15 August 2008

အရိုးသားဆုံးသီချင်းတစ်ပုဒ် (သို့) ကိုငှက်


( ဒီက ပုံပါ )

ဒီနေ့ဟာ ကိုငှက် (ထူးအိမ်သင်) ဒီလောကထဲက ထွက်သွားခဲ့တာ ၄ နှစ်ပြည့်တဲ့ နေ့ပါ၊ မြန်မာ့ဂီတ လောကဟာ သူ့ရဲ့အစားထိုးမရတဲ့ ဒီဆုံးရှုံးမှုကို ကြေကွဲခြင်းကြေးမုံထဲမှာ ၄ နှစ်မြောက် နာနာကျင် ကျင် ပြန်ကြည့်ရခြင်းလည်း ဖြစ်တယ်၊ တကယ့်ကို တန်ဖိုးရှိတဲ့ ရှားရှားပါးပါး မြန်မာဂီတ ပညာရှင် တစ်ယောက် စောစီးစွာ တိမ်းပါးသွားရတဲ့အဖြစ်ဟာ တွေးလိုက်တိုင်း ဝမ်းနည်းစရာတွေအတိနဲ့ပါပဲ၊ ဝေးသွားတဲ့အခါ... နှလုံးသားမှာ အမြဲတမ်းသတိရ နေဆဲပါ... ...၊

နာရီပေါ်မှ မျက်ရည်စက်တွေ စီးကျလာတာကို ကျနော်တအံ့တသြနဲ့ မြင်လိုက်ရချိန်က ၆ တန်း ကျောင်းသားဘဝကပါ၊ တကယ်ကို လှပလွန်းတဲ့ မျက်ရည်စက်တွေ ပါပဲ၊ အများသူငါ စီးလေ့စီးထ မရှိတဲ့ ပုံစံသစ်နဲ့ သိမ်မွေ့ခမ်းနားစွာ စီးလာလိုက်ပုံများ...သူပန်ထားတဲ့ ပန်းနီနီနဲ့ သူဆင်မြန်းတဲ့ဖိနပ် နီနီတို့ကို တိုးဝှေ့ပွတ်တိုက်၊ နောက်...ကျေးလက်က ကျောင်းဆရာလေးရဲ့ စေတနာတွေနဲ့ အတူ သူ့ရဲ့ခေါင်းလောင်းကြီးလည်း တဒေါင်ဒေါင်တဒင်ဒင် နိုးထလာခဲ့ရပြီပေါ့၊

ကိုငှက်ရဲ့ ပထဆုံးအခွေနဲ့ပဲ ကျနော်ဂစ်တာတီး သင်ဖို့ဆုံးဖြတ်လိုက်တယ်၊ သူ့ရဲ့သီချင်းတွေကို ရေချိုးရင်း၊ လမ်းသွားရင်း၊ မိုးရွာထဲမှာ လျှောက်ပြေးရင်း အော်ဆိုရတာထက် ဂစ်တာတစ်လက်နဲ့ တလေးတစား တီးဆိုချင်လာတယ်၊ အဲဒါကြောင့်ပဲ ဂစ်တာစ,တီးတဲ့အခါ သိရမယ့်ကော့ဒ်တွေ အား လုံးကို အရင်မသင်ဘဲ ကျနော်ဆိုချင်တဲ့ သူ့သီချင်းမှာ ပါတဲ့ ကော့ဒ်တချို့ကိုပဲ အရင်သင်တယ်၊ ဒီ လိုနဲ့ ကိုငှက်ရဲ့ သီချင်းတချို့ကို မတောက်တခေါက် တီးဆိုရင်း ကျေနပ်နေခဲ့တယ်၊ ဆိုနေကျသီ ချင်းတချို့ကို နည်းနည်းအားရသွားတော့ နောက်ထပ်ပိုခက်တဲ့ သီချင်းတွေကို တီးဖို့အတွက်ဂစ်တာ ကော့ဒ်အသစ်တွေ ထပ်သင်၊ ရတော့ အဲဒီသီချင်းတွေ ထပ်ဆို၊ ဒါနဲ့ပဲ ကျနော်လည်း ဂစ်တာတီးဖြစ် သွားပြီး နာရီပေါ်ကစီးလာတဲ့ မျက်ရည်စက်တွေက ကျနော့်နှလုံးသားကမ်းပါး ကိုပါ တိုက်စားသွား ရော ဆိုပါတော့...၊

ကိုငှက်နဲ့ပတ်သက်ပြီး ကျနော်မှတ်မိနေသေးတဲ့ အဖြစ်အပျက်တစ်ခုက အင်းစိန်အ.ထ.က(၁)မှာ လုပ်တဲ့ စတေ့ခ်ျရှိုးပွဲမှာပါ၊ အဲဒီတော့ကျနော်က ၁၀ တန်းဖြေပြီးစ၊အဲဒီခေတ်က ပွဲတစ်ခုစီစဉ်ပြီ ဆို ရင် အဆိုတော်ပေါင်းစုံ ဝိုင်းဆိုကြတဲ့ ခေတ်ပေါ့၊ ရောခ့်၊ ပေါပ့်၊ ဂျပ်ဇ်၊ အဆူ၊ အနှေး၊ သီချင်းပေါင်းစုံ၊ စတိုင်ပေါင်းစုံပါပဲ၊ ဒါပေမယ့် အဲဒီပွဲတွေဟာ အခုနောက်ပိုင်းအလုံပိတ် အခန်းတွေထဲမှာ လုပ်တဲ့ပွဲ တွေထက်တော့ ပိုပြီးရင်ခုန်စရာ ကောင်းတာအမှန်ပါပဲ၊ အခုအင်းစိန်က ပွဲမှာလည်း အဆိုတော်က ကျနော်မှတ်မိသလောက် ၄၀ လောက်ရှိမယ်၊ ပွဲလုပ်မယ့် ညနေရောက်တော့ ကျနော်နဲ့ သူငယ်ချင်း တချို့ အဲဒီကိုချီတက်ကြတာပေါ့၊

စတေ့ခ်ျရှိုးကို သွားမယ့်သာ သွားတာပါ၊ ကျနော်တို့မှာ တစ်ယောက်မှ လက်မှတ်မရှိဘူး၊ လက်မှတ် ဆိုတာ အသာထားပါဦး၊ အဲဒီကိုသွားဖို့ ကားခတောင် မရှိပါဘူး၊ ဒါပေမယ့် ကိစ္စမရှိဘူး၊ ကျနော်တို့ တပျော်တပါး လမ်းလျှောက်ကြတယ်၊ ဟိုရောက်တော့ အ.ထ.က(၁)ကျောင်းဝင်းထဲကစင်မြင့်ဟာ ထရံအမြင့်ကြီးတွေရဲ့ နောက်မှာ...၊ အပြက်ဖက်ကနေ ဘယ်လိုမှ မမြင်ရပါဘူး၊ ဒါပေမယ့်ကိစ္စမရှိ ဘူး၊ ဒါကို ကျနော်တို့ ကြိုတွေးထားပြီးသား၊ ကျနော်တို့အတွက်ကလည်း ရှိုးကသီချင်းသံတွေကို အရင်းအတိုင်းကြားရတဲ့ နေရာမှာ လာပြီးရင်ခုန်ဖို့သက်သက်ပါပဲ၊ အင်းစိန်မင်းကြီးလမ်းပေါ်မှာ တော့ လူတွေကအပြည့်ပဲ...၊

ပွဲစ,တော့ အဆိုတော်အသစ်တွေ၊ သိပ်နာမည်မကြီးတဲ့သူတွေ၊ နောက်...အတော်အတန်နာမည်ရှိ တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ဆိုကြတာပေါ့၊ သိပ်တော့ မမှတ်မိတော့ဘူး၊ ည ၁၁ နာရီ လောက်ရှိတော့ ချစ်ကောင်းနဲ့ ခင်မောင်တိုး ဆိုကြတယ်၊ အဲဒီအချိန်မှာပဲ ဆိုဖို့နောက်ဆုံးကျန်နေတဲ့ အဆိုတော် ရောက်လာခဲ့တယ်၊ “ဟာ...ထူးအိမ်သင်ဟေ့”...ဆိုတဲ့အသံတွေနဲ့အတူ လူအုပ်ကြီးက လည်း ကျောင်းဝင်းတံခါးဆီကို ပြိုဆင်းကျလာတယ်၊ ကျနော်တို့က ကံကောင်းချင်တော့အဲဒီအချိန် ဝင်းတံခါးပေါက်မှာ ရှိနေတယ်၊ ခဏနေတော့ လူအုပ်ကြားထဲကနေ စူပါကပ် ဆိုင်ကယ်လေးပေါ် လာတယ်၊ ကိုငှက်ကဆိုင်ကယ်မောင်းပြီး နောက်မှာသူငယ်ချင်းတစ်ယောက်နဲ့၊ လှစ်ကနဲပဲမြင်လိုက် ရပြီး ချက်ချင်းအထဲရောက်သွားတယ်၊

မကြာပါဘူး၊ စင်ပေါ်ကနေ ‘ရွှေ’သီချင်းရဲ့ drum intro ကိုစ,ကြားရတာပါပဲ၊ ခဏကြာတော့အထဲက ပရိသတ်ရဲ့ လက်ခုပ်သံတွေနဲ့အတူ ကိုငှက်အသံပေါ်လာတယ်၊ ကြယ်တွေစုံတဲ့ ကောင်းကင်ယံ အောက်မှာ ကိုငှက်ရဲ့အသံဟာ ပြီးပြည့်စုံခြင်းအတိနဲ့ တည်ငြိမ်အေးချမ်း နေလိုက် တာ...၊ ပြီးတော့ ဒုတိယတစ်ပုဒ် ‘ရက်စက် စွာပြုံးတတ်သော’ကို ဆက်ဆိုတယ်၊ အဲဒီအချိန်မှာ အပြင်က ပရိသတ်က ထိန်းမရတော့ဘူး၊ ကိုငှက်က ပွဲရဲ့နောက်ဆုံးအဆိုတော်လည်းဖြစ်၊ အစောင့်မျှော်ဆုံး လည်းဖြစ် တော့ အားလုံးကအထဲဝင် ချင်လာကြတယ်၊ ဒါနဲ့ပဲ စီစဉ်သူတွေက ဝင်းတံခါးကြီးကို ဖွင့်ပေး လိုက်ရတော့တယ်၊ ထိပ်ဆုံးက ပြေးဝင်သွားသူတွေထဲမှာ ကျနော်လည်း တစ်ယောက် အပါ အဝင် ပေါ့၊ အဲဒီအချိန် ကိုငှက်က ‘တနေ့နေ့တော့ချစ်လာလိမ့်မည်’ ကိုဆို နေခဲ့တယ်၊ အထဲကို ရောက် သွားတော့ တချိန်လုံးကျောဖက်ကပဲ မြင် နေခဲ့ရတဲ့ စတေ့ခ်ျစင်ကြီးကို တမက်တမော ကြည့်ပစ် လိုက်တယ်၊ ပြီးတော့...ကျနော်အကြည့် ချင်ဆုံး အဆိုတော်က အဲဒီစင် ပေါ်မှာ...၊ ကိုငှက်က နောက်ထပ် ၇ ပုဒ်၊ ၈ ပုဒ်လောက် ဆက်ဆို သေးတယ်၊ ညနေ ၆ နာရီက နေ ည ၁၁ လောက်အထဲ မင်းကြီးလမ်းပေါ်မှာ တချိန်လုံး မတ်တပ် ရပ် စီးမျောခဲ့ရပေမယ့် နောက်ဆုံး မှာတော့ ကျနော့် ရင်ခုန်သံတွေက ချိုမြိန်စွာနဲ့ အဆုံးသတ်ခဲ့ရတယ်၊ ကျနော့်အတွက် အင်မတန်မှ ထိုက်တန်တဲ့ ဆုလဒ်ပါပဲ...၊

အခုတော့လည်း ဒါတွေက ဟိုးခပ်ဝေးဝေးဆီမှာ..၊ ဒါပေမယ့် ပြန်တွေးတိုင်း ရင်ဘတ်ထဲမှာနွေးထွေး တဲ့ဆွတ်ပျံ့မှုလေးတစ်ခုက တိုးတိုးဝှေ့ဝှေ့ ဖြတ်သန်းသွားဆဲပါပဲ၊ ကိုငှက်ဆုံးတဲ့သတင်းကို ဧရာဝတီ မဂ္ဂဇင်းမှာ ဖတ်ရတဲ့ နေ့တုန်းက ကျနော်ကိုယ့်မျက်စိကို ကိုယ်မယုံကြည်နိုင်ဘဲ တကိုယ်လုံးတုန် ယင်နေခဲ့တယ်၊ ညနေစောင်းမှာတော့ ဘယ်လိုမှ မနေနိုင်တော့တာနဲ့ မြန်မာပြည်က သူငယ်ချင်း တွေဆီကို ဖုန်းဆက်ပြီး ရင်ဖွင့်ဖြစ်တယ်၊ ဒီမှာ နေစဉ်ကာလမှာ နာရေးနဲ့ ပတ်သက်လို့ မြန်မာပြည် ကို အဖြစ်နိုင်ဆုံးနည်းနဲ့ အမြန်ဆုံး ပြန်သွားချင်စိတ် ၂ ခါ ဖြစ်ဖူးတယ်၊ ကိုငှက်ဆုံးတုန်းကနဲ့ ဆရာ ကြီးဒေါက်တာသန်းထွန်း ကွယ်လွန်တုန်းကပါပဲ၊ ကျနော်လေးစား တန်ဖိုးထားရတဲ့ ပညာရှင်တွေ လွင့်ပါးသွားချိန်မှာ အဝေးကနေ တိုးတိတ်စွာ ဝမ်းနည်းရုံကလွဲရင် ဘာမှပိုပြီး မလုပ်နိုင်ခဲ့ပါဘူး၊ တနေ့မှာပေါ့လေ...ကိုငှက်ရဲ့ အုတ်ဂူဆီ အရောက်သွားပြီး ဒီလောကကြီးကို သင်ကြားပေးခဲ့တဲ့ သီချင်းတွေအတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါသေးတယ်၊ တကယ်တော့ ကိုငှက်ကိုယ်တိုင် ကိုက ဘယ်တော့မှ အိုမင်းသွားမှာ မဟုတ်တဲ့ အရိုးသားဆုံး သီချင်းလေးတစ်ပုဒ်ပါပဲ ။ ။


ညီလင်းသစ်
၁၄ သြဂုတ်၊ ၂၀၀၈

4 comments:

မေငြိမ်း said...

ငှက်ကြီးဟာ...
ဂီတသမိုင်းထဲက မှတ်ကျောက်ကြီးတခု.. မှတ်တိုင်ကြီးတစ်ခု.. ကမ္ဗည်းတိုင်တခု..
ပြီးတော့ အသည်းနှလုံးတခု။

Anonymous said...

I love the way you love him.

ဇွန်မိုးစက် said...

ကိုညီလင်းရဲ့ ဆန္ဒကိုတစ်နှစ်အကြာမှာ တကယ်ပဲ အကောင်အထည် ဖော်လိုက်နိုင်တယ်နော်။း)

ဇွန် သူ့သီချင်းခွေကို စနားထောင်ဖူးတာ ၃တန်းမှာ။ စစချင်း မေ့လိုက်တော့ တစ်ပုဒ်တည်းနဲ့တင် အရမ်းကြိုက်သွားတာ။ တကယ်တော့ အဖေယူလာပေးတဲ့အခွေကို အမေက ကက်ဆက်နဲ့ ဖွင့်တယ်၊ အဲဒါကို ဇွန်က ကြားတယ်။ အဲဒီတစ်ခွေနဲ့တင် အဖေရောအမေပါ သူ့ပရိသတ်ဖြစ်သွားတာပဲ။

အစ်ကိုနဲ့ တူတာလေးတစ်ခု ဖတ်ရလို့ ဒီကော်မန့်ကို လာရေးဖြစ်တာ။

ဇွန်လည်းလေ ကိုငှက်ကြီးသီချင်းတွေကို ဂစ်တာနဲ့ တခုတ်တရ တီးပြီး ဆိုချင်စိတ်ပေါက်ခဲ့တာ အရမ်းပဲ။ ဂီတာတီးသင်ချင်စိတ်လည်း ပေါ်ခဲ့တယ်။ ၀မ်းကွဲအစ်ကိုနဲ့အစ်မနှစ်ယောက်ကလည်း ဂီတာတီးသင်ပြီး သူ့သီချင်းတွေဆိုတာကြားရတော့ အရမ်းအားကျပြီး သင်မယ်လုပ်သေးတယ်။ ဒါပေမယ့် ဇွန်က ငယ်သေးတော့ သိပ်မအားပေးကြဘူး၊ လက်နာတယ် ဘာညာနဲ့ပြောပြီး ခြောက်ထားတော့ ဂစ်တာတီးဖို့ နဲနဲလက်ရွံ့သွားတယ်ထင်တယ်၊ အဲဒါနဲ့ မသင်ဖြစ်လိုက်ဘူး။ တကယ်ဂီတာတီးတတ်ခဲ့မယ်ဆိုရင်တောင် ဇွန်တီးခေါက်မယ့် သံစဉ်တွေဟာ ကိုငှက်သီချင်းတွေကလွဲလို့ ဘယ်သူ့သီချင်းတွေ ဖြစ်နိုင်ဦးမှာလဲဆိုတာ...။

ဝေး သွား တဲ့ အ ခါ ....
ခုတော့လည်း ဇွန့်နှုတ်ဖျားကပဲ တိုးတိုးလေး ဆိုညည်းမိနေတာပေါ့လေ။

ညီလင်းသစ် said...

ဟုတ်တယ်ဇွန်ရဲ့...၊ မြန်မာပြည်သွားရင် မဖြစ်မနေ လုပ်ရမယ့် စာရင်းထဲမှာကို အဲဒီလို ကျေးဇူးစကားလေး သွားပြောဖို့ ရေးမှတ် ထားခဲ့တာ...၊း)

ဂစ်တာက သင်ကာစမှာတော့ လက်နာတာ အမှန်ပါပဲ၊ လက်ချောင်း ထိပ်လေးတွေမှာ ဂစ်တာကြိုးရာတွေ ထင်းလို့..၊ နောက်တော့လည်း အသားကျသွားတာပါပဲ၊ ကိုယ်တိုင်က ဂစ်တာတီး မသင်ဖြစ်လိုက် ပေမယ့် ထူးအိမ်သင် သီချင်းတွေကို တီးတတ်၊ ဆိုတတ်တဲ့ အကို တစ်ယောက် ဇွန့်မှာ ရှိတယ်ဆိုရင်လည်း သူနဲ့အတူ လိုက်ဆိုလို့ ရနေမှာ ပါပဲလေ..။း)