09 December 2010

သွား


‘ကျေးဇူးပြု၍ ဘဲလ်တီးပြီးမှ ဝင်ခဲ့ပါ’ ဟုရေးထားသော စာတန်းလေးကို တချက်စိုက်ကြည့်ပြီး အောက်ဖက်က ဘဲလ်ခလုတ်လေးကို သူနှိပ်လိုက်သည်၊ ပြီးတော့ တဆက်တည်း တံခါးကို ဆွဲဖွင့်ပြီး ဝင်သွားလိုက်သည်၊ အထဲ မှာ ဘယ်သူမှ ရှိမနေ၊ နှစ်စက္ကန့်မျှ စောင့်ကြည့်ပြီး သူ့ကိုယ်ပေါ်က အနွေးထည်ပွပွကြီးကို ချွတ်လိုက်သည်၊ သူ့ဘယ်ဖက်ဘေးမှာ ကြီးမားသော အညိုရောင် သစ်သားဘီဒိုကြီးတစ်လုံးရှိသည်၊ သူမှတ်မိသလောက် ထိုဘီဒို ကြီးထဲမှာ အနွေးထည်များ ချိတ်လေ့ရှိသည်၊ ထို့ကြောင့် သူ့ကုတ်အင်္ကျီကိုထားဖို့ လက်လှမ်းလိုက်စဉ်မှာပဲ သူ့ ရှေ့တည့်တည့်စင်္ကြန်မှာ အဖြူရောင်ဝမ်းဆက်နှင့် အမျိုးသမီးတစ်ယောက် ပေါ်လာသည်၊ အသက် ၃၅ နှစ် ဝန်းကျင်ခန့် ဟု ထင်ရသောအမျိုးသမီးသည် အဖြူရောင်ဘောင်းဘီရှည်ပေါ်မှ အဖြူရောင်လက်တို ရှပ်အင်္ကျီ နှင့် လန်းဆန်း တက်ကြွလျက် ရှိသည်၊ သူမက အပြုံးမျက်နှာဖြင့်…

“ ဘွန်ရှူး…”

“ ဘွန်ရှူး..” ဟု သူကလည်း ပြန်နှုတ်ဆက်လိုက်သည်၊

တဆက်တည်းမှာ သူမက သူ့ထံမှ ကုတ်အင်္ကျီကို လှမ်းယူလိုက်ပြီး ဘီဒိုကြီးထဲမှာ ချိတ်လိုက်သည်၊ တဆက်ထဲ

“ နှစ်မိနစ်လောက်တော့ စောင့်ပါနော် ”ဟု ဆိုကာ သူ့ညာဖက်ရှိ waiting room ကို ညွှန်ပြသည်၊ သူက ခေါင်း ဆတ်ပြလိုက်ပြီး အခန်းလေးထဲသို့ ဝင်လာလိုက်သည်၊

စင်စစ် သူရောက်နေသော နေရာသည် သူနေသော နေရာမှ ၁၀ မိနစ်ခန့် သွားရသည့် သွားဆေးခန်း တစ်ခုဖြစ် လေသည်၊ အခန်းလေးထဲရှိ ခုံလေးခုံအနက်မှ တစ်ခုတွင်ဝင်ထိုင်ရင်း ဘယ်တုန်းက သူ ဒီကိုနောက်ဆုံးအကြိမ် လာခဲ့တာပါလိမ့်ဟု စဉ်းစားနေမိသည်၊ မနှစ်က မလာခဲ့တာတော့ သေချာသည်၊ ထို့ထက်ပို၍ သူမမှတ်မိ…၊ ဒီဆေးခန်းလေးကို သုံးလေးကြိမ်ထက်မနည်း သူရောက်ဖူးပါသည်၊ ဒါကလည်း မအိမ်သူက သူ့ကိုအတင်း တွန်းလွှတ်လိုက်၍ ဖြစ်သည်၊ ဒါ့အရင်ကတော့ သွားဆေးခန်းဆိုတာ သူနဲ့ သူစိမ်းပြင်ပြင်...၊ အထူးသဖြင့် ဒီနိုင်ငံမျိုးမှာ သွားနှင့် ပတ်သက်သည့် ကုန်ကျစရိတ်တွေကို ကိုယ့်ဟာကိုယ် ပေးကြရတာများသည်၊ ကျန်းမာရေး အာမခံထဲမပါ...၊ အခုလည်းမအိမ်သူကပင် သူမ သွားတွေကို လာစစ်တုန်း သူ့အတွက်ပါ ‘သွား’ ကျန်းမာရေး စစ်ဆေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်၊



သူချိန်းထားခဲ့သော အပွိုင့်မင့်န်သည် နေ့လယ် ၁ နာရီခွဲမှာ ဖြစ်သည်၊ သူ့လက်မှ နာရီကိုကြည့်လိုက်တော့ နေ့လယ် ၁ နာရီ ၂၉ မိနစ်တိတိဖြစ်သည်၊ သူ နောက်ကျမနေသည့်အတွက် စိတ်သက်သာရာ ရသွားသည်၊ သူ့ ရှေ့ရှိ စားပွဲပုလေးပေါ်မှ မဂ္ဂဇင်းများကို တချက်ဝေ့ကြည့်လိုက်ရင်း ပြုံးချင်ချင် ဖြစ်သွားသည်၊ အများစုက ဖက်ရှင်မဂ္ဂဇင်းများ ဖြစ်ကြသည်၊ ယခင်က ဒီလို စောင့်ဆိုင်းရသည့် နေရာတွေကို လာတိုင်း အခုလို ခင်းကျင်း ထားသည့် စာအုပ်တွေကို သူ အငမ်းမရ ဖတ်ချင်လေ့ရှိသည်၊ ဒါပေမယ့် ပြဿနာက ဘာမှဖတ်လို့မရ၊ တခုခုကို သူ သေသေချာချာ ဖတ်တော့မည်ဆိုလျင် သူ့အလှည့်ရောက်လာတော့သည်၊ တခါတုန်းကတော့ ဆောင်းပါး တစ်ပုဒ် ကိုဖတ်လို့ ကောင်းခန်းရောက်နေတုန်း သူစောင့်ဆိုင်းနေသူနှင့်တွေ့ရန် အလှည့်ကျလာသည်၊ သူ စိတ်ညစ်သွားသည်၊ သူ့နောက်ကလူကို ‘ခင်ဗျားအရင်သွားလိုက်ဗျာ’ ဟုပင် ပြောလိုက်ဖို့ သူစိတ်ကူးသေးသည်၊ နောက်မှ ဒီကိုလာတာ စာဖတ်ဖို့လာတာမှ မဟုတ်တာဟု ကိုယ့်ကိုယ်ကို ပြန်အားပေးရင်း လေးတိလေးကန်နှင့် သူ ထ,လိုက်သွား ခဲ့သည်၊ ထို့နောက်မှာတော့ အခုလို စောင့်ဆိုင်းခန်းတွေမှာ သူဘာမှ ဟုတ်တိပတ်တိ မဖတ် တော့၊ အခုလည်း ဓါတ်ပုံအသားပေးသော မဂ္ဂဇင်းတစ်ခုကို ကောက်ကိုင်ပြီး တစ်ရွက်လား၊ နှစ်ရွက်လားပဲ လှန်ရ သေး… ခုနက အဖြူရောင်ဝမ်းဆက်နှင့် ဆရာမလေးက သူ့ကိုလာခေါ်သည်၊ ဒီတစ်ခါတော့ ငါမခံရတော့ဘူး ဟူသောအပြုံးမျိုး ဖြင့် သူ ထ,လိုက်သွားလိုက်သည်၊



နောက်မှီကို လှန်ချလို့ရသည့် လူနာထိုင် ထိုင်ခုံပေါ်မှာ သူဝင်ထိုင်လိုက်ချိန်မှာ ဆရာမလေးက သူ့မှတ်တမ်းတွေ ကို ပြန်ဖတ်နေသည်၊ ထို့နောက်...

“ မတွေ့တာ ကြာပြီနော် ” ဟု ဆိုသည်၊ သူကလည်း ...

“ ဟုတ်တယ်ဗျာ၊ မနှစ်ကတော့ ကျနော်မလာဖြစ်တာ သေချာတယ်ဗျ ” ဟု အလိုက်သင့်ပြန်ပြောလိုက်သည်၊ ဆရာမလေးက ပြုံးလိုက်ရင်း...

“ ရှင် နောက်ဆုံးလာတာ ၂၀၀၇ ဒီဇင်ဘာလကပါ ” ဟုဆိုသည်၊ သူ အံ့သြသွားသည်၊ သို့သော်...

“ အင်း... ၂၀၀၈ တုန်းက ကျနော် တစ်ခေါက်လောက်တော့ လာခဲ့သေးသလားလို့ ” ဟု ပြောလိုက်သေးသည်၊ ဆရာမလေးက ...

“ ကျမတို့ဆီမှာရှိတဲ့ မှတ်တမ်းတွေအရတော့ ၂၀၀၇ က နောက်ဆုံးအကြိမ်ပါပဲ ”ဟု အခိုင်အမာ ပြန်ပြောသည်၊ သူ သိပ်မယုံချင်သော်လည်း တဖက်က မှတ်တမ်းမှတ်ရာနှင့်မို့ ငြိမ်နေလိုက်ရသည်၊ ဆရာမလေးက သူ့ဘေးကို လာရင်း လိုအပ်သည့် ကိရိယာတွေကို ပြင်ဆင်နေချိန်မှာ သူ တစ်ခု သတိရသွားသည်၊

“ ပုံမှန်ဆိုရင် ဆရာမတို့က ကျနော်တို့ဆီကို ၆ လတစ်ကြိမ်၊ ဒါမှမဟုတ် တစ်နှစ်တစ်ကြိမ် သွားလာစစ်ဖို့ သတိပေးစာ ပို့တယ် မဟုတ်လား ” ဟု ဆင်ခြေပေးလိုက်သည်၊ သဘောက ‘ကျနော့်ကို ခင်ဗျားတို့ကမှ သတိ မပေးတာ၊ ကျနော်ပုံမှန် လာမစစ်တာ ဘာမှ မဆန်းဘူး’ ဟု စောဒက တက်လိုက်ခြင်းပဲ ဖြစ်သည်၊ ဆရာမလေးက ပြုံးပြီး လေသံ အေးအေးလေးဖြင့် ...

“ ၂၀၀၈ ဒီဇင်ဘာလက ကျမတို့ ရှင့်ကို သတိပေးစာ ပို့ပါတယ်၊ ဒါပေမယ့် ရှင့်ဖက်က ဘာမှ အကြောင်းမပြန်လို့ ကျမတို့ရဲ့ ပေါ်လစီအရ ရှင့်ကို system ထဲကနေ ထုတ်လိုက်တာပါ၊ တခြားဆေးခန်း တစ်ခုခုကို ရှင်ပြောင်းသွား တာလည်း ဖြစ်နေနိုင်တယ်လေ...” ဟု ရှင်းပြသည်၊ သူ ဘာမှမပြောနိုင်တော့ဘဲ အသာပဲ ငြိမ်နေလိုက်ရသည်၊

“ အဲဒီတော့ရှင်... ရှင့်သွားတွေကို နောက်ဆုံး ဓါတ်မှန်ရိုက်ခဲ့တာက လွန်ခဲ့တဲ့ ၃ နှစ်ကဆိုတော့ အခုနောက်တခါ ဓါတ်မှန် ပြန်ရိုက်ဖို့ ကျမ အကြံပေးချင်တယ်၊ ၃ နှစ်အတွင်းမှာ အရာအများကြီး ပြောင်းလဲသွားနိုင်တယ်လေ ” ဟု သူမ,က ဆိုသည်၊ သူကတော့ ‘အင်း...ကောင်းသလိုသာ စီစဉ်ပါ တော့ ဗျာ’ ဟုသာ ဆိုနိုင်တော့သည်၊



ဆရာမလေးက သူ့ ညာဖက်ပါးမှတခါ၊ ဘယ်ဖက်ပါးမှတလှည့် ဓါတ်မှန်ရိုက်သည်၊ ဓါတ်မှန်ကို ကူးနေချိန်မှာ သူ့ကို ‘သွား’ သန့်ရှင်းရေးလုပ်ဖို့ ပြင်သည်၊ သူမက သွားဆရာဝန်တော့ မဟုတ်ပါ၊ Hygienist ဟုခေါ်သည့် သွားကျန်းမာရေး၊ သွားသန့်ရှင်းရေးတို့ကို အဓိက တာဝန်ယူရသူသာ ဖြစ်သည်၊ ဒီဆေးခန်းမှာ အခြား သွား ဆရာဝန်တစ်ယောက်လည်း ရှိသေးသည်၊ သူ့သွားတွေကို တိုက်ချွတ်၊ ဆေးကြောမှု scaling လုပ်ရန် စတီးလ် ချောင်းလို အရာကို တဖက်ကကိုင်ပြီး ပလတ်စတစ် တုတ်ချောင်းလိုအရာကို အခြားတဖက်ကကိုင်ကာ သူမက သူ့ခေါင်းရင်းဖက်မှာ ဝင်ထိုင်သည်၊ ပြီးတော့ သူထိုင်နေသည့် ထိုင်ခုံနောက်မှီကို နှိမ့်ချလိုက်သည်၊ တဆက်ထဲ ..

“ ၂၀၀၇ ဓါတ်မှန်ထဲမှာ အံဆုံးတွေ ကိစ္စပြောထားတာ ဘာမှ ဆက်မလုပ်ဖြစ်ဘူး ထင်တယ်နော် ”ဟု ဆိုသည်၊ ထိုအခါမှ သူလည်း သတိရတော့သည်၊ ကြည့်စမ်း… ဟုတ်သားပဲ၊ ထိုစဉ်က ဓါတ်မှန်ထဲမှာ သူ့အံဆုံးတွေကို တွေ့ရသည်၊ သူ့မှာ အံဆုံးလုံးဝမပေါက်ပါ၊ အသက် အစိတ်ကျော်လာခဲ့ချိန် သူငယ်ချင်းတွေက ‘မင်း အခုနေသာ အံဆုံးပေါက်လို့ကတော့ နာဖို့သာပြင်ထား’ဟု ဝိုင်းစေတနာ ထားကြသည်၊ သို့သော် ထိုအချိန်မှ နောက်ထပ် ၁၀ နှစ်သာ စွန်းလာသည်၊ အနှီအံဆုံးကား မပေါက်...၊ ယခုဓါတ်မှန်ထဲမှာတော့ လေးချောင်းစလုံးကို မြင်ရသည်၊ သွားဆရာဝန်က ဓါတ်မှန်ကိုကြည့်ပြီး အံဆုံးမပေါက်နိုင်တော့ကြောင်း၊ အခုလောလောဆယ်တော့ ဘာမှထူးခြား မှုမရှိသော်လည်း အကောင်းဆုံးမှာ ခွဲထုတ်လိုက်ဖို့ အကြံပေးချင်ကြောင်း ပြောခဲ့သည်၊ သူ နားမထောင်ခဲ့ပါ၊ ဘာမှနာကျင်မှုရှိမနေသောကြောင့် နောင်ခါလာနောင်ခါဈေးဟုပဲ သဘောထားခဲ့သည်၊ အခု ဒီကိစ္စကို မေးနေ ပြန်ပြီ၊

“ အေးဗျာ…အဲဒါကလည်း လုပ်မယ်၊ လုပ်မယ်နဲ့ပဲ…” ဟု ယောင်ဝါးဝါးပဲ ဖြေလိုက်ရသည်၊

Hygienist ဆရာမ ကတော့ သွားတွေကို သန့်ရှင်းရေး စ,လုပ်နေပြီ၊ လင်းထိန်နေသော မီးအုပ်ဆောင်းကြီး အောက်မှာ သူ့ ပါးစပ်ကို အစွမ်းကုန် ဟ,ထားပေးရင်း မျက်လုံးများကိုပဲ ပိတ်ထားလိုက်တော့သည်၊ သူ့စိတ်တွေ က သူတို့ ညီအစ်ကိုတွေ ငယ်ငယ်တုန်းက ငယ်သွားလဲချိန်ကို သတိရမိသွားသည်၊ အဲဒီတုန်းက ကလေးတို့ထုံးစံ ခပ်နဲ့နဲ့ ဖြစ်နေသည့် ရှေ့ သွားလေးကို လျှာနဲ့ထိုးထိုးနေဖြစ်တာ သူ သတိရသည်၊ မနေတတ်မထိုင်တတ် ခိုးလိုး ခုလု ဖြစ်နေပါသည်ဆိုမှ ထိုသွားကလေးကလည်း မကျိုးနိုင်၊ နောက်တော့ သူ့ကို ဘယ်သူက မြှောက်ပေးလိုက် သလဲမသိ၊ အိပ်နေတုန်း ကျိုးသွားရင် အဲဒီသွားက ဗိုက်ထဲကျသွားနိုင်သည်တဲ့၊ အမြန်ဆုံး နှုတ်ပစ်ရမတဲ့၊ နှုတ်နည်းက သွားမှာ အပ်ချည် ကြိုး သုံးလေးချောင်းပူးကိုချည်၊ ကျန်တဖက်ကို တံခါးလက်ကိုင်မှာ ချည်ပြီး တံခါးဆောင့်ပိတ်လိုက်ရုံပဲ-တဲ့၊ သူ နည်းနည်းမျက်လုံးပြူးသွားသော်လည်း စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်၊ တကယ်တမ်းမှာတော့ သွားနှင့်တံခါး ကြိုးတန်းလန်း ဖြစ်နေချိန်မှာ တံခါးကိုကိုင်ပြီး သူအကြာကြီး တွေဝေနေခဲ့ သည်၊ တခါးရွက်ကို သူနှင့်ဝေးရာသို့ တွန်းပစ်လိုက်ရမည့်အစား ဖြစ်နိုင်ခြေတွေပဲ သူစဉ်းစားနေခဲ့သည်၊ သူတို့ ပြောသလို သွားက ဆတ်ကနဲ ကျိုးသွားမှာလား၊ ဒါမှမဟုတ် အပ်ချည်ပဲ ပြတ်သွားမလား၊ ဒါမှမဟုတ် သွားလည်း မကျိုးခင် အပ်ချည်လည်းမပြတ်ခင် မသိစိတ်နဲ့ တခါးနောက်ကို ခြေတစ်လှမ်း ခုန်လိုက်သွားမိမလား၊ မိနစ်တွေ တော်တော်လွန်သွားပြီးချိန်မှာတော့ အပ်ချည်ကြိုးကိုပဲ သူပြန်ဖြုတ်ခဲ့ပါသည်၊ ခဏတဖြုတ်ဟု ဆိုသည့်တိုင် နာကျင်မှုကို သူ မလိုချင်ပါ၊ နောက်တော့လည်း သွားကလေးက လက်နှင့်တစ်ကြိမ်ထိစဉ်မှာ သူ့ဟာသူ အသာ လေး ကျိုးသွားခဲ့သည်၊

“ ပလုတ်ကျင်းလိုက်ပါဦး၊ ကျမ ရှင့်ရဲ့ဓါတ်မှန် သွားယူလိုက်ပါဦးမယ် ”...၊

ဆရာမလေးရဲ့ အသံကြောင့် တံခါးရွက်နောက်က သူ့စိတ်တွေ သွားဆေးခန်းထဲ ပြန်ရောက်လာကြသည်၊ ဘယ် ဖက်ဘေးမှာရှိသည့် ပလတ်စတစ်ခွက်လေးထဲမှ ခံတွင်းဆေးရည်အနီရောင်ဖြင့် ကြွေဇလုံလေးထဲ လေးငါးခါ ပလုတ်ကျင်းလိုက်သည်၊ ပါးစပ်ထဲမှာ ပူရှိန်းရှိန်းဖြင့် မွှေးပျံ့သွားသည်၊

“ အင်း..ရှင့်အတွက် သတင်းကောင်းပဲ၊ သွားတွေအားလုံး ကောင်းတယ်၊ ပိုးစားတာတို့ ပျက်စီးတာတို့ တခုမှ မရှိ ဘူး ...” ဟု ဆရာမက ဓါတ်မှန်စာရွက်ဖြင့် ပြန်ဝင်လာရင်း ပြောသည်၊

“ ဟာ..ကောင်းတာပေါ့၊ ဝမ်းသာစရာပဲ ” ဟု သူက ပြန်ပြောလိုက်သည်၊ သူ တကယ်လည်း ဝမ်းသာပါသည်၊ သွားတစ်ချောင်းကို ပြုပြင်လျှင် ကုန်ကျမည့်ပိုက်ဆံဖြင့် ဓါတ်ပုံဆိုင်ရာ ပစ္စည်းကောင်းကောင်းတစ်ခု အသာလေး ဝယ်နိုင်ပါသည်၊

“ အခု သွားတစ်ချောင်းနဲ့တစ်ချောင်းကြား အောက်ခြေအထိ သန့်ရှင်းအောင် ဒီ dental floss နိုင်လွန်ကြိုးလေးနဲ့ သန့်ရှင်းရေးလုပ်မယ် ”ဟု ပြောပြောဆိုဆို သူ့ကို အဖြူရောင်နိုင်လွန်ကြိုးလေးတစ်ခုပြသည်၊

သူ ပါးစပ်ဟ,ပေးရပြန်သည်၊ သွားတွေ တစ်ချောင်းချင်းကြား နိုင်လွန်ကြိုးလေးဖြင့် ဟိုဖက်ဒီဖက် ပွတ်ဆွဲကာ စိတ်ရှည်ရှည်ဖြင့် သန့်ရှင်းပေးနေသည့် ဆရာမလေးရှေ့မှာ သူ့ကိုယ်သူ မိကျောင်းတစ်ကောင်ဟုပင် ထင်မှတ် လာမိသည်၊ သူမ သန့်ရှင်းရေးလုပ်ဖို့ အစွမ်းကုန် ပါးစပ်ဟ,ထားပေးရသော သူ့အဖြစ်က မြစ်ချောင်းကမ်းပါးမှာ နေပူစာလှုံရင်း သွားကြားမှ ညပ်နေသည့်အစာကို ငှက်ကလေးတွေလာစားစေဖို့ ပါးစပ်ကြီးတွေဟ,ထားသော မိကျောင်းတွေနှင့် တူနေနိုင်ပါသည်၊ ဒါပေမယ့် ကိုယ့်ရဲ့ တကိုယ်ရေသန့်ရှင်းရေးကို အခြားသူတစ်ယောက်က လုပ်ပေးနေသောအဖြစ်က သူ့ကို အနည်းငယ် နေရထိုင်ရခက်စေသည်၊ သူ့ သွားတွေက တကယ်ပဲ ညစ်ပတ် နေတာလား၊ ဆရာမလေးက သူ ပလုတ်ကျင်းဖို့ ထိုင်ခုံပြန်မတ်ပေးလိုက်ချိန်မှာ သူ မေးလိုက်သည်၊

“ ကျနော်တို့ နေ့တိုင်းနေ့တိုင်း သေသေချာချာ သွားတိုက်တာတောင် အခုလို သန့်ရှင်းရေးမျိုး လုပ်ဖို့လိုသလား ”

“ ဘယ်လိုပဲ သွားတိုက်,တိုက် ကျမတို့တွေအားလုံး အခုလို သန့်ရှင်းရေးမျိုး အနည်းနဲ့အများ လိုအပ်ပါတယ်၊ အနည်းဆုံး တစ်နှစ်တစ်ခါလောက်ပဲ ဖြစ်ဖြစ်ပေါ့၊ ဒီလိုဆိုတော့ သန့်ရှင်းရေးလုပ်တာအပြင် တော်ရုံတန်ရုံ သတိ မမူဖြစ်တဲ့ သွားအပျက်အစီး၊ ပိုးပေါက် စ,တာတွေကိုလည်း တခါတည်း စစ်လို့ရတာပေါ့၊ ပြီးတော့ နေ့စဉ်ဘဝမှာ ညအိပ်ရာဝင် သွားတိုက်ပြီးတိုင်း အခု ကျမလုပ်သလို dental floss နဲ့ သွားကြားတွေကို သန့်ရှင်းရေး လုပ်ပေး နိုင်ရင် အကောင်းဆုံးပါပဲ ”ဟု သူမက ပြန်ဖြေသည်၊

ဒီကမ္ဘာကြီးမှာ အခုလို သန့်ရှင်းရေးလုပ်ဖို့လိုတာ သူတစ်ယောက်တည်း မဟုတ်သည့်အတွက် အတန်ငယ် စိတ် သက်သာရာ ရသွားသည်၊ ဆရာမလေးကတော့ တစ်နေ့တစ်နေ့ လူဘယ်နှစ်ယောက်လောက်များ အခုလိုလုပ် ပေးနေကျလဲမသိ...၊ ဘာမှ ထူးခြားဟန်မပြ၊ နောက်ဆုံးပိတ် သန့်ရှင်းရေးအတွက် ပြင်ဆင်နေသည်၊

“ ဒီ ဘရပ်ရှ်မှာ သွားတိုက်ဆေးလိုဟာမျိုး သုတ်ထားတယ်၊ အဲဒါနဲ့ ပေါလစ်ရှ်တိုက်မယ်၊ သွားတိုက်သလိုမျိုးပါပဲ၊ ဒါပြီးရင်တော့ ပြီးပါပြီ ”ဟု ဆိုသည်၊ သူကြည့်လိုက်တော့ လျှပ်စစ်သွားပွတ်တံလို ဟာမျိုးနှင့် ခပ်ဆင်ဆင်တူ သည့်ကိရိယာထိပ်မှာ ဘီးလိုလို ဘရပ်ရှ်လေး တပ်ထားတာ တွေ့ရသည်၊ အင်း...နောက်ဆုံးပိတ်ဆိုပဲ၊ ကဲ..ပါးစပ် ဟ,လိုက်ဦး မိကျောင်းရေ...၊

သွား ပေါလစ်ရှ်တိုက်ခြင်းသည် စက်သံ တဂျစ်ဂျစ်နှင့်အနည်းငယ် ဆူညံသည်မှအပ နာကျင်မှုမရှိပါ၊ တပြိုင်နက် တည်းမှာ သင်းပျံ့ပျံ့ ပူရှိန်းရှိန်း ရနံ့တမျိုး သူ့ပါးစပ်ထဲမှာ ခံစားရသည်၊ သူ မျက်စိကိုမှိတ်လိုက်ရင်း ပဒေသရာဇ် ခေတ် သက်ဦးဆံပိုင် ဘုရင်တွေကို မဆီမဆိုင် သတိရမိသွား ပြန်သည်၊ သူတို့တွေကော သွားကိစ္စပေါ်ရင် ဘယ် လိုလုပ်ခဲ့ကြသလဲ၊ ခပ်ဝေးဝေးက အနော်ရထာတို့၊ ဘုရင့်နောင်တို့တော့ ထားလိုက်ပါတော့၊ ကုန်းဘောင်ခေတ် ဘုရင်တွေဆို ဘယ်လိုများ ဖြေရှင်းကြပါလိမ့်၊ ဆိုကြပါစို့ မင်းတုန်းနဲ့သီပေါ...၊ ဒီဘုရင်တွေ လက်ထက်မှာ နန်း တော်ထဲအထိ နိုင်ငံခြားသား ပညာရှင်တွေ ရောက်နေခဲ့ကြပြီ၊ သူတို့အထဲမှာ သွားဆရာဝန် တစ်ယောက်တလေ များ ပါခဲ့သလား၊ ဒါမှမဟုတ် သွားဆရာဝန်က ဘိုးဘေးစဉ်ဆက် နန်းတွင်းသုံး သမားတော်တွေလား၊ နိုင်ငံခြား သားဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် ဘုရင့်ကို သွားနှုတ်ပေးရမည့်အရေးသည် ကျားမြီးဆွဲတာထက် အဆပေါင်းများစွာ ဆိုးနိုင်ပါသည်၊ စိတ်မထင်လျှင် လက်ငင်းအနေနှင့် သန်လျက်က ချက်ချင်းရောက်လာနိုင်သလို ကိစ္စပြီးမှ ထိပ်တုံးနှင့်လည်း နှစ်ပါးသွားရနိုင်သည်၊ ထို့အပြင် မြန်မာဘုရင်တွေ ကွမ်းစားလေ့ရှိတာ သူသိပါသည်၊ ဒီလိုဆို သွားတွေလည်း ကွမ်းချိုးတွေ တက်နေလေ့ရှိမှာပေါ့၊ ဘုရင်တွေတော့ dental floss သုံးလိမ့်မည် မထင်ပါ၊ ဖြတ် ကနဲ ပေါ်လာသော အတွေးတွေကြား စဉ်းစားကြည့်သလောက်တော့ ဘုရင့်ရဲ့သွားဆရာဝန်အကြောင်း မကြား ဖူးပါ၊ သူ ဗဟုသုတ နည်းတာလည်း ဖြစ်နိုင်ပါသည်၊

ထိုစဉ်မှာပဲ စက်သံတဂျစ်ဂျစ်က တိကနဲ ရပ်သွားသည်၊ တပြိုင်တည်းလိုလိုပင် ဆရာမလေးက ...

“ ကဲ..အားလုံး ပြီးပါပြီရှင်၊ ပလုတ်ကျင်းပြီးရင် ရပါပြီ ”...ဟု ဆိုသည်၊

အခန်းလေးထဲက သူ ထွက်လာတော့ သူမ,က တံခါးဝအထိ လိုက်ပို့ရင်း ဘီဒိုထဲမှ ကုတ်အင်္ကျီကို သူ့အား ကမ်း ပေးသည်၊ သူက လှမ်းယူလိုက်ရင်း ... ...

“ အခုဆိုရင်တော့ ကျနော့်နာမည်က ဆရာမတို့ရဲ့ system ထဲကို ပြန်ရောက်သွားပြီ ထင်တယ်နော် ” ဟုပြော လိုက်သည်၊

သူ ဘာဆိုလိုသည်ကို ချက်ချင်းရိပ်မိသော သူမ,က ...

“ ဟင်း ဟင်း.. သိပ်သေချာတာပေါ့၊ အချိန်ကျတဲ့အခါ ရှင့်ဆီကို သတိပေးစာ ရောက်လာပါလိမ့်မယ် ” ဟု ရယ်မောရင်း ပြန်ဖြေသည်၊ ထို့နောက် ...

“ ကောင်းသော နေ့လယ်ခင်းပါရှင်၊ အော်ခ်ဗွား ” ဟု နှုတ်ဆက်သည်၊

သူလည်း ပြန်လည်နှုတ်ဆက်ရင်း လှည့်ထွက်လာသည့်အခါ တီဗီမှာ ပြတတ်သည့် သွားတိုက်ဆေး ကြော်ငြာ တွေ မျက်စိထဲ သွားမြင်လေသည်၊ အခု သူပြုံးလိုက်ရင် သူ့သွားတွေလည်း ဒီလိုပဲ ဖိတ်ဖိတ်တောက် ဖြူလက်နေ မှာလား မသိ၊ စွယ်သွားလေးပေါ်မှာ ကြယ်ပွင့်အလင်းတန်းကလေး ဖြတ်ကနဲပေါ်ကာ ချွင်ကနဲပင် အသံမြည်ချင် မြည်သွားပေဦးမည်၊ ဒါပေမယ့် လောလောဆယ်တော့ သူ့ပါးစပ်က ညောင်းညာနေပြီး သွားတွေက နာကျင် နေလေသည်။ ။


ညီလင်းသစ်
၉ ဒီဇင်ဘာ၊ ၂၀၁၀

6 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

သွားဆေးခန်း သွားတာကို စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားတဲ့ အက်ဆေးလေး။

ဖတ်ပြီး ပြုံးမိတယ်။ :)))

'သွား' သန့်ရှင်းရေးကတော့ နေ့စဉ် လိုအပ်မှု့ တခုပဲ။

နန္ဒာ့အနေနဲ့ အခုချိန်ထိ သွားဒုက္ခ မပေးသေးတာတော့ ကံကောင်းခြင်းတခုပဲ။ သွားကျန်းမာရေးအတွက် ၄လတကြိမ် စစ်ဆေးပြီး သွားတွေကို တိုက်ချွတ်၊ ဆေးကြောမှု scaling တော့ ၄လတကြိမ် ပုံမှန်လုပ်ဖြစ်တယ်။ နေ့စဉ်တော့ သွားကို ၃ကြိမ်တိုက်ဖြစ်ပြီး Listerine နဲ့ ခံတွင်းသန့်အောင် အမြဲ ဂရုတစိုက် လုပ်ဖြစ်တယ်။ Dental floss နဲ့ သန့်ရှင်းရေးတော့ တပါတ် တကြိမ်လောက်ပဲ။

သွားဆိုတာလဲ ပုံမှာန်ဂရုတစိုက် သန့်ရှင်းပေးခါမှာ တော်ကာကျတာမျိုးနော်။

ကိုညီလင်းသစ်၊ မအိမ်သူနဲ့ သားငယ်ကို "မင်္ဂလာ Sweet December" လို့ နှုတ်ခွန်းဆက်ပါတယ်။

Warm Greeting from England!!


ခင်မင်လေးစားလျှက်

နန္ဒာ

sonata-cantata said...

သားငယ်ရေစင် ဓာတ်ပုံထဲက သွားကျဲလေးတွေ မြင်ပြီး ဒီပို့စ်ရေးတာတော့ မဟုတ်လောက်ပါဘူးနော်းP
(တိုက်ဆိုင်လို့ နောက်တာပါ။)

Shinlay said...

ကျမလည်းသွားဆရာဝန်ဆီမရောက်တာာကြာပါပြီ။

မောင်မျိုး said...

ကျနော်လည်းသွားမကောင်းဘူးဗျ တလောကတောင် သွား သွားနှုတ်လိုက်ရသေးတယ် ။ ဆရာဝန်က အသက်ငယ်သေးတယ် နှုတ်ရမှာ နှမြောစရာကြီးလို့ ပြောတော့ သွားဖာမလား ၅ ခေါက်လောက်တော့ လာရမယ် ဈေးကဘယ်လောက်လဲဆိုတော့ ဘတ် 10000 တဲ့ ဟဟား ။ နေပါစေတော့ နှုတ်မယ်လို့သာပြောလိုက်တော့တယ်း) ညီ့တုန်းကတော့ အာတွေညောင်းပြီး ဆန်ပြုတ်ပဲစားရတာ ၃ ရက်တောင် မခံသာဘူး .။ သက်သာပါစေ အစ်ကို ။

Phyo Evergreen said...

သွားတချောင်းရဲ့တန်ဖိုးကတော့ တကယ်ခံစားရမှသိတာဗျ..။ ကျွန်တော့်မှာတော့ ငယ်သွားတွေကျန်သေးတုန်း.. အဟဲ။ ပို့တင်ကတည်းကဖတ်ပြီးတာ အခုမှမန့်ဖြစ်တယ်..။ ဒီဇင်ဘာကလည်း ကုန်တာသိပ်မြန်နေသလိုဘဲ...။ အဲဒီမှာ နှင်းတွေအရမ်းကျနေသေးလား...။ *Merry Christmas* ပါအစ်ကို..။

linn said...

ဒီမလာခင်တုန်းက ရန်ကုန်မှာ အံဆုံးတချောင်း ကောင်းကောင်းမထွက်လို့ ခွဲခဲ့ရသေးတယ် .. ဒီပို့စ် ဖတ်တော့မှဘဲ ကိုယ့်ဖာကိုယ်တောင် အံဆုံးတွေ အကုန်ထွက်မထွက်တောင် စဉ်းစားမိတော့တယ် ...ဖာခဲ့တဲ့ သွားတချောင်းကလည်း ဆရာဝန်အဖာလွန်သွားလို့ ဒီရောက်ရောက်ချင်း ပြန်လုပ်လိုက်ရတယ် (ရုခနဲ ) ဆေးအာမခံကလည်းမရှိသေးတော့ ငွေ ၅၀၀ ကုန်သွားတယ် .. ခုတောင် သွားဆေးခန်း ကို အလကားနီးပါး ရလို့တောင် မသွားဖြစ်သေးတာ ၃ နှစ်လောက်ရှိတော့မယ် သွားရမှာထက် ဆေးခန်းမှာ အကြာကြီး စောင့်ရမှာပျင်းလွန်းလို့ .. ခလေးအတွက် သွားဖိုးက ခုထိတော့ ငွေမကုန်သေးဘူး နောက်သိပ်မကြာခင်တော့ ကုန်ရတော့မယ် ထင်တယ် .. သွား လုပ်ရတာရယ် အိပ်ဖို့ မွေ့ယာ ၀ယ်ရတာရယ် ကတော့ အတူတူဘဲ တခါတခါ ဆို နင့်နေအောင် ကုန်ဖို့ဘဲရှိတယ် ...


mie nge