14 March 2013

ကျွန်းကလေးရဲ့ ရင်ခွင်မှာ


အကြိမ်ပေါင်းများစွာ တွက်ချက်စဉ်းစားလိုက်၊ စိတ်ကူးထဲမှာ ပုံဖော်ကြည့်လိုက်၊ လိုအပ်တဲ့ အချက်အလက်တွေ ရှာလိုက်၊ ချိန်ထားပြီးကာမှ ပြန်ပျက်သွားလိုက်၊ အားတက်လိုက်၊ အားလျော့လိုက်နဲ့.. အဲဒီလို အဖြစ်အပျက်တွေ အပြီး နောက်ဆုံးမှာတော့ ခြင်္သေ့ကျွန်းကလေးကို ကျနော် တကယ်ပဲ ရောက်သွားခဲ့တော့တယ်၊ တကယ်တမ်း သွားတဲ့နေ့အထိ ကျနော့်မှာ စိတ်ချလက်ချ မဖြစ်သေးဘူး၊ အနီးကပ်မှ အလုပ်ကိစ္စတစ်ခုခုများ ပေါ်လာမလား၊ မဖြစ်မနေ ဖျက်လိုက်ရမယ့် ကျန်းမာရေး ကိစ္စတစ်ခုများ ကြုံရဦးမှာလား၊ စတဲ့အတွေးတွေနဲ့...၊ ဒါနဲ့ သေချာအောင် မသွားခင် ၂ ပတ်အလိုမှာ ပုံမှန်လုပ်နေကျ အားကစား လှုပ်ရှားမှုတွေ အားလုံးကို ကျနော်ရပ်လိုက်တယ်၊ တစုံတခု ခြေချော်လက်ချော် ဖြစ်သွားရင် ရလဒ်က ခရီးစဉ်ကို ဖျက်လိုက်ဖို့ပဲ မဟုတ်လား၊ လဲရမှာ မတန်ပါဘူး၊ ဒီလိုနဲ့ အသွားအလာ၊ အစားအသောက်ကအစ အားလုံးကို လိမ်လိမ်မာမာနဲ့ ဂရုစိုက် ပြင်ဆင်ခဲ့ပြီးတဲ့ နောက်မှာ D-day ဟာ တကယ့်ကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့တယ်..၊


လေဆိပ်ကို ကျနော်ရောက်တော့ တစ်ယောက်စ၊ နှစ်ယောက်စက လွဲလို့ ထွက်ခွာခန်းမထဲမှာ ဘယ်သူမှ မရှိသေးဘူး၊ ၅ နှစ်လောက် စောင့်ခဲ့ရတဲ့ ခရီးကို သွားမယ့်လူအဖို့ သိပ်များ စိတ်စောနေမိတာလား၊ ခရီးစဉ်က ဂျီနီဗာကနေ ဂျာမနီနိုင်ငံ ဖရန့်ဖတ်၊ အဲဒီကမှ စင်္ကာပူကိုပါ၊ တိုက်ရိုက်လေကြောင်းဖြစ်တဲ့ စင်္ကာပူအဲလိုင်း ဈေးချနေတဲ့ အချိန်တုန်းက ကျနော်က ခရီးစဉ်အတွက် ယတိပြတ် မဆုံးဖြတ်ရသေးတာနဲ့ မဝယ်ဖြစ်လိုက်ဘူး၊ အဲဒါကြောင့် လေယာဉ်ခရီးက နည်းနည်းလေး ပိုရှည်သွားတယ်၊ အကြာကြီး စောင့်ခဲ့ရပြီးမှ ၃ နာရီလောက် ပိုစောင့်ရလည်း သိပ်တော့မထူးပါဘူးလေ..၊


ဒီတခါလည်း Airbus A-380 နဲ့ ထပ်ဆုံရပြန်တယ်၊ ဒါပေမယ့် Lufthansa လေကြောင်းလိုင်းပိုင် A-380 က စင်္ကာပူလေကြောင်းပိုင် A-380 နဲ့ယှဉ်ရင် အရည်အသွေးပိုင်းမှာ မဆိုစလောက် နိမ့်တာတွေ့ရတယ်၊ ဥပမာ-ထိုင်ခုံအောက်ခြေမှာ ခြေထောက်တင်စရာ တန်းမပါတာ၊ တီဗီ LCD က အလင်းပြန်တဲ့ စနစ်ကို သေချာထိန်းချုပ်မထားလို့ ကိုယ့်ဘေးက ခရီးသည်ကြည့်နေတဲ့ ရုပ်ရှင်ကားရဲ့ အလင်းတွေက ကိုယ့်မျက်နှာပေါ်မှာ လာကျနေတာ၊ ဂိမ်းကစားချင်တဲ့ သူတွေအတွက် joystick ထားမပေးတာ.. အစရှိသဖြင့်ပါ၊ ဝန်ဆောင်မှုအပိုင်းမှာလည်း ကွာပါတယ်၊ စင်္ကာပူလေကြောင်းမှာ အစားအသောက်က menu ၂ ခုနဲ့ ကြိုက်ရာကို ရွေးခွင့်ပေးထားတယ်၊ ခရီးသည်တိုင်းကို လေယာဉ်ပေါ်မှာ ဝတ်ဖို့ခြေစွပ်၊ မနက်မှာ မျက်နှာသစ်ဖို့ သွားပွတ်တံ၊ သွားတိုက်ဆေး၊ ဘီး စတာတွေလည်း ပေးလေ့ရှိတယ်၊ နောက်ဆုံးကတော့ လေယာဉ်မယ်လေးတွေရဲ့ အပြုံးပါ..၊ ပထမနှစ်ခုဖြစ်တဲ့ လေယာဉ်ပိုင်းဆိုင်ရာ အားနည်းတာ၊ အစားအသောက်တွေ မစုံတာက ကုမ္ပဏီနဲ့ ဆိုင်တယ်လို့ ပြောလို့ရပေမယ့် ခရီးသည်ကို အပြုံးလေးတစ်ပွင့် ပေး၊ မပေးကတော့ လေယာဉ်မယ် တစ်ဦးချင်းစီနဲ့ပဲ သက်ဆိုင်ပါတယ်၊ ကျနော်စီးခဲ့ဖူးတဲ့ စင်္ကာပူလေကြောင်းက ဝန်ထမ်းတွေအားလုံး ပြုံးရွှင်၊ ဖော်ရွေ ကြပါတယ်၊ အဲဒီလို အချက်တွေကြောင့်များ စင်္ကာပူလေကြောင်းက ဈေးပိုကြီးတာ ဖြစ်မလားပဲ၊ ဒါတွေက သွားရင်းနဲ့ အမှတ်ထားမိတာလေးတွေကို ရေးတဲ့ သဘောပါပဲ၊ ကျနော့်အတွက်တော့ ဘာမှ အရေးမကြီးပါဘူး၊ ပြီးတော့ သွားနေတာကလည်း ချစ်ခင်ရသူတွေရဲ့ အပြုံးတွေ တစ်တောလုံးပွင့်တဲ့ဆီ သွားနေမှတော့ လေယာဉ်ပေါ်မှာ အပြုံးလေး တစ်ပွင့်နှစ်ပွင့်လောက် ညှိုးနေတာကို စာမဖွဲ့လောက်တော့ဘူး မဟုတ်လား...၊း)


ခြင်္သေ့ကျွန်းကလေးက ကျနော့်ကို ကြိုဆိုဖို့ ပူနွေးတဲ့ နေရောင်ခြည်တန်းတွေနဲ့ ကောင်းကင်ပြာကို ပြင်ဆင်ထားခဲ့တယ်၊ လေဆိပ်ထဲကို လျှောက်ဝင်လာချိန်မှာ ဒီတစ်ခါတော့ ၂ နာရီလောက် နားပြီး ဆက်ထွက်ရမှာ မဟုတ်တော့ဘူးဆိုတဲ့ အသိက ကျနော့် တစ်ကိုယ်လုံးက သွေးတွေကို ပူနွေးစေခဲ့တယ်၊ ၁၁ နာရီခရီးကို သက်သောင့်သက်သာနဲ့ ခေါ်လာပေးခဲ့တဲ့ လေယာဉ်ကြီးကို နောက်ဆုံးနှုတ်ဆက်ရင်း အသေချာဆုံး ခြေလှမ်းတွေနဲ့ ဝင်လာခဲ့တော့တယ်၊ ချန်ဂီရေ..၊ ကိုယ်ရောက်လာခဲ့ပြီ၊ မင်းရဲ့ တံခါးတွေကို အကျယ်ကြီးသာ ဖွင့်လိုက်ပါတော့...၊

လေယာဉ်က စင်္ကာပူကို ချဉ်းကပ်လာတော့ အင်မီဂရေးရှင်းအတွက် ဖြည့်ရမယ့် ကဒ်လေးတွေ လိုက်ဝေပါတယ်၊ အဲဒီကဒ်လေးနဲ့အတူ လက်ဝတ်ရတနာ၊ ငွေသားပမာဏ၊ တားမြစ်ကုန်ပစ္စည်း... စတဲ့ အကောက်ခွန်ဆိုင်ရာ အချက်အလက်တွေကို ရှင်းပြထားတဲ့ စာရွက်ခေါက်လေး တစ်ခုလည်းပါတယ်၊ အဲဒီမှာ မူးယစ်ဆေးဝါးဆို သေဒဏ်၊ ချွင်းဂန်းဆို တင်သွင်းခွင့် မရှိဘူး စတာတွေဖတ်နေရင်းနဲ့ တစ်နေရာမှာ ဆေးရွက်ကြီးနဲ့ ပတ်သက်တာတွေ အားလုံးကို အကောက်ခွန် ကြေညာရမယ်လို့ သွားတွေ့တယ်၊ စီးကရက်ပါ အပါအဝင်တဲ့၊ ကြေညာဖို့ ပျက်ကွက်တာဟာ ဥပဒေကို စော်ကားတာဖြစ်ပြီး ဒဏ်ငွေတစ်သောင်း၊ သို့မဟုတ် ထောင်ဒဏ် ချမှတ်နိုင်သည်-တဲ့၊ ကျနော် မျက်လုံးပြူးသွားတယ်၊ ကျနော့်ရဲ့ အိတ်ထဲမှာ ဆေးပြင်းလိပ် အလိပ် ၂၀ ပါတဲ့ ဗူးကလေးတစ်ခု ပါတာကိုး၊ စင်္ကာပူမှာ နေတဲ့ သူငယ်ချင်းကို ကျနော်က ဘာယူလာပေးရမလဲ-လို့ မလာခင်မှာမေးတော့ သူက အဲဒီဆေးပြင်းလိပ်တွေ လိုချင်ပါသတဲ့၊ တစ်ခါတုန်းကလည်း မြန်မာပြည်အပြန်မှာ ကျနော်ကသူ့ကို အဲဒီလို ဆေးပြင်းလိပ်တွေ လက်ဆောင်ယူလာပေးဖူးလို့ သူ ကြိုက်နှစ်သက်တဲ့အကြောင်း ပြောပြတယ်၊ သူ ပြောလို့သာပါ၊ ကျနော်ကတော့ သိပ်မမှတ်မိတော့ဘူး၊ ပြီးတော့ ဆွစ်ဇာလန်က လာမယ့်လူကို ဆေးပြင်းလိပ်မှာနေတဲ့ သူငယ်ချင်းကိုလည်း သဘောကျသွားတယ်၊ ကျနော်လာတဲ့ နေရာက ကျူးဘားသာဆိုရင် သူ ဆေးရွက်ကြီး တစ်ခင်းလုံးများ မှာမလားပဲ၊ စာရွက်ခေါက်ကလေးကို ကြည့်ရင်း ကျနော် အပြင်းအထန် စဉ်းစားနေရတယ်၊ လေယာဉ်က ဘီးတောင် မချရသေးဘူး၊ ဆေးလိပ်ဗူးလေး တစ်ဗူးအတွက် ဒဏ်ငွေတစ်သောင်းတောင် ချနိုင်သတဲ့၊ သေချာပြီ၊ ဒါ စင်္ကာပူပဲ၊ Welcome to the fine city...! ဘာလုပ်ရမလဲ၊ ခပ်တည်တည်နဲ့ green channel ထဲက ဖြတ်လျှောက်သွားမလား၊ ဒါဆို အကယ်၍များ အိတ်ဖွင့်ခိုင်းလို့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ၊ ဒဏ်ငွေတစ်သောင်းကတော့ ဘယ်လိုမှ မပေးနိုင်ပါဘူး၊ အင်မီဂရေးရှင်းမှာ တန်းစီနေတဲ့အထိ ကျနော့်စိတ်ထဲမှာ ချီတုံချတုံနဲ့..၊ ဆေးပြင်းလိပ်မှာတဲ့ သူငယ်ချင်းကိုလည်း စိတ်ထဲကနေ ̔သိပ်ချစ်ဖို့ ကောင်းတဲ့ကောင်̕ လို့ တိုးတိုးလေး ပြောနေမိသေးတယ်၊ နောက်ဆုံးတော့ red channel ကနေပဲ ဖြတ်ပြီး declare လုပ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်၊ ဒါပေမယ့် red channel ကိုအသွားမှာ ရပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ကို တွေ့လို့ မေးကြည့်ဦးမယ်လေ ဆိုပြီး ကျနော့်မှာ ဆေးပြင်းလိပ် တစ်ဗူးပါတယ်ဗျာ-လို့ပဲ ပြောရသေးတယ် သူက အသေးလေး မဟုတ်လားလို့ ပြန်မေးပြီး..အသေးလေးဆိုရင် ဘာမှမလိုဘူး၊ ဒီ green channel ကနေပဲ ဝင်သွားလိုက် ဆိုတာနဲ့.. နောက်ဆုံးတော့ ဘာမှမပြရဘဲ ထွက်လာနိုင်ခဲ့တယ်၊ အင်း..fine city မှာ fair ဖြစ်တဲ့လူတွေလည်း ရှိရဦးမှာပေါ့လေ...၊း)


ပင်နီဆူလာကနေ ၅ မိနစ်ပဲ လမ်းလျှောက်ရတဲ့ ဟိုတယ်လေးမှာ ကျနော်တည်းခဲ့တယ်၊ မလာခင်မှာ ဟိုတယ်တွေ လိုက်ရှာတော့ လေဆိပ်ကနေလာတဲ့ အစိမ်းရောင်လိုင်း တစ်လျှောက်မှာ ရှိတဲ့ဟိုတယ်တွေကို ဦးစားပေးပြီး ရှာကြည့်ပါတယ်၊ ဒီဟိုတယ်လေးကတော့ တည်နေရာကလည်း အချက်အချာကျ၊ ဈေးနှုန်းလည်း သင့်တင့်၊ ဝန်ထမ်းတွေကလည်း ဖော်ရွေလို့ အဆင်ပြေတယ်လို့ ဆိုရမယ်၊ ကျနော်ရောက်တဲ့ ညနေမှာ နည်းနည်းရယ်စရာကောင်းတဲ့ အဖြစ်လေးတစ်ခုလည်း ဖြစ်သွားသေးတယ်၊ တယ်လီဖုန်းနဲ့ ပတ်သက်ပြီးတော့ပါ၊ သူငယ်ချင်းက နိုဝင်ဘာကတည်းက ပို့ပေးထားတဲ့ စင်္ကာပူ SIM ကဒ်ကို မလာခင် ၂ ရက်အလိုမှာ တယ်လီဖုန်းထဲကို ကျနော်ထည့်လိုက်တယ်၊ အကယ်၍များ ကဒ်က အလုပ်မလုပ်ရင် နောက်တစ်ကဒ်ကို အချိန်မီ ဝယ်နိုင်အောင်ပါ၊ activate လုပ်တယ်၊ roaming နဲ့ဆိုတော့ ဒီက ဖုန်းကုမ္ပဏီတစ်ခုရဲ့ လိုင်းမှာမိတယ်၊ အားလုံးအိုကေ..၊ ဒါပေမယ့် စင်္ကာပူလည်း ရောက်ရော.. ကဒ်က သူ့ရဲ့ မူလကုမ္ပဏီဖြစ်တဲ့ M1 ကို မမှတ်မိတော့ဘူး၊ ရုပ်ရှင်တွေထဲမှာ ပြလေ့ရှိတဲ့ မွေးစားသားက ကြီးမှ ပြန်တွေ့ရတဲ့ မိဘအရင်းကို မမှတ်မိတော့ သလိုမျိုး...၊ ကျနော့်ကို ဘယ်လိုမှ ဖုန်းဆက်မရလို့ သူငယ်ချင်းတချို့ အဲဒီညနေမှာ စိတ်တွေပူပြီး၊ အလုပ်တွေ ရှုပ်သွားကြသေးတယ်...၊


ညနေခင်းမှာတော့ Makansutra gluttons bay မှာ ညစာသွားစားဖြစ်တယ်၊ ကျွန်းကလေးပေါ်မှာ စားတဲ့ ပထမဦးဆုံး ညစာက အီကွေတာလေလေး တဖြူးဖြူးမှာ အေးမြလတ်ဆတ် နေခဲ့တယ်..၊ စားပွဲတိုင်း၊ စားပွဲတိုင်းမှာ လူတွေအပြည့်နဲ့ ခြင်္သေ့ကျွန်းရဲ့ ညဟာ အိပ်ရာဝင်ဖို့ ဝန်လေးတဲ့ ကလေးတစ်ယောက်လိုပါပဲ...၊


ကျနော့်ရှေ့က ကြက်တောင်ပံကင်တွေကို ကြည့်ရင်း ရင်ဂိုရဲ့ သီချင်းလေးတောင် နားထဲမှာ ကြားလိုက်မိသလို...၊ ♫♫ အတောင်ပံပါရင်... မင်းဆီကို ♪♪♫ အတောင်ပံတွေ မရှိပေမယ့် မင်းဆီကို တကယ်ပဲ ရောက်လာခဲ့ပြီ ကျွန်းကလေးရေ...၊


ချစ်ကောင်းကတော့ ̔သတ်ပုံမှားတဲ့ည̕ တဲ့၊ အဲဒီညကတော့ ကန်စွန်းရွက်ကြော်နဲ့ ပဲညွန့်ကြော်နဲ့ မှားတဲ့ညပါပဲ၊ သတ်ပုံတင်မကဘဲ အသံထွက်ကော၊ အရသာပါ မှားတာ...၊ ဒါပေမယ့်လည်း စားကောင်းပါတယ်၊ စင်္ကာပူမှာ အစားအသောက်တွေ အမျိုးစုံအောင်ရသလို ဈေးလည်း အတော့်ကို သက်သာတယ်လို့ ကျနော်မြင်ပါတယ်၊ စင်္ကာပိုးရီးယန်းတွေက ဟင်းတွေမချက်တော့ဘဲ အပြင်မှာပဲ ဝယ်စားကြတယ်လို့ ကျနော့်ကို ပြောကြတဲ့အခါ မအံ့သြမိတော့ဘူး၊


စားသောက်ဆိုင်တန်းလေးတွေ နားမှာပဲ လမ်းဘေးဖျော်ဖြေပွဲလေးတွေလည်း တွေ့ခဲ့တယ်၊ ကျနော်နေတဲ့ အရပ်မှာတော့ ဆောင်းတွင်းလည်း ဖြစ်တဲ့အလျောက် ညပိုင်းဆို အသွားအလာကျဲပေမယ့် ဒီမှာတော့ လူတွေဟာ အိပ်ဖို့ကို မေ့နေတဲ့အလား နေရာတိုင်းမှာ အပြည့်ပဲ၊ လမ်းဘေး ရုပ်သေးစင်လေးမှာလည်း အမှတ်တရ ဓါတ်ပုံရိုက်သွားချင်တဲ့ သူ့ပရိတ်သတ်ကတော့ ရှိနေတာပါပဲ၊ ရုပ်သေးဆိုတော့ ဖုန်းသေးသေးနဲ့ ရိုက်မယ်..၊း)


အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဓါတ်ပုံအရိုက်ခံဖူးနေတဲ့ ဟိုတယ်ကြီးကတော့ ထရိုင်ပေါ့ သယ်မလာမိတဲ့ ကျနော့်အရှေ့မှာ စိတ်ကြီးဝင်နေတဲ့အလား...၊ ဘယ်လိုပဲဖြစ်ဖြစ် လက်တန်းတစ်ပုံတော့ ကျနော်ရိုက်လိုက်ပါတယ်၊ နောက်မှ တစ်ရက်သပ်သပ် မလာခင်မှာ မိတ်ဆက် ဆိုပါတော့..၊ ကောင်းကင်ကို မော့ကြည့်တော့ လကလေး တစ်စင်းကို ခပ်မှိန်မှိန်လေး တွေ့မိတယ်၊ ̔အလင်းညစ်ညမ်းမှု̕ light pollution တွေများတဲ့ စင်္ကာပူလို နိုင်ငံပေါ်မှာတောင် အဲဒီညက ကြယ်ကလေးတွေ တစ်ပွင့်စ၊ နှစ်ပွင့်စ မဝံ့မရဲနဲ့ မှိတ်တုတ်၊ မှိတ်တုတ် လင်းနေခဲ့တယ်..၊


Clarke quay ဖက်ကိုရောက်တော့ ရုတ်တရက် ဥရောပကို ပြန်ရောက်သွားသလို...၊ Acoustic ရော၊ band နဲ့ရော ဖျော်ဖြေကြတဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေ အများကြီးကို တွေ့ရလို့ ကျနော် အံ့အားသင့်နေမိတယ်၊ ခြင်္သေ့ကျွန်းကလေးမှာ ပြင်သစ် စကားပြောတဲ့ အသိုင်းအဝိုင်းက အတော်လေးများ ကြီးမလား မသိဘူး၊ ပြင်သစ်စကားသံတွေ နေရာတော်တော်များများမှာ ကြားနေရတယ်..၊

အဲဒီညက လမ်းတွေပေါ်မှာ တဝကြီး လျှောက်ကြည့်ဖြစ်တယ်၊ သွားရင်းလာရင်း ခဏချင်းမှာ ကျနော်သတိထားမိတာက ခြင်္သေ့ကျွန်းကလေးရဲ့ လုံခြုံစိတ်ချရမှုပါ၊ ည ၁၂ နာရီ၊ ၁ နာရီမှာလည်း မိန်းကလေးတွေ တစ်ယောက်ထဲ သွားနေတာ တွေ့ရတယ်၊ ဘယ်သူကမှ နှောင့်ယှက်ချင်တဲ့ အရိပ်အယောင်မျိုး မပြကြဘူး၊ အားလုံးက လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး..၊ မြို့စွန်ဖက်ကျတဲ့ နေရာတချို့မှာ ရန်ဖြစ်တာ၊ လုယက်တာမျိုးတွေ ရှိကောင်းရှိမှာပါ၊ ဒါတွေက အလုံးစုံကင်းစင်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်ဘဲကိုး၊ ဒါပေမယ့် မြို့ကြီး အတော်များများနဲ့ ယှဉ်ရင် နည်းလိမ့်မယ်လို့ ထင်ပါတယ်၊ ဟိုတယ်ကို ပြန်ရောက်တော့ နောက်တစ်ရက်ထဲတောင် စွန်းစ ပြုနေခဲ့ပြီ၊ အိမ်က ထွက်လာချိန်ကနေ ကျွန်းကလေးကို ရောက်တဲ့အထိ အချိန်စုစုပေါင်း ၁၇ နာရီလောက် ကြာပါတယ်၊ ဒါပေမယ့် ပင်ပန်းနွမ်းနယ်မှုကို ကျနော် မခံစားရဘူး၊ ငါတကယ်ပဲ ရောက်နေတာမှ ဟုတ်ရဲ့လားလို့ မကြာခဏ တွေးနေရင်းနဲ့ပဲ ကျွန်းကလေးရဲ့ ရင်ခွင်မှာ ပထမဦးဆုံး အိပ်ရာဝင်ခဲ့တယ်...။ ။

(အပိုင်း ၂ ကို ကျနော်နဲ့ ဆက်လိုက်ခဲ့ပါဦး..နော၊ သိပ်ဝေးဝေးသွားစရာ မလိုပါဘူး၊ ကျွန်းကလေးက သေးသေးလေးပါ...)း)


ညီလင်းသစ်
၁၄ မတ်၊ ၂၀၁၃

38 comments:

Anonymous said...

Finally

Nyi

ညီလင်းသစ် said...

Yes.. here we go..!! :D

သက်ဝေ said...

မျှော်တုန်းမျှော်ဆဲ... သူလည်း ရောက်လာ... :D

ဇွန်မိုးစက် said...

အတူဆုံပြီး အပြုံးတွေ နှုတ်ဆက်ခွင့်ရခဲ့တဲ့အတွက် ကြည်နူးစွာနဲ့ ၀မ်းသာမိပါတယ်... အစ်ကို။

johnmoeeain said...

Yeah, safety factor and greenery factor is the only thing to live in Singapore. I feel understand how you feel at the first day and pic are nice too.

ချစ်ကြည်အေး said...

ကိုညီလင်းသစ်တော့ ဘယ်လိုနေခဲ့မယ် မသိဘူး။ ဖတ်ရတဲ့သူတောင် ကြည်နူးမိတယ်း)

San Htun said...

နောက်အပိုင်းတွေ မျှော်နေတယ် ကိုညီရေ..၅နှစ်ကြာ စိတ်ကူးယဉ်ထားတယ့် ခရီးဆိုတော့ ပျော်နေမှာပဲ..စင်္ကာပူကို လွမ်းတယ်..

မောင်မျိုး said...

ဘလာဂေါ်တွေနဲ့တွေ့တဲ့အကြောင်း ပိုစိတ်ဝင်စားတယ်း))))

Anonymous said...

မျှော်လိုက်ရတာ။
လိုက်လည်ဘို့ လည်းအသင့်ပါ။
အိုင်အိုရာ

ရွှေအိမ်စည် said...

မျှော်တုန်းမျှော်ဆဲ...ဆိုက်ဆိုက်မြိုက်မြိုက်
လေယာဉ်ကွင်းတွေ၊ ရှုခင်းတွေပဲ မြင်နေရတော့မှာလားကွယ်
ကျွန်းသူ ကျွန်းသားတွေနဲ့ ရင်ခုန်သံတွေ စီဝေပေါင်းစည်းတဲ့ အချိန်ကလေးတွေ၊ ပုံရိပ်တွေ
ဘယ်မှာလဲ..ဘယ်ဆီမှာလဲ
သြော်...နောက်တစ်ပုဒ်ပေါ့ ဟုတ်..စ :P
ဘာလို့ အကြာကြီး တိတ်နေခဲ့လဲ..ခုတော့ ရိပ်မိပြီ။
သူယောင်မယ်လေးတွေ အပြုံးမှာ ဖေဇော်ဂျီ မေ့မူးသွားတယ်ထင်ပါ့...။ :) :)

ချစ်ခင်သော
ညီမ

မိုးငွေ့........ said...

ခြင်္သေ့ကျွန်းကလေးကို ကိုညီလင်းသစ်ရေးချပြမှပဲ တော်တော်ကလေးကို သာယာကြည်နူး နေချင့်စဖွယ် မြို့ကလေးတစ်မြို့ဖြစ်သွားတော့တယ်...။ အိုခေ နောက်တပို့စ်ကို ဆက်လိုက်ခဲ့ပါဦးမယ်..း)

အပြုံးပန်း said...

ကျွန်းကလေးပေါ်မှာ နေဖူးသူမို့ မြင်ကွင်းတွေနဲ့အတူ ခြေချဖူးတာလေးတွေက အသစ်တွေ ပြန်ဖြစ်လာတယ်။

စံပယ်ချို said...

ကိုညီလင်းရဲ့ ခြင်္သေ့ကျွန်းခရီးလေးကိုစိတ်ဝင်းစားရင်း
ပုံလေးတွေကြည့်ပြီးကြည်နူးရင်းနဲ့ပဲ လက်ကျန်အပိုင်းလေးကိုစောင့်နေပါတယ်

Ma Tint said...

ဒီကနေ့ အညာခရီးကရောက်မဆိုက် ပို့စ်အသစ်လေး ဖတ်လိုက်ရတယ်။ ချစ်ခင်ရသူတွေရဲ့ အပြုံးတွေ တစ်တောလုံးပွင့်တဲ့ဆီ ရောက်ခဲ့ပြီဆိုတော့ လွန်ခဲ့တဲ့ ငါးနှစ်တာကလာက ကြိုးစားခဲ့ရသမျှ စိတ်ကူးလေး အကောင်အထည်ပေါ်သွားပြီမို့ ထပ်တူဝမ်းသာကြည်နူးမိတယ် မောင်ညီလင်းရေး)အရေးအသားလေးတွေနဲ့ ရိုက်ချက်တွေကတော့ ထုံးစံအတိုင်း စံနစ်တကျနဲ့ ဖတ်ကောင်း ကြည့်လို့ကောင်းပေါ့။ ကျွန်းကလေးရဲ့ ရင်ခွင်မှာအိပ်ယာဝင်သွားပြီဆိုတော့ အိပ်ယာနိုးလာမဲ့ ဒုတိယပိုင်းကို ပိုစိတ်ဝင်စားတယ် (ဘလော့ဂါတွေအခန်းကဏ္ဍပါလာတော့မှာမို့ :P)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ပို့စ်ခေါင်းစဉ်လေးဖတ်လိုက်ရတာနဲ့တင် ငြိမ်း ကိုယ်တိုင် ကျွန်းကလေးရဲ့ရင်ခွင်ထဲရောက်သွား သလိုပါပဲ၊ မျှော်ရကျိုးနပ်ပါတယ်၊ အဖွင့်စကား က ဖတ်ရတာကြည်နူးဖို့ ကောင်းသလို ဦးဆုံးတွေ့လိုက်ရတဲ့ ဓါတ်ပုံကလဲ ရင်ထဲကို တည်ငြိမ်အေးချမ်းသွားစေပါတယ်၊ ငြိမ်ငြိမ်လေး ဆက်လိုက်ခဲ့ပါ့မယ်။

ညိမ်းနိုင် said...

fine city ပေမယ့် ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်လိမ္မာပါးနပ်မှု
ကြောင့် ရိုးရိုးသားသားခရီးသည်တွေအတွက် စိတ်အနှောက့်အယှက်မဖြစ်စေရပါဘူးအကိုရ... :)))
နောက်ထပ်အပိုင်းတွေမှာ အစ်ကိုနဲ့အတူ ကျွန်းလုံးပတ်လည် လိုက်ကြည့်လိုက်ဦးမယ်..... :)))))

Anonymous said...

မျှော်နေရတာဗျို့ …
ဆက်လည်းလိုက်အုံးမှာ…

ကိုကိုးအိမ်(မန္တလေး) said...

စင်ကာပူရဲ့လူနေမှူ့စတိုင်လ်ကို မွန်းကျပ်တဲ့ညည်းညူသံတွေကြားမှာ ကိုညီ့စာလေးတွေနဲ့ ပုံလေးတွေကို ဖတ်လိုက် ကြည့်လိုက်မိတာနဲ့ တကယ့်ကို ကြည်နူးဖို့ကောင်းတဲ့ Fine City လေးတစ်ခုအဖြစ် စိတ်ကူးထဲမှာတင် ပြောင်းလဲပစ်လိုက်တယ်... တည်ငြိမ်တဲ့အရေးအသားနဲ့ ဖတ်တဲ့သူရဲ့ စိတ်ကိုဆွဲဆောင်သွားတာ တကယ်ပညာသားပါတယ်.... ဒါနဲ့ အမသူပြောသလို ကျွန်းသူကျွန်းသားတွေနဲ့ ပျော်ရွှင်ဖွယ်ပေါင်းစည်းတွေ့ဆုံမှူ့လေးတွေကို နောက်တစ်ပုဒ်မှာ ကြည့်ရမြင်ရဖတ်ရမယ် ထင်ရဲ့လေ.... :)

ခင်မင်စွာဖြင့်
ကိုကိုးအိမ်

နော်နော်(စလုံးမှ စာဖတ်ပရိတ်သတ်) said...

စောင့်ဖတ်နေတာ။ဂျုတီချိန်တွေနဲ့မို့ဖတ်လည်းဖတ်ရော တင်ပီးတာ 12hours ရှိသွားပြီ။လောကကြီးက ဘယ်လို နေနေ ခံစားတဲ့သူအပေါ်မူတည်ပြီး နှစ်သက်ကြည်နူးမှု၊စိတ်ညစ်ငြူးမှု ရသ အမျိုးမျိုးကွဲသွားတာပဲ။ချစ်စရာကောင်းအောင် ရေးတတ်တော့လည်း စာက ချစ်စရာကောင်းသွားတာပဲ။မအိမ်သူနဲ့ သားသားကတော့ ကိုညီ့ကို လွမ်းနေမလားပဲနော။ :)

blackroze said...

ကဲ..အကိုရေ
အပိုင်းဆက်လေးတွေစောင့်မျှော်နေပါတယ်လို့

မိုးနတ်ကြယ်စင် said...

ထုံးစံအတိုင်း သေသပ်လှပတဲ့ အရေးအသားတွေနဲ့
တိကျစုံလင်တဲ့ ရိုက်ချက်တွေဟာ ဟာကွက်မရှိအောင်ကို
ကောင်းလွန်းပါ့...ဖတ်ရင်းဖတ်ရင်းနဲ့ အကို့ပို့စ်တွေရဲ့
အနှစ်ကို တပုဒ်ထက်တပုဒ်သိမြင်ခံစားလာရတယ်...
အဲဒါတွေက အသိပညာဗဟုသုတပြည့်စုံကြွယ်ဝမှုရယ်..
အရေးအသားပြေပြစ်ကောင်းမွန်မှုရယ်..
စာဖတ်သူတွေအပေါ်မှာ ရိုးသားပွင့်လင်းရင်းနှီးစွာ
နွေးထွေးပျုငှာမှုရယ်....ကိုယ်သိသမျှကို မျှဝေပေး
ချင်တဲ့ စေတနာတွေရယ်...အဲဒါတွေအားလုံးကို
အကို့ပို့စ်တွေကို ဖတ်ရင်းနဲ့ကို ရင်နဲ့ရင်းပြီး
ခံစားမိပြန်ရဲ့...နောက်ပြီး သာယာအေးချမ်းတဲ့
အသံကိုလဲ ဘုရားသခင်အလိုတော်အရ
အကိုက ပိုင်ဆိုင်ထားပြန်တယ်....အကိုရေ..ကျွန်းလေးဘယ်လောက်သေးသေး ဘယ်လောက်ဝေးဝေးးးးးးးးး
အပိုင်း၂ ကိုအပြေးလိုက်ခဲ့မယ် အကိုရာ...
နောက်ပို့စ်ကို ဖတ်ဖို့ရာ စိတ်စောနေမိတယ်...:)))
ခြင်္သေ့ကျွန်းလေးရဲ့ ရင်ခွင်မှာ ပထမဆုံးအိပ်ရာဝင်တဲ့
ညဟာ အကို့အတွက် ကောင်းသောညလေးဖြစ်ပါစေ

အရမ်းသဘောကျမိတဲ့ အချက်တစ်ခုရှိတယ်..
(ကျနော်သတိထားမိတာက ခြင်္သေ့ကျွန်းကလေးရဲ့ လုံခြုံစိတ်ချရမှုပါ၊ ည ၁၂ နာရီ၊ ၁ နာရီမှာလည်း မိန်းကလေးတွေ တစ်ယောက်ထဲ သွားနေတာ တွေ့ရတယ်၊ ဘယ်သူကမှ နှောင့်ယှက်ချင်တဲ့ အရိပ်အယောင်မျိုး မပြကြဘူး၊ အားလုံးက လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး....)
ဆိုတာကိုပါ...အဲဒါကတော့ ဟုတ်တယ်...
စလုံးမှာကျောင်းတက်နေတဲ့ မိုးနတ်အသိညီမလေး
ပြောလို့ အရမ်းအံ့သြနေမိတာ

ခင်မင်လေးစားလျက်
မိုးနတ်

Anonymous said...

ကျန်သောအပိုင်းလေးတွေ စောင့်မျှော်နေပါတယ် (^.^)
AA

Shinlay said...

ကိုယ်တိုင်ရောက်နေသလိုခံစားရတယ်။
ကျေးဇူးနော်ကိုညီ။ ကျန်တဲ့အပိုင်းတွေစောင့်နေပါတယ်။

မဒမ်ကိုး said...

တော်တော်လှတဲ့မြို့ပါလားး)))

ညီလင်းသစ် said...

အစ်မသက်ဝေ...
အဟမ်းဟမ်း.. မနက်အိပ်ရာနိုးစ.... ကိုယ့်နှိုးစက်ကလေ နောက်ကျ.. :D

ညီမလေးဇွန်...
ဝမ်းသာ၊ ကြည်နူးရမှုဟာ ထပ်တူ၊ ထပ်မျှပါပဲ...၊

johnmoeeain...
I hope I'd feel the same way as I did for next times and not only on the first day. :)

အစ်မချစ်ကြည်အေး...
ဟုတ်ကဲ့..၊ ကျနော့်အတွက်လည်း ထပ်တူမရှိနိုင်ခဲ့သော နေ့ရက်များပါပဲ အစ်မရေ..၊း)

ညီမစန်းထွန်း...
စင်္ကာပူကို လွမ်းတယ်ဆိုတာတော့ နည်းနည်းလေးမှ သံသယ မဖြစ်မိပါဘူး၊ ၆ ရက်တာပဲ နေခဲ့ရသူတောင် သတိရနေမိတာ ကလား...၊

မောင်မျိုး...
ဒါရိုက်တာဝိုင်း ရိုက်ခဲ့တဲ့ ̔အဲ့ဒီ အခန်းဖြတ်̕ ဇတ်ကားလေးကို မဆီမဆိုင် သတိရနေတာ..၊းD

မအိုင်အိုရာ...
စိတ်ရှည်လက်ရှည်နဲ့ အားပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ...၊

ညီမရွှေအိမ်စည်...
နောက်တစ်ပုဒ်အတွက် အခုကတည်းက ကြိုပြီး ဂိုက်လိုင်း ချပေးထားတယ်ပေါ့..၊း) ကျနော်က နောက်ထပ် လေယာဉ်ကွင်းပုံ ၁၀ ပုံလောက် တင်မလို့ လုပ်နေတာ...၊

ညီမမိုး...
မြို့ကလေးက တကယ်ပဲ ချစ်စရာ ကောင်းပါတယ်၊ အနည်းဆုံးတော့ ၆ ရက်လောက်ပဲ နေခဲ့ရသူ တစ်ယောက်ရဲ့ အမြင်မှာပေါ့လေ...၊း)

အစ်မအပြုံးပန်း...
ရောက်ဖူး၊ သိဖူးထားပေမယ့် စိတ်ဝင်တစားနဲ့ လာဖတ်တာကို ကျေးဇူးပါ အစ်မရေ...၊

ညီမစံပယ်ချို...
အမြဲလိုလို မပျက်မကွက် လာအားပေးတာ ကျေးဇူးအများကြီး တင်ပါတယ်နော်..၊

တီတင့်...
ဟုတ်ကဲ့..၊ နောက်ဆုံးမှာတော့ ရောက်သွားခဲ့လို့ ကျနော်လည်း ဝမ်းသာမိတယ် တီတင့်၊ တီတင့်လည်း ဘလော့ဂါတွေနဲ့ ဆုံတွေ့ခန်းကို စိတ်ဝင်စားနေတာပဲကိုး...၊း)

ငြိမ်း...
ကျနော်လည်း မအားလပ်တာနဲ့ ချက်ချင်း မရေးဖြစ်ခဲ့တာပါ၊ စိတ်ဝင်တစားနဲ့ လိုက်လည်မယ် ဆိုလို့လည်း ဝမ်းသာစွာနဲ့ ကျေးဇူးတင်ပါတယ်ဗျာ..၊

ကိုညိမ်း...
အဲဒါတော့ အမှန်ပဲဗျ..၊ ကျနော် ဆုံခဲ့ရသူတွေက တကယ့်ကိုပဲ fine ဖြစ်ကြတယ်၊ အပေါင်း လက္ခဏာ fine ကို ပြောတာနော်..၊း))

အမည်ဝှက်စာဖတ်သူ...
ကျေးဇူးပါဗျာ..၊ ဆက်လည်း လိုက်ခဲ့ပါဦး...၊း)

ကိုကိုး...
နှစ်သက်တာ သိရလို့ ဝမ်းသာရပါတယ် ညီရေ၊ အင်း... ကျွန်းသားတွေနဲ့ ဆုံတွေ့မှုကို တောင်းဆိုသူတွေတော့ များသထက် များလာပြီ၊း) ထူးထူးခြားခြား ကွန်မန့်လေး ထားသွားလို့လည်း ကျေးဇူး တင်ပါတယ်ဗျာ..၊

(မ)နော်နော်...
ဟုတ်ပါတယ်ဗျာ၊ ဖြစ်ရပ် တော်တော်များများမှာ ကြည့်သူရဲ့ ရှုထောင့်ကိုလိုက်လို့ မြင်ကွင်းတွေကလည်း ကွာသွားတတ်ကြတာ များပါတယ်၊း) အလုပ်တာဝန်တွေ ကြားကနေ သတိတရနဲ့ စောင့်ဖတ်နေလို့လည်း ကျေးဇူးအများကြီး တင်ပါတယ်နော်...၊

ညီမblackroze...
ဆက်ပြီး တင်ပါ့မယ် ညီမရေ...၊

ညီမမိုးနတ်...
ချစ်စရာကောင်းတဲ့ နှစ်လိုဖွယ်ရာ ကွန်မန့်ရှည်ကြီးအတွက် တကယ့်ကို ကျေးဇူးပါဗျာ၊ အင်း.. ဒီလိုကွန်မန့် များများရရင် ကျနော့်အိမ်တော့ ကြယ်မြင်၊ လမြင် ဖြစ်တော့မှာပဲ၊းD စိတ်ထဲရှိသလို ရေးလိုက်တာက စာဖတ်သူတွေနဲ့ အကြိုက်ချင်း တိုက်ဆိုင်တာ သိရလို့ ဝမ်းမြောက်ရပါတယ်၊ ခင်မင်ရင်းနှီးစွာနဲ့ အမြဲလိုလို လာလည်တဲ့ အတွက်လည်း ကျေးဇူးစကား ဆိုပါရစေဦး ညီမရေ...၊း)

AA...
ဒီတစ်ခါတော့ သိပ်မကြာရအောင် ကြိုးစားပါ့မယ်...၊း)

အစ်မရှင်လေး...
လိုက်ခဲ့ပါ အစ်မရှင်လေး၊ အတူတူ ဆက်လည်ရအောင်..၊း)

ညီမ မဒမ်ကိုး...
လှချက်ကတော့ လက်ကုန်ပဲ ညီမရဲ့..၊ အခွင့်သာရင် တစ်ခါလောက် သွားလည်ဖို့တောင် ကျနော်က တိုက်တွန်းချင်နေမိတာ...။း))

မြသွေးနီ said...

ကိုညီရေ...
စကာင်္ပူခရီး ထမြောက်ခဲ့ပြီပေါ့...
ခရီးသွားဆောင်းပါးက အစပိုင်းမှာတင် စွဲဆောင်မှုအား အတော် ကောင်းနေပြီ။ လာမယ့် အပိုင်းတွေကို မျှော်တလင့်လင့်ဖြင့် စောင့်နေဆဲပါလို့..။

ညိုလေးနေ said...

အပိုင်း ( ၂ ) အတွက် အိပ်ရာထပါတော့ဗျို့လို့ ဖတ်ပြီးပြီးချင်း နှိုးသွားပါတယ်အစ်ကို... :))

Anonymous said...

thx for the post and pic

Anonymous said...

Waiting Part 2 and nice photos...
Ma Theint

Anonymous said...

MOODS အတွက်ရင်တုန်ပန်းတုန်ဖြစ်သွားရတဲ့အတွက်
ဆောရီး ဆရာညီ ငါလည်းအဲဒီအတွက်ရင်ခုန်ခဲ့ရပါ့ကွာ.။
ဘာကိုဆိုလိုတယ်ဆိုတာ ဆရာညီသိမှာပါ..။ဘာပဲဖြစ်ဖြစ်
ကျေးဇူးဟ နောက်တစ်ခါမှာတော့ဘာမှယူမလာပါနဲ့တော့
ဒီတစ်ခါဆိုရင်ကွဲမလားပဲ..:P

khin oo may said...

ရေးတတ်လိုက်တာ.

khin oo may said...

တို့လဲသူ့လိုရေးတတ်ချင်တယ် ဝါး........

မိုးညချမ်း said...

ကိုညီရေ ... ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ဖတ်ရတာ ကိုယ်တိုင်ရောက်သွားသလိုပါပဲ ... နောက်ထပ်အပိုင်းလေးကို မျှော်နေပါသည် ... :)

Kabyar said...

တင်ပြီးပြီးချင်း နေ့ မှာပဲ ဖတ်သွားပေမယ့် ခုမှပဲ ပြန်လာပြောရတော့တယ်...။။ ဒီတစ်ခါတော့ အသစ်လို့  လာမအော်တော့ပဲ စိတ်ရှည်လက်ရှည် တိတ်တိတ်လေး လာလာချောင်းကြည့်ရင်းနဲ့  တင်ပြီး သိပ်မကြာခင်မှာပဲ ဖတ်နိုင်လိုက်တယ်...။။ (အသစ်လို့ လာမအော်ဆို....ခရီးကပြန်ရောက်တဲ့ အခါ အရာရာ အသားမကျနိုင်တတ်တာကို ကိုယ်ချင်းစာတတ်နေပါရဲ့  :D :D

ကိုညီရေးလိုက်မှပဲ ကျွန်းကလေးကရော အစားအစာတွေကပါ စိတ်ဝင်စားစရာတွေ ဖြစ်သွားသလိုပါပဲလား....။။
ကိုယ်တိုင်တောင် အာ့ကျွန်းကလေးကို ပြန်စိတ်ဝင်စားသွားတယ်။။
ကျွန်းကလေးကို ပျင်းရိငြီးငွေ့ နေသူတွေအတွက် မျက်လုံးကလေးတွေအရောင်လက်.. စိတ်တွေနိုးထလာအာင် ဆွဲဆောင်နိုင်မယ့် ကျွန်းကလေးအဖြစ်ဆက်ဖတ်ဖို့  စိတ်ဝင်စားနေပါပြီလေ......။။။။။
ဇာတ်ဆရာရေ သင့်တင့်ရာ တီးလုံးလေးနဲ့  မြန်မြန်သာ နောက်တစ်ခန်း..... စလှမ်းလိုက်ပါတော့...။။ :P :P :P

Anonymous said...

great way to start with... waiting.. :)
N/A

Angelhlaing(May everybody be happy and healthy! said...

အကိုရေ.. တဆင့် မျှဝေပေးတာတောင် ဖတ်ရသူမှာ ရင်တွေခုန်လို့.. အကိုဘယ်လောက် ပျော်ရွင်ကြည်နူးနေမယ် ဆိုတာ ..ခန့်မှန်းမိပါရဲ့အကို .. ပျော်စရာကြီး...:)))

Kabyar said...

အပိုင်း(၁)မှာပြောခဲ့ သလို ဆက်ပြီးပြောပါရစေတော့....

ကိုညီရေးလိုက်မှပဲ ကျွန်းကလေးကရော အစားအစာတွေကရော နေရာလေးတွေကပါ စိတ်ဝင်စားစရာတွေ ဖြစ်သွားသလိုပါပဲလား....။။
ကိုယ်တိုင်တောင် အာ့ကျွန်းကလေးကို ပြန်စိတ်ဝင်စားသွားတယ်။။
ကျွန်းကလေးကို ပျင်းရိငြီးငွေ့ နေသူတွေအတွက် မျက်လုံးကလေးတွေအရောင်လက်.. စိတ်တွေနိုးထလာအာင် ဆွဲဆောင်နိုင်မယ့် ကျွန်းကလေးအဖြစ်ဆက်ဖတ်ဖို့  စိတ်ဝင်စားနေပါပြီလေ......။။။။။

ဇာတ်ဆရာရေ သင့်တင့်ရာ တီးလုံးလေးနဲ့  မြန်မြန်သာ နောက်တစ်ခန်း..... ဆက်လှမ်းလိုက်ပါတော့...။။ :P :P :P

Amber said...

ခြင်္သေ့ကျွန်းရဲ့ ညဟာ အိပ်ရာဝင်ဖို့ ဝန်လေးတဲ့ ကလေးတစ်ယောက်လိုပါပဲ...၊

I like the sentence. LOL..