21 September 2009

ကော်ဖီခွက်တစ်ခွက်၏ ဈာပန


ဟိုတစ်နေ့က ကျနော့်ရဲ့ ကော်ဖီခွက်ကလေး ကွဲသွားတယ်၊ ကျနော်ကော်ဖီထည့်သောက်နေကျ ခွက်ကလေးပါ၊ ပုံမှန်အားဖြင့် ဒီလိုအရာ တွေကို ကျနော်အနေနဲ့ သိပ်ပြီးတော့ တစွဲတလမ်း မရှိလှဘူး၊ ဒါပေမယ့် ဒီခွက်ကလေးကိုတော့ နဲနဲသဘောကျမိတယ်၊ ကျနော်တို့ ဒီနေ့ ခေတ်မှာ အရွယ်စုံ၊ အရောင်စုံ ခွက်တွေကို နေရာတိုင်းမှာ ရနိုင်ပါတယ်၊ ဒီဇိုင်းမျိုးစုံနဲ့ ခွက်အကြီးအသေး အစုံစုံက ကြိုက်တတ်မယ်ဆိုရင် ဖြင့် ယူချင်စရာချည်းပါပဲ၊ ဒါပေမယ့် တော်ရုံနဲ့ ကျနော်ရင်မခုန်ခဲ့ပါဘူး၊

ဒီခွက်လေးကတော့ သူ့ရဲ့ဒီဇိုင်းရိုးရိုးလေးနဲ့ ကျနော့်ကိုဖမ်းစားလိုက်တယ်၊ အုတ်နီခဲရောင် ဗြောင်ဒီဇိုင်းမှာမှ ခွက်ရဲ့နှုတ်ခမ်းမှာ အပ်ချည် ကြိုးနဲ့သီထားသယောင် ငုပ်ချည်ပေါ်ချည် အဖြူလိုင်းကလေးနဲ့...၊ ရိုးဂုဏ်လေးနဲ့ကို ဆန်းနေတဲ့ခွက်ကလေး၊ ဒါပေမယ့် ဒီဇိုင်းထက် ကျနော့်ကိုပိုပြီး ဖမ်းစား လိုက်တာက သူ့ကိုလုပ်ထားတဲ့ ကျောက်မှုန့်အမျိုးအစား...၊ ဟုတ်ပါတယ်၊ ဒီခွက်ကလေးကို sand stone လို့ခေါ် တဲ့ သဲကျောက်အမျိုးအစားနဲ့ လုပ်ထားခဲ့တယ်၊ သဲကျောက်ချည်းသက်သက်တော့ ဟုတ်ဟန်မတူဘူး၊ သဲကျောက်ဘယ်လောက် ရာခိုင်နှုန်းပါသလဲ ဆိုတာ ကျနော်မသိပေမယ့် တွေ့နေကျခွက်တွေလို မဟုတ်လို့ ကျနော်သဘောကျသွားတယ်၊

တကယ်တော့ ဒီခွက်လေးကို ကျနော့်ဖာသာ တွေ့ပြီးဝယ်လာတာတော့ မဟုတ်ပါဘူး၊ ပစ္စည်းဆန်းဆန်းလေးတွေ ရောင်းတဲ့ဆိုင်တစ်ဆိုင် မှာမအိမ်သူက ကျနော့်ကို ပြခဲ့တာ...၊ အဲဒီဆိုင်က မြင်နေကျ ပုံစံတွေကနေ ဖောက်ထွက်လာတဲ့ အရောင်တွေ၊ ဒီဇိုင်းတွေနဲ့ ပန်းကန်၊ ခွက် ယောက်တွေကို ရောင်းတဲ့ဆိုင်ပါ၊ ပို့စ်မော်ဒန် ပန်းကန်ဆိုင်လို့ ဆိုပါတော့လေ၊ ကျနော်က တခါတလေ နဲနဲ နမော်နမဲ့ နိုင်တတ် တော့ “ ကြွေပန်းကန်ဆိုင်ထဲ နွားမောင်းသွင်းလိုက်သလိုပဲ” ဆိုတဲ့ အင်္ဂလိပ်အီဒီယံလို မဖြစ်ရအောင် သတိကြီးစွာထားပြီး ဟိုဒီလျှောက်ကြည့်နေတုန်း အဲဒီ ခွက်ကလေးနဲ့ စ,ပြီး ဆုံစည်းခဲ့တာပေါ့၊ ဆိုခဲ့သလိုပါပဲ...၊ သူ့ရဲ့ ဒီဇိုင်းရယ် သူ့ရဲ့ မြေသားအမျိုးအစားရယ်ကြောင့် ယူဖို့ကျနော်သဘောတူ လိုက်တယ်၊

တကယ်တမ်းမှာက ကျနော်က အဲဒီခွက်နဲ့ နေ့တိုင်းကော်ဖီသောက်တာတော့ မဟုတ်ပါဘူး၊ စနေ တနင်္ဂနွေလို နေ့တွေမှာပဲ သောက်ဖြစ် တယ်၊ ကျန်ရက်တွေက အလုပ်မှာပဲ မနက်စာကော်ဖီသောက်တာကိုး၊ စနေ တနင်္ဂနွေမှာတောင်မှ မနက်တခါပဲ အဲဒီခွက်နဲ့ သောက်လေ့ရှိ ပါတယ်၊ ကျနော်က နေ့တစ်နေ့ရဲ့ ပထမဆုံးကော်ဖီကို ပုံမှန်ကော်ဖီသောက်လေ့ရှိပြီး ကျန်တဲ့အချိန်မှာတော့ အက်စ်ပရက်ဆို (Espresso) ပဲအသောက်များတော့ ခပ်ကြီးကြီးအဲဒီခွက်နဲ့ဆို အက်စ်ပရက်ဆိုက ခွက်အောက်ခြေမှာ မစို့မပို့နဲ့ ဆင့်ပါးစပ် နှမ်းပက်သလိုဖြစ်နေမှာ သေချာတယ်၊ ဒါ့ကြောင့် ကျန်တဲ့ကော်ဖီတွေကို ခွက်အသေးလေးတွေနဲ့ သောက်ပါတယ်၊

အဲဒီလို မနက်တစ်ကြိမ်သာ သောက်ပေမယ့် သူ့အထဲမှာ ကော်ဖီထည့်သောက်ရတိုင်း ကျနော့်စိတ်ထဲ ပုဂံကို ရောက်သွားရသလိုခံစားရ တယ်၊ တိတိပပ ဆစ်ပိုင်းပြောရရင် ပုဂံမှာမှ ရွှေစည်းခုံနဲ့ နန်းဘုရားကို ရောက်သွားရသလိုပဲ၊ စေတီပုထိုးပေါင်း ထောင်နဲ့ချီရှိတဲ့ ပုဂံမှာ သဲကျောက်နဲ့ တည်တာဆိုလို့ လေးဆူထဲရှိပါတယ်၊ အဲဒီအထဲမှာမှ အရောက်များကြတာ ရွှေစည်းခုံနဲ့နန်းဘုရားပါ၊ မနှိုင်းကောင်း မနှိုင်း အပ်ရာ နှိုင်းတာတော့ မဟုတ်ပါဘူး၊ သဲကျောက်နဲ့ လုပ်ထားခဲ့တဲ့ ခွက်ကလေးနဲ့ ကော်ဖီသောက်တိုင်းမှာ ဒီခွက်ကလေးက သဲကျောက်နဲ့ လုပ်ထားတာပါလား ဆိုတဲ့အသိက မိုင်ပေါင်းငါးထောင်ကျော်အဝေးက ချစ်သောပုဂံမြေရဲ့ သဲကျောက်ပုထိုးနှစ်ဆူကို သတိရစေပါတယ်၊ ကော်ဖီပူပူ တကျိုက်က ရင်ခေါင်းထဲမှာ နွေးကနဲ စီးဆင်းသွားတာနဲ့အတူ နှလုံးသားမှာလည်း ဆွတ်ပျံ့တမ်းတစိတ်တွေက နွေးထွေးလာ တတ်စမြဲပါပဲ၊

အဲဒီခွက်ကလေးက ဟိုတစ်နေ့ကတော့ တကယ်ပဲကွဲသွားခဲ့တယ်၊ ကျနော့်ကြောင့်တော့ မဟုတ်ပါဘူး၊ မအိမ်သူက ခွက်တွေထားတဲ့ ဘီဒို ကိုအဖွင့်မှာ သူ့လက်နဲ့တိုက်မိပြီး ကြမ်းပေါ်ကိုကျသွားခဲ့တယ်၊ ခွမ်းကနဲ အသံနဲ့အတူ ကျနော်အတော်လေး စိတ်မကောင်းဖြစ်သွားခဲ့တယ်၊ အတော်လေးလည်း နှမြောသွားမိတယ်၊ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ၊ ကွဲသွားခဲ့ပြီပဲ၊ မအိမ်သူလည်း အတော်လေး စိတ်မကောင်းဖြစ် သွားရှာတယ်၊ သူ ပြန်ရှာဝယ်ပေးပါ့မယ်လို့ ပြောတယ်၊ ကျနော် သူ့ကို စိတ်မဆိုးပါဘူး၊ သူဝယ်ပေးခဲ့တဲ့ ခွက်က သူ့ကြောင့်ပဲ ကွဲသွားခဲ့ရ တာ ဘာမှငြိုငြင်စရာ မရှိပါဘူး၊ ပြီးတော့ မတော်တဆဆိုတာ လူတိုင်းပဲ ဖြစ်တတ်ကြတယ်မဟုတ်လား၊ ခွက်အကွဲလေးကို ပြန်ဆက်ဖို့ တော့ ကျနော်စိတ်မကူးပါဘူး၊ သူ ကျနော့်ကို ကော်ဖီတွေအများကြီး ဆောင်ကြဉ်းလာခဲ့ပြီးပြီပဲ၊ အခု အနားယူပါစေတော့၊ တွေ့ကရာခွက် တစ်ခုနဲ့ ကော်ဖီထည့်သောက်လိုက်တိုင်း တရံတခါဆီက သဲကျောက်ခွက်ကလေးကို ကျနော်သတိရဆဲပါပဲ။ ။


IMG_4732a
Canon 450d, EF 100mm f/2.8 macro USM, 100mm, f/2.8, 1/60, iso100, bounce-flash


ညီလင်းသစ်
၂၁ စက်တင်ဘာ၊ ၂၀၀၉

11 comments:

Nge Naing said...

အဲလောက်အထိ အစွဲအလမ်း မထားပါနဲ့၊ စိတ်ပင်ပမ်းပါတယ်။ ပုံစံတူ ခွက်လေးတခွက် ထပ်ဝယ်လိုက်ဖို့ အကြံပြုပါတယ်။

Anonymous said...

အက်ဆေးလေးက ထိရှတယ်ကိုညီ။ ခွက်ကလေးကနေ အမိမြေကိုသယ်သွားတယ်။ ကျနော်တွေးမိတာတော့ ကွဲကွာသွားပြီး ပြန်မရတော့တဲ့ အကြောင်းအရာတွေ။ တစ်ချို့အရာတွေက ကျနော်တို့ လက်သင့်ခံဖို့ကိုဖြစ်လာတာပါကလား...

မေငြိမ်း said...

အင်းး ဟုတ်တယ်.. အမဆိုလည်း အဲဒီခွက်လေး ရွေးဖြစ်မှာဗျ..။ ပြီးတော့ ပြောရဦးမယ်.. ကိုယ့်ကိုယ်ကို ပုဂံနှံ့လှပြီထင်တာ.. သဲကျောက်နဲ့ တည်တဲ့ စေတီ လေးဆူဆိုတာ မသိဘူး။ အင်းး သဲကျောက်ဆိုတာကိုတောင် သိပ်မသိခဲ့ဘူး။ အမကတော့ ခွက်ကလေးကို ကြည့်တော့ စဥ့်လို့ ထင်မိတာ..

NangNyi said...

စိတ်မကောင်းဘူး.. အဲလိုတွေ.. နန်းညီသာဆို ငိုမှာပဲထင်တယ်.. ခွက်ဆိုတာ ခွက်ပဲဆိုပေမယ့်.. ကိုယ့်အတွက်တော့ ခွက်ဆိုတာထက် ပိုနေတာကိုး.. နော့

Phyo Evergreen said...

ခွက်က လေးပိုင်းတိတိကွဲသွားတာဘဲ..။ အတွေးမျှင်တော့တန်းသွားတယ်...။ ငယ်ငယ်က ဒီပန်းကန်နဲ့စားရမှ..၊ ဒီခွက်ကလေးနဲ့သောက်ရမှ ကျေနပ်သလိုမျိုးဖြစ်ဖူးတယ်..။

စိမ်း... said...

ပုံစံလေးက တော်တော်လေးရိုးတယ်နော်...
အင်း လူတိုင်းမှာ ကိုယ့်အကြောင်းတရားနဲ့ကိုယ်ပေါ့လေ... ပစ္စည်းသင်္ခါရ လူသင်္ခါရပေါ့ နော့....

ညီလင်းသစ် said...

ဟုတ်ကဲ့ မငယ်နိုင်...အဆင်ပြေရင်လည်း ဝယ်ရတာပေါ့ ဗျာ၊ စွဲတော့ မစွဲလမ်းပါဘူး၊ ဒီအကြောင်းလေး အမှတ်တရဖြစ်သွားအောင် ပို့စ်တစ်ပုဒ်ရေးတဲ့သဘော ပါပဲခင်ဗျာ...။

ဟုတ်တယ်ကိုဝိုင်တီယူရ.. တချို့အရာတွေက ကွဲသွား ပြီးတဲ့နောက် လက်သင့်ခံလိုက်ဖို့အပြင် အခြားမရှိနိုင် တော့ဘူးဗျ၊

အမမေငြိမ်းကတော့ ကိုယ့်ကိုယ်ကို နှိမ့်ချနေပြန်ပါပြီ :) ဒါကိုကျနော်သိနေတာကလည်း အလုပ်သဘောအရ မသိရင်မဖြစ်လို့ သိနေရတာပါ၊ လေးဆူမှာ အခုတော့ သုံးဆူပဲ ကျန်ပါတော့တယ်၊ အဲဒီတတိယတစ်ဆူက တော့ ကျောက်ကူးဥမင်ပါ၊

ဒီလိုပါပဲ နန်းညီရာ... ခံစားသူရဲ့ ရှုထောင့်သက်သက်ပဲ လို့ပြောရမှာပါပဲ၊

ဟုတ်တယ်ကိုဖြိုးရေ.. လေးပိုင်းတိတိပဲ :) ကလေးတွေ ကတော့ ဒါငါ့နေရာ၊ ဒါငါ့ပန်းကန် စတဲ့ ကိုယ့်ကိုယ်ကို ဗဟိုပြုမှုလေးတွေ ရှိတာပေါ့ဗျာ၊ သူတို့က လောကကို ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး လေ့လာသင်ယူကြတာကိုး၊

စိမ်း... အနိစ္စ သဘောတွေပါပဲဗျာ....နော၊

Dr. Yi Yi Win said...

ကော်ဖီခွက်လေး နှမြောစရာပဲနော်။ အခုမှ ကော်မန့် ရေးဖြစ်ပေမဲ့ ဖတ်ပြီးတာတော့ကြာပြီ။ ကော်ဖီခွက်လေးကွဲပြီးကတည်းက ပျောက်နေပါလား ကိုညီလင်းသစ်။ အလုပ်တွေပိနေတာများလား။

little brook said...

တစ်ဆူလုံးကိုတည်ထားတာတွေလား အကို .. ပြတင်းပေါက်ဘောင်တွေ တံခါးအောက်ခြေတွေ နောက် .. သပ်ပုံစံလေးတွေ အပေါ်အမိုးခုံးထဲ ထည့်ထားတာတွေပဲ တွေ့ခဲ့တာဗျ .. နောက်တခေါက်ဆို အဲ့ဘုရားတွေကို သွားဦးမယ် ...

ခွက်ကလေးအတွက်ကတော့ ၀မ်းနည်းစရာ ...

လင်းလက်ကြယ်စင် said...

အကိုညီလင်းသစ်ရိုက်တဲ့ ဓာတ်ပုံအားလုံး ကြိုက်တယ် :D

Maung Myo said...

လူဆိုတာလည်း ကိုယ်စွဲလမ်း နှစ်သက်မိရာလေးတွေကို သံယောဇဉ်ရှိတတ်ကြတာပဲနော့် ဖတ်လို့ကောင်းတယ် အစ်ကို ။