02 September 2009

သင်္ဘော (၂)


သူ မြန်မာပြည်ပြင်ပ ရောက်လာပြီးတဲ့နောက်တော့ သင်္ဘောတွေနှင့် သိပ်ပြီး ထိတွေ့မှု မရှိလှတော့၊ အခြားသူ တွေလိုပဲ အခြေချနေထိုင်ကာစ ကြုံရတဲ့ အခက်အခဲ၊ အထာမကျသေးမှုတွေကြားမှာ သင်္ဘောတွေက သူနဲ့တော် တော်ဝေးဝေးကို ရောက်သွားကြသည်၊ ပြီးတော့ သူနေတာက ဗင်းနစ်လို၊ ဟောင်ကောင်လို နေရာမှာမဟုတ် တော့ နေ့စဉ်ဘဝတွေထဲမှာ သင်္ဘောတွေက ပါမလာနိုင်ကြတော့...၊

အလုပ်ကိစ္စလည်းမဟုတ်၊ မစီးမဖြစ်စီးရမည့်အခါလည်း မဟုတ်တော့သည့်အခါ သင်္ဘောတစ်စီးနှင့် ဆုံနိုင်ရန်မှာ ထိုသင်္ဘောကို တမင်တကာ ရွေးချယ်စီးနင်းလိုက်ဖို့သာ ကျန်ပါတော့သည်၊ ထိုသို့ဖြင့် သူ သင်္ဘော ၂ စီးဖြင့်ကြုံခဲ့ ရပြန်လေသည်၊ သင်္ဘောဟုသာ ခေါ်ရသော်လည်း တကယ်တမ်းမှာ အပျော်စီးရွက်လှေ၊ အကြီးစားမော်တော် အဆင့်သာသာပဲ ရှိကြပါသည်၊

ပထမတစ်စီးမှာ သူ ဂရိကျွန်းစုတစ်ခုကို ရောက်တုန်းကဖြစ်သည်၊ ဂရိကုန်းမကြီး၏ အရှေ့တောင်ဖက် ၇၅ ကီလို မီတာအကွာမှာ ရှိသော Santorini ဟုအမည်ရသည့် ထိုကျွန်းသည် မီးတောင်ဟောင်းတစ်ခုဖြစ်သည်၊ ဘီစီ ၁၆၀၀ ဝန်းကျင်ခန့်မှာ မီးတောင်ပေါက်ကွဲရာမှ ကွဲထွက်ကျန်ရစ်ခဲ့သော ကျွန်းဖြစ်သည်၊ ထိုကျွန်းကိုရောက်တုန်း တစ်ရက်မှာ သင်္ဘောစီးဖို့ စီစဉ်ဖြစ်ကြသည်၊ သင်္ဘောက ကျွန်းမကြီးကနေ စ,ထွက်ပြီး ကျွန်းစုလေးအချို့ကိုရပ်၊ မီးခိုးငွေ့တွေ အူနေဆဲဖြစ်သည့် မီးတောင်တွင်းဝတစ်ခုမှာရပ်၊ နောက်ထပ်ကျွန်းစုတစ်ခုမှာရပ်၊ ပြီးတော့မူလဆိပ် ကမ်းကိုပြန်လာ၊ တနေကုန်ခရီးဖြစ်သည်၊

ဂျပန်၏စစ်လျော်ကြေးသင်္ဘော၊ တရုတ်၏ခေတ်မီသင်္ဘော စသည်တို့နှင့် ရင်းနှီးခဲ့သောသူသည် ဂရိရိုးရာမပျက် ဆောက်ထားသည့် သစ်သားရွက်လှေကြီးကို တွေ့လိုက်တော့ အတော်ပင် အံ့သြစိတ်ဝင်စားသွားခဲ့သည်၊ အစိတ် အပိုင်းအားလုံး နီးပါးကို သစ်သားဖြင့်သာ ဆောက်လုပ်ထားသော ထိုရွက်လှေကြီးသည် စက်တပ်အင်ဂျင် အကောင်းစားဖြင့် ပေါ့ပါးစွာ ခုတ်မောင်းလျက်ရှိသည်၊ ခရီးသည်တွေက ကုန်းပတ်ပေါ်က ခုံတန်းတွေပေါ်မှာ ထိုင်ရပြီး လှေဝမ်းထဲမှာတော့ အိမ်သာနှင့် သင်္ဘောသားတို့၏ အခန်းအချို့ ရှိပါသည်၊ လှေကြီးကို တိုးရစ်စ်တွေ အတွက်ရည်ရွယ်ပြီး ဆောက်ထားခဲ့သလို သူအပါအဝင် ခရီးသည်အားလုံးမှာလည်း တိုးရစ်စ်များသာ ဖြစ်ကြ လေသည်၊


DSC00116a


ထိုရွက်လှေနှင့် ပတ်သက်ပြီး သူအမှတ်ရနေသည့် အဖြစ်အပျက်တခုရှိသည်၊ ဒုတိယ ရပ်နားသည့်နေရာဖြစ် သည့် မီးတောင်ကို ရောက်တော့ အားလုံးဆင်းကြသည်၊ အဲဒီနေရာမှာ လည်ပတ်ဖို့ တစ်နာရီ အချိန်ရပါသည်၊ မီးတောင်ဝ အချို့နေရာများတွင် မီးခိုးများ အနည်းငယ်ထွက်လျက် ရှိပြီး၊ အချို့နေရာများတွင်တော့ အဝါရောင် ကန့်များ အတုံးအခဲလိုက် တွေ့ရသည်၊ ကျန်တာကတော့ မီးတောင်ဆိုသည့်အတိုင်း မြက်တစ်ပင်မျှပင် မတွေ့ရ၊ ထိုမီးတောင် ပေါက်ကွဲပြီးခဲ့တာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် ယနေ့ထိတိုင် နေ့စဉ်လိုလို မီးခိုးတွေအူဆဲ ပင်ရှိသေးသည်၊ တကယ်တော့ မီးတောင်တစ်လုံးသည် မည်သည့်အခါမှ မသေပါ၊ လူတွေက ဘယ်လောက်ပင် မီးငြိမ်းတောင်ဟု ခေါ်ပါစေ... လုံလောက်သော အကြောင်းတရားများ ရှိခဲ့လျှင် အချိန်မရွေး ပြန်လည်ပေါက်ကွဲ နိုင်ပါသည်၊ ` အခုနေများ မီးတောင်က ဒေါသတွေထ,ထွက်လာရင် ဘယ်လိုများနေမလဲ မသိဘူး ’ဟု သူ ခပ်နောက်နောက် တွေးနေမိသေးသည်၊ သူနှင့် မအိမ်သူက တစ်ပတ်လျှောက်ကြည့်ပြီး လှေပေါ်ကို ပြန်လာထိုင် နေလိုက်သည်၊ ထိုစဉ်မှာပဲ အခြားစုံတွဲ တစ်တွဲလည်း ကမ်းဖက်ဆင်းလာသည်၊ ပြီးတော့ တစ်စီးကျော်မှ အခြားရွက်လှေပေါ်သို့ တက်သွားကြသည်၊

ထိုစုံတွဲကို သူကောင်းကောင်း မှတ်မိပါသည်၊ အလာခရီးတုန်းက သူတို့နှင့် ခပ်လှမ်းလှမ်းမှာ ထိုင်လိုက်လာခဲ့ သောလူငယ်စုံတွဲဖြစ်သည်၊ အခုသူတို့က အခြားလှေပေါ်ကို မှားပြီးတက်သွားပြီ၊ လှေတွေအားလုံးနီးပါးကလည်း ဂရိရိုးရာမပျက် ဆောက်ထားကြတော့ တစ်စီးနှင့်တစ်စီး ခပ်ဆင်ဆင်...၊ သူတို့များ ဒီဖက်လှည့်ကြည့်ရင် လက်လှမ်းပြပြီး လှေမှားနေတာ ပြောဖို့သူစောင့်နေခဲ့သည်၊ သို့သော် သူတို့က လှည့်မကြည့်၊ အေးအေးဆေး ဆေးနှင့် မုန့်တစ်ထုပ်ပင် ဖောက်စားနေကြတာကို ကြားထဲမှ လှေကိုကျော်၍ သူမြင်နေရသည်၊ သူဘာလုပ်ရင် ကောင်းမလဲ စဉ်းစားသည်၊ သွားပြောလိုက်ရမလား၊ အာ... အဲဒီလိုတော့ သွားမပြောချင်၊ သူတို့နှင့်လည်း တခါမှ မရင်းနှီး၊ ပြီးတော့ကိုယ်က သူတို့ရဲ့ တိုးရစ်စ်ဂိုက်လည်းမဟုတ်၊ ဒီဆိပ်ကမ်းက ဝန်ထမ်းလည်း မဟုတ်၊ ဘာမှ မဆီမဆိုင် လာပြောတာကို တချို့က ကြိုက်ချင်မှကြိုက်လိမ့်မည်၊

တဖက်ကလည်း သူသံသယ ဝင်လာပြန်သည်၊ နေစမ်းပါဦး၊ သူတို့က ဒီလှေပေါ်မှာ လိုက်လာခဲ့တာ တကယ်ပဲ သေချာလို့လား၊ သူတို့ လှေဆိပ်ဆင်းလာပုံက လှေတွေအများကြီး ရှိတာကို တခြားဘယ်လှေမှ မကြည့်ပဲ အဲဒီ လှေပေါ်ကိုပဲ တန်းတန်းမတ်မတ် တက်သွားတာဆိုတော့ သူတို့ကိုယ် သူတို့သိပ်သေချာ နေပုံပဲ၊ တော်ကြာကိုယ် ကစေတနာနဲ့ သွားပြောပေမယ့် သူတို့ကမမှားဘူးဆိုရင် ကိုယ်ပဲ အူကြောင်ကြောင်နဲ့ အရှက်ကွဲပြီး ပြန်လာရမှာ၊ လူတစ်ယောက်ကို သေသေချာချာ တစ်ခါမြင်ဖူးထားလျှင် အချိန်တွေအများကြီး ကြာသည့်တိုင် ကောင်းကောင်း ပြန်မှတ်မိတတ်သည့် သူ့မှတ်ဥာဏ်က သူမမှားကြောင်း ပြောနေခဲ့သည်၊ ဒါပေမယ့် ` အေးလေ... ငါပဲအမှတ်မှား တာနေမှာပါပဲ ’ဟု သူဖေါ့တွေးလိုက်သည်၊ ပြီးတော့ အခုလို ခရီးထွက်ပြီ ဆိုကတည်းက ကိုယ့်တာဝန် ကိုယ်ယူ ကြရမှာပဲလေ၊ မဟုတ်ဘူးလား၊

ထိုအခိုက်မှာ သူတို့လှေပေါ်မှာလည်း လူတွေအားလုံးစုံပြီ၊ တိုးရစ်စ်ဂိုက် အမျိုးသမီးက ` ကဲ-အားလုံးပဲ သွားကြ မယ် ’ဟုဆိုကာ ရွက်လှေကြီးလည်း ထွက်ခွာဖို့ပြင်သည်၊ ထို ဂရိအမျိုးသမီးကို သွားပြောလိုက်ရရင် ကောင်းမ လားဟု သူစဉ်းစားလိုက်သေးသည်၊ သူကသာ မဆီမဆိုင် ခရီးသည်တွေကို မှတ်မိပူပန် နေသော်လည်း ဂိုက် အမျိုးသမီးက လှေပေါ်မှာ လူပင်တချက်မစစ်ပါ၊ သူ့မှာတော့ မြန်မာပြည်မှာ ဧည့်လမ်းညွှန် လုပ်ခဲ့တုန်းက ကား၊ ရထား၊ သင်္ဘော မထွက်မီ လူပြည့်,မပြည့် ရေကြည့်ရတာအမော၊ တစ်ခါလည်း မကျေနပ်၊ နှစ်ခါလည်း မကျေ နပ်၊ အခေါက်ခေါက် အခါခါ၊ အင်းလေ..သူ့အရပ်နဲ့ သူ့ဇတ်ပေပဲ ဟုသာ သူတွေးလိုက်သည်၊ ဒီအမျိုးသမီးက ကမ်းနားအဆင်း တနေရာမှာထိုင်ပြီး ဆင်းလာတဲ့သူတွေကို ရေရင်လည်း ရေနေခဲ့မှာပေါ့ဟု သူစဉ်းစားနေ ပြန် သည်၊ ရွက်လှေကတော့ ကမ်းမှ အတော်ပင် ခွာလာခဲ့ပြီ၊

ထိုစဉ်မှာ ရွက်လှေမောင်းသူက ဝေါ်ကီတော်ကီဖြင့် တစုံတခုကို ဂရိလိုပြောပြီး အနောက်ဖက်သို့ လှည့်ကြည့်နေ သည်ကို သူမြင်လိုက်သည့် အခါမှာတော့ သူတွေးထင်ထားတာတွေ အားလုံးမှန်ကြောင်း သူသိလိုက်လေသည်၊ ရွက်လှေဆရာက တဆက်တည်း ဂိုက်အမျိုးသမီးကို ပြောလည်းပြော၊ လှေကိုလည်း တစ်ရာ့ရှစ်ဆယ် ဒီဂရီ ပြန် ကွေ့လိုက်သည်၊ ကျန်ခရီးသည်များကို ဂရိအမျိုးသမီးက လူနှစ်ယောက်ကျန်ခဲ့လို့ သွားပြန်ခေါ်ရမှာ ဖြစ်ကြောင်း ရှင်းပြနေချိန်မှာတော့ သူ့တကိုယ်လုံးကို ကျုံ့ထားမိသည်၊ ဆပ်ကမ်း ပြန်ရောက်လို့ လှေပေါ်ကို ထိုစုံတွဲ တက် လာသောအခါ အားလုံးက လှေတစ်စီးလုံး လွဲရအောင် နမော်နမဲ့ နိုင်ရသလားဟူသော အကြည့်တွေဖြင့်ကြည့် ကြတော့ ဟိုနှစ်ယောက်လည်း မျက်နှာငယ်လေးတွေနှင့်...၊ သူလည်း ထူပူကာ ပင်လယ်ရေပြင်ကိုပဲ စိုက်ကြည့် နေခဲ့သည်၊ ဒီကိစ္စဟာ မစူးမစမ်း သတိကင်းမဲ့လွန်းတဲ့ ထိုစုံတွဲကိစ္စလား၊ ကိုယ့်လှေပေါ်က ခရီးသည်တွေကိုမစစ် ဘဲ တာဝန်မဲ့ခဲ့တဲ့ ဧည့်လမ်းညွှန် အမျိုးသမီးရဲ့ ကိစ္စလား၊ ဒါမှမဟုတ် ကြားထဲကနေ မှတ်မိပူပန်ပြီး တာဝန်သိ လုပ်သားပြည်သူတစ်ဦး မဟုတ်ခဲ့တဲ့ သူ့ကိစ္စလား၊ ပြန်တွေးတိုင်း သူ့မှာ အပြစ်ရှိသလိုလို၊ မရှိသလိုလို နှင့် ဒီနေ့အထိ သူရေရေရာရာ မသိခဲ့၊ ဂရိသင်္ဘောကတော့ ခရီးသည်တွေကို ပို့မြဲတိုင်း ဆက်ပို့နေလိမ့်ဦးမည်၊


IMG_2110a


နောက်ထပ် စီးဖြစ်ခဲ့သည့် သင်္ဘောကတော့ အီဂျစ်နိုင်ငံမှာ ဖြစ်သည်၊ သင်္ဘောဆိုသော်လည်း မော်တော်အကြီး စားဟုခေါ်လျှင် ပိုမှန်လိမ့်မည်ထင်သည်၊ ပင်လယ်နီကမ်းခြေ မြို့ကလေးကို သူရောက်သည်အထိ ဒီလိုမော် တော်မျိုးတွေ ရှိမှန်း သူမသိခဲ့၊ လမ်းတွေ၊ ဈေးတွေမှာ ကြော်ငြာထားတာ မြင်မှ သူသဘောပေါက်သွားသည်၊ မော်တော်ရဲ့ ဝမ်းဗိုက်ကို မှန်အထူ အကြည်စားဖြင့် ပြုလုပ်ထားသော ထိုမော်တော်များသည် ထိုဒေသတဝိုက်မှာ တော့ အတော်ပင် အလုပ်ဖြစ်ဟန် ရှိလေသည်၊ ပင်လယ်နီ၏ ကမ်းရိုးတန်းတလျှောက်တွင် သန္တာကျောက်တန်း များနှင့် ငါးရောင်စုံတို့ ပေါများလှသောကြောင့် ထိုမော်တော်ပေါ်မှနေ၍ ရေအောက်ကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ပါသည်၊ ရေငုပ်ဝါသနာပါသူများလို မငုပ်နိုင်သည့် သူများက ထိုမော်တော်တွေကို စီးကြသည်၊

တကယ်တမ်း သူစီးချင်တာက ဝမ်းဗိုက်အောက်ထဲအထိ ဆင်းသွားရသည့် မော်တော်ဖြစ်သည်၊ မော်တော်၏ဝမ်း ဗိုက်ထဲမှ အခန်းသည် ရေအောက်ထဲတွင်ရှိပြီး ပတ်ပတ်လည် မှန်များဖြင့် တည်ဆောက်ထားသောကြောင့် စီးသူ က ရေငုပ်သင်္ဘောထဲ ရောက်နေသလို ခံစားရသည်၊ ဘေးပတ်လည်မှ ငါးများကို လှည့်ပတ်ကြည့်နိုင်သည်၊ သို့ သော် မအိမ်သူက အကျဉ်းအကျပ်ကို ကြောက်သည့် claustrophobic အခံရှိသည်၊ ထိုရေအောက်ခန်းထဲကို ဆင်းရမှာ သူမ ကြောက်နေခဲ့သည်၊ သူ့ကို တစ်ယောက်ထဲ သွားစီးဖို့ပြောပေမယ့် အဲဒီလိုကျတော့ သူကလည်း မစီးချင်ပြန်၊ ဒီလိုနှင့် မော်တော်ဝမ်းဗိုက် ရေအောက်ထဲလည်း ဆင်းစရာမလိုဘဲ ကိုယ့်ထိုင်ခုံမှပင် ရေအောက် တော်တော်အနက်အထိ ကြည့်နိုင်မည့် ထိုမော်တော်တွေကိုပဲ ရွေးလိုက်ကြတော့သည်၊


IMG_2292a


မော်တော်စီးချိန်က တစ်နာရီခန့်သာ ကြာမြင့်ပါသည်၊ အသွားမှာ ဟိုနားရပ်၊ ဒီနားရပ်ဖြင့် ရေအောက်မှရှုခင်းများ ကို ပြသည်၊ မော်တော်မောင်းသူက ဘယ်နေရာမှာ ငါးရှိသည်၊ ဘယ်နေရာမှာတော့ သန္တာကျောက်တန်းရှိသည် စသဖြင့် အလွတ်ရနေသောကြောင့် လမ်းကြောင်းကို ဆွဲထားခဲ့ပြီးသား...၊ အပြန်မှာတော့ ခရီးသည်တွေကို မော်တော်အပေါ်ထပ်မှာ ရေနွေးကြမ်းတိုက်ပြီး အမှတ်တရပစ္စည်းလေးတွေ ရောင်းဖို့လုပ်ကြသည်၊ သူမြင်ရသ လောက်ကတော့ ဘယ်သူမှမဝယ်ချေ၊ မော်တော်ပေါ်မှာလည်း ခရီးသည်က အနည်းငယ်ပဲ ပါလာခဲ့သည်ကိုး၊ ဒီလိုရေအောက်က ငါးတွေကိုကြည့်ရင်း ဧရာဝတီမြစ်ထဲမှ လင်းပိုင်တွေကို သူသတိရမိသေးသည်၊ ဗန်းမော်မှ မင်းကွန်းအထက်နားအထိ ဆင်းလာတတ်ကြသည့် ရေချိုလင်းပိုင်များ ဖြစ်ကြသည်၊ တခါမှာတော့ မင်းကွန်း အသွားမှာ သူ,ရိပ်ကနဲ တစ်ကောင်တွေ့လိုက်ဖူးသည်၊ နောက်တော့ တခါမှ ပြန်မတွေ့ရတော့၊ ထိုလင်းပိုင်များကို လည်း ဒီလိုမော်တော်တွေဖြင့် လိုက်ပြသည့် ခရီးစဉ်တွေရှိရင် ကောင်းမှာပဲဟု သူတွေးမိလေသည်၊ ဒါပေမယ့် ဧရာဝတီရဲ့ ခပ်နောက်နောက်ရေထဲမှာ သိပ်အနက်ကြီးအထိတော့ မြင်ရမည်မထင်၊ ဒါလည်းကိစ္စမရှိပါ၊ ဧရာဝတီ ၏ ခမ်းနားကြီးကျယ်မှု တခုတည်းကပင် ခရီးသည်တွေကို မေ့မရအောင် ဖမ်းစားညှို့ယူထားလိမ့်မည်ဟု သူ အသေအချာ ယုံကြည်ပါသည်။ ။



ညီလင်းသစ်
၂ စက်တင်ဘာ၊ ၂၀၀၉

7 comments:

ရွာသားလေးဝိုင်တီယူ said...

ရေချိုလင်းပိုင်တွေဆိုလို့ ကျနော်တို့ချင်းတွင်းမြစ်ထဲက လင်းပိုင်တွေရယ် ရွှေစာရေးဝဲကြီးအကြောင်းကို သတိရမိသွားတယ်ဗျာ

Yu Wa Yi said...

ဧရာဝတီ ၏ ခမ်းနားကြီးကျယ်မှု တခုတည်းကပင် ခရီးသည်တွေကို မေ့မရအောင် ဖမ်းစားညှို့ယူထားလိမ့်မည်ဟု သူ အသေအချာ ယုံကြည်ပါသည်။ ။ ဟုတ်တယ်ဗျို့ ။

MieMie said...

လူတယောက်ကို သေသေချာချာ တခါမြင်ဖူးထားလျင် အချိန်တွေအများကြီးကြာသည့်တိုင် ကောင်းကောင်း မှတ်မိနေတတ်တဲ့ မှတ်ဥာဏ်ရှိ
တာခြင်းတော့ တူနေပြီ...တခြားဟာတွေ( နေရာဒေသ လိုမျိုး ဖတ်ထားပြီးတဲ့စာတွေလိုမျိုး )
ဆိုရင်တော့ မေ့ တတ်တယ်..် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက ကျမမောင်လေးရဲ့သူငယ်ချင်းတယောက်ကို တခါ မြင်ဖူးထားတာ ဒီရောက်တော့မှ ပြန်တွေ့လိုက်ရတော့ မှတ်မိနေလို့ မေးကြည့်တော့ ဟုတ်နေပါရော...လူတယောက်ချင်းစီမှာ (တယောက်နဲ့တယောက်မတူတဲ့ )တခုခုကို ပိုအားသန်နေတတ်တဲ့ မှတ်ဥာဏ်မျိုး ရှိတတ်ကြတယ်ထင်တယ်နော်..

ရေအောက်တော်တော်နက်တဲ့ နေရာကိုမြင်လို့ ရတဲ့ သင်္ဘောမျိုးတော့စီးကြည့်ချင်တယ်...ဒီက
ဒစ်စ်ကာဗရီ ချာနယ်လ်တို့ အန်းနီးမဲလ် ချာနယ်တို့တွေ့ကိုတော့ အမြဲတမ်းကြည့်ဖြစ်တယ်..ကျမက ရေသာမကူးတတ်ပေမယ့် ရေအောက်က
သန္တာကျောက်တန်းတွေ အကောင်တွေကိုတော့ ရေငုပ်ပြီးသွားကြည့်ချင်မိပါရဲ့ ... အတွေ့အကြုံတွေ မျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...

ဒီဘလော့ထဲက ၂၀၀ရ တုန်းက တင်ခဲ့တဲ့
ကမ္ဘာမြေအတွက်သီချင်း ( ကိုထူးအိမ်သင်ဆိုခဲ့တဲ့ ) က ပထမက ကိုထူးအိမ်သင် ဆိုခဲ့တာထင်မိခဲ့တယ်...နောက်ပိုင်းသေချာပြန်
နားထောင်ဖြစ်တော့ ကိုငှက်ကြီးအသံနဲ့ နည်းနည်းလေးကွဲတာ တွေ့တယ် (အဲဒီသီချင်းကို ကျမ ညီလင်းသစ်ဘလော့်ဆီရောက်မှ နားထောင်ဖူးဖြစ်တာ) ကျမ စိတ်ထဲမှာ မတင်မကျဖြစ်နေလို့ တခုမေးပါရစေနော်..ဒီဘလော့ထဲက အဲ သီချင်းက ကိုငှက်ကြီးအသံလား ညီလင်းသစ်အသံလား ဆိုတာကို ဖြေပေးပါဦးနော် အချိန်ရရင်ပေါ့လေ...
ဧရာဝတီရဲ့  ခပ်နောက်နောက်ရေ ထဲမှာ ဆိုတာဖတ်ရလို့ ဒီသီချင်းကို သတိရပြီး အတွေးဆန့်သွားပါတယ်...

mie nge

Nyi Linn Thit said...

ကျနော် အဲဒီဝဲအကြောင်း မကြားဖူးဘူးဗျ ကိုဝိုင်တီယူရ။

မယုဝရီက ထောက်ခံတယ်ပေါ့... :) ကျေးဇူးပါဗျား...။

မ MieMie ရေ..တချို့တွေက ကိန်းဂဏန်းတွေ၊ တယ်လီဖုန်းနံပါတ်တွေ၊ ကားနံပါတ်တွေကို လွယ်လွယ် ပဲမှတ်မိတတ်ကြတယ်၊ တချို့ကျတော့ နာမည်တွေ၊ တချို့ကျတော့ လူတွေရဲ့ ရုပ်ရည်...၊ တခုခုမှာ ပိုအား သန်တယ်ဆိုတာ ဟုတ်မယ်ဗျ၊

၂၀၀၇ နှစ်သစ်ကူးအတွက် တင်ခဲ့တဲ့ အဲဒီသီချင်းက ထူးအိမ်သင်ရဲ့ သီချင်းပါ၊ တခြားအဆိုတော်တွေနဲ့ စပ်တူထုတ်တဲ့ ဟိုး..ခေတ်ဦးအခွေတစ်ခုမှာ ပါခဲ့တာဗျ၊ အဲဒီအခွေနာမည်နဲ့ အဲဒီသီချင်းကို ရေးခဲ့တဲ့သူကိုတော့ ကျနော် မမှတ်မိတော့ပါဘူး၊ မှတ်မိတာကတော့ အဲဒီ အချိန်က ကက်ဆက်ခွေပဲ ရှိသေးပြီး စီဒီတောင် မပေါ် သေးဘူးဆိုတာပါပဲ၊ အဲဒီပို့စ်မှာ ဆိုထားတဲ့ အသံကတော့ ကျနော့်အသံပါ။

MieMie said...

ကမ္ဘာမြေရဲ့  သီချင်းကို ညီလင်းသစ် ဆိုခဲ့ထားတာဆိုရင် အသံကောင်းတဲ့သူ တယောက်လို့ ပြောပါရစေ..ဆိုထားတာကောင်းတယ်...ပြောရမယ်ဆိုရင်တော့ အဆိုတော် တယောက် ဖြစ်နိုင်တယ်ပေါ့...
ဘာလို့ အဆိုတော် မလုပ်ခဲ့တာလဲဟင်...
ကိုထူးအိမ်သင် အသံနဲ့ တော်တော်ဆင်လို့ ကျမမှာ သေချာအောင် ခဏခဏနားထောင်ကြည့်ခဲ့ရတယ်...
နည်းနည်းလေးတော့ကွဲတာပေါ့နော်...အဆိုတော်တွေထဲမှာ
အမျိုးသမီးဆိုရင် ဒေါ်မာမာအေး..
အမျိုးသားဆိုရင် ကိုထူးအိမ်သင် တို့ရဲ့  အသံကို ကျမ အကြိုက်ဆုံးပါ...အဆိုတော် တာရာတယောက်လည်း ကိုငှက် အသံနဲ့ဆင်တယ်..သူ့သီချင်းတွေလည်း ကြိုက်ခဲ့ဖူးတယ်...

ကိုယ်တိုင်က ဂစ်တာတီး သီချင်း မဆိုတတ်ပေမယ့် သူများတီးပြီး သီချင်းဆိုတာကို ဘေးနားမှာ ထိုင် နားထောင်ရတဲ့ အရသာမျိုးကို အရမ်းနှစ်သက်မိတာ...

အဲ တပုဒ်က လွဲပြီး နောက်ပိုင်း သီချင်းတင်တာ မတွေ့ရဘူးနော်...
ဒီနှစ် ဒီဇင်ဘာ ရောက်လို့ အချိန်ရရင်တော့
ကိုငှက်ကြီးရဲ့  သီချင်းလေးတွေ ကိုယ်တိုင်တီးပြီး ဆိုပါဦးလို့ တိုက်တွန်းပါရစေ( တောင်းဆိုပါရစေ )...အားပေးမယ့် ပရိတ်သတ်
တယောက်ရှိနေပါတယ်...ကျေးဇူးတင်ပါတယ်...

mie nge

ရွာသားလေးဝိုင်တီယူ said...

ကိုညီရေ အဲ့ဝဲကြီးက ကျနော့အဖွားရွာ အိုင်ထောင်နားမှာလေ။ ပုံပြင်တွေ ပါးစပ်ရာဇ၀င်တွေက ဟိုတစ်စ ဒီတစ်စပါပဲ။

revolution-littlebrook said...

ဧရာဝတီ ဒုတိယမြစ်ကျဉ်းနားရောက်ရင် မော့ကြည့်ရတဲ့ ကျောက်သားကမ်းပါးကြီးက မိုးနေတာ ... မြစ်က အဲ့ကမ်းပါးနားရောက်ရင် နေရောင်မတွေ့ရတော့တဲ့အထိ ..း) ဗန်းမော်မြို့နား ဆောင်းတွင်းဆို လင်းပိုင်တွေ တက်ပီပေါ့ ... သူတို့ ငါးတွေလိုက်ဖမ်းတဲ့အခါ လေထဲတောင် လွတ်ထွက်လာတဲ့အထိ ခုန်ကျတာ ...
လွမ်းစရာဗျာ ... ဧရာဝတီ ...