် ဘဲ နှင်းတို့ဖြင့် ဖြူဖွေးနေ သော ကြောင့် တောင်တန်းများသည် ပင် မာ ကျော ခြင်း အဆင်းကင်းလျက် နူးညံ့နေ သ ယောင် ထင်ရသည်။ ကောင်းကင်ပြာ အောက်မှာ အဖြူရောင် ပိုးသားဝတ်စုံသစ်တို့ဖြင့် လတ် ဆတ်နေသော တောင်တန်းများ၊ ပတ်ဝန်းကျင်သည် ကြည့်လေရာရာမှာ ပကတိ အဖြူ...။

သူ ရှေ့ဆက်လှမ်းရန် ပြင်လိုက်စဉ် ခပ်လှမ်းလှမ်း၌ ငှက်ကလေးနှစ်ကောင် ပျံဝဲနေသည်ကို တွေ့လိုက်ရသဖြင့် ဆက်မသွားသေးဘဲ စောင့်ကြည့်နေမိသည်၊ သူ ရပ်နေရာ နေရာမှ အတော်လှမ်းသဖြင့် ဘာငှက်မှန်း သဲကွဲစွာ မမြင်ရပေ၊ နေစမ်းပါဦး...သေချာမြင်ရတော့ရော သူကဘယ်လောက်သိနိုင်လို့လဲ၊ သူ့အဖြစ်ကို သူပြုံးမိသွား သည်၊ ငှက်တွေအကြောင်း သူသိပ်မသိပါ၊ သို့သော် သူတို့အတွက် သူပူပန်စွာ တွေးနေမိပြန်သည်၊ နေရာ တိုင်း နှင်းဖုံးနေတဲ့ မြေပြင်ပေါ်မှာ ပိုးကောင်လေးတွေ သူတို့တွေ့နိုင်ပါ့မလား၊ အင်းလေ...တွင်းထဲမှာ အကြာကြီး မနေချင်တဲ့ ပိုးကောင် တစ်ကောင်တလေများ ထွက်လာရင် ထွက်လာမှာပေါ့၊ ဒီနေရာထက် အများကြီး ပိုအေး တဲ့ မြောက်ဝင်ရိုးစွန်းလို နေရာမှာတောင် ပိုလာဝက်ဝံတွေ ရအောင်အစာရှာနိုင်သေးတာပဲ၊ တွေးမိပြီးမှ သူ့ဟာ သူရယ်ချင်သွားပြန်သည်၊ ဘာဆိုင်လို့လဲ..၊ ဒီနေရာက မြောက်ဝင်ရိုးစွန်းလောက် မအေးပေမယ့် ဒီငှက်လေး တွေကတော့ ပိုလာဝက်ဝံတွေလောက် အဆာခံနိုင်မည် မထင်ပါ၊ သူတို့တွေ အစာမြန်မြန် တွေ့ပါစေလို့ သူဆု တောင်းမိသည်။

အဲ့လ်ပ်စ်(Alps) တောင်တန်းများ၏ တောင်ကြောတစ်ခုပေါ်တွင် သူရောက်နေခြင်းဖြစ်သည်။ သူလမ်းလျှောက် နေခဲ့သည်မှာ စ,ထွက်လာသည့် အချိန်မှတွက်လျှင် အနည်းဆုံး ၄၅ မိနစ်ခန့်တော့ ရှိပြီ။ ဒါပေမယ့် နှင်းတောထဲ မှာဆိုတော့ ခရီးက လျှောက်သလောက် မတွင်၊ ဖြူလွလွ နှင်းထုပေါ်မှာ လမ်းလျှောက်နိုင်ဖို့ နှင်းတောစီးဖိနပ် တမျိုးကို စီးထားရသည်။ ဖိနပ်ဆိုသော်လည်း တကယ်တော့ ပလပ်စ
တစ်ပြား ခပ်ကြီးကြီးတစ်ခု သာဖြစ်သည်။ ထိုပလပ်စတစ်ပြား ပေါ်မှာမှ လမ်းလျှောက်ဖိနပ်ကို ကလစ်ဖြင့် ညှပ်ကာစီးရခြင်း ဖြစ်သည်။ ထိုမှသာ ခြေလှမ်း လိုက်သောအခါ လူကနှင်းထုပေါ်မှာ ရှိနေလိမ့်မည်။ မဟုတ်လို့ကတော့ တခါလှမ်းလိုက်၊ နှင်းထုထဲ ကျွံဝင်သွား သောခြေထောက်ကို ဆွဲထုတ်လိုက်၊ နောက်တစ်လှမ်းလှမ်းလိုက်၊ တခါဆွဲထုတ်လိုက်နှင့် ဘယ်တော့မှ ရှေ့ရောက်တော့မည် မဟုတ်ချေ။


ခန္ဓာကိုယ်တခုလုံးကတော့ ထူထဲသော အနွေးထည်တို့အောက်မှာ ချွေးတစို့စို့ဖြင့်..၊ နှင်းထုထဲမှာပေမယ့် အတန် ငယ်အိုက်နေသည့် အဖြစ်ကို သူ အံ့သြနေမိသည်။ တကယ်တော့ ခွန်အားစိုက်ထုတ်ရသည့် အလုပ်ဘာတစ်ခုမှ သူ မလုပ်ခဲ့၊ နှင်းတောစီး ဖိနပ်ဖြင့် သူ အေးအေးဆေးဆေး လမ်းလျှောက်နေခဲ့သည်။ သို့သော် သူကသာ သတိ မပြုမိပေမယ့် ခြေတစ်လှမ်းလှမ်းတိုင်း ခြေထောက်မှ ပလပ်စတစ်ဖိနပ်ကြီးက တရွတ်ဆွဲပါနေတော့ သာမန် မြေပြင်ပေါ်မှာထက် ပိုအားစိုက်ရတာတော့ အမှန်။ ပြီးတော့ နှင်းထူထပ် သည့်နေရာမှာဆိုလျှင် ပလပ်စတစ် ဖိနပ်ပြား စီးထားသည့်တိုင် ခြေထောက်တွေက နှင်းထဲသို့ ကျွံချင်ချင်...။

လမ်းလျှောက်နေရင်းမှ သူငယ်စဉ်က သင်ခဲ့ဖူးသော အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်ထွတ်တစ်ခု အကြောင်း တွေးနေမိသည်။ သူငယ်စဉ်ကတည်းက နှစ်ပေါင်းတော်တော်ကြာကြာအထိ မည်သူမျှ မတက် ရောက်ဖူးသော Virgin Peak အဖြစ် ခမ်းနား ကြီးကျယ်သော တောင်၊ ခါကာဘိုရာဇီ တဲ့။ နာမည်လှသလောက် ဝေးလံခေါင်ဖျားသော အရပ်မှာ လျှို့ဝှက်သိပ်သည်းစွာ တည်ရှိနေသည့်တောင်။ တစ်နှစ်ပတ်လုံး နှင်းဖွေးဖွေးတို့ ဖြင့်အေးခဲ ကြမ်းတမ်းကာ တောင်တက်သမားများစွာတို့ လက်လျှော့ခဲ့ရသောတောင်။ ကလေးပီပီ ထိုနှင်းဖုံး တောင်တန်းကြီး အကြောင်းကို ကြိမ်ဖန်များစွာ သူ စိတ်ကူးယဉ်ကြည့်ဖူးသည်။ ၅၈၈၁ မီတာမြင့်သောထိုတောင် ခြေမှာ သူက မောင်နှမတွေနှင့်အတူ ပြေးလွှားဆော့ကစားလို့...၊ တစ်ယောက်နှင့် တစ်ယောက် နှင်းဆုပ်တွေ ဖြင့်ပစ်ပေါက်၊ မောသွားတော့ နှင်းတွေဖြင့် နှင်းအရုပ်တွေလုပ်၊ တောင်ကုန်းဆင်ခြေလျှောတွေမှာ ပျဉ်ချပ်တွေ ဖြင့် နှင်းလျှောစီး...။ သူ၏ကလေးဘဝ အိပ်မက်များသည် ခါကာဘိုရာဇီ၏ နှင်းမှုန်တို့ဖြင့် လိမ်းကျံစိုလူးကာ အေးမြဖွေးဖြူ နေခဲ့သည်။

တကယ်တော့ သူကသာ စိတ်ဝင်စားနေပေမယ့် ခါကာဘိုရာဇီကို ဓါတ်ပုံပင်မမြင်ဖူးချေ။ ကျောင်းသုံးစာအုပ်ထဲမှ ခါကာဘိုရာဇီကတော့ တည်နေရာ၊ အမြင့်စသော အချက်အလက်သက်သက်ဖြင့်သာ စက္ကူပေါ်မှာ ပြားချပ်ချပ်။ ပထဝီဝင်ဖတ်စာအုပ်ထဲမှ ပုံပင်မမြင်ဖူးသော အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်ထွတ်အကြောင်း သူသိချင် နေမိခဲ့သည်။ ဘာ့ကြောင့်လူတွေ ဒီတောင်ပေါ်ကို မတက်နိုင်တာလဲ၊ ကမ္ဘာပေါ်က ဒီထက်မြင့်တဲ့ တောင်တွေ ပေါ်တောင် လူတွေရောက်နေကြတာပဲ၊ သူ့ရဲ့ထူးခြားချက်က ဘာလဲ၊ သို့နှင့် တနေ့မှာတော့ သူ့ကို ခါကာဘိုရာဇီ အကြောင်း အနည်းငယ်ပြောပြ နိုင်မည့်သူနှင့် ဆုံခဲ့ရသည်။ သူက အဖေ့မိတ်ဆွေ ရဝမ်လူမျိုး သင်းအုပ်ဆရာ ကြီး...။ ပူတာအိုမှ အတော်လှမ်းသော မထင်မရှား ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့သူ ရဝမ် သင်းအုပ်ဆရာကြီးက စကားခပ်ဝဲဝဲဖြင့် သူ့ကိုတတ်နိုင်သလောက် ရှင်းပြခဲ့သည်။ အင်မတန်ခက်ခဲ ကြမ်းတမ်းသော ခရီးလမ်းက ခါကာဘိုရာဇီကို ချဉ်းကပ်နိုင်ဖို့အတွက် တားဆီးထားလျှက်ရှိသည်။ သူတို့လို ရဝမ်ဒေသခံတွေပင် အလွယ် တကူ မရောက်ဖြစ်သော ခရီး၊ ပြီးတော့ ဆိုးရွားလွန်းလှသော ရာသီဥတု၊ ကြိုတင်ခန့်မှန်း၍ မရသော ဆီးနှင်း မုန်တိုင်းများ၊ အဆိုးဆုံးကတော့ ဘယ်လိုမှ ကြိုတင်တွက်ဆ၍ မရနိုင်သည့် ကူးရန်ခက်ခဲလှသော ရေခဲမြစ် ကြီးများ...။ ခါကာဘိုရာဇီသည် ဂုမ္ဘာန်တစ်ထောင်စောင့်သည့် နတ်ပန်းတစ်ပွင့် လေလား...။

ဒါပေမယ့် နောက်ဆုံးမှာတော့ ထိုနတ်ပန်းကို ရအောင်နမ်းရှိုက်နိုင်ခဲ့ ကြသည်။ သူ အမှတ်မမှားဘူးဆိုလျှင် ၁၉၉၆ ခုနှစ်ဝန်းကျင်က ဂျပန်လူမျိုးတောင်တက်သမားနှင့် ဒေသခံရဝမ်လူမျိုးတစ်ဦးတို့ အရှေ့တောင်အာရှ၏ အမြင့်ဆုံး ထိုတောင်ပေါ်သို့ ခြေချနိုင်ခဲ့ ကြသည်။ ဆိုးလွန်းလှသည့် ရာသီဥတုကို အံတုကာ အကြိမ်ပေါင်း များစွာ ဇွဲရှိရှိနှင့် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ ဒါတောင်မှ သူတို့နှစ်ယောက် တောင်ထိပ်မှာ ကြာရှည် မနေ နိုင်ခဲ့ကြ၊ နေ့လည် ၃ နာရီမှာ ရောက်သွားခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်၊ မှတ်တမ်းယူ၊ ဓါတ်ပုံရိုက်၊ နှစ် နိုင်ငံ အလံ များစိုက်၊ ပြီး သည်နှင့် တိုက်ခတ်လာသော နှင်းမုန်တိုင်းကိုလွတ်အောင် ၃ နာရီ ၂၀ မှာ အနီးဆုံး အခြေစိုက် စခန်းသို့ပြန် ဆင်းလာခဲ့ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ခါကာဘိုရာဇီ၏ နှင်းထုလွှာထဲမှာ လူသားခြေရာ တို့ ထင်ကျန် နေခဲ့ဖူးပြီ ဖြစ်သည်။

အခု သူရောက်နေသည့် အမြင့်ကတော့ ခါကာဘိုရာဇီ၏ လေးပုံတစ်ပုံသာသာပဲ ရှိပါသည်။ ဒါပေမယ့် သူက တော့အတော်လေး ဟောဟဲလိုက်နေခဲ့သည်။ ကိုယ်လက်လှုပ်ရှားမှု နည်းတာရော၊ ပင်လယ်ရေမျက်နှာပြင် အမြင့်မှာရောက်နေတာရော စုပေါင်းကာ သူ မောဟိုက်နွမ်းနယ် နေခဲ့သည်။ စ,ထွက်ကာစမှာ လန်းလန်းဆန်း ဆန်းနှင့်ရှိနေခဲ့သလောက် အခုတော့အတော်ပင် ပင်ပန်းလာသည်။ ဒါတောင်မှ ဟိုနားနဲနဲရပ်လိုက်၊ ဒီနားနဲနဲရပ် လိုက်လုပ်နေခဲ့သေးသည်။ လျှောက်ရသည့် မြေပြင်ကအပြန့်မို့လို့ တော်သေးသည်။ ပြီးတော့ ခါကာဘိုရာဇီနှင့် ယှဉ်လျှင် ဘာအန္တရာယ်မှ မရှိပါ။ သူရပ်နေသည့် နှင်းထုအောက်မှာ ရေခဲမြစ်တစ်စင်း ရှိမနေတာ ရာနှုန်းပြည့် သူ သေချာပါသည်။ နှင်းမုန်တိုင်းဆိုတာဝေးလို့ ပြာလဲ့သောကောင်းကင်နှင့် နေရောင်ခြည်ဖွေးဖွေးသာ ရှိသည်။


သူ့ကို အလွန်ဆုံးဒုက္ခပေးနိုင်တာဆိုလို့ မြေခွေးတစ်ကောင်တလေပဲ ရှိမည်။ ဒီနိုင်ငံမှာ မြေခွေးပေါတာတော့ သူ သိသည်။ မြေခွေးကို ကာတွန်းစာအုပ်ထဲမှာသာ နှုတ်သီးရှည်ရှည်နှင့် ကောက်ကျစ်သောသတ္တဝါအဖြစ် သိထား သောသူသည် အပြင်မှာပထမဦးဆုံးအကြိမ် မြင်လိုက်ရသောအခါ ပြေး၍ပွေ့ချီလိုက်ချင်စိတ် ပေါက်သွားခဲ့ သည်။ မြေခွေးသည် သူထင်ထားတာထက် အဆပေါင်းများစွာ သေးငယ်သည်။ ပြီးတော့ စာအုပ်တွေထဲကလို စုတ်ချွန်းချွန်းမဟုတ်...၊ အမွေးပွပွနှင့် အတော်ပင်ချစ်စရာ ကောင်းသည်။ သို့သော် သူကချစ်ချင်သလောက် သူ့ ပတ်ဝန်းကျင်ရှိလူများကမူ မြေခွေးကို ရောဂါပိုးမွှားများ သယ်ဆောင်သူ၊ ညဖက်တွင် အမှိုက်ပုံးများ လာ,လာဖွ သည့် ရွံ့စရာအကောင်တစ်ကောင် အဖြစ်သာ သဘောထားကြသည်။

ဒီကို သူရောက်ခါစက တညမှာ မြို့လယ်ခေါင်မီးပွိုင့်မှာ မီးနီရပ်နေတုန်း မြေခွေးတစ်ကောင် ကားရှေ့မှဖြတ်ပြေး သွားတာ ပထမဦးဆုံးအကြိမ်အဖြစ် မြင်လိုက်ရသည်။ သူ့ဘေးမှ မိတ်ဆွေက ‘ဟိုမှာ မြေခွေးတစ်ကောင်’ ဟု လက်ညှိုးထိုးလျှက် ပြောသည်။ သူ အတော်အံ့သြသွားသည်။ မြို့ကြီးပြကြီး၏ မီးပွိုင့်မှ ခပ်တည်တည်ဖြင့် ကား လမ်းဖြတ်ကူးသွားသော ထိုသတ္တဝါသည် မြေခွေးတစ်ကောင် ဖြစ်လိမ့်မည်ဟု သူလုံးဝထင်မထားပါ။ မိတ်ဆွေ ကမြေခွေးတွေ ဒီလိုပဲ သောင်းကျန်းတတ်ကြကြောင်း၊ စည်ပင်သာယာက လာသိမ်းမည့်အမှိုက်ကို ညကတည်း ကကြိုထုတ်ထားမိလျှင် ၄င်းတို့အကြိုက် စိတ်ကြိုက်ဖွသွား တတ်ကြကြောင်း၊ ဒီနှစ်ပိုင်းတွေမှာ ပိုလို့ပင်များလာ သေးကြောင်း ပြောပြသည်။ မြေခွေးကို တော သတ္တဝါအဖြစ်သာ သိထားသောသူက တစ်ခွန်းမေးကြည့်မိသည်။

“ ခင်ဗျားတို့ ဒီမြေခွေးတွေကို ဖမ်းပြီးမစားကြဘူးလားဗျ”...။

မိတ်ဆွေက သူ့ဖက်လှည့်ကာ ‘မင်းနှယ်ကွာ...စားစရာ ရှားရန်ကော’ ဟူသည့်အကြည့်ဖြင့် ကြည့်လေသည်။ သူ လည်း အသာငြိမ်နေလိုက်ရသည်။ လူတွေက မြေခွေးကို မစားကြပေမယ့် မြေခွေးတွေကတော့ လူတွေထံမှ စား စရာကို လာရောက်ရှာဖွေ စားလေ့ ရှိသည်။ အင်း...ဒီကောင်တွေဟာ အမြဲလိုလို ဆာလောင်နေတဲ့ ကောင် တွေနဲ့တူပါရဲ့။

အင်း...အခုလည်း အဲဒီလို ဆာလောင်နေတဲ့ မြေခွေးတစ်ကောင်တလေများ ထွက်မလာဘူးလို့ မပြောနိုင်ဘူး။ သူတွေးမိသွားပြီး ဘေးဘီကို ကြည့်မိသည်။ သူဖြတ်နေသည့် နေရာက ထင်းရူးပင်တွေ ခပ်စိပ်စိပ်ပေါက်သည့် တောအုပ်လေးတခု ဖြစ်သည်။ ဒီလို တောအုပ်တွေထဲမှာ မြေခွေးတွေနေလေ့ရှိသည်ဟု သူကြားဖူးသည်။ အခု လို နှင်းထူထပ်ပုံမျိုးနဲ့ မြေခွေးတွေ အစာမှ ရှာလို့ရပါ့မလား၊ ရှာလို့မရရင်တော့ ဒီကောင်တွေ ဗိုက်ဆာနေမှာ ကျိန်း သေတယ်။ ထိုသို့တွေးမိသွားပြီး သူ့အနီးပတ်ဝန်းကျင်မှ မြေပြင်ကို ကြည့်မိသည်။ လတ်လတ်ဆတ်ဆတ် ကျထားသော နှင်းပြင်ပေါ်မှာ မြေခွေးခြေရာ သူမတွေ့မိပါ။ ထိုအခိုက် လေကသုတ်ကနဲ တိုက်လိုက်သည်။ ထင်းရူးတောကို ဖြတ်တိုက်လာသောလေက ချွေးစို့နေသော သူ့မျက်နှာပေါ်ကို အေးကနဲပက်ဖြန်းသွားသည်။ သူ နဲနဲတော့ အမောပြေသွားသည်။ ခြေလှမ်းကို ရပ်လျှက်နားစွင့်ကြည့်တော့ မြေခွေးခြေသံနှင့် ဆင်ဆင်တူတာ ဘာသံမှမကြားရ၊ လေတိုးသံ သဲ့သဲ့မှအပ ပတ်ဝန်းကျင်သည် ပကတိ သက်ငြိမ်...။

နောက်ပြန်လှည့်ကြည့်တော့ ဖြတ်သန်းလာခဲ့သည့် နှင်းပြင်ပေါ်မှာ သူ့ခြေရာများ၊ တော်တော်ဝေးဝေးအထိ မြင် နေရသည်။ နှင်းမှုန်ဖွေးဖွေးတို့က နံနက်ခင်း၏ နေရောင်ခြည်အောက်မှာ တဖိတ်ဖတ်တောက်ပလျှက်၊ သူ အ သက်ပြင်းပြင်း တချက်ရှုလျှက် ရှေ့ဆက်လျှောက်လာခဲ့သည်။ အင်း...အခုနေ ဆာလောင်နေတဲ့ မြေခွေးတစ် ကောင်နဲ့တွေ့ရင် ဘာလုပ်ရမလဲ ဟုစဉ်းစားကြည့်သည်။ သူမသိပါ။ ထွက်ပြေးရမလား၊ အင်း...မြေခွေးလိုက်လို့ ထွက်ပြေးရတဲ့ အဖြစ်ကတော့ လူကြားကောင်းမှာ မဟုတ်တာ သေချာသည်။ နေပါဦး၊ မြေခွေးတွေဟာ ဘယ် လောက်ပဲဆာဆာ လူကိုတော့ အမြဲရှောင်လေ့ရှိတယ်ဟု သူကြားဖူးသည်။ ဘယ်သူပြောသွားတာပါလိမ့်။ ပြော တဲ့လူဟာ သတ္တဗေဒ ပညာရှင်တစ်ယောက်လား၊ ဒါမှမဟုတ် မုဆိုးတစ်ယောက်လား၊ ဒါမှမဟုတ် သူ့လိုပဲ ထင်းရူးတောထဲ ဖြတ်လျှောက်ရင်း ကိုယ့်ကိုယ်ကို အားပေးစကားပြောဖူးတဲ့ သာမန်လူတစ်ယောက်လား။



ဘယ်လိုပဲဖြစ်ဖြစ် သူကြောက်မနေပါ။ အိမ်မွေးခွေးထက်ပင် သေးငယ်သော အမွေးစုတ်ဖွားနှင့် တိရိစ္ဆာန်တစ် ကောင်ကို သူမကြောက်ပါ၊ ပြီးတော့ မြေခွေးတွေဟာ များသောအားဖြင့် တစ်ကောင်တည်း အစာရှာထွက်လေ့ ရှိသည်။ ရင်ဆိုင်ခဲ့ရရင်တောင် အုပ်စုလိုက် ရှေ့နောက်ဝဲယာမှ ဝိုင်းဝန်းကိုက်ဆွဲတတ်သော ခွေးအ,များလောက် ကြောက်စရာမကောင်းတာ အမှန်ပင်ဖြစ်သည်။ ဒီနိုင်ငံမှာ ခွေးအ,တွေ မရှိသည့်အတွက် သူ အတော်လေး စိတ် သက်သာရာ ရသွားသည်။

တကယ်တမ်းမှာတော့ လောလောဆယ် အလွန်အမင်း ဆာလောင်နေသူမှာ သူဖြစ်သည်။ မနက်က စားလာခဲ့ သောပေါင်မုန့်မီးကင် နှစ်ချပ်နှင့် ကော်ဖီတစ်ခွက်က ဘယ်ဆီနေမှန်းပင် မသိတော့...၊ ကျောပိုးအိတ်ထဲမှာက ရေငတ်ပြေသောက်ရအောင် ထည့်လာသည့် ရေနွေးဓါတ်ဗူးတစ်ခုပဲ ပါသည်။ သူတကယ့်ကိုဆာနေသည်။ အခု နေသာ မြေခွေးတစ်ကောင်နှင့် တွေ့ရလျှင် ထွက်ပြေးရမည့်သူမှာ မြေခွေးပင် ဖြစ်သွားနိုင်သည်။ လူသည် ဆာ လောင်မွတ်သိပ်လာသောအခါ စားလို့ရတာ အကုန်စားမည့် သတ္တဝါဖြစ်သည်။ ၁၉၇၂၊ အောက်တိုဘာ ၁၃ ရက် က လေယာဉ်ပျက်ကျခဲ့သော အဖြစ်အပျက်သည် သူ့ခေါင်းထဲ ရောက်လာသည်။

ထိုရက်က ဥရုဂွေးနိုင်ငံမှ ချီလီနိုင်ငံ သို့ပျံသန်းလာသော လေယာဉ်တစ်စင်းသည် အင်းဒီးစ်တောင်တန်းများ ပေါ်မှာ ပျက်ကျသွားခဲ့သည်။ လေယာဉ်က စင်းလုံးငှားလေယာဉ်၊ လိုက်ပါလာသည့် ရပ်ဂ်ဘီကစားသမား ၄၅ ယောက် မှာ ၁၆ ယောက်က ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သည်။ ကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးစားရှာ ဖွေသော်လည်း ဘယ်လိုမှ မတွေ့တော့သည့်အဆုံး လက်လျှော့လိုက်ကြသည်။ လေယာဉ်ပျက်ကျ ခဲ့သည့် နေရာက မီတာ ၄၀၀၀ အမြင့်၊ ညဖက် ဆိုလျှင်အပူချိန်က သုညအောက် ၃၀ ဒီဂရီစင်တီဂရိတ်၊ နှင်းမုန် တိုင်းတွေက မကြာခဏတိုက်ခတ် သည့်နေရာ..။ ဆိုးရွားလှသော ရာသီဥတုနှင့် ထူထပ်သိပ်သည်း လှသော နှင်းတောင်တန်းတွေကြားမှာ သူတို့တွေ ပိတ်မိနေကြသည်။ ဒီလိုနဲ့ ရက်တွေကြာလာတော့ စားစရာကမရှိတော့၊ ရပ်ဂ်ဘီကစားသမား ၁၆ ယောက်ခမျာ လေယာဉ် ပျက်ကျလို့မသေဘဲ အစာငတ်လို့ သေရမည့်ကိန်းဆိုက်လာ သည်။ အားလုံးကလည်း အားအင်တွေ ချိနဲ့ ဆုတ်ယုတ်ကုန်ပြီ။ နောက်ဆုံးမှာတော့ ဆက်လက် အသက်ရှင်ရပ် တည်ရေးအတွက် တခုတည်း သောနည်းလမ်းကို ရွေးလိုက်ကြရသည်။ သေဆုံးသွားကြသော ကစားဖော် တို့၏ အသားများကို စားသောက်ဖို့ပင် ဖြစ်သည်။ နှင်းတောင်ပေါ်မှာဆိုတော့ အလောင်းတွေက မပုပ်မသိုး ဒီအတိုင်း ရှိနေကြသည်။ ထိုအလောင်းမှ အသားတွေကို သူတို့စားသောက်ခဲ့ ကြရသည်။

ထိုသို့စားသောက်ရင်းမှ အားအင်အနည်းငယ် ပြည့်လာသည့်အခါ သူတို့ထဲမှ နှစ်ယောက်က ချီလီပိုင်နက်ထဲမှ အနီးဆုံးရွာကို ရောက်အောင်သွားကာ အကူအညီတောင်းခဲ့နိုင်သည်။ ထိုမှတဆင့် ၇၂ ရက်ကြာ ပိတ်မိနေသည့် သူတို့ ၁၆ ယောက်စလုံးကို ကယ်တင်နိုင်ခဲ့ကြသည်။ သတင်းစာ ရှင်းလင်းပွဲမှာ သူတို့လူသားစားခဲ့ ရသည့် အ ဖြစ်ကို ပြန်ပြောပြသည့်အခါ တကမ္ဘာလုံးက ထိတ်လန့် တုန်လှုပ်သွားကြသည်။ ထိုဖြစ်ရပ်အပေါ် အမြင်ဝိဝါဒ အ မျိုးမျိုးကွဲခဲ့ကြသည်။ စာနာ သူတွေရှိသလို စက်ဆုပ်ရွံရှာသူတွေလည်း ရှိခဲ့သည်။ မည်သို့ဆိုစေ အခြေအနေ တ ခု အောက်မှာစားခဲ့ရသည့်တိုင် သူတို့လွယ်လွယ်ကူကူ မျိုကျခဲ့သည် မဟုတ်မှန်းတော့ သူနားလည်နိုင်ပါ သည်။

လောလောဆယ် သူ့အခြေအနေက ထိုမျှမဆိုးသော်လည်း မြေခွေးတစ်ကောင်ကို သတ်စားချင်လောက်အောင် တော့ သူဆာလောင်နေပါသည်။ သို့သော် သူကြည့်ထားခဲ့သော မြေပုံအရ မကြာခင်မှာ စားသောက်ဆိုင်လေး တစ်ဆိုင်ကို ရောက်ရမည် ဖြစ်သည်။ အစီအစဉ်က ထိုဆိုင်မှာ နေ့လည်စာစား၊ ပြီးတော့ လာလမ်းအတိုင်း လမ်း လျှောက်ပြန်လာ..။ ဒါပေမယ့် အခုထိမရောက်နိုင်သေး...၊ ဘာဖြစ်သလဲ? လမ်းများလွဲသလား? မဖြစ်နိုင်ပါ၊ လမ်းလွဲရအောင် သွားစရာက ဒီတစ်လမ်းပဲရှိသည်။ နေ့လည်စာ စားချိန်လည်းကျော်ခဲ့ပြီမို့ လူလည်း မောပန်း နွမ်းဟိုက်နေခဲ့ပြီ။ သူ ဘာလုပ်ရမလဲ၊ ရှေ့ဆက်သွားရမလား၊ နောက်ပြန်လှည့်ရမလား၊ ဒီအထိ လျှောက်လာ ပြီးမှတော့ နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်ပါ။ သို့နှင့် အားတင်းကာ သူဆက်လျှောက်လာခဲ့သည်။


နှင်းတောင်ကုန်းလေး တစ်ခုအလွန်မှာတော့ သူရှာနေသော စားသောက်ဆိုင်လေးကို တွေ့လိုက်ရတော့သည်။ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း...။ အမှန်တော့ သူလမ်းမမှားပါ၊ သူလမ်းလျှောက်ချိန်က တွက်ထားသလောက် မမြန်၍သာ သူခန့်မှန်းသည့်အချိန်တွင် ဆိုင်လေးကို မတွေ့ရခြင်း ဖြစ်သည်။ အခုတော့ လူက ပြန်အားတက် လာပြီး ခြေလှမ်းတွေပင် သွက်လာခဲ့သည်။ နှင်းတောင်တန်းတွေ၏ အလယ်မှာ ခေါင်မိုးပေါ် နှင်းတွေပုံနေသော စားသောက်ဆိုင်အိမ်ကလေးက အအေးဒဏ်ကို ကြံ့ကြံ့ခံရပ်လျက်..။ အေးမြသောနှင်း ပွင့်တို့၏ အလယ်မှာ ပေမယ့် နွေးထွေးပျူငှာစွာ ဖိတ်ခေါ် နေသယောင်၊ သူသိထားသလောက် ဒီဆိုင်ပိုင်ရှင်တွေက ဆောင်းတွင်းမှာပဲ ဆိုင်လာဖွင့်ကာ နွေရာသီမှာတော့ မြို့မှာနေကြသည်တဲ့။ သူတို့ စီးပွားဖြစ်မဖြစ် တော့မသိ၊ ဒီတောင်ကြော တဝိုက်မှာတော့ ဒါကတစ်ခုတည်းသော စားသောက်ဆိုင်လေးပဲ ဖြစ်သည်။

သူ အထဲဝင်လိုက်တော့ မီးလင်းဖို၏ အနွေးဓါတ်ဖြင့် ဆိုင်ကလေးက နွေးထွေးနေခဲ့သည်။ ဆိုင်ထဲမှာ လူများများ စားစား ရှိမနေပါ။ စားပွဲဝိုင်း နှစ်ဝိုင်းပဲ တွေ့ရသည်။ ကလေးတွေနှင့်ဆိုတော့ မိသားစုတွေနဲ့ တူပါရဲ့၊ အားလုံးက သူ့လိုပဲ လမ်းလျှောက်ကြသူများ...။ လွတ်နေ သည့် စားပွဲတစ်ခုမှာ ဝင်ထိုင်ကာ ခန္ဓာကိုယ်ပေါ် ဖိစီးလေးလံ နေသည့် အနွေးထည်တွေကို တထပ်ပြီးတထပ် ချွတ်ပစ်လိုက်သည်။ လူက လွတ်လပ်ပေါ့ပါးသွားကာ ဆိုင်က လေး၏ ဖော်ရွေသော အခင်းအကျင်းမှာ ချက်ချင်း ပင်နေသားတကျ ဖြစ်သွားခဲ့သည်။ ဆိုင်ရှင်၏ သမီးဖြစ်ဟန် တူသူ ကောင်မလေးက ဘာမှာမလဲဟု လာမေးသည်။ သူ့အနေနှင့် စားသောက်စာရင်း ကြည့်ရန်ပင် မလိုပါ၊ ဒီ ဆိုင်က ကြက်သားစွပ်ပြုတ် နာမည်ကြီးတာ သူသိသည်။ အပြန်လမ်းအတွက် ခွန်အားတွေကို ထိုကြက်သားစွပ် ပြုတ်ပူပူလေးဖြင့် ဖြည့်တင်းရမည်။ ပြီးတော့ စိတ်စောရတာတွေရော၊ မောပန်းတာတွေပါ စုပေါင်းကာ လူက တော်တော် ရေငတ်နေခဲ့သည်။ ဒါအတွက်လည်း သူစဉ်းစားထားပြီး ဖြစ်ပါသည်။ အစားအသောက်အော်ဒါ မှတ် ဖို့စောင့်နေသော ကောင်မလေးကို ပြုံးပြလိုက်ကာ သူပြောလိုက်သည်။

“ ကျနော့်ကို ကြက်သားစွပ်ပြုတ်တစ်ခွက်နဲ့ ဟန်နီကဲင်တစ်ပုလင်း ပေးပါခင်ဗျာ ”... ... ...။


ညီလင်းသစ်
၁၈ မတ်၊ ၂၀၀၈

3 comments:

Yi Yi Win said...

“အုပ်စုလိုက် ရှေ့နောက်ဝဲယာမှ ဝိုင်းဝန်းကိုက်ဆွဲတတ်သော ခွေးအ,များ”
ဆိုလို့ ဗဟုသုတအသစ်တစ်ခုရသွားပါတယ်ကိုညီလင်းသစ်ရေ။ တောကောင်တွေနဲ့ တော့
ထိပ်တိုက်မတွေ့ ဖူးသေးဘူး။ ပုံလေးတွေလှတယ်နော်။ ငယ်ငယ်တုန်းကလို သာ
အုပ်စုတောင့်တောင့်နဲ့  အဲဒီနေရာတွေTrip ထွက်ရရင်တော့ အတော်ပျော်
ဖို့ ကောင်းမှာပဲ။

An Asian Tour Operator said...

မြေခွေး ကိုတော့တခါမှမမြင်ဘူးသေးဘူး။ တောခွေ နဲ့ ခွေးအ တွေကိုတော့ ခနခန မြင်ဘူးတယ်။ ကျနော်ငယ်စဉ် အညာမှာနေတုန်းက ကျောင်းအနောက်ဘက် ကရေနံမြေတောတန်းထဲကို ကိုဖြတ်ပြီး မိုင်အနည်းငယ်ဝေးတဲ့ ဘုရားကုန်းတစ်ခုကို အဖော်ကောင်းလို့ သွားခဲ့ဘူးတယ်။ နေပူလွန်းအားကြီး လို့ လျှို (သဲချောင်း) တလျောက်သွား နေကြတုန်း မသင်္ကာစရာ အသံကြားလို့ နောက်ကိုလှည့်ကြည့်လိုက်တော့ ၇ကောင် ၈ကောင်လောက်ရှိတဲ့ ခွေးအ တစ်အုပ်လိုက်နေတာတွေ့ ရတယ်။ ကျနော်တို့ လဲ လေးငါးယောက် ဆိုတော့ ခဲတစ်ယောက်တစ်လုံးစီ ကောက်လိုက်တာ နဲ့ သူတို့လဲ အသာရှောင်ထွက်သွားကြတယ်။ အပြန်လမ်းတစ်လျှောက်လဲ နောက်က ခပ်ခွာခွာလိုက် နေကြတုန်းခင်ဗျ။ နောက်တစ်ခြား အကောင်တွေက လျှိုပေါ်ကနေ နှစ်ဖက်ညှပ်ပြီး လိုက်တယ်။ အုပ်စုတောင့်ပေလို့သာ ပေါ့။ တစ်ယောက်ထဲ ဆိုရင်တော့ မတွေးဝံ့စရာပဲ။

Nyi Linn Thit said...

ကို AATO က တကယ့်အတွေ့အကြုံကို ရခဲ့တာကိုး..၊ ဟုတ်တယ်၊ တစ်ယောက်ထဲ ဆိုရင်တော့ အုပ်စုနဲ့ မိုက်တဲ့ ဒီကောင်တွေက ပမာမခန့် လုပ်မှာသေချာတယ်၊