29 May 2011

လှိုင်းများထက်မှာ


ဖျော်ဖြေရေးခန်းမဟု ရေးထားသော အခန်းလေးထဲ ရောက်တော့ ဘယ်သူမှ ရှိမနေ..၊ အထဲမှာက ရုပ်ရှင်ခန်းမ အသေးစားလေး တစ်ခုလို ခုံတွေကို အစီအရီချထားသည်၊ တဖက်ထိပ်မှာတော့ တီဗီနှင့်ဗီဒီယို ပြစက်တစ်လုံးကို စင်လေးတစ်ခုပေါ်မှာ တင်ထားသည်၊ တချိန်က အောက်စက်ဟုခေါ်သည့် ဗီဒီယို ကက်ဆက်အခွေ ထည့်ဖွင့်ရသည့် စက်ကို မြင်လိုက်တော့ ကျနော် နည်းနည်း အံ့သြသွားသည်၊ တချိန်ထဲ မှာပဲ ဘယ်လိုမှ အလုပ်မဖြစ်နိုင်တော့မှန်းလည်း သိလိုက်သည်၊ ကျနော်တို့မှာ ပါလာသည်က ဒီဗီဒီ ဓါတ်ပြားချပ် လေး ၂ ချပ်ကိုး...၊

Reka ဟု အမည်ရသည့် ဤဘန်ဂလို အိမ်လေးမှာ ကျနော်တို့ လာတည်းနေစဉ် အတွင်း တစ်ရက်မှာ သားကို ကာတွန်းကား ပြဖို့ ဒီခန်းမလေးကို ရောက်လာခဲ့ခြင်း ဖြစ်သည်၊ ပုံမှန်အားဖြင့် ယခုလို ခရီးထွက်နေ တုန်းမှာ သားကို တီဗီ မကြည့်စေချင်ပါ၊ သို့သော် ဒီနေ့မှာတော့ အခြားကစားနည်းလည်း မရှိတော့သလို သူ့ကို ခဏတဖြုတ် ငြိမ်ငြိမ်သက်သက် နေစေချင်တာကြောင့် နာရီဝက်လောက် ကာတွန်းကား ကြည့်ရမည်ဟု ဆိုကာ အိမ်မှ လိုရမယ်ရ ယူလာသည့် Chuggington ကာတွန်း ဒီဗီဒီလေး ၂ ချပ်ဖြင့် လာခဲ့ကြခြင်း ဖြစ်သည်၊ ယခုတော့ ဖွင့်ဖို့ မဖြစ်နိုင်တော့...၊

သူ့ ဒီဗီဒီတွေကို ဤစက်ဖြင့် ဖွင့်လို့မရကြောင်း ကျနော်က သားကိုပြောလိုက်သည်၊ သားက နားမလည်...၊ သူကြည့်ချင်သည့် ဒီဗီဒီ တစ်ချပ်ကို ထုတ်ပေးကာ ဖွင့်ပေးဖို့ပဲ အတင်း ပူဆာနေသည်၊ သို့နှင့် သူ့ကို ဗီဒီယို စက်ရှေ့ခေါ်ကာ ဤစက်မှာ ဒီဗီဒီအတွက် မဟုတ်ကြောင်း၊ အခွေထည့်သည့် အပေါက်နှင့် ဒီဗီဒီတို့ အရွယ် အစားလည်း မတူကြောင်း လက်တွေ့လည်း ပြရင်း တတ်နိုင်သလောက် ရှင်းပြလိုက်ရသည်၊ သို့သော် သူ နားမလည်ပါ၊ ဒီမှာ စက်ရှိတာပဲ၊ ဒီစက်နဲ့ ဖွင့်ပေးပါ ဟုပဲ တွင်တွင် ဆိုနေသည်၊ နောက်ဆုံး အာပေါက်မတတ် ရှင်းပြပြီး စက်ဘေးက စင်လေးပေါ်မှာ တင်ထားသည့် ဗီဒီယို ကက်ဆက်ခွေတွေထဲက သူသိသည့် ကာတွန်း ဇတ်ကောင်ပါသည့် တစ်ခွေကိုပဲ ဖွင့်ပေးလိုက်ရ တော့သည်၊ ဖြစ်ချင်တော့ ဗီဒီယို အခွေတွေ အားလုံးက လည်း ဂျာမန်စကားပြောတွေ ထည့်ထားသည့် အခွေတွေဆိုတော့ သားက ဘာမှနားမလည်ဘဲ မကျေမချမ်း နှင့်ပင် ကြည့်နေရ တော့သည်၊ ကျနော်က သားဘေးမှာ အသာဝင်ထိုင်သည့် အခိုက် စကားလုံး လေး တစ်ခု က ခေါင်းထဲမှာ ဝင်ရောက်လာခဲ့သည်၊ ဒစ်ဂျစ်တယ် နေးတစ်ဗ်များ (digital natives)...၊

အိုင်တီခေတ်နှင့် အတူ တဟုန်ထိုး ဖွံ့ဖြိုးလာသည့် ဒစ်ဂျစ်တယ် နည်းပညာများ အလယ်မှာ မွေးဖွားလာ သည့် ကလေးများကို ယေဘုယျအားဖြင့် ဒစ်ဂျစ်တယ် နေးတစ်ဗ်များဟု ကင်ပွန်းတပ်ကြပါသည်၊ မွေးလာ ကတည်းက ခေတ်မီ ဒစ်ဂျစ်တယ် ပစ္စည်းကိရိယာတို့နှင့် ထိတွေ့ဆက်ဆံ ကြီးပြင်းလာကြသော ဤကလေး များကို အမေရိကန် စာရေးဆရာ Marc Prensky က ဒစ်ဂျစ်တယ် နေးတစ်ဗ်များဟု တီထွင်ခေါ်ဝေါ် သုံးစွဲ ခဲ့သည်၊ ယေဘုယျအားဖြင့် ဤကလေးများ၏ ဥာဏ်ရည်မှာ ထက်မြက်သလို စူးစမ်းလေ့လာမှု အားက လည်း ကောင်းလေ့ရှိသည်၊ ထိုးထွင်းသိမြင် တတ်ကြပြီး သင်လွယ်တတ်လွယ်သော်လည်း အစီအစဉ်တကျ ဖြစ်ချင်မှ ဖြစ်မည်၊ အကြောင်းအရာ တစ်ခုကို ချက်ချင်းကောက်လုပ်တတ်ပေမယ့် ရေရှည်ဆက်လုပ်ဖို့ စိတ်ပါချင်မှလည်း ပါတတ်ကြသည်၊ Social Network လို လူအဖွဲ့အစည်း များကို နှစ်သက်လေ့ရှိပြီး တချိန် ထဲမှာလည်း အလုပ်တွေ လေးငါးခု တပြိုင်တည်း လုပ်နိုင်စွမ်းကြသည်၊ ဥပမာ- တီဗီရှေ့မှာ ထိုင်ကြည့်နေ ရင်း သူငယ်ချင်း ၂ ယောက်နှင့် တပြိုင်နက် ချက်တင် ဝင်နေသည့်အခိုက် ဘေးမှ ဖွင့်ထားသည့် သီချင်း ကိုလည်း ခပ်တိုးတိုး လိုက်ဆိုကာ ဖေ့စ်ဘွတ်ခ်မှာ လျှောက်ကြည့်နေတာမျိုး ဖြစ်သည်၊ ကျနော်တို့ငယ်စဉ်က လောကအပေါ် ရှုမြင်ပုံနှင့် ၄င်းတို့ ရှုမြင်ပုံချင်းက မတူတတ်ကြပါ၊

ကျနော် အသက် ၄ နှစ်ခွဲခန့်က ပထမ ဦးဆုံးအကြိမ် တယ်လီဖုန်း ပြောခွင့်ရခဲ့သည်၊ အဖေက သူ့ညီမဆီကို အလုပ်မှ ဖုန်းဆက်ရင်း ဘေးနားမှာ ရှိနေသော ကျနော့်ကို ခေါ်ကာ အဒေါ်ကို နှုတ်ဆက်ဖို့ ပြောရင်း တယ်လီဖုန်း အမည်းကြီးကို နားမှာ ကပ်ပေးသည်၊ တဖက်မှ အဒေါ်၏ နေကောင်းလား၊ ဘာလုပ်နေလဲ၊ တခုခု ပြောလေ စသော စကားသံများကိုသာ နားထောင်ရင်း ကျနော် ကြက်သေ,သေနေခဲ့တာ ကောင်းစွာ မှတ်မိနေဆဲ ဖြစ်ပါသည်၊ ကျနော်က ၄ နှစ်ခွဲမှာ တယ်လီဖုန်းတစ်လုံးနှင့် အံ့သြမှင်သက်စွာ ကြောင်အ,နေခဲ့ပေမယ့် ယခု သားကတော့ ၃ နှစ် မပြည့်မီကပင် ကျနော် သို့မဟုတ် သူ့အမေနှင့် ဖုန်းထဲမှာ စကားတွေကို အေးအေးလူလူ ပြောတတ်နေခဲ့ပြီ၊ ကျနော့်အသက် ၃ နှစ် အရွယ်တုန်းက ပြေးလွှား ဆော့ကစားရာ ပတ်ဝန်းကျင်မှာ မြင်ခဲ့၊ သင်ခဲ့၊ ကြားခဲ့ရသမျှသည် ယခု သား အသက် ၃ နှစ် အရွယ်မှာ မြင်နေ၊ ကြားနေရတာတွေထက် အဆပေါင်းများစွာ ရိုးစင်း၊ ရှင်းလင်း နေခဲ့လိမ့်မည်လားဟု တခါတရံ ကျနော် တွေးမိသည်၊ ဤခေတ် ကလေးများမှာ မွေးလာကတည်းက ကြုံတွေ့ကြီးပြင်း ရသည့် ဘဝ နေထိုင်မှုပုံစံ life style ကြောင့် ပတ်ဝန်းကျင်အပေါ် ၄င်းတို့၏ သင်ကြားပုံ၊ တုံ့ပြန်ပုံ တို့မှာ လိုက်လျောညီထွေ ရှိစွာဖြင့် ထက်မြက်ပါးလျ လာခဲ့ရခြင်း ဖြစ်မည်ဟုပဲ ကျနော် မှတ်ချက်ချမိပါသည်၊

တလောဆီက ဆရာမ တစ်ယောက်နှင့် စကားစပ်မိရင်း သူက ပြောပြသည်၊ သူ့သမီးလေးက နံပါတ်ပြား အပေါက်တွေကို လှည့်ပြီး ဆက်ရသော ကျနော်တို့ ငယ်စဉ်က တယ်လီဖုန်း တစ်လုံးကို ပထမဆုံး အကြိမ် မြင်လိုက်တုန်းက ဤအရာဟာ တယ်လီဖုန်းပါ ဟု ရှင်းပြသော်လည်း တော်တော်နှင့် မယုံနိုင်ခဲ့ပါ-တဲ့၊ အခုလို နံပါတ်ခလုတ်တွေ နှိပ်ပြီး ဆက်ရတဲ့ ဖုန်းတွေ မတိုင်ခင်က သက်ဆိုင်ရာ နံပါတ်အပေါက်တွေထဲ လက်ထည့် ပြီး ဒီအဝိုင်း ပြားကို လှည့်,လှည့်ပြီး ဆက်ရကြောင်း ရှင်းပြသော သူ့အမေကို ကလေးမလေးက မျက်လုံး ပေကလပ်ဖြင့် ဇဝေဇဝါ ကြည့်နေခဲ့သည်၊ ယခင်က သုံးခဲ့ကြသော တယ်လီဖုန်းကို မြင်လိုက်စဉ်က ကလေးမလေး၏ နားမလည်မှုမှာ ဗီဒီယိုအခွေ ဖွင့်သည့် အောက်စက်ကို ပထမဦးဆုံးအကြိမ် မြင်သည့် အခိုက် သား၏ နားမလည်ပုံနှင့် တထပ်တည်း ကျပါလိမ့်မည်၊ ယနေ့ သူတို့ရောက်နေသော ဒစ်ဂျစ်တယ်ခေတ်ကို ဘယ်လို အဆင့်ဆင့် တက်လှမ်းလာခဲ့ ရကြောင်း ဒစ်ဂျစ်တယ် နေးတစ်ဗ်လေးများ ချက်ချင်း သဘောမပေါက်နိုင်တာ ကျနော် နားလည်ပါသည်၊


Image: google

ဒစ်ဂျစ်တယ် နေးတစ်ဗ်တွေ အကြောင်းပြောတော့ သူနှင့် တဆက်ထဲ ယှဉ်တွဲနေသည့် ဒစ်ဂျစ်တယ် အင်မီး ဂရန့်များ (digital immigrants) အကြောင်းလည်း ပြောဖို့ လိုပါလိမ့်မည်၊ ဒီစကားလုံးကိုလည်း အဆိုပါ စာရေးဆရာကပင် ထွင်ခဲ့ခြင်းဖြစ်သည်၊ ဒစ်ဂျစ်တယ် နည်းပညာတွေနှင့် အတူမွေးလာကြသူ လူငယ်တွေက ထိုအရာများကို သက်သောင့်သက်သာ ကိုင်တွယ်သုံးစွဲကြတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ အေးအေးလူလူ နေထိုင် နိုင်ကြသူတွေလို နေးတစ်ဗ်များ (natives) ဟုတင်စားခေါ်သည့် နည်းတူ ထိုနည်းပညာများ နောက် ကို အမောတကောနှင့် အသည်းအသန် လိုက်ပါ သင်ယူနေရသူများကို ကိုယ်မသိသည့် တိုင်းတပါးမှာ ဝင်ဆန့်အောင် ကြိုးစားနေရသည့် ရွှေ့ပြောင်းအခြေချသူများလို အင်မီးဂရန့်များ (immigrants) ဟု တင်စားခေါ်ခြင်းပဲ ဖြစ်ပါသည်၊ ဒစ်ဂျစ်တယ် အင်မီးဂရန့် များသည် တနည်းအားဖြင့်တော့ နည်းပညာ နယ်စပ်မျဉ်းကို ဖြတ်ကျော်သောသူများ ဖြစ်သည်၊ Marc Prensky ကတော့ ဒစ်ဂျစ်တယ် အင်မီးဂရန့်ကို ဒစ်ဂျစ်တယ် နည်းပညာ၏ ပြင်ပမှာ ကြီးပြင်းခဲ့ပြီးမှ တဖန်ပြန်လည် သင်ကြား၊ ဝင်ဆန့်ဖို့ ကြိုးစားသောသူဟု အနက်ဖွင့်ပါသည်၊

လွန်ခဲ့သော ၃ နှစ်ခန့်က အဖေနှင့်အမေ ကျနော်တို့ဆီကို အလည်လာခိုက် ကွန်ပြူတာဆိုတာနှင့် ပထမဆုံး အကြိမ် ထိတွေ့ခွင့် ရသွားခဲ့ကြသည်၊ ကျနော်က အဖေ့ကို သူဖတ်ချင်သည့် စာများ၊ သိချင်သည့် သတင်းများ ဖတ်နိုင်အောင် အင်တာနက် သုံးပုံသုံးနည်း ရှင်းပြသည်၊ ထို့နောက် သူ့ကို ကွန်ပြူတာရှေ့ ထိုင်ခိုင်းရင်း ဘေးနားမှာ ကျနော်အသာ ရပ်နေခဲ့သည်၊ ကွန်ပြူတာကို ပထမဆုံးအကြိမ် အဖေကိုင်တွယ်ပုံအား ကျနော် အံ့အားသင့်ခဲ့ရသည်၊ သူ သွားချင်သည့် ဝက်ဘ်ဆိုဒ်များကို နှိပ်ရန် အဖေက မောက်စ်ကို နောက်ဖက် အစွန်းလေးမှ အသာကိုင်ကာ တရွေ့ရွေ့နှင့် တွန်းသည်၊ မော်နီတာပေါ်မှာ မြင်နေရသည့် မြား ကလေးက ဝက်ဘ်ဆိုဒ် လိပ်စာ ပေါ်ရောက်သွားပြီး လက်ဖဝါး ပုံသဏ္ဌာန် ပြောင်းသွားတော့မှ မောက်စ်ကို လက်ဝါးနှင့် အုပ်ကိုင်ပြီး လက်ညှိုးဖြင့် နှိပ်ဖို့ ကြိုးစားသည်၊ သို့သော် အဖေ အဲဒီလို မောက်စ်ကို လက်ဝါးနှင့် အုပ်ကိုင်လိုက် ချိန်မှာပဲ မောက်စ်က မဆိုစလောက် နေရာရွေ့သွားပြီး ဖန်သားပြင်ပေါ်မှ မြားလေးကလည်း ဝက်ဘ်ဆိုဒ် လိပ်စာပေါ်မှ ရွေ့သွားတော့သည်၊ ဒါပေမယ့် ဖန်သားပြင်ကို ကြည့်နေရမည့်အစား မောက်စ် ကိုပဲ စိုက်ကြည့်နေခဲ့သည့် အဖေက ဒါကိုမမြင်...၊ မော်နီတာကို ခေါင်းမော့ကြည့်လိုက်တော့မှ ဘာမှ ပြောင်းလဲပုံ မရတာကို နားမလည်နိုင်ဘဲ 'သားရေ.. ငါနှိပ်တာ မပွင့်ပါလားကွ' ဟု ကျနော့်ကို လှမ်း ပြောရှာသည်၊ ၃ နှစ်ခွဲအရွယ် ကျနော့်သားကလေးကို ပထမဆုံး အကြိမ် ကွန်ပြူတာမှာ ဂိမ်းလေးတစ်ခု ပေးဆော့စဉ်က သူ့လက်ထက် ၃ ဆလောက် ပိုကြီးသည့် မောက်စ်ကို အုပ်ကိုင်ရင်း မောက်စ်ဘယ်လို သုံးရ သလဲဟု ၁ မိနစ်အတွင်းမှာပင် သဘောပေါက် သွားခဲ့တာ ဖြတ်ကနဲ အမှတ်ရလိုက်မိသည်၊ အဖိုးနှင့်သူ့မြေး တို့၏ မောက်စ်ကို ရင်းနှီးကျွမ်းဝင်ပုံက ဒစ်ဂျစ်တယ်ခေတ်၏ တဖက်တချက်မှာ ရှိကြသော မျိုးဆက် ၂ ခု အကြား ကွာဟမှုနှင့် တုံ့ပြန်ပုံကို သတိပြုမိ စေပါသည်၊

ကျနော် မွေးစဉ်က မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြားစက် မရှိသေးပါ၊ ကျနော့်အသက် ၅ နှစ်ဝန်းကျင်ခန့် ကျမှ အဒေါ်တစ်ယောက်အိမ်မှာ အဖြူအမည်း တီဗီတစ်လုံး ရောက်လာခဲ့သည်၊ ညစဉ် တီဗီကြည့်ချိန်ဆို ကျနော် တို့ အမျိုးတွေသာမက ရပ်ကွက်ထဲမှ အိမ်နီးချင်းတွေပါ ရောက်လာပြီး တရုန်းရုန်းနှင့် ရှိနေတော့သည်၊ တီဗီ တွေ အထိုက်အလျောက် ပိုင်လာကြချိန်မှာ နောက်ထပ် ခေတ်စားလာတာ တစ်ခုက ဗီဒီယိုပြစက် ဖြစ်သည်၊ ဗီဒီယို အခွေဆိုင်မှာ အိမ်ရှိလူကုန် အကြိုက် မြန်မာကား၊ ကုလားကား၊ သိုင်းကား၊ သရဲကား၊ အက်ရှင်ကား စုံအောင်ငှားပြီး ထိုဆိုင်မှပင် ဗီဒီယိုပြစက် အောက်စက်ပါ ငှားကြလေ့ရှိသည်၊ ထို့အပြင် အဆိုပါစက်ကို ကိုင်တွယ်ပြသဖို့ ဆိုင်မှ လူတစ်ယောက်ယောက်ကလည်း လိုက်လာရသည်၊ သို့နှင့် အိမ်သားအားလုံး စား သောက်ပြီးစီးသည့် အချိန်မှစ,ကာ အခွေတွေ တစ်ခုပြီးတစ်ခု တညလုံး ကြည့်ကြတာ ကျနော် မှတ်မိပါသေး သည်၊ ထိုအချိန်က ဗီဒီယိုပြစက် ဆိုသည်မှာ အင်မတန် ခက်ခဲနက်နဲ ရှုပ်ထွေးပြီး အိမ်သားတွေ တစ်ယောက်မှ မကိုင်တတ်သည့်အရာ...၊ ထိုစက်နားကို မည်သည့်ကလေးမျှ မကပ်ရ၊ ဆိုင်မှ လိုက်လာ သည့် တာဝန်ရှိ ပုဂ္ဂိုလ်သည်သာ ညလုံးပေါက် ဖျော်ဖြေမှု၏ တဦးတည်းသော တာဝန်ခံ ဟူ၏၊

ယနေ့မှာတော့ ၅ နှစ်အောက် ကလေးအားလုံးနီးပါး အတွက် ကွန်ပြူတာ၊ တီဗီ၊ ဒီဗီဒီ ပြစက်၊ ဂြိုဟ်တုဖမ်း စက်၊ ဟုမ်းမ် စီးနီးမား စသည့် စက်တွေက ထမင်းစားရေသောက်...၊ ရီမုတ်ကွန်ထရိုးတွေ သုံးလေးခုကို ဘယ်ညာပြောင်း ကိုင်ရင်း ဒစ်ဂျစ်တယ် ရေစီးကြောင်းထဲမှာ သူတို့ လေးတွေ အားလုံး စုန်ချည်ဆန်ချည်..၊ ကျနော်ငယ်စဉ်က ကျေးရွာတွေမှာ ရေဒီယို တစ်လုံးကို တစ်ရွာလုံး လာပြီး ဝိုင်းဖွဲ့နားထောင်ကြသည့် အဖြစ်ကို သိရစဉ်က အထူးအဆန်းပဲဟု အံ့သြနေ ခဲ့ဖူးသည်၊ ယခု ကျနော့်သားနှင့် သူ့သူငယ်ချင်းတွေကို ကျနော်တို့ငယ်စဉ်က ဗီဒီယိုပြစက်ကို ငှားပြီး ပရော်ဖက်ရှင်နယ် အော်ပရေတာ တစ်ယောက်က တညလုံးလာပြ ပေးရသည့် အဖြစ် ကို ပြောပြလျှင်လည်း ကျနော့်ကို အထူးအဆန်းသဖွယ် ဝိုင်းကြည့်ကြမည် ထင်ပါသည်၊ ဒစ်ဂျစ်တယ် နေးတစ်ဗ်များနှင့် ဒစ်ဂျစ်တယ် အင်မီးဂရန့်တို့၏ အကြားက ကွာဟမှုကို သဘောပေါက်လာ သည်နှင့်အမျှ အလုပ်မှာ ကွန်ပြူတာ စနစ်သုံး စက်တွေအကြား စိတ်သောက ရောက်နေကြသည့် သက်ကြီးပိုင်း လုပ်ဖော် ကိုင်ဖက် အချို့ကို ကျနော်ပိုပြီး ကိုယ်ချင်းစာတတ် လာခဲ့ပါသည်၊

ယနေ့ တစထက်တစ ကျယ်ပြန့်လာသော တက်ခ်နိုလိုဂျီ နည်းပညာခေတ်ကို ပင်လယ်ဟု တင်စားခေါ်လျှင် ဒစ်ဂျစ်တယ် ရပ်ဝန်းသည် လှိုင်းလုံးများ ဖြစ်ပါလိမ့်မည်၊ အဆိုပါ ဒစ်ဂျစ်တယ် နည်းပညာ၏ ဖြစ်ထွန်းမှုက အခြေအနေ၊ အချိန်အခါ အလိုက် လှိုင်းကြက်ခွပ် ကလေးတွေ ဖြစ်နိုင်သလို ဆူနာမီလို ဧရာမလှိုင်းလုံးကြီး တွေလည်း ဖြစ်နိုင်သည်၊ ဒစ်ဂျစ်တယ် နေးတစ်ဗ်များက လှိုင်းတွေပေါ်မှာ ငြိမ့်ငြိမ့်လေး လှိုင်းစီးရင်း သက်သောင့်သက်သာနှင့် ၄င်းတို့ခေတ်ကို ဖြတ်သန်းနေကြ လိမ့်မည်၊ ဒစ်ဂျစ်တယ် အင်မီးဂရန့်တွေ အဖို့ တော့ လှိုင်းတွေ ထက်မှာ ခေါင်းဖော်နိုင်ဖို့ ယက်ကန် ကြိုးစားရမှာ သေချာသည်၊ အချို့က လှိုင်းအောက် ရောက်ပြီး ရေတွေ တငုံပြီးတငုံ သောက်နေရတာမျိုး ရှိမည်၊ အချို့လည်း ရေပေါ်ရောက်ပေမယ့် လှိုင်းမူးနေ တာမျိုး ဖြစ်ချင်ဖြစ်မည်၊ မျိုးဆက်ကွာဟမှု generation gap ဆိုသည်က ဖြတ်သန်းရာ ခေတ်အဆက်ဆက် မှာ ရှိခဲ့သည်ချည်း ဖြစ်ပါသည်၊ ယနေ့ခေတ်မှာတော့ တလုံးပြီးတလုံး စဉ်ဆက်မပြတ် တက်လာသော ဒစ်ဂျစ်တယ် လှိုင်းတို့၏ ရိုက်ပုတ်မှု အောက်မှာ မျိုးဆက်ကမ်းပါးတို့ တဝုန်းဝုန်း ပြိုကျပြီး ကွာဟမှုက ပိုပြီး ကြီးလာမည်လား၊ မောက်စ်ပေါ်မှ ဘီးလုံးလေးကို လက်ညှိုးဖြင့် အသာအသာ တို့ထိရင်း ကျနော် တွေးနေမိ ပါသည်...။ ။


ညီလင်းသစ်
၂၉ မေ၊ ၂၀၁၁

24 May 2011

တောင်ခြေရွာကလေးသို့ (၃)


ဒီခေါင်းစဉ်ကို တွေ့ရင် ပြီးခဲ့တဲ့ ဧပြီလက သွားခဲ့တဲ့ ခရီးအကြောင်းကို ဆက်ရေးဦးမယ်-လို့ တချို့က ထင်မလား မသိပါဘူး၊ တကယ်တမ်း မှာက အဲဒီခရီးအကြောင်းထက် အဲဒီခရီးမှာ လုပ်ခဲ့တဲ့ စမ်းသပ်မှုအကြောင်း ပြောမလို့ပါ၊ ထပ်ပြီး ဆစ်ပိုင်းရရင် အဲဒီအားလပ်ရက်တုန်းက ကြိုကြားကြိုကြား စမ်းရိုက်ခဲ့တဲ့ 5D mark II ဗီဒီယို အပိုင်းအစတချို့အကြောင်း ဆိုပါစို့...၊

ပုံမှန်ဆိုရင် ဓါတ်ပုံရိုက်တဲ့ ကင်မရာနဲ့ ဗီဒီယို ရိုက်ဖို့ ကျနော်စိတ်မပါ,ပါဘူး၊ ဓါတ်ပုံကင်မရာလို့ ဆိုရာမှာ​ ပေါ့ပေါ့ပါးပါး သုံးတဲ့ point and shoot ကင်မရာလေးတွေရော၊ DSLR ကင်မရာကြီးတွေကိုပါ ဆိုလိုတာပါ၊ ဒီကင်မရာတွေရဲ့ တည်ဆောက်ပုံအရ ဗီဒီယို ရိုက်တော့မယ်ဆိုရင် view finder အပေါက်ကနေ ကြည့်လို့ မရတော့ဘဲ ကင်မရာ နောက်ဖက်က LCD ကနေ တိုက်ရိုက်ကြည့်ပြီး ရိုက်ဖို့ လိုပါတယ်၊ အဲဒီလို ကင်မရာကို မျက်နှာရှေ့မှာ ခပ်ခွာခွာကိုင်၊ LCD ကနေကြည့်ပြီး ဗီဒီယို ရိုက်ရတာကို ကျနော်က မလုပ်ချင်တာပါ၊ တစ်ဦးချင်း အကြိုက်လို့ပဲ ဆိုရမယ် ထင်တယ်၊ ထားပါတော့...၊

ဒီလိုနဲ့ 5D mark II ကျနော့်ဆီ ရောက်လာတော့လည်း သူ့ရဲ့ ဗီဒီယို features တွေကို သိပ်ပြီး အရေးတယူ မလေ့လာ ဖြစ်ပါဘူး၊ ပြီးခဲ့တဲ့ ခရီးစဉ်မှာမှ စမ်းကြည့်ရင် ကောင်းမယ်ဆိုပြီး နည်းနည်းပါးပါး ရိုက်ဖြစ်ပါတယ်၊ ဒါကလည်း အချက် (၂) ချက်ကြောင့်ပါ၊ ပထမ တစ်ချက်က 5D mark II ရဲ့ full HD ဗီဒီယို အရည်အသွေးကို သိချင်တာရယ်၊ ဒုတိယ တစ်ချက်က zoom ပါတဲ့ မှန်ဘီလူးတွေနဲ့ ရိုက်ကြည့်ချင်တာရယ် ကြောင့်ပါ၊ ဒီအထဲက ရှုခင်းတော်တော်များများကို ပြီးခဲ့တဲ့ ပို့စ်တွေက ဓါတ်ပုံတွေထဲမှာ မြင်ပြီးသား ဖြစ်ပါလိမ့်မယ်၊ အခုကတော့ motion picture version ပေါ့လေ၊ ကင်မရာ settings ကိုလည်း ကောင်းမယ်ထင်တာ မှန်းချိန်ထားလို့ တချို့နေရာတွေမှာ ကြည့်လို့မကောင်းတာ သတိထားမိချင် ထားမိပါလိမ့်မယ်၊ အဲဒီအခါ မသိချင်ယောင်ဆောင်ပြီးတော့ပဲ ကြည့်သွားလိုက်ပါ-လို့၊ :D



အကယ်၍များ ဒီဗီဒီယိုကို ကြည့်လို့မရဘူးဆိုရင် ကွန်မန့်မှာ ဖြစ်ဖြစ်၊ စီဘောက်စ်မှာ ဖြစ်ဖြစ် တဆိတ်လောက် ရေးခဲ့ပေးပါဗျာ၊ လာပြီး အားပေးတာ ကျေးဇူးတင်ပါတယ်...။


ညီလင်းသစ်
၂၄ မေ၊ ၂၀၁၁

16 May 2011

ဒူးဒူးနှင့် ကျောင်းဆင်းချိန် (နောက်ဆက်တွဲ)


ဒီရက်ပိုင်းတွေမှာ Video editing software အသစ်တစ်ခုကို အားထုတ်ပြီး လေ့လာဖြစ်နေတာနဲ့ ပို့စ်အသစ်တင်ဖို့တောင် နှောင့်နှေးနေခဲ့တယ်၊ ကျနော် မြင်နေကျ၊ သုံးနေကျ ဆော့ဖ်ဝဲတွေနဲ့ မတူလို့ လေ့လာရတာ အချိန်ပိုကြာပါတယ်၊ ဆော့ဖ်ဝဲ ဘယ်လို အလုပ်လုပ်တယ်ဆိုတာ မစမ်းသပ်ရသေးခင် သူ့ရဲ့ interface မှာ ဒီအပိုင်းက ဒါကိုခေါ်တယ်၊ ဒါကတော့ ပလေးဘက်ခ် အတွက်နေရာ..၊ ဒါကတော့ effect ထည့်ရင် ပေါ်လာရမယ့်နေရာ စသဖြင့် နားလည်အောင် လိုက်ကြည့်နေရတာကိုက အလုပ်တစ်ခုလို ဖြစ်နေတယ်၊ ခေါင်းထဲကို သွတ်သွင်း၊ မှတ်သားရတာတွေက အခုလို ဝင်နေတော့ ဘလော့ဂ်မှာ ရေးဖို့၊ တင်ဖို့ ကြံစည်ထားတာတွေက ခေါင်းထဲကနေ ထွက်ခွင့်မရဘူးပဲ ဆိုကြပါစို့...၊း)

အခုပို့စ်ကတော့ တင်ဖို့ကြံစည်ထားပေမယ့် သူ့ထက်ပိုပြီး ဦစားပေးရတာတွေ ကြားဖြတ်သွားတာနဲ့ အခုမှပဲ ဒီကို ရောက်လာတော့တယ်၊ ဒီတော့လည်း အကြိမ်များစွာ တီးတိုးရေရွတ်ဖူးတဲ့ better late than never ကိုပဲ ထပ်ရွတ်ရင်း ဆက်စရာ ကျန်နေတဲ့ နောက်တွဲလေးကို ဆက်လိုက်ပါတယ်..၊

တလောဆီက ရေးခဲ့တဲ့ 'လူလေးရဲ့ ကျောင်းဆင်းချိန်' အက်ဆေးလေးမှာ မှတ်ချက်ရေးသွားကြတဲ့ မိတ်ဆွေအချို့က အဲဒီကျောင်းကလေးရဲ့ ဓါတ်ပုံရယ်၊ အဲဒီပို့စ်ထဲမှာ ဖော်ပြခဲ့တဲ့ သားရဲ့ ဒူးဒူး ဓါတ်ပုံရယ်ကို ကြည့်ရရင် ပိုကောင်းမယ်-တဲ့၊ အင်း.. ကျနော့်ရဲ့ သရုပ်ဖော်ရေးနည်းက အတော်လေး အောင်မြင်နေပုံပါပဲ၊ တခါတည်း ဓါတ်ပုံပဲ ပြလိုက်ပါတော့ ဆိုတာမျိုး ဖြစ်နေပြီ...၊း) အဲဒီပို့စ်လေးကို ဖတ်လည်း မဖတ်ရ သေးဘူး၊ အချိန်လည်း နည်းနည်းလေး ရသေးတယ် ဆိုရင်တော့ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်၊

ညီအကို မောင်နှမတွေရဲ့ အဲဒီလို တခဲနက် တောင်းဆိုမှုကြီးရဲ့ နောက်တစ်ရက်မှာ ကင်မရာယူပြီး ကျောင်းလေးကို ကျနော် ဓါတ်ပုံသွား ရိုက်ဖြစ်ပါတယ်၊ သားနဲ့ သူ့ရဲ့ဒူးဒူး ဓါတ်ပုံတွေကိုတော့ ဖိုင်တွေထဲမှာ လှန်လှောရှာဖွေပြီး အဆင်ပြေရာ ဆွဲထုတ်၊ တစုတစည်းထဲ ပေါင်းလိုက်တယ်၊ ဒါနဲ့ပဲ စိတ်ထဲမှာ တေးထားတာ တစ်ခုကို ရှင်းထုတ်လိုက်ခွင့် ရသွားပါတယ်..၊


Photobucket
သားကို တစ်ပတ် ၃ ရက် ပို့တဲ့ နေ့ကလေးထိန်း ကျောင်းလေးရဲ့ အဝင်ဝ...၊ ကျောင်းရှေ့ကွက်လပ်ထဲက အရိုးပြိုင်းပြိုင်းနဲ့ အပင်တွေက အခုတော့ ရွက်နုလေးတွေနဲ့ စိမ်းစိုအေးမြလို့..၊ နေသာတဲ့ နေ့တွေမှာ ကလေးတွေ ပြေးလွှား ဆော့ကစားရင်း အရိပ်ခိုလို့ ရနေပါပြီ၊


Photobucket
သားနဲ့ သူ့ရဲ့မရှိမဖြစ် ဒူးဒူး...၊ ဝမ်းနည်းတဲ့အခါ၊ ပင်ပန်းတဲ့အခါ၊ အိပ်တဲ့အခါ၊ အဆူခံရတဲ့အခါ ဒူးဒူးနဲ့ချိုလိမ်ကို သူအမြဲ တောင်းလေ့ ရှိပါတယ်၊ နဲနဲငယ်တုန်းကတော့ ထစ်ခနဲရှိ တောင်းတတ်ပေမယ့် အခုတော့ အိပ်တဲ့အခါမှပဲ ယူတော့တယ်၊ အဲဒီဒူးဒူး စောင်လေးက အမေဖက်က သူ့အဖွားရဲ့ သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးခဲ့တာပါ၊ တခါတုန်းက မိတ်ဆွေ မိသားစုအိမ် သွားလည်ကြပြီး အပြန်မှာ အဲဒီဒူးဒူးကို ကျနော်တို့ မေ့ကျန်ခဲ့လို့ တညလုံး သူ့မှာ ဝမ်းနည်းပက်လက်နဲ့..၊ ကျနော်တို့လည်း သူ့ကိုကြည့်ပြီး စိတ်မကောင်းတွေ ဖြစ်လို့၊ ဆိုင်တွေမှာ အဲဒီလို ပုံစံတူတွေများ ရှိမလားလို့ လိုက်ရှာသေး တယ်၊ ဘယ်မှာမှ မတွေ့ဘူး၊ နောက်တကြိမ်များ အဲဒီဒူးဒူး အပြီးပျောက်သွားလို့ကတော့ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်ကို အကြောင်းကြားပြီး လိုက်ရှာရမယ့် ပုံပဲ၊ ဒါနဲ့ ခြေစောင့်လက်စောင့် ထားရအောင်ဆိုပြီး အဲဒီစောင်လေးကို ထိုးပေးခဲ့တဲ့ အမယ်အိုကိုပဲ နောက်တစ်ထည် ထိုးပေးဖို့ ရှေ့မျက်နှာနောက်ထားပြီး တောင်းပန် ရတော့တယ်၊ သူကလည်း လိုလိုလားလား ထိုးပေးရှာပါတယ်၊ အဲဒီတော့မှ နဲနဲ အသက်ရှူချောင်တော့တယ်...၊း)

သူ့ရဲ့ဒူးဒူးက သူ့အတွက်တော့ ကြီးလည်းကြီး၊ လေးလည်း လေးပါတယ်၊ အဲဒီလိုပဲ ဒူးဒူးကြီးကို မနိုင်မနင်း သွားလေရာ သယ်၊ တဘုတ်ဘုတ် ပြုတ်ကျနေရင်းက နည်းလမ်းတစ်ခု သူ့ဟာသူ တွေ့သွားတယ်၊ အဲဒီတစ်ချောင်းထိုး အပေါက်တွေထဲကို သူ့လက်ချောင်းလေး တွေထိုးထည့်ပြီး သယ်တဲ့နည်းပါ၊ လက်ညှိုး၊ လက်မ ထိုးထည့်ပြီး ပခုံးပေါ်မှာ ထမ်းထားလိုက်တော့ ဘယ်တော့မှ မကျတော့ဘူး၊ ဒါပေမယ့် ဒူးဒူးမှာတော့ အပေါက်တွေက ပို,ပိုကျယ်လာခဲ့တယ်၊ ဒူးဒူးနဲ့ ရိုက်ထားမိတဲ့ အစောဆုံး ဓါတ်ပုံကတော့ အပေါ်ပုံထဲက ဘေးစောင်းအိပ်နေတဲ့ ၂ ပုံပါပဲ၊ ၁၁ လသား အရွယ်ကပါ...၊


Photobucket
ဒီပုံကတော့ ပြီးခဲ့တဲ့လက ရိုက်ထားခဲ့တာ...၊

ကျနော့်အကိုဝမ်းကွဲ တစ်ယောက်ဆီမှာလည်း အဲဒီလို ဒူးဒူးတစ်ခု ရှိခဲ့တယ်လို့ အဖေတို့ ပြောပြဖူးလို့ သိရတယ်၊ သူ့ရဲ့ ဒူးဒူးကတော့ မှို့ခေါင်းအုံးလေး...၊ 'ဒေါင်းအုံးလေး' လို့ သူက မပီကလာ ခေါ်တတ်တဲ့ အဲဒီခေါင်းအုံးလေးကို အတော်စွဲလမ်းတယ်၊ အဲဒီပေါ်မှာပဲ ခေါင်းအုံးတယ်၊ ဘယ်သွားသွား လက်ကမချဘူး၊ အလျှော်လည်း မခံတော့ နောက်ဆုံး ခေါင်းအုံးက ကြေး(ဂျီး) အထပ်ထပ်နဲ့ ဆီသည်မ လက်သုတ်က အဘခေါ်ရမယ့် အခြေအနေ ရောက်လာခဲ့တယ်၊ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားပေါင်းစုံက အဲဒီခေါင်းအုံးမှာ ရွာတည်ရုံတင် မကဘူး၊ မီဂါစီးတီး၊ ကော့စ်မိုပိုလီတန် စီးတီးတွေ တည်ထောင်ပြီး ကောင်းစားနေကြမှာ အသေအချာပေါ့၊ ဒါနဲ့ နောက်ဆုံး သူ့အမေက သူ့အလစ်မှာ အဲဒီ 'ဒေါင်းအုံးလေး'ကို စိတ်မကောင်းခြင်း ကြီးစွာနဲ့ လွှင့်ပစ်လိုက်ရတော့တယ်၊ အကိုလည်း အတော်လေး ဝမ်းနည်းပူဆွေးပြီး စိတ္တဇဖြစ်သွားသေးတယ်လို့ သိရတယ်၊

ကျနော်အပါအဝင် တခြားမောင်နှမတွေ မှာတော့ အဲဒီလို ဒူးဒူး မရှိခဲ့ဖူး ပါဘူး၊ ကျနော်ငယ်ငယ်က ဝမ်းနည်းရင် ဘယ်လိုမျိုး နှစ်သိမ့်တတ် သလဲလို့ အခုပြန်စဉ်းစားကြည့်တယ်၊ မမှတ်မိ တော့ဘူး၊ အရာရာဟာ ဝိုးတဝါးပါပဲ၊ သားရဲ့ ဒူးဒူးကတော့ လဲမှို့ခေါင်းအုံးလို မဟုတ်တဲ့အပြင် အပိုတစ်ထည်လည်း ရှိတော့ အဆင်ပြေသလို ကျနော်တို့က လျှော်ပေးပါတယ်၊ သူကတော့ သိပ်မကြိုက်ချင်ဘူး၊ ဒူးဒူးသန့်စင်ရေး အော်ပရေးရှင်း စ,ပြီဆိုရင် သူ့ကို အကြာကြီး အကျိုးသင့် အကြောင့်သင့် ရှင်းပြပြီးမှ လုပ်ရတယ်၊ လျှော်ရင်လည်း သေချာအောင် ပထမဆုံးအသုတ်မှာ ထည့်ရတယ်၊ လျှော်ပြီးရင်လည်း စက်နဲ့အခြောက်မခံဘဲ တန်းမှာပဲ လွှားပြီး အခြောက်ခံပါတယ်၊ ခြောက်ပြီဆိုလို့ သူ့ကို ပေးလိုက်ရင်တော့ သားက စောင်လေးကို နမ်းကြည့်ပြီး အင်တင်တင်နဲ့...၊ လျှော်လိုက်တဲ့အတွက် စောင်လေးက သူ့ရဲ့ မရှိမဖြစ် ဒူးဒူး အဆင့်က လျှောကျသွားသလိုလို တချက်စောင်းကြည့်ပြီး ခဏကြာမှ မပိုက်ချင် ပိုက်ချင်နဲ့ ရင်ခွင်ထဲမှာ ပိုက်လေ့ရှိ ပါတယ်၊ အင်း.. သံယောဇဉ်ဆိုတာက လူအကြီးကြီး မှာပဲဖြစ်ဖြစ်၊ လူပေါက်စနလေး မှာပဲဖြစ်ဖြစ်၊ တွယ်ငြိဖို့ဆိုရင် ဘူးပင်လို အညွန့်လေးတွေ ပျော့ပျော့ လိမ်လိမ် လေးတွေနဲ့ ဟိုလှမ်းချိတ်၊ ဒီလှမ်းချိတ်နဲ့...၊ သတိထားမိချိန်ကျတော့ ကိုယ့်မှာ ဘူးသီးလို စွဲလမ်းမှုတွေက ညွတ်နေအောင် အိကျ တတ်တာမျိုး မဟုတ်လား...။ ။


ညီလင်းသစ်
၁၅ မေ၊ ၂၀၁၁

08 May 2011

စာမေးပွဲများ


ဘဝတလျှောက် ဖြေဆိုခဲ့ရသော စာမေးပွဲများအကြောင်း တလောဆီက ဘာရယ်မဟုတ် ပြန်တွေးနေမိသည်၊ ဟိုးငယ်စဉ် ကလေးဘဝ ကတည်းက တောက်လျှောက်မနားတမ်း ဖြေခဲ့ရသော စာမေးပွဲများက အတော်ပင်များပြားပါသည်၊ ပထမအစမ်း၊ ဒုတိယအစမ်း စာမေးပွဲ၊ အတန်းတင် စာမေးပွဲ၊ လပတ် အရည်အချင်းစစ် စာမေးပွဲ၊ အလွတ်သဘော စာမေးပွဲ၊ အမှတ်ပေး ကျူတိုရီယယ်လ် စာမေးပွဲ၊ လက်တွေ့စာမေးပွဲ...၊ ခေါင်းစဉ်အမျိုးမျိုး အောက်မှာ ကျနော်တို့ ဖြေဆိုခဲ့ရသော စာမေးပွဲများ မည်၍မည်မျှ ရှိခဲ့မည်မှန်း မသိနိုင်ပါ၊

စာမေးပွဲ အရေအတွက်ကို မမှတ်မိပေမယ့် စာမေးပွဲများ၏ လွှမ်းမိုး၊ အရေးပါမှုများကို အခုပြန်စဉ်းစားတော့ ရေးတေးတေး မှတ်မိနေသည်၊ ယေဘုယျအားဖြင့် ကျနော် ဖြတ်သန်းခဲ့ရသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း စာမေးပွဲများက ဒီစာကျက်၊ ဒီစာမေး၊ ဒီစာဖြေ စနစ်ဖြင့် ပုံမှန်သွားနေသည့် စာမေးပွဲများ ဖြစ်သည်၊ ကျနော် လေးတန်းနှစ်က အင်မတန်မှ အရိုက်ကြမ်းသော ဆရာတစ်ယောက်၏ အခန်းမှာ တက်ရပါသည်၊ အတန်းထဲမှာ ဆရာရိုက်တာ မခံရဖူးသူ မရှိ၊ တော်သူက နည်းနည်းအရိုက်ခံရပြီး ညံ့သူက များများအရိုက်ခံရတာပဲ ကွာမည်၊ သို့သော် ဆရာက စာသင်ကောင်းသူ တစ်ယောက် ဖြစ်ပြီး သူ့အတန်းမှာ ကျောင်းသား မိဘတိုင်းက ကျောင်းအပ်ချင်ကြသည်၊ အဲဒီတုန်းက လေးတန်းက မြို့နယ်စစ်ဖြစ်၍ မေးခွန်းခက်သည်ဟု သတင်းကြီးသည်၊ ဆရာ့အခန်းမှာ နှစ်စဉ်လိုပင် တန်းလုံးကျွတ် အောင်တတ်ကြသည့် အတွက် ဆရာက နာမည်ကြီးခြင်း ဖြစ်သည်၊ ကျနော်၏ အခြေခံပညာ သင်ကြားမှု တလျှောက်မှာ ကျန်သည့် ဆရာများက သူ့လောက် မရိုက်ကြပေမယ့် စာမေးပွဲတိုင်းကို ကျနော် လေးနက်စွာဖြင့် ဖြေခဲ့သည်ချည်း ဖြစ်ပါသည်၊

တက္ကသိုလ်မှာတော့ နည်းနည်းကွဲ သွားသည်ဟု ဆိုရမည် ထင်သည်၊ ဒါကိုသင်၊ ဒါကိုမေးပေမယ့် ဒါမရလို့ ဟိုဟာဖြေသည့် အဖြစ်တွေက ရှိလာခဲ့သည်၊ ပတ်ဝန်းကျင်မှာ တရံမလပ် ကြားနေခဲ့ရသလို တခါမှာတော့ ကိုယ်တိုင်လည်း မှတ်မှတ်ရရ အဲဒီလို တလွဲဖြေခဲ့ဖူးသည်၊ တက္ကသိုလ် ဒုတိယနှစ်လား၊ တတိယနှစ်လား ကောင်းစွာ မမှတ်မိတော့သည့် အတန်းတင် စာမေးပွဲတစ်ခုမှာ ဖြစ်သည်၊ မေးခွန်းကို ကြည့်ပြီး ကိုယ်ရတာက တစ်ပုဒ်၊ နှစ်ပုဒ်ပဲ ရှိမှန်း သိလိုက်သည်၊ အဲဒီရတာကို ဖြေပြီးသည့်နောက် ဘာဆက်လုပ်ရမှန်း မသိသဖြင့် ခဏထိုင်နေမိသည်၊ နားထဲမှာတော့ စာသင်ခန်းထဲမှာ ဆရာမ တချိန်လုံး ပြောနေခဲ့သည့် မရလည်း ဒီအတိုင်း ထိုင်မနေနဲ့၊ မေးခွန်းနဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ခေါင်းထဲရှိတာ ချရေး၊ နောက်ဆုံး ဒီဘာသာရပ် မဟုတ်သည့်တိုင် တခြားဘာသာရပ်က စာပဲရလည်း ရေးသာရေး၊ အဖြေလွှာပေါ်မှာ စာရှိနေဖို့က အရေးကြီးတယ် ဆိုသည့် စကားကိုပဲ ကြားနေခဲ့သည်၊ ဒီလို စကားတွေကို ပြောနေချိန်မှာ စိတ်မသက်မသာ ဖြစ်နေသည့် ဆရာမ၏ မျက်နှာကို ကျနော်ရိပ်မိ ခံစားနေခဲ့ရပါသည်၊ နောက်ဆုံးတော့ အများနည်းတူ မိုးခါးရေတခွက်နှင့် ကျနော်စာမေးပွဲ ဆက်ဖြေ ခဲ့သည်၊ ငါးမန်းတစ်ကောင်၏ အာရုံခံစနစ်အကြောင်း မေးထားသည့် မေးခွန်းနံပါတ်ကို ကောက်တပ်ပြီး ကိုယ့်ခေါင်းထဲမှာ ရှိနေသည့် ဖား၏အစာခြေစနစ်အကြောင်းကို ချရေးနေသည့် တလျှောက်လုံးမှာ ရနေသည့် စိတ်ခံစားမှုကို ယခုတိုင် ကျနော်မှတ်မိနေပါသည်၊ ကြီးမား လေးလံလှသည့် အလွဲကြီးတစ်ခုကို ခေါင်းပေါ်မှာ ရွက်ထားရသည့် လေးပင်ထိုင်းမှိုင်းမှုနှင့်အတူ ရှက်ရွံ့အားနာနေသည့် ခံစားမှုများ...၊

တကယ်တမ်း ဆိုရလျှင် စာမေးပွဲများကို ကျနော် သဘောကျလေ့ ရှိပါသည်၊ ငယ်စဉ်ကတည်းက စာမေးပွဲနီးလာလျှင် အမြဲပျော်နေလေ့ ရှိသည်၊ စာမေးပွဲ ဖြေရမှာ ပျော်သည့်ကျနော့်ကို အချို့သူငယ်ချင်းများက နားမလည်နိုင်ကြ၊ စာမေးပွဲ မြန်မြန်ရောက်စေချင်သည်ဟု ပြောမိသည့်အခါ ကျနော့်ကို ဝိုင်းပြီး ကောင်းချီးပေးသံများ ကြားရတတ်သည်၊ စာမေးပွဲ မေးခွန်းမှာ ဘာတွေကိုများ မေးမှာပါလိမ့်ဟု သိချင်စိတ်တခုက ကျနော့်ကို အမြဲတမ်း စိတ်လှုပ်ရှားစေလေ့ ရှိပါသည်၊ များများသိချင်လေလေ များများပျော်ပြီး စိတ်လှုပ်ရှားလေလေ ဖြစ်သည်၊ ခြွင်းချက် တစ်ခုတော့ရှိသည်၊ စာမေးပွဲမေးခွန်းက ဘာပါလိမ့်ဟု သိလိုစိတ် ပြင်းပြသော ကျောင်းသားတစ်ယောက်မှာ ထိုမေးခွန်းတွေကို ပြန်လည်ဖြေနိုင်သော အဖြေတော့ ရှိထားဖို့ လိုပါလိမ့်မည်၊ အင်မတန် တော်သော ကျောင်းသားစာရင်းမှာ ကျနော် မပါသလို ညံ့သောစာရင်းမှာလည်း မပါ,ပါ၊ ကျနော့်ကို စာရင်းတခုထဲမှာ မဖြစ်မနေထည့်ဖို့ တစုံတယောက်က တိုက်တွန်းမည် ဆိုလျှင်တော့ ဥာဏ်ကောင်းသည့် ကျောင်းသားစာရင်းမှာ ထည့်နိုင်ပါသည်၊ ထိုအကျိုးဆက်က စာမေးပွဲအတွက် ပြင်ဆင်ရာမှာ များစွာအထောက်အကူ ဖြစ်စေသည်၊ ကျနော်စာကျက်ရာမှာ အချက်အလက် ဖြင့်သော်လည်းကောင်း၊ ဖြစ်စဉ်ပြအားဖြင့် သော်လည်းကောင်း၊ ကြောင်းကျိုး ဆက်စပ်မှု ဖြင့်သော်လည်းကောင်း၊ နှိုင်းယှဉ်ခြင်းဖြင့် သော်လည်းကောင်း၊ အကြိမ်များစွာ ရွတ်ဖတ်ခြင်း ဖြင့်သော်လည်းကောင်း တနည်းနည်းဖြင့် မှတ်နိုင်ဖို့ ကြိုးစားပါသည်၊ များသောအားဖြင့် အချိန်တိုအတွင်းမှာ စာတစ်ပုဒ်ကို ဘယ်လိုမှတ်ရမလဲဆိုတာ ကံကောင်းစွာဖြင့် တွေ့သွားတတ်လေ့ ရှိသောအခါ စာမေးပွဲများက ကျနော့်အတွက် စောင့်ကြိုစရာ ဖြစ်လာခဲ့တော့သည်၊ စာမေးပွဲတွေကို စိန်ခေါ်ပွဲတွေအဖြစ် ကျနော်ဆက်ပြီး စောင့်မျှော်ရင်ခုန် ခဲ့ပါသည်၊

အသက်အရွယ် အပိုင်းအခြား တစ်ခုကိုရောက်မှ ပြန်လည်ဆန်းစစ်တော့ စာမေးပွဲတွေအပေါ် ကျနော်၏ စောင့်မျှော်မှုမှာ တက္ကသိုလ် တက်နေစဉ်အတွင်း တစစဖြင့် မှိန်ဝါး၊ ကျဆင်းလာခဲ့ကြောင်း တွေ့ရသည်၊ မကွယ်မဝှက် ဆိုရလျှင် တက္ကသိုလ် စာသင်နှစ်များကို ကျနော် မပျော်ပိုက်ခဲ့တာ သေချာပါသည်၊ တက္ကသီလာ မြကျွန်းသာအဖြစ် ကျနော်ခြေချ မိသည့် ပထမဆုံး နေရာက လှိုင်တက္ကသိုလ်၊ အာရ်စီတူးမှာ ဖြစ်သည်၊ ကျောင်းကို သွားသည့် ပထမဆုံးနေ့ ခံစားချက်ကို မှတ်မိနေသေးသည်၊ ကျောင်းသားသစ်တို့ ထုံးစံ ကျောင်းဝင်းထဲမှာ မဝံ့မရဲဖြင့် စမ်းတဝါးဝါး၊ တစ်ဦးတည်း သွားနေခဲ့ရသည်၊ ကျနော်တို့ ဆယ်တန်းဖြေသည့် အချိန်က စာမေးပွဲမှာ ဘာသာရပ်တခုခု ကောင်းကောင်း မရလျှင် အဖြေလွှာကို ခြစ်ချ ပစ်တာမျိုး၊ ဆက်မဖြေတာမျိုး လုပ်ကြသည့် ဓလေ့ရှိခဲ့သည်၊ သဘောက မစို့မပို့ အမှတ်လေးနှင့် အောင်ပြီး တက္ကသိုလ်မှာ မကောင်းသည့်မေဂျာဖြင့် တလျှောက်လုံး တက်ရမည့်အစား အခုလိုခြစ်ချပြီး နောက်တစ်နှစ်မှ အမှတ်ကောင်းကောင်းဖြင့် အောင်,အောင်လုပ်ပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ် တစ်ခုကို သွားမည့် သဘောပဲဖြစ်သည်၊ ကျနော့်သူငယ်ချင်းတွေထဲမှာ အချို့က အဆိုပါ ကာမီကာဇေ စိတ်ဓါတ်ဖြင့် ခြစ်ချကျန်ခဲ့သလို အချို့ကလည်း အလိုမတူဘဲ ကျကျန်ခဲ့သည်၊ သည်လိုနှင့် ကျောင်းအသီးသီးက အဖွဲ့လိုက် ရောက်လာကြသည့် တက္ကသိုလ်ကို ကျနော်တစ်ယောက်ထဲ ရောက်လာခဲ့ရခြင်း ဖြစ်သည်၊

မပျော်ပိုက်သည့်အတူ ဒုတိယနှစ်မှစပြီး အဝေးသင်တက္ကသိုလ်ပဲ ဆက်တက်ဖြစ်ခဲ့တော့သည်၊ သည်လိုနှင့် နှစ်ပတ်မှ တခါ စနေ၊ တနင်္ဂနွေပဲ တက်ရသည့် အဝေးသင်တက္ကသိုလ်က တကယ်ပဲ ဝေး,ဝေးလာခဲ့ပြီး အဲဒီမှာ ဖြေရသည့် စာမေးပွဲတွေရဲ့ တန်ဖိုးကလည်း ကျနော့်အတွက် ယုတ်လျော့၊ ကျဆင်းလာခဲ့သည်၊ တဖက်မှာလည်း လုပ်ငန်းခွင် ဝင်နေပြီဆိုတော့ တကယ့်လက်တွေ့ဘဝမှာ ရင်ဆိုင်နေရသည့် စာမေးပွဲ တွေကိုပဲ ဖြေနိုင်အောင် ပိုပြီးကြိုးစားချင်တော့သည်၊ ဗိုလ်တစ်ထောင် တက္ကသိုလ်သည် သူ့အတိုင်းအတာနှင့်သူ ပျော်မွေ့ဖွယ်ရာ မြကျွန်းသာ ဖြစ်နိုင်သော်လည်း ကျနော့်အတွက် ချိုမြိန်သော တက္ကသီလာ နေ့ရက်များကို ဆောင်ကြဉ်းမပေးနိုင်ပါ၊ ကိုယ်သင်နေသည့် စာများ၏ လေးနက်မှု၊ အသုံးဝင်မှုကို မတွေ့ရတော့သည့်အခါ ထိုစနေ၊ တနင်္ဂနွေ စာသင်ရက်တို့ မြန်မြန်ပဲ ကုန်ဆုံးသွားပါစေဟုသာ ဆုတောင်း မိတော့သည်၊ ကျော်ဖြတ်သွားသည့် စာသင်ရက်တို့၏ နောက်က စာမေးပွဲ တွေကိုလည်း 'ဝတ္တရား' ဆိုတာထက် ပိုပြီး မမြင်နိုင်တော့...၊ ဒါသင်မယ်၊ ဒါပဲမေးမယ်၊ မရရင်လည်း ဟိုဟာဖြေလို့ ရတယ် ဆိုသည့် မိုးခါးရေတွေကိုပဲ ဆေးမကြိုက်ပေမယ့် မြန်မြန်နေကောင်းချင်သည့် လူမမာ တစ်ယောက်လို ကြိတ်မှိတ်သောက်ခဲ့ မိတော့သည်၊ ကိုယ်လည်း ဘယ်တော့မှ သုံးမှာမဟုတ်တဲ့ ဘာသာရပ် တခုကို စိတ်မပါဘဲ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး ဘာ့ကြောင့်စာမေးပွဲတွေ ဆက်ဖြေနေခဲ့သလဲ ဆိုသည့် မေးခွန်းအတွက်တော့ ကျနော့်မှာ ဒီတသက် အဖြေရှိနိုင်မည် မထင်ပါ၊

ဘဝမှာ မှတ်မိနေသော စာမေးပွဲတစ်ခုကို ပြောပါဆိုလျှင်တော့ ဂျီတီအိုင် ဝင်ခွင့်စာမေးပွဲကို ကျနော် ချက်ချင်းသတိရမိမည် ထင်သည်၊ အကြောင်းကတော့ ဘဝတလျှောက်မှာ တကြိမ်တည်း ကျရှုံးခဲ့ဖူးသော စာမေးပွဲ ဖြစ်သောကြောင့်ပင် ဖြစ်သည်၊ တက္ကသိုလ်ဝင်ခွင့်တွေ စောင့်နေတုန်း ဂျီတီအိုင်တက်ဖို့ ဝိုင်းဝန်းအကြံပေးသဖြင့် ရောယောင်ခေါင်းညိတ်ခဲ့ မိသည်၊ စာမေးပွဲအတွက် ကျူရှင်တွေ တက်နေတုန်းမှာပဲ ဒီစာတွေကို ဘယ်လိုမှ စိတ်မဝင်စားနိုင်ခဲ့မှန်း သိသော်လည်း စာမေးပွဲကိုတော့ သွားဖြေခဲ့သေးသည်၊ စာတွေကိုမရသလို စာမေးပွဲ အပေါ်လည်း ဘယ်လိုမှမနေ..၊ ကြိုတင်စောင့်မျှော် ခဲ့တာလည်း မရှိဘဲ ဝတ်ကျေတန်းကျေသာ ဖြေခဲ့ပါသည်၊ သူငယ်ချင်းအချို့က ခိုးချဖို့အကြံပေးတော့ ပထမတော့ လုပ်ဖို့ စဉ်းစားလိုက်သေးသည်၊ သို့သော် ဘယ်စာမေးပွဲမှာမှ ကျနော် မခိုးချဖူးခဲ့...၊ အခုဟာက ဝင်ခွင့်စာမေးပွဲ ဆိုသည့်တိုင် ခိုးချဖို့ ပြင်ဆင်ရေး၊ စာမေးပွဲခန်းထဲမှာ ခိုးချဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ တွေးမိတာနှင့်ပင် ကျနော့်အတွက် အလုပ်မဖြစ်မှန်း သိလိုက်သည်၊ တခါခိုး တခါမိဆိုသလို ဖြစ်မှာ သေချာသည်၊ သို့နှင့် ရိုးသားစွာပဲ သွားဖြေခဲ့သည်၊ အခု ပြန်တွေးတော့ ထိုစာမေးပွဲ မအောင်ခဲ့တာကိုပဲ ကျေနပ်မိသည်၊ မသမာသော နည်းတခုခုဖြင့် အောင်သွားခဲ့သည် ဆိုပါစို့၊ ကျနော် စိတ်မဝင်စားသော စာများကြောင့် စာသင်နှစ် တလျှောက်လုံး စိတ်ညစ်စွာနှင့် ဖြတ်သန်းရင်း ခိုးချပြီး အောင်ရင်အောင်၊ မဟုတ်ရင်တော့ စာမေးပွဲတွေ ဆက်တိုက်ကျနေမှာ သေချာပါသည်၊ စာမရပေမယ့် လိပ်ပြာသန့်ခဲ့သော စာမေးပွဲလေးကို အကြောင်းတိုက်ဆိုင်တိုင်း သတိရမိတတ်ပါသည်၊

ဟိုတလောဆီကတော့ ဌာနမှ ဒါရိုက်တာက မော်တော်ဘုတ်လိုင်စင် လျှောက်ဖို့ တိုက်တွန်း အကြံပေးလာခဲ့သည်၊ ဓါတ်ခွဲဖို့ ရေနမူနာတွေ ယူနေကြဖြစ်သည့် ရေကန်ကြီးထဲမှာ နေရာအနှံ့ ရေတွေယူနိုင်ဖို့ မော်တော်တစ်စီးနှင့် အလုပ်,လုပ်ရမည့် ကိစ္စဖြစ်သည်၊ လက်ရှိပရောဂျက်မှာ လုပ်နေသည့် ပီအိပ်ခ်ျဒီ ကျောင်းသားဆီမှာ လိုင်စင်ရှိပေမယ့် သူက ၄ နှစ်ကုန်လို့ စာတမ်းရေးပြီးတာနှင့် ဌာနမှာ ရှိတော့မှာမဟုတ်..၊ ထိုကျောင်းသား မရှိတော့သည့်အခါ လာမည့် ပရောဂျက်တွေမှာ ဆက်လုပ်ဖို့ သဘောင်္မောင်းခွင့် လိုင်စင် ရှိသင့်သည့်သူသည် ကျနော် ဖြစ်လာခဲ့သည်၊ ဒီတသက် ကိုယ့်ဟာကိုယ် မော်တော်ဝယ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးသော်လည်း လုပ်ငန်းလိုအပ်ချက် ဖြစ်သည်က တကြောင်း၊ ဌာနမှ ကုန်ကျစရိတ်အားလုံး တာဝန်ယူသည်က တကြောင်းကြောင့် ကျနော် လက်ခံလိုက်သည်၊ သို့နှင့် အတန်ကြာ ဝေးနေခဲ့ သော စာမေးပွဲတွေနှင့် ပြန်လည် ဆုံစည်းဖို့ ဖြစ်လာခဲ့ပြန်သည်၊ လိုင်စင်ရဖို့ ရေးဖြေနှင့် လက်တွေ့ စာမေးပွဲနှစ်ခု အောင်ရမည်၊ မကြာခင် ရက်များမှာ ကျနော် ထိုစာမေးပွဲများကို ဖြေတော့မည် ဖြစ်ပါသည်၊ ငယ်စဉ်ကလို ပျော်ရွှင်၊ ရင်ခုန် နေသလားဟု ကိုယ့်ကိုယ်ကို ဆန်းစစ် ကြည့်တော့ မပျော်ပါ၊ ရင်မခုန်ပါ၊ ဆောင်ရွက်ရမည့် အငန်းအတာ တခုကို ပြင်ဆင်နေ သည်ထက် ပိုသော စိတ်ခံစားမှု တစုံတခုမှ ရှိမနေတာ သေချာပါသည်၊ အသက်အရွယ်ကို လိုက်ပြီး စာမေးပွဲတွေ အပေါ်ထားသော စိတ်အခြေအနေက ပြောင်းလဲသွားခဲ့သည်၊ ဒါဟာ ရင့်ကျက်ခြင်း များလား၊ ဒါမှမဟုတ် ရိုးအီပြီး ထုံသွားသည့် သဘောလား၊ ခွဲခြမ်းစိတ်ဖြာဖို့ ကျနော် မစွမ်းသာပါ၊ ကျနော်တို့ ပျော်သည်ဖြစ်စေ၊ ကြောက် သည် ဖြစ်စေ၊ ကြိုဆိုသည်ဖြစ်စေ၊ ရှောင်ရှားချင်သည်ဖြစ်စေ...၊ စာသင်ခန်းတွေ ထဲမှာရော၊ လက်တွေ့ဘဝမှာပါ စာမေးပွဲတွေက တော့ ပုံစံမျိုးစုံနှင့် ဘဝတလျှောက်လုံး ရှိနေမှာ သေချာပါသည်...။ ။


ညီလင်းသစ်
၇ မေ၊ ၂၀၁၁

04 May 2011

တောင်ခြေရွာကလေးသို့ (၂) ...


ရောက်ပြီး နောက်တစ်ရက်မှာ အနီးအပါး ပတ်ဝန်းကျင်ကို လျှောက်ကြည့်ဖို့ စီစဉ်ဖြစ်ပါတယ်၊ မနက်ပိုင်းမှာတော့ သားက ရေကူးချင်တယ် ပူဆာလို့ သူနဲ့အတူ ရေကူးကန် လိုက်သွားပေးရတယ်၊ Reka ဟိုတယ်မှာ ရေကူးကန်လေး တစ်ခုလည်း ရှိပါတယ်၊ တစ်နှစ်ပတ်လုံး သုံးနိုင်အောင် ဟောလ်လို အခန်းထဲမှာ ဆောက်ထားပြီးတော့ ရေကို အပူပေးထားတယ်၊ အဲဒီလို အပူမပေးလို့လည်း မဖြစ်ဘူး၊ ဒီလို တောင်ပေါ်ဒေသတွေမှာ ရေကူးဖို့မပြောနဲ့၊ အိမ်မှာ ထမင်းဟင်းချက်၊ ရေချိုးတာတောင် ရေအေးကို မသုံးနိုင်ပါဘူး၊ ရေတွေက စိမ့်စမ်းတွေကဆိုတော့ ၁၂ ရာသီ အေးနေလေ့ ရှိပါတယ်၊ ကျနော်တို့က ရေမကူးချင်ပေမယ့် သားက ရေအရမ်းကြိုက်ပါတယ်၊ ငယ်ငယ်လေးတည်းက ရေဆော့နေရရင် မနားတမ်းပဲ၊ အခုတော့ အားလပ်ရက် ကူးပါစေဆိုပြီး မနက်တိုင်း သူ့ကို ရေကူးကန် ခေါ်သွားပေးဖြစ်တယ်၊ ဒီလိုနဲ့ပဲ နေ့လည်ပိုင်းကျမှ တောင်ပေါ်ကို တက်ရတော့တယ်၊

မီတာ ၁၆၀၀ အမြင့်ရှိတဲ့ တောင်ထွတ်တစ်ခုကို ကျနော်တို့ တက်ဖြစ်တယ်၊ ခြေလျင်လမ်း၊ Montain bike စီးဖို့ လမ်းတွေ လည်း ရှိပေမယ့် ကျနော်တို့ ကားနဲ့ပဲ တက်ဖြစ်ပါတယ်၊ ဟိုတယ်ကနေ ၁၅ မိနစ်သာသာလောက် မောင်းလိုက်တော့ ရောက်သွားတယ်၊ တောင်ပေါ်မှာ view point နဲ့ စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်၊ ခပ်လှမ်းလှမ်းမှာ နောက်ထပ်အမြင့်ကို ဆက်တက်ဖို့ chair lift စီးရမယ့်နေရာ ရှိပါတယ်၊ ဆောင်းတွင်းဆိုရင်တော့ ဒီအထိကားနဲ့လာ၊ ပြီးတော့ chair lift နဲ့ တောင်ထိပ်ကိုတက်၊ ski နဲ့ပြန်ဆင်းလာ...၊ ဒီလိုမျိုး လုပ်ကြတယ်၊ အခုတော့ နွေဦးဆိုတော့ chair lift လည်း ပိတ်ထားတယ်၊


Photobucket
တောင်ပေါ်မှာ လေတွေအရမ်း တိုက်နေတယ်၊ ဒီစားသောက်ဆိုင် ရင်ပြင်ကနေ အနီးပတ်ဝန်းကျင်က တောင်တွေ၊ ရှူခင်းတွေရော၊ တောင် အောက်ခြေက Lenk ရွာလေးကိုပါ မြင်ရပါတယ်၊ အလံနှစ်ခုကတော့ အပေါ်က ဆွစ်ဇာလန် နိုင်ငံအလံနဲ့ အောက်ဖက်က ပြည်နယ်အလံ ဖြစ်ပါတယ်၊ ဆွစ်အလံနဲ့ စပ်မိလို့ ပြောရရင် ထူးခြားတာက သူ့ရဲ့ အရွယ်အစားပါ၊ ကမ္ဘာ့အလံတွေ အားလုံးနီးပါးက ထောင့်မှန်စတုဂံ ပုံစံရှိ ကြပေမယ့် တရားဝင် ဆွစ်အလံကတော့ စတုရန်း အချိုးအစား ဖြစ်ပါတယ်၊ နောက်တစ်ခုက ကြက်ခြေနီအလံနဲ့ ဆွစ်အလံက ပြောင်းပြန်ပါ၊ ကြက်ခြေနီအဖွဲ့ကို ဖွဲ့စည်းတဲ့ အချိန် အလံအတွက် စဉ်းစားကြတော့ အဖွဲ့တည်ထောင်သူ ဆွစ်လူမျိုး ဟင်နရီဒူးနန့် (Henry Dunant) ကို ဂုဏ်ပြုပြီး သူ့နိုင်ငံရဲ့အလံ ဆွစ်အလံကို ပြောင်းပြန်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့ မှတ်သားဖူးပါတယ်၊ အဲဒါကြောင့် ဆွစ်အလံက အနီခံမှာ ဂရိကြက်ခြေခတ် အဖြူဖြစ်ပြီးတော့ ကြက်ခြေနီကတော့ အဖြူခံမှာ ဂရိကြက်ခြေခတ် အနီဖြစ်ပါတယ်၊


Photobucket
နောက်တစ်ရက်မှာတော့ စက်ဘီးစီးဖြစ်ပါတယ်၊ တိတိကျကျ ပြောရရင်တော့ ပုံမှာတွေ့ရတဲ့ ဘီး ၄ ဘီးနဲ့ စက်ဘီးပါ၊ လူနှစ်ယောက် ဘေးချင်း ယှဉ်ထိုင်ပြီး အတူနင်းရတဲ့ စက်ဘီး...၊ ဒီစက်ဘီးကို ဟိုတယ်ကြော်ငြာစာရွက် ထဲမှာတွေ့ ကတည်းက သားကစီးမယ်ဆိုပြီး တကဲကဲဖြစ်နေ ခဲ့တာ..၊ ဟိုတယ်မှာ အဲဒီစက်ဘီးရှေ့ ရောက်တာနဲ့ ချက်ချင်း စီးမယ်လုပ်နေလို့ မနည်းပြောထားရတယ်၊ ဒါပေမယ့် တကယ်စီးတော့မှ စက်ဘီး က တော်တော်လေးမှန်း သိရတယ်၊ သံထည် တွေနဲ့ လုပ်ထားတဲ့အပြင် ဘီးတွေကလည်း ထူပါတယ်၊ နင်းရတဲ့ ကျနော်တို့အတွက် မသက်သာပေမယ့် သားကတော့ အဲဒီလို အရှေ့မှာထိုင်ပြီး အော်ဟစ်ပျော်ရွှင် နေခဲ့တယ်၊ ဒါနဲ့ သက်သာအောင် ရွာထဲက မြေပြန့်တဲ့ နေရာ တွေပဲ ရွေးပြီး သွားရတော့တယ်၊


Photobucket
လမ်းမှာသွားရင်း နွားအုပ်တွေ ခဏခဏ တွေ့နေရင်း တခါမှာတော့ ရပ်ပြီး ဓါတ်ပုံ ရိုက်ဖြစ်ပါတယ်၊ နွားတွေကို ဒီလိုပဲ မြက်တွေရှိတဲ့ နေရာမှာ စားကျက်လှန်ရင်း လွှတ်ထားလေ့ ရှိတယ်၊ သတ်မှတ်ထားတဲ့ နေရာကနေ ထွက်မသွား အောင်တော့ လျှပ်စစ်ဓါတ် လွှတ်ထားတဲ့ ကြိုးတွေနဲ့ တားထားတယ်၊ ပုံမှာတွေ့ရတဲ့ ကြိုးအဝါက အဲဒီကြိုးပါပဲ၊ နွားက ကြိုးကိုထိရင် ကျင်သွားတော့ အနားမကပ်တော့ဘူး၊ ဘက်ထရီ အားအပျော့ စားနဲ့ လွှတ်ထားတဲ့ ဓါတ်အားမို့ လူအတွက်လည်း အန္တရာယ် မရှိပါဘူး၊ ဒီကို ရောက်စက မယုံလို့ ကျနော် သွားကိုင်ကြည့်သေးတယ်၊ ပုရွက် ဆိတ် ၂ ကောင် ကိုက်စာလောက်တော့ ကျင်သွားတယ်၊


Photobucket
ဒီလို လမ်းတွေတွေ့ရင် ကျနော် အမြဲတမ်း ဓါတ်ပုံရိုက်ချင်မိတယ်...၊ ပြီးတော့ ဝေးနိုင်သလောက် ဝေးဝေးလျှောက်ချင်တယ်၊


Photobucket
အဲဒီ ဘီး ၄ ဘီးယာဉ်နဲ့ သွားခဲ့တဲ့ ခရီးဆုံးက ရေကန်ပါ၊ ရှေ့ဆက်သွားရင် တောင်ကုန်းတွေ တက်ရမှာဆိုတော့ ဒီရေကန် ဘေးနားမှာပဲ ပစ်ကနစ် စားဖြစ်တယ်၊ ကလေး ကစားကွင်းလေး ၁ ခုလည်းရှိတာနဲ့ အတော်ပဲ ဖြစ်သွားတယ်၊


Photobucket
နောက်တစ်ရက်မှာတော့ ရေတံခွန်လေး တစ်ခုဆီ သွားဖြစ်တယ်၊ အဲဒီအခါတော့ ၂ ယောက်စီး tandem bike စက်ဘီး နဲ့ သွားတယ်၊ တောလမ်းလေး အတိုင်း နာရီဝက်လောက်တော့ နင်းရတယ်၊ ရေတံခွန်ဖက်ကို မတက်ခင်မှာ စားသောက်ဆိုင်လေး တစ်ခုရှိလို့ အဲဒီမှာ ခဏနားဖြစ်ပါတယ်၊ ဒီဆိုင်က ကော်ဖီကတော့ တကယ်ကောင်းတယ်၊ တငုံချင်းစီ ဇိမ်ခံသောက်ခဲ့တယ်၊ ဒီပုံက ရေတံခွန် အတက်လမ်းကနေ စားသောက်ဆိုင် ဖက်ကို ပြန်မြင်ရတဲ့ မြင်ကွင်းပါ၊


Photobucket
ရေတံခွန် ရှိရာဆီ မသွားမီ...၊ ဒီ ရှုခင်းလေးကို မြင်တော့ ခင်မောင်တိုးရဲ့ 'မြက်ခင်းစိမ်းနဲ့ တဲငယ်လေး' သီချင်းကိုတောင် ဖြတ်ကနဲ သတိရလိုက်မိ သေးတယ်၊


Photobucket
ရေတံခွန်ဆိုပေမယ့် ခပ်သေးသေးလေးပါပဲ၊ တောင်ကျချောင်းတွေကနေ စီးလာတဲ့ စိမ့်စမ်း ရေတံခွန်ပေါ့၊ နွေရာသီ ဆိုရင်တော့ ရေတံခွန်က အခုထက် ကြီးနိုင်ပေမယ့် လောလောဆယ် နွေဦးမှာတော့ နှင်းတွေက ပျော်ခါစမို့ ရေထုထည် သိပ်မများဘူး၊ ပုံထဲမှာ အင်္ကျီအနီနဲ့ ကျောပေး ရပ်နေတဲ့ ပုဂ္ဂိုလ်က အိန္ဒိယ အမျိုးသားပါ၊ သူ့မိသားစုနဲ့ အတူ တိုးရစ်အနေနဲ့ လာလည်တာ၊ တကယ်တမ်း ပြောရရင် ဆွစ်ဇာလန်ကို လည်ဖို့က နိုင်ငံခြားသားတွေ အတွက် အထိုက်အလျောက် ဈေးကြီးပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်က စ,လို့ အိန္ဒိယက လူတွေ လာလည်တာ ပိုပိုများလာတယ်၊ သူတို့ ပိုက်ဆံသုံးနိုင်လို့ လာလည်တာကို မုဒိတာ ပွားမိသလို သူတို့ရဲ့ အရှေ့ဖက် အိမ်နီးချင်း နိုင်ငံ လှလှ လေးက လူတွေကိုလည်း လာလည်စေချင်မိတယ်၊ ဒီလူတွေ ပိုက်ဆံသုံးနိုင်သလို ကိုယ့်နိုင်ငံက လူတွေလည်း သုံးပြီး ကမ္ဘာပတ်နေတာ တကယ်ပဲ မြင်ချင်ပါတယ်၊ ဆွစ်ဇာလန်ကို လာလည်မယ့် မြန်မာတွေကို ကျနော် တိုးရစ်စ်ဂိုက် လုပ်ပေးချင်မိတယ်၊း)


Photobucket
ရေတံခွန်ဘေးက လမ်းလေးအတိုင်း တောထဲကို တက်သွားတော့ လမ်းတနေရာမှာ အိမ်လေးတစ်လုံး ဘွားကနဲ တွေ့လိုက်ရတယ်၊ ပထမ တော့ ထင်းရူးတောတွေရဲ့ အလယ်က အိမ်ကလေးဟာ နွေရာသီ နွားလာကျောင်းရင်း နေတဲ့ အိမ်လို့ ထင်ပေမယ့် သေချာကြည့်တော့ အိမ်က အတော်ကြီးပါတယ်၊ ခန်းဆီးတွေ ကျကျနနနဲ့ အမြဲမပြတ် လူနေတဲ့ ပုံပါပဲ၊ ဒီမှာက တခါတခါ တောထဲမှာ လူမနီးသူမနီး ဒီလိုပဲ နေကြတဲ့ သူတွေလည်း ရှိတယ်၊ ကျနော်ဆိုရင်ကော ဒီလို နေနိုင်ပါ့မလား-လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိတယ်၊ သိပ်တော့ မသေချာဘူး၊


Photobucket
ရေတံခွန်ခရီးမှာ စီးဖြစ်ခဲ့တဲ့ နှစ်ယောက်စီး tandem စက်ဘီးပါ၊ သားက အနောက်ဖက်က ဆွဲအိမ်လေးထဲမှာ ထိုင်လိုက်လာတယ်၊ ကလေး ၂ ယောက်စာ ထိုင်ဖို့လုပ်ထားတာမို့ သူ့တစ်ယောက်ထဲ အတွက် ချောင်ချောင်ချိချိ ရှိပါတယ်၊ ဒီဘီး နင်းရတာလည်း ရယ်တော့ရယ်ရတယ်၊ ရှေ့ခြေနင်းနဲ့ နောက်ခြေနင်းက အသေဆက်ထားတာမို့ တစ်ယောက်နဲ့တစ်ယောက် တိုင်မင်ယူပြီး နင်းနေရတယ်၊ ကျနော်က ရှေ့မှာ ဆက်တိုက် နင်းနေတုန်း မအိမ်သူက နောက်မှာ ခြေထောက်လွှတ်လိုက်ရင် ခြေနင်းပေါ် ခြေပြန်ချဖို့ မလွယ်တော့ဘူး၊ အခန့်မသင့်ရင် ခြေသလုံးကို ရိုက် မိနိုင်တယ်၊ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် တချိန်လုံး မေးနေ၊ ပြောနေရတယ်၊ ဒါပေမယ့် ကားမရှိတဲ့ တောလမ်းကနေ သွားတာမို့ စိတ်အေးလက်အေးနဲ့ ခပ်ဖြေးဖြေးပဲ နင်းသွားကြတယ်၊

ဒီ Lenk ရွာလေးကို သွားခဲ့တာက ၅ ရက်ထဲပေမယ့် အများကြီးပဲ သွားဖြစ်၊ ကြည့်ဖြစ်ခဲ့တယ်၊ သားရဲ့ ရေကူးကန်၊ ဘက်ထရီနဲ့ မောင်းတဲ့ မော်တော်ကား၊ ကျနော်တို့ရဲ့ စက်ဘီးခရီး စတာတွေ ပေါင်းလိုက်တော့ တချိန်လုံး လှုပ်ရှားနေ ရတယ်၊ ညရောက်တော့ စာ ၂ မျက်နှာတောင် မကျိုးသေးဘူး၊ လူက ငိုက်နေပြီ၊ ဒီတော့ တောရောက်တော့လည်း တောအတိုင်း စောစောအိပ်၊ စောစောထရတာပေါ့၊ ဒီလို နေရာတွေက ဆောင်းတွင်းဆိုရင် နှင်းတွေနဲ့မို့ နေကျင့်မရှိရင် စိတ်ညစ်ကောင်း ညစ်နိုင်ပါတယ်၊ အခုလို ပွင့်လင်းရာသီမှာတော့ တော်တော်လေး အဆင်ပြေပါတယ်၊ အမြဲမြင်နေရတဲ့ ထင်းရူးတော စိမ်းစိမ်းတွေ၊ လေသင့်တိုင်း ရနေတဲ့ ကောက်ရိုးနဲ့ မြေသြဇာ ရနံ့တွေ၊ နားထဲမှာ မကြာခဏ ကြားနေရတဲ့ နွားခလောက်သံတွေနဲ့ နွားအော်သံတွေ... စတာတွေနဲ့မို့ ပုံမှန် နေ့စဉ်ဘဝကနေ လုံးဝကွဲပြား ခြားနားခဲ့တဲ့ ခရီးလေး တစ်ခုလို့ပဲ ဆိုချင်ပါတယ်..။ ။


ညီလင်းသစ်
၎ မေ၊ ၂၀၁၁

01 May 2011

ဝမ်းနည်းမှတ်တမ်း


ဘလော့ဂ်တွေမှာ ကိုကြီးကျောက် ဆုံးသွားတဲ့ သတင်း စ,ဖတ်ရတော့ ကျနော်မယုံနိုင်ခဲ့ဘူး၊ အခြား လူများစွာ ထင်နေခဲ့ သလိုပဲ ဒါဟာ မဖြစ်နိုင်ဘူးလို့ပဲ အရင်ဆုံးတွေးမိတယ်၊ ဒါပေမယ့် သူ့အကြောင်း ဝမ်းနည်းမှတ်တမ်းပို့စ်တွေ များသထက် များလာတဲ့အခါမှာတော့ စိတ်ထိခိုက်စွာနဲ့ပဲ လက်ခံလိုက်ရတော့တယ်၊ ခရီးတွေဘာတွေထွက်လို့ နေကောင်းလာပြီလို့ ထင်နေခဲ့ကြပြီးကာမှ အခုတော့ ... ...၊

သူ့ရဲ့ အရည်အချင်းတွေ၊ စိတ်သဘောထားတွေကို ကျနော့်အနေနဲ့ ထွေထွေထူးထူး ရေးပြနေဖို့ မလိုပါဘူး၊ ကိုကြီးကျောက်ဟာ လူသိများတဲ့ ဘလော့ဂါတစ်ဦးဖြစ်သလို လူချစ်လူခင်များလွန်းသူ တစ်ယောက်ပါပဲ၊ အခုအချိန်ထိ ကုသဖို့ခက်တဲ့ ရောဂါက လူတွေချစ်ကြတဲ့ အကိုတစ်ဦးကိုလည်း ခေါ်သွားခဲ့ပြန်ပါပြီ၊ ချစ်သောသူတို့ အသက်တိုကြ၏ လို့ပဲ ဝမ်းနည်းကြေကွဲစွာ ဆိုချင်ပါတယ်...၊

၅၀ စွန်းစ ဆိုတာ တကယ်တော့ ငယ်လွန်းပါသေးတယ်၊ နေရသမျှ ဆယ်စုနှစ်လေး ၅ ခုစာ ကျော်ကျော်မှာ လူတွေကို အများကြီး ပြုံးရယ်အောင် နောက်ပြောင်ပျော်ရွှင်ရင်း ရဲရဲရင့်ရင့် ပြင်ဆင်ထွက်ခွာသွားတဲ့ ကိုကြီးကျောက်ကို ကျနော်တို့ အားလုံး အမြဲသတိရနေမှာပါ၊ သိုးဆောင်း စကားပုံလေး ရှိပါတယ်၊ "It is not how long you lived but how well you lived that counts" တဲ့....၊

ကိုကြီးကျောက် တမလွန်မှာ ငြိမ်းချမ်းပါစေ...။


ညီလင်းသစ်
၁ မေ၊ ၂၀၁၁