25 March 2013

ကျွန်းကလေးရဲ့ ရင်ခွင်မှာ (၃)


ခြင်္သေ့ကျွန်းကလေးကို လာတဲ့အခါ ခင်မင်လေးစားရတဲ့ စာရေးသူ၊ စာဖတ်သူ ညီအစ်ကို မောင်နှမတွေနဲ့ ဆုံမယ်လို့ ပြင်ဆင်တော့ အများစုက စနေ၊ တနင်္ဂနွေမှာပဲ အားကြလိမ့်မယ်လို့ ကျနော်ကြိုပြီး တွေးမိတယ်၊ အလုပ်လုပ်ကြတဲ့ သူတွေအဖို့က စနေ၊ တနင်္ဂနွေ၊ ဒါမှမဟုတ် တနင်္ဂနွေ တစ်ရက်ပဲ အဆင်ပြေမယ် မဟုတ်လား၊ တကယ်တမ်းမှာ အဆက်သွယ်တွေ လုပ်ဖြစ်တော့လည်း အဲဒီအတိုင်းပါပဲ၊ ဆိုတော့ ချိန်းဆိုမှုတွေက တစ်ခုနဲ့တစ်ခုများ တိုက်နေတာမျိုး ဖြစ်မလားလို့ အစပိုင်းမှာ စိုးရိမ်မိသေးတယ်၊ ဒါပေမယ့် နောက်ဆုံးတော့လည်း အားလုံးအဆင်ပြေပြေနဲ့ ဖြစ်သွားပါတယ်၊

ဒီလိုနဲ့ ကျနော့်ရဲ့ ဘလော့ဂ်ကို အမြဲပုံမှန် လာတတ်တဲ့ စာဖတ်သူ ̔ညီ̕ နဲ့ မနက်ခင်းတစ်ခုမှာ ကော်ဖီသောက်ခွင့် ရခဲ့တယ်၊ တကယ်ဆို ညီ့အနေနဲ့ ကျနော်သွားချင်ရာကို တစ်နေကုန် လိုက်ပို့ဖို့ အားလပ်ပေမယ့်လို့ တခြားချိန်းဆိုမှုတွေကြောင့် ကျနော့်ဖက်က မနက်စာ အတူစားဖို့ပဲ တတ်နိုင်ခဲ့တယ်၊ ညီကတော့ သဘောထားကြီးစွာနဲ့ အဆင်ပြေပါတယ်-တဲ့၊ ချိန်းဆိုထားတဲ့ နေ့မှာ ဝီရိယကောင်းတဲ့ ညီက ကျနော်တည်းခိုရာဆီ အစောကြီးရောက်လာပေမယ့် အချိန်အပြောင်းအလဲနဲ့ ညက အိပ်မပျော်တဲ့ ကျနော်က မနက်မှာ အိပ်ရာထ နောက်ကျလိုက်သေးတယ်၊ အချိန်နည်းရတဲ့အထဲ အားနာစရာ ကောင်းလိုက်ပုံများ...၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်နဲ့ လူတွေကြားထဲမှာ ပုဆိုးဝတ်လာတဲ့ ညီ့ကို ကျနော် သဘောကျသွားတယ်၊ ကော်ဖီတစ်ခွက်အပြင် ပင်နီဆူလာက နန်းကြီးသုတ်တစ်ပွဲ၊ လက်ဖက်ရည်တစ်ခွက်နဲ့ အတူ နေခြည်နွေးနွေး ဖြာကျနေတဲ့ စင်္ကာပူရဲ့ မနက်ခင်းကို ကျနော်တို့နှစ်ယောက် သိမ်းပိုက်လိုက် ကြတယ်၊ ဖြူသလား၊ မည်းသလား အခုမှ တွေ့ဖူးကြပေမယ့် ၇ တန်းလောက်ကတည်း ကွဲသွားတဲ့ ညီအစ်ကိုတွေ ပြန်တွေ့တဲ့အလား ဆုံတွေ့မှုဟာ နွေးထွေးလှတယ်၊ စင်္ကာပူက လူနေမှုစနစ်၊ အဲဒီလူနေမှု စနစ်ထဲမှာ ဘဝအစုံစုံနဲ့ ကူးခတ်နေကြတဲ့ မြန်မာလူမျိုးတွေ၊ ပြီးတော့... များစွာသော လူတွေလိုပဲ မိဝေးဖဝေးမှာ လာအလုပ်,လုပ်နေတဲ့ ညီ...၊ ရသလောက် အချိန်လေးမှာ စာပေအနုပညာ၊ ဘဝအပေါ် အမြင် စတာတွေကို ပြောကြည့်ရ သလောက် ညီဟာ ဘလော့ဂ်သာရေးမယ်ဆိုရင် စာရေးကောင်းတဲ့ ဘလော့ဂါတစ်ယောက် ဖြစ်မှာ အသေအချာပါပဲ...၊

အဲဒီကနေမှ မသန္တာလွင်တို့အိမ်ကို ဆက်သွားဖြစ်တယ်၊ လူခေါ်ခေါင်းလောင်းလေးကို နှိပ်လိုက်တော့ တံခါးလာဖွင့်ပေးတာက မသန္တာရဲ့ အမျိုးသား ကိုခင်မောင်ဦး...၊ ကိုခင်မောင်ဦးနဲ့ အခုမှ တွေ့တာဖြစ်ပေမယ့် ဖော်ရွေတဲ့ သူ့အပြုံးကြောင့် အိမ်ထဲဝင်ရမယ့် ကျနော့်ခြေလှမ်းတွေ တုံ့မနေတော့ဘူး၊ အိမ်ထဲရောက်တော့ တစ်ခါ မသန္တာလွင်က ပြုံးရွှင်ဖော်ရွေစွာနဲ့ ဧည့်ဝတ်ပြုတယ်၊ အခုမှ ဆုံတွေ့ရတဲ့ ဧည့်သည်တစ်ယောက်ဟာ စက္ကန့်ပိုင်းအတွင်းမှာ နေသားတကျ ရှိသွားခဲ့တယ်ဆိုရင် အဲဒါဟာ အိမ်ရှင်တွေရဲ့ အခုလို အပြုံးတွေကြောင့် ဆိုတာ သေချာပါတယ်၊ မသန္တာလွင်က စားသောက်ဖွယ်ရာ အစုံအလင်ကိုလည်း စေတနာ၊ သဒ္ဒါတရား ထက်သန်စွာနဲ့ ပြင်ဆင်ထားတယ်၊

မီးဖိုချောင်ထဲကို ကြည့်လိုက်တော့ အစောကြီးကတည်းက ကြိုရောက်ပြီး တကုပ်ကုပ်နဲ့ ချက်နေပြုတ်နေတဲ့ ညီမငယ်မဒမ်ကိုး...၊ ကျနော် နှုတ်ဆက်တော့ အလုပ်များနေလို့ ခဏပဲ ပြန်နှုတ်ဆက်နိုင်တယ်၊ သူ့ကို လှမ်းကြည့်နေရင်း လုံကန်းသီးတွေကို သတိရလာတယ်၊ ဟုတ်တာပေါ့၊ ကြည့်စမ်း..၊ အဲဒီ လုံကန်းသီးတွေ ရှာဝယ်လာရမှာ..၊ ညီမ,မဒမ်ကိုးက လုံကန်းသီး အတော်ကြိုက်တဲ့အကြောင်း ကျနော် မှတ်သားဖူးတယ်၊ အခုတော့ ဝယ်ဖို့သတိမရခဲ့လို့ အသာပဲ ငြိမ်နေလိုက်ရတယ်၊ ပြောမယ့်သာ ပြောတာပါ၊ အကယ်၍ ဝယ်ဖို့သတိရသည့်တိုင်.. လုံကန်းသီး တစ်မျိုးထဲ ဝယ်ရမှာလား၊ ဒါမှမဟုတ် သူနဲ့တွဲပြီး ကုတ်အင်္ကျီပါ ဝယ်ရမှာလား ဆိုတာလည်း ကျနော်သိမှာ မဟုတ်ပါဘူး၊ ညီမငယ်က အားလုံးစားဖို့အတွက် မုန့်လင်မယားတွေ လုပ်နေတာပါ၊ သူ အပင်ပန်းခံပြီး လုပ်ပေးတဲ့ မုန့်လင်မယားတွေက တကယ်လည်း စားလို့ကောင်းတယ်၊ အေဒီ ၃ ရာစုနှစ်တုန်းက လူငယ်တွေ၊ စစ်သားလေးတွေကို ဥပဒေဆန့်ကျင်ပြီး လက်ထပ်ထိမ်းမြားပေးခဲ့တဲ့ ရောမဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို ချစ်ခြင်းကိစ္စ၊ လက်ထပ်ခြင်း အမှုကိစ္စနဲ့ ပတ်သက်ပြီး နှောင်းလူတို့က သတိရကြတယ်၊ အခုလည်း မုန့်တွေကို လင်စုံမယားစုံ အရသာရှိရှိ ထိမ်းမြားပေးခဲ့တဲ့ ညီမငယ်မဒမ်ကိုးကို မုန့်လင်မယားတွေ မြင်တိုင်း ကျနော်တို့ သတိရမိကြမယ် ထင်ပါတယ်...၊

အဲဒီအချိန်မှာပဲ အစ်မချစ်ကြည်အေးနဲ့ အစ်ကိုဝင်းနိုင်တို့ ရောက်လာကြတယ်၊ အစ်မချစ်က အိမ်ထဲရောက်တာနဲ့ လူစေ့ လိုက်နှုတ်ဆက်တယ်၊ တကယ့်ကို ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီး...၊ ခဏကြာတော့မှ ကျနော့်ရှေ့ မလှမ်းမကမ်းက ခုံမှာလာထိုင်တယ်၊ အနက်ရောင်လုံချည်၊ အနက်ရောင်အင်္ကျီနဲ့ ခုံပေါ်မှာ နွဲ့နွဲ့ပြေပြေ ထိုင်နေတာ ရသမြောက်တဲ့စာတွေ၊ ရင်ဘတ်ထဲ ဒုတ်ဒုတ်ထိရောက်တဲ့ မော်ဒန်ကဗျာတွေ ရေးတဲ့ အစ်မချစ်ကြည်အေးတဲ့လား...၊ တစ်မိုးတည်းအောက်မှာ အခုလို တရင်းတနှီး ဆုံရတဲ့အခါ ကျနော့်မှာ တကယ်လိုလို၊ အိပ်မက်လိုလိုနဲ့ ဖြစ်နေခဲ့သေးတယ်၊ အစ်မချစ်က စာရေးကောင်းသလို လူမှုဆက်ဆံရေးကိုလည်း ကျွမ်းကျင်သူပဲ ဆိုတာ ၅ မိနစ်လောက် စကားပြောပြီးပြီးချင်းပဲ သိလိုက်ရတယ်၊ တခါတုန်းက သူ့ဘလော့ဂ်ရဲ့ ဘန်နာမှာ ရေးထားတာလေး တစ်ခုကို ဖြတ်ကနဲ အမှတ်ရလိုက်တယ်၊ “ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ လက်သီးတော့ ပြင်းတယ်” တဲ့...၊ အခု ကျနော်မြင်ရသလောက်ကလည်း ရုပ်ချောတဲ့အစ်မ၊ သဘောကောင်းတဲ့ အစ်မပါပဲ၊ အဲ.. လက်သီးပြင်း မပြင်း စမ်းကြည့်ဖို့တော့ ကျနော့်မှာ စိတ်ကူးမရှိပါဘူး၊ တချို့ကိစ္စတွေက စာတွေ့နဲ့တင် လုံလောက်နေပြီ မဟုတ်လား၊ တကယ်တမ်း ရွေးရရင်တော့ အစ်မချစ်ရဲ့ လက်သီး ပြင်း၊ မပြင်း ဆိုတာထက် သူ ပြန်ဆိုထားတဲ့ “ကိုယ် မညာတော့ဘူး” သီချင်းကလေးကို ကျနော်က ပိုပြီး နားထောင်ချင်နေ ခဲ့တာပါ၊ အစ်ကိုဝင်းနိုင်ကလည်း အင်မတန်မှကို ခင်မင်စရာကောင်းပါတယ်၊ စကားစမြည်ပြောပြီး သိပ်မကြာခင်မှာပဲ ကျနော်သွားချင်တဲ့နေရာတွေကို ကားမောင်းပြီး လိုက်ပို့ပေးမယ်လို့ အစ်ကိုက ပြောတော့တာပဲ၊ တကယ်ဆို အလုပ်ကပြန်လာတဲ့အချိန် အနားယူရမယ့် အချိန်မှာ သိကျွမ်းရတာ နာရီဝက်တောင်မှ မရှိသေးတဲ့ ကျနော့်ကို ကျွန်းအနှံ့ နေရာစုံကို လိုက်ပို့ချင်သူပါ၊ ပြီးတော့ အဲဒီစကားကို လောကွတ်အနေနဲ့ ပြောတာမဟုတ်ဘဲ အဲဒီ တစ်ညနေခင်းလေးမှာပဲ ၁၅ ခွန်းတိတိ တဖွဖွ ပြောခဲ့တာ...၊ သူဟာ လူတစ်ဖက်သားကို ဘယ်လိုများ ကူညီရမလဲလို့ တချိန်လုံးများ တွေးနေသလားပါပဲ၊ အစ်မချစ်နဲ့ အစ်ကိုဝင်းနိုင်တို့ကို ကြည့်ပြီး ̔ရှေ့သွားနောက်လိုက်̕ ဆိုတဲ့ စကားလေးကို ကျနော် ကြားယောင်နေမိ ခဲ့တယ်...၊

အစ်မချစ်တို့နဲ့ တချိန်တည်းလိုလို ရောက်လာတာကတော့ ညီငယ်ကိုဖြိုး၊ Phyo Evergreen ပါ၊ ကျနော့်ဘလော့ဂ်မှာ တောင်တန်းတွေအကြောင်း ရေးမိရင်၊ ဓါတ်ပုံတွေ တင်မိရင် ရှေ့ဆုံးက အပြေးရောက်လာတတ်တဲ့ ညီငယ်လေး..၊ တောင်တန်းတွေကို စိတ်ဝင်စားတဲ့ ညီငယ်ကိုဖြိုးက “တောင်တန်းနှင့်တူသော ယောက်ျားများ”လို မာရေကျောရေနဲ့တော့ မဟုတ်ပါဘူး၊ နူးနူးညံ့ညံ့နဲ့ စကားကို တိုးတိုးညင်သာ ပြောတတ်တဲ့သူ...၊ အမြဲစိမ်းဆိုတဲ့ နာမည်နဲ့ လိုက်ဖက်စွာပဲ စိမ်းလန်း၊ ငြိမ်းချမ်းနေတဲ့သူ...၊ ကိုဖြိုးနဲ့ ဘေးချင်းယှဉ်ထိုင်ပြီး စကားပြောရတာက အောင်ပန်းကနေ ရွာငံသွားတဲ့ လမ်းဘေးမှာ တွေ့ရတတ်တဲ့ တောင်ကုန်းစိမ်းစိမ်းလေး တစ်ခုဘေးမှာ ထိုင်နေရသလိုပါပဲ၊ စိုက်ခင်းတွေနဲ့ စိမ်းလန်းတယ်၊ တောင်ပေါ်လေ အေးအေးလေးနဲ့ လတ်ဆတ်တယ်၊ မြေနီလမ်းကလေးနဲ့ စိုလက်တယ်၊ ပြီးတော့ ယဉ်ကျေးတဲ့ စကားအသုံးအနှုန်းတွေနဲ့ ဖော်ရွေလှတယ်...၊

ကျနော်တို့တွေ အဲဒီလို စကားထိုင်ပြောနေကြတုန်း တအောင့်လောက်အကြာမှာ လူခေါ်ခေါင်းလောင်းသံ ကြားလိုက်ရပြန်တယ်၊ ̔ဟော.. လာပြီထင်တယ်̕ ဆိုပြီး ကိုခင်မောင်ဦးကပဲ တံခါးသွားဖွင့်တယ်၊ ပြီးတော့ တဆက်ထဲ အားလုံးဖက်လှည့်ပြီး အစ်မသက်ဝေတို့ လာပြီလို့ လှမ်းပြောတယ်၊ စာတွေထဲကနေ တစွန်းတစ ရိုးတိုးရိပ်တိတ် သိခွင့်ရတဲ့ အစ်မသက်ဝေတို့ မိသားစုလေးကို အခုလို တွေ့လိုက်ရတာ ဝမ်းမြောက်ဖို့ကောင်းပါတယ်၊ အစ်မသက်ဝေတို့ လာပြီလို့ ပြောသံကြားလိုက် ရချိန်မှာ ကျနော့်အတွေးထဲ အဆိုတော် ကော်နီနဲ့ တက္ကသိုလ်အေးမောင် တို့က အပြေးအလွှား ဝင်ရောက်လာကြတယ်၊ မဆီမဆိုင် ဘယ်လိုကြောင့်များ ပါလိမ့်နော်၊ ဒါပေမယ့် အစ်မသက်ဝေကို တကယ်တမ်းလည်း မြင်လိုက်ရရော ကော်နီလည်းမဟုတ်၊ တက္ကသိုလ်အေးမောင်လည်း မဟုတ်တော့ဘဲ မာရဇ္ဇ ဖြစ်သွားတယ်၊ ♫♫ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး xxx ဂန္ထဝင်မြောက် မင်းရဲ့အလှ ထူးခြားလွန်းလို့လေ...♪♪♫ ဟုတ်တယ်၊ မာရဇ္ဇဟာ အဲဒီသီချင်းကို ရေးဖို့ အစ်မသက်ဝေဆီကများ inspiration ယူခဲ့တာလားလို့ ကျနော် စဉ်းစားမိ သွားတယ်...၊

ခဏလောက် အကြာမှာတော့ ကျနော်တို့ မုန့်ဟင်းခါး စားဖို့ စားပွဲမှာ နေရာယူကြတယ်၊ ချစ်ခင်ရတဲ့ မောင်နှမတွေနဲ့ တစ်စားပွဲထဲ၊ လက်ရည်တစ်ပြင်တည်း စားရတဲ့အဖြစ်ဟာ ပျော်ဖို့ကောင်းတယ်၊ မုန့်ဟင်းခါးကလည်း မည်ကာမတ္တ မုန့်ဟင်းခါး မဟုတ်ဘဲ အကြော်စုံ၊ နံနံပင်၊ ငရုတ်သီးမှုန့် အားလုံးအပြည့်အစုံနဲ့...၊ ဇတ်လမ်းက အဲဒီမှာ စတာပါပဲ၊ မသန္တာလွင်ရဲ့ မုန့်ဟင်းခါးကို စားလို့ ၃ ဇွန်းမြောက် အရောက်မှာ ကျနော့်လိုပဲ မုန့်ဟင်းခါးကြိုက်တဲ့ ဘကြီးတစ်ယောက်ကို သတိရသွားတယ်၊ သြော်.. သူဆိုလည်း ကြိုက်မှာပဲပေါ့၊ ဒါပေမယ့် အဲဒီဘကြီးရဲ့ နာမည်ကို ရုတ်တရက် စဉ်းစားလို့ မရဘူး၊ ဒါနဲ့ ဘကြီးလိုပဲ မုန့်ဟင်းခါးကြိုက်တဲ့ သူ့မိန်းမ နာမည်ကနေ လှည့်ပြီး စဉ်းစားကြည့်တယ်၊ ဒါလည်း မရဘူး..၊ အဲဒါနဲ့ အဒေါ်တွေကို စဉ်းစားမယ် လုပ်တော့လည်း ပိုတောင် ဆိုးနေသေးတယ်၊ ကျနော့်မှာ အဒေါ်ဘယ်နှစ်ယောက် ရှိမှန်းတောင် သတိမရတော့ဘူး၊ ကျနော် ထိတ်ထိတ်ပြာပြာနဲ့ ညီဝမ်းကွဲ၊ ညီမ၊ အစ်မဝမ်းကွဲ၊ ဦးလေး၊ အဒေါ်.. ရှိသမျှ ဆွေမျိုးတွေကို စဉ်းစားကြည့်တယ်၊ မရဘူး၊ အပြင်းအထန် စဉ်းစားကြည့်တယ်၊ လုံးဝ မရဘူး၊ အားလုံးကို မေ့သွားပြီ၊ အဲဒီမှာမှ ကျနော်သိလိုက်ရတော့တယ်၊ လူကြီးတွေ ပြောပြောနေတဲ့ ဆွေမျိုးမေ့အောင် ကောင်းတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို.....၊ ဒါနဲ့ မေ့လက်စနဲ့ မေ့ထားလိုက်ပြီး မုန့်ဟင်းခါး နောက်တစ်ပွဲပဲ ဆက်စားနေလိုက် တော့တယ်..၊

ကျနော့်ဘလော့ဂ်ကို သိတဲ့ မသိမ့်နဲ့လည်း ဆုံဖြစ်တယ်၊ မသိမ့်က silent reader ဆိုတော့ အဲဒီနေ့မှာ ဆုံတဲ့အခါမှ သူပြောလို့ သိရတာပါ၊ မသိမ့်က စာတွေကို တိတ်တိတ်ကလေး ဖတ်သလို အပြင်မှာလည်း တိတ်တိတ်ကလေးပဲ နေပုံရတယ်၊ ဒါပေမယ့် ခင်မင်ဖော်ရွေမှု မှာတော့ အများသူငါထက် ပိုပြီး တိုးတိတ်မနေခဲ့ပါဘူး၊ နောက်တော့ ကိုတင်မင်းထက်၊ ကိုကျော်စိုးမင်း တို့လည်း ရောက်လာကြတယ်၊ ကလေးလေးတွေလည်း ပါတယ်၊ အစောပိုင်းတုန်းက လူနည်းနေသေးတဲ့ အိမ်ကလေးဟာ အခုတော့လည်း စကားသံတွေ၊ ရယ်မောသံတွေနဲ့ ဆူဆူညံညံ ပျော်ပျော်ရွှင်ရွှင်...၊

ကျွန်းကလေးပေါ်မှာ ကျနော်ရှိနေတဲ့ အခိုက်မှာပဲ စာပေဟောပြောပွဲ ကျင်းပတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံရပါတယ်၊ အရင်တုန်းက သူများတွေ ရေးသမျှပဲ တဆင့်ခံ ပြန်ဖတ်နေရတဲ့ စာပေဟောပြောပွဲက အခု ကျနော်ရှိနေတဲ့ ရက်အနည်းငယ်အတွင်းမှာမှ ကျင်းပတာနဲ့ တည့်တည့်တိုးတာ..၊ ဝမ်းသာချက်ဆိုတာ ဘာပြောကောင်းမလဲ..၊ နေပူပူ၊ သဲပူပူနဲ့ ဆဟာရ သဲကန္တာရထဲမှာ ဆယ်နှစ်လောက် လှည့်လည်သွားလာနေတဲ့ လူတစ်ယောက်.. ၅ ရက်လောက် အပြင်ရောက်တုန်း ဘီယာစတေရှင်နဲ့မှ တည့်တည့်တိုးတဲ့ အဖြစ်လိုမျိုး...၊ တသက်လုံး ခြောက်သွေ့ငတ်မွတ် နေတာကို အတိုးချပြီးသောက်... အဲ.. အတိုးချပြီး နားထောင်လိုက်မဟဲ့ ဆိုတဲ့ စိတ်တွေနဲ့ ပျော်ရွှင်နေခဲ့တယ်၊ ဟောပြောပွဲ နာမည်က “ဒေါင်းကတဲ့နေ့” တဲ့...၊


ကျနော်တို့ ရောက်သွားချိန်က ပွဲစဖို့ လျာထားချိန်ထက် ၁၅ မိနစ်လောက် နောက်ကျနေပေမယ့်လည်း လူတွေအားလုံးက ခန်းမအပြင်မှာပဲ စောင့်နေကြတုန်းပါပဲ၊ ဒီပွဲကိုလာဖို့အတွက် ဝမ်းသာရပေမယ့် တဖက်မှာတော့ မိတ်ဆွေ၊ သူငယ်ချင်းတွေအတွက် အချိန်အများကြီး မကျန်တော့တာ စိတ်မကောင်းစရာပါ၊ မုန့်ဟင်းခါးစားပြီး ခဏနေတာနဲ့ ချက်ချင်းထွက်လာရတဲ့ ကျနော့်ကို အိမ်ရှင်တွေကတော့ ̔စားပြီး နားမလည်̕ လို့ မထင်လောက်ပါဘူးလေ လို့ပဲ ကိုယ့်ကိုယ်ကို အတင်းအားပေး နေရတယ်...၊



အဖွင့်စကားပြော၊ အခမ်းအနားမိတ်ဆက် စတာတွေ အပြီးမှာ ပထမဦးဆုံး အဖွင့်ဟောတာကတော့ ဆရာမသန်းမြင့်အောင်ပါ၊ ဆရာမက “နှလုံးလှသူ မမိုက်ပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပါတယ်၊ ဆရာမရဲ့ ဟောပြောပွဲတွေကို ကြုံလည်း မကြုံဖူး၊ ဖတ်လည်း မဖတ်ဖူးတဲ့ ကျနော်က ဆရာမရဲ့ ဇဝနဉာဏ်နဲ့ ယှဉ်တဲ့ အပြောမှာတင် သူ့ပရိတ်သတ်စစ်စစ် ဖြစ်သွားတော့တယ်၊ “ကျမငယ်ငယ်တုန်းက ရာမယန ဇတ်ကဖို့ လာခေါ်တော့ မင်းသမီးလည်း လုပ်ရမယ်ဆိုတဲ့အခါ ဝမ်းသာအားရနဲ့ လိုက်သွားတယ်၊ သီတာဒေဝီတော့ လုပ်ရပြီပေါ့လေ..၊ ဘယ်ဟုတ်ပါ့မလဲ..၊ ဟိုရောက်မှ ဒဿဂီရိရဲ့ ညီမ ဂမ္ဘီနေရာက သရုပ်ဆောင်ရမှာ ဖြစ်နေတယ်၊ ကျမ ရုပ်ရည်နဲ့လိုက်တဲ့ ဘီလူးမနေရာတဲ့”...၊ ဟိတ်ဟန်တစ်စက်မှ မရှိဘဲ ရိုးသားနှိမ့်ချတဲ့ ဆရာမက စိတ်ထားကောင်းဖို့၊ နှလုံးသားတွေ ဖြူစင်၊ လှပဖို့ အရေးကြီးတဲ့ အကြောင်းကို နာရေးကူညီမှု အသင်းက ကိုယ်တွေ့အဖြစ်တွေ၊ သူကိုယ်တိုင် ကြုံခဲ့ရတာတွေ.. စသဖြင့် အကိုးအကား များစွာနဲ့ ဟောသွားခဲ့တယ်၊



ဆရာမအလှည့် ပြီးတော့ ဆရာ သံလျင်မောင်မောင်ဦးက “ရယ်စရာနဲ့ မောစရာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆက်ဟောတယ်၊ ခေါင်းစဉ်နဲ့ လိုက်ဖက်စွာပဲ ဆရာက ရယ်စရာတွေ အများကြီးကို ကြားညှပ်ပြီး ဟောခဲ့တယ်၊ တချို့ဟာသတွေကို ကျနော် ကြားဖူးပြီးသား ဖြစ်ပေမယ့် ဆရာ့ရဲ့ ဟန်၊ ဆရာ့ရဲ့ မာန်၊ လေယူလေသိမ်း အပြည့်နဲ့ ဟောလိုက်တဲ့အခါ တဝါးဝါးရယ်သံတွေ ကြားမှာ အတူမျောပါ သွားခဲ့တော့တယ်၊

ဆရာ သံလျင်မောင်မောင်ဦး ပြီးတော့ အားလပ်ချိန်ပါ၊ အဲဒီမှာ ညနေစာအဖြစ် အုန်းထမင်းနဲ့ ကြက်သား ထမင်းဗူးလေးတွေ ဝေတယ်၊ ဒီကို မလာခင်တုန်းက စာပေဟောပြောပွဲတွေမှာ ညစာပါကျွေးတယ် ဆိုတဲ့အကြောင်း ဖတ်ရတော့ ကျနော့်စိတ်ထဲမှာ လူတွေက dining hall လို ခန်းမကျယ်ကြီး တစ်ခုထဲမှာ သွားစားကြတာနေမယ်လို့ တွေးနေခဲ့ဖူး သေးတယ်၊ လက်ထဲကို ထမင်းဗူးလေး ရောက်လာတော့ ကိုယ့်အတွေးကို ကိုယ့်ဟာကိုယ် သဘောကျပြီး ပြုံးမိတယ်၊ ပြီးတော့ ဒီလောက်လူတွေ အများကြီးက ဘယ်လိုနေရာတွေမှာ စားကြမလဲ မသိဘူးလို့ စိတ်ဝင်တစားနဲ့ လိုက်ကြည့်နေမိတယ်၊ အပြင်ဖက်လည်း ရောက်ရော.. ခုနတုန်းက အဝမှာ စုပြုံပြီး ထမင်းဗူးယူနေတဲ့ လူတွေအားလုံးက နေရာကိုယ်စီမှာ ဟန်ကျပန်ကျ..၊ တချို့က ခပ်လှမ်းလှမ်းက သစ်ပင်လေးတွေ အောက်မှာ၊ တချို့က လှေကားထစ်တွေ ပေါ်မှာ၊ တချို့က အဆောက်အအုံတွေရဲ့ အုတ်ဘောင်တွေပေါ်မှာ...၊ မသိရင် ပျော်ပွဲစား ထွက်လာကြတဲ့အတိုင်း တကယ့်ကို အေးအေးလူလူနဲ့...၊ ကျနော်တစ်ယောက်ပဲ ယောင်နနနဲ့ ဖြစ်နေတုန်း ဘေးနားက ညီမလေးတွေက အုတ်လှေကား တစ်ခုပေါ်မှာ အကျအန ထိုင်ပြီးနေပြီ၊ ဒီတော့မှ ရောမသားတွေလို ကျင့်မယ့် ရောမရောက် ဧည့်သည်တစ်ယောက်လို ကျနော်လည်း အမြန်ဝင်ထိုင်လိုက်ရ တော့တယ်...၊



ညစာစားအပြီးမှာတော့ ဆရာမြင့်မောင်ကျော်က ဆက်ဟောပါတယ်၊ ”အပြောင်းအလဲ စုတ်ချက်များ” တဲ့...၊ ဆရာ့ရဲ့ ဒီဇိုင်းတွေကို ကြိုက်နှစ်သက်တဲ့ ကျနော်က ဆရာဘယ်လိုများ ဟောမှာပါလိမ့်လို့ အစောကြီးကတည်းက စိတ်ဝင်စားနေခဲ့တာ..၊ ဆရာက ဂရပ်ဖစ်ဒီဇိုင်နာပီပီ slides တွေကိုသုံးပြီး အရောင်စုံ၊ အသွေးစုံနဲ့ ဟောခဲ့တယ်၊ ကျနော့်စိတ်ထဲ စာပေဟောပြောပွဲထက် presentation စာတမ်းဖတ်ပွဲ တစ်ခုနဲ့တောင် ပိုတူနေသေးတယ်လို့ သဘောတကျနဲ့ တွေးနေမိတယ်၊ သူ အနယ်နယ် အရပ်ရပ်မှာ ရိုက်လာခဲ့တဲ့ ဓါတ်ပုံတွေ၊ မဂ္ဂဇင်းတွေမှာ ထည့်ခွင့်မရတဲ့ ဒီဇိုင်းတွေ၊ သဘာဝပတ်ဝန်းကျင် အရေးနဲ့ နှီးနွယ်နေတဲ့ စိတ်ထိခိုက်စရာ ပုံတွေ...၊ ဒါတွေကို သုံးပြီး ဆရာမြင့်မောင်ကျော်က အရုပ်အား၊ အရောင်အား၊ အသံအား အပြည့်နဲ့ ဟောသွားခဲ့တယ်၊ တချို့ slide တွေကို ပြချိန်မှာ ပရိတ်သတ်ထဲက ရှိုက်သံတချို့တောင် ကြားနေရတယ်၊ ဆရာပြောတဲ့အထဲမှာ ရယ်စရာ မပါဘူး၊ အဖွဲ့အနွဲ့ တစ်ခုမှ မပါဘူး၊ ဒါပေမယ့် ထိထိရှရှ ဖြစ်ရတဲ့ ပုံတွေရယ်၊ ဌာန်နဲ့မာန်နဲ့ ဟောနေတဲ့ ဆရာ့အသံရယ် အောက်မှာ ခန်းမတစ်ခုလုံး ငြိမ်သက် တိတ်ဆိတ်နေခဲ့တယ်...၊



နောက်ဆုံးပိတ် အိတ်နဲ့လွယ်တာကတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ပါ၊ ဆရာက “ဒေါင်းတို့ရဲ့စောင်း” ခေါင်းစဉ်နဲ့ ဟောတယ်၊ ဒီ စာပေဟောပြောပွဲက ဆရာ့ရဲ့ ကဗျာစာအုပ်သစ် မိတ်ဆက်ပွဲလည်း ဖြစ်တာနဲ့အညီ အဲဒီထဲက ကဗျာတွေကို ဆရာက အဓိကထားပြီး ရွတ်သွားခဲ့တယ်၊ အဲဒီထဲမှာ ၈၈ အရေးအခင်း ကာလတုန်းက ဟောပြောပွဲ စင်မြင့်တွေထက်မှာ သူ ရွတ်လေ့ရှိခဲ့တဲ့ ကဗျာတစ်ပုဒ်လည်း ပါတယ်၊ နောက်ပိုင်းမှာ အဲဒီ ကဗျာရှည်က ပျောက်သွားခဲ့တယ်၊ ဆရာက ကဗျာကိုလည်း မမှတ်မိတော့ သလို လက်ခံစာမူလည်း မရှိတော့ဘူးလို့ ဆိုတယ်၊ သိပ်မကြာခင်ကမှ ကဗျာကို သိမ်းထားတဲ့ တစ်ယောက်က ဆရာ့ကို လက်ဆောင်ပြန်ပေးလို့ ဒီပွဲမှာ ကျေးဇူးတင် ဝမ်းသာစွာနဲ့ ပထမဦးဆုံးအကြိမ် ပြန်ရွတ်ပါ့မယ် ဆိုပြီး ဆရာက ရွတ်ပါတယ်၊ ကျနော့်နားထဲမှာတော့ ကြွေးကြော်သံတွေ၊ နဖူးစည်းတွေ၊ အလံပြောင်းပြန်တွေ၊ ဗိုလ်ချုပ်ဓါတ်ပုံတွေ၊ ပြီးတော့..... ယမ်းနံ့တွေ မြင်နေ၊ ကြားနေ၊ ရနေခဲ့တယ်၊ ၁၄ နှစ်သားဘဝမှာ သွေးတွေဆူဝေပြီး ခုန်ခဲ့ရတဲ့ ရင်ခုန်သံတွေကို ခြင်္သေ့ကျွန်းကလေးပေါ်က စာပေဟောပြောပွဲ ခန်းမထဲမှာ ကျနော် ပြန်ကောက်ရလိုက်တယ်၊

ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)က နောက်ဆုံးမှ ဟောရတာဖြစ်လို့ အချိန်မလောက်တာနဲ့ ကြုံရတယ်၊ ဟောနေရင်း တန်းလန်းမှာကို အမြန်ဆုံး အဆုံးသတ်ပေးဖို့ မေတ္တာရပ်ခံတဲ့ စာတိုလေးတစ်စောင် လာပေးတာ တွေ့တယ်၊ ဒါတောင် စပြီး ဟောကတည်းက ဆရာက စကားကို ခပ်မြန်မြန်လေး ပြောနေခဲ့တာ...၊ ဒီလိုနဲ့ သူပြောချင်တဲ့ အချက်တွေ မပြီးသေးပေမယ့် ̔နောက်တစ်ခေါက်ကျမှပဲ ဆက်ပြောတာပေါ့ဗျာ̕ ဆိုပြီး တုံးတိတိနဲ့ ဆရာက ရပ်လိုက်ရတော့တယ်၊ ဒါကိုမြင်တော့ သတ်မှတ်ထားတဲ့ အချိန်ထက် ၄၅ မိနစ်လောက် နောက်ကျပြီးမှ ပွဲစခဲ့တာကို ကျနော် ပြန်သတိရမိတယ်၊ ဘယ်လိုအခက်အခဲတွေ ရှိလို့ သတ်မှတ်ထားတဲ့ အချိန်အတိအကျမှာ မစနိုင်ခဲ့တာလဲတော့ ကျနော်မသိပါဘူး၊ အကယ်၍သာ အဲဒီလို စ,ခဲ့ရင် အနည်းဆုံးတော့ ပြောစရာရှိတာလေးကို အဆုံးထိတိုင် ဆရာတွေ ပြောနိုင်မှာပေါ့၊ ကျပ်ကျပ်တည်းတည်း ရှိပုံရတဲ့ ခန်းမ အချိန်ဇယားရယ်၊ စ,ဟောမိရင် တော်ရုံနဲ့ ဘရိတ်မအုပ်နိုင်တဲ့ စာရေးဆရာတွေရယ်နဲ့...အကြားမှာ ပွဲစီစဉ်ရသူတွေလည်း အတော်တော့ ခေါင်းခဲရမှာ သေချာပါတယ်၊ ကျနော် ကြားရသလောက် ဒီတစ်ခေါက်မှာ အတော့်ကို လူနည်းတယ်လို့ ဆိုတယ်၊ မြင်ရသလောက်လည်း လာတဲ့ပရိတ်သတ်က ခန်းမရဲ့ တဝက်တောင်မှ မရှိချင်ဘူး၊ ကျနော့်အတွက်ကတော့ ထိုက်ထိုက်တန်တန်နဲ့ ကျေနပ်မိတဲ့ ပွဲလို့ပဲ ဆိုရမှာပါ၊ တကူးတက လာတက်ပါ့မယ် ဆိုရင်တောင် အဆင်ပြေချင်မှ ပြေမယ့် စာပေဟောပြောပွဲ တစ်ပွဲကို ချစ်ခင်ရတဲ့ မိတ်ဆွေ၊ မောင်နှမတွေနဲ့ အခုလို တိုက်တိုက်ဆိုင်ဆိုင် နားထောင်ခွင့်ရတဲ့ အဖြစ်ဟာ ကာလများစွာတိုင် အမှတ်ရနေဦးမယ့် အဖြစ်ပါပဲ...။ ။


(မှတ်ချက်။ ။ ကျနော် လေးစားခင်မင်ရတဲ့ ညီအစ်ကို၊ မောင်နှမတွေနဲ့ ဆုံတွေ့ရတဲ့ အကြောင်းကို ရေးဖွဲ့တဲ့ နေရာမှာ သူတို့အပေါ် ရင်းနှီးချစ်ခင်တဲ့ စိတ်အခြေခံနဲ့ ရေးပါတယ်၊ ကျနော့်ရဲ့ အဲဒီလို အရေးအသားဟာ သူတို့ကို တစုံတရာ စိတ်အနှောင့်အယှက်တော့ မဖြစ်တန်ရာလို့ပဲ မျှော်လင့်ပါတယ်၊ ဒီတစ်ပုဒ်မှာတော့ အထဲမှာပဲ ထိုင်နေရတာ များသွားလို့ နောက်တစ်ပုဒ် အပိုင်း-၄ မှာ ကျနော်တို့ အပြင်ဖက်ကို လျှောက်လည်ကြရအောင်၊ ရာသီဥတုလေး သာတောင့်သာယာ ရှိတုန်းလေး....)း)


ညီလင်းသစ်
၂၅ မတ်၊ ၂၀၁၃

30 comments:

Anonymous said...

I m afraid to read no.3.

Nyi

Anonymous said...

ဟိုတုန်းက တနဂ်နွေ တခါပြန်ပြီးရဖို့အရေး...


ညီ

သက်ဝေ said...

လာမယ့် တနင်္ဂနွေ တစ်ရာနဲ့ လဲ မလေ... (((ဟမ်)))

သက်ဝေ said...

စောစောစီးစီး လာဖတ်ပြီး ကော်မန့်ရေးမယ်ကြံတော့ ရှေ့က သီချင်းတွေ့တာနဲ့ မနေနိုင်ပဲ ဆိုလိုက်မိဒလယ်... :P

အခုတော့ ကျွန်မ သိပြီ... မုန့်ဟင်းခါး စားရင်း ကိုညီလင်း ငြိမ်သွားတာ ဆွေတွေ မျိုးတွေနာမည် စဉ်းစားနေတာမှန်း သိသွားပြီ... မာရဇ္ဇ သီချင်းအကြောင်းတော့ တို့ မစဉ်းစားချင်ပါဘူး... လွမ်းစရာလေးတွေ ဖြစ်ကုန်လို့ပါ... အဟိ...

တွေ့ဖြစ်ခဲ့ကြတာ အချိန်တိုလေးပေမယ့် အမှတ်တရပါ ကိုညီလင်းရေ... နောက်လည်း တွေ့ကြအုံးမယ်နော်...း-)

မဒမ်ကိုး said...

မုန့်ဟင်းခါးချက်ဖြစ်လားအကိုဘယ်လိုနေတုန်းး)

နော်နော် said...

ကျွန်းကလေးရဲ့ ရင်ခွင် (၃)မျှော်နေတုံး ပို့စ် အသစ်တက်လာတော့ ဖတ်လိုက်ရတယ်။ဘလော့ဂါ မောင်နှမတွေနဲ့ ခင်ခင်မင်မင် တွေ့ဆုံကြပြီး စာပေ ဟောပြောပွဲတောင် နားထောင်ခွင့် ရလိုက်တဲ့ ကိုညီလင်းသစ်ကို အားကျသွားတယ်။အမမှာ off မရလို့ စာပေဟောပြောပွဲနဲ့ လွဲရတာ အကြိမ်ကြိမ်။ရုပ်ရှင်တွေထက် စာပေဟောပြောပွဲတွေကို ပိုနှစ်သက်ခဲ့တာ ဟိုး ကလေးဘ၀ထဲက။ခုလည်း စာတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်တုံး။ဖတ်လို့ မ၀ဘူး။အပိုင်း (၄) မျှော်နေပါမည့်အကြောင်း။ ခင်မင်စွာဖြင့်- အစ်မ နော်နော်

မြသွေးနီ said...

ရောက်တုန်းပေါက်တုန်း မေင်နှမတွေနဲ့လဲ တွေ့ခွင့်ကြုံ၊ စာပေဟောပြောပွဲပါ ရောက်ဖြစ်သွားတာ.. တယ် မနာလိုချင်စရာကြီး ကိုညီရေ.. ဒိုးကန်ရဲ့ မုန့်လင်မယားလေးက အနံ့လေးတောင်
မွှေးလာသလိုပဲ.. ဆွေမျိုးမေ့တဲ့ မုန့်ဟင်းခါးလေးကလည်း အတော့်ကိုကောင်းမယ့်ပုံ။ ဆံပင်ရှည်ရှည်..အရပ်မြင့်မြင့်သီချင်းကတော့ ကွက်တိပဲ။ မချစ်ရဲ့ ကိုပန်းသီးက အင်မတန် ခင်စရာကောင်းတယ် (ကိုယ်တွေ့) ။ ဗီဇာမလို၊ လေယာဉ်ခမကုန်ပဲ ကိုယ်တိုင် စလုံး ရောက်သွားသလို ခံစားလိုက်ရတယ်။ အပိုင်း(၄)ကို စိတ်စောစွာဖြင့်...

Ma Tint said...

ပထမဦးဆုံး အကြိမ်တွေ့တာဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရင်းနှီးကျွမ်းဝင်ခဲ့သူရယ်လို့ ရင်ထဲမှာဖြစ်နေတာ ဘလော့ဂါတိုင်းရဲ့ တူညီတဲ့ခံစားချက်တစ်ခု ထင်ပါရဲ့ မောင်ညီလင်းရေ… ဘလော့ဂါတစ်ဦးချင်းရဲ့ အကြောင်းကို တစ်လေးတစ်စား ဖေါ်ညွှန်းထားတာ မြင်ရလေတော့ ပို့စ်တင်တိုင်း စိတ်ဝင်စားလောက်အောင် စံနစ်တကျလေး စီစီရီရီ တင်တတ်မှန်းသိနေပေမယ့် မချီးကျူးပဲ မနေနိုင်လောက်အောင်ပါပဲ။ မသန္တာဟင်းချက်ကောင်းတာ၊ မဒိုးရဲ့ မုန့်လင်မယား လက်ရာ၊ မသက်တို့ ဇနီးမောင်နှံ၊ ပြီးတော့ မချစ်နဲ့ ကိုဝင်းနိုင် သူတို့လေးတွေရဲ့ ဧည့်ဝတ်ကျေလွန်းတာတွေကိုတော့ တီတင့်လည်း အမြဲသတိတရ ရှိနေဆဲပေါ့ကွယ်… မောင်ညီလင်းသာ အချိန်ဒီထက်ပိုပေးနိုင်ရင် သဘောကောင်း မနောကောင်း ဘလော့ဂါတွေ တစ်လှေကြီးရှိသေးပါ့ စာပေဟောပြောပွဲအတွေ့အကြုံလေး အသေးစိတ် ထပ်ဆင့်မျှဝေပေးလို့ ကျေးဇူးပါ။ အပိုင်း-၄ ရှိသေးတယ်ဆိုလို့ ၀မ်းသာစွာနဲ့စောင့်နေမယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တမာတောမြေ said...

အလှတရားက ကြည့်သူအပေါ်မှာမူတည် တယ်ဆိုတာ တကယ်ပါပဲ..
မြင်တဲ့အတိုင်း ရေးတတ်တော့လည်း အားလုံးဟာ လှပ နေပါရောလား..
ဒီနေ့လောကကြီးလှပနေပါတယ်..
ကျော်စိုးမင်း

MgMyo said...

တစ်ခါတည်းနဲ့ အများကြီးဆုံရတာကောင်းတာပေါ့ အားကျစရာကြီးး တစ်ချက်ပစ် အုပ်လိုက်ထိပေါ့ ဦးလေးကြီး ငှက်ပစ်တော်တယ်း)

ဒါနဲ့ လုံချည်ကြီး နဲ့ ညီ ဆိုတာကို စိတ်ဝင်စားတယ် သိများသိနေမလား ။

အဲဗားဂရင်းဖြိုး နဲ့ ဆုံဖူးချင်တယ်။

Thandar Lwin said...

အညာသူချက်တဲ့ ပဲများများ မွင်းငါးကို အချိန်ပေးလာစားတာကို ကျေးဇူးတင်မဆုံးပါဘူး ။ နောက်တခေါက်ချက်ကျွေးချင်ပါသေးတယ်..:D

Thinzar Najma said...

မုန့်ဟင်းခါးစားပြီး ဆွေမျိုးတွေကို မေ့သွားတဲ့အကြောင်း ရေးထားတာကို အရမ်းသဘောကျနေတာ :D ရေးလည်းရေးတတ်တယ်။

မိုးငွေ့........ said...

အစ်ကိုရေးတဲ့စာတွေကိုဖတ်ရတာ တခါတခါကျရင် အသက်ရှူဖို့မေ့နေတတ်တယ် မျောသွားလို့လေ....ပြီးတော့ချစ်ခင်ရတဲ့ ဘလော့ဂါအစ်ကိုအစ်မတွေအပေါ်မှာ မြင်တဲ့ အမြင်ကိုဖော်ညွှန်းထားတာ မမြင်ဖူးတဲ့ သူတွေကိုတောင် မြင်ဖူးသလိုဖြစ်စေတယ်...။ အိုခေ...နောက်တစ်ပို့စ် အပြင်လိုက်လည်မယ်...။

Anonymous said...

I m ur silent reader..
ur posts are great!
love all ur posts...
keep rocking..!!
thnx 4 sharing..
Anne

ညိမ်းနိုင် said...

တွေ့ဆုံကြုံခဲ့ရသူတွေအကြောင်းရေးထားတာလေးက
ချစ်ဖို့ကောင်းလိုက်တာဗျာ....၊မုန့်ဟင်းခါးကောင်းလွန်း
လို့ဆွေမျိုးမေ့သွားတာလေးရေးထားတာလည်း သဘော
ကျတယ်.....၊ကဲဗျာ......အပိုင်း၎မှ အပြင်ဘက်ထွက်လိုက်
ခဲ့မယ်နော့်.....(နဲနဲတော့ အားနာတယ်....အလွဲတွေနဲ့
ဧည့်ဝတ်မကျေခဲ့လို့..... :)))))

ရွှေအိမ်စည် said...

ဒုတိယအကြိမ်မြောက် လာမန့်ခြင်း အကိုရေ..။
ရုံးမှာ အလုပ်တစ်ဘက်နဲ့ စိတ်က မဖြောင့်...အပေါ်ထပ်တက်သွားရလိုက်....ကိုယ့် ခုံကလေး ပြန်ရောက်လာ..တစ်ပိုဒ်ဖတ်လိုက်နဲ့.။
အားပါးတရလည်း မန့်ပြီးရော..blogger မှာ sign in ၀င်မထားပဲ ရုံးအီးမေးလ်ဖွင့်ထားမိတာ မေ့ပြီး ချာလပတ်ရမ်းကုန်ရော..။
အဲဒါနဲ့ မန့်ထားတာတွေ ပျောက်ကရော..။
ရင်ခုန်သံတောင် အနည်းငယ်ကျွတ်ကျဲ သွားတယ်..အဟဲ :D ။
မုန့်ဟင်းခါးကောင်းပုံကို ရေးထားတာ တကယ်သဘောကျတယ်..။
ပထမ တကယ်မေ့နေတာ မှတ်လို့ ဘာများဖြစ်လဲလို့...တော်တယ်ကွာ..ရေးချက်က..။
အကို ရေးတာဖတ်နေရင်း ကိုယ်တိုင်ပါ သူတို့တွေနဲ့ ကိုယ်တိုင် ကိုယ်ကျတွေ့နေရသလို ခံစားမိတယ်..။
စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ မျောပါအသွားဆုံးက စာပေဟောပြောပွဲပဲ..။ ကြံကြံဖန်ဖန်တိုက်ဆိုင်ကြုံကြိုက်တဲ့ အကို့အတွက် တကယ် အမှတ်တရပဲနော်..။
ဆရာမောင်စိန်ဝင်း ပိန်သွားပြီ..။
နောက် ဆရာမြင့်မောင်ကျော် ပြတဲ့ slide တွေ တကယ်ကြည့်ချင်တယ်...ရှိုက်သံအနည်းငယ်တစွန်းတစထွက်ပေါ်လောက်ရတဲ့ အနုပညာကို တကယ်ခံစားကြည့်ချင်တယ်ဗျာ..။
ဒါနဲ့..ဓာတ်ပုံတွေမှာ အကို နာမည်ရေးထိုးထားပုံကလေး တကယ် သဘောကျတယ်..။
ဆရာမသန်းမြင့်အောင် ပုံမှာဆို ဟို ဟောပြောတဲ့ ဘာလေးခေါ်လဲ..ခုံလေး ဆိုပါတော့ အဲဒါနဲ့ ကွက်တိပဲ...။
တွေ့ကြုံ ဆုံတွေ့ရတဲ့ ချစ်စရာမြင်ကွင်းလေးကို ပုံပေါ်အောင်ရေးသွားတာ အရမ်းသဘောကျတယ်..။
အပိုင်း (၄) ကို ဆက်လိုက်ခဲ့ပြီကွယ်.. :)) ။

Anonymous said...

ဗမာပီပီ မုန့်ဟင်းခါး ဆိုတာကို အသံကြားတဲ့အခါ… ဓါတ်ပုံမြင်တဲ့အခါ… ချက်ချင်းစားချင်စိတ်ဖြစ်မိတာတွေ အကြိမ်ကြိမ် ကြုံခဲ့ဘူးပါတယ်…
ဟားးးးးးး…ကိုညီ့ရဲ့ မုန့်ဟင်းခါး အဖွဲ့ မှာ ဘာကိုပြောချင်တာပါလိမ့် ဆိုပြီး မျောသွားလိုက်တာ… (ကိုညီ့ အမျိုးတယောက်ယောက်ရဲ့ မုန့်ဟင်းခါး ဇာတ်လမ်းများလား ဆိုပြီး ဖတ်နေရင်းကို ထင်မိသေးတယ်…) အဆုံး အရောက်မှာ “ဟာ” ကနဲ ဘဲ…
ကိုညီ့ အရေးအဖွဲ့  ကတော့ဗျာ…တော်ချက် 

Anonymous said...

အော် ..................ကိုညီလင်း...ကိုညီလင်း (ဆွဲဆွဲငင်ငင်ဖြင်.)
တခါမှမမြင်ဖူး၊မဆုံဖူးကြတဲ. သူစိမ်းတွေကိုတောင် ကြွေကျသွားအောင်ရေးတတ်၊ပြောတတ်တာ၊ မအိမ်သူကို သူဘယ်သို.ဘယ်ပုံ ပြောခဲ.ပါလိမ်.နော် .......

မိုးညချမ်း said...

စာပေချစ်သူတစ်ယောက်အနေနဲ့ ကျွန်းကလေးပေါ်အရောက် စာပေဟောပြောပွဲနဲ့တိုးတာတော့ ၀မ်းသာစရာပဲ အစ်ကိုရေ ...
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ “ဒေါင်းတို့ရဲ့စောင်း”ကိုတော့ ရန်ကုန်က ဝေဇယန္တာ Orange Supermarket မှာ ဟောပြောတုန်းက နားထောင်ဖူးတယ် ... ဟုတ်တယ် အစ်ကို ... အဲဒီထဲက ဆရာရွတ်ပြတဲ့ ကဗျာလေးတွေက အရမ်းကိုကောင်းတယ်နော် ... တစ်ချို့ကဗျာတွေဆို ကြက်သီးများတောင်ထမိတယ် ... ကဗျာရှည်တော့ မကြားဖူးသေးဘူး ... ဆရာ့ရဲ့ကဗျာရှည်ကိုတော့ ဖတ်ချင်လိုက်ပါဘိ အစ်ကိုရေ ... :)

Anonymous said...

ပျော်စရာကြီးနော် စာလိုက်ဖတ်ရင်းနဲ့တောင် အလိုလို ကြည်နူးလာမိတယ်၊၊ စာပေဟောပြောပွဲ တစ်ခါမှ နားမထောင်ဖူးဘူး၊၊ ဒီတစ်ခေါက်အိမ်ပြန်ရင် တစ်ပွဲလောက်တော့ နားထောင်ဖြစ်အောင် ကြိုးစားမယ်၊၊
တိမ်ပြာ(မနောမြေ)

blackroze said...

အကိုရေ..
အခုလိုဘလော့ဂါမောင်နှမတွေနဲ့
တစုတဝေးတည်းတွေ့ဆုံခဲ့ရတာကို
အားကျတယ် အကိုရာ...
ရင်ခုန်သံအပိုင်း 4 ကိုလည်း
စောင့်မျှော်နေပါတယ်..

Shinlay said...

ပျော်စရာတွေခံစားသွားတယ်ကိုညီ။

ညီလင်းသစ် said...

Nyi...
No need to scare lah! :) တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်..း)

အစ်မသက်ဝေ...
တစ်ရာကတော့ ဟုတ်ပါပြီ၊ သူ့အနောက်က ယူနစ်က ဘာတုန်း?း) အဲ.. မုန့်ဟင်းခါးစားရင်း ငြိမ်နေမိတာက အစ်မသက်ဝေ အရှေ့က မန္တလေးပဲကြော် ပန်းကန်ကို ဘယ်လိုများ တောင်းရင် ကောင်းမလဲလို့ စကားလုံး ရှာနေတာ အစ်မရဲ့..၊းD

ညီမ,မဒမ်ကိုး...
မချက်ဖြစ်သေးပါဘူး ညီမရာ..၊ လောလောဆယ် မုန့်လင်မယားပဲ လုပ်စားရမလား စဉ်းစားနေတာ...၊း)

အစ်မနော်နော်...
ဟော.. off မရဘူးဆိုတော့ ပွဲတွေက နီးရက်နဲ့ ဝေးနေတာပေါ့၊ နောက်တစ်ကြိမ်မှာတော့ အဆင်ပြေပါစေဗျာ၊ ပုံမှန်လာဖတ် နေတာကိုလည်း ကျေးဇူးပါလို့...၊

အစ်မမြသွေး...
ဟုတ်တယ် အစ်မရဲ့၊ ကျနော့်အဖြစ်က ပြည်သူ့ဆိုင်မှာ ဆပ်ပြာသွားထုတ်တဲ့ နေ့မှာမှ သကြားပါ ပေးနေတာနဲ့ ကြုံလိုက်တဲ့ သမဝါယမခေတ်က အိမ်ရှင်မ လိုပါပဲ၊း) အဲဒါကိုပဲ ပြန်တွေးတိုင်း ဝမ်းသာနေရတာ..၊း)

တီတင့်...
ဟုတ်ကဲ့ တီတင့်..၊ ကျနော်လည်း အဲဒီ တစ်လှေကြီး ရှိနေသေးတဲ့ သဘောကောင်း၊ မနောကောင်း ဘလော့ဂါတွေကို အခွင့်ရရင် ဆုံချင်ပါသေးတယ်၊ ဟိုတစ်ခါ တီတင့်အိမ်မှာ တပြုံတမကြီး ဆုံတွေ့ ကြတာကိုကြည့်ပြီး အားကျနေတာ...၊း)

ကိုကျော်စိုးမင်း...
ဟုတ်တယ်ဗျာ၊ တကယ်ဆို အဲဒီအလှတရားတွေကို ဒီ့ထက်ကြာကြာ အချိန်ပိုပေးပြီး ကြည့်ခဲ့ရမှာ..၊း) စာပေဟောပြောပွဲနဲ့ တိုက်နေလို့ အပြေးအလွှား ဖြစ်သွားတယ်၊ ဘာပဲဖြစ်ဖြစ် ဆုံခဲ့ရတာ ဝမ်းသာစရာပါ..၊

ညီငယ်မောင်မျိုး...
ဘယ့်နှယ်.. ဦးလေးကြီး ဖြစ်သွားရပြန်တာတုန်း..၊း) အဲ့ဒီထဲ အဝေးက ဖုန်းလှမ်းဆက်တဲ့ ငှက်ကလေး တစ်ကောင်တောင် ပါသေးတယ်၊ ညီက ̔ညီ့̕ ကို သိနေမယ် ထင်လို့လား...၊း)

မသန္တာ...
ကျနော်ကလည်း အခုလို ဖိတ်ကျွေးတဲ့အတွက် ကျေးဇူးတင်လျက်ပါ၊ အကြာကြီး မနေနိုင်ခဲ့တာကိုပဲ စိတ်မကောင်းတာ..၊ နောက်တစ်ခါ ကြုံရင်လည်း စားချင်ပါသေးတယ်၊ အဲ.. ဒီတစ်ခါ ဆိုရင်တော့ မစားခင်မှာ အမျိုးတွေရဲ့ နာမည်တွေကို စာရွက်ပေါ်မှာ ချရေးပြီး မှတ်ထားမှပဲ ဖြစ်တော့မယ်..၊းD

မသဉ္ဇာ...
ဟုတ်တယ်ဗျာ.. အဖြစ်က အဲဒီလို၊း) အဲ.. တစ်ခုပဲ၊ ဒီစာကို အမေ့ခံ ဆွေမျိုးတွေ လာမဖတ်မိဖို့တော့ လိုမယ်ဗျ...၊း)

ညီမမိုး...
အာ.. အဲဒီလိုတော့ မလုပ်ပါနဲ့ ညီမရာ..၊ တော်ကြာ ဂူးဂဲလ်ရဲ့ ဘလော့စပေါ့က ကျနော့်ရဲ့ ဘလော့ဂ်ကို ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ ဘလော့ဂ်စာရင်းထဲ ထည့်လိုက်နေပါ ဦးမယ်..၊း) အပြင်လည်း လိုက်ခဲ့ပါ ညီမရေ..၊

Anne...
Thank you for your encouragement! It makes me keep moving. :) And... thanks also for leaving this comment despite a silent reader. :)

ကိုညိမ်း...
ကျေးဇူး ကိုညိမ်းရေ...၊ ကဲ.. ကိုညိမ်းကတော့ ပြောရော့မယ်၊ ဒီ့ထက် ဧည့်ဝတ်ကျေတာ ရှိပါအုံးမလားဗျာ၊း)

ညီမရွှေအိမ်စည်...
ခဲရာခဲဆစ် အခြေအနေတွေ ကြားကနေ အခုလို ဒုတိယအကြိမ်တောင် ထပ်လာပြီး ကွန်မန့်ပေးတာ အတွက် တကယ့်ကိုပဲ ကျေးဇူးပါ ညီမရေ..၊ ကျနော်လည်း အဲဒီလိုတွေ ဖြစ်ဖူးလို့ နောက်ဆို ကွန်မန့်ရေးတာ ရှည်သွားပြီဆို publish မလုပ်ခင်မှာ word ပေါ်မှာ ကော်ပီအရင်ကူးထား ရတယ်၊ တခါတလေ log-in ဝင်ထားတာတောင်မှ error နဲ့ တိုးတတ်သေးတာ ကလား၊း) နာမည်ထိုးပုံ အသေးစိတ်လေးကအစ အချက်တော်တော်များများကို ဂရုတစိုက်နဲ့ ထဲထဲဝင်ဝင် ဖတ်သွားတဲ့အတွက်လည်း ကျေးဇူး အများကြီး တင်ပါတယ်နော်...၊

အမည်ဝှက်စာဖတ်သူ (၁)...
ဟုတ်တယ်နော်..၊ မုန့်ဟင်းခါးကတော့ ဘယ်အချိန်၊ ဘယ်နေရာရောက်ရောက်.. ဘယ်တော့မှ စားလို့ မဝဘူး၊ ချစ်စရာ ကွန်မန့်လေးအတွက်လည်း ကျေးဇူးပါဗျာ...၊း)

အမည်ဝှက်စာဖတ်သူ (၂)...
ဟားဟားဟား... ဖြန့်ထွက်တွေးခြင်းဆိုတာ ဒါမျိုးကို ပြောတာဖြစ်ရမယ်၊းD အင်း... အချိန်စီးကြောင်းရဲ့ တိုက်စားမှုထဲ မျောပါသွားလို့ ဘယ်သို့ဘယ်ပုံ ပြောခဲ့တယ် ဆိုတာ မမှတ်မိတော့ပါဘူးဗျာ၊း) (ရီရီဝေဝေဖြင့်...)း)

ညီမမိုးည...
ဟုတ်တယ် ညီမရေ..၊ ဆရာ့ရဲ့ ကဗျာရွတ်တဲ့ ဟန်နဲ့ အသံက အတော်လေး နားထောင်လို့ ကောင်းတယ်နော်၊ ဒါတောင် အချိန်မလောက်လို့ အဆုံးထိ နားမထောင်ခဲ့ရဘူး...၊

မနောမြေကတိမ်ပြာ...
သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့ဗျာ..၊ ကြုံကြိုက်လို့ကတော့ တကယ်ကို နားထောင်သင့်ပါတယ်..၊

ညီမ blackroze...
ဟုတ်ပါတယ် ညီမရေ၊ ရင်ဘတ်တူကြသူတွေ အချင်းချင်းဆိုတော့ ဆုံတွေ့ခဲ့ရတာ တကယ်ပဲ ပျော်စရာ..၊

အစ်မရှင်လေး...
ဟုတ်ကဲ့...၊ ကျေးဇူး တင်ပါတယ် အစ်မရေ...၊

Anonymous said...

အကိုစာဖတ်နေရင်းကို ပျော်နေမိတယ် ဘာကြောင့်ပါ့လိမ့် ကိုယ်တိုင်းတွေ့ နေရသလိုလိုနဲ့ ..အကိုကပဲစာရေးကောင်းလို့ ထင်တယ် မျက်စိထဲကိုမြင်မိတယ်..:) အပိုင်း၎ ကိုမျှော်နေပါကြောင်း

ချစ်စံအိမ်

Anonymous said...

ဆွေမျိုးမေ့တဲ့ မုန့် ဟင်းခါးကို စိတ်ဝင်စားသွားပြီဟဲဟဲ မမြင်ဘူးတဲ့ ဘလော့ဂါတွေကို အစ်ကိုရေးတဲ့စာတွေ ကနေ တဆင့်မြင်ဘူးသွားပြီ မနေ့ ကတည်းက မန့် မလို့ ပါဆိုမှ စူပါ ကွန်နက်ရှင်နဲ့ တိုးနေလို့ 
AA

Kabyar said...

တနင်္လာနေ့ တိုင်း အလုပ်မှာ ပျင်းရိငြိငွေ့ တတ်ပေမယ့် ကိုညီ့ ဘလော့လေးမှာ ပို့ စ်အသစ်တင်တတ်လို့ ရုံးရောက်ရင် မြန်မြန်လာကြည့်ဖို့  စိတ်စောနေတတ်ပါတယ်..။။
အသစ်လေးမြင်ရင် စိတ်ကျေနပ်။။ ပြီးတော့ အလုပ်လုပ်ရင်းနဲ့  လာလာဖတ်ပေါ့..။။
ဒီတစ်ခါလည်း ကော်မန့် ကို တစ်ကြိမ်ထပ်ရောက်လာပြီး ရေးဖြစ်ပြန်ပါပြီ..။။

မုန့် ဟင်းခါးနဲ့  မုန့် လင်မယားက အလွန်ကြိုက်သော မြန်မာမုန့် တွေပါပဲ..။။
မှတ်မှတ်ရရ စာပေဟောပြောပွဲကို ဆရာမဂျူးတစ်ယောက်ပဲ နားထောင်ဖူးတယ်...။။
ကိုညီရေ...အပြင်ဖက်ကို လျှောက်လည်ဖို့  အသင့်ဖြစ်နေကြပါပြီ...။။း))

San Htun said...

စလုံးက ဘလော့ဂါမောင်နှမတွေနဲ့  တပျော်တပါးဆုံရတာ ပျော်စရာကြီး..စာပေဟောပြောပွဲ တခါမှ နားမထောင်ဘူးလို့  အားကျလိုက်တာ..အပိုင်း ၄ မျှော်နေမယ် ကိုညီ..ဟန်ဒါဆန်ဝေ့တံတား၊ ရုက္ခဗေဒဥယျာဉ် ရောက်ခဲ့လား ကိုညီ...

Anonymous said...

ဘလော့ဂါတွေနဲ့ တွေ့ ခဲ့တယ်ဆိုတော့ပိုလို့ စိတ်ဝင်စားမိတာတော့အမှန်ပါ။
ကိုယ့်စိတ်ကူးနဲ့ မြင်ကြည့်ထားတာလေးတွေနဲ့ တိုက်ဆိုင်မလားလို့ လည်းတိတ်တိတ်လေးတွေးပြီး နှိင်းယှဉ်ကြည့်နေမိတယ်။
ကျေးဇူးပါ။
အိုင်အိုရာ

ချစ်ကြည်အေး said...

ကိုညီလင်းသစ်ရေ မချစ်က ဖုန်းထဲကနေတော့ ဖတ်ပြီးပါပြီ။ ခုမှပဲ လာမန့်ရတာပါ။ တွေ့ဆုံခွင့်အတွက် မချစ်တို့ ကျွန်းသားတွေကလည်း ကျေးဇူးတင်ရပါတယ်။ သီချင်းကိုတော့ နောက်တစ်ခေါက်ကျမှပဲ live ဆိုပြပါတော့မယ် နော်း))

khin oo may said...

တို့လဲအဲသလို ခပ်ပြေပြေလေးထိုင်ပြလိုက်ပါရဲ့ ဖွဲ့မယ်မှန်းသိရင်.