08 May 2011

စာမေးပွဲများ


ဘဝတလျှောက် ဖြေဆိုခဲ့ရသော စာမေးပွဲများအကြောင်း တလောဆီက ဘာရယ်မဟုတ် ပြန်တွေးနေမိသည်၊ ဟိုးငယ်စဉ် ကလေးဘဝ ကတည်းက တောက်လျှောက်မနားတမ်း ဖြေခဲ့ရသော စာမေးပွဲများက အတော်ပင်များပြားပါသည်၊ ပထမအစမ်း၊ ဒုတိယအစမ်း စာမေးပွဲ၊ အတန်းတင် စာမေးပွဲ၊ လပတ် အရည်အချင်းစစ် စာမေးပွဲ၊ အလွတ်သဘော စာမေးပွဲ၊ အမှတ်ပေး ကျူတိုရီယယ်လ် စာမေးပွဲ၊ လက်တွေ့စာမေးပွဲ...၊ ခေါင်းစဉ်အမျိုးမျိုး အောက်မှာ ကျနော်တို့ ဖြေဆိုခဲ့ရသော စာမေးပွဲများ မည်၍မည်မျှ ရှိခဲ့မည်မှန်း မသိနိုင်ပါ၊

စာမေးပွဲ အရေအတွက်ကို မမှတ်မိပေမယ့် စာမေးပွဲများ၏ လွှမ်းမိုး၊ အရေးပါမှုများကို အခုပြန်စဉ်းစားတော့ ရေးတေးတေး မှတ်မိနေသည်၊ ယေဘုယျအားဖြင့် ကျနော် ဖြတ်သန်းခဲ့ရသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း စာမေးပွဲများက ဒီစာကျက်၊ ဒီစာမေး၊ ဒီစာဖြေ စနစ်ဖြင့် ပုံမှန်သွားနေသည့် စာမေးပွဲများ ဖြစ်သည်၊ ကျနော် လေးတန်းနှစ်က အင်မတန်မှ အရိုက်ကြမ်းသော ဆရာတစ်ယောက်၏ အခန်းမှာ တက်ရပါသည်၊ အတန်းထဲမှာ ဆရာရိုက်တာ မခံရဖူးသူ မရှိ၊ တော်သူက နည်းနည်းအရိုက်ခံရပြီး ညံ့သူက များများအရိုက်ခံရတာပဲ ကွာမည်၊ သို့သော် ဆရာက စာသင်ကောင်းသူ တစ်ယောက် ဖြစ်ပြီး သူ့အတန်းမှာ ကျောင်းသား မိဘတိုင်းက ကျောင်းအပ်ချင်ကြသည်၊ အဲဒီတုန်းက လေးတန်းက မြို့နယ်စစ်ဖြစ်၍ မေးခွန်းခက်သည်ဟု သတင်းကြီးသည်၊ ဆရာ့အခန်းမှာ နှစ်စဉ်လိုပင် တန်းလုံးကျွတ် အောင်တတ်ကြသည့် အတွက် ဆရာက နာမည်ကြီးခြင်း ဖြစ်သည်၊ ကျနော်၏ အခြေခံပညာ သင်ကြားမှု တလျှောက်မှာ ကျန်သည့် ဆရာများက သူ့လောက် မရိုက်ကြပေမယ့် စာမေးပွဲတိုင်းကို ကျနော် လေးနက်စွာဖြင့် ဖြေခဲ့သည်ချည်း ဖြစ်ပါသည်၊

တက္ကသိုလ်မှာတော့ နည်းနည်းကွဲ သွားသည်ဟု ဆိုရမည် ထင်သည်၊ ဒါကိုသင်၊ ဒါကိုမေးပေမယ့် ဒါမရလို့ ဟိုဟာဖြေသည့် အဖြစ်တွေက ရှိလာခဲ့သည်၊ ပတ်ဝန်းကျင်မှာ တရံမလပ် ကြားနေခဲ့ရသလို တခါမှာတော့ ကိုယ်တိုင်လည်း မှတ်မှတ်ရရ အဲဒီလို တလွဲဖြေခဲ့ဖူးသည်၊ တက္ကသိုလ် ဒုတိယနှစ်လား၊ တတိယနှစ်လား ကောင်းစွာ မမှတ်မိတော့သည့် အတန်းတင် စာမေးပွဲတစ်ခုမှာ ဖြစ်သည်၊ မေးခွန်းကို ကြည့်ပြီး ကိုယ်ရတာက တစ်ပုဒ်၊ နှစ်ပုဒ်ပဲ ရှိမှန်း သိလိုက်သည်၊ အဲဒီရတာကို ဖြေပြီးသည့်နောက် ဘာဆက်လုပ်ရမှန်း မသိသဖြင့် ခဏထိုင်နေမိသည်၊ နားထဲမှာတော့ စာသင်ခန်းထဲမှာ ဆရာမ တချိန်လုံး ပြောနေခဲ့သည့် မရလည်း ဒီအတိုင်း ထိုင်မနေနဲ့၊ မေးခွန်းနဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ခေါင်းထဲရှိတာ ချရေး၊ နောက်ဆုံး ဒီဘာသာရပ် မဟုတ်သည့်တိုင် တခြားဘာသာရပ်က စာပဲရလည်း ရေးသာရေး၊ အဖြေလွှာပေါ်မှာ စာရှိနေဖို့က အရေးကြီးတယ် ဆိုသည့် စကားကိုပဲ ကြားနေခဲ့သည်၊ ဒီလို စကားတွေကို ပြောနေချိန်မှာ စိတ်မသက်မသာ ဖြစ်နေသည့် ဆရာမ၏ မျက်နှာကို ကျနော်ရိပ်မိ ခံစားနေခဲ့ရပါသည်၊ နောက်ဆုံးတော့ အများနည်းတူ မိုးခါးရေတခွက်နှင့် ကျနော်စာမေးပွဲ ဆက်ဖြေ ခဲ့သည်၊ ငါးမန်းတစ်ကောင်၏ အာရုံခံစနစ်အကြောင်း မေးထားသည့် မေးခွန်းနံပါတ်ကို ကောက်တပ်ပြီး ကိုယ့်ခေါင်းထဲမှာ ရှိနေသည့် ဖား၏အစာခြေစနစ်အကြောင်းကို ချရေးနေသည့် တလျှောက်လုံးမှာ ရနေသည့် စိတ်ခံစားမှုကို ယခုတိုင် ကျနော်မှတ်မိနေပါသည်၊ ကြီးမား လေးလံလှသည့် အလွဲကြီးတစ်ခုကို ခေါင်းပေါ်မှာ ရွက်ထားရသည့် လေးပင်ထိုင်းမှိုင်းမှုနှင့်အတူ ရှက်ရွံ့အားနာနေသည့် ခံစားမှုများ...၊

တကယ်တမ်း ဆိုရလျှင် စာမေးပွဲများကို ကျနော် သဘောကျလေ့ ရှိပါသည်၊ ငယ်စဉ်ကတည်းက စာမေးပွဲနီးလာလျှင် အမြဲပျော်နေလေ့ ရှိသည်၊ စာမေးပွဲ ဖြေရမှာ ပျော်သည့်ကျနော့်ကို အချို့သူငယ်ချင်းများက နားမလည်နိုင်ကြ၊ စာမေးပွဲ မြန်မြန်ရောက်စေချင်သည်ဟု ပြောမိသည့်အခါ ကျနော့်ကို ဝိုင်းပြီး ကောင်းချီးပေးသံများ ကြားရတတ်သည်၊ စာမေးပွဲ မေးခွန်းမှာ ဘာတွေကိုများ မေးမှာပါလိမ့်ဟု သိချင်စိတ်တခုက ကျနော့်ကို အမြဲတမ်း စိတ်လှုပ်ရှားစေလေ့ ရှိပါသည်၊ များများသိချင်လေလေ များများပျော်ပြီး စိတ်လှုပ်ရှားလေလေ ဖြစ်သည်၊ ခြွင်းချက် တစ်ခုတော့ရှိသည်၊ စာမေးပွဲမေးခွန်းက ဘာပါလိမ့်ဟု သိလိုစိတ် ပြင်းပြသော ကျောင်းသားတစ်ယောက်မှာ ထိုမေးခွန်းတွေကို ပြန်လည်ဖြေနိုင်သော အဖြေတော့ ရှိထားဖို့ လိုပါလိမ့်မည်၊ အင်မတန် တော်သော ကျောင်းသားစာရင်းမှာ ကျနော် မပါသလို ညံ့သောစာရင်းမှာလည်း မပါ,ပါ၊ ကျနော့်ကို စာရင်းတခုထဲမှာ မဖြစ်မနေထည့်ဖို့ တစုံတယောက်က တိုက်တွန်းမည် ဆိုလျှင်တော့ ဥာဏ်ကောင်းသည့် ကျောင်းသားစာရင်းမှာ ထည့်နိုင်ပါသည်၊ ထိုအကျိုးဆက်က စာမေးပွဲအတွက် ပြင်ဆင်ရာမှာ များစွာအထောက်အကူ ဖြစ်စေသည်၊ ကျနော်စာကျက်ရာမှာ အချက်အလက် ဖြင့်သော်လည်းကောင်း၊ ဖြစ်စဉ်ပြအားဖြင့် သော်လည်းကောင်း၊ ကြောင်းကျိုး ဆက်စပ်မှု ဖြင့်သော်လည်းကောင်း၊ နှိုင်းယှဉ်ခြင်းဖြင့် သော်လည်းကောင်း၊ အကြိမ်များစွာ ရွတ်ဖတ်ခြင်း ဖြင့်သော်လည်းကောင်း တနည်းနည်းဖြင့် မှတ်နိုင်ဖို့ ကြိုးစားပါသည်၊ များသောအားဖြင့် အချိန်တိုအတွင်းမှာ စာတစ်ပုဒ်ကို ဘယ်လိုမှတ်ရမလဲဆိုတာ ကံကောင်းစွာဖြင့် တွေ့သွားတတ်လေ့ ရှိသောအခါ စာမေးပွဲများက ကျနော့်အတွက် စောင့်ကြိုစရာ ဖြစ်လာခဲ့တော့သည်၊ စာမေးပွဲတွေကို စိန်ခေါ်ပွဲတွေအဖြစ် ကျနော်ဆက်ပြီး စောင့်မျှော်ရင်ခုန် ခဲ့ပါသည်၊

အသက်အရွယ် အပိုင်းအခြား တစ်ခုကိုရောက်မှ ပြန်လည်ဆန်းစစ်တော့ စာမေးပွဲတွေအပေါ် ကျနော်၏ စောင့်မျှော်မှုမှာ တက္ကသိုလ် တက်နေစဉ်အတွင်း တစစဖြင့် မှိန်ဝါး၊ ကျဆင်းလာခဲ့ကြောင်း တွေ့ရသည်၊ မကွယ်မဝှက် ဆိုရလျှင် တက္ကသိုလ် စာသင်နှစ်များကို ကျနော် မပျော်ပိုက်ခဲ့တာ သေချာပါသည်၊ တက္ကသီလာ မြကျွန်းသာအဖြစ် ကျနော်ခြေချ မိသည့် ပထမဆုံး နေရာက လှိုင်တက္ကသိုလ်၊ အာရ်စီတူးမှာ ဖြစ်သည်၊ ကျောင်းကို သွားသည့် ပထမဆုံးနေ့ ခံစားချက်ကို မှတ်မိနေသေးသည်၊ ကျောင်းသားသစ်တို့ ထုံးစံ ကျောင်းဝင်းထဲမှာ မဝံ့မရဲဖြင့် စမ်းတဝါးဝါး၊ တစ်ဦးတည်း သွားနေခဲ့ရသည်၊ ကျနော်တို့ ဆယ်တန်းဖြေသည့် အချိန်က စာမေးပွဲမှာ ဘာသာရပ်တခုခု ကောင်းကောင်း မရလျှင် အဖြေလွှာကို ခြစ်ချ ပစ်တာမျိုး၊ ဆက်မဖြေတာမျိုး လုပ်ကြသည့် ဓလေ့ရှိခဲ့သည်၊ သဘောက မစို့မပို့ အမှတ်လေးနှင့် အောင်ပြီး တက္ကသိုလ်မှာ မကောင်းသည့်မေဂျာဖြင့် တလျှောက်လုံး တက်ရမည့်အစား အခုလိုခြစ်ချပြီး နောက်တစ်နှစ်မှ အမှတ်ကောင်းကောင်းဖြင့် အောင်,အောင်လုပ်ပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ် တစ်ခုကို သွားမည့် သဘောပဲဖြစ်သည်၊ ကျနော့်သူငယ်ချင်းတွေထဲမှာ အချို့က အဆိုပါ ကာမီကာဇေ စိတ်ဓါတ်ဖြင့် ခြစ်ချကျန်ခဲ့သလို အချို့ကလည်း အလိုမတူဘဲ ကျကျန်ခဲ့သည်၊ သည်လိုနှင့် ကျောင်းအသီးသီးက အဖွဲ့လိုက် ရောက်လာကြသည့် တက္ကသိုလ်ကို ကျနော်တစ်ယောက်ထဲ ရောက်လာခဲ့ရခြင်း ဖြစ်သည်၊

မပျော်ပိုက်သည့်အတူ ဒုတိယနှစ်မှစပြီး အဝေးသင်တက္ကသိုလ်ပဲ ဆက်တက်ဖြစ်ခဲ့တော့သည်၊ သည်လိုနှင့် နှစ်ပတ်မှ တခါ စနေ၊ တနင်္ဂနွေပဲ တက်ရသည့် အဝေးသင်တက္ကသိုလ်က တကယ်ပဲ ဝေး,ဝေးလာခဲ့ပြီး အဲဒီမှာ ဖြေရသည့် စာမေးပွဲတွေရဲ့ တန်ဖိုးကလည်း ကျနော့်အတွက် ယုတ်လျော့၊ ကျဆင်းလာခဲ့သည်၊ တဖက်မှာလည်း လုပ်ငန်းခွင် ဝင်နေပြီဆိုတော့ တကယ့်လက်တွေ့ဘဝမှာ ရင်ဆိုင်နေရသည့် စာမေးပွဲ တွေကိုပဲ ဖြေနိုင်အောင် ပိုပြီးကြိုးစားချင်တော့သည်၊ ဗိုလ်တစ်ထောင် တက္ကသိုလ်သည် သူ့အတိုင်းအတာနှင့်သူ ပျော်မွေ့ဖွယ်ရာ မြကျွန်းသာ ဖြစ်နိုင်သော်လည်း ကျနော့်အတွက် ချိုမြိန်သော တက္ကသီလာ နေ့ရက်များကို ဆောင်ကြဉ်းမပေးနိုင်ပါ၊ ကိုယ်သင်နေသည့် စာများ၏ လေးနက်မှု၊ အသုံးဝင်မှုကို မတွေ့ရတော့သည့်အခါ ထိုစနေ၊ တနင်္ဂနွေ စာသင်ရက်တို့ မြန်မြန်ပဲ ကုန်ဆုံးသွားပါစေဟုသာ ဆုတောင်း မိတော့သည်၊ ကျော်ဖြတ်သွားသည့် စာသင်ရက်တို့၏ နောက်က စာမေးပွဲ တွေကိုလည်း 'ဝတ္တရား' ဆိုတာထက် ပိုပြီး မမြင်နိုင်တော့...၊ ဒါသင်မယ်၊ ဒါပဲမေးမယ်၊ မရရင်လည်း ဟိုဟာဖြေလို့ ရတယ် ဆိုသည့် မိုးခါးရေတွေကိုပဲ ဆေးမကြိုက်ပေမယ့် မြန်မြန်နေကောင်းချင်သည့် လူမမာ တစ်ယောက်လို ကြိတ်မှိတ်သောက်ခဲ့ မိတော့သည်၊ ကိုယ်လည်း ဘယ်တော့မှ သုံးမှာမဟုတ်တဲ့ ဘာသာရပ် တခုကို စိတ်မပါဘဲ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး ဘာ့ကြောင့်စာမေးပွဲတွေ ဆက်ဖြေနေခဲ့သလဲ ဆိုသည့် မေးခွန်းအတွက်တော့ ကျနော့်မှာ ဒီတသက် အဖြေရှိနိုင်မည် မထင်ပါ၊

ဘဝမှာ မှတ်မိနေသော စာမေးပွဲတစ်ခုကို ပြောပါဆိုလျှင်တော့ ဂျီတီအိုင် ဝင်ခွင့်စာမေးပွဲကို ကျနော် ချက်ချင်းသတိရမိမည် ထင်သည်၊ အကြောင်းကတော့ ဘဝတလျှောက်မှာ တကြိမ်တည်း ကျရှုံးခဲ့ဖူးသော စာမေးပွဲ ဖြစ်သောကြောင့်ပင် ဖြစ်သည်၊ တက္ကသိုလ်ဝင်ခွင့်တွေ စောင့်နေတုန်း ဂျီတီအိုင်တက်ဖို့ ဝိုင်းဝန်းအကြံပေးသဖြင့် ရောယောင်ခေါင်းညိတ်ခဲ့ မိသည်၊ စာမေးပွဲအတွက် ကျူရှင်တွေ တက်နေတုန်းမှာပဲ ဒီစာတွေကို ဘယ်လိုမှ စိတ်မဝင်စားနိုင်ခဲ့မှန်း သိသော်လည်း စာမေးပွဲကိုတော့ သွားဖြေခဲ့သေးသည်၊ စာတွေကိုမရသလို စာမေးပွဲ အပေါ်လည်း ဘယ်လိုမှမနေ..၊ ကြိုတင်စောင့်မျှော် ခဲ့တာလည်း မရှိဘဲ ဝတ်ကျေတန်းကျေသာ ဖြေခဲ့ပါသည်၊ သူငယ်ချင်းအချို့က ခိုးချဖို့အကြံပေးတော့ ပထမတော့ လုပ်ဖို့ စဉ်းစားလိုက်သေးသည်၊ သို့သော် ဘယ်စာမေးပွဲမှာမှ ကျနော် မခိုးချဖူးခဲ့...၊ အခုဟာက ဝင်ခွင့်စာမေးပွဲ ဆိုသည့်တိုင် ခိုးချဖို့ ပြင်ဆင်ရေး၊ စာမေးပွဲခန်းထဲမှာ ခိုးချဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ တွေးမိတာနှင့်ပင် ကျနော့်အတွက် အလုပ်မဖြစ်မှန်း သိလိုက်သည်၊ တခါခိုး တခါမိဆိုသလို ဖြစ်မှာ သေချာသည်၊ သို့နှင့် ရိုးသားစွာပဲ သွားဖြေခဲ့သည်၊ အခု ပြန်တွေးတော့ ထိုစာမေးပွဲ မအောင်ခဲ့တာကိုပဲ ကျေနပ်မိသည်၊ မသမာသော နည်းတခုခုဖြင့် အောင်သွားခဲ့သည် ဆိုပါစို့၊ ကျနော် စိတ်မဝင်စားသော စာများကြောင့် စာသင်နှစ် တလျှောက်လုံး စိတ်ညစ်စွာနှင့် ဖြတ်သန်းရင်း ခိုးချပြီး အောင်ရင်အောင်၊ မဟုတ်ရင်တော့ စာမေးပွဲတွေ ဆက်တိုက်ကျနေမှာ သေချာပါသည်၊ စာမရပေမယ့် လိပ်ပြာသန့်ခဲ့သော စာမေးပွဲလေးကို အကြောင်းတိုက်ဆိုင်တိုင်း သတိရမိတတ်ပါသည်၊

ဟိုတလောဆီကတော့ ဌာနမှ ဒါရိုက်တာက မော်တော်ဘုတ်လိုင်စင် လျှောက်ဖို့ တိုက်တွန်း အကြံပေးလာခဲ့သည်၊ ဓါတ်ခွဲဖို့ ရေနမူနာတွေ ယူနေကြဖြစ်သည့် ရေကန်ကြီးထဲမှာ နေရာအနှံ့ ရေတွေယူနိုင်ဖို့ မော်တော်တစ်စီးနှင့် အလုပ်,လုပ်ရမည့် ကိစ္စဖြစ်သည်၊ လက်ရှိပရောဂျက်မှာ လုပ်နေသည့် ပီအိပ်ခ်ျဒီ ကျောင်းသားဆီမှာ လိုင်စင်ရှိပေမယ့် သူက ၄ နှစ်ကုန်လို့ စာတမ်းရေးပြီးတာနှင့် ဌာနမှာ ရှိတော့မှာမဟုတ်..၊ ထိုကျောင်းသား မရှိတော့သည့်အခါ လာမည့် ပရောဂျက်တွေမှာ ဆက်လုပ်ဖို့ သဘောင်္မောင်းခွင့် လိုင်စင် ရှိသင့်သည့်သူသည် ကျနော် ဖြစ်လာခဲ့သည်၊ ဒီတသက် ကိုယ့်ဟာကိုယ် မော်တော်ဝယ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးသော်လည်း လုပ်ငန်းလိုအပ်ချက် ဖြစ်သည်က တကြောင်း၊ ဌာနမှ ကုန်ကျစရိတ်အားလုံး တာဝန်ယူသည်က တကြောင်းကြောင့် ကျနော် လက်ခံလိုက်သည်၊ သို့နှင့် အတန်ကြာ ဝေးနေခဲ့ သော စာမေးပွဲတွေနှင့် ပြန်လည် ဆုံစည်းဖို့ ဖြစ်လာခဲ့ပြန်သည်၊ လိုင်စင်ရဖို့ ရေးဖြေနှင့် လက်တွေ့ စာမေးပွဲနှစ်ခု အောင်ရမည်၊ မကြာခင် ရက်များမှာ ကျနော် ထိုစာမေးပွဲများကို ဖြေတော့မည် ဖြစ်ပါသည်၊ ငယ်စဉ်ကလို ပျော်ရွှင်၊ ရင်ခုန် နေသလားဟု ကိုယ့်ကိုယ်ကို ဆန်းစစ် ကြည့်တော့ မပျော်ပါ၊ ရင်မခုန်ပါ၊ ဆောင်ရွက်ရမည့် အငန်းအတာ တခုကို ပြင်ဆင်နေ သည်ထက် ပိုသော စိတ်ခံစားမှု တစုံတခုမှ ရှိမနေတာ သေချာပါသည်၊ အသက်အရွယ်ကို လိုက်ပြီး စာမေးပွဲတွေ အပေါ်ထားသော စိတ်အခြေအနေက ပြောင်းလဲသွားခဲ့သည်၊ ဒါဟာ ရင့်ကျက်ခြင်း များလား၊ ဒါမှမဟုတ် ရိုးအီပြီး ထုံသွားသည့် သဘောလား၊ ခွဲခြမ်းစိတ်ဖြာဖို့ ကျနော် မစွမ်းသာပါ၊ ကျနော်တို့ ပျော်သည်ဖြစ်စေ၊ ကြောက် သည် ဖြစ်စေ၊ ကြိုဆိုသည်ဖြစ်စေ၊ ရှောင်ရှားချင်သည်ဖြစ်စေ...၊ စာသင်ခန်းတွေ ထဲမှာရော၊ လက်တွေ့ဘဝမှာပါ စာမေးပွဲတွေက တော့ ပုံစံမျိုးစုံနှင့် ဘဝတလျှောက်လုံး ရှိနေမှာ သေချာပါသည်...။ ။


ညီလင်းသစ်
၇ မေ၊ ၂၀၁၁

23 comments:

လင်းခေတ်ဒီနို said...

ဘ၀မှာ ဖြတ်သန်းရတဲံ စာမေးပွဲတွေကများသား . . . ဘ၀ စာမေးပွဲ အတန်းတင် စာမေးပွဲ လုပ်ငန်း စာမေးပွဲး)) ဟုတ်ပါ့ဗျာ အဲဒီထဲမှာတော့ တက္ကသီလ စာမေးပွဲတွေကတော့ အရည်းအချင်း အနိမ့်ဆုံးပါပဲ

ခင်မင်စွာဖြင့်
ဗညားရှိန်

Anonymous said...

ကျမလေးတန်းတုန်းကလည်း အတန်းပိုင်ဆရာ အရိုက်ကြမ်းတဲ့သူနဲ့ဆုံဖူးတယ် ကိုယ်ကတော့ အရိုက်မခံရပါဘူး ဆရာနာမည်ကလည်း မှတ်လို့လွယ်တဲ့နာမည်မျိုးဘဲလေ ဦးနေ၀င်း လို့ခေါ်တယ် .. စာမေးပွဲဆို ၁၀ တန်းစာမေးပွဲဖြေပြီးကတည်းက ဘယ်စာမေးပွဲမှ မဖြေချင်တော့တာ ...

mie nge

Myagreen said...

စာမေးပွဲတွေကိုမုန်းပေမဲ့ သူတို့နဲ့မကင်းနိုင်သေးဘူး :’(

Anonymous said...

တိုက်တိုက်ဆိုင်ဆိုင်...
ပျော်ရွှင်ခြင်း ၇ ထဲမှာစာမေးပွဲအကြောင်းရေးထားတာ...

အစကတော့တက္ကသိုလ်ဖိုင်နယ်လ်ပြီးရင် ဘယ်တော့မှစာမေးပွဲဆိုတာ မလာနိုင်တော့ဘူးလို့ ထင်နေခဲ့တာ....

စူးနွယ်လေး

Shinlay said...

စာမေးပွဲ.... လူပင်ပန်းစိတ်ပင်ပန်းဖြစ်ရပါတယ်။
ကျက်ရတဲ့စာတွေ၊ မေးခွန်းမှာပါပါ့မလား၊ ပေးထားတဲ့ အချိန်လောက်ပါ့မလား၊ ဖြေနေတုန်းစာတွေမေ့သွားမလား၊
အမှတ်ကောင်းပါ့မလား၊....
စာမေးပွဲ.... ကျောင်းသားတွေဖြေနိုင့်ပါ့မလား၊ ကိုယ်စောင့်တဲ့ စာမေးပွဲအခန်းထဲမှာ ပြောရခက်တဲ့ (ခိုးချကြတဲ့) ကျောင်းသားတွေအများကြီးပါမှာလား၊
ကျောင်းသားတွေအဖြေထဲမှာသတ်မှတ်ထားတဲ့ အမှတ်ပေး တဲ့အချက်တွေပါရဲ့ လား၊ ဂုဏ်ထူးပေးဖို့  သင့်ရဲ့ လား၊ မဖြေနိုင်တဲ့သူတွေ ကို ဘယ်လိုလုပ်ပေးရမလဲ.....
စာမေးပွဲ... ဖြစ်နိုင်ရင် မပတ်သက်ချင်တော့ပါ။။။။

ညိမ်းနိုင် said...

ခုံနံပတ်ထိုး ၃၉၊ဘေးမျဉ်းဆွဲချ အောင်မှတ်ရ၊မဖြေတဲ့သူနဲ့
သေတဲ့သူပဲကျတယ်ဆိုတဲ့ ညန်မာပြည် စာမေးပွဲတွေက
တော့ဖြင့်အကိုရာ...(ပြောမယ့်သာပြောရ ကျွန်တော်လည်းဒီလိုနဲ့ ဘွဲ့ရခဲ့တာ....:)))
စာမေးပွဲတွေကတော့တော်ပါပြီအကိုရာ...၊ခက်တာက ခုထိ
မကင်းနိုင်သေးတာ...:(

Baby taster said...

သြော် ကျောင်းသားဘ၀က စာမေးပွဲ
အလုပ်ကောင်းရဖို့ စာမေးပွဲ
နောက် ဘ၀စာမေးပွဲတွေ ဘာတွေ
ဘယ်လောက် ဖြေရအုံးမလဲ မသိပါဘူး
မဖြေနိုင်လည်း ဖြေရမဲ့ တာဝန်ရှိနေတော့

Nyi Linn Thit said...

ကိုဗညားရှိန် ...
ဟုတ်တယ်ဗျာ၊ တက္ကသီလာ စာမေးပွဲတွေက ခက်ခဲလေးနက်ပြီး အရည်အသွေးတွေ မြင့်နေရမယ့်အစား ပြောင်းပြန်ဖြစ်နေတာတော့ ဝမ်းနည်းစရာ ပါပဲဗျာ၊

မ mig nge ...
အရိုက်မခံရဘူး ဆိုတော့ တော်တာပေါ့ဗျာ၊ ကျနော် လေးတန်းတုန်းကတော့ လွတ်ကိုမလွတ်ဘူး၊ အနည်းအကျင်းပဲဖြစ်ဖြစ် အရိုက်တော့ခံရတာပဲ..၊ :(

Myagreen ...
သူတို့တွေနဲ့ ကင်းဖို့ကတော့ မလွယ်လှပါဘူးဗျာ..၊

မစူးနွယ်ရေ ...
ကျနော်လည်း တက္ကသိုလ်ဖိုင်နယ်လ် ဖြေတဲ့ နောက်ဆုံး နေ့က အဲဒီလို တွေးမိခဲ့ဖူးတယ်ဗျ၊ ပျော်ရွှင်ခြင်း (၇) ကိုလည်း စောင့်နေတယ်နော်...၊

မ,ရှင်လေး ...
ဟုတ်တယ်နော်၊ ဖြေသူပဲဖြစ်ဖြစ် ကြီးကြပ်စစ်ဆေး ရသူပဲဖြစ်ဖြစ် စိတ်မောစရာတွေချည်း ပါပဲဗျာ..၊

ကိုညိမ်းနိုင် ...
ကျနော်တို့ အများစုက ဒီလိုတွေနဲ့ပဲ ကြီးပြင်းလာခဲ့ ကြရတာကိုး၊ အကျိုးမရှိတဲ့ စာမေးပွဲတွေကိုတော့ ကျနော်လည်း မဖြေချင်တော့ဘူးဗျ..၊

မဘေဘီ ...
တချို့စာမေးပွဲတွေက မဖြေမနေရဆိုတော့လည်း မကောင်းဆုံးဖြစ်အောင် လုပ်ရုံမှတပါး ... ...။

Raymond.Kyaw Minn Naing said...

ကျွန်တော့်အတွက်စာမေးပွဲဆိုတာ..ချစ်ဖို့ကောင်းတယ်။ Qualify ဖြစ်ကြောင်း Confidence ရှိစေတယ်။ နောက်... Career စာမေးပွဲတွေမို့လို့ Result နောက်မှာ ပိုမြင့်တဲ့ salary ဆိုတာကြီးစောင့်နေတယ်။ Anyway.. another nice post bro, Good luck to your exam, Cheers.

ချစ်ကြည်အေး said...

ကိုညီလင်းသစ်....
စာမေးပွဲဆို မဖြေချင်တော့တာက မှတ်သားချင်စိတ် မရှိတော့လို့...။ အသက်လေးရလာတော့ ဘာကိုမဆို သက်တောင့်သက်သာပဲ နေချင်လာတော့တယ်။ ငယ်ငယ်က စာမေးပွဲဖြေခါနီး စာမေးပွဲခန်းရှေ့မှာ ဘယ်တော့မှ စာမကြည့်တတ်တော့တာ သတိရတယ်။ လာချင်တာလာ ငါရတာဆို ဖြေမယ် အဲသလို အေးအေးလူလူ နေတတ်တယ် ဟဟဟ :)

မောင်မျိုး said...

ညီကတော့ ခိုးချဖူးတယ်း) အစ်ကို့စာဖတ်ပြီး ခုမှရှက်ရကောင်းမှန်းသိတော့တယ် ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်မလဲ စာမေးပွဲတွေ အများကြီးဖြေခဲ့ဖူးတယ်
စာမေးပွဲတစ်ခုဖြေပြီးတိုင်း တော်ပြီ စာမေးပွဲဖြေတဲ့အလုပ် ဘယ်တော့မှ မလုပ်တော့ဘူး စိတ်ကူးမိပေမဲ့ ဖြေပြီးသွားပြီ ဆိုတာနဲ့ စာမေးပွဲ မရှိတော့ရင် နေလို့ထိုင်လို မကောင်းတော့ဘူး
နောက်တစ်ခု ဖြေဖို့ ပြင်ဆင်နေမိပြီ။ စာမေးပွဲတွေကို သိစိတ်က ကြောက်၇ွံ့နေပေမဲ့ မသိစိတ်က စွဲမက်နေမိပြန်တယ်။ ကိုယ့်ကိုယ်ကို စာမေးပွဲရှိမှ ကြိုးစားချင်စိတ် ရှိနေတယ်လို့ ထင်နေမိတယ်

Nyi Linn Thit said...

ကိုကျော်မင်းနိုင် ...
စစ်မှန်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ စာမေးပွဲတွေက တကယ်ပဲ ကိုယ့်အတွက် မှတ်ကျောက်မို့ ဖြေကောင်းတဲ့ အရာတွေ ပါပဲ၊ ဆုတောင်းအတွက် ကျေးဇူးပါဗျာ..၊

မချစ်ကြည်အေး ...
စာမေးပွဲတွေကို သွေးအေးအေးနဲ့ ရင်ဆိုင်နိုင်တဲ့လူက အလိုလိုနေရင်း တပန်းသာနေ ပြီးသားပဲ၊း)

မောင်မျိုး ...
အဲဒီလိုလည်း မတွေးပါနဲ့ဗျာ..၊ နေရထိုင်ရတဲ့ အခြေအနေကြီးကိုက ကျနော်တို့ကို ဘေးထွက်လမ်းတွေပေါ် တွန်းပို့နေခဲ့တာ မဟုတ်လား၊

မချော ...
အဲဒီလို driving force၊ မောင်းနှင်အားတွေ ရှိမှလည်း လူဆိုတာက ရွေ့ချင်ကြတာ မဟုတ်လား၊ စာမေးပွဲ အပေါ် ထားတဲ့ အမြင်လေး လှတယ်....။း)

မေငြိမ်း said...

အစ်မ English Literature တက်နေတာ.. စနေနေ့ကမှ စာမေးပွဲဖြေပြီးတာဆိုတော့ ကိုယ့်အစ်မကိုယ်စားများ ခံစားလေသလားလို့ :D

ကောင်းမွန်ဝင်း said...

ငယ်ငယ်တုန်းက စာမေးပွဲမှာမှားဖြေခဲ့ဘူးတယ်။
၁တန်းလား။သူငယ်တန်းလားမသိတော့ပါဘူး။
ကိုယ့်အမှားကို မိသားစုကပါသိပြီး ၀ိုင်းစ တာခံခဲ့ရလို့ ကိုယ့်အမှားကို အခုထိသတိရနေတယ်။
အိမ်မှာအတူနေတဲ့ ဦးလေးက စာသင်ပေးတယ်။ စာမေးပွဲဖြေတဲ့စာရွက်လာရင် ပထမဆုံးကွက်လပ်မှာကိုယ့်နံမည်ကိုယ်ရေး တဲ့။
စာမေးပွဲပြီးတော့ အတန်းပိုင်ဆရာမက အမျိုး။ အိမ်ကိုလာပြောတယ်၊ အားလုံးမှန်ပါတယ်။ တစ်ခုပဲမှားတယ်။
မေးခွန်းနံပါတ်တစ်ရဲ့ ကွက်လပ်မှာ သူ့နံမည်ရေးသွားလို့တဲ့။
၁။“သူနာပြုတပ်သား (ကောင်းမွန်ဝင်း)၊
၂။ (၀တ်စုံ) ၀တ်ထားသည်၊
၃။ ကြက်ခြေနီ(လက်ပတ်)ပတ်ထားသည်။

နည်းနည်းကြီးမှ သိရတာက အဲဒီတုန်းက စာဖြေစာရွက်မှာ ခုံနံပါတ်ပါပြီးသားတဲ့။ ဦးလေးက သူ့ထင်တာသင်ပေးလိုက်တာ ကို ကျွန်မကလည်း တစ်သွေမတိမ်းလိုက်လုပ်ခဲ့တယ်။
ကြီးတဲ့အထိ အိမ်မှာ နံပါတ်တစ်မေးခွန်းအတိုင်း အစခံရတာပေါ့။
အဖြေမှန်က“သူနာပြုတပ်သား(မောင်မှတ်)ပါ။

Angelhlaing(May everybody be happy and healthy! said...

စာမေးပွဲအသံနဲ့တင် အိပ်မက်ဆိုးတွေ...မက်ခဲ့ဘူးတာလေး ပြန်လည် သိတရမိတယ်အကို...ခုထိလဲ စာမေးပွဲနဲ့ မလွတ်နိုင်သေးဘူးလေ...:):)
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

သက်ဝေ said...

ကိုညီလင်းရဲ့ပိုစ့်ကို ဖတ်ပြီးတော့ ကိုယ်ဖြေခဲ့ဖူးတဲ့ စာမေးပွဲတွေအကြောင်း ပြန်စဉ်းစားမိသွားတယ်။ ဆယ်တန်းစာမေးပွဲ မြန်မာစာ မဖြေခင် တနင်္ဂနွေနေ့ညမှာ TV မှာ လာနေတဲ့ Love Boat ကြည့်နေနိုင်ခဲ့သေးတာ မှတ်မိတယ်။

RIT တက်ခဲ့တဲ့ တလျှောက်လည်း မရရင် မဖြေ ရတာတွေပဲ ဖြေခဲ့တယ်...။ ဒီလိုပဲ တလိမ့်လိမ့်နဲ့ အောင်လာခဲ့တာပါပဲ...။ အခုတော့ ဘာစာမေးပွဲမှ မဖြေချင်တော့လို့ အေးရာ အေးကြောင်းပဲ..။

သားစာမေးပွဲဖြေရင်တော့ စာမေးပွဲဆိုတာ ကိုယ်ရတာတွေချည်းပဲ မေးလာမှာမဟုတ်ဖူး... မရတာတွေ ပါလာရင် စိတ်မညစ်ဖို့ ကိုယ်ရတာတွေကို သေသေချာချာ ဖြေဖို့ပြောရတယ်...။

Iora said...

အသက်သာကြီးလာတယ်။ စာမေးပွဲနဲ့ ဆိုင်တဲ့ ခြောက်အိပ်မက်တွေခုထိမက်တုန်း။ဒီကစာမေးပွဲတွေဖြေတုန်းက ရန်ကုန်တက္ကသိုလ်ကစာမေးပွဲတွေကိုသတိရမိတယ်။ စာဖတ်ချင်တယ် စာမေးပွဲမဖြေချင်ဘူး။ အသက်ကြီးမှဖြေရတဲ့စာမေးပွဲတွေမှာလည်း စိတ်လှုပ်ရှားရတုန်းပါဘဲကိုညီလင်းသစ်ရယ်။ အမှတ်များများရရင်တော့ သိပ်ကျေနပ်မိတာ ဒီကစာမေးပွဲဘဲ။
အိုင်အိုရာ

Nyi Linn Thit said...

အမမေငြိမ်း ...
အမအတွက်တော့ စာစစ်သူဖက်က ကြုံရတဲ့ စိတ်ကျဉ်းကျပ် စရာတွေက ပြောကုန်မှာ မဟုတ်လောက်ဘူး ထင်တယ်နော်၊ English literature တက်ခွင့်ရတာ ကောင်းလိုက်တာ၊ အားကျတယ် အမရေ..၊း)

မ,ကောင်းမွန်ဝင်း ...
ကွက်လပ်မှာ နာမည်ရေးခဲ့တာ ဖတ်ကြည့်ပြီး သဘောကျ လွန်းလို့ ထိုင်ရယ်နေမိတယ်၊ တကယ့်ကို စ,ချင်စရာပဲကိုး၊ တူမလေး တစ်ယောက်ကတော့ မေးခွန်းမှာ ကြိုက်ရာရွေး၍ ဖြေပါ တွေ့တော့ တစ်ပုဒ်မှ မကြိုက်လို့ မဖြေဘူး-ဆိုပြီး ဒီအတိုင်း အိမ်ပြန်လာတယ် ..၊းD

Angelhlaing ...
ဟုတ်တယ်ဗျ၊ စာမေးပွဲတွေက အိပ်မက်တွေထဲ အထိ တခါတခါ လိုက်ခြောက်တယ်နော်...၊

မသက်ဝေ ...
ဟုတ်သားပဲ၊ Love boat က တနင်္ဂနွေညမှာ ပြတာ အခု ပြန်သတိရ သွားပြီ၊ love boat ကိုသိတယ်ဆိုတော့ ကျနော်တို့ ခေတ်ပြိုင်တွေ ဖြစ်မယ်ထင်တယ်..အဟဲ၊

မအိုင်အိုရာ ...
ကျနော်လည်း အတူတူပဲ၊ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ဖတ်ချင်တယ်၊ ဖြေချင်ပေမယ့် မဆိုင်တဲ့ မိုင်နာဘာသာရပ်တွေ ဆိုရင်တော့ အရမ်းပျင်းတယ်..။း)

ခနွဲ said...

ဆက်လက်ပြီးလည်း ကျွန်တော်တို့တစ်တွေ ဖြေဆိုနေကြရဦးမှာပါ။

Anonymous said...

Hey Ko Nyi,
This post called my memories back to Hlaing Campus in 91-95(neighter as student nor from B department like Nyein Khet).Good luck for your new lesson and exam.
Gyidaw

Nyi Linn Thit said...

ခနွဲ ...
အဲဒါကတော့ သေချာတယ်ဗျို့...၊

ဂျီးဒေါ် ...
၉၁-၉၅ ဆိုတော့ ကျနော်တို့တွေ ကော်ရစ်ဒါမှာတောင် ဆုံချင် ဆုံခဲ့လိမ့်ဦးမယ်၊ ကျနော်က ၉၄ မှာ အာရ်စီတူး မှာ တက်ရတာပါ..။

Mon Petit Avatar said...

Best of luck for your upcoming exams!!!!