05 November 2010

စပျစ်ခင်းများထဲမှာ...


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆောင်းရာသီအချိန်ပြန်ပြောင်းပါတယ်၊ နာရီတွေကို အရှေ့တစ်နာရီ တိုးပြီး ပြန်ရွှေ့ရပြန်တယ်၊ ဒါ မတိုင်ခင်က ညနေဖက်အလုပ်ပြန်လာရင် အလင်းရောင်လေး နဲနဲရှိနေသေးတော့ တရွေ့ရွေ့နဲ့ဝင်လာတဲ့ ဆောင်းဦးက သိပ်ပြီး ပီပီပြင်ပြင်မဟုတ်သေးဘူးလို့ ထင်ရတယ်၊ အချိန်ပြောင်းပြီး နောက်နေ့ တနင်္လာနေ့ ညနေမှာတော့ အလုပ်က ပြန်ချိန်မှာ သေသေချာချာကို မှောင်နေပါပြီ၊ ပြီးတော့ တနေ့လုံး ကြွေနေတဲ့ သစ်ရွက်တွေရယ်၊ တချက်တချက် သုတ်ကနဲ တိုက်တတ်တဲ့ မြောက်ပြန်လေရယ် ပေါင်းလိုက်တော့ ဆောင်းရဲ့ရှေ့ပြေးရာသီဟာ တစ္ဆေတစ်ကောင်အလား အနားမှာ ဘွားကနဲ...၊

မနှစ်က ဒီလိုအချိန် မတိုင်ခင်လေးမှာ ကျနော်တို့ အပျော်စီးရထားလေးတစ်စင်း သွားစီးဖြစ်တဲ့အကြောင်း သတိရမိတယ်၊ သားက ကလေးတို့ထုံးစံ ရထားစီးချင်တယ် ပူဆာတော့ အဲဒီရထားကို စီးဖို့ဖြစ်လာခဲ့တယ်၊ ကျနော်တို့ အိမ်ကနေ မိနစ် ၂၀ လောက်သွားရတဲ့ ရွာကလေးမှာ သွားစီးရပါတယ်၊ Lavaux Express လို့အမည်ပေးထားတဲ့ ရထားလေးက Lavaux ဆိုတဲ့ စပျစ်ခင်းတွေကြားမှာ သွားတဲ့ရထားပါ၊ ရထားဆိုပေမယ့် တကယ်တော့ နောက်တွဲနှစ်တွဲ တပ်ထားတဲ့ ကားငယ် လေးပါပဲ၊ ရထားပုံစံလေးချိုးထားပြီး အပျော်စီးဖို့ လုပ်ထားတဲ့ ယာဉ်ပါ၊ ဆွစ်ဇာလန်မှာ အဲဒီလို ရထားပုံစံလုပ်ထားတဲ့ ကားလေးတွေ မြို့တော်တော်များများမှာ ရှိပါတယ်၊ ဒါပေမယ့် ဒီတစ်စင်း ကတော့ စပျစ်ခင်းတွေကြားထဲကို သွားတဲ့ရထားမို့ နဲနဲစိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ပြီးတော့ အဲဒီ Lavaux ဒေသက စပျစ်ခင်းတွေက Unesco ရဲ့ world heritage စာရင်းမှာပါလို့ သေသေချာချာ ထိန်းသိမ်းထားတဲ့ စပျစ်ခင်းတွေပါ၊ ရှုမျှော်ခင်းကောင်းတာ၊ စက်ရုံအလုပ်ရုံတွေရဲ့ အဝေးမှာရှိတာ၊ စပျစ်ကိုစနစ်တကျစိုက်ပျိုးတာ အစ,ရှိတာတွေကြောင့် နာမည်ကြီးဒေသပါပဲ၊ စပျစ်ကောင်းတယ်ဆိုတော့ ဝိုင်လည်းကောင်းတာပဲပေါ့၊ ဒေသခံတွေကတော့ သူတို့ရဲ့ စပျစ်တွေ ဟာ သုံးနေရ (နေရောင်သုံးမျိုးရ) စပျစ်လို့ တင်စားပြောကြတယ်၊ ကောင်းကင်က နေရယ်၊ ရေကန်ထဲက အလင်းပြန် လာတဲ့နေရယ်၊ စပျစ်ခင်းတွေကို အနားသတ်ထားတဲ့ အုတ်ရိုးတွေက ပြန်ထွက်လာတဲ့နေ (အပူ)ရယ် မျှတလို့ စပျစ် လည်းကောင်း၊ ဝိုင်လည်းကောင်းလို့ ဂုဏ်ယူကြတယ်၊ ဟုတ်ပါတယ်...အဲဒီက ဝိုင်က တကယ်ကောင်းပါတယ်..။


Photobucket
ဟိုးအောက်ခြေ ရေကန်စပ်နားက ရွာလေးကနေ ထွက်လာပြီးတော့ နာရီဝက်လောက်မောင်းတက်လာတော့ စပျစ်ခင်း ထဲကို ရောက်ပါတယ်၊



Photobucket
ရထားမထွက်မီ... ...၊



Photobucket
တောင်ကုန်းမှာ စိုက်ထားလို့ စပျစ်ခူးချိန်ကျတော့ လက်နဲ့ပဲခူးကြတာ များပါတယ်၊ တောင်စောင်းတွေမှာ စက်သီးနဲ့ ပုံးတွေကို ချိတ်ပြီး ခူးထားတဲ့စပျစ်တွေကို သယ်ကြလေ့ရှိပါတယ်၊



Photobucket
ဝိုင်နီဖောက်မယ့် စပျစ်နီရော ... ...



Photobucket
ဝိုင်ဖြူလုပ်မယ့် စပျစ်ဖြူပါ စိုက်ကြတယ်၊ ဒီဒေသမှာ စပျစ်ကို စ,စိုက်ကတည်းက ဝိုင်အတွက် ရည်ရွယ်ပြီး စိုက်ပါတယ်၊



Photobucket
ဟိုးခပ်လှမ်းလှမ်း ရေကန်အစွန်းနားကတော့ ကျနော်တို့နေတဲ့ Lausanne မြို့ပါပဲ၊



Photobucket
ကမ်းစပ် ရွာလေးကို ပြန်မဆင်းမီ ... ...၊



ညီလင်းသစ်
၎ နိုဝင်ဘာ၊ ၂၀၁၀

10 comments:

မေငြိမ်း said...

သြ.. သားချောကို ထုတ်ကြွားပြီပေါ့..။ သူ့အမေကို တော်တော် တူတယ်ထင်တယ်နော်..။ စကားတွေ ဖောင်လောင်တိုက် ပြောနေပြီပေါ့..။

MieMie said...

ခလေးလေး ရထားရှေ့ ထိုင်နေတဲ့ မျက်နှာလေးက ချစ်ဖို့ကောင်းသလို ရှုခင်းတွေကလည်း တအားကို လှတယ် ... စပျစ်သီးတွေခူးစားရရင် ကောင်းမယ်
( ၀ိုင်တော့ မသောက်တတ်လို့ )

mie nge

sonata-cantata said...

သားသား ကိုလူချောပုံတွေ လာကြည့်ပြီး အိမ်က သားနှစ်ယာက်ကို ရေချိုး သနပ်ခါးတွေ လိမ်းပေးပလိုက်တယ်...နည်းနည်းများပိုချောလာမလားလို့း)
ပုံကောင်းလေးတွေ ကြည့်ပြီး အိမ်ကလူကြီးကိုလည်း လှည့်ဆူရသေးတယ်...
သူများတွေရိုက်ထားတာကြည့်လို့...
မလေးရှားသွားခဲ့တာ ပုံတွေမကောင်းလို့ မတင်ရဘူးလေ...
း)

မောင်မျိုး said...

လှလိုက်တဲ့ မြို့လေး ရေပြင်ရဲ့ နဖူး နဲ့ တောင်ခြေကြားမှာ အပေါ်ဆုံးပုံလေးမှာကိုက လှနေတာ ။ ဒီဘလော့ကိုဖွင့်ပြီး ပုံတွေကြည့်နေတုန်း သားကို ချစ်စရာကောင်းလို့တဲ့ ရုံးက ထိုင်းအစ်မတွေက လာအုံကြည့်နေကြတယ်း)

Shinlay said...

Lavaux ဒေသက စပျစ်ခင်းတွေအကြောင်းလေ့လာသွားပါတယ်။
ကျမတို့ နေတဲ့နေရာမှာလည်းစပျစ်တွေစိုက်ကြတယ်။
ဝိုင် အကြောင်းတော့နားမလည်တော့ ကောင်းမကောင်း မသိပါဘူး။ စပျစ်သီးတွေသီးနေတဲ့အခါတော့ တော်တော်
လေး ကြည့်လို့ ကောင်းပါတယ်။
သားလေးနဲ့ မအိမ်သူကိုနှုတ်ဆက်ပါတယ်။

စူးနွယ်လေး said...

ရှုခင်းတွေကလှ သားလေးကလည်းလူချော

စပျစ်ခင်းတွေကြားလမ်းပဲလျှောက်ဖူးတယ် ရထားတော့မစီးဖူးဘူး

Nyi Linn Thit said...

အမမေငြိမ်း ...
မကြွားရပါဘူး အမရယ်...၊ ဒီရထားကို စီးဖြစ်အောင် ပူဆာတဲ့ ပုဂ္ဂိုလ်လေးကို အမှတ်တရဖြစ်သွားအောင် သက်သက်ပါပဲ :D စကားကတော့ တော်တော်များနေပြီ ဗျ...။

မMieMie ...
စပျစ်သီးထက် စပျစ်ရည်က ပိုကောင်းတာဗျ၊ အင်း... 12% အချဉ်ဖောက်ထားရင် ပိုတောင်ကောင်းသေး။ :)

မသီတာ ...
သနပ်ခါးအဖွေးသားနဲ့ သားတွေပုံ တင်ပါဗျို့...၊ :)လိမ္မာရေးခြားရှိပြီး ချစ်စရာကောင်းမယ့် ကလေးတွေ ဖြစ်မှာ အသေအချာပဲ၊ ဓါတ်ပုံတွေကတော့ ဒီလိုပါပဲ အမရာ...၊ ကောင်းတဲ့အခါလည်း ကောင်း၊ ပျက်တဲ့အခါ လည်း ပျက်နဲ့....။

မောင်မျိုး ...
မြို့လေးရဲ့တည်နေရာကို ညွှန်းတာကြိုက်သွားပြီ၊ ရေပြင်ရဲ့ “နဖူး” နဲ့ တောင်ရဲ့ “ခြေ” တဲ့၊ မိုက်တယ် :D

(မ)ရှင်လေး ...
စပျစ်သီးတွေက အပင်ပေါ်မှာလည်း လှသလို ကြိတ်ချေ ပြီး ပုလင်းထဲထည့်လိုက်လည်း လှတာပါပဲ၊ :D
နှုတ်ဆက်စကားကို ကမ်းလိုက်ပါပြီဗျာ...။

စူးနွယ်လေး ...
စပျစ်ခင်းတွေကြား လမ်းလျှောက်ပြီးရင် အနီးအနားက ဆိုင်လေးတစ်ဆိုင်မှာထိုင်ရင်း Sunset ကို ဝိုင်နဲ့မြည်းရ တာ အကောင်းဆုံးပါပဲ....အဟဲ။

Phyo Evergreen said...

အစ်ကို အဲဒီစပျစ်သီးတွေကစားလို့ကောရလား..။ ကျွန်တော်ကတော့ ၀ိုင်မသောက်တတ်လို့..တစ်ခါလားပဲ စမ်းသောက်ကြည့်ဖူးတယ်..။ အစ်ကို့သားက လူချောလေး..။

Nyi Linn Thit said...

ကိုဖြိုး ...
စားလို့လည်း ရပါတယ်၊ ဒါပေမယ့် ဝိုင်အတွက်ကို ဂရုတစိုက်နဲ့ သေချာစိုက်ပျိုးခဲ့လို့ စားဖို့သက်သက်ပဲ ရောင်းရင် သိပ်မြတ်မယ်လို့ မထင်ဘူး၊ ဒါ့ကြောင့် ဝိုင်ကို ဦးစားပေးလုပ်တဲ့ သဘောပါပဲ၊ ကျနော်တော့ နှစ်ချို့ဝိုင် တွေ ကြိုက်တယ်ဗျ...။ :)

ညိုလေးနေ said...

ချဉ်တယ် ... ချဉ်တယ် ...
ပုံတွေပဲ မြင်ရပြီး မကိုင်ရ မခူးရ မစားရမို့ ချဉ်တယ်လို့ မှတ်သွားတယ် အစ်ကို :P

အဲ ... သားကလေးကတော့ ချောတယ် ချောတယ်